၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း

Tuesday, June 5, 2012 20 comments

မြို့တော်ခမ်းမရှေ့ မွတ်ဆလင်တချို့ဆန္ဒပြနေစဉ် ကိုမြအေး ရောက်ရှိခိုက်

Messenger Journal က ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ပါတယ်။


မေး။ ။ ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။

ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။

မေး။ ။ သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည် တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာ တဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။

မေး။ ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင် ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော် ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ်မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင်လည်း ညှိနှိုင်း တိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။

မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။

ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်း ထိန်းသိမ်း သင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန်တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေး ယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရ သတင်းစာထဲမှာပါတဲ့ စကားလုံးတွေ ကို ပြောချင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှု ကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိ ပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်း ပုံစံကို ကျွန်တော် လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့် အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကို လည်း ကျွန်တော်တို့ကာ ကွယ်တာဆီး၇မှာဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသော အစ္စလာမ် ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။

မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လို ခံယူချက်မျိုး ထားသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစား လိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့် တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမ နာခံကြ မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေး ကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့က မြန်မာပြည် မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံ ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ် က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်း ပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရ မယ့် နိုင်ငံရေး သမားစိတ်ဓါတ်ပဲ။

Hi_Mo ဆံပင်တု စက်ရုံ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာ ပြေလည်ပြီ

0 comments


အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တို့ သဘောတူစာချုပ်သစ် လက်မှတ်ရေးထိုးကြစဉ်

ယနေ့ ဇွန်လ ၅ ရက်နေ့ ည ၈ နာရီခန့်က Hi-Mo ဆံပင်တု စက်ရုံမှ တာဝန်ရှိသူ ကိုရီးယား နိုင်ငံသားများ၊ အလုပ်သမား ကိုယ်စားလှယ် ၂ ဦးတို့သည် ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီးနှင့် အလုပ်သမား ဒု ၀န်ကြီး ဥိးမြင့်သိန်းတို့ကို သက်သေထားကာ အလုပ်ရှင် အလုပ်သမား သဘောတူညီချက်ကို လက်မှတ်ရေးထိုး လိုက်ကြကြောင်း သတင်းရရှိသည်။

လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးခန်းရှိ ကနောင်ခန်းမတွင် အခုလို သဘောတူ စာချုပ်သစ် လက်မှတ်ရေးထိုးလိုက်ကြပြီး ဖြစ်ပေါ်နေသည့် အလုပ်သမားမပြေလည်မှုများကို ညှိနှိုင်းအဖြေရှာကာ ပြေ လည်မှု ယူရလိုက်ခြင်းလည်းဖြစ်သည်။

အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပြေလည်မှုရရှိပြီး လက်ဆွဲ နှုတ်ဆက်ကြစဉ် -သတင်း၊ ဓာတ်ပုံ- Messenger Journal

Hi_Mo ဆံပင်တု စက်ရုံ အလုပ်သမားများဟာ ရက်ပေါင်းများစွာ အခြေခံ လုပ်အားခ လစာ နစ်နာနေမှုအတွက် ဆန္ဒပြခဲ့ကြပါတယ်။ စက်ရုံ အလုပ်သမားများဟာ အဓိက တောင်းဆိုနေသည့် အခြေခံ အလုပ်သမား လစာ ကျပ် ၃ သောင်း အနည်းဆုံး ရရှိရန် တောင်းဆိုနေခဲ့ကြသည်။ စက်ရုံပိုင်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ် တို့ ညှိနှိုင်း မှုများအရ ယခုလို ပြေလည်းသွားခြင်း ဖြစ်ကြောင်းသိရသော်လည်း အသေးစိပ် မည်ကဲ့ သို့ ပြေလည်မှု မျိုးဆိုသည်ကို မသိရသေးပေ။

ဘီကီနီကလေးမ နဲ့ ဆိုးလ်မြို့ မြန်မာသံရုံး

4 comments

တောင်ကိုရီးယားမှာ ရှိတဲ့ မြန်မာသံရုံး အင်တာနက်စာမျက်နှာက အရမ်း အရမ်းကို လန်းတာပါပဲ လို့ ဆိုရပါမယ်။

မြန်မာသံရုံး ၀က်ဆိုက်တွေ အားလုံး ဒီလိုသာ အလှချင်း ပြိုင်နေရင်တော့ ကာလသားများအကြိုက်ပေါ့။

ဒီ မြန်မာသံရုံး အင်တာနက်စာမျက်နှာကို နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံရုံးလမ်းညွှန်စာမျက်နှာကနေ ယူပါတယ်။

ကားဘီးကြော်ငြာကို ဘီကီနီဝတ်အမျိုးသမီးပုံနဲ့ လုပ်ထားပါတယ်။ ကားဘီးနဲ့ ဒီပုံနဲ့ ဘယ်လို ဆက်စပ်သလဲ ဆိုတာကိုတော့ သံရုံးက ရှင်းပြမထားပါ။


(၀က်ဆိုက်က စမ်းသပ်တည်ဆောက်တဲ့အဆင့်ပဲ ရှိပါသေးတယ်လို့ အိုင်တီဆရာတယောက် မှတ်ချက်ပြုပါတယ်။

ဝက်ဆိုက်ကို ဆိုးလ်မြို့တော်ကနေ မလုပ်ဘဲ အင်တာနက်နှေးတဲ့ ရန်ကုန်မြို့တော်ကနေ စမ်းသပ်တာများ ဖြစ်နေမလားပဲ။ အင်တာနက်နှေးတော့ စမ်းလို့ကို မပြီးနိုင်သေးဘူးပေါ့လေ။ လွန်ခဲ့တဲ့ ၃ လ လောက်က ၀င်ကြည့်တော့လည်း လက်ရှိ အမြင်အတိုင်းပဲ တွေ့ရပါတယ်။)




Facebook မှာ တွေ့ရတဲ့ အစိုးရအရာရှိမှတ်ချက်

3 comments

~



ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ချုပ် ဦးရဲထွဋ် (ဓာတ်ပုံ - ဧရာဝတီ)


ဦးရဲထွဋ်ရဲ့ Facebook မှာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း ဖော်ပြလိုက်တဲ့ မှတ်ချက် ဖြစ်ပါတယ်

သတင်းစာများပါ ရခိုင်ပြည်နယ်သတင်းများရဲ့ အရေးအသားအချို့နဲ့ပတ်သက်ပြီး သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းက မနက်ဖြန်ထုတ်သတင်းစာများမှာ ပြင်ဆင်ဖော်ပြပေးဖို့ စီစဉ်နေကြောင်း အသိပေးအပ်ပါတယ်။ ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့ စိတ်ဆန္ဒမရှိဘဲ အရေးအသားမှားယွင်း မှု သက်သက်သာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဘက်များကို ခွင့်လွှတ်နားလည်ပေးဖို့ သူတို့ ကိုယ်စား တောင်းပန်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် -

ပဋိပက္ခကျယ်ပြန့်စေမယ့် ရေးသားမှု

သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော
ရိုး မသစ္စာ ခရီး သည်တင် မှန်လုံယာဉ်ပေါ်မှ
မွတ်ဆလင်ကုလား ၁ဝ ဦး အသတ်ခံရ



~

ခြင်ဆေးခွေ ဈေးကွက်

0 comments

~


ခင်မျိုးသွယ်


"---ထွန်းလိုက်ရင် ခြင်တွေ အကောင်လိုက် ပြုတ်ကျသေတယ်။ ယင်ကောင်တွေတောင် သေတယ်ဆိုပြီး တစ်ယောက်စကားနဲ့ တစ်ယောက် ဝိုင်းဝန်းသုံးစွဲ လိုက်ကြတာ ခြင်ဆေးခွေဈေးပါ တက်သွားသလို ဈေးကွက်ထဲမှာ အရောင်းရဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်---"


မကြာသေးခင်ကပဲ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေး ဌာနကနေ ခြင်ဆေးခွေ အသုံးပြုနေကြတဲ့ ပြည်သူတွေ အတွက် နိုင်ငံပိုင် မီဒီယာတွေကနေ သတိပေး ထုတ်ပြန်ချက်တွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ အတွင်းကို ပြည်ပက နည်းမျိုးစုံနဲ့ ခြင်ဆေးခွေတွေ ဝင်ရောက်နေကြောင်း။ ဈေးကွက်အတွင်း ရောင်းချနေတဲ့ ခြင်ဆေးခွေအချို့မှာ တရားဝင် ပိုးသတ်ဆေး မှတ်ပုံတင်ခွင့် ပြုထားခြင်း မရှိတဲ့ အဆိပ်ရှိ ပစ္စည်းများဖြင့် ထုတ်လုပ်ထားတာကို စစ်ဆေး တွေ့ရှိကြောင်း။ မြန်မာနိုင်ငံ ပိုးသတ်ဆေး ဥပဒေအရ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့မှာလဲ တရားဝင်မှတ်ပုံတင် ခွင့်ပြုချက် ရယူထားခြင်း မရှိကြောင်း။ ဒီခြင်ဆေးခွေများမှာ အဆိပ်ရှိ ပစ္စည်းပါဝင်မှု ပမာဏမှာလဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ အမြင့်ဆုံးပါဝင်မှု ပမာဏထက် ပိုမိုပါဝင်နေလို့ အသုံးပြုသူများရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း။ ဒါကြောင့် အဲဒီခြင်ဆေးခွေတွေကို သုံးစွဲခြင်း မပြုကြဖို့နဲ့ ပိုးသတ်ဆေး မှတ်ပုံတင်ခွင့် ပြုထားခြင်းမရှိတဲ့ အဆိပ်ရှိ ပစ္စည်းများဖြင့် ထုတ်လုပ်ထားတဲ့ ခြင်ဆေးခွေများကို တင်သွင်းခြင်း၊ ရောင်းချခြင်းတို့ကို တားဆီးအရေးယူခြင်းနဲ့ သိမ်းဆည်းမှုပြုလုပ်ဖို့ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်းတို့ ပါဝင်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်တွေ မထွက်ပေါ်လာခင် ကတည်းက ပြည်ပက တရုတ်စာတွေ၊ ထိုင်းစာလုံးတွေနဲ့ ရေးထားတဲ့ ခြင်ဆေးခွေ ဘူးတွေဟာ ထွန်းလိုက်ရင် ခြင်တွေ အကောင်လိုက် ပြုတ်ကျသေတယ်။ ယင်ကောင်တွေတောင် သေတယ်ဆိုပြီး တစ်ယောက်စကားနဲ့ တစ်ယောက် ဝိုင်းဝန်းသုံးစွဲ လိုက်ကြတာ ခြင်ဆေးခွေဈေးပါ တက်သွားသလို ဈေးကွက်ထဲမှာ အရောင်းရဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သိပ်မကြာပါဘူး။ ခြင်ဆေးခွေမှာ သုံးထားတဲ့ အဆိပ်ပါဝင်မှုနှုန်းက ပုံမှန်ခြင်ဆေးခွေတွေထက် သုံးဆနီးပါး ရှိနေလေတော့ ရှူမိသူတွေ ခေါင်းကိုက်တာ၊ ရင်ကျပ်ပြန် ထလာတာ၊ နံရံပေါ်က အိမ်မြှောင်တွေ ပြုတ်ကျသေဆုံးတာတွေကို သတိပြုမိသူတွေ ရှိလာပါတယ်။

ဒီခြင်ဆေးခွေတွေနဲ့ ပတ်သက်ပြီး ဇူလိုင်လဆန်းလောက်မှာ သတင်းတွေ ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါကြောင့် မှော်ဘီမြို့နယ်က ပိုးသတ်ဆေး စစ်ဆေးရေးဌာနကို သွားရောက်မေးမြန်းဖြစ်တော့ -

''ပြည်ပက တရားမဝင် တင်သွင်းရောင်းချနေတဲ့ ခြင်ဆေးခွေတွေကို ဇွန်လလယ်မှာ တွေ့ရှိခဲ့တဲ့အတွက် ဌာနမှာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျင်းထုံ အမှတ်တံဆိပ်မှာ သုံးထားတဲ့ ဆိုင်ရင်လိုသရင်းဆိုရင် ခြင်ဆေးအတွက်ရော ပိုးသတ်ဆေး အတွက်ရော မှတ်ပုံတင်ထားတာ မရှိပါဘူး။ သူ့ရဲ့ ဘူးခွံမှာ တံဆိပ်အမည်နဲ့ ခြင်နိုင်ဆေးခွေလို့သာ မြန်မာလို ရေးထားပြီး ကျန်တာတွေကို လူအများ မဖတ်နိုင်တဲ့ တရုတ်စာ အညွှန်းတွေ ရေးထားတာပါ။ ဒါကြောင့် အဲဒီ အညွှန်းမှာ ဘယ်လို ပစ္စည်းတွေ ပါဝင်တယ် ဆိုတာကို အလွယ်တကူ မသိနိုင်ပါဘူး။ ထိုင်းစာတွေနဲ့ ဝင်လာတဲ့ Baby Care ခြင်ဆေးခွေကလဲ သူ့မှာသုံးထားတဲ့ Normal Louthilate မှတ်ပုံတင်ထားတာ မရှိသေးပါဘူး''လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။

"---ရှူမိသူတွေ ခေါင်းကိုက်တာ၊ ရင်ကျပ်ပြန် ထလာတာ၊ နံရံပေါ်က အိမ်မြှောင်တွေ ပြုတ်ကျသေဆုံးတာတွေ---"

ပိုးသတ်ဆေးဥပဒေအရ အဆိပ်ရှိတဲ့ ပစ္စည်းတွေကိုလည်းကောင်း၊ ခြင်ဆေးခွေများကိုလည်းကောင်း ထုတ်လုပ်တင်သွင်း ဖြန့်ချိမည် ဆိုပါက မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ပိုးသတ်ဆေး ဌာနတွင် မှတ်ပုံတင်ရမှာပါ။ အဲဒီလိုမှတ်ပုံမတင်တဲ့ ပစ္စည်းကို တင်သွင်းထုတ်လုပ်မိပါက ပိုးသတ်ဆေး ဥပဒေအရ အရေးယူခံရမယ်လို့ သိရပါတယ်။

''ကျင်းထုံ ခြင်ဆေးခွေကို စမ်းသပ်ရင်း ထပ်တွေ့တာက မီပါဖလူးသရင်း Meperfulthrin ပါ။ ခြင်ဆေး ခွေတွေမှာ မီပါဖလူသရင်းကို အသုံး ပြုမယ်ဆိုရင် အမြင့်ဆုံးအနေနဲ့ ဝ.ဝ၄ ရာခိုင်နှုန်းအထိ WHO က ခွင့်ပြုထားပါတယ်။ ကျင်းထုံ အမှတ်တံ ဆိပ်ဘူးအပြာမှာ မီပါဖလူသရင်း ဝ.ဝ၆ ရာခိုင်နှုန်း၊ ဘူးအနီနဲ့ အစိမ်းမှာ မီပါဖလူသရင်း ဝ.၁၁ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ အဲဒီပိုးသတ် ဆေးကို များများရှူမိရင် ခေါင်းမူး ခေါင်းကိုက်၊ နှာယို၊ ဝမ်းသွားတာက စလို့ အဆုတ်ကင်ဆာ အထိ ဖြစ်ပွားနိုင်ပါတယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးစွဲထားတာကြောင့် သုံးစွဲသူတွေအတွက် အလွန်အန္တရာယ် များပါတယ်။ ဒါကြောင့် ပြည်တွင်းက ထုတ်လုပ်တဲ့ ခြင်ဆေးခွေရော၊ ခြင်ဆေးဘူးတွေရောကို ပိုးသတ်ဆေး ဌာနရဲ့ စံချိန်၊ စံညွှန်းနဲ့အညီ စမ်း သပ်စစ်ဆေးပြီးမှ ထုတ်လုပ်ခွင့်ပြု ထားပါတယ်။ ဈေးကွက်ထဲကလဲ ယူပြီး ထပ်မံစမ်းသပ်ပါတယ်။ ဒါကြောင့် ပြည်တွင်းထုတ် ခြင်ဆေးခွေ နဲ့ခြင်ဆေးဘူးတွေကို အန္တရာယ် ကင်းရှင်းတဲ့အတွက် ဌာနအနေနဲ့ အများပြည်သူ သုံးစွဲခွင့်ပြုထားတာ ပါလို့ ယင်းဌာနမှ ပိုးသတ်ဆေး အရာရှိတစ်ဦးက ရှင်းပြပါတယ်။

"---ပြည်တွင်းထုတ် ခြင်ဆေးခွေနဲ့ ခြင်ဆေးဘူး အမျိုးအစား ၁၃၃ မျိုးရှိနေ---"

ပြည်တွင်းထုတ် ခြင်ဆေးခွေနဲ့ ခြင်ဆေးဘူး
ပိုးသတ်ဆေးဌာနက အရာရှိ တစ်ဦးရဲ့ ပြောပြချက်အရ ပြည်တွင်းထုတ် ခြင်ဆေးခွေနဲ့ ခြင်ဆေးဘူး အမျိုးအစား ၁၃၃ မျိုးရှိနေပါတယ်။ အဲဒီပစ္စည်းထုတ်လုပ်သူ တချို့ကို တွေ့ဆုံခဲ့ပါတယ်။

ခြင်ဆေးခွေထုတ်လုပ်တဲ့ စက်ရုံ အများစုကို ရန်ကုန် အခြေစိုက် စက်မှု ဇုန်တွေမှာ အများဆုံး တွေ့ရပါတယ်။ ဈေးကွက်ထဲမှာ တွေ့ရတဲ့ ခြင်ဆေး ခွေတွေက ဂေါ်ဇီလာ၊ ဖိုက်တာ၊ ဂျမ်ဘို၊ မော့စ်ဖလိုင်း၊ ဂိုးလ်၊ မားစ်၊ ဂွတ်နိုက်၊ စပိုက်ဒါ၊ ဒိုင်းနာက တက်ခ်၊ ဆင်ဖြူတော် စသည်ဖြင့် တံဆိပ်တော်တော်စုံပါတယ်။ အဲဒီ တံဆိပ်တွေထဲက ဈေးကွက်ကို ဦး ဆောင်နေသူတွေ ရှိသလို မူရင်း အမှတ်တံဆိပ် ထုတ်လုပ်မှုကို ရပ်ပြီး အပ်ထည် လက်ခံ ထုတ်လုပ်နေတဲ့ စက်ရုံတွေလဲရှိပါတယ်။

ခြင်ဆေးခွေ စက်ရုံကြီးတစ်ခုဆိုရင် ပြည်တွင်း ခြင်ဆေးခွေ ဈေးကွက်ရဲ့ ၆ဝ ရာခိုင်နှုန်း ကျော်ကို ရရှိထားတယ်လို့ ခြင် ဆေး ခွေဈေးကွက်လေ့လာသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လောလောဆယ် ပြည်တွင်းခြင်ဆေးခွေတွေထဲမှာ ပြည်တွင်းထွက် နနွင်းတက်ကို ကုန်ကြမ်းသုံး ထုတ်လုပ်လာတဲ့ တော်ဝင်၊ သဘာဝ၊ ဗိုင်ပါ၊ ဖူဂျီ၊ စူပါ၊ ဂန္ဓမာစတဲ့ အမှတ်တံဆိပ်တွေလဲ ဈေးကွက်ဝေစု ဖဲ့ယူလာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပက တင်သွင်းတဲ့ ဂျမ်ဘို၊ မော့စ်ဖလိုင်းတို့လို၊ ပြည်တွင်းထုတ် အရေပြားပေါ် ဖျန်းတဲ့ ခြင်ပြေး စပရေးဘူးတွေ၊ လိမ်းဆေး ကရင်မ်တွေ၊ ခြင်ပြေး ဖယောင်းတိုင်တွေ ထုတ်လုပ်လာတာကိုလဲ တွေ့ရပါတယ်။

Myanmar YoungSoom Co.
၂ဝဝ၂ ခုနှစ်ကစပြီး ဂိုးလ်အမှတ်တံဆိပ်ကို စတင်ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီပါ။ ဈေးကွက်ခိုင်မာလာတဲ့အခါ စပိုက်ဒါနဲ့ ဒိုင်နိုတံဆိပ်နှစ်ခုကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ ဒိုင်နိုအမှတ်တံဆိပ်မှာ တစ်ချပ်သုံးခွေပါ။ (တစ်ဘူး ၂၁ ခွေ) ပါဝင်အောင် ထုတ်လုပ်ခဲ့သလို စပိုက်ဒါ ခြင်ဆေးခွေကိုလဲ အဝိုင်း၊ ခြောက်ထောင့်၊ ရှစ်ထောင့်၊ လေးထောင့်စတဲ့ ပုံစံလေးမျိုးနဲ့ ဆန်းသစ်ပြီး ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။ စက်ရုံက တောင်ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှာ ရှိနေပါတယ်။

Moving Forward Generation Company
တောင်ဒဂုံဆိပ်ကမ်း အခြေစိုက် ခြင်ဆေးခွေစက်ရုံက နနွင်းကုန်ကြမ်းနဲ့ ထုတ်လုပ်ခဲ့တာပါ။ ဗိုင်ပါအမှတ် တံဆိပ်ဖြစ်ပါတယ်။ ထုတ်လုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ''နနွင်းနဲ့ ခြင်ပြေးတယ် ဆိုတာကို စမ်းသပ်တွေ့ရှိခဲ့တာကြောင့် ဗိုင်ပါကို ထုတ်လုပ်ခဲ့တာပါ။ နနွင်း အနံ့ကို နယ်တွေက လူတွေပိုကြိုက်တာ တွေ့ရတယ်။ ခြင်ဆေးခွေ အများဆုံး သုံးတာလဲ နယ်ဒေသတွေ ဖြစ်တာကြောင့် နနွင်းအနံ့ ခြင်ဆေးခွေကို ထုတ်လုပ်ဖြစ်တာပါ။ နနွင်းအနံ့က ခြင်ဆေးတွေလို မမွှန်ဘဲ ရှူမိရင် လူသက်သာတဲ့ အနေအထားမှာ ရှိပါတယ်''လို့ လုပ်ငန်းရှင် ဦးသိန်းစိုးက ပြောပါတယ်။

အဆိုပါစက်ရုံဟာ Myanmar Yowng Soom နဲ့ ညီနောင်ကုမ္ပဏီ တစ်ခုလို့ သိရပါတယ်။

မားစ်အမှတ်တံဆိပ် ခြင်ဆေးခွေ
၁၉၈၈ ဝန်းကျင်မှာ ဆင်ဖြူတော် အမှတ်တံဆိပ် ခြင်ဆေးခွေကိုသာ အတွေ့များခဲ့ရာက ၁၉၉၇-၉၈ ခုနှစ်လောက်မှာ စိုက်ပျိုးရေးဌာနနဲ့ ဂျပန်ပညာရှင်တွေ ပူးပေါင်းထုတ်လုပ်တဲ့ မားစ်တံဆိပ် ခြင်ဆေးခွေကို သတိပြုလာမိပါတယ်။ အဲဒီတုန်းက ပြည်တွင်းမှာ ဖြန့်ချိသလို ပြည်ပနိုင်ငံ အတော်များများကို တင်ပို့ ရောင်းချခဲ့တာ သိရပါတယ်။ ၂ဝဝ၆ ခုနှစ်ထဲမှာ အကြောင်းအမျိုးမျိုး ကြောင့် စက်ရုံလည်ပတ်မှုကို ရပ်ဆိုင်းသွားခဲ့ပါတယ်။ သူရဲ့ အမှတ်တံဆိပ်ကို Asia Light ကို ရောင်းချခဲ့ပြီး မားစ်အမှတ်တံဆိပ်၊ မားစ်ပါဝါ၊ မားစ်ဂိုးလ် အမှတ်တံဆိပ် သုံးခု ထုတ်လုပ်နေပါတယ် လို့ ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပြခဲ့ပါတယ်။

Fly Away အရေပြားဖျန်း စပရေးဘူး
Nagar Min Yarzar စက်ရုံက ထုတ်လုပ်တာပါ။ ခြင်ပြေး အရေပြား ဖျန်းဆေး စပရေးဘူး အနေနဲ့ မြန်မာပြည်မှာ ပထမဆုံး ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

''ခြင်ပြေး ဖျန်းဆေးအနေနဲ့ OFF အမှတ်တံဆိပ်တို့၊ John & John အမှတ်တံဆိပ်တို့က ကမ္ဘာ့ဈေးကွက်မှာ ဈေးကွက်ပေါက်ပြီး လူသိများ သုံးစွဲတဲ့ ပစ္စည်းပါ။ အဲဒီ ပုံစံမျိုး မြန်မာပြည်မှာ ထုတ်လုပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ခြင်ပြေးဖို့အတွက် တချို့က အရေပြားပေါ် ဖျန်းတဲ့ဆေးကို သုံးချင်လာသူတွေ ရှိလာတယ်။ သုံးမယ်ဆိုရင် ပြည်ပက တံဆိပ်တွေပဲ ရှိတယ်။ ပြည်တွင်းတံဆိပ်ကို သုံးချင်သူတွေ အတွက် နံ့သာဖြူ၊ ပန်းပေါင်းစုံနဲ့ ဝတ်မှုန်ပေါင်ဒါ အနံ့တွေနဲ့ သုံးမျိုး ထုတ်လုပ်ထားတာပါ။ ခြင်နဲ့အင်း ဆက်ပိုးမွှား အန္တရာယ်တွေကို သဘာဝအလျောက် ကာကွယ်ပေးတဲ့ သဘာဝ ပန်းမန်အပင်တွေရဲ့ အဆီ အနှစ်နဲ့ ဖော်စပ်ထုတ်လုပ်ထားပါတယ်။ ဓာတုပစ္စည်း ပါဝင်မှု မရှိတဲ့အတွက် ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ဆေးကြောင့် အရေပြား ပြဿနာ ပေါ်တာ၊ ဆေးဖျန်းပြီး အသားအရေပေါ်မှာ စေးကပ်နေတာ၊ အဝတ်အထည်စွန်းထင်းတာလုံးဝ မရှိပါဘူးလို့ အာမခံပါတယ်။ ခြင်နဲ့ ရောဂါပိုးမွှားအန္တရာယ်ကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်''လို့ လုပ်ငန်းရှင်က ရှင်းပြပါတယ်။

Fly Away ခြင်ပြေး ဖျန်းဆေးကို တရုတ်တိုင်ပေနည်းပညာနဲ့ ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ အဲဒီဆေးက ခြင်နဲ့ ပိုးမွှားများ ကိုက်နိုင်တဲ့ ခန္ဓာကိုယ်မှာ ခြောက်နာရီခြား တစ်ကြိမ်ဖျန်းပြီး ကာကွယ်ရတာပါ။

ခြင်နိုင်မင်း ခြင်ပြေးလိမ်းဆေး
စပါးလင်အဆီနဲ့ စနိုးကို ကုန်ကြမ်းအဖြစ်သုံးပြီး ထုတ်လုပ်ထားတာပါ။ ထုတ်လုပ်ဖြစ်ပုံနဲ့ပတ်သက်ပြီး ''သားအတွက် ခြင်ဆေးခွေ မသုံးချင်လို့ စမ်းသပ်ထုတ်လုပ်ရာက ဈေးကွက်ထဲ ဖြန့်ဖြစ်တာပါ။ ဒီဆေးမှာ ပိုးသတ်ဆေး လုံးဝမပါဘူး။ ပါးစပ်ထဲဝင်လဲ ပြဿနာမရှိဘူး။ ခြင်မသေဘူး။ ခြင်ပြေးအောင်ပဲ ထုတ်လုပ်ထားတာပါ။ အသားအရေကို ထိခိုက်စေတဲ့ ဓာတုဆေးဝါးတွေလဲ မပါဝင်ပါဘူး။ လိမ်းလိုက်ရင် အသား အရေကို ချောမောစေတဲ့ Lotion ပုံစံ မျိုးဖြစ်အောင် ခြင်ပြေးအောင် ဂျပန်နည်းပညာနဲ့ ထုတ်လုပ်ထားတာပါ။ ရဟန်းသံဃာတွေ၊ တရားထိုင်သူတွေ ခြင်ပြေးအောင် လိမ်းလို့ရပါတယ်''လို့ ထုတ်လုပ်သူဦးကျော်နိုင်က ပြောပြပါတယ်။

ခြင်နိုင်မင်း ခြင်ပြေးလိမ်းဆေးကို ခြင်နှင့် ပိုးမွှားကိုက်ခြင်းက ကာကွယ်နိုင်ရန် နှစ်နာရီခြားတစ်ကြိမ် လိမ်းပေးရမယ်လို့ သိရပါတယ်။ ခြင်ပြေးလိမ်းဆေး ထုတ်လုပ်တဲ့နေရာက လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်း၊ အမှတ် ၇၇၆ မှာပါ။

Medlite Co.
ရောင်နီအမှတ်တံဆိပ် ခြင်ပြေး ဖယောင်းတိုင်နဲ့ စီထိုခရင်မ်၊ စီထို စပရေးဘူးတို့ကို ထုတ်လုပ်တဲ့ ကုမ္ပဏီပါ။

''ခြင်ပြေးဖယောင်းတိုင် တစ်တိုင်ထွန်းထားရင် ၁ဝ ပေပတ်လည်အထိ ခြင်မကိုက်အောင် တာဝန်ယူနိုင်ပါတယ်။ ဖယောင်းတိုင် အကြီးတစ်တိုင်ဆို သုံးနာရီအထိ အထွန်းခံပါတယ်။ စီထိုကရင်မ်ကတော့ ခြင်ကိုက်နိုင်တဲ့ အရေပြားပေါ်ကို လိမ်းပြီး ကာကွယ်ရတာပါ။ စီထို စပရေး ဖျန်းဘူးက ခြင်ကိုက်နိုင်တဲ့ အရေပြားပေါ်ကို ဖျန်းပြီး ကာကွယ်နိုင်ပါတယ်။ ဒီခြင်ပြေး ဖယောင်းတိုင်နဲ့ ခြင်နိုင်ခရင်မ်တို့ကို သဘာဝ အပင်တွေနဲ့ ထုတ်လုပ်ထားတာကြောင့် ဘေးထွက်ဆိုးကျိုး မရှိပါဘူး''လို့ ယင်းကုမ္ပဏီက ဦးမြင့်သန်းက ပြောပြခဲ့ပါတယ်။

ခြင်နိုင်ဆေး သနပ်ခါး
Proflife က ထုတ်လုပ်တဲ့ မော့စ်အမှတ်တံဆိပ် ဆေးသနပ်ခါးပါ။ တစ်ခါလိမ်းထားရုံနဲ့ ခြင်ကျားကိုက်တာ ခြောက်နာရီ ကာကွယ်နိုင်ပါတယ်။ ခြင်နိုင်ဆေး သနပ်ခါးကို အရေပြားပေါ်မှာ လိမ်းလိုက်တဲ့အတွက် အန္တရာယ်မရှိကြောင်း WHO က အသိအမှတ်ပြု စမ်းသပ်နည်းနဲ့ တီထွင် ထုတ်လုပ်ထားတာလို့ ထုတ်လုပ်သူ ဦးလှဖေက ပြောပြခဲ့ပါတယ်။

''ခြင်ဆေးခွေ၊ ခြင်ဆေးဖျန်း အသုံးပြုတာတွေနဲ့ ပတ်သက်ပြီး ဆေးအနံ့နဲ့ မတည့်သူတွေမှာ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်တယ်။ ရောဂါမရှိသူတွေလဲ ရောဂါဖြစ်လာနိုင်ပါတယ်။

လုပ်သင့်တာက ခြင်ဆေးထွန်းမယ်၊ ခြင်ဆေးဖျန်းမယ်ဆိုရင် အခန်းအကျယ်အပေါ် မူတည်ပြီး ချင့်ချိန်သုံး ရပါမယ်။ ဆေးတွေသုံးပြီးတာနဲ့ တစ်ပြိုင်နက် အိမ်တံခါးကို အလုံပိတ်ပြီး လူတွေက အပြင်မှာ ခဏရှောင်နေပါ။ မိနစ် ၃ဝ လောက်ကြာမှ တံခါးပြန် ဖွင့်လိုက်ရင် ခြင်တွေလဲ သေနေလိမ့်မယ်။ ဆေးအနံ့တွေလဲ ပြယ်နေလိမ့်မယ်။ အဲဒီတော့မှ တံခါးပြန်ပိတ်သင့်ပါတယ်''လို့ ဆေးသုတေသန ဦးစီးဌာနက အငြိမ်းစား ညွှန်ကြားရေးမှူး ဦးလှဖေက ပြောပါတယ်။

အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းတစ်ခုကို ဝယ်ယူရင်
''အခုဝယ်ယူ သုံးစွဲတဲ့ ခြင်ဆေးခွေတွေရဲ့ အတွေ့အကြုံအရ ကျွန်မအိမ်က ကလေးတွေအတွက် ခြင်ပြဿနာ ဖြေရှင်းဖို့ ပြည်ပက တရားမဝင် ဝင်ရောက်ခဲ့တဲ့ ကျင်းထုံ၊ Baby Care, Lao Jun, A.estar Power, Tianshi တို့ကို ဝယ်သုံးမိခဲ့ပါတယ်။ ရောင်းတဲ့သူကလဲ ခြင်တကယ်သေတယ်။ ကောင်းတယ်ဆိုလို့ ဝယ်သုံး မိခဲ့တာပါ။ သုံးထားတဲ့ ပိုးသတ်ဆေးက ဒီလောက်များနေတာ။ ငွေပေးပြီး အဆိပ်ငွေ့ ဝယ်ရှူသလို ဖြစ်ခဲ့ရတယ်။ စဉ်းစားကြည့်ရင် တစ်ပိုင်တစ်နိုင် တင်သွင်းတာတွေ၊ လိုင်စင်မဲ့ ဝင်ရောက်တာတွေဟာ စားသုံးတဲ့ ပစ္စည်းပဲဖြစ်ဖြစ်၊ ခြင်ဆေးခွေပဲဖြစ်ဖြစ်၊ ဆေးဝါးပစ္စည်းပဲဖြစ်ဖြစ် တကယ့်အန္တရာယ်ပါပဲ။ တစ်ခုခု ပြဿနာ ပေါ်လာရင် တင်သွင်းသူ မရှိဘူး။ ဘယ်သူ့ကို လက်ညှိုးထိုးရမှန်း မသိဘူး။ ပြည်တွင်းမှာ အထိုင်ချ ထုတ်လုပ်တဲ့ စက်ရုံတွေကျတော့ အန္တရာယ် ရှိတာမျိုး၊ ပြဿနာ ပေါ်တာမျိုး ဖြစ်ခဲ့ရင် ဈေးကွက်ပျောက်မှာ၊ စက်ရုံပိတ်ရမှာကို ကြောက်ကြတော့ ပြဿနာ မဖြစ်အောင် စည်းတွေ၊ ဘောင်တွေထဲက သွားကြမယ်လို့ ယူဆလို့ ရပါတယ်။ ဒါကြောင့် အန္တရာယ် ရှိနိုင်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင် ပြည်တွင်းထုတ် အရည်အသွေးကောင်း ပစ္စည်းတွေကို ရွေးချယ်သုံးသင့်ပါတယ်။ အဓိကကတော့ အာမခံချက် ခိုင်မာမှုကို ရွေးရမှာပါပဲ''လို့ အရည်အသွေး စစ်ဆေးရေးဌာနမှာ တာဝန်ထမ်း ဆောင်နေတဲ့ အစိုးရ အရာထမ်း တစ်ဦးက သုံးသပ်ပြောပြပါတယ်။

မည်သို့ပင်ဆိုစေ လက်ရှိ ခြင်ဆေးခွေ ဈေးကွက်မှာတော့ ပြည်တွင်း ထုတ်ပစ္စည်းများက အားသာမှုဖြင့် အသာစီးရရှိနေပြီး ပြည်ပက တင်သွင်းဝင်ရောက်မယ့် ခြင်ဆေးခွေများနဲ့ အရည်အသွေးပိုင်း၊ ဈေးနှုန်းပိုင်းနဲ့ အာမခံနိုင်မှု အပိုင်းတို့အတွက် ဈေးကွက်ထဲမှာ ဆက်လက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။

ညွှန်း - ဈေးကွက်ဂျာနယ် အင်တာနက်စာမျက်နှာ http://www.zaygwet.com/eco_opinion.php?id=88


~

ခြင်ဆေးခွေကြောင့် မန္တလေးမှ ကလေး တဦး သေဆုံး

5 comments

~

မန်းသားလေး



ခြင်ဆေးခွေထွန်းပြီး တံခါးပိတ် အိပ်ရာမှ ကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦး ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း မန္တလေးနေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၈လမ်းနှင့် ၄၂လမ်းထောင့်ရှိ ရဲဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူ ဒုတိယရဲအုပ် ပင်လုံထွန်း နှင့် ၄ မိသားစုဝင်များသည် မေလ ၁၄ ရက် ညပိုင်းက တံခါးများပိတ်ပြီး ကျင်းထုံခြင်ဆေးခွေထွန်းကာ အိပ်ခဲ့ကြသည်။ လေအေးပေးစက်ဖွင့်ထားသည်ဟု ဆိုသည်။

နောက်တနေ့ နံနက် ၉နာရီအထိ အိပ်ရာမှ မနိုးကြသေးသဖြင့် အိမ်နီးချင်း မအေးမွန်ခိုင်က သွားရောက်ကြည့်ရှုရာ လေးဦးစလုံး သတိလစ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပြီး အသက် ၁ နှစ် ၈ လ အရွယ် သားငယ် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

တရုတ်ပြည်ဘက်မှတင်သွင်းလာသော ကျင်းထုံအမှတ်တံဆိပ် ခြင်ဆွေးခွေသည် အလွန် အရောင်းသွက်ခဲ့သည်ဟု သိရသည်။ ထိုခြင်ဆေးခွေတွင် ပိုးသတ်ဆေး ပါဝင်မှု ၀ ဒသမ ၀၈ ရာခိုင်နှုန်း ပါဝင်သဖြင့် အသုံးမပြုရန် အာဏာပိုင်တို့က တားမြစ်ထားသော်လည်း မန္တလေးရှိ ဆိုင်တချို့တွင် ဆက်လက် ရောင်းချလျက် ရှိနေသေးကြောင်း သိရသည်။

~


၈၈ အဖွဲ့ရဲ့ တာချီလိတ်မြို့ရောက် မြင်ကွင်းများ

0 comments



ဇွန်လ ၄ရက်နေ့ နေ့လည် ၂နာရီ မိနစ် ၃၀ တွင် မင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ တာချီလိတ်မြို့ ရွှေရေကန်ဟိုတယ် တွင် ဒေသခံများမှ ကြိုဆိုနှုတ်ဆက်စဉ်


တာချီလိတ်မြို့ ရွှေတိဂုံစေတီ ရင်ပြင်ပေါ်မှာ


လက်ဖက်ရည်ဆိုင်မှာ အမှတ်တရ

ရှေ့နေများနဲ့ တွေ့ဆုံနေတဲ့ ၈၈ အဖွဲ့

လူမှုရေးအသင်းများနဲ့ တွေ့ဆုံစဉ်

“ ကျွန်တော်တို့ လိုချင်နေတာ ဘယ်သူ့ အတွက် ဒီမိုကရေစီလဲ?”

2 comments



ယနေ့ထုတ် ကြေးမုံသတင်းစာ

ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေ(အာဏာရှင် မဟုတ်တဲ့သူ)အားလုံး ဒီမိုကရေစီစနစ်ကို လိုလားခဲ့ကြပါတယ်။

ဒီမိုကရေစီအရေးအတွက် အနစ်နာခံ ထောင်ကျခံ နှိပ်စက်ခံ အသေခံပြီးလုပ်ခဲ့တဲ့ သူတော်ကောင်း သားသမီးများရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့တတွေ ဒီမိုကရေစီ လမ်းကို မှုန်ပျပျ လှမ်းမြင်နေရပါပြီ၊ ဒီမိုကရေစီရဲ့ အနစ်သာရတွေမှာ လူအချင်းချင်း ဗိုလ်ကျ စိုးမိုးမှုမရှိတဲ့ တန်းတူညီမျှရေး ဆိုတာလည်း
တစ်ချက် အပါအ၀င်ဖြစ်ပါတယ်။

ဟုတ်ပြီ၊“လူအချင်းချင်း ဗိုလ်ကျ စိုးမိုးမှုမရှိတဲ့ တန်းတူညီမျှရေး”ဆိုတာကို ကျွန်တော်တို့နှစ်သက်ကြပြီ၊ ဒါဆို ဒီမို
ကရေစီအရေးမှာ ထိပ်ဆုံးကပါခဲ့ကြတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်ကလူတွေ ဘာကြောင့်“ လူအချင်းချင်း ဗိုလ်ကျ စိုးမိုးမှုမရှိတဲ့ တန်းတူညီမျှရေး”ကို ဆန့်ကျင်နေကြတာပါလဲ။

ကျွန်တော်မြန်မာပါ၊ သို့သော် မြန်မာက ကုလားကို သတ်ဖြတ်တဲ့ကိစ္စကိုတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါ တယ်၊ ကန့်ကွက်ပါတယ်၊ ဒါဟာ လူများစုက လူနည်းစုကို အနိုင်ကျင့်တဲ့ဖြစ်ရပ်အဖြစ် ရှုမြင်ပါတယ်။

ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန်ပြောရရင် ဒီမိုကရေစီရေးကို သွေဖီတဲ့ လုပ်ရပ်လို့လည်း မြင်မိပါတယ်၊ ဒီလိုပြောလို့ ကုလားကို မှန်တယ်လို့ မပြောပါဘူး၊ အဓမ္မပြုကျင့်တဲ့ ကုလားဟာ အဓမ္မပြုကျင့်တဲ့
ကုလားပါပဲ၊ သူ့ကို ဥပဒေအရ ထိရောက်ပြင်းထန်တဲ့ပြစ်ဒါဏ်ရရှိရေး ရမ်းဗြဲမြို့က လူထုတွေအားလုံးပူးပေါင်း ကြိုးစားကြရမှာပါ။

ဒီလိုကြိုးစားရာမှာ ဘက်လိုက်တဲ့ တရားမျှတမှု မရှိတဲ့ နိုင်ငံဝန်ထမ်းတွေရှိခဲ့ရင်လည်း မြို့လူထုအင်အားနဲ့ စုံစမ်းဖေါ်ထုတ်သင့်ကြပါတယ်၊ ခုတော့သံတွဲ-ရန်ကုန် ခရီးသည်တွေကို သတ်ဖြတ်မှုဟာ “မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်”လိုက်သလိုပါပဲ။

လူသားချင်း စာနာမှုမရှိတဲ့လုပ်ရပ်လို့ စွတ်စွဲရမှာပါ၊ အဓိကက ကိုယ်ချင်းစာတရားပါ၊ ဘာပဲလုပ်လုပ် သူ့နေရာ မှာ ကိုယ်သာဆိုရင် ..ဆိုတဲ့ အတွေးနဲ့ ၀င်ခံစားတွေးပေးရမှာပါ။

အဓမ္မ ကျင့်တဲ့သူထက် ပိုမိုပြီး လူအများက တံတွေးထွေးခံရမယ့် ကိစ္စတွေကို ရှောင်ကြစေချင်ပါတယ်။
ကျွန်တော်တို့လိုချင်တဲ့ လူ့အခွင့်အရေး ဆိုတာဟာ ကိုယ်တစ်ယောက်ထဲအတွက်(သို့မဟုတ်) ကိုယ့် အမျိုး တစ်စု အတွက် (သို့မဟုတ်) ကိုယ့်လူမျိုး တစ်မျိုးထဲ အတွက်ရရှိမယ့် လူ့အခွင့်အရေးအတွက် တောင်း ဆိုနေကြတာမဟုတ်ပါဘူး။

လူမျိုးစုအားလုံး(၀ါ)ကမ္ဘာသူ ကမ္ဘာသားအားလုံးအတွက် ရည်သန်တောင်းဆိုကြရမှာပါ၊ ဒါမှသာ ငြိမ်းချမ်း သာယာသော ကမ္ဘာဖြစ်လာမှာပါ၊ဒါလေးကို အမြင်ကျယ်ကျယ်နဲ့တွေးပြီး ရမ်းဗြဲ၊တောင်ကုတ် အပါအ၀င် အခြားမြို့ရွာက မြန်မာရော ကုလားတွေပါ..သည်းခံထိန်းသိမ်း လိုက်နာပေးကြပါလို့ တောင်းပန် စာလေး ရေးလိုက်ရပါတယ်ခင်ဗျာ....

(ဟာဂျူလီ-ကသာ)

မှတ်ချက်...ကုလားလို့ သုံးစွဲရခြင်းဟာ အဓမ္မပြုကျင့်တဲ့ ကုလားနဲ့ သေဆုံးသူများဟာ မွတ်ဆလင်လား၊ဟိန္ဒူလား ဂေါ်လခါးလား မသိလို့ (မသေခြာလို့) ကုလားလို့ သုံးနှုန်း လိုက်ရခြင်းဖြစ်ပါကြောင်း...။



စစ်တွေ၊ ရမ်းဗြဲ၊ သံတွဲ သတင်းများ

0 comments


ငြိမ်းချမ်းရေး သီချင်းသည် ဗိုလ်ကြီးဟောင်း နေမျိုးဇင်

0 comments

ကိုမင်းကိုနိုင်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ STA မောင်နှများနှင့် ကချင် စစ်ဘေးသင့် သားချင်းများ အတွက် ဂီတဖျော်ဖြေပွဲ- (ဓာတ်ပုံ -နေမျိုးဇင်)


ပန်းရဲ့လမ်း ကွန်ယက်နဲ့ အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မျက်ရည်မဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။

"ရန်ကင်းစင်တာရှေ့ ပန်းရဲ့လမ်း ကွန်ယက်နဲ့အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာ ဒီသီချင်းလေးကို ကိုမင်းကိုနိုင်တို့ အရှေ့မှာ ဂုဏ်ပြု ဖျော်ဖြေခဲ့ပါတယ်။ ပရိတ်သတ်ကလည်း အားပါးတရ အားပေး လက်ခုပ်တီးကြလို့ ကျနော် စိတ်အလွန်ကြည်နူးမိပါတယ်ခင်ဗျား" လို့ ကိုနေမျိုးဇင်က ဆိုပါတယ်။

တီးခတ် စီစဉ်သူ ဂီတမှူး ကိုဝင်းကျော် ။ တေးရေးဆရာ ကိုသားဖေထင်။ တေးဆို ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့က ထုတ်ဖော်ပြောဆိုလာသော ရင်ခုန်သံကတော့ "အားလုံးလိုချင်သည်မှာ ငြိမ်းချမ်းရေး" ပါတဲ့။

သီချင်းလေးကို ခံစားနိုင်ကြမယ်လို့ ထင်ပါတယ်။

မျက်ရည်မဲ့သော အဖမဲ့ သားသမီးလေးတွေ နောက်ထပ် ပေါ်မလာစေဖို့ ပြည်တွင်းစစ်ကို ရပ်ကြဖို့ တိုက်တွန်းတောင်းဆိုသည့် သီချင်းလေးဖြစ်ပါသည်။

"ဖခင်မဲ့သွားတဲ့ ကလေးလေးတွေဘ၀ ကိုယ်ချင်းစာတတ်ပါသလား ။ လမင်းလေး အလင်းပျောက်နေခိုက် အမှောင်မိုက်မှာ ငိုစရာမျက်ရည်မဲ့တဲ့ သားလေးတွေဘ၀၊ အမိမဲ့ အဖမဲ့ ဘာကြောင့်ဖြစ်ရတာလဲ။

ပြည်တွင်း စစ်မှာ စစ်ခင်းရင်း အသက်တွေ ပေးသွားခဲ့ရတဲ့ အဖေတွေ အတွက် သားသမီးလေးတွေ နေရာ ကနေ စာနာစိတ်နဲ့ ဒီသီချင်းလေးကို ဆိုမိပါတယ်လို့ ကိုနေမျိုးဇင်က ဆိုပါတယ်။

မျက်ရည်မဲ့သော သားသမီးလေးတွေ ဘ၀ မဖြစ်စေချင်ရင် အဖေဖြစ်သူတွေ တိုင်းရင်းသားချင်း စစ်မခင်းပါနဲ့ တမြေတည်းသားချင်း မသတ်ဖြတ်ကြပါနဲ့။ ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါ။ ငြိမ်းချမ်းရေးကို အမြန်ဆုံး တည်ဆောက်နိုင်ကြပါစေ" ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆုတောင်းမေတ္တာ ပို့သထားပါတယ်။




ဥရောပ ညီလာခံရောက် NLD ကိုယ်စားလှယ် ဦးဝင်းထိန်

0 comments

ကွယ်လွန်သူ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ( ၁၉၉၅ ခုနှစ်၊ ဓာတ်ပုံ- Getty Images)


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထီလာမြို့ နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ဟာ ဇွန်လ ၄ ရက်နေ့ စတင် ကျင်းပတဲ့
The Summit of Alliance of Liberal Democrats for Europe (ALDE) နဲ့ Council of Asian Liberals and Democrats (CALD)ကို တက်ရောက်ဖို့ Belgium နိုင်ငံ၊ Brussels ကို ဆိုက်ရောက်လာတယ်လို့ သိရပါတယ်။

ဦးဝင်းထိန်ဟာ ၄ ရက်တာ ကျင်းပမယ့် ထိပ်သီးညီလာခံတက်ရောက်စဉ် NLD ကိုယ်စား မိန့်ခွန်းပြောမယ် လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းထိန်ဟာ လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ဆွေးနွေးပွဲ တခု
ကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။

ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည် အားထားရသူများထဲက တဦးအပါအ၀င်လည်းဖြစ်ပါတယ်။


နိုင်ငံတကာ ဘာသာစကားနဲ့ ဆိုထားကြတဲ့ သီချင်း

1 comments

ဟုတ်ပါတယ်၊ အများနားလည်တဲ့ ဘာသာစကားနဲ့ ဆိုထားကြတဲ့ သီချင်းပါ။


One Direction တိုရဲ့  သီချင်း နဲ့ ဂျပ်စတင်ဘီဘာရဲ့ သီချင်းကို ဟာသ ရသ မြောက်အောင် သီဆိုထားကြတာပါ။



ဒါကတော့ ဂျပ်စတင်ဘီဘာရဲ့ သီချင်းရုပ်သံ ဖြစ်ပါတယ်။

ရောင်းမယ်၊၀ယ်မယ်၊သုံးမယ်၊ပျက်မယ်၊ရောင်းမယ်၊မြတ်မယ် မသိရင်ကျေးဇူးရှင်ကြီးပေါ့ ...

0 comments


ကာတွန်း - လိုင်လုဏ်

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved