ငြိမ်းချမ်းရေးဝန်ကြီး မယ်တော်ဆေးခန်းကို ဘတ် တသိန်းခွဲ လှူဒါန်း

Wednesday, June 27, 2012 1 comments

~





(Photo: Wai Moe/ The Irrawaddy)

ဒေါက်တာစင်သီယာမောင် ဦးစီးတဲ့ မယ်တော်ဆေးခန်းမှာ ဒီကနေ့ ပြုံးပြုံးရွှင်ရွှင် တွေ့ရတဲ့ ဦးအောင်မင်းနဲ့အဖွဲ့ဝင်များပါ။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် မီးရထားဝန်ကြီး ဦးအောင်မင်းက မယ်တော်ဆေးခန်း အတွက် ဘတ် တသိန်းခွဲ လှူဒါန်းနေပုံ ဖြစ်ပါတယ်။

(ဒီပမာဏဟာ ကျပ်ငွေနဲ့ ဆို သိန်း ၄ဝ၊ အမေရိကန်ငွေကြေးနဲ့ ဆိုရင် ဒေါ်လာ ၅,ဝဝဝ နီးပါး ရှိပါတယ်)

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီးဦးခင်ရီတို့က ထိုင်းမြန်မာနယ်စပ်ခရီးမှာ မြန်မာ့နိုင်ငံရေးအဖွဲ့ များစွာနဲ့ တွေ့ဆုံညှိနှိုင်း စကားပြောဆိုခဲ့ကြတယ်၊ နာမည်ကျော်ဆေးခန်းအတွက် ငွေကြေးလှူဒါန်းပြီး
ဒီတခေါက် နယ်စပ်ခရီးကို အဆုံးသတ်လိုက်ပါပြီ လို့ အဲဒီဒေသမှာ ရောက်နေတဲ့ ဧရာဝတီသတင်းထောက်က သတင်းပို့ပါတယ်။

မဲဆောက်ကနေ ဘန်ကောက်ကို ချီတက်မယ့် ငြိမ်းချမ်းရေးဝန်ကြီးဦးအောင်မင်းနဲ့ ကိုယ်စားလှယ်များဟာ ဘန်ကောက်မှာလည်း ဆွေးနွေးပွဲတွေ ဆက်ရန် ရှိပါသေးတယ် တဲ့။

ဦးအောင်မင်းတို့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တွေထဲက တခုကတော့ ပြည်ပရောက်အတိုက်အခံတွေ ပြည်တော်ပြန်ဖို့ ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ရေး တနည်းအားဖြင့် အတိုက်အခံတွေ အိမ်ပြန်ကြဖို့ နားချရေး ဖြစ်ပါတယ်။

မြန်မာပြည်မှာ အခြေအနေတွေလည်း ပြောင်းလဲနေပြီ၊ စနစ်တွေ ပြောင်းနေပြီ၊ ပြည်ပမှာ ဘာကြောင့် ဒုက္ခခံပြီး နေကြဦးမှာလဲ၊ သူတို့ကို ပြန်ခေါ်ဖို့ ကျနော် ဒီရောက်လာတာပါပဲ လို့ ငြိမ်းချမ်းရေးအတွက် ခရီးသွားနေတဲ့ ၀န်ကြီးဦးအောင်မင်းက ဆိုပါတယ်။

သူပြန်လာခေါ်တဲ့ထဲ မြန်မာ့နိုင်တင်ဂေးလ်လို့ တင်စားကြတဲ့ ဒေါက်တာစင်သီယာမောင်လည်း ပါဝင်ပါတယ်။

ပြန်ကြမယ် ဆိုရင်တော့ ဒေါက်တာစင်သီယာမောင်က နောက်ဆုံးက ဖြစ်ဖွယ်ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ မြန်မာပြည်သားတွေက မဲဆောက်ဒေသမှာ ရှိနေကြအုံးမယ် မဟုတ်လား။



-

ဘန်ကောက်ဆပ်ပလိုင်းချက် လက်နက်အများအပြား ဖမ်းမိ

1 comments


(ဓာတ်ပုံများ - bangkok post)

ဘန်ကောက်မြို့မှာ ရဲတပ်ဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲကြီးတခုလုပ်ပြီး လက်နက်ငယ်မျိုးစုံကို ပြသထားပါတယ်။

အဲဒါတွေဟာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း ဘန်ကောက်မှာ ကားတွေကို ရပ်တန့် စစ်ဆေးရာကနေ ရှာဖွေ တွေ့ရှိရတဲ့ လက်နက်ပေါင်း ၂၃၄ လက်၊ ပေါက်ကွဲပစ္စည်းတွေ နဲ့ မူးယစ်ဆေးတွေထဲက ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်သုံးလက်နက် - ၃
လိုင်စင်ရှိ လက်နက် - ၁၁၂
လိုင်စင် လုပ်မထားတဲ့ လက်နက် - ၉၇
အိမ်တွင်းဖြစ်လက်နက် - ၂၂
ကျည်ဆံ - အများအပြား
ပေါက်ကွဲပစ္စည်း - အများအပြား
မူးယစ်ဆေး - အများအပြား

ငါးရက်အတွင်း ဒီလောက်တောင် ဖမ်းမိတဲ့အတွက် စိတ်မသက်မသာ ဖြစ်မိတယ် လို့ ရဲတပ်ဖွဲ့အကြီးအကဲတယောက် ဖြစ်တဲ့ Pol Maj Gen Khamronwit က ဆိုပါတယ်။
အင်မတန် ကျယ်တဲ့ ဘန်ကောက်မြို့ကြီးမှာ တရားမ၀င် ကိုင်ဆောင်တဲ့ လက်နက်တွေ၊ မူးယစ်ဆေးတွေ ဒီထက်မက ရှိနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဆပ်ပလိုင်းချက် (surprise check) လို့ ခေါ်ကြတဲ့ ရှောင်တခင်စစ်ဆေးမှုတွေမှာ ဓာတ်မှန်စက်လိုမျိုး ကရိယာတွေ သုံးတဲ့အတွက် ဒီပစ္စည်းတွေ တွေ့ရတာလို့ သိရပါတယ်။







ညွှန်း - ဘန်ကောက်ပို့စ် အွန်လိုင်း http://www.bangkokpost.com/news/local/299967/bangkok-cops-seize-large-cache-of-firearms



မြန်မာပြည်သွားမယ့် လက်နက်တွေ မိပြန်ပြီ

0 comments

ဒီကနေ့ထုတ် Bangkok Post သတင်းစာ မျက်နှာဖုံးမှာ တွေ့ရတဲ့ ဓာတ်ပုံ

တာချီလိတ်မြို့ဘက်ကို ပို့မယ့် လက်နက်တွေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ မနေ့က ဖမ်းမိတယ် တဲ့။

အမျိုးအစား နဲ့ အရေအတွက်က ဟောဒီလိုပါ

RPG လောင်ချာ - ၁၂
RPG ဗုံးသီး -
M 79 လောင်ချာ - ၁၂
AK 47 မောင်းပြန်ရိုင်ဖယ် - ၁၇
M 16 မောင်းပြန် ရိုင်ဖယ် -


ဆက်စပ် ဖတ်ရှုရန် -

ထိုင်းတွင် ဖမ်းမိ လက်နက်များ “ဝ” ကို ရောင်းချရန်ဟု ဆို

မြန်မာဘက်သို့ ပို့မည့် လက်နက်များ ထပ်မိ
မြန်မာဘက်ပို့မည့် လက်နက်များ မဲဆောက်တွင်မိ




ကျောင်းအုပ်ကြီး လက်စွမ်းပြလို့ ကျောင်းသား ၃ ဦး ခေါင်းကွဲ

3 comments


~

သန့်စင်ငြိမ်းချမ်း ရေးသားသည်)


Google မြေပုံမှာ တွေ့ရတဲ့ ရေဖြူမြို့တနေရာ

စာမရတဲ့ ၁၀ တန်းကျောင်းသား ၃ ဦးကို ကျောင်းအုပ်ကြီးက အပြစ်ပေး ရိုက်နှက်လိုက်တာ ခေါင်းကွဲသွားတဲ့ဖြစ်ရပ်တခု တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ ဒီလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ကံပေါက်ကျေးရွာ အထက ဒဿမတန်း (ခ) မှာ ပညာသင်နေတဲ့ ၁၀ တန်း ကျောင်းသား မောင်မျိုးထွဋ်ဦး အပါအ၀င် ကျောင်းသား ၄ ဦးကို ကျောင်းအုပ်ကြီး ဦးတင်ရှိန်က စာမေးရာမှာ မရတဲ့အတွက် ရိုက်နှက်တာဖြစ်တယ်လို့ မောင်မျိုးထွဋ်ဦးရဲ့ ဖခင် ဦးလှရှိန်က ဧရာဝတီကို ပြောပါတယ်။

“ကျောင်းဆရာကြီးက စာမေးတော့ ကျောင်းသားတွေက စာမရဘူး။ စာမရလို့ သူထောက်တဲ့ တောင်ဝှေးနဲ့ ရိုက်လိုက်တာ ၄ ယောက် ရိုက်တာ ၃ ယောက် ခေါင်းကွဲသွားတယ်”လို့ သူက ပြောပါတယ်။

သွေးတွေနဲ့ အိမ်ပြန်ရောက်လာတဲ့ မောင်မျိုးထွဋ်ဦးကို မိသားစုဝင်တွေက ကံပေါက်တိုက်နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့ရာမှာ ဒဏ်ရာကို ၁ ချက် ချုပ်ခဲ့ရပါတယ်။

သားဖြစ်သူကို ခေါင်းပေါက်တဲ့အထိ ရိုက်နှက်အပစ်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီးကို အရေးယူပေးဖို့ ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရေဖြူမြို့နယ် ပညာရေးမှူးတို့ကို တိုင်တန်းထားတယ်လို့ ဦးလှရှိန်က ပြောပါတယ်။

အဲ့လို တိုင်တန်းခဲ့တဲ့အတွက် ဒီလ ၂၄ ရက်နေ့က ရေဖြူမြို့နယ် ပညာရေးမှူးက ကံပေါက် အထကကျောင်းကို လာရောက်စစ်ဆေးသွားပြီး ဒီကိစ္စကို အောက်ခြေမှာတင် ပြေလည်အောင် ဖြေရှင်းပေးမှာဖြစ်ပြီး အထက်ကို မတိုင်တန်းဖို့ကို ဦးလှရှိန်နဲ့ ကျောင်းသား မောင်မျိုးထွဋ်ဦး တို့ကို ပြောဆိုသွားတယ်လို့ သိရပါတယ်။

“ကလေးက ခုထက်ထိ ကျောင်းမတက်နိုင်သေးဘူး။ အိမ်မှာပဲ နားနေတယ်။ အနာကတော့ သက်သာသွားပါပြီ။ ၂၈ ရက်နေ့မှ ကျောင်းပြန်တက်ဖြစ်လိမ့်မယ်”လို့ ဦးလှရှိန်က ပြောပါတယ်။

ကျောင်းအုပ်ကြီး ဦးတင်ရှိန်ဟာ ဒီကံပေါက်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတာ ၃ နှစ်ရှိပြီ ဖြစ်ပြီး ကျောင်းသားတွေကို အရိုက်ကြမ်းလို့ မိဘတွေနဲ့ ယခင်ကလည်း ပြဿနာတချို့ ဖြစ်ပွားခဲ့တာရှိတယ်လို့ သိရပါတယ်။

“ကျနော့်သားလိုမျိုး ကျန်တဲ့ကလေးတွေပါ ထပ်ဖြစ်လာမှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ကျနော့်သဘောကတော့ သူ့ကို ဒီကျောင်းကနေ တခြားကျောင်းကို ရွှေ့ပေးစေချင်တာပါပဲ” လို့ ကျောင်းသားမိဘ ဦးလှရှိန်က ပြောဆိုကြောင်းပါ ခင်ဗျာ….

~

အရူးစကား

0 comments

~


သရော်စာ

စိုးမင်း ရေးသားသည်)


“ချစ်စေလို ခံတွင်းလက်လေးသစ်၊ မုန်းစေလို ခံတွင်းလက်လေးသစ်” လို့ ဆိုကြသဗျ။ လူဆိုတာ သူများက ကိုယ့်အပေါ် ချစ်အောင် ခင်အောင် ပြောတော့လည်း ဟောဒီပါးစပ်ကြီးပဲ။ မုန်းအောင် နာအောင် ပြောပြန်တော့လည်း အဲဒီပါးစပ်ကြီးပါပဲခင်ဗျာ။ ပြောမိတဲ့စကားတစ်ခွန်းတည်းမှာကိုပဲ အချိန်အခါ နေရာဒေသ ပုဂ္ဂိုလ် သတ္တ၀ါအလိုက် ချစ်တဲ့သူကချစ်၊ မုန်းတဲ့သူကမုန်း၊ ဘယ့်နှယ်မှ မနေတဲ့သူလည်း ရှိပေလိမ့်ဦးမယ်။ ဆိတ်ဆိတ်နေ ထောင်တန် ဆိုတော့ ဘာမှ မပြောပဲ ပါးစပ်ကြီးပိတ်လို့ ရေငုံနေနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ မနေနိုင်လို့ ပြောမိပြီဆိုရင်တော့ မနောကံကနေ ၀ဇီကံကိုမြောက်သွားရော။ ကိုယ့်ရဲ့ ၀ဇီကံဟာ တဘက်သား သောတနားကနေ ယောနိသောမနသီကာယ မဖြစ်တဲ့အခါ ကာယကံမြောက်လာစေဖို့က သိပ်မခက်တော့ဘူး။ စိတ်လိုက်ရင် မာန်ပါလာတယ် လို့ ဆိုကြတာကိုး။ စကားစကား ပြောပါများလို့ စကားထဲက ဇာတိပြလာတဲ့အခါကျတော့လည်း ကိုယ့်အောက်ဖဲကြီး လူသိကုန်လို့ “မှိုချဉ်လိုဟိတ်ကြီး နဲ့ ဇီးဖြူသီးသနပ်ပါလားကွယ်ရို့။” ဆိုပြီး ကိုယ်အဖိုးမတန်တာ အထုပ်ဖြေပြသလို ရှိပါလိမ့်မယ်။ ဘယ်သူ့များ စောင်းပြောနေပါလိမ့်လို့ သံသယတွေ မ၀င်နဲ့နော်။ ကိုယ့်ကိုယ်ကိုယ် ဆုံးမနေတာပါဗျ။

တောပြောတောင်ပြော စကားရောဖောရောနဲ့ မြို့မေတ္တာခံယူနေလိုက်တာ။ သိဟောင်းကျွမ်းဟောင်းများကတောင် မနေနိုင်လို့ “အသက်လည်း ကြီးပါပြီ။ အနှောင့်အသွားမလွတ်တဲ့ အပြောတွေ လျှော့ပါဦး။” လို့ သတိပေးရ။ အင်တာနက်နဲ့ မပတ်သက်တဲ့ မွေးသမိခင်ကလည်း လူပြောသူပြောများတော့ စိတ်တွေပူပြီး “အဲဒါတွေ မရေးပါနဲ့တော့။” လို့ လှမ်းပြီး တားရဆီးရ။ ဈေးလယ်ခေါင်ကအရူး ပါးစပ်ဆိုင်းကလေးနဲ့ကနေသလို ကလေးတွေပြုံ၊ ခွေးတွေအုံဆို ကိုယ့်ကိုယ်ကိုယ်တော့ ရွှေမန်းတင်မောင်လောက် စိတ်ကြီးဝင်နေမိတာပ။ သေသေချာချာ စဉ်းစားကြည့်တော့ ခုလောက်ရှိ ဘယ်လောက်တောင် လူမုန်းများနေပြီလဲဆိုတာ မခန့်မှန်းတတ်တော့ဘူး။ ပဝေသဏီကတည်းက ပြည့်နေတဲ့ မိတ် ၅၀၀၀ ဟာ တော်ကြာရင်း လျော့သွားလို့ ထပ်ဆောင်းလိုက်ရရင်းဆိုတော့ ငယ်စာရင်း ဖျက်သွားတဲ့သူတွေလည်း နည်းတော့ မနည်းလောက်ဘူး လို့ ရိပ်မိပါတယ်။ အဲဒီဖေ့စ်ဘုတ်ကြီးကလည်း တိုရေရှားရေ ရှိလိုက်ပုံများနှယ်။ သူငယ်ချင်းတောင် ကန့်သတ်ထားရတယ်လို့။ တကယ်ဆို မိတ် ၅၀၀၀ ခွင့်ပြုရင် ရန် ၅၀၀၀ လည်း ခွင့်ပြုသင့်တာပေါ့။ လူဆိုတာ ဘယ်သောအခါမှ မိတ်ဆွေချည့်ပဲ မရှိနိုင်ဘူးဆိုတာ မသိဘူးလား။ ကိုယ့်အတွက်ကတော့ မိတ် ၅၀၀၀၊ ရန် ၅၀၀၀ ထက် မလောက်မငှဖြစ်စရာ ပရိသတ်လူထုကြီး ရှိသေးသဗျ။ သောက်ညင်ကပ်သူများဆိုပြီး စာရင်းပြုစု ဆန္ဒမဲကောက်ခံရင် အိုဘားမားကြီးကိုတောင် အနိုင်ရဦးမလား မသိ။ သူများအမြင်ကပ်ချင်စဖွယ် ပြောတတ်ဆိုတတ်တာဟာ ငယ်ငယ်ကတည်းက ၀ါသနာဘာဂီ ဆက်တိုင်းမီလာတာလေ။ သည်ကနေ့ဖဲနိုင်ထားရင် နောက်တနေ့ အ၀တ်သစ်အစားသစ်တွေနဲ့ ရှုံးတဲ့သူငယ်ချင်းတွေရှေ့ မမြင်မြင်အောင်ပြပြီး “အဲဒါ ဖဲနိုင်တဲ့ ပိုက်ဆံနဲ့ ၀ယ်ထားတာ။” လို့ ခေါင်းကလေးတမော့မော့ ပြောတတ်တယ်။ “ဒီပလက်တီနမ်ဆွဲကြိုးက ဒယ်ဒီပေးထားတာ။” လို့ ကြွားစရာ မရှိပေမယ့် ဘာလေးလုပ်လုပ် လူပြောစရာဖြစ်အောင်လုပ်ပြီး ကိုယ်ကပဲဦးအောင် “အတင်းပြောတဲ့ သူတွေကလည်း မနည်းဘူး။ ကဲ..။” လို့ ပြုံးဖြဲဖြဲနဲ့ မကျေနပ်ချင်ယောင်ဆောင်တတ်သေးတယ်။ နည်းနည်းပါးပါးများ မြှောက်ပင့်မပေးလိုက်နဲ့။ “ဟုတ်တယ်။ ဟုတ်တယ်။ ကိုယ့်ဘာကိုယ်လည်းသိတယ်။ သူများတွေလည်း ပြောတယ်လေ။” လို့ မေတ္တာပျက်အောင်လည်း ပြောတတ်ပ။

ခုတော့ ဟိုလူပြော သည်လူပြောနဲ့မို့ စိတ်တွေလျှော့ပြီး ပြောမှားဆိုမှားရှိသမျှ လွန်တာရှိရင် ၀န္တာမိပါ လို့ တောင်းပန်ရန်အလို့ငှာ နှုတ်ကျွံသမှု အစုစုတို့ကို အနုလုံ ပဋိလုံ ခြုံငုံကြည့်တယ်ဗျ။ ငါပြောသမျှ အမှန်တွေချည့်ပဲ လို့လည်း ငါတကောကော မကောလိုပါဘူး။ ဟုတ်တော့ဟုတ်တယ်လေ။ ဒါပေမယ့် မပြောသင့်ဘူးပေါ့ ဆိုတာလည်း လက်ခံပါတယ်။ ဒါပေသိ တစ်စုံတစ်ယောက်သောသူ၊ တစ်သင်းတစ်ဖွဲ့သော အစုအဝေးတို့ကို တိုက်ခိုက်ချိုးဖဲ့ ထိခိုက်ပုတ်ခတ်ပြီးပြောဖို့ရာတော့ ဘယ်တုန်းကမှ မရည်ရွယ်ပါဘူးခင်ဗျ။ အမှတ်မထင် အနှောင့်အသွားမလွတ်တာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကလေးစကား အရူးစကား၊ မှန်ချင်လည်းမှန်၊ မှားချင်လည်းမှားပါလိမ့်မယ်။ ဘွေယူလို့ ရမှာတော့ ဟုတ်လောက်ဘူးရယ်နော့။ ရူးသလို ပေါသလိုနဲ့ လျှောချလေတယ်တော့ မထင်ပါနဲ့။ ဘာဖြစ်လို့ဆိုတော့ သည်လိုလူ သည်လိုစကားမျိုးဆိုတာ ဘယ်ခေတ်မှာမဆို ရှိခဲ့တယ်။ ရှိဖို့လည်း လိုတယ် လို့ ပြောပြချင်ပါတယ်။

ရှိတ်စပီးယားရဲ့ ပြဇာတ်တွေထဲမှာဖြစ်ဖြစ်၊ လီယိုတော်စတွိုင်းရဲ့ ၀တ္ထုတွေမှာပဲဖြစ်ဖြစ် မင်းပါးခစား မူးမတ်များအလယ်မှာ အရူးတော်ကြီးလို့ခေါ်တဲ့ အဆီအငေါ်မတည့်မှုတွေကို ရယ်ကာမောကာ သောကာထေ့ကာနဲ့ ရွှေနားတော်သွင်းပေးရတဲ့သူတွေ ရှိတယ်လို့ ဖတ်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Clown လို့ခေါ်မလားမသိဘူး။ ပေါကြောင်ကြောင် ကျပ်မပြည့်တပြည့်မို့ ထင်ရာပြောပါပေတယ် လို့ ပြောသမျှဆိုသမျှတို့ကို ခွင့်လွှတ်ရယ်မောပြီး အပြစ်တော်ယူလေ့မရှိပါဘူး။ သို့သော်လည်း အရူးတော်ကြီးများဟာ ငါ့ဖမ်းလို့ မရဘူးကွဆိုပြီး အလကားနေ သူများလိုက်ရှို့နေ၊ ညှော်နေတဲ့သူတွေတော့ မဟုတ်ပါဘူး။ သူတို့ကမှ အပြောအဆို ပိုပြီးသတိထား ဂရုတစိုက်ရှိကြပါတယ်။ ပြောချင်တဲ့စကားမျိုးကိုလည်း ဘယ်သောအခါမှ လူသာမာန်တွေလို တိုက်ရိုက် ဒဲ့မပြောဘူး။ ကိုယ့်ဘာသာကိုယ်သာ တွေးယူစေပါသတဲ့။ “အင်္ဂါနံနဲ့စတဲ့ နံမယ်လေးလုံးအဆိုတော်ကလေးဟာ ဗုဒ္ဓဟူးနံနဲ့စတဲ့ မင်းသမီးကလေးရဲ့ စနေနံနှစ်ဘက် (နားထင်) ကို မွှေးမွှေးပေးပါသတဲ့” ဆိုတာမျိုး စောင်းပြောမြောင်းပြော အတင်းအဖျင်းတော့ ဘယ်ဟုတ်မလဲ။ ကိုယ့်ဆဲသွားလို့တောင် ဆဲမှန်းမသိပဲ ပြုံးတုံးတုံးဖြစ်ကျန်စေတဲ့ အပြောမျိုးကို နောက်တော့မှ “အောင်မယ် ဒင်းကများ ငါ့ကို..။” ဆိုတာမျိုးဖြစ်အောင် ပြောတတ်ပါတယ်။ အများအားဖြင့်တော့ သဘင်သည်တွေ ဖြစ်တတ်ပြီး ပြင်သစ်မှာဆိုရင်တော့ Molière လို ပြဇာတ်ဆရာမျိုးပါ။

မြန်မာရာဇ၀င်ထဲမှာလည်း အဲလိုအားကျလောက်စရာ ပုဂ္ဂိုလ်တွေ မရှိခဲ့ဘူးလားဆိုရင် အမတ်ကြီး ဦးပေါ်ဦးကို နမူနာပြပါမယ်။ “ဟဲ့ ပေါ်ဦး။ သူ့ချည့်သာလော။” လို့ မေးရင်လည်း “ဆားနှင့်ပါဘုရား။” လို့ သတိမချွတ် မှတ်မှတ်သားသားရှိတယ်။ ရှင်ဘုရင် စိတ်ဆိုးသွားရင်လည်း နောက်တနေ့မနက် အိမ်တော်တံခါးဝကနေ ကိုယ်တော်တောထွက်ရင် အဆင်သင့်လိုက်မလို့ ဆိုပြီး ရယ်အောင်မောအောင် ပြန်ချော့တတ်တယ်။ ရှင်ဘုရင်လုပ်သူက ဆွေတော်မျိုးတော်တွေဆီက လယ်ယာမြေတွေ မတရားသိမ်းယူမိတဲ့အခါ သူကိုယ်တိုင် ခုံဖွဲ့လို့ “အမရပူရ နန်းညိုမြ၀ယ် များလှခြွေရွေ စံပါယ်နေသူ လူမွှေကြီးထိပ်တင်ဝိုင်း သိစေရန်” လို့ခေါင်းစဉ်တပ်ပြီး တရားရုံးဆင့်ဆိုစာပို့ပေးလေတယ်။ ဘိုးတော်မင်းတရားကြီး ကိုယ်တိုင်က “ပေါ်ဦးစကားများ ဘွေယူလို့ဟယ်..။” ဆို ဘေးမဲ့ပေးတော်မူထားရပါတယ်။ ဒါပေမယ့် ဦးပေါ်ဦး တွန်းလိုက် ချွန်လိုက်လို့ ဘယ်အမတ်တော့ဖြင့် ဒုက္ခရောက်သွားရလေတယ် လို့ တစ်ယောက်တောင် မကြားဖူးခဲ့ပါဘူး။ (သူများတွေကသာ သူ့ကို ချွန်ကြတွန်းကြတာ)။ အောင်မယ် သူ့ကိုယ်သူများ အမတ်ကြီး ဦးပေါ်ဦးနဲ့နှိုင်းလို့ မတန်မရာ လို့ဆိုရင် မဟုတ်ရပေါင်ဗျာ။ ကျုပ်က အရူးနေရာကပဲ နေပါ့မယ်။ ခင်ဗျားတို့သာ ရှင်ဘုရင် လုပ်တော်မူကြပါ။ ပြောသမျှဆိုသမျှ သည်းခံခွင့်လွှတ်ပေးတယ်ဆိုရင် ပြီးတာပဲ။ အရူးစကား အနှမ်းစကားဆိုတာ ဟုတ်တာတွေလည်း ပါချင်ပါပေလိမ့်မယ်။ မဟုတ်တာတွေလည်း ရှိတဲ့အခါရှိမယ်။ မဟုတ်သော်ရှိ ဟုတ်သော်ရှိ၊ သိဖို့ကြားဖို့တော့ ကောင်းပါတယ်။ ပေါ်ကုန်တယ်ထင်ရင်လည်း လုံအောင်ပြင်ထိုင်လိုက်ဖို့သာ ရှိတာပဲ။ အရူးနဲ့ဘက် ရန်ဖြစ်၊ အရူးစကား ဘွေယူနေရင်တော့ လူကြီးသိက္ခာကျရုံပဲ ရှိတော့မပေါ့။

ဒီကလည်း အရူး အရူးနဲ့ အိမ်ဦးချီးပါ မပြုတတ်ပါဘူး။ ကိုယ့်နေရာကိုယ် သိပါတယ်။ အလုပ်ထဲမှာလည်း အခုလို ကျပ်မပြည့်တဲ့စကားတွေပြောဆိုပြီး ပေါက်ပန်းဈေး ထင်ရာစိုင်းနေလို့ ဘယ်ဖြစ်ပါ့မလဲ။ အတည်အတံ့ ပြောရတဲ့နေရာကျတော့လည်း ရုပ်တည်ကြီးနဲ့ မုန့်တီစားရတာပေါ့။ ကိုယ့်အရာ မဟုတ်တဲ့ နေရာများကျတော့လည်း ဘာသိဘာသာနေရတာပေါ့။ ဘူတန်က ပြန်လာကာစတုန်းက အဲဒီမှာ အလုပ်လုပ်တဲ့ မြန်မာဆရာဝန်တွေအကြောင်းကို ဆွေးနွေးချင်လို့ ဘီဘီစီက ဖုန်းနဲ့ အင်တာဗျူးခွင့် တောင်းဖူးတယ်ခင်ဗျ။ ဒါမျိုးကျ ဒီက အရူးပါးက ရှောင်ရတာပေါ့ဗျာ။ ကျွန်တော့်ကို အဲဒီနေရာကနေ မီဒီယာတွေ အလယ်မှာ ပြောရေးဆိုခွင့် ဘယ်သူက ပေးထားလို့တုန်း။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးချင်တာတွေ ရေးတာက ပုဂ္ဂလိက အတွေးအမြင်လေ။ ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ ကိုယ်စားမပြုဘူး။ ကိုယ့်အပြင် ကိုယ့်မိသားစုရဲ့သဘောထားကို တင်ပြချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့ မိန်းမခွင့်ပြုချက် လိုလာပြီဗျ။ မိသားစုဝင်တစ်ဦးချင်းစီမှာ သူ့ကိုယ်ပိုင်သဘောထားနဲ့သူ ရှိရမှာပေါ့။ “ဟင့်အင်း ဟင့်အင်း။ ဒါမျိုးတော့ လုပ်ရဲဘူး။ ကြောက်တယ်။ အိမ်ရောက်ရင် မိန်းမအရိုက်ခံရမှာ။” ဆိုတာမျိုး တခြားလူရဲ့စိတ်ကို ကိုယ်က အသိဆုံးဖြစ်ပေမယ့် သူ့ကိုယ်စားကိုယ်က ပြောချင်တယ်ဆိုရင် သူ့သဘောတူခွင့်ပြုချက်အရသာ ဖြစ်သင့်တယ်။ (မိန်းမကြောက်တယ်ဆိုတဲ့သူတွေထက်ကို ပိုကြောက်နေရပုံပဲ)။ ဒါကြောင့်မို့လို့ ကိုယ်က အရူးအနှမ်းပီပီ အရူးစကားကိုပဲ ပြောပါတယ်။ အရူးပါးစပ်က နတ်စကားထွက်ရအောင် ကိုယ်တော်လေး ကောက်ထားတဲ့သူမှ မဟုတ်တာ။

အရူးက အရူးနေရာမှာ နေပေမယ့် အကောင်းတွေက အကောင်းနေရာမှာ မနေပဲ အရူးနေရာ လာလာလုကြတဲ့အခါမှာ အရူးလည်း စိတ်ညစ်မိပါတယ်။ အရူးစကားထဲမှာ ပုဂ္ဂိုလ်ရေး ပါခဲပါတယ်။ အဆီအငေါ်မတည့်တဲ့ ဖြစ်ကြောင်းကုန်စင်က အဓိကပါ။ အကောင်းကြီးတွေကတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုမှုနဲ့ သတင်းစာတွေမှာ အရူးပါးစပ်ကတောင် မထွက်ရဲတဲ့စကားမျိုးတွေကို မြိန်ရေရှက်ရေ ပြောနေတာ အံ့သြဘနန်းကြားလိုက်မိပါတယ်။ ဒါမျိုးကျတော့ အဲဒီလူတွေကို “မုန်းလွန်းလို့ ချီးနဲ့ငုံထွေးဖို့ ကြိုးစားနေပါလား” လို့ မြင်မိပါတယ်။ သူများကို မထွေးခင် အဲသဟာကြီးတွေကို ကိုယ်က အရင် ငုံလိုက်ရတယ် လို့ ဘာလို့များ မတွေးမိကြပါလိမ့်။ ဒီစကားမျိုးကို အရူးပါးစပ်ကပြောရင်တော့ “သည်အကောင် ရူးနေလို့ပဲ” လို့ လူတိုင်း နားလည်မှာဖြစ်ပေမယ့် နိုင်ငံတော်ကို၊ ၀န်ကြီးဌာနကို ကိုယ်စားပြုတဲ့ အကြီးအကဲကြီးများက ဂျာနယ်သတင်းထောက်တွေကို ကွမ်းစကား၊ လက်ဘက်စကား မဟုတ်ပဲ တရားဝင်ဖြေကြားပြောဆိုနေတာ အံ့သြလို့ မဆုံးပါဘူး။ ဥပမာအားဖြင့် ပြောရရင်တော့ တခါတုန်းက ပြည်ပသံတမန်ကြီးတစ်ဦးဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ “ညကြီးမင်းကြီး ခြံထဲရေကူးဝင်တာဟာ သူချိန်းထားတဲ့ ရည်းစားမို့လို့ ဖြစ်မှာပေါ့။” လို့ လက်လွတ်စပယ် ဖြေသွားဖူးပါတယ်။ (ခပ်ဝေးဝေးက ဥပမာပဲ ပြန်ကောက်တာပေါ့နော်။ သားသားကြောက်ကြောက်)။ သံတမန်ဆိုတာ တိုင်းပြည်ကို ကိုယ်စားပြုပါတယ်။ တိုင်းပြည်က သူ့ကို ကိုယ်စားမပြုပါဘူး။ အဖြစ်အပျက်တစ်ခု အခြင်းအရာတစ်ခုကို တိုင်းပြည်ရဲ့ သဘောထားရပ်တည်ချက် မပါပဲ သူ့ရဲ့ပုဂ္ဂလိက အမြင်ကို တင်ပြခွင့် မရှိပါဘူး။ ဒီ့ထက်ဆိုးတဲ့အဖြစ်ကတော့ သူနစ်နာစေလိုလို့ ပြောလိုက်တဲ့စကားဟာ ဘယ်သူ့သိက္ခာကို ထိခိုက်နစ်နာစေတယ် ဆိုတာကို နည်းနည်းလေးမှ တွေးမိပုံမပေါ်ပါဘူး။ နင်တို့နိုင်ငံမှာ ဒီလိုလူမျိုးတွေ ဒီနေရာမျိုးထားသကိုးလို့ အထင်ခံရရင် သူ့အစား အရူးတောင် ရှက်လွန်းလို့ လဲသေချင်ပါတယ်။ ကိုယ်နှစ်ပြားမတန် မဲ့ကာရွဲ့ကာပြောနေသူက နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ဆွေးနွေးနှီးနှောနေသူတွေနဲ့ သူ့လိုမျိုး ဓါတ်ပုံတွဲရိုက်ချင်ပါတယ်ဆိုရင်တောင် မဒမ်တူးဆော့မှာပဲ ရမယ် မဟုတ်ဘူးလား။ ဘာမှ မပြောပဲနေတာကမှ “သူ မပြောချင်လို့နေမှာပေါ့” လို့ ထင်ရုံအပြင် သိက္ခာမကျဘူးလေ။

တချို့တလေကျတော့ အရူးက ဥာဏ်မမီတာလား။ သူတို့က ဥာဏ်မမီတာလားတောင် မသိတော့ဘူး။ ဘာပြောနေမှန်းမသိပဲ သူတို့ထင်တာ ပြောချင်တာတွေကို အထအနကောက်ပြီး စွတ်ရွတ်ပြောသွားကြပါတယ်။ ပြန်ရှင်းပြလည်း မရ။ “အို ဘာမှ လာပြောမနေနဲ့။ ဒါဟာ ဒါပဲ။ ဒီလိုပဲ။ ဒီအတိုင်းပဲ။” လို့ ဆွဲချရော၊ သက်သေရော၊ တရားသူကြီးရော၊ ဂျူရီပါ သူတစ်ယောက်တည်းလုပ်ပြီး ကိုယ့်ကိုတော့ စီရင်ချက်ပါချပြီးသား တရားခံနေရာမှာထားပါတယ်။ (ကွက်စိပ်များ ဟောသလားမှတ်ရတယ်)။ ငယ်ငယ်တုန်းက သမိုင်းဆရာမတစ်ယောက်ဟာ အတန်းထဲမှာ သူက သမိန်ပေါသွပ်ကာတွန်းတွေကို အားကြီးမုန်းတာပဲ လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမိန်ဆိုတာ မွန်သူရဲကောင်းတွေကို ပေးတဲ့နံမယ်။ အဲဒါကို ပေါသွပ် လို့တပ်ပြီး ကာတွန်းဆွဲတော့ မွန်ရာဇ၀င်ထဲက သူရဲကောင်းတွေကို သေးသိမ်စေတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲစေတယ် တဲ့။ မြတ်စွာဘုရား ပုဒ်မကြီးတွေက ကြီးချက်နှယ်။ “တီချယ် ဘယ်နှစ်အုပ် ဖတ်ဖူးသတုန်း” လို့မေးတော့ “အမြင်ကပ်လို့ ဖတ်ကို မဖတ်တာ” လို့ဆိုတယ်။ အောင်မယ်လေး ရယ်ချင်လိုက်တာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျောပဲ။ ကိုယ်တွေဖြင့် “ဘူးတွားဟားဟား” တို့၊ “ရယ်ရတယ်တော့ ဗြဲ” တို့၊ “သေပြီဆရာ တိန်” တို့၊ “မွေးမေလေ့” တို့ကို စွဲလန်းလွန်းလို့။ သမိန်ပေါသွပ်တင်မကပါဘူး။ ရှင်ဂွမ်းဂွိ၊ ဒယ်ဒီဦးအာလူး၊ အာတာလွတ်မြို့စားကြီး ကိုကိုထင်ရာစိုင်း၊ ဆေးဆရာဦးတုတ်ကြီး၊ အလကားကျော်စွာ၊ ကိုပေတရာ၊ ညောင်ရမ်းဂွတိုပါမကျန်၊ ဆွေမျိုးရင်းချာတွေလိုကို မှတ်မိနေတာ။ သူကတော့ သမိန်ပေါသွပ် လေးလုံးဖတ်ပြီး မုန်းတယ် မုန်းတယ် မုန်းတယ် အမြှောက်တစ်သိန်းနဲ့ ရပ်သွားတော့ ဦးဝဏ္ဏပေးတဲ့အရသာတွေကို ဘယ်မှာ ခံစားတတ်ပါ့မလဲ။

အရပ်ထဲမှာ ပြောလေ့ရှိကြတာကတော့ အရူးဆယ်ခွန်းပြော တစ်ခွန်းမှန်တတ်သတဲ့။ ဒီကအရူးစကားတွေကတော့ မှားတယ် မှန်တယ်ကိုယ့်ဘာသာကိုယ်ပဲ သုံးသပ်ရပါလိမ့်မယ်။ ကိုယ်ပြောတိုင်း အမှန်ချည့်လို့လည်း မဆိုလိုဘူး။ ဘယ်သူပြောသမျှကိုမှ သစ္စာစကားပါလို့ မယုံစေချင်ဘူး။ ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားရမယ့် အရာသာ ဖြစ်ပါတယ်။ တခါထခါမှာ (တကယ်တော့ မကြာခန ဖြစ်ပါလိမ့်မယ်) အရူးစကားကြောင့် အောင့်သီးအောင့်သက် အခံရခက်စေတယ်ဆိုလို့ရှိရင် သွေးပုချိ၊ သွေးပုချိပါ။ “ငါ့ကိုကလည်း အရူးပြောမယ်ဆို ပြောစရာဖြစ်ပေသကိုးကွယ်။” လို့ ပေါ့ပေါ့ပါးပါး ရယ်မောပြုပြင်နိုင်မယ်ဆိုရင်တော့ ဒီကမ္ဘာလောကကြီးမှာ အရူးလောက် စာရေးရကြိုးနပ်တာ ရှိမယ် မထင်ပါဘူး။ ကဲ .. သားသား ကမယ်ဗျ။ သားသား ကတော့မယ်။“ဒီတခါတော့လေ ဒီကောင်ကလေးကို အရွဲ့တိုက်တယ် လို့ ထင်ပါမည်။ ဒီလိုတော့လည်း ဒီကောင်လေးကို အရွဲ့တိုက်တယ်လို့ ဆိုပါမည်။ စာစီသမား ရယ်၊ လာ ဒီအနား ကွယ်။ ပါရမီကားနဲ့ တံတားလေးကိုပြန်မယ်…။”(ရွာသာကြီးတော့ မပြန်ချင်ပေါင်။ ဝေးကလည်း ဝေးလွန်း၊ လိုင်းကားလည်း မရှိ၊ မီးကမလာ၊ ခြင်ကကိုက်၊ ရေကလည်း ကြီးသေးတာ။ အရူးစိတ်ညစ်အောင် မလုပ်နဲ့။ ငိုလိုက်မှာနော် .. ဗြဲ..)။

ညွှန်း - စိုးမင်း Facebook - www.facebook.com/SoeMin

ရခိုင်ဒေသအတွက် အကျဉ်းသားတဦး ၄ သိန်း လှူဒါန်း

0 comments

(ဓာတ်ပုံ- 88 Generation Students)

သာယာဝတီထောင်မှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုလက်ျာထွန်းက သူ ရရှိထားတဲ့ အညတရ သူရဲကောင်းဆု ချီးမြှင့်ငွေထဲက ကျပ် ၄ သိန်းကို ရခိုင်ပြည်နယ်ရှိ ဘေးဒုက္ခ ကြုံတွေ့နေရသူများ အတွက် ဒီကနေ့ပဲ လှူဒါန်းလိုက်ပါတယ်။

လှူဒါန်းငွေကို ကိုလက်ျာထွန်းရဲ့ မိခင်ကြီး ဒေါ်ရီက ၈၈ မျိုးဆက် ကျောင်းသားများမှ တဆင့် ပေးအပ်ခဲ့တာပါ။

ကိုဂျင်မီက လက်ခံရယူခဲ့တဲ့ပုံကို ဖော်ပြပေးလိုက်ပါတယ်။


Facebook မှာ ရေးမှ စိတ်ချရတော့တယ်

0 comments

ငြိမ်းငြိမ်းနိုင်၊ မြင့်ကျော်၊ အော်ဇော် နဲ့ Karen KNUDSEN, Director, External Affairs, and Head of Burma Initiative, East-West Center, Honolulu, Hawai’i, USA


မြန်မာပြည်မှာ သတင်းတွေ ရေးသားတင်ဆက်ရင် ဆင်ဆာဖြတ်မခံရတဲ့နေရာကတော့ Facebook ပါပဲ လို့ မြန်မာသတင်းသမားတချို့က ဆိုလိုက်ပါတယ်။

အင်တာနက်သုံးပြီး သတင်းဖြန့်သူတွေက Facebook သုံးပြီး ဖြန့်ကြသလို မြန်မာအစိုးရအရာရှိများကလည်း Facebook သုံးပြီး မီဒီယာကို စောင့်ကြည့်နေကြပြီ လို့ သူတို့က ဆိုပါတယ်။

သူတို့ကတော့ မြန်မာပြည်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် ပြည့်ပြည့်၀၀ ရဖို့ လိုပါသေးတယ် လို့ တောင်ကိုရီးယား အပြည်ပြည်ဆိုင်ရာမီဒီယာညီလာခံမှာ ဆွေးနွေးခဲ့ကြတဲ့ မြန်မာ သတင်းသမား ၃ ယောက် ဖြစ်ပါတယ်။

7 Day သတင်းဂျာနယ်က အမှုဆောင်အယ်ဒီတာ ငြိမ်းငြိမ်းနိုင်၊ Yangon Press International (YPI) သတင်းဌာန အယ်ဒီတာ မြင့်ကျော်၊ ဧရာဝတီ သတင်းဌာန အယ်ဒီတာ အောင်ဇော် တို့ ဖြစ်ပါတယ်။

စာနယ်ဇင်းဖိနှိပ်မှု ဖြေလျှော့ပေးနေတဲ့ မြန်မာပြည်မှာ သတင်းသမားတွေ ကြုံနေရပုံကို သူတို့ ဆွေးနွေးတင်ပြကြပါတယ်။

ဧပြီ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း သတင်းသမားတွေကို ဖမ်းတာဆီးတာ မရှိတော့ဘူး၊ “လွန်ခဲ့တဲ့နှစ်ကထက်စာရင် ကျနော်တို့ ပိုပြီးတော့ ပြောဆိုရေးသားလာနိုင်ပါပြီ” လို့ YPI အယ်ဒီတာက ဆိုပါတယ်။

7 Day အယ်ဒီတာကလည်း စာပေစိစစ်ရေးလူကြီးမင်းများနဲ့ မကြာသေးခင်ကအထိ ကြုံခဲ့ရပုံတွေကို ပြောပြပါတယ် -
သတင်းတပုဒ် ဆောင်းပါးတပုဒ် ဖော်ပြရန် မသင့်လျော်ဘူးလို့ သူတို့ ပြောလာရင် ဒီလိုအကြောင်းအရာတွေကို နောင်မှာ ထည့်သွင်းဖော်ပြခြင်းမပြုတော့ပါဘူး ဆိုတာကို စိစစ်ရေးလူကြီးမင်းများရုံးမျာ လက်မှတ်ထိုးခဲ့ရပါတယ် တဲ့။
လက်မှတ်ထိုးပေမယ့် 7 Day က လုပ်စရာရှိတာကို လုပ်ခဲ့တာပါပဲ။

မကြာသေးခင်က မြန်မာပြည်ကို အကြိမ်ကြိမ် သွားရောက်လေ့လာခဲ့တဲ့ ဧရာဝတီအယ်ဒီတာကတော့ မြန်မာပြည်မှာ စာနယ်ဇင်းလွတ်လပ်မှုနဲ့ ပတ်သက်လာရင် သတိကြီးကြီးထားပြီး အကောင်းမြင်ပါတယ် တဲ့။

ကိုယ့်နိုင်ငံ ကိုယ်ပြန်ရလို့ ၀မ်းသာတယ်၊ ဒါပေမယ့် မြန်မာပြည်မှာ ကြာကြာနေထိုင်နိုင်ခွင့် ရဖို့ အတွက် ဆိုရင်တော့ နှုတ်ဆိတ်ဆိတ်နေမှဖြစ်လိမ့်မယ် လို့ သူက ဆိုပါတယ်။

ခုချိန်အထိတော့ သတင်းတွေကို အစိုးရဆင်ဆာဌာနက ခွင့်ပြုတော်မူမှ ပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်တာပါ။
အနာဂတ်မှာလည်း အစိုးရကဖွဲ့တဲ့ စာနယ်ဇင်းကောင်စီက သတင်းလုပ်ငန်းကို ဒုက္ခပေးမှာ စိုးရိမ်နေရပါတယ်။

ညွှန်း — David Cawthon, Missouri School of Journalism - http://www.ewc50.org/mediaconference2012/2012/06/burmese-media/

ဂီတ ကုထုံးနှင့် မြန်မာနိုင်ငံ

0 comments


ဓာတ်ပုံ- Israel in Myanmar 's facebook


မြန်မာနိုင်ငံမှာ တေးဂီတဖြင့် ကုသခြင်း (သို့မဟုတ်) ဂီတကုထုံး (Music Theraphy) ကို ပြန်လည် အသုံးပြု ကုသ ပေးတော့မှာဖြစ်ပါတယ်တဲ့။

အစ္စရေး သံရုံးနှင့် ဥရောပ သမဂ္ဂတို့ရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ ဧဒင်စင်တာနှင့် Triangle Generaion Humanitairc (TGH)မှ တာဝန်ရှိသူများ ပူးပေါင်း အကောင်အထည်ဖော်တာဖြစ်ပါတယ်တဲ့။

ဂီတကုထုံးကို အစ္စရေးနိုင်ငံမှ ဂီတကုထုံးပညာရှင် Ms. Tsvia Horesh က လမ်းညွှန်ပို့ချတယ်လို့လည်း သိရပါတယ်။

ဂီတကုထုံးဟာ ဆေးရုံတွေ၊ မသန်မစွမ်း သင်တန်းကျောင်းတွေ၊ ဘိုးဘွားရိပ်သာ၊ သက်ကြီး ဂေဟာတွေ၊ ကင်ဆာ ရောဂါကုသဌာနတွေနဲ့ အကျဉ်းထောင်တွေမှာလည်း စိတ်ပိုင်း၊ ရုပ်ပိုင်း နလန်ထူစေရေးမှာ အထောက်အကူများစွာ ရှိပါတယ်တဲ့။

ဂီတကုထုံးနှင့် ပတ်သက်ပြီး မေလ ၂၈ ရက်ကနေ ဇွန်လ ၆ ရက်နေ့ထိ အလုပ်ရုံဆွေးနွေးပွဲတွေလည်း လုပ်ခဲ့ ပါ သေးတယ်။ လာမယ့် အောက်တိုဘာလမှာလည်း Ms. Tsvia Horesh က ထပ်မံ လာရောက်ပြီး မွမ်းမံ သင်ကြားပို့ချမှုတွေ လုပ်ပေးမယ်လို့ သိရပါတယ်။

ဂီတကုထုံးကို ထိုင်းနိုင်ငံမှာလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး သြစတြေးလျနိုင်ကတော့ ဂီတကုထုံး အဖွံ့ ဖြိုးဆုံး နိုင်ငံဖြစ်တဲ့အကြောင်း ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်မှာလည်း ဖော်ပြထားပါတယ်။

စိတ်ပညာဆရာဝန် ဒေါက်တာ ဇော်စိန်လွင်က သူ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး မြန်မာတိုင်းမ် ဂျာနယ် မှာ ပြော ထားတာ ကတော့ စိတ်ဝေဒနာ ခံစားခဲ့ရတဲ့ လူနာ တဦးကို ဆေးရုံမှာ ကုသတာ ၁၅ နှစ်လောက်ကြာ ကုသခဲ့ပါတယ်တဲ့။ နောက်ဆုံး ဂီတ ကုထုံးနဲ့ ကုသပြီးတဲ့နောက်မှာတော့ ကျန်းကျန်းမာမာနဲ့ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်တဲ့။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က စိတ်ရောဂါကု ဆေးရုံမှာ တာဝန်ထမ်းဆောင်စဉ်က ဒီ ဂီတ ကုထုံးကို အသုံးပြုခဲ့တဲ့ အကြောင်းကို ပြောပြထားပါတယ်။

နောက်ထပ် စိတ်ပညာဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ တင်ညွန်ပုကလည်း ဆေးရုံမှတ်တမ်းတွေအရ ၁၉၅၀ ခုနှစ် ၀န်းကျင်လောက်က ဒီ ဂီတ ကုထုံးကို အသုံးပြုခဲ့ပါတယ်တဲ့။

အဲဒီတုန်းက ကချင်အဆိုတော် ကေဂျာနူးတို့ ဦးဆောင်တဲ့ ခရစ်ယာန် ဂီတအဖွဲ့ဟာ ဆေးရုံမှာ လာပြီး လူနာတွေကို သီချင်းဆိုပြတာတွေလုပ်ခဲ့တဲ့အကြောင်း၊ နောက် လူနာတွေက ဂီတကို နားဆင် ခံစား ရင်း ဝေဒနာ သက်သာတာတွေ မှတ်တမ်းရှိခဲ့တယ်လို့လည်း ပြောထားပါတယ်။





ထိုင်းသွားမယ့် စစ်ကိုင်းသားများ လမ်းတ၀က်မှာ အတားခံရ

0 comments

~



၂၀၁၁ နှစ်ဆန်းပိုင်းမှာ တွေ့ရတဲ့ ထိုင်းနိုင်ငံ ရနောင်းမြို့ ရေလုပ်ငန်းမြင်ကွင်းတခု

တနင်္လာနေ့က စစ်ကိုင်းတိုင်းက ခရီးသည် ၂၉ ယောက် ရန်ကုန်ကနေ ထိုင်းမြန်မာနယ်စပ်ကို အသွား လမ်းမှာ အတားခံလိုက်ရပါတယ်။

သူတို့ စီးလာတဲ့ကား ပဲခူးအရောက်မှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးအဖွဲ့က စစ်ဆေးပြီး ခေါ်ထားလိုက်တယ်လို့ ဆိုပါတယ်။

ထိုင်းရောက်ရင် ငါးဖမ်းလှေ၊ စက်ရုံအလုပ်ရုံတွေကို ရောင်းစားခံရတဲ့ အန္တရာယ်နဲ့ ကြုံရနိုင်တယ် ဆိုပြီး ပညာပေးရှင်းလင်းခဲ့တယ်၊ နေရပ်ပြန်ဖို့ စီစဉ်ပေးနေတယ် တဲ့။

ဒီကနေ့ ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။

မူရင်းသတင်းကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcNkGF11Y0n0gojucrBa58qvcKWFkfsuXQsmuhYZ_KcUySL1Anss9nKIvcDYU8swJqEkP3oiJP5F9XXe-D-4S9N4V_7bk6LwG1fi6TInEHDITq1AcRg0EbM2Rmk_MHWyDfMBpkluOcmkBQ/s1600/Donna-Guest-0355.gif ဖတ်နိုင်ပါပြီ။

လူကုန်ကူးတားဆီးရေးအဖွဲ့ရဲ့ ရှင်းပြချက်တွေက မှန်ပါတယ်။ ဒီခေတ်မှာ ဒီလို အန္တရာယ်မျိုး ရှိနေပါသေးတယ်။

မြန်မာပြည်သားတွေ ထိုင်းနိုင်ငံကို နေ့စဉ် ရာနဲ့ချီပြီး သွားလာ လုပ်ကိုင်နေကြပါတယ်။ ဒီထဲမှာ ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်ဖူးသူတွေ ပါဝင်သလို တခါမှ မရောက်ဖူးသူတွေလည်း ပါပါတယ်။

ဒီ ၂၉ ယောက်က ဘယ်အမျိုးအစားထဲ ပါဝင်သလဲ မသိရပါဘူး။

ဒီလူတွေ နေရပ်ပြန်ရောက်ရင် ထိုင်းခရီးစဉ် ပြန်ဆက်ဖို့ ကြိုးစားနိုင်သလို မြန်မာပြည်ထဲက တခြားနေရာတွေမှာ သွားရောက်လုပ်ကိုင်ဖို့လည်း ကြိုးစားနိုင်ပါတယ်။

စစ်ကိုင်းတိုင်းထဲက ဒေသခံ အများအပြား ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန် စတဲ့ ဒေသအသီးသီးကို သွားရောက် အလုပ်လုပ်ကိုင်နေကြတာကိုလည်း တွေ့ရပါတယ်။







The Spice Girl ပြန်ပေါင်းထုတ်ပြီ

0 comments

ဓာတ်ပုံ- Tha Sun

အင်္ဂလန် ဘောလုံး အသင်းခေါင်းဆောင်ဟောင်း နံမည်ကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီး ဗစ်တိုးရီးယာ ဘက်ခမ်း (Posh Back ) ပါဝင်ခဲ့တဲ့ တချိန်က ဗြိတိန်ရဲ့ ပွဲတိုင်းကျော် နံမည်ကြီး တေးဂီတအဖွဲ့ စပိုက်စ် ဂဲလ် ( The Spice Girls) ကို ပြန်ပေါင်း ထုတ်ကြပြန်ပါပြီတဲ့။

စပိုက်စ် ဂဲလ်အဖွဲ့ရဲ့ ပြန်ပေါင်းထုတ်ခြင်း သင်္ကေတအဖြစ် အဖွဲ့က သီချင်း ၁၈ ပုဒ်ကို အရင်တုန်း ကလို ဖျော်ဖြေမယ့် Viva Forever ဂီတ စင်တင်ဖျော်ဖြေပွဲကို ကြေညာလိုက်တာပါ။

အခုတော့ ဗစ်တိုးရီးယား ဘက်ခမ်းနဲ့ အတူ ၀ိုင်းတော်သားတွေဖြစ်တဲ့ Geri Halliwell, Mel B, Emma Bunton နဲ့ Mel C တို့ဟာ လန်ဒန်မှာ ရှိတဲ့ St Pancras Renaissance ဟော်တယ်လူမြင်မှာ အတူတွေ့ကြရတော့ ပရိတ်သတ်တွေက လည်း ပျော်နေကြပါတယ်တဲ့။


သူတို့အဖွဲ့က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က လမ်းခွဲခဲ့ကြပြီး စပိုက်စ်ဂဲလ်အဖွဲ့အနေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေ မရှိပဲ ဖြစ်နေခဲ့ပါ တယ်။ အခုတော့ သူတို့ကို အသည်းစွဲတဲ့ ပရိတ်သတ်တွေအတွက် အခုလို ပြန်ပေါင်းထုတ် လိုက်ခြင်းဟာ မင်္ဂလာ သတင်း တပုဒ် ဖြစ်ကြောင်းပါတဲ့။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ Francois Hollande တို့တွေ့ဆုံ

2 comments


ပြင်သစ်သမ္မတ ဟော်လန်ဒီ၏ ဖိတ်ကြားမှုကြောင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ဇွန်လ ၂၆ ရက်နေ့တွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိပြီး အဲဒီနေ့မှာဘဲ ပြင်သစ်သမ္မတ ဟော်လန်ဒီနှင့် အယ်လီဆေး နန်းတော်တွင် တွေ့ဆုံခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။



သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတဟော်လန်ဒီက ပြင်သစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းရေးကာလတွင် ပါဝင်သူ အားလုံးကိုထောက်ခံ အားပေးသွားမှာကိုလဲ ထည့်သွင်း ပြောကြားသွားခဲ့ပြီး သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြင်သစ်နိုင်ငံသို့ လာရောက် လည်ပတ်မည်ဆိုရင်လဲ ကြိုဆိုသွားရန် အဆင်သင့် ရှိနေကြောင်းကိုလဲ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ပြင်သစ်နိုင်ငံမှာ သုံးရက်ကြာ နေထိုင်မှာ ဖြစ်ပါတယ်။










ဓာတ်ပုံများ- Getty Image,Reuters,AP photo








ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ( ရုပ်/သံ)

8 comments


ရန်ကုန်မှာ ဇွန်လ ၂၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသား၊ အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ရုပ် /သံ မြင်ကွင်းဖြစ် ပါတယ်။

တခေတ်တခါက ခေတ်စားခဲ့တာတွေ အခု ပြန်လည် ဆန်းသစ် လာခြင်းပါ။



ရေဒါ စနစ် ပျက်ခဲ့တဲ့ သုဝဏ္ဏဘုမ္မိ လေဆိပ်

0 comments

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ရတဲ့ သုဝဏ္ဏဘုမ္မိလေဆိပ်တနေရာ (ဓာတ်ပုံ-ဧရာဝတီ)

ဇွန်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိ နိုင်ငံတကာ လေဆိပ်တွင် ရေဒါစနစ် ချွတ်ယွင်းမှုကြောင့် နိုင်ငံတကာမှ ပျံသန်းလာသော လေယာဉ် အစီး ၅၀ လောက်လောက် လေယာဉ်ကွင်းကို ဆင်းသက်လို့ မရဖြစ်ခဲ့ရပါတယ်။

ရေဒါရဲ့ မျက်နှာပြင်ဟာ မည်းမှောင်သွားပြီး စနစ်တခု ပျက်ယွင်းသွားတာကြောင့်လို့ သိရပါတယ်။
ထိုင်း ဘုရင့် ရေတပ်မတော် ဦးစီးချုပ် Rear Admiral Pangpol Sirisangchai က သူတို့ဆီ သတင်းပို့ ချက်ရောက်လာတာနဲ့ နိုင်ငံတကာ ဆင်းသက်လာတဲ့ လေယာဉ်တွေကို တချို့ကို အချိန်ရွှေ့ဆိုင်း၊ တချို့ကို ကွင်းချိန်းပြီး ဆင်းသက်စေခဲ့တယ်လို့ ပြောပါတယ်။


ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင် လေဆိပ်နှင့် ဖူခက် လေဆိပ်တို့ကို လွဲပြောင်း ဆင်းသက်ခဲ့ရပြီး တခြား လေဆိပ်များဖြစ်တဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရစ်လေဆိပ်တွေ ကိုလည်း လွဲပြောင်းဆင်းသက် စေခဲ့ရပါတယ်။

ဒီလို ဆင်းသက်ခဲ့ရပုံကို ထိုင်းနိုင်ငံ လေကြောင်းအရာရှိများက နောက်တနေ့မှာ သတင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အရှေ့တောင် အာရှ အထင်ကရ လေဆိပ်ကြီး တစ်ခုဖြစ်တဲ့ သုဝဏ္ဏဘုမ္မိလေဆိပ် မှာ တပ်ဆင်ထားတဲ့
လေယာဉ် အဆင်းအတက် ထိန်းချုပ် အချက်ပြ ရေဒါ စနစ် ပျက်စီးသွားချိန် စုစုပေါင်း ၃ နာရီ လောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လေယာဉ်တွေ ဘေးကင်းစွာနဲ့ ဆင်းသက်လို့ မရတဲ့ အခြေအနေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ရေဒါ ပျက်စီး မှု အပေါ် စုံစမ်း စစ်ဆေးသွားမယ်လို့ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ချာယူပွန်က ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရေဒါ ချွတ်ယွင်းမှုကို လေကြောင်း အင်ဂျင်နီယာများ ပြင်ဆင်ခဲ့ပြီး
လေယာဉ်များ ပုံမှန် ဆင်းသက်နိုင်ခဲ့ပါပြီတဲ့။

ဒီလေဆိပ်ကြီးကို ၂၀၀၆ ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အာရှ ပစိဖိတ် ဒေသ တွင်းမှာ အစည်ကားဆုံး လေဆိပ် ၅ ခုထဲက တခုလည်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အတွင်း မှာတော့ ခရီးသည်ပေါင်း ၄၇.၂ သန်းကို ၀န်ဆောင်မှု လုပ်ခဲ့ကြောင်း သိရပါတယ်။

လိုအပ်ချက် နဲ့ ထောက်ပံ့မှု

0 comments

~



ကာတွန်း - လိုင်လုဏ်


~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved