ကသာထောင်ထဲကနေ NLD ကို လေသေနတ်နဲ့ပစ်

Tuesday, July 10, 2012 0 comments

'

“နိုင်ငံရေးသမားများအပေါ် အမြင်စောင်း ပြောဆိုနေမှုများကြောင့် ကသာအကျဉ်းထောင်ရှိ အကျဉ်းသားများ စိတ်ညစ်နေရ”


ခရီးသွားသတင်းသမားတဦး)

အရပ်သားအစိုးရ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှု ပြုလုပ်နေသော်လည်း နယ်တချို့မှာတော့ အာဏာပိုင်များက စံနစ်ဟောင်းအတိုင်း ပြုကျင့်နေတာတွေ ရှိပါတယ်။

ကသာအကျဉ်းထောင်မှာတော့ အာဏာပိုင်တွေက နိုင်ငံရေးသမားများကို နှိမ်ပြီး ပြောဆိုမှုများ ရှိနေကြောင်း အဲဒီထောင်က လွတ်လာသူတဦးက ဆိုပါတယ်။

“ကျွန်တော်တို့ဟာ နိုင်ငံရေးအရ ထောင်ကျလာတာ မဟုတ်ပါဘူး၊ အခြားအမှုအခင်းကြောင့် ထောင်ထဲရောက်လာရတာပါ၊ ဒါကိုဗျာ၊ တပတ်တခါ အကျဉ်းသား အားလုံး တန်းစီတဲ့အခါတိုင်း တာဝန်ခံထောင်ပိုင်ကြီးက နိုင်ငံရေးသမားတွေ မကောင်းကြောင်း ပြောတယ်၊ အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအဆင့် လူကြီးတွေကို တိုက်ခိုက် ပြောဆိုတယ်။

ဒီတပတ်ဆို ဦးဝင်းတင်အကြောင်း ပြောတယ်၊ အလကား အဖိုးကြီးပေါ့၊ ထောင်အင်္ကျီအပြာကြီးဝတ်ပြီး စတန့် ထွင်နေတယ်ဘာညာပေါ့ဗျာ။

နောက် ဦးဥာဏ်ဝင်းကိုလည်း ပြောတာပဲ၊ ဖယောင်း မသုတ်ဘဲ သုတ်ထားတယ်ပြောလို့ အခု တရားစွဲခံနေရပြီလေ၊ နည်းတောင် နည်းသေးတယ်ပေါ့၊

ဒါမျိုးတွေ အမြဲပြောတော့ စိတ်ညစ်ရတာပေါ့၊ တခါတလေ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ပုတ်ခတ်ပြီးပြောတာပဲ။

ကျွန်တော်တို့နဲ့ဘာဆိုင်လဲဗျာ၊ ဒီလိုပြောဆိုတယ် ဆိုတာ အကျဉ်းသားတွေ ၀န်ထမ်းတွေရှေ့မှာ ပြောတာဖြစ်လို့ ဘယ်သူ့မေးမေး အားလုံး သိတယ်၊ ဒါပေမယ့် ဘယ် အကျဉ်းသားမှတော့ ပြောရဲမယ် မထင်ဘူးဗျ၊ ဟိုတခါ ကသာထောင်နဲ့ပတ်သက်ပြီး သတင်းထဲ ပါလို့ ဆိုပြီး မန္တလေးထောင်က လူကြီးတွေ လာစစ်သေးတယ်၊ ကသာထောင်ပိုင်ရှေ့မှာတင် စစ်မေးတာ ဆိုတော့ ဘယ်အကျဉ်းသားမှ ဟုတ်ပါတယ် မပြောရဲဘူးလေ၊ သီးသန့် အကျဉ်းသား တွေကို နှစ်ယောက်ထဲ ခေါ်မေးရင်တော့ ပြောမှာပေါ့ဗျာ၊ ခက်တာက ထောင်ပိုင်ကြီးက လူကြီးတွေကို ပိုင်တယ်ဗျ” လို့ ရှင်းပြပါတယ်။

မကြာခင်က ကသာထောင်ကနေ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာသူ နိုင်ငံရေးသမား တဦးကို ဒါနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ

“အတိအကျတော့ မပြောနိုင်ဘူးဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လို တိုက်ထဲ ထားတဲ့ အကျဉ်းသားတွေအနေနဲ့ တပါတ်တခါ လုပ်တဲ့ တန်းစီပွဲ တက်စရာ မလိုဘူးလေ၊ ဒါကြောင့် ကိုယ်တိုင် တော့ မကြားဘူးပေါ့၊ သို့သော် တန်းသွားစီရတဲ့ ရိုးရိုးပြစ်မှုနဲ့ထောင်ကျတဲ့ အကျဉ်းသားတွေကတော့ အဲဒီလို ပြောလေ့ရှိတယ်လို့ ပြောနေကြတာပဲ” လို့ သူက ဆိုပါတယ်။

ကသာအကျဉ်းထောင် တာဝန်ခံဟာ တပ်မတော်အရာရှိ အဖြစ်ကနေ အကျဉ်းဦးစီးဌာနကို ပြောင်းရွှေ့လာသူတဦးဖြစ်တယ်၊ သူ့သားတယောက်ကလည်း လက်ရှိတပ်မတော်အရာရှိတဦးဖြစ်တယ်လို့ သိရပါတယ်။

'

ဒေါ်အောင်ဆန်းစုကြည်ဝန်းကျင်က အပြောင်းအလဲ

1 comments

~



ကိုငြိမ်းအောင် ရေးသား ပေးပို့သည်)

မြန်မာနိုင်ငံမှာ အပြောင်းအလဲ တွေက အခုတလော ဆင့်ကဲဆင့်ကဲဖြစ်လာတာ သတိထားမိပါတယ်။ အစိုးရအဖွဲ့အတွင်းအပြောင်းအလဲ၊ အာဏာရပါတီထဲက အပြောင်းအလဲ စတာတွေနဲ့ အတူ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံ ပါတီကြီး ဖြစ်တဲ့ NLD မှာလည်း အပြောင်းအလဲ တွေ လုပ်လာပါတယ်။

အထူးခြားဆုံး တွေ့ရတာကတော့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နားက အပြောင်းအလဲပါပဲ။

ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်က အပြန်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုံးအဖွဲ့ကို ဖျက်သိမ်းလိုက်တယ်လို့ နေအိမ်နဲ့ နီးစပ်သူတွေဆီက သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

နေအိမ်ခြံဝင်းအတွင်းက ကူညီဝန်းရံသူများကို မကြာသေးခင်က တာဝန်ကနေ အနားပေးလိုက်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဆက်လက် တာဝန်ယူဖို့ မလိုတော့ကြောင်း ပြောဆိုလိုက်တယ်လို့ သတင်းများက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီထဲက လူကြီးပိုင်း တချို့ကို မေးကြည့်ပေမယ့် သူတို့က မှတ်ချက် တစုံတရာ ပေးဖို့ ငြင်းဆန်ကြပါတယ်။

တာဝန်က အနားပေးခံရသူ အရေအတွက် စုစုပေါင်း ၂၀ ၀န်းကျင်ရှိပြီး အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်လည်း ပါဝင်နေပါတယ် တဲ့။ သူဟာ စာရေးဆရာ ဦးသိန်းဖေမြင့်ရဲ့ သားတဦး ဖြစ်ပါတယ်။

မေလကုန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ဦးခွန်သာမြင့်လည်း လိုက်ပါသွားပါတယ်။ သူက ခရီးစဉ်ကို အသုံးချပြီး ထိုင်း စီးပွားရေး လုပ်ငန်းရှင် တချို့နဲ့ ဆက်သွယ် ညှိနှိုင်းမှုတချို့ ပြုလုပ်ခဲ့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး တင်းမာသွားတာလို့ ပြောဆိုကြတာတွေလည်း ရှိပါတယ်။
သိပ်မကြာခင် ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးထွက်ရာမှာ ဦးခွန်သာမြင့် ပါဝင်ပါတယ်။ အဲဒီခရီးအတွက် အစစ အရာရာ စီစဉ်ပြီးသား ဖြစ်တဲ့အတွက်သာ သူ လိုက်ပါခွင့် ရသွားတာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကူညီသူတွေ အများအပြား ရှိပါတယ်။ သူ့ရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အင်အားကို NLD ကလည်း တာဝန်ယူ ဖြည့်တင်းပေးပါတယ်။ ဒီလို ၀န်းရံသူ အများအပြားဟာ တခြားသော NLD ပါတီဝင်တွေ လိုပဲ ကိုယ့်စားရိတ်နဲ့ကိုယ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်လာသူတွေ ဖြစ်ပါတယ်။

သူတို့ထဲက တချို့ဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ဘူး ဆိုတဲ့ အသံ ထွက်နေတာတော့ ကြာပါပြီ။ အခုမှ ဒေါ်အောင်ဆန်းစုကြည်နားမှာ နေတဲ့ တာဝန်တွေကနေ ရုပ်သိမ်းခံလိုက်ရတာပါ။

ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ကို အနီးကပ် ၀န်းရံသူတွေဟာ ဆက်တိုက် သို့မဟုတ် မကြာခဏ အထိန်းသိမ်းခံခဲ့ရပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေက အရင်နဲ့ မတူတော့ တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့လူတွေကို ဟာမိုနီဖြစ်အောင် စီမံဖို့ အချိန်ပိုရနိုင်၊ အခြေအနေ ပိုပေးလာနိုင်ပါပြီ။

"အရပ်သား" အစိုးရအဖွဲ့ထဲမှာလည်း ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ဘူး ဆိုတဲ့ ၀န်ကြီးတွေ အနားပေးခံရမယ် လို့ လေသံ ထွက်နေတာတော့ ကြာပါပြီ။ အဲဒီ ပြုတ်မယ် ဆိုတဲ့ ၀န်ကြီးတွေ ခုထိတော့ ဘာမှ မဖြစ်သေး မပြောင်းလဲသေးပါဘူး။

သို့သော်လည်း အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာတော့ အပြောင်းအလဲတွေက ဆိုခဲ့သလိုပဲ ထူးထူးခြားခြား ဖြစ်ပေါ်နေပါတယ်။

~

ဒီလိုပါပဲ

0 comments



~


ကာတွန်း - မျိုးကြီးwww.facebook.com/myo.gyi.9081

~

မြန်မာနယ်ထဲ လက်နက်ကိုင်၊ ရာဘာစိုက်တဲ့ ထိုင်းလုပ်ငန်းရှင်များ

0 comments

~


လက်နက်နဲ့ထိုင်း ၆၁ ဦး ဖမ်းမိတယ် ဆိုတဲ့ နယ်စပ်ဒေသ၀န်းကျင်

မြန်မာနိုင်ငံထဲမှာ ရော်ဘာခြံလုပ်ငန်း တရားမ၀င် လာလုပ်တဲ့ ထိုင်းတွေကို ဖမ်းထားတယ် တဲ့။

ဒီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဖမ်းဆီးရမိသမျှကို အခုလို တွေ့ရပါတယ်။

နေရာ - တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ခမောက်ကြီးမြို့နယ်ခွဲ
ထိုင်းနိုင်ငံသား ၆၁ ဦး
ရော်ဘာစိုက်ဧကပေါင်း ၁,၅၀၀ ခန့်

M 16 - ၅ လက်
AR 15 - ၂ လက်
AK 47 - ၂ လက်

ဝင်ချက်စတာ သေနတ် - ၅ လက်
ပွိုင့် ၃၈ ခြောက်လုံးပြူး - ၃ လက်
ပွိုင့် ၃၅၇ ခြောက်လုံးပြူး - ၁ လက်

လုပ်သေနတ်ရှည် - ၉ လက်
လုပ်သေနတ်တို - ၂ လက်
မိုင်း - ၁ လုံး

လက်ပစ်ဗုံး - ၁ လုံး
၅ ဒသမ ၅၆ ကျည် - ၄၂ တောင့်
AK 47 ကျည် - ၁၁ တောင့်

ပွိုင့် ၃၈ ကျည် - ၃၆ တောင့်
လုပ်သေနတ်ကျည် - ၁၂၅ တောင့်
ကျည်အိမ်မျိုးစုံ - ၃၂ ခု

မြေထိုးစက် - ၃ စီး
ယာဉ်ငယ်မျိုးစုံ - ၁၇ စီး

ဘက်ဟိုးယာဉ် - ၅ စီး
ဆိုင်ကယ် - အစီး ၂ဝ

ထိုင်းတွေက ဘန်ကောက်မြို့ပေါ်မှာတောင် လက်နက်တွေ ဆောင်ထားကြတာ နယ်စပ်မှာ ဒီလိုလက်နက်တွေ ကိုင်တာ မဆန်းဘူးလို့ ဆိုရပါမယ်။

ထိုင်းစာနယ်ဇင်းတွေမှာတော့ ဒီထက်ပိုပြီး ရေးထားပါတယ်၊ ဖမ်းမိတာ လက်နက်တွေတင်မကဘူး၊ စိုက်ပျိုးထားတဲ့ ဆေးခြောက်ပင်တွေကိုပါ မိတယ် တဲ့။ ထိုင်း ဒုဝန်ကြီးချုပ်
Yutthasak Sasiprapa ကို ကိုးကား ရေးထားကြတာပါ။

မြန်မာအစိုးရသတင်းမှာတော့ မူးယစ်ဆေးကိစ္စ မတွေ့ရပါ။ ထိုင်းသတင်းတွေ မှန်တယ် ဆိုရင်တော့ ဖမ်းတဲ့သူတွေက ဆေးခြောက်ပင်တွေကို စာရင်းဖျောက်လိုက်တာလည်း ဖြစ်နိုင်သလို ဒီအကြောင်းကို ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်ပါတယ်။

ဒီရက်ပိုင်းမှာပဲ ထိုင်း ဒုကာချုပ်နဲ့အဖွဲ့ မြန်မာပြည်ကို ရောက်သွားပါတယ်။ သူက သမ္မတဦးသိန်းစိန်၊ မြန်မာကာချုပ် တို့နဲ့လည်း တွေ့ပါတယ်။

ဒီလောက် အဆင့်မြင့်တဲ့ ဧည့်သည်အဖွဲ့ရဲ့ ခရီးစဉ် ဆိုတာ ကာလအတန်ကြာကတည်းက ပြင်ဆင် ညှိနှိုင်းရပါတယ်။

ဒီဧည့်သည်တွေ လာခါနီး ရက်ပိုင်းအလိုမှ ဒီအဖမ်းအဆီးတွေ ပေါ်ပေါက်လာတာပါ။

နယ်စပ်ကလုပ်ငန်းအများစုဟာ နယ်မြေခံလက်နက်ကိုင်အဖွဲ့များကို ဆက်ကြေးပေး လာဘ်ထိုးပြီး လုပ်ရလေ့ ရှိပါတယ်။

အခုလို ဖမ်းလိုက်တာဟာ
- ဆက်ကြေးမရတာကြောင့်လား?
- ထိုင်းစစ်ဘက်ခေါင်းဆောင်ခရီးစဉ်အတွင် စကားပြောဆွေးနွေးတဲ့အခါ ဒီလူတွေကို လွှတ်ပေးတဲ့နည်းနဲ့ လက်ဆောင်ပေးချင်တာလား?
- ဖမ်းတာနဲ့ ခရီးစဉ်က မတော်တဆ တိုက်ဆိုင်သွားတာများလား?
ဆိုပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။

ဒီလ ၂၂ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဘန်ကောက် ၃ ရက် ခရီးစဉ် ရှိတယ်လို့ သိရပါတယ်။

သို့သော်လည်း ကော့သောင်းဒေသမှာ ဖမ်းထားတဲ့ ထိုင်းတွေ လွတ်မြောက်ရေးအတွက်
ထိပ်ပိုင်းခေါင်းဆောင်အဆင့်မှာ ဆွေးနွေးတာထက် အဲဒီ နယ်စပ်ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေချင်း ညှိနှိုင်းရင် ပိုအဆင်ပြေမယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က သတင်းထောက်များကို ပြောပါတယ်။

ထိုင်းနိုင်ငံသားတွေ ဆီအုန်း၊ ရာဘာ စိုက်နိုင်ဖို့ မြန်မာပြည်ထဲမှာမြေနေရာ ငှားရမ်းဖို့ စီစဉ်မယ်လို့လည်း ပြောပါတယ်။

အခု မြန်မာပြည်မှာ အထိန်းသိမ်းခံနေရသူတွေဟာ နယ်စပ်ကထိုင်းတွေ မဟုတ်ဘဲ ဒေသအသီးသီးက ထိုင်းတွေဖြစ်ပါတယ် တဲ့။

ရာဘာစိုက်ဧက ၁၅၀၀ နဲ့ လက်နက်တွေ တွေ့တယ် ဆိုတဲ့ မြန်မာအစိုးရရဲ့ မူရင်းသတင်းကို
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY4iHTHLBGofxOb3fZ8HsrvQjo-cizSt8d0lhTr0DHVeXuI2uaMhVmgwuQl9qEtXWtPTKepgMqrfSvWHdbcvP_7b0N3KWP2g4NE9csp4rQWPk11428fTj3vCFB4s4psC2z99zCuz11HSxh/s1600/308893_121658177943615_1487992863_a.jpg မှာ ဖတ်နိုင်ပါတယ်။

ဧရာဝတီ ပင်မ စာမျက်နှာမှာလည်း ကော့သောင်းတွင် ဖမ်းမိသည့် ထိုင်း ၆၁ ဦးကို အရေးယူမည် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။



~

တသောင်းတန်ဖုန်းကတ် အရောင်းသွက်

1 comments

~

-


တသောင်းတန်ဖုန်းကတ် နေပြည်တော်မှာ အရောင်းသွက်နေတယ် လို့ ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။

ငါးသောင်းတန်၊ သုံးသောင်းတန်တွေထက် ပိုပြီး သွက်တယ် တဲ့။

ဒီကတ်တွေ ဘယ်လိုကွာခြားမှုရှိတယ် ဆိုတာကိုတော့ ရေးမထားပါ။

ဒီမှာ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMgP0whBbHNGgefDytkEHD8WCVddG0lJF8u5HAUplED0RaDOF8x5zUYl6hwXFtFaa5oETKAICtu9MYhKUL0KObNFS_y5EtGf1BYoy14Qv_TB9bke6tkXtL9zYe71IEZ9ktyvexj9gl6Giq/s1600/308893_121658177943615_14879962863_a.jpg ဖတ်နိုင်ပါပြီ။


-
~

ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီး သမ္မတကြီး ငြိမ်းပေးပါ

3 comments


ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲအဖြစ် “သားသမီးနှစ်ဦးလုံးဖြစ်နေတာ ကြောင့် အမွေတွေကို အညီအမျှ တ၀က်စီခွဲယူဖို့ဟူသော ရန်ကုန်အနောက်ပိုင်းခရိုင်တရားသူကြီးက ဆုံးဖြတ်”ဆိုတဲ့ “မီး” တောက်က ဆက်လက်တောက်လောင်နေပါတယ်။ ၂၀၁၂-၆-၂၂ ရက်နေ့က ဆုံးဖြတ်ချက်ချကြောင်း ၂၀၁၂-၆-၂၄ ရက်နေ့ ထုတ် အာအက်ဖ်အေသတင်းမှာ တွေ့ရပါတယ်။ ဒီမီးဟာ န၀တ၊နအဖ ဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရှို့ခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲမီးတွေ ဖြစ်တယ်လို့သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ မနာလိုမုန်းတီမှုအစ

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ အရေးအခင်းမှာပါဝင်လာတာက ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် မနာလိုမုန်းတီးမှုက စတာပါ။

ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုများ

များစွာသော ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုတွေထဲက ဖျောက်ဖျက်ကွယ်ဝှက် လို့မရတဲ့ သာဓက ကြီးသုံးခုကို တင်ပြ ပါမယ် ဒီသုံးခု စလုံးဟာ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် ပြောပြချက်အရ သိရှိရသလို လူတိုင်းနားလည်ထားတဲ့ အတိုင်းဖြစ်ပါတယ်။ အဲဒါတွေက -

၁။ ၁၉၉၆ နောက်ပိုင်းမှာ NLD ပါတီဝင်တွေကို အမြစ်ပြတ် ခြေမှုန်းဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ် ခဲ့တဲ့အတွက် NLD ပါတီဝင်တွေကို အပြစ်ရှာနှိ မ်းနင်းခဲ့တယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောကြားကြောင်း သိရှိရပါတယ်။

(မိုးမခ၊ ၂၅-ဖေဖေါ်ဝါရီ-၂၀၁၂) အဲဒီအမိန့်အရ NLD ပါတီဝင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီ လှုပ်ရှားသူတွေဟာ ရေဖြတ်၊မီးဖြတ်တာကအစ အပြစ်ရှာ၊ ပြဿနာဖန်တီးပြီး ကျူပင်ခုတ်၊ကျူငုတ်မကျန်၊ သားစဉ် မြေးဆက် အကုန်လုံးကိုဒုက္ခပေးခံခဲ့ကြရပါတယ်။ ဒါလည်းအားလုံးသိပြီး ဖြစ်ပါတယ်။


ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မလိုမုန်းတီးရာကစတဲ့မီးတောက်များထဲက တခုပါ။ ဒီပြဿနာတွေဟာ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် တွေ့မြင်သိရှိခဲ့ပြီးဖြစ်တဲ့ ပြဿနာတွေပါ။

၂။ ၂၀၀၃-ခု မေလ-၃၀ ရက်ည၊ ဒီပဲယင်းအရပ်မှာ ဒေါ်အောင်ဆန်းဆုကြည်ကို အသေသတ် အပြတ်ရှင်းဖို့ ကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လျှို့ဝှက် စီစဉ်ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းထံ ၂၀၀၅-ဧပြီလ-၁ရက်နေ့စွဲပါ နုတ်ထွက်စာတွင် အတိအလင်း ဖေါ်ပြထားသလို ဒီ လုပ်ကြံမှုကြီးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ပက်စက်တဲ့အကြံဆိုတာလည်း ပြည်သူအားလုံး သိကြပါတယ်။

ဒီလုပ်ကြံမှုကြီးကိုလည်းသမတကြီးကိုယ်တိုင် ဒီဖြစ်စဉ်တွေကို သိရှိပြီးသားလို့ ယုံကြည်ပါတယ်။ ဒီလုပ်ကြံမှုကြီးတွင် လက်နက်မဲ့အပြစ်မဲ့ပြည်သူ ၂၈၀ ကျော်သေဆုံးခဲ့ရပြီး အများ အပြားဒဏ်ရာရပြီး ဖမ်းဆီးချုပ်နှောင်၊ ထောင်ချခြင်းခံခဲ့ရပါတယ်။ ဘာကြောင့်ဗိုလ်ချုပ်မှူးကြီးက ဒီလိုလုပ်တယ်ဆိုတာနဲ့ တရားမျှတမှု မရှိဘူးဆိုတာလည်း သမ္မတကြီးကသိရှိပြီးလို့ ယုံကြည်ပါတယ်။

ဒါဟာလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဒေါသ မီးတောက်တွေထဲက တခုပါ။

၃။ လက်ရှိဒေါ်အောင်ဆန်းစုကြည်နေနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို မွေဆိုင်မှုဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖန်တီးကြောင်းကိုလည်း ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ရေးတဲ့ စာကို ခေတ်ပြိုင် ဂျာနယ်တွင် ၂၀၀၈-၆-၂၀ရက်နေ့ ဖတ်ရပါတယ်။

စစ်ထောက်လှမ်းရေးအရာရှိဟောင်း မပြောခင်ကတည်းက ယင်းအိမ်အမွေဆိုင်မှုဟာ ယုတ်မာ၊ ကောက်ကျစ် စဉ်းလဲတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပက်စက်သောအကြံအစည်ဖြစ်တယ် ဆိုတာ အားလုံးသိကြပါတယ်။

ဗိုလ်မှူးဟောင်းရဲ့ ခေတ်ပြိုင်ဂျာနယ်မှာ ဖော်ပြတဲ့ စာက ဟုတ်မှန် ကြောင်း အထောက်အထား ပိုခိုင်လုံ သွားပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်က ၂၀၀၈-၆-၂၀ရက်နေ့ ခေတ်ပြိုင်ဂျာနယ်၌ ဖေါ်ပြရာမှာ-

၁- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်မှာ မောင်နှမ ကြား ပြဿနာ တခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်စုဧ။် စိတ်မရွှင်လန်း စေသည့်အပြင် ပြည်တွင်း၊ ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်အား အဆိုး မြင်စေခြင်း။

၂- ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦးဧ။် ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာစေရန် ဆွဲဆောင်ခြင်း။

၃- မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်ဧ။်မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီး ပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်းသွင်းစေခြင်း။

၎- ဦးအောင်ဆန်းဦးလက်မှတ်ရေးထိုးရန်သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် တရားစွဲမည့် စာရွက် စာတမ်း များကို မြန်မာသံရုံး ၀ါရှင်တန်မြို့သို့ပေးပို့ကာ ၄င်းမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများ ပေးပို့ပြီး လက်မှတ်ရေးထိုး၊ ပြန်ရောက်လာသောစာကို ထိုစဉ်က သံအမတ်ကြီး ဦးတင်ဝင်းမှ မှန်ကန်ကြောင်း ထပ်ဆင့် လက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသံရုံးချောစာ (pouch) ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

အထက်ပါဗိုလ်မှူးအောင်လင်းထွဋ်ရဲ့စာမှာ ဗိုလ်ချုပ်မှူးကြီးအာဏာရှိစဉ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက် မလို မုန်းထားရန်ငြှိးမီးပွားနေတယ်ဆိုတာ သိလောက် ပါတယ်။ ဒါပေမယ့် ခုအခါမှာ ဗိုလ်ချုပ်မှူး ကြီးဟာ အနားယူသွားပြီးအရင်ကလို သြဇာအာဏာ မရှိတော့၊ ဦးသိန်းစိန်သာ သြဇာအာဏာအပြည့်ရှိတဲ့ သမ္မတကြိးဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး ၁၉၈၈ ကစပြီး မွှေးခဲ့တဲ့မီးဟာ ဒီနေ့ထိမီးမငြိမ်းသေးဘဲ ဆက်လက်တောက်လောင်နေဆဲ ဖြစ်တယ်ဆိုတာ ၂၀၁၂-၆-၂၄ ရက်နေ့စွဲပါ အာအက်ဖ်အေ သတင်းမှာပါတဲ့အတိုင်း “အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးစွဲဆိုထားတဲ့ အမွေဆိုင်ကိစ္စမှာ သားသမီးနှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီခွဲဝေယူဖို့ တရားရုံးက ဆုံးဖြတ်ချက်ချ” ဟူသော အမှုကိစ္စဟာ တနှစ်ကျော်လောက်ငြိမ်းနေတဲ့မီးဟာ ဘယ်သူ့လက်ချက် ကြောင့်မသိ အခုပြန်ပြီး တောက်လောင်လာပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီးကြောင့် လင်မယားချင်း၊ သားအမိ သားအဖချင်း၊ ညီကိုမောင်နှမချင်း၊ ဆွေမျိုးချင်း၊ သူငယ်ချင်း ချင်း၊ ရဟန်းသံဃာချင်း စိတ်ဝမ်းတွေကွဲခဲ့ကြရတာ သမတကြီးအသိဆုံးပါ။

(ခုဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မောင်နှမအရင်း ဖြစ်ပါလျက်နဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ သွေးထိုးမှု ကြောင့် စိတ်ဝမ်းကွဲ ပြီး တရားရုံးရောက်နေကြတာ သမ္မတကြီးအသိပါ။ ကျော်မကောင်း၊ ကြားမကောင်း၊ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီ။)

ဒီအိမ်အမွေကိစ္စဟာ ဗိုလ်မှူးအောင်လင်းထွဋ် မဖေါ်ထုတ်မီကတည်းက ဗိုလ်ချုပ်မှူး ကြီးရဲ့စနက် ဖြစ်နိုင်တယ် ဆိုတာ လူတိုင်းစိတ်မှာ ယုံကြည်ပြီးသားပါ။

ဘာကြောင့်လဲဆိုတော့ -

၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ ဗိုလ်ချုပ်အောင်ဆန်း(ကွယ်လွန်)ရဲ့အမည်နဲ့ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များအားလုံးကို မှေးမှိန် ပျောက်ကွယ်အောင် လုပ်ခဲ့တာရယ်

၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်အနစ်နာခံ၊ စွန့်လွှတ်စွန့်စားတာတွေကို အသိအမှတ် မပြုတဲ့အပြင် နေရာတိုင်း လိုက်ပြီး ဒုက္ခပေးရုံမက လူကိုပါလုပ်ကြံသတ်ဖြတ်ခိုင်းတာရယ်

၃။ ဦးအောင်ဆန်းဦးကလည်း နေစရာမရှိစားစရာမရှိသူလည်းမဟုတ်၊ အိမ်နဲ့ခြံနဲ့ အထက်တန်းကျကျ နေနိုင်၊ စားနိုင်သူဖြစ်နေတာကြောင့် အခုအမွေဆိုင်အိမ်ကို မက်လောက်စရာမရှိလို့ သူ့ပင်ကိုယ်အရ ဒီလောက် လောဘကြီးပုံမရတာရယ်စတဲ့ အထောက်အထားတွေကြောင့် ဖြစ်ပါတယ်။

သမ္မတကြီးဦးသိန်းစိန်ဟာ နိုင်ငံရဲ့အထွဋ်အထိပ်ပုဂ္ဂိုလ်ကြီးဖြစ်နေတာကြောင့် အရာရာကို အဆုံးအဖြတ် ပေးနိုင်သလို အခုအိမ်အမွေဆိုင်မှုကိုလည်း တရားဥပဒေအရ အမှန်တရားဘက် ကနေ ဆုံးဖြတ်ပိုင်ခွင့်ရှိ ပုဂ္ဂိုလ်ကြီးဖြစ် နေပါတယ်။ ယင်းအမွေဆိုင်မီးကို ငြှိမ်းသတ်နိုင်သော ပုဂ္ဂိုလ်မှာ သမ္မတကြီးမှတပါးအခြားမရှိပါ။

သို့ဖြစ်ပါ၍ ယခုတောက်လောင်နေဆဲဖြစ်သော အမွေဆိုင်မီးကို အချိန်မီငြိမ်းသတ် ပေးပါရန် သမ္မတကြီးအား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေပြည်စိုး


နွားပျောက်လို့ပါ ဘုန်းဘုရား.....

0 comments


( အညတြ- ရဲဘော်ဟောင်း..တင်ပြသည့်- နွားပျောက်လို့ပါ ဘုန်းဘုရားးးး )

ပုဏ္ဏားရွာမှာ သရက်ခရိုင်အနောက်ရိုးမ တောင်ခြေ၏ မနီးမဝေးတွင် တောင်ကုန်းကြီးများလေးဘက် လေးတန် ခြံရန်လျက် တည်ရှိ၏။ အိမ်ပေါင်းတရာကျော် ရှိသည်။ ရွာသူ-ရွာသားများ၏ အသက်မွေး ဝမ်းကြောင်း မှာ တောင်ယာ နှင့် ဝါစိုက်ခြင်းသာ အဓိက ဖြစ်၏။

သဘာဝတောင်များက စိုင်းနေသဖြင့် ပုဏ္ဏားရွာကို အဝေးမှ မမြင်နိုင်။

၁၉၄၅-ခု ဖေဖေါ်ဝါရီလ နောက်ပိုင်း တနေ့သော ညနေတွင် လူရွယ်တယောက်သည် လက်တဘက်၌ ကန်ကြိုးခွေကို ကိုင်ပြီး လက်တဘက်တွင်နှင်တန်အတိုကိုကိုင်ခါ ပင်နီအင်္ကျီးအစုတ် မော်လမြိုင် ခါးတို ဗမာယက် ဖျင်ကြမ်းလုံးချီ အဟောင်းဝတ်ဆင်ပြီး ဝါးခမောက်ကို ဆောင်းလျက် နောက်ပါအဖေါ် တစုနှင့် အတူ ပုဏ္ဏားရွာ ဘုန်းကြီးကျောင်းသို့ ရောက်ခဲ့၏။

ဘုန်းကြီးနှင့်တွေ့သော အခါ ထိခြင်းငါးပါးနှင့် အညီ-ဦးသုံးကြိမ်ချသည်။ မျက်နှာစိမ်း ဖြစ်သူအား ဘုန်းကြီးက..“ ဒကာလေးကဘယ်ကလာခဲ့တာလဲ ဒီကျောင်းကို ဘာကိစ္စရှိလို့ လာတာလဲ”

“တပည့်တော် အာလံမြို့နယ် အဘလ ရွှေပန်းတောကပါ ဘုရားတပည့်တော်လာရခဲ့ ကိစ္စမှာ နွားပျောက်လို့ ပါ ဘုရား ၊ ပုဏ္ဏားရွာဘက်မှာ ဝယ်သွားတဲ့ နွားတွေဟာ ဧရာဝတီမြစ်ကို ကူးပြီးနေရပ်ကိုပြန်လာတယ် ၊ ထင်လို့ လိုက်ခဲ့ရပါတာပါ ဘုရား..”

ထိုစဉ်က နွားတကောင်၏ တန်ဘိုးမှာ ဂျပန်ငွေထောင်မလဲ သဲကော် အသစ်စက်စက်ထောင်ကျော်ချီပေးရသော ကာလဖြစ်သည့်ပြင် တောရွာမှန်သမျှ စပါးပေးရ၏။ နွားပေးရ၏။ လူကိုလည်း ချွေးတပ် အတွက် ဆွဲသေးသည်။

“ဒကာလေး ဆန္ဒကို ပြောပြပါဦး ဦးပဉ္ဖင်းတို့က ဘယ်လို ကူညီရမလဲ”

တပည့်တော် သနားခံပါရစေဘုရား ၊ တပည့်တော် နွားတွေကို ဒီနယ်ပယ်မှာ လိုက်ပြီးရှာခြင်ပါတယ် ဘုရား။ အသိမိတ်ဆွေကလဲ မရှိတော့ အရှင်ဘုရားကျောင်းမှာ တည်းခိုပြီး ရှာပါရစေဘုရား…”

ဘုန်းတော်ကြီးက တည်းခိုခွင့်ပြုရုံသာမက ထမင်းဟင်းများကိုပါ ချကျွေးလေသည်။ နွားပျောက်သူတို့ သည် နေ့အခါ ကျောင်းမှ ထွက်ပြီး ပေါက်ဦးလားရွာ။ နတ်မီးရွာ။ အင်းကြီးကုန်းရွာ။ ခြောက်ပင်ရွာ။ ဆုံကုန်းရွာ အလပ်လယ်ရွာ၊ ရှားစီးဘိုရွာ။ သပြင်ဆောင်ရွာ၊ ကြပ်ကြီးရွာ၊ ကြပ်ကလေးရွာ၊ မင်းတဲ့ရွာ သမန်းပြင်ရွာများ ကို နေ့စဉ်နှင့်အမျှ သွားကြပြီး ညဘက်မှာ ပုဏ္ဏားရွာ ဘုန်းကြီးကျောင်းသို့ ပြန်ခါ ညအိပ်သည်။

တခါတခါ မင်းတုံချောင်းကိုဖြတ်၍ ကျီးမီး - ရွာသာယာ ကျောက်စောင်း ၊ သီးကုန်း စသော ရွာများဘက်သို့ ထွက်လေ့ ရှိသည်။ သူတို့နွားပျောက်ရှာရသည်မှာ ဘေးရန်ကကြီးလှပေသည် ၊ အကြောင်းမှာ ဤနယ် တဝိုက်တွင် ဂျပန်စစ်တပ်များကြောင့်ပင်…..

ရပ်သူ ရွာသားများသည်လည်း သူတို့အား ခင်မင်လာရကား နွားပျောက်ကိုပင် ကူညီရှာပေးသူ အတော်များလာသည်။ ထိုနွား ပျောက်ဆရာက ကျီးမီး။ ရွာသာယာ။ ကျောက်ဆောင်းတွင် အခြေစိုက် စခန်းပြုလုပ်ထားရာ သူထံဝင်သူ ထွက်သူ မနည်းလှပေ။

တနေ့တွင် ခြောက်ပင်ရွာ ဦးသာဖြူ၏ နွားတင်ကုတ်သို့ ဂျပန်စစ်သား ၁၀-ယောက်ခန့်ေ၇ာက်လာပြီး တည်းခို ကြလေသည်။ ဝက်အမဲဟင်းလျှားများကို အလိမ္မာနှင့် ကြွေးမွေးကြပြီး နွားပျောက်ရှာ အဖွဲ့က အလစ်တွင် ဝင်တိုက်ရာ အားလုံးကျကုန်သည်။

ဂျပန် တယောက်မှာ ပြေးမိပြေးရာ ပြေးရင်း ခြောက်ပင်ရွာ ဦးဘိုးဆိုင်- ဒေါ်မယ်ဟန်တို့ အိပ်သာထဲမှာ ဝင်၍ ပုံးသဖြင့် ညအချိန်- ဦးဘိုးဆိုင် အိမ်သာ သို့ဝင်ရာ ပုံးနေသော ဂျပန်နှင့်တွေ့ပြီး ဦးဘိုးဆိုင်က ဒါးနှင့်ခုတ် ဂျပန်က ဝင်လုံးခါ ဦးဘိုးဆိုင် မျက်လုံးကို အတင်ကုတ် ပါးစပ်ကို မအော် နိုင်အောင်ပိတ်ပြီး ပြေးသဖြင့် ဦးဘိုးဆိုင် မျက်လုံးပျက်ရရှာသည်။

ထိုဂျပန် ကိုလည်း အရပ်က ဝိုင်းလိုက်ကြသောကြောင့် ရှားစီးဘိုးရွာ အရောက် အရပ်သားများလက်ချက်ဖြင့် အသက်ထွက်လေသည်။ မကြာမီ ရက်အတွင်းနွားပျောက် ရှာသူများသည် မင်းတဲဆက်၌ ဂျပန်အများ အပြားကို သုတ်သင်ရှင်းလင်း နိုင်ကြပြန်သေးသည်။

“ ဒကာကလေး…နွားမတွေ့ဘူးလား..”

တနေ့တွင်.. ပုဏ္ဏားရွာကျောင်းကို ပြန်လာသော နွားပျောက်ရှာသူအား ဘုန်းကြီးကမေးရာ….။

“ အရှင်ဘုရား နက္ခတ်တာရာကိုကြည့်တတ်ပါသလား ဘုရား” ဟု ထိုသူက ဘုန်းကြီးကိုမေးသည်။

“နွားပျောက် ရှာတာနဲ့ ၊ နက္ခတ်တာရာကြည့်တာ ဘယ်လိုပတ်သတ်လို့ လဲ ဒကာရဲ့” နွားပျောက် ရှာသူသည် ပြုံးစိစိနှင့် ဘုန်းကြီးကို ကြည့်လုက်ပြီး…။

“ တပည့်တော်က (* * *) ပါ ဘုရာ့၊ နွားပျောက်တဲ့ လူမဟုတ်ဘူး ခုတော့ အချိန်ရောက်လာလို့ ဖွင့်ပြော တာပါ” ဘုန်းကြီးကာ အံ့အားသင့် သွားခါ….( ) ရယ် အစကပြောပါတော့လား ဘုန်းကြီးတို့လဲမျိုးချစ်စိတ် ရှိပါတယ်၊ အားပေးကူညီရမှာပေါ့ နက္ခတ်ကြည့်ရမှာက အရေးမသာ- အရေးသာ- ကိုသိခြင်လို့လား..”

“ ဟုတ်ပါ ဘုရား… တပည့်တော်တို့ သရက်ထောင်ကို ဖေါက်တော့မယ် ဘုရာ့- မနက်ဖြန် အဲဒီဘက်ကို သွားပါ့မယ် ဘုရား..”

နွားပျောက်ရှာသူများသည် သရက်ထောင် ဖေါက်ရေး အတွက် သရက်ထောင်ပိုင်နှင့် သရက်ထောင်မှူးအား မိမိတို့ရှိရာသို့ လာတွေ့ မည်လား ၊ သို့မဟုတ် ၄င်းတို့ထံ လာရမည်လားဟု စကားကမ်းလိုက်သဖြင့်ထောင်ပိုင်း လာရောက် တွေ့ဆုံသော်လည်း ထောင်းမှူးမှာ ထိုနေ့တွင် သမီးဖြစ်သူ အနိစ္စရောက်၍ အသုဘအတွက်လိုက် မလာနိုင်…။

မဟာမိတ်-လေယာဉ်များကလည်း မြေပြင်တွင် လူစုလူဝေး မြင်ပါက မသင်ကာလျှင် စက်သေနတ်နှင့် ဒလစပ် ပစ်နေသော ကျွဲညီနောင် သောင်းကျမ်းနေသော အခြေအနေဖြစ်သည်။

သရက်ထောင်လည်း ပေါက်လေပြီ၊ ထောင်အတွင်းမှ အကျဉ်းသားများသည်လည်း လွတ်မြောက် ထွက်ပြေး ကြလေပြီ။ ပုဏ္ဏားရွာ ဘုန်းကြီးကျောင်းမှ နွားပျောက်ရှာသူသည် တပြည်လုံးမှာရှိကြသောနွားပျောက်ရှာ အဖွဲ့များအား အမိန့်ပေး ညွန့်ကြားလျက်ရှိသည်။

နောက်ဆုံးတွင်ကား နွားပျောက်ရှာသူတို့ အဖွဲသည် အောင်ပွဲခံခဲ့ရလေသည်။

ဇာတ်ပေါင်းသော်ပုဏ္ဏားရွာ ဘုန်းကြီးကျောင်းမှ နွားပျောက်ရှာသူမှာ ကျဆုံးလေပြီ ဖြစ်သော အာဇာနည်ဖခင် ဗိုလ်ချုပ်အောင်ဆန်း အဖွဲ့ဝင်များမှာ နယ်မြေတာဝန်ခံပုဂ္ဂိုလ်မှာ တိုင်း- ၇ ၏ တိုင်းမှူးရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးအောင်- ဗိုလ်မှူးချုပ်စိန်ဝင်းတို့ ဖြစ်ကြ သတည်း…။
ကျမရဲ့ဖေစ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ အညတြ- ရဲဘော်ယောင်း တင်ပြသည် “ နွားပျောက်လို့ပါ ဘုန်းဘုရား.. ”ဟူသော ဆောင်းပါးကို ဟောင်းနွမ်းဆွေးမြေ့နေပြီဖြစ်တဲ့

အိုးဝေဂျာနယ် စာအုပ်အဟောင်းပုံကြီးထဲမှ ထုတ်ယူကာ ကျမကိုယ်တိုင် စာစီစာရိုက်ပြီး အများ ဖတ်မှတ် လေလာနိုင်ရန် အတွက် ဖေ့စ်ဘုတ်ပေါ်တွင် မျှဝေဖြန့်ချီ ပေးလိုက်ပါသည်။

by- ဟေသီမိုး

အိုးဝေဂျာနယ် အမှတ် ( ၄၀ ) ၊ ၁၃၃၁-ခု၊ တပေါင်းလဆုတ် ( ၅ ) ရက်၊ ၂၇ . ၃ . ၇၀ ။ စာမျက်နှာ ၂၂။




ဝါဆိုဝါခေါင် ရေတွေကြီးတော့

1 comments

~






စိုးမင်း/ www.facebook.com/SoeMin

အုန်းလက်နွားလေးဆိုတာ ဘယ်လိုဟာမှန်းမသိပေမယ့်၊ မျှော့နက်မည်းကြီးဆိုတာ ဘာကောင်မှန်း မမြင်ဖူးပေမယ့် မြန်မာပြည်ပညာရေးနဲ့ ကြီးပြင်းလာခဲ့ရတဲ့ကလေးတိုင်းဟာ ဆရာကြီးမင်းသုဝဏ် ရဲ့ မောင်ခွေးဖို့ကဗျာတွေ ကို အလွတ်ရကြပါတယ်။ အဲဒီထဲကမှ သပြေသီးကောက် ကဗျာကလေးက သူငယ်တန်းကတည်းက သင်ခဲ့ရတာတောင် သေရာပါအောင် စွဲစွဲလန်းလန်း မှတ်မိနေတဲ့အထိ ကောင်းလည်းကောင်း ကြိုက်လည်းကြိုက် ၀စနာလင်္ကာရရော သောတာလင်္ကာရပါမြောက်ပါပေတယ်။ အရိုးစွဲနေအောင်ကောင်းတာ လို့ ပြောရမှာပါပဲ။

ကိုယ့်အောက်က ညီငယ်ညီမငယ်ကလေးတွေ ကျောင်းနေအရွယ်ရောက်လာတော့လည်း သင်ပေးခဲ့ကြတယ်။ ကိုယ့်သားကိုယ့်သမီးလေးတွေ ကျောင်းထားတော့လည်း သူတို့နဲ့အတူ လိုက်ဆိုလို့ သူငယ်ပြန်ကြရပါတယ်။ ကိုယ်ငယ်ငယ်ကတော့ ဆရာမကလေးတွေဟာ ကဗျာလိုတောင် မဟုတ်ဘူး။ သီချင်းလိုဆိုပြီး ယိမ်းကာနွဲ့ကာ ကပြကြလေတယ်။

အခုလို ၀ါဆိုဝါခေါင် ရေဖေါင်ဖေါင်ကြီးတဲ့အချိန်ကျတော့လည်း ကိုယ့်နားထဲမှာ ကလေးကလား ဒီသီချင်းကဗျာကလေးကိုပဲ ထပ်ကာတလဲလဲ ကြားယောင်လာရာက ရေးဖွဲ့ခဲ့သူဆရာကြီးကို ကျေးဇူးတင်စိတ်၊ အားကျအထင်ကြီးစိတ်၊ ကြည်ညိုလေးစားတဲ့စိတ်တွေ ဖြစ်ပေါ်လာရပါတယ်။

မြန်မာပြည်မှာ ကလေးကဗျာဆိုတာ သည်လိုဟာမျိုးပါကွဲ့ လို့ မှတ်မှတ်သားသား ကျန်ရစ်အောင်ဖွဲ့နွဲ့သွားလိုက်တာ နားမလည်စရာလည်း တစ်လုံးမှ မပါဘူး။ ဆိုလို့မကောင်းတာ၊ အသံမပီပဲ ၀ဲသွားတာလည်း တစ်နေရာမှ မရှိဘူး။ အဓိပ္ပါယ်အားဖြင့်လည်း တကယ့်မြန်မာ့ဓလေ့ မြန်မာ့စရိုက်အစစ်တွေကို မျိုးစေ့ချသလို ကလေးတွေ အသက်အရွယ်နဲ့ နားဝင်အောင် နှစ်လိုအောင် ရေးထားပါကလား။ ကလေးကဗျာရယ်လို့ ဘယ်နေရာမှာမှ လျှော့တွက်လို့ မရပဲကိုး။

သူ့အရင်တုန်းကလည်း ကလေးတွေ ကျောင်းနေစ နှုတ်အာရွရွ ရွတ်ဆိုကြတဲ့ လင်္ကာ သံပေါက်ကလေးတွေ ရှိခဲ့ပါတယ်။ သည်လိုပဲ အကြီးကအငယ် နားနဲ့ ပါးစပ်နဲ့ လက်ဆင့်ကမ်းပြီး ဆိုလာခဲ့ကြတာတွေ။ နည်းနည်းတော့ ပေါက်ပန်းဈေးဆန်တယ်လို့ ပြောရမလားပဲ။ “အီး အီး ဘယ်သူပေါက်။ မောင် ပေါက်။ ပေါက်တဲ့သူ မှန်မှန်ပြော။ အီးဘွတ်တရားဟော….။” တို့၊ “ခေါင်းအုံးကြီး ခေါင်းအုံးကြီး။ လေမှာပျံတဲ့ ခေါင်းအုံးကြီး။ ခေါင်းအုံးကြီးက လေမှာပျံ။ မိုးကခြင်ထောင်ခံ….။” တို့၊ “မဘုတ်ဆုံ မဘုတ်ဆုံ အလွန်ဝတဲ့ မဘုတ်ဆုံ။ မဘုတ်ဆုံ တင်ဆုံကြီး လှည်းလုပ်လို့စီး။” တို့၊ ရောက်တတ်ရာရာ ဘာရယ်မဟုတ် ဆိုကြအော်ကြပေမယ့် ဘာတစ်ခုမှ မှတ်ဖွယ်မှတ်ရာ လိမ်မာယဉ်ကျေးစရာ မပါပါဘူး။ မောင်ခွေးဖို့ ကဗျာကလေးတွေကတော့ တကယ့်ကို ဘာမှ မဆိုင်တာ။

“ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်းတက်မယ်။” ဆိုတာလည်း အဓိပ္ပါယ်ရှိတာပဲ။ ဟစ်ဟော့ဆိုတဲ့ မမလေးတွေခေတ်ရောက်တော့မှ နက်ဖြန်သဘက်တွေရော တခြားစာသားတွေရော ကမောက်ကမဖြစ်ကုန်ရှာတယ်။ မြန်မာစကားမှာ နက်ဖြန်မနက်နဲ့ နက်ဖြန်သဘက်နဲ့ ဘာကွာသလဲ တွေးမကြည့်ကြဘူးထင်ပါရဲ့။ နောက်ကွယ်မှာ မသေချာ မရေရာတဲ့သဘော၊ ရောက်ချင်ဇောနဲ့စိတ်စောနေတဲ့သဘောလေးတွေ ရှိတာမသိဘူးဆိုရင်တော့ တော်တော်အံ့သြဖို့ ကောင်းပါတယ်။ အများအားဖြင့် မှားလေ့ရှိတဲ့ ဘုန်းကြီးအော်လို့ နဲ့ ဘုန်းကြီးအော့လို့ ဆိုတာလောက်ဆို မပြောပါဘူး။

တကယ်တော့ အင်မတန် ပေါ့ပျက်ပျက်ရှိသယောင်၊ ဘာမဟုတ်တဲ့ ကလေးနှုတ်ထွက်ကလေးတွေ ဖြစ်ပေမယ့် မောင်ခွေးရော၊ မနီရောဟာ မြန်မာမှု မြန်မာ့စရိုက်ကလေးတွေ အပြည့်ရှိကြပါတယ်။ သည်ကနေ့ခေတ် ကလေးမိဘများကတော့ အဲဒီ (သူတို့အထင်) မဟုတ်က ဟုတ်ကတွေထက် “Bar Bar Black Sheep, have you any wool?” တို့၊ “One little, two little, three little Indians…” တို့ကိုပဲ မပီကလာဆိုတာကို ပိုပြီး သြဘာကျကြပါတယ်။ ဘာသာစကားအခြေခံကို အာရုံစိုက်နေပြီး ယဉ်ကျေးမှုဓလေ့လေးတွေကို မေ့နေကြတာကိုး။ သူတို့အမေတွေကိုယ်တိုင်က ဆွမ်းအုပ်နီနီရွက်ဖို့ နေနေသာသာ တစ်နှစ်နေလို့မှ ဘုန်းကြီးကျောင်းတစ်ခေါက် မရောက်နိုင်တဲ့အစားတွေ ဖြစ်နေတာလည်း ပါတာပေါ့။

ဘာသာရယ် စာပေရယ် ယဉ်ကျေးမှုရယ်ဆိုတာ ဖိုခုံလှောက်ဆိုင်သလို ထောင့်စေ့မှသာ ကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို မြတ်နိုးတတ်တဲ့၊ မြန်မာဆန်ဆန် ယဉ်ကျေးလိမ်မာတဲ့ လူငယ်ကလေးတွေ ဖြစ်လာမှာ မဟုတ်ပါလား။ အခုလက်ရှိ မိဘနေရာ ရောက်နေတဲ့သူတိုင်းဟာ ကိုယ်ငယ်ငယ်က ဘယ်လိုကြီးပြင်းခဲ့ရတယ်။ အခု ကိုယ့်ရင်သွေးကလေးတွေ ဘယ်လို ကြီးပြင်းနေကြတယ်ဆိုတာ နည်းနည်းပါးပါး အကဲခတ်ကြည့်သင့်ပါတယ်။ တော်တော်ပြောင်းလဲသွားတာ သိသာပါလိမ့်မယ်။

“မာမား နင့်ပါးစပ်ပိတ်ထားစမ်း။ နားညီးတယ်။” ဆိုတဲ့စကားမျိုးပြောထွက်တဲ့ ကလေးတွေ မြင်ရကြားရလွန်းလို့ ရိုးတောင်နေပြီ။ ကိုယ့်အိမ်က သမီးတောင်မှ သူ့အဖေကို “အလုပ်ထွက်မှာလား။ မထွက်ဖူးလား။ ဒါပဲပြော။” လို့ မျက်နှာထားတင်းတင်းနဲ့ ရာဇသံပေးတတ်နေမှဟာ။ ဒီလိုဖြစ်ကုန်ရတဲ့ အကြောင်းရင်းကို ပြန်တွေးကြည့်လိုက်တော့ ကျောင်းတွေမှာသွားတွေ့မိပါတယ်။

မဆီမဆိုင် ကိုယ့်သားသမီး ကိုယ်မနိုင်တိုင်း ကျောင်းက ဆရာဆရာမတွေ ဆွဲဆွဲထည့်နေတယ်လို့ မထင်စေချင်ပါဘူး။ ဆရာတွေကို ပြောချင်တာထက် စံနစ်ကိုသာ ပြောချင်ပါတယ်။ မူလတန်းကျောင်းသားလေးတွေရဲ့အရွယ်ဟာ ဆယ်တန်းကျရင် မြန်မာတစ်နိုင်ငံလုံး ပထမရဖို့ စာကျက်နည်းကို အခုကတည်းက အသားသေအောင်ကျင့်ရမယ့် အရွယ် မဟုတ်ပါဘူး။ ကလေးဘ၀က လွန်မြောက်လို့ လူငယ်ဘ၀ကိုရောက်လာတဲ့အခါ သူ ဘယ်လိုလူငယ်မျိုး ဖြစ်လာမှာလဲဆိုတာကို ပျိုးထောင်ယူရဖို့က အဓိက လို့ ထင်မိပါတယ်။

ကျောင်းမှာရေးတဲ့ ၀လုံးတွေကို မလှမှာစိုးလို့ အိမ်မှာလည်း ဆရာခေါ်သင်ပြီး ၀လုံးတွေချည့် ဆက်ရေးခိုင်းနေမယ်ဆိုရင် ဘ၀ဆိုတာ ၀လုံးရေးဖို့ သက်သက်တော့ မဟုတ်ဘူးလို့ သတိရစေချင်ပါတယ်။ လက်တွေ့သိမြင်သလောက် မူလတန်းပညာရေးလောကဟာ မိဘရော ဆရာရော ကျောင်းသားပါ စာမေးပွဲမှာ အမှားပါမလာခဲ့စေနဲ့။ အမှတ်ပြည့်ရခဲ့ပစေ ဆိုတဲ့ ဦးတည်ချက်နဲ့ လှော်ခတ်နေကြတယ်ဆိုရင် ဟုတ် မဟုတ် ကိုယ့်ဘာသာပဲ စဉ်းစားကြည့်ပါတော့။

ကလေးလေးတစ်ယောက် ကျောင်းနေပြီဆိုကတည်းက အဖေအမေရော၊ အဘိုးအဘွားပါ နေ့စဉ်နဲ့အမျှ အာရုံစိုက်နေကြတာက “ကလေး စာလိုက်နိုင်သလား။ စာမေးပွဲဖြေနိုင်သလား။ အမှတ်ပြည့် ရပါ့မလား။” ဆိုတာပါပဲ။ “ကလေးကျောင်းမှာ ပျော်ရဲ့လား” လို့ ဘယ်သူမှ သတိမထားမိကြပါဘူး။ သူငယ်တန်းကို ကျူရှင်ထားရုံတင် မဟုတ်ဘူး။ အိမ်မှာ ဂိုက်ပါခေါ်ပေးထားတယ်ဆိုတဲ့ ခပ်ကြောင်ကြောင် မာမီတွေ ဖောချင်းသောချင်းပါ။

ကလေးလေးတွေရဲ့ဘ၀မှာ ကျောင်းမနေခင် ငါးနှစ်လုံးလုံး အိမ်ကမိဘဘိုးဘွားရင်ခွင်မှာ သင်လို့တတ်လို့ ရသလောက် သင်ခဲ့လေ့လာခဲ့ပြီးပါပြီ။ ကျောင်းဆိုတာ သူတို့အိမ်ကနေ ပထမဦးဆုံး အပြင်လောကကို စ ထွက်လာတဲ့ ပတ်ဝန်းကျင်အသစ်ကလေး တစ်ခုပေါ့။ ဒီအချိန်မှာ သူတို့ကို လွှမ်းမိုးနိုင်တာ အိမ်ကမိဘထက် ကျောင်းကဆရာမ၊ သူငယ်ချင်းတွေက ပိုပါတယ်။ မိဘတွေအနေနဲ့ကတော့ ကိုယ့်ရဲ့လွှမ်းမိုးမှုကို တစ်ထစ်လျှော့ပေးရတော့မှာပေါ့။

သူ့ဘ၀မှာ တစ်သက်လုံး အိမ်ထဲမှာပဲ ရင်အုပ်မကွာထားလို့ မရနိုင်တာကြောင့် ဘယ်ပတ်ဝန်းကျင်မှာမဆို အဆင်ပြေအောင် နေထိုင်တတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့၊ အမှားအမှန်ကို ကိုယ့်ဘာသာ ဝေခွဲတတ်ဖို့ သင်ကြားယူရမယ့် အချိန်ဖြစ်ပါတယ်။ ကိုယ်တိုင်ကျောင်းဆရာ ဆရာမဖြစ်နေတဲ့ မိဘများတောင် အဲဒီအချက်ကို သတိမထားမိပဲ ကိုယ့်အတ္တနဲ့ ကလေးကို အစောင့်ရှောက်လွန်နေမိရင် ဖွံ့ဖြိုးမှုတွေ ထိခိုက်ပြီး သူ့ဘ၀တစ်သက်တာမှာ အဆင်မပြေ အဆင်မချောမှုတွေ ရင်ဆိုင်လာရတတ်ပါတယ်။ မင်းက ဘယ်လောက်သိလို့တတ်လို့ ဆရာတွေကိုကျော်ပြီး ဆရာပြန်လုပ်ချင်ရတာလဲဆိုရင် မသိခဲ့ မတတ်ခဲ့ မှားခဲ့လို့ ကိုယ်တိုင်ရလာတဲ့ ဘ၀သင်ခန်းစာတွေကို မျှဝေနေတာပါ လို့ပဲ ပြောချင်ပါတယ်။

ကိုယ့်ရဲ့ ငယ်စဉ်ကလေးဘ၀ဟာ မိဘက တကောက်ကောက် လိုက်ပြီး စောင့်ရှောက်နေတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ အိမ်မှာအလုပ်များနေရင် ကျောင်းလာကြိုဖို့ မေ့နေတတ်လည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ယောင်္ကျားလေးကျောင်းမို့ ကလေးချင်း အနိုင်ကျင့်တာတွေရှိခဲ့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြဿနာကို ရှောင်တတ်ရှင်းတတ်သွားပါတယ်။ အဲဒီအချိန်တုန်းက စာသင်ကျောင်းက ဘာတွေသင်သလဲ ကိုယ့်ဘာသာတောင် သိပ်မမှတ်မိတော့ပါဘူး။ ဒါရေးဆို ရေးလိုက်၊ ဒါကျက်ဆို ကျက်လိုက်၊ ပြန်မေးရင် ဖြေလိုက်နဲ့။ ခေါင်းထဲဘာမှ မကျန်။ မှတ်သားမိသမျှတွေကတော့ လူတွေ လူတွေ၊ ကိုယ်မသိသေးတဲ့ လောကကြီးအကြောင်းတွေ၊ လှုပ်ရှားမှုတွေနဲ့ တုန့်ပြန်မှုတွေ (Action and Reaction)၊ အဲဒါတွေပဲ မပြတ် သင်ယူမိသလို ရှိပါတယ်။

ဒီအချိန်မှာ ကောင်းကောင်းပဲ့ပြင်ပေးသွားတာကတော့ စာမေးပွဲမှာ ဘယ်တုန်းကမှ မမေးတဲ့ လောကနီတိဆိုတာရယ်၊ လူမှုရေးသင်ခန်းစာဆိုတာတွေရယ်ပါ။ ဒီအသက်ဒီအရွယ်အထိ ကိုယ့်ခေါင်းထဲမှာ စွဲကျန်ရစ်ခဲ့တဲ့ ဆရာတွေကလည်း အတန်းထဲဝင်လာရင် သင်ပုန်းပေါ်မှာ စာတွေရေးပြီး လိုက်ရေးကြ၊ မပြီးရင် အရိုက်ခံရမယ်။ စကားများသံကြားရင် ခုံပေါ်တက်မတ်တပ်ရပ်ရမယ် ဆိုတဲ့ ဆရာမျိုးထက် ကိုယ့်ကို လူရာသွင်းပြီး နံမယ်ခေါ် စကားပြောတဲ့သူ၊ အိမ်စာပြီးပြီလား။ မနက်ဖြန် ၀ါဆိုသင်္ကန်းကပ်ဖို့ အိမ်ကပိုက်ဆံယူခဲ့ကြဆိုတာမျိုးထက်ပိုပြီး စကားစမြည်ဆိုတဲ့သူတွေကိုသာပါပဲ။

မူလတန်းပြ ဆရာ ဆရာမကလေးတွေရဲ့ တာဝန်ဟာ ကလေးလေးတွေရဲ့ ဘ၀တသက်တာ ပညာရေးကိုသာ မျိုးစေ့ချပေးတာ မဟုတ်ပဲ သူတို့ကလေးတွေရဲ့ လူမှုရေး၊ အတွေးအမြင်၊ စာရိတ္တ၊ ခံယူချက်၊ အကုန်လုံးမှ အကုန်လုံးနီးပါး ပျိုးထောင်ပေးနေတယ် လို့ ခံယူထားစေချင်တာပါပဲ။ အဲဒီအရွယ်ဆိုတာ ဖော့ဖယောင်းကလေးများလို ပုံသွင်းလို့ အကောင်းဆုံး အချိန်အခါ မဟုတ်လား။ အရိုးရင့်လာတော့မှ ပြုပြင်ချင်ရင် ချိုးဖဲ့ယူနေရတတ်တယ်။ ထွင်းဖဲ့ထုတ်ပစ်ရတတ်တယ်။ အဲဒီအချိန်အပိုင်းအခြားကာလမှာ အိမ်ကမိဘများကတော့ ကိုယ့်သားသမီးမို့ ရင်အုပ်မကွာ မျက်ခြေမပြတ် ရှိကြပေမယ့် ကနေ့ခေတ် ဆရာလေး ဆရာမလေးများ အနေနဲ့ သင်ကြားရေးအပိုင်းကို ပဲ့ပြင်မှုအပိုင်းထက် ပိုပြီး အာရုံစိုက်နေတာ တွေ့မိပါတယ်။ အကျိုးဆက်ကတော့ အခုလူလားမြောက်နေတဲ့ ကိုယ့်အရွယ်တွေလို ပညာတတ်ပြီး သုံးမရတဲ့၊ တိုင်းပြည်အတွက် အားမကိုးလောက်တဲ့၊ အတ္တဗဟိုပြုလူလတ်တန်းစားတွေ၊ အများအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ပုဆိန်ရိုးတွေထွက်ထွက်လာတာဖြစ်ပါတယ်။ နောင်လည်း သည်လိုပဲ ဆက်ဖြစ်နေဖို့ အလားအလာ မြင်မိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ဆရာဆရာမများကိုယ်တိုင်တောင် လူရာမ၀င်၊ လူတန်းမစေ့၊ ဘ၀ရှေ့ရေး မရေရာတဲ့ ပညာရေးလောကကိုစွန့်ပြီး ဈေးတောင်းခေါင်းရွက်ရနိုး၊ အိမ်နောက်ဖေးရော အိမ်ရှေ့ပါ ဈေးဆိုင်တည်ရကောင်းနိုးနိုး ဖြစ်ကုန်ကြပြီကိုး။

အနာဂတ်နိုင်ငံတော်ကြီးတိုးတက်အောင် ပြုပြင်ပြောင်းလဲဖို့အတွက် ခေါင်ကမိုးမလုံတာ တက်ဖာလိုက်၊ တံစက်မြိတ်က မိုးယိုတာ ဆင်းခံလိုက် လုပ်နေရုံနဲ့ မပြီးသေးပါဘူး။ မူလတန်းကလေးအရွယ်လေးကတည်းက အပြစ်အနာအဆာ ကင်းတဲ့ အုတ်မြစ်ကလေးတွေချဖို့လည်း လိုပါလိမ့်ဦးမယ်။

အဘိုးတို့အဘွားတို့လက်ထက်က ဘုန်းတော်ကြီးသင်ပညာရေးစံနစ်နဲ့လည်း တစတစ အလှမ်းကွာဝေးသွားတာ ကြာခဲ့တော့ ခေတ်ကာလလူငယ်ကလေးများဟာ ဘုန်းကြီးရဟန်းနဲ့ အဆင်ပြေအောင် စကားစမြည် မပြောတတ်တော့ပါဘူး။ ဘာသာရေးအဆုံးအမတွေနဲ့လည်း အလိုလို စိမ်းလာတော့တာပေါ့။

ဘွဲ့လွန်တက်တုန်းက ၀ဒ်ရောင်းနေတုန်း ပိုးဟပ်တစ်ကောင် ကိုယ့်ဘက်ထွက်ပြေးလာတော့ မမကြီးက “ဟဲ့ ဟဲ့။ ပိုးဟပ်ကြီး ပိုးဟပ်ကြီး။ နင်းပလိုက်။ နင်းပလိုက်။ သြော် နင်းလိုက်ပါဆိုမှ နင်ကလည်း ဒါလေးတောင် သတ္တိမရှိဘူး။” လို့ အမာန်ခံရပါတယ်။ ဘူတန်ရောက်သွားတော့ အလားတူကြုံရတဲ့အခါ သူနာပြုကလေးတွေက “ဆာ ဆာ။ မလုပ်နဲ့ မလုပ်နဲ့။ ခနနေ သန့်ရှင်းရေးသမား ခေါ်လိုက်မယ်။ သူများအသက်သတ်တယ်ဆိုတာ ငရဲကြီးတယ်။” လို့ ပြောတယ်။

ကိုယ်တွေတုန်းက သုံးဆယ့်ရှစ်ဖြာမင်္ဂလာတို့၊ မပုကြွယ်နဲ့ ခရုငယ်တို့ ဘယ်လိုသင်ခဲ့ရသလဲပြန်တွေးမိပါသေး။ သမီးတို့ခေတ်မှာတော့ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ဆိုတာ အလွတ်ကျက်လို့ ရရင် ပြီးပြီလို့ မှတ်နေတုန်း။ အိမ်မှာ ဆွမ်းပင့်ဆွမ်းကပ်လုပ်ရင်တောင် တရားနာ၊ ရေစက်ချ၊ ဘုန်းကြီးအနား ငုတ်တုတ်ထိုင်ဖို့က လူကြီးတွေနဲ့ပဲဆိုင်တာကျလို့။ သူ့ခေါ်ထိုင်ခိုင်းရင်တောင် ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့နေပြီး သာဓုခေါ်တာနဲ့ ၀မ်းသာအားရ ထပြေးတတ်တယ်။

ငယ်ငယ်က ကျောင်းအချိန်ဇယားထဲမှာ ပီတီချိန်တို့၊ ဖွံ့ဖြိုးရေးအချိန်တို့ တစ်ပါတ်ကို နှစ်ရက်ထည့်ဆွဲထားတာကို ဆရာတွေ စာမသင်ချင်လို့ အနားယူကြတဲ့အချိန်လို့ မှတ်ထားခဲ့ပါတယ်။ အဲသလိုတော့ မဟုတ်ပါဘူး။ ဆရာတစ်ယောက်ယောက်က လာပြီး ကျောင်းသားတွေကို ကစားကွင်းထဲ ခေါ်ဆော့ခိုင်းချင် ဆော့ခိုင်းတယ်။ သမိုင်းပုံပြင်တွေ ပြောချင် ပြောပြတယ်။ သုံးမြှောင့်ဖန်တုံးကလေးနဲ့ စက္ကူဖြူကလေးတစ်ချပ်ယူပြီး သက်တန့်ကလေးထောင်ပြချင်ပြတယ်။ သီချင်းကလေးတွေ သင်တဲ့အခါလည်း သင်ပေးတယ်ဗျ။ အရေမရ အဖတ်မရအချိန်လို့ ကိုယ့်ဘာသာထင်ခဲ့မိတဲ့ အချိန်ကလေးတွေဟာ အခုချိန်ကျမှပဲ ကိုယ့်ကို ဖွံ့ဖြိုးအောင် လုပ်ပေးတဲ့အချိန်မှန်း နားလည်မိပါတယ်။

ကိုးတန်း ဆယ်တန်းရောက်တဲ့အခါ ဆရာတစ်ယောက်က သူ့အချိန်ဆို ညစ်တီးညစ်ပတ်တွေချည့် နားမခံသာအောင် ပြော၊ ကျောင်းသားတွေက တ၀ါးဝါးနဲ့ ရယ်၊ ချောင်းနားထောင်တဲ့ အပျိုကြီးဆရာမတွေက ကလေးတွေကို မဟုတ်တာတွေ သင်နေတယ်ဆိုပြီး စိတ်တွေဆိုးကြနဲ့။ အဲဒါ မြီးကောင်ပေါက်တွေအတွက် လိင်ပညာပေးသင်ခန်းစာမှန်း မသိခဲ့ပါဘူး။ အဲသလိုမျိုး ကျောင်းစာနဲ့မဆိုင်တဲ့ ပေါက်ပန်းဈေးတွေကို အချိန်ယူသင်ကြားနေလို့လား မသိပါဘူး။ ကျွန်တော်တို့ စိန်ပေါကျောင်းက ဆေးကျောင်းဝင်တဲ့သူဆိုတာ တစ်နှစ်တစ်နှစ်ကို ငါးယောက်ထက်မနည်း ဆယ်ယောက်ထက်မပို ထိန်းထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် ဘယ်နေရာ ဘယ်ဘ၀ပဲရောက်ရောက် ဘယ်သူ့မေးမေး စိန်ပေါမှာ ကျောင်းတက်ရတာ မပျော်လားဆိုရင် ပျော်တာပေါ့ အမေရယ် ချည့်ပဲ။ ဆရာဝန်မဖြစ်လည်းပဲ ဖြစ်ရာဘ၀မှာ အဆင်ပြေအောင် နေနိုင်ကြတဲ့သူချည့်ပဲ များပါတယ်။ တီဗီထဲမှာ နှစ်တိုင်း ဆုတွေရနေတဲ့ကျောင်းတွေနဲ့တော့ မတူလေဘူးပေါ့။

သည်ကနေ့ခေတ်မှာ အောင်ချက်ကောင်းကောင်းနဲ့ တွန်းတင်လာပြီး ဆေးကျောင်းမှာ လာလာတစ်လို့ ဆရာ မိဘ ကျောင်းသား သုံးဦးသုံးဖလှယ် စိတ်ပင်ပန်းဆင်းရဲခြင်း ကြီးစွာဖြစ်ရတဲ့ကျောင်းသားတွေ တွေ့တွေ့လာရပါတယ်။ တခြားတခြားသော တက္ကသိုလ်ကောလိပ်က ဆရာဆရာမများလည်းပဲ မည်သို့မျှ မတတ်နိုင် တပည့်မျိုးတွေ တွေ့ကြကြုံကြဖူးမှာ မလွဲပါ။

အရာရာမှာ ရလပ်ဗဟိုရ်ပြုတဲ့ ပညာရေးစံနစ်မှာ ကလေးတွေ အောင်ချက်ကောင်းဖို့၊ အမှတ်များနိုင်သမျှများဖို့၊ ကိုယ့်ကျောင်းက စာမေးပွဲကျတယ်ဆိုတာ တစ်ယောက်မှ မရှိစေရဖို့ အားကျိုးမာန်တက် သင်ကြားပေးနေရတဲ့ ဆရာများအနေနဲ့လည်း မလိုက်နိုင်တဲ့ကျောင်းသားဆို ထားပစ်ခဲ့ရုံကလွဲလို့တခြားနည်းမရှိပါဘူး။

မြန်မာလူငယ်ကလေးတွေကလည်း တော်တော်စာကျက်နိုင်ကြပါတယ်။ စက်ရုပ်ကလေးတွေလောက်ကို ကျက်နိုင်တယ်။ အမှတ်တွေလည်း မိုးပျံနေအောင် ရကြတယ်။ သူတို့ခေါင်းထဲမှာ ဘာတွေရှိသလဲ စိတ်ဝင်စားတဲ့သူတစ်ယောက်ယောက်များ တွေ့ချင်စမ်းပါတယ်။

မှတ်ဥာဏ်ထက် ခံစားနိုင်စွမ်း၊ တွေးတောနိုင်စွမ်းကို ဦးစားပေးတတ်တဲ့သူ တစ်ယောက်ယောက်များ တွေ့ချင်စမ်းပါတယ်။

“၀ါဆိုဝါခေါင် ရေတွေကြီးတော့ သပြေသီးမှည့် ကောက်စို့ကွယ်။” ဆိုတာ သားသားမီးမီးတို့ အလွတ်ကျက်ဖို့သက်သက်လား၊ ခရာဆူးခြုံ ဟိုအထဲက မျှော့နက်မည်းကြီးကို မကြောက်အောင် သင်ပေးဖို့လား ဆိုတာ ရေရေရာရာ သိတဲ့သူ တစ်ယောက်ယောက်များ တွေ့ချင်စမ်းပါလှတယ်။

သည်စာကလေးနဲ့ ငယ်ဆရာ ဆရာမများနဲ့ ဆရာကြီး မင်းသုဝဏ်ကို ရည်မှန်းဦးတင်လိုက်ရပါတယ်။


~

တော်ပါသေးရဲ့

0 comments

~




ကာတွန်း - ATH
facebook.com/cartoonistath


~

လူသိမများသေးတဲ့ ဦးမြင့်ဆွေ

1 comments

ဧပြီလ အခမ်းအနားတခုမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)

ဦးမြင့်ဆွေက မကြာခင် ဒုသမ္မတတာဝန် ယူရတော့မယ့်သူပါ။
သူ့လုပ်ရပ်များနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်အများအပြားကိုတော့ အင်တာနက်မှာ ဖတ်ပြီးကြပြီးဖြစ်မှာပါ။
စစ်တပ် နဲ့ ကာကွယ်ရေးဦးချုပ်ကတော့ သူ့ကို ထိုးတင်လိုက်ပါပြီ။
ဦးမြင့်ဆွေ အရပ်သားအစိုးရလက်ထက်မှာ တိုင်းဝန်ကြီးချုပ်အဖြစ် ကာလအတန်ကြာ ဘာတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာတွေကိုလည်း မကြာခင် ပြောဆိုရေးသားကြတော့မယ်လို့ ယူဆရပါတယ်။

ပေါ်ပေါက်လာမယ့် ဒုသမ္မတဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်မယ့်သူ ဖြစ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်ကပဲ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အရပ်သားအစိုးရလက်ထက် ယူနီဖောင်းပြောင်းဝတ်ထားတဲ့ အစိုးရခေါင်းဆောင်များနဲ့ အလွတ်သဘော၊ အလုပ်သဘော တွေ့ဆုံပြီးပါပြီ။

ဦးတင်အောင်မြင့်ဦးနဲ့တော့ မတွေ့ဖြစ်ခဲ့ပါဘူး။

ဒုသမ္မတ ဖြစ်လာတော့မယ့် ဦးမြင့်ဆွေနဲ့ ဧပြီလက ရန်ကုန်မြို့ ဥရောပသမဂ္ဂရုံးသစ်ဖွင့်ပွဲမှာ တွေ့ခဲ့ကြပါတယ်။ နုတ်ခွန်းဆက်စကား သို့မဟုတ် မိတ်ဆက်စကားပဲ ဆိုဖြစ်ခဲ့ကြမယ်လို့ ယူဆရပါတယ်။


ဧရာဝတီအွန်လိုင်းမှာလည်း ဦးမြင့်ဆွေ နဲ့ ပတ်သက်ပြီး ခန့်မှန်းချက်၊ သုံးသပ်ချက်များကို ထည့်သွင်းခဲ့ပြီးဖြစ်ပါတယ်။

သတင်းသုံးသပ်ချက်

ဦးမြင့်ဆွေ ဒု-သမ္မတ ဖြစ်လာမလား





ဆန္ဒပြနည်း နိဿရည်း

0 comments

~
-




ဆန္ဒပြနည်း နည်းဥပဒေ ထွက်လာပါပြီ။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေများ ဆိုပြီး ဒီကနေ့ အစိုးရအာဘော် သတင်းစာမှာ တွေ့ရမှာပါ။

စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံမှာ စည်းကမ်းတကျ ဘယ်လို ဆန္ဒပြခွင့် ရှိသလဲ ဆိုတာ လေ့လာနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

စာမျက်နှာ - ၁

စာမျက်နှာ - ၂


~-


ဦးမြင့်ဆွေ ဒု သမ္မတ

1 comments

~


ဧပြီလ ရန်ကုန် ဥရောပသမဂ္ဂရုံးဖွင့်ပွဲမှာ တွေ့ရတဲ့ ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)

လစ်လပ်နေတဲ့ ဒုသမ္မတ နေရာအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တော်တွေက ဒီကနေ့ အဆိုပြုလိုက်ပါတယ် ...

ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်ရဲ့ အတည်ပြုခန့်အပ်ချက် လိုပါသေးတယ်။ ဒါပြီးရင်တော့ ဦးမြင့်ဆွေက
ဒု သမ္မတ တရားဝင် ဖြစ်လာမှာပါ။

လောလောဆယ်တော့ ဦးခင်အောင်မြင့် ခရီးထွက်နေပါတယ်။

ဦးမြင့်ဆွေက ရန်ကုန်တိုင်း ဝန်ကြီးချုပ် နေရာကို စွန့်လွှတ်ရမှာပါ။ အဲဒီနေရာ ဘယ်သူ့ကို တင်မြှောက်မယ် မသိသေးပါ။

သတင်းပေးပို့ချက် အပြည့်အစုံကို ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖော်ပြမှာ ဖြစ်ပါတယ်။


~

အခြေခံဥပဒေထဲက ဒုသမ္မတများ

1 comments

~


(photo: Xinhua)

မြန်မာပြည်မှာ ဒုသမ္မတ ၂ ယောက် ရှိရမယ်၊ သူတို့က
ပြည်ထောင်စုအစိုးရအဖွဲ့
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ဘဏ္ဍာရေးကော်မရှင်
တို့မှာ တာဝန်ယူရမယ်လို့
အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

အခြေခံဥပဒေ အပိုဒ် ၅၇ မှာ "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်" လို့ ဆိုထားသလို

၄၁၈ မှာလည်း ဒီလို ဆိုထားပါတယ်။
နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာရင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်ရမယ်။ လွှတ်တော်တွေ ရပ်ရမယ်၊
"နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်" တဲ့။

မကြာသေးခင်ကာလ အထိတော့ ခေါင်းဆောင် ၃ ဦးက အခုလို ဖြစ်ပါတယ် -
ဦးသိန်းစိန် -
သမ္မတ
သီဟသူရ ဦးတင်အောင်မြင့်ဦး -
ဒုသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း - ဒုသမ္မတ

ဦးသိန်းစိန်က အကြောင်းတခုခုကြောင့် တာဝန်မထမ်းဆောင်နိုင်တော့ဘူး ဆိုရင်
ဒုသမ္မတ တယောက်က ဦးသိန်းစိန်နေရာမှာ ယာယီတာဝန်ယူရပါမယ်။

ဒီအကြောင်း အပိုဒ် ၇၃ မှာ ဒီလို ဆိုထားပါတယ် - "သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံး ရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်"

ဒုတိယမဲအများဆုံး ရခဲ့တာ
ဦးတင်အောင်မြင့်ဦး ပါ။ သူက လိုအပ်ရင် သမ္မတ တာဝန် ယူရမယ့်သူပါ။ အခု သူ နုတ်ထွက်ပါပြီ။

ဒါကြောင့် လိုအပ်ရင် သမ္မတ တာဝန် ယူရမယ့်သူက ဒေါက်တာစိုင်းမောက်ခမ်း ဖြစ်လာမှာပါ။

ဦးတင်အောင်မြင့်ဦး နေရာမှာ အစားဝင်လာမယ့်လို့ ယူဆရတဲ့ ဦးမြင့်ဆွေက
ဒေါက်တာစိုင်းမောက်ခမ်းနောက်ကို ရောက်သွားပါလိမ့်မယ်။


-

လေဖြတ်ခြင်းကို ကာကွယ်နိုင်မယ့် ရေနွေးကြမ်း .....

0 comments



ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများ ငယ်စဉ်တည်း ကသောက်ခဲ့ကြသည်။ နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင် ရှိခဲ့သည်။ ဧည့်သည် လာလျှင် ရေနွေးကြမ်းအရင်ချ ပေးသည်။

ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း။

လျှာ တွင်အရသာတွေ့သည်မှာ မွေးက တည်းက၊ လူမှန်းစသိကတည်းက အဖိုး၊ အဘတို့နှင့် သောက်ခဲ့ သော 'အခါးရည်' လည်းကောင်း၊ 'အဖန်ရည်' ဟုလည်းကောင်း ခေါ်ကြသည် ရေနွေးကြမ်းးကို သာကြိုက်ပါသည်။

တစ်ကယ်တော့ ထမင်းစား ပြီးလျှင် သို့မဟုတ် အစာများများ စားပြီးလျှင် အချိုရည်သောက် သူနှင့် ရေနွေးကြမ်းသောက် သူတို့မှာ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် အစာအိမ်သက် တမ်းရှည်မှု မတူညီကြ ပါ။

တိုင်းရင်းဆေးပညာရှုထောင့် တွင်ဖြစ်စေ၊ အိန္ဒိယမှလာသော အာယုဗေဒဆေး ပညာတွင်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဖို့အတွက် 'ဝမ်းမီး'လိုသည်။ 'ဝမ်း မီး'ကိုဒေသန္တရ ဆေးပညာ တွင် 'ပါစကတေဇော' ဟုလည်း ခေါ်သည်။

'ဝမ်းမီး'မှာ ဝမ်းထဲမှမီးဖြစ် သည်။ ရေအေးနှင့်လောင်းလျှင် မီးငြိမ်းသွား မည်ဖြစ်သည်။

'ပါစကတေဇော'သည် စာကိုလောင်မြိုက်ပြီး ကြေကျက် အောင်ချက်ပြီးသော တေဇော ဖြစ်၍ပူသော တေဇော (ဥဏှတေ ဇော)ဖြစ်ပြန်သည်။

ပူသော တေဇော၏ ဆန့်ကျင်ဘက်မှာ အေးသောတေဇော

(သီတတေ ဇော) ဖြစ်သည်။ အေးသောရေ၊ ရေခဲရေ၊ အချိုရည်တို့မှာ အေး သောအရသာရှိသဖြင့် 'သီတ' အစာဖြစ်သည်။ အစာကြေစေသော အပူဆန့်ကျင်ဘက်လောင်း ထည့်လိုက်လျှင်မည်သို့ဖြစ်မည် နည်း ရှင်းပါသည်။

အစာမကြေ နိုင်တော့။ မကြေသည့်အပြင် ပါစကတေဇော ပျက်မည်ဖြစ်လေ သည်။

ပူလိုက်အေးလိုက်ဖြစ်ပါ များလျှင် အစာအိမ်ပျက်စီးသည်။

အစာအိမ်ပျက်စီးလျှင် ရောဂါ တစ်ခုခုရမည်မှာ သေချာသည် ရနိုင်သောရောဂါများမှာ-
(၁)အစာမကြေရောဂါ
(၂)အစာအိမ်ရောင်ရောဂါ
(၃) အချဉ်ပြန်ရောဂါ
(၄)အစာအိမ်အချဉ်ပေါက်ရောဂါ
(၅) အစာအိမ်အနာပေါက်ခြင်း
(၆) အစာအိမ်ကင်ဆာ စသော ရောဂါများဖြစ်နိုင်လေသည်။

ရိုးရာဆေးပညာ၊ အာယု ဗေဒ ဆေးပညာအလိုအရ 'ရောဂါ မှန်သမျှသည် အစာမကြေမှစ သည်' ဟုဆိုသည်။

အနောက်တိုင်းဆေးပညာများ တွင် မကြာသေးမီကမှ ဖတ်လိုက် ရသည်မှာ အစာစားပြီး အချိုရည် နှင့်သံဗူးများ၊ ဂက်စ်ပါသော အချိုရည်သောက်သုံးလေ့ရှိသူများမှာ စားထားသမျှထဲမှ အဆီဖတ် များကို အေးပြီးခဲအောင်
ပြုလုပ် လိုက်သဖြင့် ချေဖျက်ရန်ခက်ခဲပြီး 'ဆီးချို”ရောဂါဖြစ်ဖို့ လမ်းစ ဖြစ်လာနိုင် သည်။

ထို့အပြင် ထို အက်ဆစ်ဖတ်များ ကိုအဟာရအဖြစ် အူသိမ်မှ စုပ်ယူရာမှ သွေးကြော များအတွင်း ရောက်ရှိပြီး သွေး တွင်းအဆီ ထုတက် လာလေသည်။

သွေးတွင်း အဆီထုတက်လာသူ များမှာ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါများ ခံစားရလေ့ရှိပြီး အခန့်မသင့်သော တစ်နေ့တွင် အဆီခဲ ပတ်ထွက်မျောပါသွားပြီး ဦးနှောက်အတွင်းသို့ရောက်ရှိပြီး ရုတ်တရက် မူးပြီးလဲကျခြင်း၊ ဦး နှောက်အတွင်း သွေးခဲပိတ်၍ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊ လေဖြတ်ခြင်းများ ပါဖြစ်နိုင် သည်။

စာရေးသူလေဖြတ်သူများကို နှစ်ပေါင်း(၂ဝ)ကျော်ကုသလာခဲ့သည့် အတွေ့ အကြုံများအရလည်း လေ ဖြတ်သူ အတော် များများမှာ ဆီးချို နှင့်သွေးတိုး ရောဂါရှိခဲ့ကြပြီး ရေခဲ ရေ၊ အချိုရည်ကို ထမင်းစားပြီးတိုင်း သောက်လေ့ ရှိသူများဖြစ် သည်ကို တွေ့ရပြန်ပါသည်။

ရေနွေးကြမ်းနှင့်ပတ်သက်ပြီး ပြန်လည် ကောက်ချက်ချ ရမည်ဆို လျှင် ကျေးလက်တော ရွာများ တွင်၊ မြို့ကြီး ပြကြီးများ၌နေ ထိုင်သူများ လောက် လေဖြတ်သူမများရခြင်း အကြောင်းအရင်း များတွင် ရေနွေးကြမ်း သောက် သောဓလေ့ သည်လည်း တစ်ခု အပါအဝင်ဖြစ်နိုင်ပါသည်။

တော နယ်များတွင် ဆင်းရဲသား လယ် သမား၊ ယာသမားများဘဝတွင် အချိုရည်၊ ရေခဲရည်လည်း မသောက်နိုင်ကြပါ။

တရုတ်ပြည်မှ ရှေးနှစ်ပေါင်း များစွာ(အေဒီ-၆ဝဝ)ကျော်က တည်းက ဆူပွက်သောရေနွေး ထဲသို့ သစ်ရွက်ကြွေကကျရာမှ စတင်ခဲ့သော လဘက်ခြောက်ခတ် သောက်သောဓလေ့ကြောင့် အာရှ နှင့် အရှေ့တောင်ဥရောပနိုင်ငံ များတွင် အစာအိမ်နှင့်အူမကြီး ကင်ဆာဖြစ်သူ နည်းပါးသည်။

ဥရောပနိုင်ငံများမှာအဖြစ်များသော ကင်ဆာသည် အရှေ့တောင် အာရှရှိ ရေနွေမ်းကြမ်းသောက် သောနိုင်ငံများတွင် ဖြစ်ပွားမှုရာ နှုန်းနည်းသည်ကို လေ့လာတွေ့ ရှိကြသည်။

လေဖြတ်ခြင်းသည် လူမ သေသော် လည်း ဘဝဆုံးရသော ရောဂါမျိုးဖြစ်သည်။ စီးပွား ရေးအရလည်း မိသားစုတစ်ခုလုံး ငွေကုန်ကြေး ကျများပြီး နှစ်ရှည် လများထိခိုက်စေသောရောဂါ ဖြစ်သည်။ လေမဖြတ်အောင် ကြိုတင်ရှောင်ကြဖို့လိုသည်။အမှန်တော့ လေဖြတ်ခြင်းကို ကာကွယ်သည့်ဆေးဟူ၍ မရှိပါ။

သွယ်ဝိုက်သောနည်းဖြင့်သာ အကျိုးရှိနိုင်သောဆေးများကိုသာ ရောင်းနေကြခင်း ဖြစ်သည်။

လေ မဖြတ်အောင် နားရွက်နောက်မှ အကြောဖြတ်သူများလည်း တွေ့ ဖူးသည်။ အလွန်မှားသော လုပ်ရပ် ဖြစ်သည်။

နားကြောဖြတ်ပြီးမှ လေဖြတ်လာသူကို လက်တွေ့ကြုံဖူးပါသည်။ သတ္တုစပ်လက် ကောက်တစ်မျိုးကို နိုင်ငံခြားမှ လာသည့် လေမဖြတ်သည့်လက်ကောက်၊ ဤလက်ကောက်ကို ဝတ်ထားလျှင် သွေးမတိုးနိုင်ဟု ညာရောင်း နေခြင်းများလည်း ရှိသည်။

( လေဖြတ်ခြင်းမှ ကာကွယ် နိုင်သော နည်းလမ်းကောင်း တစ်ခုကိုညွှန် ပြပါဆိုလျှင် 'ရေနွေးကြမ်း' တစ် ခွက်ကိုပင် ညွှန်ပြလိုပါသည်။)

သင် လေဖြတ်ခြင်းမှကာကွယ်သော ဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီး တိုင်း ရေနွေးကြမ်း တစ်ခွက် သောက်ပါ။

အစာစားပြီး တိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက် ရေနွေးကြမ်း သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကို လည်း ကာကွယ်ပြီး သွေးတွင်းအဆီကျ စေသည့်အပြင်လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေး ကျနည်းသော ဆေးကောင်းဖြစ် ကြောင်းရေးသားလိုက်ရပါသည်။

SHADE Journal


HREIB နှင့် မြန်မာလူ့အခွင့်အရေး ကော်မရှင် ရန်ကုန်တွင်တွေ့မည်

0 comments

HREIB ညွန်ကြားရေးမှူး ကိုအောင်မျိုးမင်း

ပြည်ပ အခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံ (HREIB) က အစိုးရသစ်က ဖွဲ့စည်းပေး ထားသော မြန်မာ လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေး တိုးမြှင့်ဆောင် ရွက်နိုင်ရေးတို့ကို
ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

အစိုးရ လူ့အခွင့်အရေးကော်မရှင်အဖွဲ့၊ ပြည်တွင်း အခြေစိုက် ကလေးအခွင့်အရေး၊ ကလေးစစ်သားနှင့် အခြား လူ့အခွင့်အရေး လုပ်ဆောင်သူများနှင့် တွေ့ဆုံရန် HREIB ၏ ဒါရိုတ်တာ ဦးအောင်မျိုးမင်း က ယနေ့မွန်းလွဲပိုင်း Thai Airway လေကြောင်း လိုင်းဖြင့် မြန်မာနိုင်ငံ ခရီးစဉ်ကိုစတင်တော့မည်ဖြစ်သည်။ ယင်းခရီးစဉ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း သူ၏ ပထမဆုံး ဖြစ်ကြောင်း သိရသည်။

HREIB ကို ၂၀၀၀ ခုနှစ်က တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အမျိုးမျိုးကွဲပြားလျက်ရှိသော လူမှုအဖွဲ့ အစည်းများအတွင်း လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကလေးအခွင့်အရေး သင်တန်းများနှင့် လူ့အခွင့်အရေးပညာပေးနည်းပြ သင်တန်းများ အပြင် ခေါင်းဆောင်မှု၊ အခြားလူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အတတ်ပညာသင်တန်းများကိုပို့ချပေး လျက်ရှိသည်။

ထိုင်းမြန်မာနယ်စပ်တွင်အခြေစိုက် လှုပ်ရှားလျက်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် များနှင့် မြန်မာနိုင်ငံပြည်တွင်းရှိ ထိစပ်နိုင်သောဒေသများတွင် လူ့အခွင့်အရေး ပညာပေး လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိသည်။

လမ်းမပေါ်လူတွေ လမ်းတက်လျှောက်တဲ့ ရန်ကုန်

1 comments


ကျွန်တော်ပြောချင်သည်များကို ပြီးခဲ့သည့် နှစ်ရက်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်နဲ့ ဘဲစချင်ပါသည်….

လွန်ခဲ့သော နှစ်ရက်ခန့်ကဖြစ်သည်…. ကျွန်တော်.. ကျွန်တော့ မိဘများအိမ်သို့ ရောက်ခဲ့ပါသည်… အိမ်ရောက်ရောက်ချင်း …. အမေက

(သားကြီး….. အေး .. သားရောက်လာတာနဲ့ အတော်ပဲ….. နင့်အဖေ သုံးဆယ့်နှစ်လမ်းထိပ်မှာ ကားတိုက်မိလို့ တဲ့… လူကို တိုက်မိတာလို့ ပြောတယ်… အဲဒါ အခုငါလိုက်သွားမလို့….သားပါလိုက်ခဲ့လေ.. …)

သို့နှင့် ကျွန်တော်လည်းစိတ်ပူစွာ… အဖေ့ဆီသို့ လိုက်ခဲ့ရပါသည်….. အတိုက်ခံရသည့်လူဘယ်လောက်များ ဖြစ်သွားသလဲမသိသေး…သိပ်တော့ စိုးရိမ်စရာမရှိတာကို စိတ်ထဲမှတွေးမိသည်…. အချိန်က နေ့လည် နှစ်နာရီခန့်….. ဖြစ်တာက မြို့လယ်ခေါင် သုံးဆယ့်နှစ်လမ်းထိပ်…. ဘယ်လိုနည်းနှဲ့ မှ အရှိန်ပြင်းပြင်းမောင်းမရတဲ့ အချိန် နှင့် နေရာဖြစ်သည်….တိုက်မိတယ်ဆိုလျှင်တောင် အတိုက်ခံရသူ အတော်သက်သာမည်ဖြစ်သည်….လမ်းရောက်မှ အဖေက ဖုန်းဆက်သည်.. သူတို့ ဗဟိုစည်ကို သွားနေကြောင်းပြောပါသည်… သို့ နှင့်ဗဟိုစည်ကို လိုက်ရပြန်သည်….. ဗဟိုစည် မရောက်ခင်ပဲ ဖုန်းဝင်လာပြန်သည်…. ဗဟိုစည်က ဘာမှလုပ်မပေးနိုင်… ဆေးရုံကြီးကို သွားရန်ပြောပြန်သည်…. သို့ နှင့်ဆေးရုံကြီးကို လိုက်ရပြန်သည်…… ဆေးရုံကြီးမရောက်ခင်ပဲ… ဗဟိုစည်….ထိပ်က ကားမှတ်တိုင်နားမှာစောင့်နေမည်.. ဆေးရုံကြီးသို့ မသွားဖြစ်တော့ ကြောင်း ထပ်ဖုန်းဆက်ပြန်သည်.. သို့ နှင့်ဗဟိုစည်ကို ပြန်လိုက်ရသည်……။

ဗဟိုစည်ထိပ်ကို ရောက်တော့ အဖေ့ကားရပ်ထားသည်ကို တွေ့ပါသည်… ကားပေါ်တွင် အမျိုးသမီးကြီး တစ်ယောက်ထိုင်နေသည်…. ဘာမှ ပွန်းပဲ့တာမရှိ…. ခြေထောက်ကတော့ အနည်းငယ်ရောင်နေသည်…… သူ့မိသားစု ဆိုသူများလည်း ရောက်နေပါသည်….. သား… သမီး…. ချွေးမ.. မြေး… အတော်စုံစုံလင်လင် ဖြစ်သည်…. ခုနစ်ယောက်ခန့် ပါမည်…… ပြီးတော့ ရဲအင်ဖော်မာ ဆိုသူတစ်ယောက်ကလည်း ကန့်လန့်ကန့်လန့် ပါလာသေးသည်….

ထားပါလေ… ကိုယ်က တိုက်မိသည်ဆိုတော့ ကိုယ်က တာဝန်ယူရမည်ပေါ့……. ဆေးရုံကြီးသွားလျှင် ထုံးစံအတိုင်း ရဲမှုဖြစ်မည်… ပထမဆုံးရဲကို ညှိရတာ… ဘာညာ….. စသဖြင့် အတော်အလုပ်ရှုပ်ဦးမည် …..ပေးရကမ်းရ…နှင့် လေးငါးသိန်းထွက်သွားနိုင်သည်…. ဒါအနည်းဆုံးမှန်းထားတာဖြစ်သည်… ဒါထက်တောင် ပိုနိုင်သေးသည်……။

ဒါနှင့် အဖေကို မေးရသည်.. ဘယ်လိုဖြစ်တာလဲပေါ့….. အဖေက ၃၂ လမ်းထိပ် အနော်ရထာ လမ်းမပေါ်တွင်ကားထိုးရန်ကားနောက်ဆုတ်နေစဉ်…. သူမနှင့် သူမနှင့် မိသားစုက ကားထိုးနေသည့် ကြားမှဖြတ်ရွေ့ …… ပလက်ဖောင်းပေါ်သို့ တက်ခြင်းဖြစ်သည်…. သူမက နောက်ဆုံးမှ တက်ခြင်းဖြစ်သည်… အဖေက ကားကို ပြန်ခေါက်ရန်ရှေ့ အတိုး သူကလည်း ကား နှစ်စီးကြား ဖြတ် အပြေး… ကားကို ၀င်တိုက်မိသလား .. ကားက ၀င်တိုက်မိသလား မသိ… လဲကျသွားသည် ဟု ပြောပါသည်….. လဲကျကျချင်း သတိမေ့သွားပြီး ဗဟိုစည် နားရောက်မှ သတိပြန်လည် သည်ဟုဆိုသည်…ရှော့ခ်ရသွားတာလည်း ဖြစ်နိုင်ပါသည်…..။

ကဲဖြစ်တာက ဖြစ်ပြီးပြီ… ထိုမိန်းမကြီးမှလည်း …. အမှုဖြစ်လျှင် အလုပ်ရှုပ်ကြောင်း… ဆေးခန်းသွားပြလိုက်ပြီး… သူမ ရေသန့်ဘူး ပြုတ်ကျတာဖြစ်ကြောင်းပြောမည်ဟု ဆိုပါသည်…..ကျေးဇူးတင်ရပါသည်….. ဒါနှင့် ၀ါးတန်းလမ်းမှ ဆေးခန်းတစ်ခုသို့ သွားဖြစ်သည်….. ဆေးခန်းရောက်တော့ ဆရာဝန်က ခံဝန်ထိုးခိုင်းပါသည် …. ရေသန့်ဘူးပြုတ်ကျသည် မှာမှန်ကန်ကြောင်း စသဖြင့်ဖြစ်သည်…….။

ပြီး မှ… pressure တိုင်းတော့ pressure က မတရားတက်နေသည် …သွေုးတိုးရှိသည်ဟု ဆိုသည် … သွေးကျဆေးတိုက်ရသည်….သူမ၏သမီးဖြစ်သူက… (အေးပေါ့ .. ကားက ၀င်စောင့်တော့ လန့်ပြီး သွေးတွေ တက်မှာပေါ့….. ကားတွေကလည်း အရမ်းမောင်းတာကိုး..) ဟု စသဖြင့် အော်နေသေးသည်…. ခံဝန် ထိုးထားပါသည်ဆိုမှ…. သူက အမှုပိုကြီးအောင်လုပ်နေသည်…… (အမ… ကျွန်တော်တို့ ခံဝန်ထိုးထားတယ်လေ… အဲလို တွေ လျှောက်မပြောပါနဲ့ ..) ဟု တားယူရသည်..။

ထို့ နောက် သူ့ သားဖြစ်သူ နှင့်စကားပြောတော့ အတော်အဆင်ပြေသည်…… (အမေက .. အတင်းဖြတ်ပြေးတာ ပါ….. ဒန်ပေါက်စားပြိးပြန်လာကြတာလေ.. ကျွန်တော်တို့က တောင်ငူကပါ… ကျွန်တော်ကတော့ တောင်ဒဂုံမှာနေတယ် .. အမေတို့ ကတော့ နယ်မှာပေါ့ … .အမကြီးက… ရန်ကုန်မှာနေတယ်…..အခု လည်း အမဆီအလည်လာတာ.. လမ်းသုံးဆယ်က တည်းခိုခန်းမှာ တည်းကြပါတယ်အစ်ကို….ဒီနေ့ လည် နီလာ မှာ ဒန်ပေါက်သွားစာကြပြီး ပြန်လာတာ…. ဟိုဆရာကြီး (ကျွန်တော့ အဖေ) ကကားထိုးနေတာ တွေ့တယ်… အဲဒါ လွတ်တယ်ဆိုပြီး ဖြတ်ဝင်ကြတာလေ.. အမေက နောက်ဆုံးဆိုတော့ သတိမထားမိလိုက်ဘူး….. အမေက ဖြတ်အပြေး ကားက အတိုးနဲ့ ဆိုတော့ .. ကားကို ၀င်တိုးသလိုဖြစ်ပြီးလဲကျသွားတာ….. အမေက တအား အားနာတတ်တာ… လိုက်မပို့ ပါနဲ့ … ရတယ်ဆိုတာ … ဟိုဆရာကြီးက .. အတင်း ဆေးခန်းပို့ပေးမယ်လုပ်တာလေ…) ဟု ပြောသည်….။

အမှန်တော့ ဒန်ပေါက်စားပြီး သွေးကတက်…. ဒီကြားထဲ …ဖြတ်အပြေးမှာ ကားက အတိုးနှင့် ဆုံတော့ ရှော့ခ် ရပြီးလဲကျ သွားခြင်းဖြစ်သည်….. ဒါကို သူ့ သမီးက ကားက ပဲ စောင့်တိုးလို့ သွေးတက် ရသလိုလိုလုပ်နေသည်…. ဒါနှင့်ဓာတ်မှန်ရိုက်ကြပါသည် ….. ဓာတ်မှန်ခန်းရှေ့တွင်လည်း …. သူ့သမီးက ဘေးတွင်လာထိုင်ပြီး (တော်သေးတယ်….. ကလေးကို မချီထားလို့ ပေါ့ .. ချီထားရင် ကလေးပါ ကားအောက်ထဲဝင်ပြီး ကလေးပါသေတယ်… .အခုလည်း ကားက ခြေထောကို ကြိတ်မိသွားတာလား မသိဘူး….. သွေးတိုးပြီးဦးနှောက်သွေးကြောပြတ်သွားရင်လည်း ဒုက္ခ) စသဖြင့် လာပြောပြန်သည်… ကျွန်တော်လည်း မပြောချင်တော့ …… ဘာမှကိုမပြောချင်တော့ .. အမှုက အတော်ကြီးချင်နေသည်…. ။

ဓာတ်မှန်ကို စစ်ကြည့်တော့ ဘာမှ အကျိုးအပဲမရှိ….. ခြေခေါက်လဲသလိုဖြစ်ပြီး .. အသားအနည်းငယ်ကြေသွားသည် ဟု ဆရာဝန်က ပြောသည်…. နှစ်ရက်သုံးရက်ဆို သက်သာ သွားမည်ဟုပြောပါသည်….. သို့ နှင့်…. ဆေးဖိုးဝါးခများရှင်းပြီး … သူမတို့ ဆွေမျိုး တစ်အုပ်ကို တက္ကစီ တစ်စီး…အတိုက်ခံရသော အဖွားကြီး သူ့ သားနှင့် အမေတို့ က တစ်စီး လမ်းသုံးဆယ် တည်းခိုခန်းရှိရာသို့ ပြန်လာကြသည်…. သူ့ သမီး၏ယောက်ကျားဖြစ်သူက ရောက်နေသည်….. သူကတော့ ရန်ကုန်ကဟုဆိုသည်… လမ်းသုံးဆယ်တွင်မီးပြင်သည်… ။

သို့ နှင့် … သူတို့ နေထိုင်ရာ ဆယ်မိုင်ကုန်းဘက်ပြန်ပို့ ပေးရန်နှင့် .. ဒီတည်းခိုခန်းမှာ မတည်းလိုတော့ ကြောင်းပြောသဖြင့် … အကုန်လုံးကို ထုံးစံအတိုင်း တက္ကစီ နှစ်စီးငှား…. သူတို့ ပစ္စည်း များနှင့် .. သူတို့ ဆွေမျိုးအချို့က တစ်စီး…… ဆွေမျိုးချည်းပဲက တစ်စိးနှင့် ကျွန်တော်တို့ကားပေါ်မှာလည်း လူအပြည့်နှင့် တစ်စီး ….. အားလုံးပေါင်းသုံးစီး ဆယ်မိုင်ကုန်းဘက်သို့ မောင်းလာသည်…..

ဆယ်မိုင်ကုန်း သူ့ အမဆိုသူ၏အိမ်ကို ရောက်တော့ အမေနှင့် အဖေက .. ကျေးဇူးတင်ကြောင်းပြော … ဒီမှာနေသည့် ရက်အတွက် ကုန်ကျစရိတ်နှင့် ဆေးဖိုးဝါးခကို စိုက်ပေးမည် ဖြစ်ကြောင်းပြောပါသည်…. သူ့သားက သဘောတူသည်… ဆေးဖိုးဝါးခပဲပေးပါ……. ကုန်ကျစရိတ်ကတော့ ရပါတယ်…. ကျွန်တော်တို့ လည်း ဒီမှာ အစကတည်းက နောက်သုံးလေးရက်အထိနေဖို့ စီစဉ်ထားတာ ပါဟု ပြောသည်…..ထိုအချိန်တွင် .. သူ့သမီးအကြီးမှ….. ( ဆေးခန်းလည်းလိုက်ပြမနေပါနဲ့တော့ .. အန်တီတို့ လည်း အလုပ်ရှုပ်ပါတယ်… ကျွန်မတို့ ကို ပိုက်ဆံပဲပေးခဲ့လိုက်ပေါ့ )ဟု ၀င်ပြောသည်.. ။

ဒါနှင့် အမေက ပိုက်ဆံ တစ်သိန်းထုတ်ပေးပါသည်…. (သမီးတို့ တည်းခိုခန်းခက တစ်ရက်ရှစ်ထောင်လေ … နောက်စားစရီတ်နဲ့ …. ဆေးဖိုးတော့ လောက်မှာပါ.. နောက်သုံးရက်ဆို .. ကောင်းသွားပြီလို့ ဆရာဝန်က ပြောတာပဲ)

ဒါကို ထိုအမျိုးသမီးမှ (ဒီလိုအန်တီရဲ့ …အသားကျေတယ်ဆိုတာ ဘယ်လောက်ထိကုရမယ် မသိဘူးလေ.. တော်ကြာဒဏ်ဖြစ်သွားတာမျိုးဖြစ်ရင် တသက်လုံး သွားမှာ)

တကယ်တော့ ကျွန်တော်တို့ အတော်များများ တံခါးကြားလက်ညပ်ဖူးပါလိမ့်မည်… ထိုအခါ အတော်နာသွားပြီး .. အသားကြေတတ်ပါသည်.. လက်ကလည်း ရောင်လာတတ်သည်… နောက်နှစ်ရက်ခန့်ဆို ဘာမှ မနာတော့ ပဲ အတော်သက်သာသွားတတ်ပါသည်.. ဒါကို အသားကြေသည်ဟုခေါ်သည်…. ဒါကျွန်တော်ပြောတာမဟုတ်.. ဆရာဝန်က ရှင်းပြခဲ့ခြင်းဖြစ်သည်…. ခုတော့ သူပြောကာမှ အမှုက ပိုကြီးလာသည်…. ။

အမေကလည်း .. နောက်ထပ်တစ်သိန်းထပ်ထုတ်ပေးပါသည်…. ပေါင်းနှစ်သိန်းဖြစ်သည်….
ဒါကို သူမက ပဲ… (နှစ်သိန်းကတော့ နည်းတာပေါ့ အန်တီရယ်….. တကယ်တန်းကုရမယ်ဆို ဒီထက်ပိုကုန်မှာလေ….. အမှုတွေဘာတွေဖြစ်ရင် ပိုကုန်ဦးမှာ… ဒါတွေ အန်တီလည်း သိပါတယ် ) ဟု ထပ်ညှစ်ပြန်သည်…လိုက်လာသော ရဲ အင်ဖော်မာ ဆိုသူ ကလည်း

(ဟုတ်တယ်အကို … တော်ကြာရဲက အမှုအဖြစ်ဖွင့်ရင် . အနည်းဆုံး စခန်းမှာ အစ်ကို တစ်ရက်နှစ်ရက် သွားထိုင်နေရမှာ) ဟု ခြိမ်းခြောက်ပြန်သည်…. သူ့ မောင်ဖြစ်သူ… က လက်အတင်းကုတ်နေသည်.. သူက နေစမ်းပါဟု ပုံစံဖြင့်လှမ်းမာန်လိုက်သည်…. ထိုလူလည်း ကျွန်တော်တို့ ကို အားနာကြည့် တစ်ချက်ကြည့်ပြီး ထထွက်သွားပါသည်…. ။

ကျွန်တော်လည်း အတော်ဒေါသထွက်နေပြီ…… ဘာမှ မဖြစ်လောက်သော ဒဏ်ရာကို … ရဲအမှုအကြောင်းပြပြီး နင်းတောင်းနေခြင်းဖြစ်သည်….. ဖြစ်တာ က လည်း ကားတိုက်မိတယ်လို့ ပြောရမှာတောင် ခပ်ခက်ခက် ဖြစ်သည်….. အဖွားကြီးကိုယ်တိုင်ကတောင် ဘာမှမဖြစ်ကြောင်းပြောပြီးနေပြီ… သူတို့ က ကြားက ၀င်ညှစ်ကြခြင်းဖြစ်သည်…. ။

အမေက .. (ဒီထက်တော့ ပိုမပေးနိုင်ဘူးသမီး…..သမီးတို့ ကို အန်တီက တာဝန်မဲ့ထားပစ်ခဲ့တာ မျိုးလည်း မဟုတ်ဘူး… ရော့ပိုက်ဆံအင့်ဆိုပြီး…. လုပ်သွားတာလည်း မဟုတ်ဘူး…. အတတ်နိုင်ဆုံး နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် …. ဆေးခန်းကိုပို့ ပေးတယ်… အစအဆုံးတာဝန်ယူဖို့ လည်း ပြောပေးတယ်… ဒါကို သမီးက လက်မခံတာ….အခုလည်းနှစ်သိန်းပေးပြီးပြီ.. သုံးရက်အတွက် နှစ်သိန်းဆိုတာ များတောင်နေသေးတယ် သမီး…. ဆရာဝန်ပြောတာလည်း သမီးကြားပြီးပြီပဲ….. ဒီတော့ သမီးအနေနဲ့ … မကျေနပ်ရင်လည်း ဥပဒေကြောင်းအတိုင်းသာ စကားပြောတော့ ပေါ့….. )ဟု ဆိုကာ ထထွက်လာလိုက်ရတော့ သည်…… ။

တကယ်တော့ အေးအေးလေးနှင့် ဓါးပြ တိုက်သလိုဖြစ်နေသည်……ဒီလို အဖြစ်မျိုးတွေ ကြားဖူးတာလည်းများပြီ … ကိုယ်မိတ်ဆွေထဲမှာလည်းကြုံဖူးပေါင်းများပြီဖြစ်သည်……။

ဒီကိတ်စမှာ ကျွန်တော်တို့ ချည်းပဲမှန်တယ်ဟု မဆိုလိုချင်ပါ…..လူလာနေသည်ကို သတိမထားပဲ ကားရှေ့တိုးမိသော ကျွန်တော့ အဖေတွင် အပစ်ရှိသလို… အတိုက်ခံရသူ အမျိုးသမီးကြီးမှလည်း ကားပါကင်ထိုးနေသည့်ကြားထဲ မဆင်မခြင်ဖြတ်ပြေးခြင်းကလည်း အပစ်ဖြစ်နေသည်… အတိုက်ခံရသူဘက်ကလည်း ထည့်တွေးရပါသည်….. အချို့ ကိစ္စတွေ မှာ ကားသမားဘက်က မှားတာ…. အချို့ကိစ္စတွေမှာ လမ်းကူသူ အတိုက်ခံရသူ ဘက်က မှားတာတွေလည်း ရှိပါသည်….. သို့ ပေသည့် .. အခုလို ငွေညှစ်ပြီး အေးဓါးပြတိုက်နေသည်ကတော့ မဖြစ်သင့်ဟု ထင်ပါသည်…..။

ဒီကိစ္စတွေ၏ အခြေခံသည်…ဥပဒေပြုမှု …..လမ်းလျှောက်ရန် ပလက်ဖောင်းနေရာ နည်ပါးမှု…ယာဉ်ရပ်နား ရန်နေရာနည်းပါးမှု…. အချို့ သော လမ်းစည်းကမ်းမဲ့သော သူများ နှင့်…ဟွန်းတီးရန်ပိတ်ပင်ထားမှုတို့နှင့် သက်ဆိုင်သည်ဟု ကျွန်တော်ထင်ပါသည်…။

ပထမဆုံး ဥပဒေကို အရင်ဆုံးကြည့်စေချင်သည်…

ဘယ်သူက မှားမှား ယဉ်တိုက်မှု ဖြစ်တာနှင့်… ကားသမားဘက်က အနာချည်းဖြစ်သည်… ဒီဥပဒေဟာ မှန်သင့်သလောက်တော့ မှန်ပါသည်… သို့ သော်…. ဒီဥပဒေကြောင့်ပဲ ….ကားတိုက်ခံရချင်ယောင်ဆောင်ပြီး လျှော်ကြေးတောင်းသော လိမ်လည် မှုတွေများလာသည်… အခုလို ဘာမှ မဟုတ်ပဲ အေးဓါးပြ အတိုက်ခံရတာတွေ များလာပါသည်… ။

ထို့ အပြင် ယဉ်တိုက်ပြီး ထွက်ပြေးတိမ်းရှောင်မှုတွေလည်း များလာပါသည်….. ကျွန်တော်ဥပဒေကို သိပ်နားမလည်ပါ…. သို့ သော်မှန်ရာကို တော့ မှန်ကြောင်းအတိုင်းဖြစ်စေချင်ပါသည်….ကျွန်တော်တို့ ကားသမားဘက်က မှားလျှင် ကားသမားကို ဖမ်း… လမ်းကူသူ အတိုက်ခံရသူဘက်မှမှားလျှင်လည်း တစ်နည်းတစ်ဖုံ အရေးယူစေချင်သည်….။

ကျွန်တော်လည်း ကားစီးနေနိုင်သူမဟုတ်… ဘတ်စ်ကားစီးပြီး မြို့ထဲ ခြေလျင်လျှောက်နေသူသာဖြစ်သည်… သို့ သော်မှန်ရာ မှန်ကြောင်းဖြစ်ဖို့ တော့ လိုပါသည်…. ခုတော့ ဘာဖြစ်ဖြစ် ကားသမားဘက်က အမှားဟုဆိုထားတော့ …. ကားသမားဘက်က မှန်နေလျှင်တောင် အမှု မဖြစ်အောင်… မနည်း ညှိယူကြရသည်…. အထက်ကပြောခဲ့သလို အမှုဖြစ်လျှင် သုံးလေးသိန်းကုန်ကျမည်ဆိုသည်က အစပဲဖြစ်သည်…… ဒါတောင် တရားဝင်ဖြစ်သည် တရားမ၀င်တာတွေ မပါသေး….

ဒါက ဥပဒေကို ပြောခြင်းဖြစ်သည်….

နောက်တစ်ချက်က ….လမ်းလျှောက်ရန်ပလက်ဖောင်းနေရာနည်းပါးနေမှုဖြစ်သည်……..

ရန်ကုန်မြို့တွင် ကားလမ်းမပေါ်လူတွေ လမ်းတက်လျှောက်တာကြာပြီဖြစ်သည်.. ဒီယဉ်ကျေးမှုကို ဘယ်သူစတင်တည်ထွင်လိုက်သည်တော့ မသိ… ကားလမ်းမပေါ်လူတွေ လမ်းတက်လျှောက်ကြသည် ….. လျှေက်ချင်စရာလည်း ကောင်းပါသည်…. ပလက်ဖောင်းအတော်များများ က ဈေးဆိုင်များနှင့်ပြည့် နေသည်ကိုး… အချို့ဈေးဆိုင်များဆိုလျှင်…ဖွင့်ထားသည်မှာ ကားလမ်းမပေါ်တောင် တ၀က်လောက် မေးတင်နေသေးသည်.. (တရုတ်တန်း ဆယ့်ကိုးလမ်း .. လမ်းနှစ်ဆယ်တစ်ဝိုက်တွင်တွေ့နိုင်သည်…)… ဥပမာ လှည်းတန်းလမ်းမတွင် .. လူတွေ လျှောက်စရာ ပလက်ဖောင်းမရှိအောင်ကို လမ်းဘေးဈေးဆိုင်များက ဖွင့်ထားကြသည်…. ။

ညနေခြောက်နာရီကျော်လျှင်ကားထိုးစရာနေရာလည်း မရှိ…. လူတွေလည်း လမ်းလျှောက်စ၇ာနေရာမရှိ…… ဒီတော့ ကားလမ်းမပေါ်လမ်းတက်လျှောက်ရုံမှလွဲပြီး ဘယ်သွားလျှောက်ကြရမည်နည်း….. ယခုဆိုလျှင် .. လှည်းတန်းလမ်းစုံ ပြည်မြန်မာ ကုန်တိုက်ဘေး….တွင်ကပ်ဖွင့်ထားသော ဆိုင်များကြောင့် မီးပွိုင့် ထိပ်မှာတောင် လူတွေကားလမ်းဆင်းလျှောက်နေရသည်….ဒီကြားထဲ….. ဒင်းမ်ဆန်း (အသားပေါင်း) ရောင်းသော လှည်းများက ..မီးပွိုင့်ထိပ်ကွေ့တွင်…… ပလက်ဖောင်းအောက်ဆင်းပြီး…. ကားလမ်းပေါ်တွင် ရောင်းချကြပြန်သည်… ဘယ်သူမှလည်း မဖမ်း မတား…. လမ်းဘေးဈေးသည်ဖမ်းပါသည်ဆိုသော စည်ပင်ရဲတွေ ဒါမျိုးကျ ဘာလုပ်နေကြသနည်……. မီးပွိုင့်ထိပ်ကားလမ်းမပေါ်ကို ပါတက်ရောင်နေတာတော့ အတော်တရားလွန်နေပြီဖြစ်သည်….. ။

ဒိလို ရောင်းကြတော့ .. အင်းစိန်လမ်းမဘက်မှကွေ့လာမည့်ကားများက… သူတို့ လှည်းများ ရပ်ထားသော နေရာအတွက် နေရာပေးပြီး …. အနည်းငယ် ခွာကွေ့ပေးကြရသည်… လှည်းတန်းလမ်း ပိတ်တယ်ဆိုတာ သိပ်မဆန်းတော့ ….ဘယ်နေ့ ဘယ်ခြေထောက်ကို ကားတက်ကြိတ်မိ မလဲသာ စောင့်ကြည့်ရတော့မလိုဖြစ်နေသည်…။

ဒိတော့ လူဒီလောက်စည်ကားလှသော လှည်းတန်းလိုနေရာမှာ… လူလမ်းလျှောက်ရန်ပလက်ဖောင်းရှိအောင် မလုပ်ပေးနိုင်တာတော့ …. လမ်းမပေါ်လမ်းတက်လျှောက်တဲ့ လူတွေ အပစ်မဟုတ်… .မလုပ်ပေးနိုင်သော စည်ပင်သာယာ၏အပစ်သာ ဖြစ်သည်…… ။

နောက်တစ်ချက်ကတော့ …. လမ်းစည်းကမ်းမဲ့သူအချို့ဖြစ်သည်…

ဈေးသည်များကြောင့် ပလက်ဖောင်းပျောက်နေသည့်နေရာများနှင့် ….. လမ်းချဲ့လို့ ပလက်ဖောင်းနည်းပါးသော နေရာများတွင် လမ်းမပေါ်လမ်းတက်လျှောက်သည်မှာ အပစ်မဆိုသာသော်လည်း….အချို့နေရာ.. ဥပမာ … ဗိုလ်ချုပ်လမ်း နှင့်ရေကျော်လမ်းထိပ်လို ပလက်ဖောင်းကျယ်သည့် နေရာတွင် .. ပလက်ဖောင်းပေါ်မတက်ပဲ….. လမ်းမပေါ်လမ်းတက်လျှောက်နေကြတာတော့ …. လမ်းလျှောက်သူ၏အလွန်သာဖြစ်သည်…….
အချို့ကို ကားလာသည့်ဘက်ကို ကျောခိုင်းပြီးခပ်အေးအေးပင်လျှောက်ကြသည်…..၀င်တိုက်သွားမှ အဖေကယ်ပါ အမေကယ်ပါဖြစ်ကြရသည်….. မကြာခဏကြုံရပါသည်… ဘယ်လောက် မီးတောက်ပြပြ မဖယ်ပေးတာ.. …. လမ်းဖြတ်ကူးတာတောင် အလှပျက်မှာဆိုးလို့ တစ်လှမ်းခြင်းအေးအေးဆေးဆေးကူးတာ…. လူတွေဘက်ကလည်း အတော်ပြင်ယူရမည်ဖြစ်သည်…..။

ဒါက စည်းကမ်းမဲ့သော အချို့ လူများဖြစ်သည်….

နောက်တစ်ချက်က ဟွန်းမတီးရသည့်ကိစ္စဖြစ်သည်…. မော်တော်ကားကို စတီထွင်ကတည်း က ယခုအချိန်အထိ ဟွန်းများ တပ်ပေးထားသည် မှာ အသုံးဝင်ရွေ့ဖြစ်သည်…. အသုံးပြုနိုင်အောင်လည်းဖြစ်သည်.. သို့ သော်ရန်ကုန်မြို့ပေါ်သို့ ရောက်လာသော ကားများ၏ ဟွန်းများကတော့ အတော်မျက်နှာငယ်ကြရသည်.. သူတို့ တစ်ခါတီးလျှင် .. ခြောက်လ လိုင်စင်သိမ်းမည်ဆိုသဖြင့် … ဘယ်သူမှ မတီးရဲကြ…… ဘာကြောင့်ပေးမတီးသလဲဆိုတာတော့ ကျွန်တော်မသိပါ…. မလေ့လာမိတာ ကျွန်တော့ အပစ်ဖြစ်ပါလိမ့်မည်… သို့ သော်ဟွန်းမတီးခြင်း အကျိုးဆက်က …. မော်တော်ကားလာနေသည်ဆိုတာကို သိအောင် မီးတောက်ပြရခြင်းဖြစ်သည်…. မီးတောက်ပြတာက ညဘက်ဆို တော်သေးသည် .. နေ့ဘက်ဆို တော်ရုံနှင့် မမြင်ကြရ…..တစ်ခါတစ်ခါ…. လမ်းမပေါ်လမ်းတက်လျှောက်နေသူများ ကို မီးဘယ်လောက်တောက်တောက်…. လမ်းကမဖယ်…. ခပ်တည်တည် ပဲပိတ်လျှောက်နေသည်… ဟွန်းလေး တစ်ချက်လောက် တီ ဆိုတော့ မှ… လန့်ပြီး ဘေးဖယ်ပေးသည်…. လမ်းထဲမှ ထွက်လာသော ကားများ ဘေးဘီ မကြည့် စွတ်ထွက်သည့် အခါ မီးတောက်ပြလိုက်ရုံဖြင့် လုံလောက်သည် ထင်ပါသလား… ဟွန်းတော့ တစ်ချက်လောက်တီးလိုက်မှ တန့်ကနဲဖြစ်ပြီး ရပ်စောင့်သည်… ဒီတော့ … ဟွန်းမတီးခြင်းအကျိုးဆက်က .. ယာဉ်တိုက်မှု ပိုဖြစ်လာနိုင်သည် ဟု သာမြင်ပါသည်…..


နောက်ဆုံး အချက်ကတော့ …. ယာဉ်ရပ်နားရန်နေရာနည်းပါးနေမှု ပဲဖြစ်သည်…

မြန်မာပြည် တွင်မော်တော်ကားတင်သွင်းခွင့် မရခဲ့သည်မှာ တော်ကြာပြီ ဖြစ်သည်….တိုးတက် လာသော နိုင်ငံအတော်များများ တွင်…မြို့ယာစည်မံကိန်းတစ်ခုလုပ်သည်နှင့်… ထိုစိမံကိန်းတွင် နေထိုင် လာမည့် လူဦးရေနှင့် အညီ…. ကားရပ်နားရန်နေရာများ ကို ထည့်သွင်းတည်ဆောက်ကြရသည်…။

ကားတင်သွင်းခွင့်ကိုလည်း မပိတ်ထားသဖြင့် …. ဘယ်အချိန်တွင် ဘယ်မျှကားအရေတွက်များလာမည်… ကို မှန်းဆပြီး….. တည်ဆောက်နိုင်သည်…… နိုင်ငံတစ်နိုင်ငံတွင် မနားမနေတိုးတက်နေသည် မှာ လူဦးရေဖြစ်သည်… လူဦးရေနှင့် အတူ တိုးတက်လာမည့် စားဝတ်နေရေး ကို စီမံကြရသည်….. ထိုအထဲတွင် ..နေရေးအတွက် တိုက်တာအဆောက်အဦးများ ဆောက်လုပ်ကြရသည်…. တိုက်တစ်တိုက်ဆောက်သည်နှင့် ဒီတိုက်မှာ လာရောက်နေထိုင်မည့်သူများ ၏ကားများ ရပ်နားရန် ကို ထည့်စဉ်းစားကြရသည်….. ဒီလို စဉ်းစားပြီး တည်ဆောက်ခဲ့ရွေ့လည်း .......ယာဉ်ရပ်နားရန်နေရာအခက်အခဲသည်… တိုးတက်လာသည်နှင့် အမျှ လုံလောက်သော နေရာကို ရကြသည်…… ကြီးမားသော အခက်အခဲတစ်ခု ဖြစ်မလာခဲ့……. မြန်မာနိုင်ငံတွင် .. တိုက်တတိုက်ဆောက်လျှင် လူဘယ်လောက်နေလို့ မလဲဆိုတာ အတွက်ကို ပဲစဉ်းစားတည်ဆောက်ခဲ့သည်..။

ရှစ်လွှာ ရှိသော တိုက်တစ်တိုက်တွင် … အခန်းဆယ့်ခြောက်ခန်းပါဝင်သဖြင့် .. မိသားစု ဆယ့်ခြောက်စု နေထိုင်မည်ဖြစ်သည်… ကဲ.. ဘယ်မလဲ ကားဆယ့်ခြောက်စီး ရပ်နားရန်နေရာ…. အခု မဖြစ်ပေမယ့် .. နောက်ဖြစ်လာမည်ကိစ္စဖြစ်သည်… ဒါကလည်း အပစ်မဆိုသာ….

ကားတင်သွင်းခွင့် ပိတ်ပင်ထားသဖြင့် ယခင်က တော်ရုံ လူလတ်တန်းစားတစ်ယောက်သည် ကားဝယ်မစီးနိုင်…. ကားစုတ်ကလေးကိုပင် ဂုဏ်တစ်ခုလို စီးခဲ့ရသည့် ခေတ်ကြီးဖြစ်သည်….. အခုတော့ .. ကားတင်သွင်းခွင့်ကို လွတ်လပ်စွာ ပေးလိုက်ပြီဖြစ်သည်…. ကားဈေးတွေလည်းကျကြသည်..….။

အနှစ်နှစ်ဆယ် စောင့်ခဲ့ရသည့် အခွင့် အရေး မို့ လက်ထဲပိုက်ဆံလေး ရှိသူများက ကားဝယ်စီးလာကြသည်… ကားတွေ ပြုံပြီးဝင်လာသည်… ဒီတော့ လူနေထိုင်ရေးအတွက်သာ အဓိက ထားတည်ဆောက်ခဲ့ကြပြီး… ယာဉ်ရပ်နားရန် မစဉ်းစားခဲ့ကြသည့် အကျိုးအပြစ်က…ယခုပင် ကားရပ်နားရန်နေရာအခက်အခဲကို အတော်ကြုံနေကြရပြီဖြစ်သည်… ။

ဒါတွေရဲ့ အကျိုးဆက်က တော့ … ကားနှစ်ထပ်ရပ်နားခြင်း .. ပလက်ဖောင်းပေါ်ကားရပ်နားခြင်း….. ယာဉ်ကျော်ပိတ်ဆို့မှုဖြစ်ခြင်းတို့ ပဲဖြစ်သည်….. ဒီတော့ …. လူတွေလမ်းလျှောက်စရာပလက်ဖောင်းပျောက်တာ … ယာဉ်ကျော်ပိတ်လို့ ကားချင်းပွတ်မိတိုက်မိ.. လူနှင့်ကား ပွတ်မိတိုက်မိဖြစ်တာတွေသည်… အကျိုးဆက်များပဲဖြစ်သည်….. ။

ဒီတော့ ပြင်သင့်တာကို ပြင်စေချင်သည်…. မဖြေသိမ့်စေချင်ပါ…. အမေရိကား .. နယူးယောက်မှာတောင် .. ကားတွေ ကျပ်နေတာပဲ ဆိုတာမျိုးမပြောပါနှင့် … သူ့ မြို့ အကျယ်အ၀န်း … မြို့နေလူဦးရေ… ရောက်ရှိနေသည့် ခုနှစ် (ခေတ်) …. လမ်းပန်းဆက်သွယ်ရေး ၀န်ဆောင်မှုတို့ နှင့် တွက်လျှင် .. နယူးယောက်မှာ ကားလမ်းပိတ်တာ ခွင့်လွှတ်နိုင်ပါသည်….

ရန်ကုန်မှာ လမ်းပိတ်ကားကျပ်နေခြင်းက …… အတော် ခွင့်မလွှတ်နိုင်စရာဖြစ်သည်…. အစိုးရအနေနဲ့လည်း ကြိုးစားနေသည်ဟုဆိုပါသည်…. ဘတ်ဂျတ်နည်းနေသေးလို့ဟုလည်း ကြားပါသည်… ဘာဘတ်ဂျတ်နည်းတာလဲဆိုတာ အတော်စဉ်းစားယူရသည်….. ဟတ်ချလောင်းဆိုပြီး မဖြစ်နိုင်တာကို သိပါသည်.. သို့ သော် ကျွန်တော်တို့ နိုင်ငံထိုင်နေခဲ့တာ ကြာပြီ… ထပြေးသင့်သည့် အချိန်ကို ရောက်နေပြီ…..။

သူများနိုင်ငံတွေ လမ်းလျှောက်နေလို့ ငါတို့လည်း ဖြေးဖြေးလျှောက်မယ်ဆိုပြီးလုပ်လို့ မရ…. တိုးတက်လာသည့် လူဦးရေနှင့် …. စားဝတ်နေရေး ပြဿနာများ က ထိုင်စောင့်နေမည်မဟုတ်… အလိုလို နေရင်း ဆက်လက်တိုးတက်နေမည်သာ.. ဒါတွေကို အမြန်ဆုံးဖြေရှင်းပေးသင့်သည်ဟုမြင်ပါသည်….။

သိပ်မကြာသေးသည့် သတင်းတပုဒ်တွင် ရန်ကုန်အတွက် ဘတ်စ်ကား အစီး သုံးထောင်…. ထပ်ချပေးမည်တဲ့…. လမ်းရောရှီလို့ လားဟု တွေးမိပါသည်.... ဒါဆို ယာဉ်ကြောပိတ်ဆို့မှုတွေ… ယာဉ်တိုက်မှုတွေ ပိုဖြစ်လာဥိးမှာပေါ့….. ဟုလည်း တွေးပူမိပါသည်…

ဒီတော့ ဥပဒေ .. ယာဉ်စည်းကမ်း.. လမ်းစည်းကမ်း …. စတာတွေကို သေသေချာချာ ကိုင်တွယ်နိုင်ပါမှ… စောစောက လို အေးဓါပြအတိုက်ခံရသည်များ ကင်းဝေးလိမ့်မည်ဟု ယူဆမိပါသည်….. လူဆိုတာ ကိုယ်ထိမှပဲသိကြသည်မဟုတ်လား…. ကားတိုက်ခံရသူဘက်က မစဉ်းစားပဲပြောနေတာ မဟုတ်ပါ…. မှန်ရာ မှန်ကြောင်းပဲ ဖြစ်စေချင်တာ ဖြစ်သည်…ယခုလောလော ဆယ်တော့ ရုံးသို့ … ယာဉ်ကြောပိတ်သည့်ကြားမှ… စည်းကမ်းမဲ့လှသော ဘတ်စ်ကားများကို စီးကာ.... စည်းကမ်းမဲ့လှသော လူတစ်ယောက်မဖြစ်အောင်.. .မရှိတဲ့ ပလက်ဖောင်းပေါ်လမ်းတက်လျှောက်… မီးတောက်တာကို သတိထား ကြည့်ပြီး….အချိန်မီရောက်ရန် သွားလိုက်ပါဦးမည် ခင်ဗျား…..

By: လင်းလွန်းညို


ဆေးမင်ကြောင်ထိုးခြင်း နဲ့ အင်ဂျလီနာဂျိုလီ

0 comments

ဆေးမှင်ကြောင် ၀ါသနာပါတဲ့ အင်ဂျလီ နာဂျိုလီ။


ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဇူလိုင်လ ၈ ရက်နေ့က ဆေးမင်ကြောင် ဆရာနဲ့ သူ့ဘ၀သူ့အကြောင်း ဖတ်လိုက်ရပါတယ်။ Ajarn Noo Kanpai ဆိုတဲ့ ထိုင်းလူမျိုး ဆေးမင်ကြောင် ဆရာတဆူဟာ ထိုင်းမင်းသား မင်းသမီးတွေ၊ မော်ဒယ်တွေ၊ တီဗွီ မင်းသား၊ မင်းသမီးတွေ စတဲ့ ကျော်ကြားသူတို့ရဲ့ လက်စွဲ တဦး လည်းဖြစ်ပါတယ်။

တချို့က အလှအပအတွက် ထိုးကြတာဖြစ်သလို တချို့ကတော့ ဂါထာတွေ၊ မန္တန်တွေအုပ်ပြီး အစွမ်း တခုခု အတွက် မင်ကြောင်ကို ထိုးကြတာပါ။

Ajarn Noo Kanpai ဟာ မိခင်ဘက်က အဘိုးဘုန်းကြီးထံကနေ တန္တရ ၊ မန္တရ အတတ် တွေ နဲ့ ဆေးမင်ကြောင် စုတ်ထိုးတဲ့ အတတ်ပညာကို အမွေဆက်ခံခဲ့တာပါ တဲ့။

နောက် ကျန်းမာရေး ချို့ယွင်းမှုတွေကို ပြန်ကောင်းလာစေဖို့ ဆေးကုတဲ့အနေနဲ့လည်း ဆေးမင်ကြောင်ထိုးသူတွေ ရှိပါ တယ်။ ဆေးမင်ကြောင်ထိုး ကုသပေးလို့ နေကောင်းသွားသူတွေကြောင့် ဒီလိုယုံကြည်တဲ့သူတွေ လည်း တိုးများလာကြတယ် လို့ ဆိုပါတယ်။

မြန်မာတွေမှာ ကြောင်ဆေး၊ ပီယဆေး၊ ငတက်ပြားဆေးစတဲ့ ဆေးမျိုးတွေ
နာမည်ကြီးသလို ထိုင်းမှာလည်း ဒီအစီအရင်တေါဟာ အစွမ်းထက်တယ်လို့ ယူဆကြသူတွေ မနည်းမနောပါပဲ တဲ့။

ထိုင်းနိုင်ငံက ဆေးမင်ကြောင်ချစ်သူတွေအပြင် ဒီအပြင် နိုင်ငံခြားက လူတွေလည်း လာကြပါတယ်တဲ့။


ဂျိုလီနဲ့ ထိုင်း မင်ကြောင်ဆရာ၊ ဓာတ်ပုံ - Bangkok Post


ဒီအထဲမှာ နာမည်ကျော် ဟောလီဝုဒ် မင်းသမီး အင်ဂျလီနာဂျိုလီလည်း ၂၀၀၃ ခုနှစ်မှာ ထိုင်းနိုင်ငံကိုလာပြီး ဆရာ Noo Kanpai ရဲ့ လက်ရာတွေနဲ့ အလှ ဆင်ခဲ့ပါတယ်။



အင်ဂျလီ နာဂျိုလီရဲ့ ဘယ်လက်မောင်း အပြင်သားမှာ Noo Kanpai ရဲ့ ထိုးချက်ကို ထိုင်းနိုင်ငံ ဆေးမင်ကြောင် လောကမှာ အထင်ကရ လူကြိုက်အများဆုံးဖြစ်လာပြီး ဆေးမင်ကြောင် ချစ်သူတွေက ဂျိုလီ ဒီဇိုင်းကိုပဲ လာအပ် ကြ တာများပါတယ် တဲ့။ အခုတော့ မင်ကြောင်ဆရာဟာ လူချမ်းသာ တဦးလည်းဖြစ်နေပါပြီ။


ဒီအပြင် Noo Kanpai ရဲ့ လက်ရာကို ဂျိုလီ တယောက် ကြိုက်လွန်းလို့ ၂၀၀၄ ခုနှစ်မှာ ထိုင်းနိုင်ငံကို ထပ်လာပြီး ကျား လည် ပြန် ပုံကို သူ့ ကျောအောက်ပိုင်းမှာ ထပ်ထိုးခဲ့ပါသေးတယ် တဲ့။ အဲဒီကျားလည်ပြန်ပုံကို ဆရာ Noo Kanpai က အချိန် ၂ နာ ရီကြာ ထိုးပေးခဲ့ရပါတယ် လို့ ဆိုတယ်။


အင်ဂျလီ နာဂျိုလီဟာ ဆေးမင်ကြောင် ထိုးတာကို ၀ါသနာကြီး သူလည်းဖြစ်ပါတယ်။ အခုလို နံမည်ကျော်တွေ ဆေးမင်ကြောင် ထိုးရာက ထိုင်းလူငယ် အမျိုးသား အမျိုးသမီး အများအပြားကလည်း အားကျပြီး ကြိုက်ရာ ဒီဇိုင်းတွေနဲ့ သူတို့အရေပြားကို အလှဆင်ကြတယ်၊ ဒီလိုနဲ့ ဆေးမင်ကြောင် လောက ကျယ်ပြန့်လာပါတယ် တဲ့။


ဒီအပြင် မော်ဂန် ဖောက်စ်၊ လေဒီ ဂါဂါ၊ အေမီဝိုင်းဟောက်စ် စတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေ လည်း မင်ကြောင်ထိုးတာ ၀ါသနာ ပါကြပါတယ်။

သူတို့ရဲ့ ရိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံသာမက အခုမြန်မာ ဆယ်ကျော်သက်မိန်းကလေးတွေလည်း မိဘတွေ မသိအောင် အကြောင်းအမျိုးမျိုးနဲ့ ဆေးမင်ကြောင် ထိုးလာကြပါတယ်။


တချို့က ယာယီ ကပ်ခွာ ဆေးမင်ကြောင် တခါသုံးကို အလှ အနေနဲ့ အသုံးပြုလာ ကြပြီး တချို့ ကတော့ ငွေ ကုန်ကြေးကျခံပြီး ဒီဇိုင်းလှလှလေးတွေကို ရင်သား၊ လက်မောင်း၊ ခါး စတဲ့နေရာတွေမှာ ထိုးလာ ကြပါတယ်။

မြန်မာလူငယ်တွေကတော့ ဟိုတလောကဆို ဗိုလ်ချုပ်အောင်ဆန်းပုံ ထိုးကြတာ အတော် များလာတယ် လို့ သိရပါတယ်။

ဆန္ဒပြခွင့် နည်းဥပဒေ ထွက်ပြီ

0 comments


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီ။ လွှတ်တော်တွေကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ဥပဒေပြဌာန်းလိုက်ပါပြီလို့ ဆိုခဲ့ပေးမယ့် နည်းဥပဒေ မရှိသေးလို့ ဆန္ဒပြခွင့် မရခဲ့တာ အခုတော့ ဆန္ဒပြခွင့် ရဖို့ နည်းဥပဒေ ထွက်ပေါ်လာပါပြီ။

ယခင်က ဆန္ဒပြခွင့် ဥပဒေအရ ဆန္ဒပြလိုကြတဲ့ သူတွေအနေနဲ့ ပြည်ထဲရေး ဌာနကို အကြိမ်ကြိမ်လျှောက်ထား ခဲ့ကြပေမယ့် နည်းဥပဒေ မရှိသေးလို့ ဆန္ဒပြခွင့်တွေ မရခဲ့ကြပါဘူး။

ထူးခြားတာက ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုရဲ့ လက်မှတ်နဲ့တကွ ဒီနည်းဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကတည်းက ပြီးစီးခဲ့ပေမယ့် ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့ကျမှ နိုင်ငံပိုင် သတင်းစာတွေ က ဖော်ပြ လာတာပါ။

လွန်ခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က သမိုင်းဝင် ဆဲဗင်း ဇူလိုင်နေ့ပြီးမှ အခုလို ပြည်သူကို အသိပေးလိုက် တာလည်းဖြစ်ပါတယ်။ ပြည်ထဲရေး ဌာနကိုတော့ နည်းဥပဒေ ပြီးကတည်းက ဖြန့်ဝေပြိးသားဖြစ်ပြီး အခု ပြန်လည်ကျင်းပနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လည်း ဝေပေးထားခဲ့ပါတယ်။ ပြုပြင်ပြောင်း လဲရေး နဲ့အတူ မရိုးသားတဲ့ လက္ခဏာတွေ မြင်နေရသေးတာ စိတ်မကောင်းစရာပါ။

ဘာပဲ ပြောပြော အခုတော ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ရပါပြီ။ နည်းဥပဒေအရ အခန်း ၄ ခန်းပါဝင်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တို့နဲ့ပတ်သက်ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးဆီကို ခွင့်ပြုမိန့်တောင်းခံတာ ၊ ရဲတပ်ဖွဲ့မှူးနဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေနဲ့ ညှိနှိုင်းပြီး ခွင့်ပြုမိန့်ချပေးတာ၊ ငြင်းပယ်တာ၊ အယူခံဝင်တာဆိုတာတွေ ပါဝင်ပါတယ်။

ဆရာထူးကို ပြန်လွှတ်ပေးပါ (အပိုင်း ၁)

0 comments

့ပန်းချီထိန်လင်း

့ပန်းချီထိန်လင်း
ဆရာဦးရွှေထူး တယောက် နောက်ဆုံးလွှတ်ပေးတဲ့အကျဉ်းသားစာရင်းထဲမှာ မပါလာလို့ အားလုံးစိတ်မကောင်းဖြစ်ကြတယ်။ အရင်တခေါက်လွှတ်ပေးတုန်းကလည်း ဆရာထူးရဲ့သား မန်းလေးက ကိုရွှေသွေးကိုဖုန်းဆက်ပြီး မေးရတယ်။ပါလာပြီလား။ဒါပေမယ့်နောက်ဆုံး တောင်ကြီးက လွတ်လာတဲ့ ကိုဂျင်မီတို့ ကိုဇော်သက်ထွေးတို့ ဆီကနေ တိတိကျကျသိလိုက်တာက ဆရာထူးတယောက်တည်းပဲ ကျန်ခဲ့တယ်တဲ့။ ခုတခါကျန်ခဲ့ပြန်ပြီ။ လောကဌာန်နဲ့အသားကျနေတဲ့ ဆရာထူးတယောက်ကတော့ မူပိုင် ထီမထင်အပြုံးနဲ့တုန့်ပြန်နေဦးမယ်ဆိုတာယုံပါတယ်။ဒါပေမယ့် သူ့ကိုလေးစားချစ်ခင်တဲ့ ကျွန်တော်တို့ ကတော့ သူ့ကို အပြင်လောကမှာမြင်ချင်လှပါပြီ။ သူ့စာတွေကိုဖတ်ချင်လှပါပြီ။သူ့မယ်ဒလင်လက်သံကို ပြန်ကြားချင်လှပါပြီ။သူဆိုနေကျ ဘာတဲ့ မြသီတာအကြိုတောက်တို့ ပြည်တော်ဝင်တို့ စတဲ့တေးသံတွေ ပြန်ကြားချင်လှပါပြီ။ ဖြတ်သန်းခဲ့တဲ့ နှစ် နှစ်ဆယ်ကျော် ခေတ်ကြမ်းကြီးထဲမှာ ပင်ပင်ပန်းပန်း ဖြတ်ခဲ့ ကြရတဲ့ အထဲမှာ ဆရာထူး နှင့်ဆုံတွေ့ခဲ့မိကြတာမျိုးကြတော့ မကြာခဏ လွမ်းတချင်စရာ အဖြစ်အပျက် များဖြစ်ပါသည်။ ကျွန်တော်တို့ ဒုက္ခ အတူရောက်ခဲ့ကြရဘူးပါသည်။ သို့သော် လွမ်းစရာကောင်းတဲ့ ဒုက္ခ တွေပါလို့ ကျွန်တော်ကဆိုလျင် ဆရာထူးတယောက် ငွေသားကွပ်ထားသောသွားများပေါ်အောင်ပြုံး လေဦးမည်။ထောင်တွင်းညချမ်းတွေမှာ သီချင်းလေးတွေဆိုရင်းဖြတ်သန်းခဲ့တဲ့ညများကို လွမ်းမိသည်။ နားထဲကြားယောင်မိတဲ့ ဆရာထူးဆိုနေကျသီချင်းစာသား ဘာတဲ့ ဒီလမ်းဒီခရီးx x မျှားတပြေး x x သာသာရှိလိမ့်မည် x x။ ဆရာထူးနဲ့ဆုံခဲ့တဲ့ကာလကိုတွက်စစ် ရင်း ဆရားထူး မျှားတပြေး ဆိုတာ နှစ်နှစ်ဆယ်ကျော် ကာလကိုရည်ညွန်းတာလားဗျာဟု အရွှန်းဖေါက်ချင်မိသည်။ဘာလိုလိုနဲ့ ဆယ်စုနှစ် နှစ်ခုကို ကျွန်တော်တို့ကျော်လွန်ခဲ့ပြီကော။

စတွေ့ကြတဲ့နေရာက အိန္ဒိယ နိုင်ငံ မဏိပူရ တောင်ကုန်းတွေပေါ်က လေခွန်းတောင် တော်လှန်ရေး စခန်းလေးပေါ်မှာ။ ကျွန်တော်တို့ အရင် ဆရာထူးတို့ အဖွဲ့တွေကရောက်နေနှင့်သည်။ ကျွန်တော်တို့ရောက်တော့ ၁၉၈၉ဇန်န၀ါရီလကြီး။တော်လှန်ရေးကြီးကိုဦးဆောင်လိုက် မဟဲ့ဟု ရှူးကြောင် မူးကြောင်နှင့် ရောက်လာသောကျွန်တော် ကသည်းဆောင်းနဲ့ညား လိုက်ယုံနှင့်ပင် လူကတော်တော်လေး အပိုးကျိုးသွားသည်။ကောက်ရိုးမွေ့ယာအရှည်ကြီးပေါ်တန်းစီအိပ်အိပ်နေတဲ့ လူတန်းကြီးကြားတိုးခွေ့ ၀င်အိပ်ရတော့ သိပ်မိုက်သွေး မပြနိုင်တော့ပြီ။အာလူးနဲ့ပဲကြဲကြဲ ကိုပဲနေ့စဉ်လွှေးလာရတော့ စစ်အစိုးထက် ကျွန်တော်တို့ အတွက် ရိတ္ခာဂိုဒေါင်ကို ကိုင်သော ရိုကူးမားဟု ခေါ်သော ကသည်းကို ပိုမုန်းလာသည်။ တောင်ကုန်းလေးပေါ်မှာ တင် တငုတ်ငုတ်တုတ်တုတ်နဲ့ သင်္ဘောပျက်၍ ကျွန်းပေါ်တင် နေသောဒုက္ခသည်တွေလို နေနေရတော့ စခန်းပတ်လည်မှာ တဲတွေထိုးပြီး တင်းတင်းကြပ်ကြပ်တားမြစ် ထားသော ကသည်းစစ်သားတွေကို ဗမာလိုအော်ဆဲမိလာသည်။ မူလ စခန်းမ၀င်မီ နယ်စပ်က မိုးရေးမြို့ လေးပေါ်မှာ ကြုံးဝါးခဲ့ကြသော ဟိုရောက်ရင်တော့ သဘောထားကွဲနေတဲ့ လူတွေကို အားလုံးတစုတစည်း တည်းပေါင်းဖြစ်အောင် စည်းရုံးပြီး တော်လှန်ရေးအင်အားစုကြီး တခု မဖြစ်ဖြစ်အောင် တည်ဆောက်မယ်ဟု ဆုံးဖြတ်လာကြသော ကျွန်တော်တို့နောက်ဆုံးရောက်လာတဲ့အုပ်စုထဲမှာ ပင် ဒီလို မသေယုံကျွေးထားတဲ့ ရိတ္ခာနဲ့ ဘယ်လိုလုပ်တော်လှန်ရေးလုပ်မလဲကွဟု အသံနက်ကြီးနဲ့ထအော်တဲ့သူကအော်လာသည်။ ပြည်တွင်းထဲပြန်ပြေးသည့်အဖွဲ့က ပြေးကြသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဆရာထူးကို တွေ့ဘူးခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က စခန်းမှာ ရဲဘော်တစ်ရာကျော်ခန့်ရှိသည်။ထိုတစ်ရာကျော်ထဲမှာဆရာထူးကို မြင်မြင်ချင်း မှတ်မှတ်ထင်ထင် ဖြစ်မိတာကတော့ သူ့ရဲ့ထူးခြားတဲ့သွင်ပြင်ကြောင့်ဖြစ်ပါသည်။ အရပ်က ခြောက်ပေနီနီး ပခုံးကျယ်ကျယ် ကိုယ်နေကိုင်းကိုင်း မျက်နှာလေးထောင့် ကျကျ မျက်မှန်ထူထူ၊ဆံပင်ပျော့ပျော့ က နဖူးကျယ်ကျယ်ပေါ်တွင် လိပ်ခွေလျက်။အထူးသဖြင့် ဆရာထူးပုံမှာ ကျွန်တော်တို့ ကလေးဘ၀က ကျော်ကြားခဲ့ဘူးသော ရုပ်ရှင်မင်းသားကြီးကျော်ဆွေ ဒီဇိုင်းလို့ပြောလို့ရသလို ရုပ်လည်း အတော်ဆင်နေ သဖြင့်ထူးထူးခြားခြားမှတ်မိနေခြင်းဖြစ်သည်။နောက်ထပ် ထူးထူးခြားခြားမှတ်မိနေခြင်းမှာ ထိုစဉ်က ဆရာထူးတို့လူသိုက်က သီးခြားရွက်ဖျင်တဲတလုံးထိုး၍ ဘားတိုက် အပြင်ဘက်တွင် နေနေကြသောကာလ ဖြစ်သငည့်အပြင် သူနှင့် အတူနေနေကြသူများထဲမှ ပန်းချီစစ်ငြိမ်းအေးမှာ ပန်းချီကားများလှပသလောက် လူပုံတွင်မူ ကွမ်းတဗျစ်ဗျစ် ဆံပင်ထူထဗျစ် မျက်ချေးလက်လေးသစ်နှင့် လူနေညစ်စုတ်စုတ်နေရာတွင် နာမည်ကြီးသူဖြစ်၏။နောက် အတူနေသူ ၂ဦးမှာ ကျောက်မဲတွင် ကျောင်းဆရာလုပ်ခဲ့စဉ် ကတည်းက နောက်တော်ပါးပါလာခဲ့သော ရဲဘော်မောင်ညို(ကျောက်မဲ) နှင့် ကျောက်မဲကျော်ကြီးဟု ယခု နာမည်တွင်နေသူ ၂ဦးဖြစ်၏။ မောင်ညိုဆိုသူမှာ မျက်မှန်က ပုလင်းဖင်။ ဆံပင်က လိမ်ကောက်ကောက်။ လူကပိန်ပိန်။ ပီပိတကယ့်ကုလားဒိန်ဖြစ်လေသည်။ကမ္မ၀ါဖတ်မည့် ဘင်္ဂလီစပ်(ရိုဟင်ဂျာမဟုတ်ပါ)ဖြစ်ပြီး ယခု အခါတွင် အာအက်ဖ်အေ ဟု အမည်တွင်သော သတင်းဌာနတွင် ရေဒီယိုသတင်းထောက်ဖြစ်လာပြီး တသွေးတမွေးဖြစ်လာသော်လည်း ထိုစဉ်ကမူ ပီပိကုလားခြောက်ဖြစ်လေသည်။ နောက်တဦးမှာမူ အန္ဒိယ ဒေသ မှ သင်္ကြန်ချိန်ရောက်တိုင်း တိုက်ပွဲဝင်သံချပ်များတင်ဆက်မှုဖြင့်နာမည် ကြီးနေသည့် ကျောက်မဲ ကျော်ကြီးဖြစ်လေသည်။ကိုကျော်ကြီးမှာ ယခုအခါ နာမည်ကလည်းရလာ အိမ်ထောင်ရက်သားလည်းကျ သဖြင့် မျက်နှာကိုပေါင်းတင်ပြီးပြုပြင်လိုက်သဖြင့် မီဒီယာများတွင် အတော်ကြည့်ပျော်ရှူပျော် ဖြစ်လာ သော်လည်း ထိုအချိန်ကမူ အသားကမည်းရသည့်ထဲ ကျောက်ပေါက်မာထူလပြစ် နှင့်ပါးစပ်ထဲတွင် ကသည်းတွေငုံသော ခိုင်းနီးဆိုသည့် အတော်နံစော်လှသည့် အာမွေးတမျိုးကိုအမြဲတစေငုံထား လေရာ ထိုသူများနှင့်အတူနေနေသည့် အသားဖြူဖြူ လူပုံကိုင်း တည်ကြည်ခန့်ညားသော ဆရာထူးမှာ သမတ လူကြမ်းအဖွဲ့ထဲသို့ အပေါင်းအသင်းမှား၍ရောက်သွားရှာသော ရုပ်ရှင်ဇာတ်ကားထဲက မင်းသားကဲ့သို့ လူတကာသတိထားချင်စရာဖြစ်နေပေတော့ သည်ဟု ကျွန်ုပ် ရေးသားခဲ့သော် အဆိုပါ အတူနေခဲ့သူ ကာယကံရှင်များဖြစ်သည့် ဆရာစစ်၊အာအက်ဖ်အေကိုညို နှင့် ကျောက်မဲကျော်ကြီးတို့ ပင်လျှင် အဆဲ တ၀က်နှင့် ၀န်ခံကြပေလိမ့်မည်ဟု ရဲရဲကြီးဆိုဝံ့ပေသည်။

ကောင်းစွာမှတ်မိနေသော အချက်တချက်မှာ ကျွန်တော်သူတို့ တဲကိုသွား၍ ဆရာထူးယူလာသော စာအုပ်များကိုငှါးဖတ်ခွင့်ရခြင်းဖြစ်ပါသည်။သခင်တင်မြ၏ ဘုံဘ၀မှာဖြင့်၊ ရန်ကုန်ဘဆွေ၏ ချီလေသော်လည်း နှင့် တိုက်ယူရသောမျက်ရည်တစ်ပေါက် ၊ မင်းလိုလူစားအများကြီးဟေ့ အစရှိသော စာအုပ်များဖြစ်သည်။ နောက်ပိုင်းတွင် အတူနေသူ ဆရာပန်းချီစစ်ငြိမ်းအေး ပန်းချီသင်တန်းငယ်လေး တခုဖွင့်သောအခါ ကျွန်တော်က ဆရာစစ်၏ ပန်းချီသင်တန်း အကြောင်းပြုပြီး ဆရာထူးတို့တဲတွင် အချိန်များများပိုနေဖြစ်ခဲ့သည်။ဆရာထူးကား စကားပြောလျင် တိုးတိုးညှင်သာပြောလေ့ရှိသည်။ကျွန်တော် နှင့်မူ မေးထူးခေါ်ပြော အဆင့်သာရှိပြီး သိပ်ထူးထူးထွေထွေ စကားမဆိုဖြစ်ခဲ့ကြ။သို့ရာတွင် ထိုစဉ်က နံရံကပ်စာစောင် များပေါ်တွင် ရေးသားသော ဆရာထူးကဗျာများ ဆောင်းပါးများကတဆင့် ဆရာထူးသည် သမိုင်း၊ စာပေ၊ဂီတ နှင့်ပြဇာတ်အနုပညာနယ်ပယ်တွင် တော်တော်ထဲထဲဝင်နှံ့စပ်သည့်ပုဂ္ဂိုလ်တဦးဟု အသိအမှတ်ပြုမိခဲ့ပါသည်။အထူးသဖြင့် ဆရာထူး၏ တပေါင်းနီ ဆိုသော ကဗျာကိုတော်တော်စွဲလန်း ပြီးအလွတ်နီးပါးရသည်အထိ အထပ်ထပ်ရွတ်ခဲ့ဘူးပါသည်။နောင် ကိုးနှစ် အကြာတွင် သူနှင့် ကျွန်တော်တို့ အမှုတွဲ တခုတည်း မန်းလေးထောင်တိုက်၂ တွင် တခန်းတည်းအတူနေရသောနေ့ရက်များတွင် ကျွန်တော် က ထို တပေါင်းနီကဗျာကို ညတညတွင် ကဗျာရွတ်သည့်အစီအစဉ်တွင် ရွတ်သောအခါ ဆရာထူးမှာ သူပင်အတော်တန်မေ့လျော့နေခဲ့ပြီဖြစ်သော သူ့ကဗျာကို နှစ်ပေါင်းများစွာကြာသည်အထိ ကျွန်တော် အလွတ်ရနေသည့်အတွက် အတော်ပင် အံသြ၀မ်းသာဖြစ်ခဲ့ပါသည်။ထိုကဗျာမှာ ဆရာထူးကျောက်မဲမြို့ ကျောင်းဆရာဘ၀က ကျောင်းကပွဲအတွက်ရေးသားပေးခဲ့သော တပေါင်းနီပြဇာတ် အဖွင့်တွင် ရွတ်ဆိုရန် ရေးခဲ့သည်ဟုပြောပါသည်။ထိုကဗျာကိုကျွန်တော်တို့ လျို့ဝှက်ထုတ်သော ထောင်တွင်းလက်ရေး မဂ္ဂဇင်းတွင် ဖေါ်ပြလိုကြောင်းကျွန်တော်ခွင့်တောင်းသော အခါတွင်လည်း ဆရာက ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုသဖြင့် ဖေါ်ပြခဲ့ဖူးပါသည်။ မှတ်မိနေသောစာသားများကား

တပေါင်းရောက်ပြီ၊

နီစွပေါက်လဲ၊ရိုးတံမွဲတို့၊မြိုင်ထဲရဲရဲ

မြပုရစ်ဖူးသစ်၊သန္တာနှစ်သို့၊

နေပူလေပူ၊နွေဆူဆူမှာ

ဖိစီးလောင်မြိုက်၊အပူတိုက်လည်း

ရဲရဲဝေလျက်၊ရဲရဲမြေထက်၊ရဲရဲကြွေသက်

မငိုက်ဦးခေါင်း၊နွေသစ်လောင်းလို့

ခေတ်ပြောင်းတော်လှန်၊ရုန်းထပြန်သည်

နီစွမောင်းမောင်း၊တပေါင်းရောက်ခဲ့လေပြီ။

မိကိုပစ်လို့ ဖကိုရှောင်ခွာ

ချစ်သူပစ်လို့ စစ်မြေတာမှာ

ရှည်ကြာရက်ညောင်း၊ အသက်ပေါင်းများစွာ

ပေးလှူခဲ့ရ တော်လှန်ရေးရဲ့ယဇ်ပလ္လင်မှာ

လွတ်လပ်တဲ့အခါမှ အမျှဝေပါ။

ထိုကဗျာကို ယခု နှစ်ပေါင်း ၂၀ကျော်ကြာသောကာလတွင် ကျွန်တော်က ဆရာထူးနှင့် မိုင်ပေါင်းထောင်ချီကွာဝေးသောအရပ်ဆီမှ သတိတရ အင်တာနက်မဂ္ဂဇင်းတခု တွင် သတိတရ ထပ်မံဖေါ်ပြခဲ့သည် ကို မတော်တဆ အကျဉ်းထောင်တွင်းမှ ဆရာထူးတယောက် သိခွင့်ရခဲ့လျင် မည်သို့သူ ဆိုလေဦးမည်မသိ။

သည်လိုနှင့် ဆောင်းရက်များ မကုန်မှီရက်များအတွင်း နံနက်လင်းအားကြီး အချိန် လေခွန်းတောင် စခန်းကိုစွန့်ခွါသွားခဲ့သည်။ဆရာထူးလို အသက်အရွယ် အတွေ့အကြုံ ရင့်ကျက်သည့် အပြင် ခေါင်းဆောင် အဖွဲ့တွင်ပါနေသူ တဦးက စခန်းကိုကျောခိုင်းသွားသည့် အပေါ်တွင်မူ ကျန်နေသည့် ရဲဘော်များကြား အတော်ပင် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါသည်။ အထူးသဖြင့် ထိုအချိန်က ရန်ုကုန်အဖွဲ့ မန်းလေးအဖွဲ့ ကလေးမြို့အဖွဲ့၊မုံရွာအဖွဲ့ စသည်ဖြင့်ရှိကြရာ ခေါင်းဆောင်မှုပိုင်းတွင် သဘောထားကွဲမှုများလည်း ရှိခဲ့လေရာ ဆရာထူးထွက်သွားသည့် ကိစ္စအကြောင်းပြု၍ မန်းလေး အဖွဲ့ကိုပါ ကျယ်ကျယ်တမျိုး တိုးတိုး တဖုံ ဝေဖန်မှုများ ရှိခဲ့လေသည်။

နောက်ရက်အနည်းငယ်အကြာတွင် နယ်စပ်ရှိ မိုးရေး စခန်းတွင်ရောက်နေသူ ခေါင်းဆောင်တဦး ဖြစ်သူဒေါက်တာမန်းမြင့်ဆိုင်ထံ မှ စာအရ ဆရာထူးကို မိုးရေးရုံးတွင် ဆက်နေပေးဘို့ ၎င်းက မေတ္တာရပ်ခံ သဖြင့် ဆရာထူးတစ်ယောက် ပြည်တွင်းထိ မပြန်သေးဘဲ မိုးရေးရုံးတွင် ဆရာမန်းမြင့်ဆိုင် နှင့်အတူ အိန္ဒိယ အစိုးရထံ အကူအညီရရေးကိစ္စ သူနှင့် အတူဆောင်ရွက်ကြမည်ဟု သိလာသောအခါ လေခွန်းတောင် စခန်းမှ ရဲဘော်များမကျေမနပ် ကန့်ကွက်စာ ပို့ခဲ့ကြသည်ကိုလည်းမှတ်မိနေပါသည်။

၁၉၈၉ မတ်လတွင် လေခွန်းတောင်စခန်း တွင် လုံခြုံရေးတင်းကြပ်မှုမှ တဆင့် ကိုယ်ထိလက်ရောက် စော်ကားမှုမျိုးပါရှိလာရာ အားလုံးတညီတညွတ်တည်း တန်းစီချီတက်ဆန္ဒပြ ကြရာ လုံခြုံရေးယူထားသည့် တပ်ရင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြယုံမက ရဲဘော် ၈၀ ကျော်ကို နှစ်သုတ်ခွဲ၍ နယ်စပ်ကို သွားသွန်ကာ မောင်းထုတ်ကြပါတော့သည်။ထိုကိစ္စ နှင့်ပတ်သက်၍ နယ်စပ်မိုးရေးရုံး သို့လျို့ဝှက်သွားရောက်ကာ အသိပေးရန် စခန်းရှိရှိဘော်များ တာဝန်ပေးချက်အရ ကျွန်တော် မိုးရေးမြို့ရုံးသို့ ရောက်ရှိပြန်ရာ ဆရားထူးနှင့်ထပ်မံဆုံတွေ့ခွင့်ရခဲ့ပြန်ပါသည်။ထိုကာလအတွင်း နယ်စပ်တွင်ပြန့်ကြဲသွားသော ရဲဘော်များကို ပြန်လည်စုစည်းရေး ကိစ္စ အသစ်ထပ်ရောက်လာကြသော ရဲဘော်များကို စခန်းတွင်းမပို့နိုင်မှီ မိုးရေးမြို့ ဘုန်းကြီးကျောင်းတွင် ခေတ္တ နေထိုင်ရေး ကိစ္စများတွင် ကျွန်တော်ရော ဆရာထူးတို့ တော်တော်နီးနီကပ်ကပ် တိုင်ပင်ဆောင်ရွက်ခွင့်ရကြရာ တဦးနှင့်တဦး တော်တော်ရင်းနီး လာခဲ့ပါသည်။ နောက်ပိုင်းတွင် အသစ်ရောက်လာသော ရဲဘော်များနှင့်ကျွန်တော် လေခွန်းတောင်စခန်း ပြန်လိုက်သွားခဲ့ပြီး ဆရာထူးကမူ နယ်စပ်ရုံးတွင်ဆက်လက်ကျန်နေခဲ့ပါသည်။ ဤသည်မှာ ဆရာထူးနှင့်ကျွန်တော် အိန္ဒိယနယ်စပ် မျက်နှာစာတွင် နောက်ဆုံးတွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။

နယ်စပ်ရုံးမှာ ဆရာထူးနဲ့ နေခဲ့စဉ်ကာလ မှာတော့ ဆရာထူးရဲ့ မယ်ဒလင် လက်သံကို မြည်းစမ်းခွင့်ရခဲ့ပါတယ်။နောက်ပိုင်းမှာ ဆရာထူးဟာ လက်နက်ကိုင်တော်လှန်ရေးနည်းနဲ့ ဒီမိုကရေစီ ရရှိအောင်လုပ်မယ်ဆိုတဲ့ လမ်းစဉ်ထက် ပြည်တွင်းမှာဝင်ပြီး အကြမ်းမဖက်တဲ့ နည်းနဲ့ ဆောင်ရွက်မယ် ဆိုတဲ့နည်းဘက်ကို ပိုပြီး စိတ်ပါလာပုံရပါတယ်။အထူးသဖြင့် မန်းလေးသံဃာလှုပ်ရှားမှုတွေ အားကောင်း လာတဲ့နောက်ပိုင်းမှာ ပြည်တွင်းမှာ သံဃာတွေ ကံဆောင်ပွဲလုပ်တော့မယ့်အချိန်ကာလလောက်မှာ ဆရာထူးတယောက် နယ်စပ်တော်လှန်ရေးကို ကျောခိုင်းစွန့်ခွါပြီး ပြည်တွင်းပြန်ဝင်သွားခဲ့ပါတယ်။ ဆရာထူး စခန်းကပြန်သွားပြီးနောက်ပိုင်းကနေ ပြည်တွင်းကို အပြီးပြန် ၀င်ချိန်မှာတော့ သူ့ကို ဝေဖန်ခဲ့တဲ့ သူတွေအတွက် ရည်စူးပြီး ကဗျာတိုတပုဒ်ပေးပို့ပြီး နုတ်ဆက်သွားခဲ့ပါတယ်။ဒီကဗျာလေးဟာ တိုတိုနဲ့ ထိမိလှတာမို့ ဒီနေ့အထိ အထူးသဖြင့် ခါးသီးလှတဲ့တော်တွင်းတော်လှန်ရေး အတွေ့အကြုံတွေနဲ့ ဆုံတွေ့ပြီး တောတွင်းက ထွက်ပြေးပြီးနောက်ပိုင်း အလင်းဝင်ခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ အကြောင်းတိုက်ဆိုင်လာတိုင်း မကြာခဏ သတိရစေတဲ့ ကဗျာလေးဖြစ်ပါတယ်။ကဗျာလေးက

ရဲခေါင်မျောက်ဟု

ဟိန်းဟောက်သံပ

ကြုံးဝါးကြလည်း

ဓါးသွားလှံဖျား ဝေးရန်ရှား၍

တောကြားမြိုင်အောက်

ပုန်းကွယ်ပျောက်သည်

ဘယ်လောက်ဈေးလည်းတော်လှန်ရေး။ ။

ဒီကဗျာဟာ လက်နက် အကူအညီ က ဘယ်နေမှန်းမသိရပဲ ဒုက္ခသည် စခန်းထဲမှာ တ၀ဲလည်လည်နဲ့ စောင့်ပြီး အချိန်ကုန်နေရတဲ့အနောက်ဖက်တော်လှန်ရေးမျက်နှာစာက အခြေအနေကိုရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့်ဆရာထူးကို ဝေဖန်ခဲ့ဘူးသူတွေက သူတို့ ကိုရည်စူးပြီးကဗျာနဲ့ နှက်သွားတယ်လို့ ယူဆကြပေမယ့် တကယ်ကတော့ ဆရာထူးဟာ သူ့ နယ်စပ် ဖြတ်သန်မှုကာလ အတွေ့အကြုံ ကိုမူတည်ပြီး အန္ဒိယနယ်စပ် တော်လှန်ရေးခွင်တခုလုံးအပေါ်ကို သုံးသပ်ခဲ့တဲ့ သူ့အမြင် အပြင်သူ့ကိုယ်သူကိုပါ ခပ်စပ်စပ်လေး ပြန်ဝေဖန်သွားတဲ့ကဗျာဖြစ်ပါတယ်။ အထူးသဖြင့် ရဲခေါင်မျောက်ဟု ခြိမ်းခြောက်သံပ ဆိုတဲ့ အစပိုဒ်ဟာ နာလိုခံခက်လှသော်လည်း သူမို့ သုံးတတ်ပေတယ်လို့ ချီးကျူးရလောက်တဲ့ သရော်ချက်ဖြစ်ပါတယ်။ဆရာထူးရဲ့ ခပ်တိုးတိုး ရီသံကိုကြားရတဲ့ အဖွဲ့အနွဲ့ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲကြီးပြီးတဲ့နောက် မှာ ဆရာထူး တယောက် မန္တလေး သံဃာထု အတွင်းမှာ ယူဂျီ နိုင်ငံရေးသမားဘ၀နဲ့ ကျင်လည်နေဆဲ ဆိုတာ သိလာရပါတယ်။ ထိုအပြင် သံဃာတွေရဲ့ န.၀ .တ အစိုးရအပေါ် သပိတ်မှောက်ကံဆောင်ပွဲ ကြီးရဲ့ဂယက်ပြင်းထန်လာချိန်မှာ ဆရာထူးဆီက စာတစောင်ရရှိပါတယ်။အဲဒီစာမှာ သပိတ်မှောက် ကံဆောင်ပွဲကို ပိုပြီးအားကောင်းလာအောင် မြေအောက် နိုင်ငံရေး စာစောင်တွေ နဲ့ပံ့ပိုးဘို့ရာမှာ ဖြစ်နိုင်ရင် စခန်းထဲက ရဲဘော်တချို့လာရောက်ကူညီနိုင် ရင်ကူညီဘို့ဖြစ်ပါတယ်။ အဲဒီစာကိုရချိန်မှာ ကျွန်တော်က စခန်းထဲက ထုတ်တဲ့ ခွပ်ဒေါင်းဇာနည် လက်ရေးဂျာနယ် မှာ ဒီဇိုင်းကိစ္စ အ၀၀ တာဝန်ယူ ရေးဆွဲနေတဲ့ အတွေ့အကြုံရှိထားတာမို့ မန်းလေးကို မိမိသဘောနဲ့ ဆင်းသွားမယ်လို့ပဲ ဆုံးဖြတ်လိုက်ပြီး အိန္ဒိယ စခန်းကို ကျောခိုင်းထွက်ခွါပြီး ပြည်တွင်းကို တိတ်တဆိတ် ၀င်သွားခဲ့ပါတယ်။နောက်ဆုံး အခက်အခဲ အမျိုးမျိုးနဲ့ မန်းလေးကိုရောက်သွားပါတယ်။မန်းလေး မဟာမြတ်မုနိ ဘုရားကြီးဝင်းထဲက နေဖြတ်လာတုန်း ဘုရားဝင်းထဲ မှာ လုံခြုံရေးတော်တော်လေး ထူထပ်နေတာကိုတော့ သတိပြုမိပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်နှစ်လောက်ဘုရားရိပ်တရားရိပ်နဲ့ ဝေးတဲ့နေရာကျင်လည်နေတာမို့ ဘုရားထဲမှာ အချိန် တော်တော်လေးကြာကြာ ထိုင်ပြီး ဘုရားဖူးနေဖြစ်ပါတယ်။ပြီးမှ ချိန်ထားတဲ့ အာသောကာရာမ တိုက်ကို သွားဘို့ တောင်ဘက်မုဒ်ကို ထွက်လာလိုက်ပါတယ်။အဲဒီမှာပဲ လုံးဝ မျော်လင့်မထားတဲ့ မြင်ကွင်းကို တွေ့လိုက်ရပါတယ်။ စစ်သားတွေ အားလုံးဟာ ဘုရားကြီးဝင်းထဲက အုတ်တံတိုင်းတွေထဲက နေ လမ်းဟိုဘက်က အာသောကာရမ တိုက်ဆီကို တန်းစီပြီး သေနတ်တွေနဲ့ ချိန်ပြီး အသင့်နေရာယူထား သလို၊ တချို့စစ်သားတွေက လက်နက်တွေ အသင့်ကိုင်ပြီး ဒီဘက် ဘုရားကြီးအတွင်းမှာ အမိန့်ပေးတဲ့ အတိုင်း ပြေးလွားနေကြပါတယ်။ အာသောကာရာမတိုက်ကို ထွက်မဲ့ တောင်ဖက်မုဒ်တံခါးကိုလည်း ပိတ်ထားလိုက်ပါတယ်။ ကျွန်တော် စောင်းတန်းဆီက လှမ်းမြင်ရတာကတော့ မုဒ်ဝ အလွန်လမ်းပေါ်မှာ စစ်ကားကြီးတွေ စောင့်ထားပြီး အာသောကာရာမတိုက် ထဲကနေ သံဃာတော်တွေကို ဖမ်းလာပြီး ကားတွေပေါ် တွန်းတင်နေတာ တွေ့ရပါတယ်။ အဲဒီနောက်တာ့ ကျွန်တော်လည်း တချီထည်း နောက်ကြောင်းပြန်လှည့်ပြီးသုတ်ခြေတင်ရပါတော့တယ်။ နောက်ပိုင်းမှာ သိရတာကတော့ အဲဒီနေ့မှာပဲ ဆရာထူးတယောက် အဖမ်းခံရပြီး ထောင်ဒဏ် သုံးနှစ် အပြစ်ပေးခံရတာ။ ထောင်တွင်းမှာ အိန္ဒိယ စခန်းက ပြန်လာပြီး အဖမ်းခံရတဲ့ ရန်ကုန်က ကျောင်းသားခေါင်းဆောင် ကိုမြင့်စန်းနဲ့ ဆုံခဲ့ကြရပုံတွေသိခဲ့ ရပါတယ်။ကျွန်တော်က မိုက်သွေးက သိပ်မသေးတာကြောင့် တောတွင်းဘ၀ကို စိတ်မကုန်သေးဘဲ ကချင်ပြည်နယ် မြောက်ပိုင်းကို တောတွင်းငရဲခန်းအတွေ့အကြုံယူဘို့ တက်သွားပြီး နောက်ဆုံး သူမနကျောမှာဒဏ်ရာဗလပွနဲ့ ၁၉၉၂ မှာမှ အလင်းပြန်ဝင်ပြီး မြေပေါ်ရောက်လာခဲ့ပါတယ်။

တခါတလေတော့ လက်တွေ့ဘ၀ထဲက တကယ့် အဖြစ်အပျက်တွေ ဟာ ၀တ္ထုဇာတ်လမ်းတွေ ထက်တောင် စိတ်ကူးယဉ်ဆန်ပါသေးတယ်။ ၁၉၉၅ ခုမှာ ထောင်ကလွတ်လာပြီး ရုတ်ချည်းနာမည်ကြီး ဗီဒီယို ဒါရိုက်တာဖြစ်လာတဲ့ ကိုသူရ (ဇာဂနာ) အဆွယ်ကောင်းတာနဲ့ ဗီဒီယိုသရုပ်ဆောင်လုပ်ဘို့ မေမြို့ သို့မဟုတ် ပြင်ဦးလွင် ၊ဆိုတဲ့ သီချင်းထဲမြို့လေးကို ရုပ်ရှင်အဖွဲ့နဲ့ အတူရောက်နေပါတယ်။ဒီလိုနဲ့ ပထမဇာတ်ကား တကားပြီးတဲ့နောက် အားလပ်ရက် တရက်ရတာနဲ့ မေမြို့က နေ အနီးစခန်းမြို့လေးဆီ တယောက်ထဲ ဆင်းလာခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော်နဲ့အတူ ၁၉၉၂ က မြောက်ပိုင်းပါဂျောင် ငရဲခန်းက အတူထွက်ပြေးလာခဲ့ဘူးတဲ့ အေဘီ (မြောက်ပိုင်း)ရဲဘော်ဟောင်း အိုကေ( ခေါ် )ကိုအုန်းကြိုင် တယောက် အနီးစခန်းက ဦးလေးရဲ့စိုက်ပျိုးရေးခြံမှာခြံစောင့်လုပ်နေလို့ပါ။ အိုကေနဲ့တွေ့ပြီး နှစ်ယောက်သား သူ့ခြံအနီး က ဆင်ခေါင်းတောင်ပေါ်တက်ပြီး ကျွန်တော်က ဆင်ခါင်းတောင်က မြင်ရတဲ့ ရှုခင်းကို ရေဆေးပန်းချီကားရေးရင်း အတိတ်က ဇာတ်လမ်းတွေကို ပြန်အလွမ်းသယ်ဖြစ်ကြပါတယ်။ ပြီးတဲ့ အခါ ညနေချိန်ရောက်လာတာမို့ နဲနဲပါးပါး ပင့်ကြဘို့ တိုင်ပင်တဲ့ အခါ အိုကေ က အနီးစခန်းမှာ ကျွန်တော်နဲ့ မိတ်ဆွေဖြစ်နေတဲ့ လူတယောက်အိမ် သွားသောက်ကြမယ်။လွတ်လပ်တယ်။စကားလဲပြော လို့သိပ်ကောင်းတယ်။ ဒီရွာလေးမှာတော့ ကျွန်တော်သူနဲ့ပဲ အပေါင်းအသင်းလုပ်နေတာဗျ။ ဟိုရောက် ရင် ခင်ဗျားသဘောကျမှာဗျ ဆိုတာနဲ့ စက်ဘီးတစီး နှစ်ယောက်စီးပြီး ထွက်ခဲ့ပါတယ်။ဟိုရောက်တော့ တော်တော်လေးသေသပ်တဲ့ ဥရောပစတိုင် တိုက်သစ်လေးတလုံး ဆောက်ထားတဲ့ ခြံလေးထဲ နင်းဝင်သွား ပြီး အိုကေ က စက်ဘီး ဘဲလ် သံလေးပေးလိုက်ပါတယ်။ အဲဒီမှာ တထပ်တိုက်လေးထဲက နေ မျက်မှန် တ၀င့်ဝင့် ခါးကိုင်းကိုင်း နဲ့ထွက်လာတဲ့ ဆရာထူးကို လုံးဝမထင်မှတ်ပဲတွေ့လိုက်ရတာမို့ တယောက်နဲ့ တယောက် ၀မ်းသာအားရ ပြေးပြီးဖက်လိုက်ကြပါတယ်။အိုကေလည်း ကျွန်တော်တို့ နှစ်ယောက်ကို အူကြောင်ကြောင်နဲ့ အံ့အံ့သြသြ ကြည့်နေပါတယ်။ နောက်မှာတော့ ကျွန်တော်တို့ ဆရာထူး တယောက်တည်းနေတဲ့ တိုက်လေးထဲမှာ ကျွန်တော်တို့ စကားဝိုင်းတွေ အလုအယက် ပြောဖြစ်ကြ ပါတော့တယ်။ဆရာထူးဟာ အဲဒီအချိန်က ထောင်ကလွတ်လာပြီး နောက်ပိုင်း မန္တလေးမှာ လည်းမနေ ချင်တာနဲ့ ဒီမြေလေးကိုဝယ်ပြီး ဒီတိုက်လေးကိုဆောက်လိုက်တာလို့ဆိုပါတယ်။ ဇနီး နဲ့သားကတော့ စီးပွါးရေး လုပ်ငန်းတွေလည်းရှိတာမို့ မန်းလေးမှာပဲနေကြတယ်လို့ပြောပါတယ်။ သူထောင်ထဲမှာ ကျွန်တော်တို့ မြောက်ပိုင်းကိစ္စ ကြားရပြီး ယူကျူံးမရ ဖြစ်မိကြတဲ့အကြောင်း၊ နောက်ပိုင်း အနီးစခန်းမှာ အိုကေ တွေ့ပြီးနောက်ပိုင်း ပိုပြီး စုံစုံလင်လင်သိခွင့် ရခဲ့ပေမယ့် ကျွန်တော်ပါဒီပြသနာထဲ ပါနေခဲ့ လိမ့်မယ်လို့ လုံးဝ မမျော်လင့်တဲ့ အကြောင်း တွေပြောဖြစ်ကြပါတယ်။ ဒီနောက်ပိုင်းမှာတော့ အိုကေ ပြင်ဆင်လာတဲ့ စားဖွယ်သောက်ဖွယ် များကြောင့် ၀ိုင်းက ပိုစိုပြေလာပါတော့တယ်။ ညနေဘက် ကူးလာချိန်မှာတော့ ဆရာထူးက လက်စွဲတော် မယ်ဒလင်လေးကို ထုတ်လာပြီး စကားပြောလိုက်ကြ ဆိုလိုက်တီးလိုက်ကြနဲ့ ၀ိုင်းကတော်တော်လေး စည်ကားလာပါတယ်။အဲဒီနေ့ကလည်း ဆိုတီးတီး နောက် ထောင်ထဲမှာလည်း မကြာခဏ ဆရာထူးဆိုလေ့ရှိတဲ့ သီချင်းပိုင်းအစလေးကို ခုချိန်ထိ ကျွန်တော် နားထဲကြားယောင်နေမိပါတယ်။

ညှင်းညှင်းညံ့ညံ့ ခင်းပြန့်သဲမြေ x x တစိမ့်စိမ့်ရေဆင်း x တို့ချစ်ခြင်းနဲ့ အပြိုင်ပေx ဂနိုင်ခြေမှ x စတဲ့ x စိမ့်စမ်းရေx x တနေ့ဆို ကိုယ်ရောက်မလာလားရယ်လို့ x x အကြိုထောက်ပါ လား မြစမ်းရေx x ကျွန်တော်တို့ တနေ့နေ့ ပြန်လာနိုးနဲ့ မျော်ကိုးကာ တွက်စစ် ခဲ့ရတဲ့ လက်ဆစ်တွေလည်းပန်းလှပါပြီ ဆရာထူးရေ။ ဆရာထူးကတော့ ခုလို အချိန်မျိုးမှလည်း တောင်ကြီးထောင် ညချမ်းဆည်းဆာမှာ ဖေးဖရိတ် သီချင်းညဉ်းလို့ ကြံ့ကြ့ခံ နေဦးမယ်ဆိုတာ ယုံကြည်နေမိပါတယ်။

အော် x ရည်မျော်ကာ ရောက်လာနိုး x မျော်ကိုးကာတွက်စစ်လို့နေx x လက်ဆစ်တွေ x ပန်းရှာရော့ မယ်လို့ x x သိသားပေါ့ အချစ်ရေ...။

အပိုင်း(၂)ကိုဆက်လက်ဖေါ်ပြပါမည်။

ပန်းချီထိန်လင်း

ညွှန်း -
ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) www.kaungkin.com

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved