စာနယ်ဇင်း ဝေဖန်ရေး

Wednesday, July 11, 2012 0 comments

'


ရခိုင်ဒေသ ပဋိပက္ခ နဲ့ စာနယ်ဇင်းတို့ရဲ့ အနေအထားကို သုံးသပ်ထားတဲ့ ဆောင်းပါးတစောင်ကို ဧရာဝတီ အွန်လိုင်းမှာ ဒီကနေ့ တွေ့ရပါတယ်။

Burma’s Irresponsible New Media လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီဆောင်းပါးကို မြန်မာစာနယ်ဇင်းသမားတယောက်က ရေးထားတာပါ။

ပဋိပက္ခအခြေအနေတွေကို သတင်းသမားတွေ ဘယ်လို ရင်ဆိုင်ခဲ့သလဲ၊ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ၊ ဘယ်သူတွေ အမြတ်ထုတ်ခဲ့သလဲ ဆိုတဲ့ သုံးသပ်ချက်တွေ ပါဝင်ပါတယ်။

http://www.irrawaddy.org/?slide=burmas-irresponsible-new-media မှာ ဖတ်ရှုနိုင်ပါပြီ။

'

ဝန်ကြီး ဦးအောင်မင်းနဲ့ ၈၈ အဖွဲ့ တွေ့ဆုံ

0 comments

ဓာတ်ပုံ- ၈၈

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုမြအေး ဦးဆောင်တဲ့ အဖွဲ့ဟာ ကချင်ပြည်နယ်ကို သွားရောက်ပြီး လိုင်ဇာမှာ ကချင်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စ တွေ့ဆုံပြီး အပြန် ယမန်နေ့ ဇူလိုင်လ၊(၁၀)ရက် ညနေ ၃း၀၀ နာရီမှာ နေပြည်တော်မှာစစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းမှုဖော်ဆောင်နိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

၈၈ အဖွဲ့နဲ့ ကချင်ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေးတွေ့ဆုံမှုနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတာပါ။ ကချင်ပြည်နယ်က ဒုက္စသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကလည်း ကချင် ပြည်သူတွေကို Skype ကနေ တဆင့် နုတ်ဆက်စကားပြောခဲ့ကြပါသေးတယ်။


ကချင်ခေါင်းဆောင်တွေဟာ အပစ်အခတ်ရပ်စဲရေးလိုလားပြီး ငြိမ်းချမ်းရေးကို အလွန်လိုလားနေတယ်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီး နေရာ အပြောင်းအလဲ

1 comments

~

ရန်ပိုင်


ဝန်ကြီးအပြောင်းအလဲစတင်တဲ့သတင်း ဒီကနေ့ နေပြည်တော် အစိုးရ အသိုင်းအ၀န်းကနေ ထွက်ပေါ်လာပါပြီ။

ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ မီးရထား ၀န်ကြီး ဦးအောင်မင်း က သမ္မတရုံးဝန်ကြီးဌာန (၁) ကို ပြောင်းရမယ်၊
အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်က ပြန်ကြားရေးဝန်ကြီးဌာနကို ကိုင်ရမယ်၊
ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်းကတော့ ရာထူးတခြမ်းပြုတ်မယ် ယဉ်ကျေးမှုဝန်ကြီးဌာနကိုပဲ အပိုင်းစားရမယ် လို့ ပြောဆိုနေကြပါတယ်။

ဒီလိုသာ တကယ် ပြောင်းလဲမယ် ဆိုရင် သမ္မတကြီး ဦးသိန်းစိန်က လူမှန်နေရာမှန် ပြောင်းလဲမှု လုပ်လုပ်ပြီလို့ ဆိုနိုင်မလားပဲ။

မီးရထားဝန်ကြီး ဦးအောင်မင်းဆိုရင် မီးရထား သယ်ယူပို့ဆောင်ရေးအလုပ်ထက် ငြိမ်းချမ်းရေးအတွက် ပြေးဟယ်လွှားဟယ် လုပ်နေရတာမို့ ခရီးသွားဝန်ကြီးလို့ နာမည် ထွက်နေသူပါ။ သမ္မတရုံးဝန်ကြီးဌာန (၁) ကို သူရွှေ့သွားရမယ် ဆိုရင် အဲဒါ သူ့အတွက် သင့်တော်ပါလိမ့်မယ်။ လက်ရှိအလုပ်အကိုင်နဲ့လည်း ကိုက်ညီမှာပါ။

အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကတော့ စာလေးပေလေး ဖတ်တဲ့ အပြင် ရေးလည်းရေးတယ်လို့ သိရတဲ့အတွက် ပြန်ကြားရေး ၀န်ကြီး အနေနဲ့ဆို ဟုတ်သလိုလို ရှိပေမယ်။ ဆင်ဆာအဖွဲ့ထားပြီး စာနယ်ဇင်းကင်ပေတိုင်အလုပ် ဆက်လုပ်နေအုံးမယ် ဆိုရင်တော့ မဟန်ဘူးလို့ ပြောရမှာပါ။

ဦးကျော်ဆန်းကတော့ သိတဲ့အတိုင်းပဲ မြန်မာဇာတ်သဘင်ကိုလည်း ခုံမင်နှစ်သက်တဲ့လူဆိုတော့ ယဉ်ကျေးမှုဝန်ကြီးဆိုတာမှန်တယ် လို့ဆိုရမလားပဲ။

ဒါကြောင့် ဒီတခါ အပြောင်းအလဲကိုတော့ လူမှန်နေရာမှန် ဆိုတာမျိုး ဖြစ်စေချင်ပါပြီ။

အစိုးရအဖွဲ့ဝန်ကြီးတချို့ ပေးအပ်ထားတဲ့တာဝန်နဲ့ လုပ်နေတဲ့အလုပ်တွေ မဆီမဆိုင် ဖြစ်နေတာတွေ၊ အဆီအငေါ်မတည့် ၀င်ရောက် ပြောဆိုမှုတွေကို ဧရာဝတီအယ်ဒီတာ ကိုအောင်ဇော်က လူမှန်နေရာမှန်ဆိုတဲ့ ဆောင်းပါးနဲ့ ဝေဖန်ခဲ့ဖူးပါတယ်။

လူမှန်နေရာမှန်


~

ခင်ချာတူး၏ အင်တာဗျူး

3 comments

~




စိုးမင်း/Facebook


“ဓည၀တီ ရုပ်မြင်သံကြား ပိတ်သတ်များရှန့်။ အပတ်စဉ် တင်ဆက်နေကျ အင်တာဗျူးအစီအစဉ် ထုတ်လွှင့်ရန်အချိန် ကျရောက်လာပါသောကြောင့် ယနေ့မျက်မှောက်ခေတ် နိုင်ငံတော်အခြေအနေများကို တာဝန်ရှိလူကြီးမင်းတစ်ဦးလည်းဖြစ်၊ စမ္ပာနဂိုရ်ပြည်နယ်၏ ဂဏလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ သော်တာသိင်္ဂီ ၀ဏ္ဏသိရီ ဒေါက်တာ ပုံလိုက်ပိုင် နဲ့ တွေ့ဆုံမေးမြန်းခဲ့ကြသည်များကို မိဘပြည်သူများ ဗဟုသုတဖြစ်စေရန်အလို့ငှာ ဖျော်ဖြေ တင်ဆက်လိုက်ရပါတယ် ရှန့်။ ကျွန်မ ခင်ချာတူးပါ။ ”

ခင်ချာတူး။ ။ ဟုတ်ကဲ့ပါ။ လူကြီးမင်းရဲ့ အမည်နာမကလေး သိပါရစေရှန့်။

လူကြီးမင်း။ ။ ကျွန်တော် ပုံလိုက်ပိုင်ပါ။

ချာ။ ။ သြော်၊ တိုင်းရင်းသားထဲကထင်တယ်နော်။ နံမယ်လေးက ချစ်ချာလေး။

မင်း။ ။ ဟုတ်ပါဘူး။ သူငယ်ချင်းတွေက ကျွန်တော်လုပ်သမျှအကွက်တွေကို သိပ်ပိုင်တဲ့ မင်းပဲ။ ပိုင်လိုက်ပုံ၊ ပိုင်လိုက်ပုံ လို့ ၀ိုင်းခေါ်ကြရင်းနဲ့ ပုံလိုက်ပိုင်ဖြစ်သွားတာပါ။

ချာ။ ။ ခိ ခိ .. ဒါဆို နံမယ်ရှေ့က ဘွဲ့တံဆိပ်ကြီးတွေက ဘယ်တုန်းက ရသွားတာပါလဲရှန့်။

မင်း။ ။ ဟီးဟီး။ ငယ်နံမယ် လရွှေဆိုတာကို သူငယ်ချင်းဝဏ္ဏကသိသွားတော့ ရီလိုက်တာ အူကိုတက်ရော။ အဲဒါလေးကို အမှတ်တရတပ်လိုက်တာဗျ။ ဘာရယ်လို့ဟုတ်ဘူးလေ။ လူရှိန်တာပေါ့။

ချာ။ ။ ဒေါက်တာက ချာဝန်ကြီးဆိုတော့ ဘာအထူးကုပါလဲရှန့်။

မင်း။ ။ တိရစ္ဆာန်အထူးကု လို့ ပြောလို့ရတယ်လေ။ ကျွန်တော်က တိမွေးကုက ဆင်းတာ။ ဘာလဲ။ ဒေါက်တာ တပ်လို့ မရဘူးလား။ တရားစွဲပလိုက်မှာနော်။

ချာ။ ။ ရားတယ်ရှင့်။ ရားတယ်ရှင့်။ ဒေါက်တာက ငယ်ငယ်လေးပဲ ရှိသေးတယ်နော်။ နိုင်ငံရေးကို ဘယ်အရွယ်ကတည်းက စိတ်ဝင်စားခဲ့တာပါလဲရှင့်။

မင်း။ ။ ကျွန်တော်က တက္ကသိုလ်ကျောင်းသားများသမဂ္ဂခေါင်းဆောင်တစ်ယောက်ပါ။

ချာ။ ။ (မျက်လုံးပြူးသွားလျက်) ရှန်။ ဟိုဘဘကြီး ဖောက်ခွဲသွားတဲ့ ဥစ္စာကြီးလား။ ဟုတ်ပါ့မလားဦးရယ်။ အဲ့တုန်းက မီးတို့တွေ မွေးတောင် မွေးသေးဘူး။

မင်း။ ။ အရေးအခင်းမှာ ပြန်ဖွဲ့ကြသေးတယ်လေ။ ဝေးရန်ကော။

ချာ။ ။ ဟယ်.. ဦးက ၈၈ ကတည်းက တက္ကသိုလ်ရောက်နေတာလား။

မင်း။ ။ (မျက်ထောင့်နီကြီးဖြင့်) အထက်တန်း၊ အလယ်တန်းတွေမှာလည်း သမဂ္ဂတွေ ဖွဲ့ကြတယ်လေ။ မင်းမသိဘူးလား။ ရက်တွေပြန်ပြန်တွက်မနေနဲ့။ ငါကသေချာတယ်ဆို သေချာလိုက်။

ချာ။ ။ ဟုတ်။ ဟုတ်။ ရပါပြီ။ ရပါပြီ။ လူကြီးမင်းက စမ္ပာနဂိုရ်မြို့နယ်က ၀င်အရွေးခံခဲ့တာဆိုတော့ ကိုယ့်ဇာတိရပ်ရွာမို့ပေါ့နော်။

မင်း။ ။ လူကိုများ တောသားမှတ်လို့ဗျာ။ စမ္ပာနဂိုရ်က ဒယ်ဒီအရွေးခံထားရတဲ့နယ်လည်းဖြစ်၊ ဟိုးအရင် သူတိုင်းမှူးလုပ်သွားတာလည်းဖြစ်လို့ လာအရွေးခံတာ။ အရင်က ရောက်တောင် မရောက်ဖူးဘူး။

ချာ။ ။ (မျက်လုံးကလေး အရောင်တောက်သွားပြီး) ဟယ်။ အကိုက ဘဘကြီးရဲ့သားလား။ ပြောပြောကမစောဘူး။ မီးနဲ့သိတယ်။ မီးနဲ့သိတယ်။ ခိ ခိ။ နေကောင်းလား မေးတယ်လို့ ပြောလိုက်ပါနော်။

မင်း။ ။ ကျွန်တော့်ယောက္ခမ တော်ပါတယ်ဗျ။ ဘိုးတော်ကြီးလည်း အချဉ်တော့ မဟုတ်ပဲကိုး။

ချာ။ ။ (အခုမှပဲ စိတ်ဝင်စားစရာ စကားအစကလေး ရတော့တယ် ဟူသောပုံစံမျိုးဖြင့်) မီးက မမ နဲ့လည်း တွေ့ဖူးပါတယ်ရှန့်။ အကိုနဲ့ မမနဲ့ ဖူးစာဆုံဖြစ်ပုံကလေးကို ပြောပြနိုင်မလားရှင်။ ကြည့်ရှုနေတဲ့ လူငယ်ပိတ်သတ်ကြီးလည်း အတုယူ ရင်ခုန်လို့ ရတာပေါ့။ မမကို အိမ်ထောင်ဘက်အဖြစ် အကိုကြီးရွေးချယ်ခဲ့ပုံကလေး သိပါရစေ။

မင်း။ ။ (ရုပ်ကို တည်နိုင်သမျှတည်အောင်ထားလျက်) It was not a choice. ဗျ။ It was a sacrifice. ပါ။

ချာ။ ။ ရှန်။ ပြောင်းပြန်ကြီး။ ပြောင်းပြန်ကြီး။ (အသံတိုးတိုးဖြင့် မျက်စပစ်လျက်ပြောစေ)။

မင်း။ ။ (ငါသိပါတယ်။ ဆရာမလုပ်နဲ့ဟူသောမျက်နှာထားဖြင့်) တကယ်တော့ အဲဒါရွေးချယ်မှုလို့ မပြောပဲ အနစ်နာခံမှုတစ်ခုလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဘာလို့ဆိုတော့ ရွေးမယ့်ရွေးရင် ချောတာလှတာတွေ တပုံကြီးပဲဟာ။ ဘ၀ရှေ့ရေးအတွက် အနစ်နာခံလိုက်လို့ ဒါကြီးကို ယူလိုက်မိတာ။ လှတာမက်ရင် ညစာခက်တယ်တဲ့။ သောက်ကျည်းတန်မက်မှ ကောက်ကြီးဆန်ချက်နဲ့စားရသတဲ့။ အဲသလို အနစ်နာခံခဲ့လို့လည်း ဒီနေ့ဒီအချိန်မှာ ဒီနေရာက တိုင်းပြည်အကျိုးတွေ သယ်ပိုးရွက်ဆောင်နေနိင်တာပေါ့ဗျာ။

ချာ။ ။ မှတ်သားလောက်ပါပေတယ်ရှန့်။ လူကြီးမင်းအနေနဲ့ အစက ဟိုပါတီက ၀င်အရွေးခံခဲ့ရာကနေ အခုကျတော့ ဒီပါတီကို ကူးပြောင်းလာရတဲ့ ရည်ရွယ်ချက်ကလေးလည်း သိပါရစေ။

မင်း။ ။ ဒါက ဒီလိုရှိတယ်ဗျ။ ကျွန်တော်က အစတုန်းက ဒီပါတီမရှိသေးခင်တုန်းက ဟိုပါတီကနေ ၀င်အရွေးခံခဲ့တာပါ။ အခုချိန်မှာ ဒီပါတီက အင်အားပိုကြီးလာမယ့် အလားအလာတွေလည်း တွေ့နေရတယ်။ သူတို့ခေါင်းဆောင်ပိုင်းတွေကလည်း လူငယ် ပညာတတ် ဆရာဝန်ထဲက နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေကို ကြိုဆိုတယ် လို့ ပြောထားခဲ့တော့ ပြောင်းဖြစ်သွားတာပါ။ ကျွန်တော်က ငယ်လည်းငယ်၊ ချောလည်းချော၊ ပညာလည်းတတ်၊ ဆရာဝန်လည်း ဆရာဝန်လေ။ ရဘူးလား။

ချာ။ ။ မရဘူးပြောရင် ငိုလိုက်မယ် ဖြစ်နေပါဦးမယ်။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ ရပါတယ်။ ဆက်လက်ပြီးတော့ ရွေးကောက်ပွဲအကြိုကာလများဆီက ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို စည်းရုံးသိမ်းသွင်း ခဲ့ပုံကလေးကိုလည်း သိချင်ပါတယ်ရှင့်။

မင်း။ ။ (ပြုံးလျက်) ကျွန်တော်တို့ ဗုဒ္ဓဘာသာ အယူဝါဒအရတော့ ကံ ကံ၏အကျိုးဆိုတာကို ယုံကြည်ကြတယ်ဗျ။ ကံဆိုတဲ့နေရာမှာ ပစ္စုပ္ပန်ကံချည့်ပဲ မဟုတ်ဘူး အတိတ်က ကြိုကြိုတင်တင် ပြုထားခဲ့ပြီးသော ကုသိုလ်ကံ၏အကျိုးဆိုတာလည်း တော်တော် စကားပြောပါတယ်။ အစ္စလမ်ဘာသာဝင်တွေရဲ့ အီစွတ်ပုံပြင်ထဲမှာ ယုန်နဲ့လိပ်နဲ့ အပြေးပြိုင်တာရော ကြားဖူးတယ် မဟုတ်လား။ ယုန်ကလေး တာမထွက်ခင်ကတည်းက လိပ်ကလေးက ဘယ့်လောက်ဝီရိယကြီးစွာ မနားမနေ လျှောက်ခဲ့ရတယ်ဆိုတာ သိလို့လား။ ၀ီရိယရှေ့ဆောင် ကြံတိုင်းအောင် တို့ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်တို့ စကားပုံတွေ သိကြမှာပါ။ ခရစ်ယာန်ဘာသာဝင်တွေ နားလည်အောင်ပြောရရင်တော့ အရာရာဟာ ဘုရားသခင် အလိုတော်အတိုင်း ဖြစ်ကြရတာ မဟုတ်လား။ ကျွန်တော်တို့လည်း ကျွန်တော်တို့ ဘုရားသခင်ကြီးရဲ့ အလိုတော်ကျ ဖြစ်ကြရတာ မဆန်းပါဘူးလေ။

ချာ။ ။ ဟုတ်ပေလိမ့်မယ်။ ဟုတ်ပေလိမ့်မယ်။ ဘုရားသခင်အလိုတော်နဲ့ မဆန့်ကျင်လို့ ယုဒတို့ မောရှေတို့တောင် ကြိုတင်ထောက်ခံသွားကြတာနေမှာ။ အခု ရွေးကောက်ခံ ကိုယ်စားလှယ်တော်တစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာရော ဘာတွေများ ပြောင်းလဲသွားပါသလဲရှန့်။

မင်း။ ။ ကားတစ်စီးရတယ်လေ။ ပြန်တောင်ရောင်းပလိုက်ပြီ။ အရေးကြီးတာက လူလယ်ခေါင် ပုဆိုးကျွတ်မကျဖို့ဗျ။ အဲဒီချော်ချိချော်ချိ ပြောင်ပြောင်လက်လက်ကြီးတွေက ၀တ်နေကျမှမဟုတ်တာ။ ကိုယ်တွေက ကလပ်တက် ဒီဂျေပွတ်တဲ့ အရွယ်ကောင်းကလေးတွေကို ဒီလောက်ဖူတဲ့ ယူနီဖောင်းကြီးတွေ လာဆင်တော့ ဂွမ်းသလား မမေးပါနဲ့။ နောက်တော့မှ ကက်ရွှယ်ဝဲလေးဘာလေး ၀တ်ခွင့်ရအောင် အဆိုပြုလွှာတင်သွင်းဦးမယ်။

ချာ။ ။ ဂဏလွှတ်တော်မှာ လူကြီးမင်းနှစ်ခြိုက်မိတဲ့ အဆိုအမိန့်လေးများရှိရင်လည်း မျှဝေပါဦး ရှန့်။

မင်း။ ။ ရှိတယ်ဗျ။ ရှိတယ်။ ဥက္ကဋ္ဌကြီးပြောတဲ့ “လိုရင်းကိုပဲ ပြောပါ။ ” ဆိုတာ ကို အကြိုက်ဆုံးပဲ။ စားပွဲကြီးကို ကြေးစည်လက်ခတ်ကြီးနဲ့ ဒုန်းကနဲထုတာလည်း မာန်ပါလိုက်တာ မပြောပါနဲ့။ လက်ခုပ်တီး လက်ခေါက်မှုတ်တာ ခွင့်မပြုလို့သာ အောင့်ထားရတယ်။ စိတ်ထဲမတော့ ဘယ်လိုသဘောကျမှန်းမသိပါဘူး။

ချာ။ ။ လူကြီးမင်းအနေနဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ မဲဆန္ဒနယ်က ပြည်သူလူထုအတွက် ဘယ်လိုများ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အစီအစဉ်ရှိသလဲ သိပါရစေ။

မင်း။ ။ ခင်ဗျားပြောမှ သတိရတယ်။ ဟုတ်ပါရဲ့။ ချေးထားတဲ့ပိုက်ဆံတွေ ပြန်ဆပ်ခိုင်းရဦးမယ်။ အတိုးမပါ ဘာမပါချေးထားတာ ဒီလောက်လှည့်သုံးရ တော်ရောပေါ့။ ကျုပ်ကမှ စပွန်ဆာတွေဆီက အတိုးနဲ့ယူထားရတာ။ သတင်းထဲထည့်ရင်တော့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ငွေပင်ငွေရင်း မတည်ထုတ်ချေး ပေးထားတယ်ပေါ့ဗျာ။

ချာ။ ။ လူကြီးမင်းရဲ့ နိုင်ငံရေးနဲ့ပတ်သက်လို့ ရပ်တည်ချက် ၊ ခံယူချက်ကလေးလည်း သိပါရစေ။

မင်း။ ။ ရောယိမ်းလိုက် ဘသားယိမ်းလိုက်ပေါ့ဗျာ။ တိုင်းပြည်အတွက် အလုပ်လုပ်တဲ့အခါမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေ မထားရဘူးဗျ။ ဘယ်ပါတီနဲ့ဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်နဲ့ဖြစ်ဖြစ် အတူလက်တွဲဆောင်ရွက်နိုင်ဖို့လိုတယ်။ အရေးကြီးတာ ကိုယ်နဲ့လက်တွဲတဲ့သူက အာဏာရဖို့ပဲလိုတာ။ အာဏာလက်ဝယ်မရှိပဲနဲ့ တိုင်းပြည်နေနေသာသာ ကိုယ့်ဖင်တောင် ကိုယ်ပြန်မကယ်နိုင်ဘူးမှတ်။

ချာ။ ။ သာဓုပါတော်။ သာဓုပါ။ ရဲရင့်ပြတ်သားပါပေတယ်။ အခုတလော မငြိမ်မသက်ဖြစ်နေတဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများအရေးအတွက် လူကြီးမင်းရဲ့ ပါဝင်ဆောင်ရွက်ခဲ့ပုံကလေး အမိန့်ရှိပါဦး။

မင်း။ ။ ညီမလေးက စကိုင်းနက် မကြည့်ဘူးနဲ့တူတယ်။ ရံပုံငွေပဒေသာကပွဲမှာ ကိုကြီးလှူခဲ့တာတွေ အများကြီးပဲလေ။ သက်မွန်မြင့်လေး တက်လာတော့လည်း လက်ကလေးကို အကြာကြီးကိုင်ပြီး အလှူငွေတွေပေးတယ်။ အလယ်ဆိုင်းဇီကလေးကိုရော၊ မေကဗျာလေး၊ မိုးယုစံလေး၊ စုံလို့စုံလို့။ အလှူငွေထည့်လွန်းအားကြီးလို့ အိမ်ကမိန်းမကိုတောင် မနည်းပြန်ချော့ရတယ်။ ကိုယ့်ပြည်ထောင်စု တိုင်းရင်းသားတွေအတွက်ပဲဟာ သဒ္ဒါတရား မနည်းပါဘူး။

ချာ။ ။ နောက်တခါ သာဓုပါရှန့်။ ဟိုလေ။ အခုတလော ပြည်ပခရီးထွက်တာတွေကလည်း ခေတ်စားနေတော့ လူကြီးမင်းရဲ့ ပြည်ပခရီးစဉ်ရှိမရှိကိုလည်း ပိတ်သတ်ကြီးကို အသိပေးလိုက်ပါဦးရှန့်။

မင်း။ ။ သိပ်ရှိတာပေါ့ဗျာ။ ခနလေးစောင့်။ ခုမှ စပီကင်သင်နေတုန်း။ အတတ်မြန်ချင်လို့ Playboy မဂ္ဂဇင်းတွေ အတွဲလိုက်မှာထားတယ်။ ရုပ်ရှင်ကြည့်ရင်လည်း အင်္ဂလိပ်စကားပြောပါတဲ့ NC တွေပဲ ကြည့်တော့တာ။ ဒီခေတ်ကြီးမှာ အင်္ဂလိပ်လို မတတ်ပဲ နိုင်ငံတကာသွားချင်လို့ မရဘူးဗျ။ ဟိုရောက်ရင် ဂေလန်းက မေသန်းတို့၊ ခေါက်စံက ပုဂေါက်ခြံတို့နဲ့မှ ဖောရှောမလုပ်တတ်ဘူးဆိုရင် ကိုယ့်တိုင်းပြည် သိက္ခာကျမှာပေါ့။ အိုဘားမားတို့လင်မယားနဲ့လည်း သွားတွေ့ချင်သေးတယ်။ စလုံးမှာတွေ့ဖြစ်မလား။ ယပက်လက်မှာ တွေ့ဖြစ်မလားတော့ မသိဘူး။ ဘယ်မှာဖြစ်ဖြစ်ရပါတယ်။ မဒမ်တူးဆော့တွေရှိသားပဲ။

ချာ။ ။ ပြန်လာရင် မီးဖို့ ချော့ကလက်ဝယ်ခဲ့ရမှာနော်။ နောက်တစ်ခုမေးချင်ပါသေးတယ်။ လူကြီးမင်းအနေနဲ့ အားကျအတုယူမိတဲ့ နိုင်ငံခေါင်းဆောင်တွေရှိရင်လည်း သိချင်ပါတယ်ရှန့်။

မင်း။ ။ JFK ကို အားကျတယ်ဗျာ။ မွန်ရိုးကြီးကို ဘယ်လိုကြွိုင်သွားတယ် မပြောတတ်ဘူး။ ဟိုကကြွေဆင်းသွားလိုက်တာ ရှောဘရားသားတောင်ပြသွားတယ်။ နောက်တက်ထဲမှာတော့ ကလင်တန်ကို အတုယူချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရုံးခန်းက အတွင်းရေးမှူး မိန်းကလေးတွေကိုတော့ တင်းကျပ်တဲ့ စည်းကမ်းတစ်ခု ထုတ်ထားမှဖြစ်မယ်။

ချာ။ ။ ကင်းကင်းနေချင်တယ်ပေါ့။

မင်း။ ။ ဟုတ်ပါဘူးဗျာ။ “မည်သူမျှ အတွင်းခံ ခံမ၀တ်ရ” လို့လေ။ တော်တော်ကြာ တရားရုံးမှာ သက်သေခံပစ္စည်း ဖြစ်နေမှာစိုးလို့။ ရှေ့လူရဲ့အမှားဟာ နောက်လူအတွက် သင်ခန်းစာတဲ့။

ချာ။ ။ အမေရိကန်သမ္မတတွေတောင် သူ့လောက် အမျှော်အမြင်မကြီးဘူး။ ဟုတ်ကဲ့ပါရှင်။ အခုလို ဖြေကြားပေးတဲ့ လူကြီးမင်း သော်တာသိင်္ဂီ ၀ဏ္ဏသိရီ ဒေါက်တာပုံလိုက်ပိုင်ကို ချာတူးတို့ ဓည၀တီရုပ်မြင်သံကြားမိသားစုမှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ စောင့်မျှော်ကြည့်ရှုနားဆင်ကြတဲ့ ချစ်ပိတ်သတ်ကြီးအတွက်လည်း အမှာစကားလေးများ ပြောကြားပေးပါဦးရှန့်။

မင်း။ ။ ဟုတ်။ ပုံပုံကလည်း အထူးပဲ ကျေးဇူးတင်လျက်ပါ။ ချစ်စွာသော ပြည်သူလူထုကြီးလည်း ကျန်းမာချမ်းသာပါစေ။ ပုံလေးကို ယုံသေးတယ်ဆိုရင်တော့ နောက်တစ်ခေါက်ကျရင်လည်း ဆက်ပြီး အားပေးကြပါဦးနော်။ မွ … မွ … မွ။

မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် စာအုပ်ထွက်မည်

1 comments


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ နောက်ကြည့်မှန် စာအုပ် မိတ်ဆက်နဲ့ အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ဇူလိုင် (၁၅)ရက်နေ့ ရန်ကုန်မြို့ ရန်ကင်းစင်တာမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

စာအုပ် မိတ်ဆက်ပွဲမှာ စာရေးသူ ကိုမင်းကိုနိုင် ကိုယ်တိုင် စာအုပ်ဝယ်သူတွေကို အမှတ်တရ လက်မှတ် ရေးထိုးပေးမှာ ဖြစ်ပါတယ်။ နောက်ကြည့်မှန် ၀တ္ထုဟာ ၈-လေးလုံး အရေးတော်ပုံကာလမှာ ကြုံတွေခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တယောက်ရဲ့ အတွေ့အကြုံတွေကို နောက်ခံထားပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အဲဒီစာအုပ်ကို ကိုမင်းကိုနိုင် အကျဉ်းကျစဉ်မှာ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း (အေအေပီပီ)က ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရအဖြစ် ၂၀၀၉ အောက်တိုဘာလဲမှာ ထုတ်ဝေခဲ့ဖူးပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ နောက်ကြည့်မှန်စာအုပ် မိတ်ဆက်နဲ့ အမှတ်တရ လက်မှတ်ရေးထိုးပွဲကို ဇူလိုင် (၁၅)ရက်နေ့ ရန်ကုန်မြို့ ရန်ကင်းစင်တာမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

စာအုပ် မိတ်ဆက်ပွဲမှာ စာရေးသူ ကိုမင်းကိုနိုင် ကိုယ်တိုင် စာအုပ်ဝယ်သူတွေကို အမှတ်တရ လက်မှတ်ရေး ထိုးပေးမှာ ဖြစ်ပါတယ်။ နောက်ကြည့်မှန် ၀တ္ထုဟာ ၈-လေးလုံး အရေးတော်ပုံကာလမှာ ကြုံတွေခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တယောက်ရဲ့ အတွေ့အကြုံတွေကို နောက်ခံထားပြီး ရေးသားထားတာ ဖြစ်ပါတယ်။

အဲဒီစာအုပ်ကို ကိုမင်းကိုနိုင် အကျဉ်းကျစဉ်မှာ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားမျာ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) က ကိုမင်းကိုနိုင် မွေးနေ့အမှတ်တရအဖြစ် ၂၀၀၉ အောက်တိုဘာလမှာလဲမှာ ထုတ်ဝေခဲ့ဖူးပါတယ်။



မြောက်ကိုရီးယား ဆံတိုမလေးက ဘယ်သူလဲ

0 comments

~


မြောက်ကိုရီးယားခေါင်းဆောင်လေး ကင်ဂျုံအန်းနဲ့ တွဲပြီး တွေ့နေရတဲ့ ဆံပင်တိုတို အမျိုးသမီးက ဘယ်သူလဲ?
မောင်နှမ?
သူငယ်ချင်း?
အီစီကလီ?
မြောက်ကိုရီးယား နိုင်ငံတော် သတင်းစာတွေက သူဘယ်သူလဲ မရေးကြတော့ စာဖတ်သူများလည်း သူဘယ်သူမှန်း မသိကြပါဘူး။

ဒီအမျိုးသမီးဟာ အဆိုတော် Hyon Song-wol ဖြစ်တယ် ဆိုပြီး တောင်ကိုရီးယားသတင်းတွေကို ကိုးကားပြီး The Sydney Morning Herald အွန်လိုင်းမှာ ရေးထားတာ ဒီနေ့ တွေ့ရပါတယ်။

ဆယ်ကျော်သက်အရွယ်တုန်းက သူတို့နှစ်ယောက် ဆုံခဲ့ကြပြီးပြီ၊ ဖေဖေကြီး ကင်ဂျုံအီးက သူ့ကို ဒီကလေးမနဲ့ ခွဲထုတ်ပစ်ခဲ့တယ်လို့ ဆိုတယ်။

ဟိုတလောက ခေါင်းဆောင်ကြီး ကင်ဂျုံအီး သေမှပဲ သူတို့နှစ်ယောက် ပြန်ပေါင်းထုပ်မိကြတာလို့ တောင်ကိုရီးယားသတင်းများက ဆိုပါတယ် တဲ့။


အဆိုတော် Hyon Song-wol က စစ်အရာရှိတယောက်နဲ့ လက်ထပ်ပြီး ကလေးတယောက် ရဖူးတယ် ဆိုပေမယ့် လတ်တလော သူ့အိမ်ထောင်ရေးအခြေအနေကို မသိရပါဘူး တဲ့။

ဖခင် ခေါင်းဆောင်ကြီးရဲ့ အရိုက်အရာ ဆက်ခံသူ ကင်ဂျုံအန်းဟာ အသက် ၂၈ နှစ် ၀န်းကျင် ရှိပြီလို့ ခန့်မှန်းနေကြပါတယ်။

~

နှစ် ၅၀ ပစ်ထားတဲ့ မိတ္ထီလာ အာဇာနည်ကျောက်တိုင်

0 comments

~




မိတ္ထီလာ နာရီစင် လမ်းဆုံ

ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့ နှစ် ၅၀ အုပ်ချုပ်တဲ့ ကာလအတွင်း လစ်လျူရှုထားတဲ့ မိတ္ထီလာမြို့ အာဇာနည်ကျောက်တိုင် ၀န်းကျင်ကို အမြန်ဆုံး မွမ်းမံနေပါပြီ တဲ့။ ဒီကနေ့ မြန်မာ့အလင်း သတင်းစာမှာ ရေးသားထားပါတယ်။

မိတ္ထီလာကန် နဲ့ မြို့လယ်

ရှေ့တပတ် ကြာသပတေးနေ့မှာ ကျရောက်မယ့် အာဇာနည်နေ့အစီအစဉ်ကို အဲဒီနေရာမှာ ကျင်းပဖို့ ဒေသခံတွေက အသင့်ဖြစ်နေပါပြီ တဲ့။

စာမျက်နှာ ၁

စာ ၂
Link

~

တာချီလိတ်က အခွန်မှူး ဘာဖြစ်သလဲ ???

8 comments




(အခွန်စောင် ကို အခွန်ဆောင် ဟု ပြင်ဆင် ဖတ်ရှုပါရန်)

အခု တာချီလိတ်မြို့က စီးပွားရောင်းမွန်ကာ စည်ကားမှုရှိလာသလို အိမ်ခြံမြေတွေလည်း အရောင်းအ၀ယ် အဖြစ်များနေပါတယ်။

လေလံပေးတဲ့ ခြံကွက်၊ တိုင်းမှူးက ချပေးထားသော မြေကွက်တွေ အများအပြားရှိနေပါတယ်။ အိမ်ခြံမြေ ၀ယ်ယူတဲ့အခါ (အိမ်ခြံမြေ စီမံချက်) အမြတ်ခွန်ရုံးနဲ့ မြေစာရင်းရုံးကို မသွားမဖြစ် သွားရပါတယ်။
အိမ်ခြံမြေ၀ယ်ယူတဲ့အခါ ပိုင်ရှင်က နိုင်ငံတော်ကို တရားဝင် အခွန်ဆောင်ရမှာဖြစ်ပါတယ်။

အခွန်ဆောင်ဖို့လည်း နိုင်ငံတော်က တရားဝင် သတ်မှတ်ထားပါတယ်။ နိုင်ငံတော်အတွက် အခွန်ဆောင်ဖို့ တရားဝင် သတ်မှတ်ထားသော်လည်း တာချီလိတ်မြို့က အမြတ်ခွန်ဦးစီးမှူး ကျော်စွာထွန်းမြင့်နဲ့ မြေစာရင်းရုံးက ဦးရဲထွဋ်တို့ဟာ အိမ်ခြံမြေ တန်ဘိုးဖြတ်တဲ့အခါမှာ ကိုယ်ကျိုးရယူပြီး နိုင်ငံတော်ကို တရားဝင် အခွန်စောင်ရ မဲ့ ငွေထက် ပိုမိုနည်းအောင် တန်ဘိုးဖြတ်ပေးနေပါတယ်။

အဲ့လိုတန်ဘိုးဖြတ်ပေးတဲ့အတွက် အခွန်ဦးစီးမှူး ကျော်စွာထွန်းမြင့်ထံ ခြံတစ်ကွက်ကို ဘတ်ငွေ(၁၀,၀၀၀)မှ (၂၀,၀၀၀)အထိ ကျပ်ငွေဖြင့်(၃၀၀,၀၀၀)ခန့်မှ (၆၀၀,၀၀၀)ခန့်ထိ ပေးဆောင်နေရပါတယ်။ ပေ(၄၀ x ၆၀) မြေကွက် ဟာ တာချီလိတ်မြို့မှာ အများဆုံးရှိတဲ့ မြေကွက်ဖြစ်ပါတယ်။

အခွန်ဦးစီးမှူးက အိမ်ခြံမြေတန်ဘိုးဖြတ်တာကို တစ်လကို (၂၀)ကျော် တန်ဘိုးဖြတ် ပေးနေရပါတယ်၊ အိမ်ခြံမြေ တန်ဘိုးဖြတ်တာက အခွန်ဦးစီးမှူးနဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက် ပွဲစားများနဲ့ လုပ်မယ်ဆိုရင် နိုင်ငံတော် အတွက် အခွန်စောင်ရမဲ့ ငွေထက် လျော့နည်းနေပြီး ကိုယ်တိုင် သွားလုပ်မယ်ဆိုရင်တော့ နိုင်ငံတော်အတွက် အထိအကျ အခွန်စောင်ရပါတယ်၊ ပေ ၄၀ X ၆၀ တူတာတောင် အခွန်စောင်ရတာ မတူလို့ ကျမ တို့ လို ပွဲစားနဲ့ မလုပ်တဲ့လူတွေက မကျေနပ်တာတော့ အမှန်ပါဘဲ။

ပြီးတော့ အခွန်ဦးစီးမှူး ကျော်စွာထွန်းမြင့်က တာချီလိတ်မြို့မှာရှိတဲ့ ဟိုတယ်ကြီးတွေ၊ ဆီဆိုင်တွေ၊ ရွှေဆိုင် ကြီးတွေ၊ မီနီမတ် ဈေးဆိုင်ကြီးတွေ စတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ဆိုင်တွေကိုလည်း အမြတ်ခွန် ကို နိုင်ငံတော်အတွက် လျော့နည်းစွာ အခွန်စောင်စေပြီး ကိုယ်ကျိုးစီးပွား အဖြစ် ရယူနေပါတယ်၊ အခွန်ဦးစီးမှူးဟာ အောက်ခြေ၀န်ထမ်းများနဲ့ မတည့်သူလည်းဖြစ်ပါတယ်။

2010 ခုနှစ်တုန်းက ကားလိုင်စင်တွေ ပေးတုန်းကလည်း ဦးကျော်စွာထွန်းမြင့်ဟာ ကိုယ်ကျိုးအတွက် ကျပ်သိန်း(၂၀၀၀)လောက် ရယူခဲ့ပါ တယ်၊ ကားလိုင်စင်ပေးတုန်းက ရတဲ့ငွေတွေနဲ့ တာချီလိတ် ခရိုင်ရုံးရှေ့မှာ ပေ ၄၀ x ၆၀ ရှိတဲ့ မြေကွက်ကို ဘတ်သိန်း(၃၀) ကျပ်ဖြင့် သိန်း(၈၀)လောက်ဖြင့်ဝယ်ယူပြီး သူ့မိန်းမ ဒေါ်သန္တာရွှေနာမည်နဲ့ အိမ်ခန်းငှား ဆောက်လုပ်ထားပါတယ်။

ပြီးတော့ မကာဟိုခမ်းကွက်မှာ လည်း (၃)ထပ်တိုက်ခန်းဝယ်ယူထားပြီး အခု ရန်ကုန် အဲယားဝေးလေကြောင်း လိုင်းကို ငှား၇မ်းထားပါတယ်၊ ကျမတို့မသိသေးတဲ့ မြေကွက်တွေ၊ အိမ်ခြံမြေတွေလည်း ရှိနေသေးပါတယ်၊ အဲ့ဒါတွေကို တာဝန်ရှိလူကြီးများ စစ်ဆေးဆောင်ရွက်လျှင် အကုန် သိရှိမှာဖြစ်ပါတယ်။

ဦးကျော်စွာထွန်းမြင့်ဟာ ကားလိုင်စင်ပေးတုန်းက ကားမျိုးစုံ(၆)စီးကျော် ပိုင်ဆိုင်ထားပါတယ်၊ ကားအားလုံးက သူ့မိန်းမနာမည်၊ သူ၏လူယုံ (သို့မဟုတ်) အခွန်ရုံးတွင် ခေါ်ထားသော ဦးနိုင်ဆိုသူတို့နာမည်နဲ့ ၄ဂ/……. ကားကို လိုင်စင်ဆောင်ထားပါတယ်…

ဦးကျော်စွာထွန်းမြင့်ဟာ စစ်တပ်မှ ပြောင်းလာသူဖြစ်သောကြောင့် အခွန်လုပ်ငန်းပိုင်းဆိုင်ရာ မလုပ် တတ်ကြောင်း၊ စစ်တပ်မှ အခွန်ဦးစီး ဌာနကို ပြောင်းရွှေ့လာတာ အရမ်းနောက်ကြသည် ဟု ပြောဆိုသံများ လည်း ကြားသိနေရပါတယ်။

နိုင်ငံတော်အနေနဲ့ သန့်ရှင်းသောအစိုးရဖြစ်ရေး၊ ပြည်သူများယုံကြည်သော ၀န်ထမ်းများဖြစ်ရေးဆိုတဲ့ မိန့်ခွန်းတွေပြော၊ စာတွေထုတ်နေ လို့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး အောက်ခြေအထိဆင်းပြီး လာဒ်စားသူများကို စစ်ဆေးဆောင်ရွက်စေလိုပါတယ်၊ ဒီလိုလူတွေ ရှိနေရင်တော့ ပြည်သူတွေလည်း စိတ်ချမ်းသာမှာ မဟုတ်သလို နိုင်ငံတော်ဘဏ္ဍာငွေလည်း အပြည့်အ၀ရရှိမှာ မဟုတ်ပါဘူး၊ ပြည်သူ့ အစိုးရက ပြည်သူဘက်က ရပ်တည်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်စီးပေးပါ။

ပြည်သူတစ်ဦး

US သံအမတ် ရန်ကုန်ရောက်ပြီ၊ နေပြည်တော်သို့ သုတ်ခြေတင်မည်

0 comments


ဒဲရက်မစ်ချဲလ် ဒီကနေ့ မြန်မာပြည် ရောက်ပြီလို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ကြေညာပါတယ်။ "သမ္မတဦးသိန်းစိန်ထံတွင် သံအမတ်ခန့်အပ်လွှာ ပေးအပ်ရန်အတွက် ခရီးရောက်မဆိုက် သူသည် နေပြည်တော်သို့ ထွက်ခွာမည် ဖြစ်ပါသည်" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကြေညာချက် အပြည့်အစုံကို ဒီမှာ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgph-zYDGCIf56oI-rYvEHU0Qmg6z-gEDGAU8oK287r0ouDzGdJOYaZFnTRbFNyzMmJ_edFzCGYakCvdmIQo2YhhARZ8plCJCPa6X0IiP-k1ZSJ7kwLvWAryZsQOt1Nh7giEs9zRWF8Vk/s1600/000+000.jpg ဖတ်နိုင်ပါပြီ။


စားတာ ၀လို့ နားလိုက်တာ

0 comments


မြန်မာနိုင်ငံက ရာထူးအပြောင်းအလဲဆိုတာ အလှည့်ကျ စားတဲ့ စနစ်တခုပဲ ဆိုတာ ပေါ်လွင်စေတဲ့ ကာတွန်း မျိုးကောင်းရဲ့ ထိရှတဲ့ ကာတွန်းပြကွက်တခုကို ဒီအချိန်နဲ့ သင့်တော်လို့ ဖော်ပြပေးလိုက်ပါတယ်။

၂ နှစ်သား ပြည်သူ့ခေတ်

0 comments

'

မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ပြည်သူ့ခေတ်ဂျာနယ် ၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of Press) ဆိုင်ရာ ဆွေးနွေးဝိုင်း မြင်ကွင်းများ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်၊
ကိုဇော်သက်ထွေး၊
မောင်ဝံသ (ပြည်သူ့ခေတ် အတိုင်ပင်ခံအယ်ဒီတာ) ၊
ဖေမြင့် (ပြည်သူ့ခေတ် အယ်ဒီတာချုပ်)
ဧရာဝတီ အင်္ဂလိပ်ပိုင်းအယ်ဒီတာ ကျော်စွာမိုးတို့ ဦးဆောင် ဆွေးနွေးခဲ့ကြပါတယ်။
NLD ခေါင်းဆောင် ဦးတင်ဦး နဲ့ ဦးဝင်းတင်၊ ဆရာမကြီးဒေါက်တာ ဒေါ်မြင့်မြင့်ခင်၊ ဇာဂနာ၊ စီးပွားရေးပညာရှင် ဦးမြင့်၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင် ဦးအေးသာအောင်၊
၈၈ မျိုးဆက် ခေါင်းဆောင်များ
၊ ဗကသ ခေါင်းဆောင်များလည်း အခမ်းအနားကို တက်ရောက်လာတာ တွေ့ရပါတယ်။

(ဓာတ်ပုံများ - ဂျေပိုင်)


စီးပွားရေးပညာရှင် ဦးမြင့်၊ ကိုမင်းကိုနိုင်


ဖေမြင့်


ကိုမင်းကိုနိုင်၊ ကိုဇော်သက်ထွေး၊ မောင်ဝံသ၊ ဖေမြင့်၊ ကျော်စွာမိုး




ဒါကတော့ အော်ပီကျယ်ရဲ့ ကာတွန်း ဖြစ်ပါတယ်။
"ပြည်သူ့ခေတ် ၂နှစ်ပြည့်မှာ ဆွေးနွေးမယ့် “စာနယ်ဇင်း လွတ်လပ်ခွင့်” ကို ရည်ရွယ်ပြီး ဆွဲခဲ့တဲ့ ကာတွန်း။ စာမျက်နှာပေါ် ရောက်လာတာ မတွေ့ရဘူး" လို့ ကာတွန်းဆရာက သူ့ရဲ့ Facebook မှာ ရေးထားပါတယ်။

-

ဖေ့စ်ဘုတ်သုံးခြင်း ဘယ်လိုလူတွေ ဆင်ခြင်သင့်လဲ ???

0 comments



အင်တာနက် လူမှုကွန်ရက်တွေထဲမှာ ဖေ့စ်ဘုတ်ကို တကမ္ဘာလုံးအတိုင်းအတာနဲ့ သုံးစွဲသူ သန်းပေါင်း ၉၀၀ ကျော် သုံးစွဲနေ ကြပါတယ်။ ဖေ့စ်ဘုတ် သုံးစွဲသူများဟာ အလွှာအသီးသီးက ပါဘဲ။ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ကုမ္ပဏီ အရာရှိကြီးတွေ၊ ထင်ရှားသူတွေနဲ့ လူငယ်ကျောင်းသားလေးတွေအထိ ဖေ့စ်ဘုတ်ကို သုံးစွဲနေကြပါတယ်။

အင်တာနက် လူမှုကွန်ရက်တွေထဲမှာ ဖေ့စ်ဘုတ်ဟာ ဘာကန့်သတ်ချက်မှ ရေးသား မထားပါဘူး။ ဒါပေမယ့် ဖေ့စ်ဘုတ် အကောင့်တခုကို ဒီကွန်ရက်နဲ့ မသင့်တော်ကြောင်း ကန့်ကွက်မှုတွေ များလာ ရင်တော့ ဖေ့စ်ဘုတ် အက်ဒမင် ( ဖေ့စ်ဘုတ်ကို ထိမ်းချုပ်ထားသည့်အဖွဲ့) က ကန့်ကွက်ခံရတဲ့ အကောင့်ကို သုံးသပ်ပြီး ပိတ်ပင်ဖျက်သိမ်းလိုက်ပါတယ်။

ဖေ့စ်ဘုတ်အနေနဲ့ သုံးစွဲသူများကို ကန့်သတ်ချက်တွေ မထားပေမယ့် အစိုးရအဖွဲ့တွေ၊ ကုမ္ပဏီကြီးတွေ မှာတော့ ဖေ့စ်ဘုတ် သုံးစွဲခွင့် တွေ ရှိပေမယ့် သူသုံးစွဲတဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ မှတ်ချက်တစုံ တရာ ပေးခွင့် မရှိဆိုပြီး ကန့်သတ်ထားပါတယ်။

အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဥရောပနိုင်ငံတွေနဲ့ ကမ္ဘာ့ ကုမ္ပဏီကြီးတွေက ဖေ့စ်ဘုတ် သုံးစွဲမှုတွေကို တင်းကြပ်စွာ ကန့်သတ်ထားပါတယ်။ သံတမန်တွေ၊ စီအီးအိုတွေ၊ အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ညွှန်ကြားရေးမှူးတွေ စတာ တွေလည်း အလားတူပါဘဲ ဖေ့စ်ဘုတ်ကို သုံးစွဲခွင့်ရှိကြပေမယ့် ထင်မြင်ချက်တွေ တင်ပြတာတွေ မလုပ်ဖို့တော့ ကန့်သတ် ထားကြပါတယ်။

ဒါပေမယ့် တချို့ စီးပွားရေး ကုမ္ပဏီကြီးတွေက ဖေ့စ်ဘုတ်ကို ကြော်ငြာ အတွက် အသုံးပြုတာတွေ ရှိပါတယ်။ ဒါကိုလည်း ဘုတ်အဖွဲ့တွေ စည်းဝေး သဘောတူပြီး ထည့်သွင်းအသုံးပြုကြတယ်။ မိမိကုန်ပစ္စည်း၊ မိမိ ကုမ္ပဏီတွေ ရဲ့ ပရိုမိုးရှင်းအဖြစ်အသုံးပြုတဲ့သဘောသာ တွေ့ကြရပါတယ်။

ပုဂ္ဂလိက သုံးချင်တဲ့ အရာရှိကြီးတွေ၊ စီအီးအိုကြီးတွေအနေနဲ့တော့ ကိုယ့်ကို သူများမသိနိုင်တဲ့ တခြား အမည်ဝှက်တခုနဲ့ သုံးပြီး အချက်အလက်ရှာဖွေတာတွေမှာ ဖေ့စ်ဘုတ်ကို သုံးတာတွေလည်း ရှိပါတယ်။


မကြာသေးမီကပဲ အရှေ့တောင် အာရှ နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ခရိုင် သတင်း ထုတ်ပြန်ရေး အရာရှိ ဖြစ်သူ Maynardo Valdez ဟာ အလုပ်ချိန် အတွင်း ကျောင်းသားဟောင်းတွေနဲ့ မိတ်ဆုံစားပွဲ တစ်ခု ကို ရောက်ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မသင့်တော်တဲ့ အပြုအမူ ပြုလုပ်မှု၊ ဂုဏ်သိက္ခာမဲ့ လုပ်ရပ်အတွက် ရာထူးက ထုတ်ပယ် ခံလိုက်ရတဲ့အကြောင်း ဇူလိုင် ၇ ရက်နေ့က AP သတင်းတပုဒ်မှာ တွေ့လိုက်ရပါတယ်။

ဖေ့စ်ဘုတ်ပေါ်မှာ သူက အပန်းဖြေကျွန်းတခုပေါ်က သူ့ဓာတ်ပုံတွေကို တင်ထားတာကို အထက်အရာရှိတွေ သိရှိခဲ့ရာက အပြစ်ပေးခံလိုက်ရတာလည်းဖြစ်ပါတယ်။ သူဟာ ခွင့်ပြုချက်မရဘဲ ၄ ရက်ကြာ ရုံးကို ပိတ်ပြီး အထက်တန်းကျောင်းသား ဟောင်းများ မိတ်ဆုံစားပွဲလုပ်တဲ့ အပန်းဖြေကျွန်းကို သွားရောက်ခဲ့တာ ကို ဖေ့စ်ဘုတ်မှာ ဓာတ်ပုံတွေ တင်မိလိုက်တာပါဘဲ။

လွန်ခဲ့တဲ့ တနှစ်ကျော်ကာလကလည်း နိုင်ငံကြီး တခုက သံတမန်တဦးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တာဝန် ထမ်းဆောင်နေရင်း သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်တခုမှာ သူ့ရဲ့ ကိုယ်ပိုင်မှတ်ချက်ကို ရေးသားမိရာက ရာထူးက ချပြီး နေရပ်ပြန်ခေါ်ဖို့အထိ ပြင်း ထန်စွာ အရေးယူခံရလုနီးပါး ဖြစ်ခဲ့ရပါတယ်။ တောင်းပန်မှု အကြိမ်ကြိမ်ကြောင့် ပြင်းထန်စွာ သတိပေးခံရတဲ့ အဆင့်နဲ့သာ နောက်ဆုံး သက်သာရာ ရခဲ့ပါတယ်။

တော်တော်များများ ကုမ္ပဏီ တာဝန်ရှိသူတွေကလည်း ဖေ့စ်ဘုတ်သုံးစွဲမှုကန့်သတ်ရခြင်းဟာ ကုမ္ပဏီရဲ့ လျှို့ဝှက်သတင်း ပေါက်ကြားမှာ နဲ့ အခြား မလိုလား အပ်တဲ့ ကုမ္ပဏီအပေါ် ထင်မြင်ယူဆချက် မဖြစ်စေဖို့ တားမြစ်တာဖြစ်တယ်လို့ သူတို့ရဲ့ ကုမ္ပဏီ စည်းကမ်းတွေမှာ တွေ့ရပါတယ်။

ဒါကြောင့် အစိုးရပိုင်းကဖြစ်ဖြစ်၊ ကုမ္ပဏီပိုင်းကဖြစ်ဖြစ် တာဝန်ရှိသူတွေရဲ့ စိတ်လွတ်လက်လွတ် ဖေ့စ်ဘုတ်ပေါ် တခုခု တင်ပြလိုက်လို့ ပြန်လည် ရိုက်ခတ်လာမယ့် ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကန့်သတ်ထား တာလည်းဖြစ် တယ်လို့ သိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီလို ကန့်သတ်ထားတာတွေ မရှိပါဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ လူသိထင်ရှား ဖြစ်နေ တဲ့ အစိုးရ ပိုင်းက အရာရှိ တဦးနဲ့ ဥပမာပေးချင်ပါတယ်။ ဒီ ဥပမာပေးလို့ ပုဂ္ဂိုလ်ရေးကို တိုက်ခိုက်လိုတဲ့ ဆန္ဒလည်း မရှိပါဘူး။


ဖေ့စ်ဘုတ် အကောင့်အမည်က Hmuu Zaw (မှူးဇော်) ဆိုတဲ့ သမ္မတရုံးက ညွှန်ကြားရေးမှူး အဆင့်ရှိတဲ့ ဗိုလ်မှူးဇော်ဌေးဟာ သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ကိုယ်ပိုင် သဘောထား မှတ်ချက်တွေ ရေးတာ၊ တချို့ သတင်းတွေကို မှတ်ချက်ပေးနေတာ၊ မ လိုလားအပ်တဲ့ ဆူပူမှုဖြစ်စေမယ့် စကားလုံးနဲ့ သတင်းတင်ပြမှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်တဲ့ စကား လုံး၊ သတင်း၊ မှတ်ချက်တွေ တင်ပြထား မှုတွေ မြင်တွေ့နေရပါတယ်။

ဒီလို သူ့ရဲ့ မှတ်ချက်တွေကြောင့် သမ္မတနဲ့ အစိုးရအဖွဲ့ဟာ ဒီလို သဘောထားမျိုးရှိသလားဆိုတဲ့ မေးခွန်းတွေ လည်း ပေါ် ထွက်လာခဲ့ပါတယ်။ ဒီမေးခွန်းဟာ မထင်မှတ်ဘဲ မရည်ရွယ်ဘဲ ဘေးထွက်ဆိုးကျိုး ဖြစ်လာခဲ့တာပါ။ သမ္မတနဲ့ အစိုးရအဖွဲ့ အပေါ် သံသယတွေဖြစ်စေခဲ့ပြီး ဘက် တဖက်ဖက်က ရပ်တည်နေတဲ့အစိုးရ၊ ဘက်မျှပြီး အုပ်ချုပ်နေတဲ့ အစိုးရ မဟုတ်ဘူး ဆိုတဲ့ အစိုးရအဖွဲ့အပေါ် သံသယတွေ ဖြစ်ပေါ်စေခဲ့တာ သတိထားမိပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူး တဦးအနေနဲ့ အခု သူ့ရဲ့ ဖေ့စ်ဘုတ်သုံးစွဲမှုမှာ သူ့အတွေး၊ သူ့အမြင်တွေကို ဖော်ပြခွင့် ရှိ၊ မရှိ မေးခွန်းထုတ်ရမလို ဖြစ်လာပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းကန့်သတ် ဖြတ်တောက် မှုတွေကြောင့် အစိုးရရဲ့ သတင်းတွေကို အရိုးခံအတိုင်း တင်ပြပေးနေတဲ့အတွက် ဖေ့စ်ဘုတ်သုံးသူတော်တော် များများက သူ့ဖေ့စ်ဘုတ်က ဖော်ပြချက်တွေကို အတည်ပြုချက်တွေ၊ အစိုးရ အသံတခုအနေနဲ့ ကောက်ယူ လက်ခံလာကြတာပါ။
အလားတူ ပြန်ကြားရေး ၀န်ကြီးဌာနက ဦးရဲထွဋ်ဆိုလည်း အလားတူပါဘဲ။ သူ့သဘောထား မှတ်ချက်တွေ ကို ဖေ့စ်ဘုတ်တွေပေါ် ရေးလေ့ရှိတယ်။

ဥပမာ တခုအနေနဲ့ ဆိုရင် ရခိုင်ပြည်နယ် အရေး မငြိမ် မသက်ဖြစ်နေချိန်မှာ မေးခွန်းတခုကို သူက အခုအချိန်မှာ စစ်သား တယောက်ပြန်ဖြစ်ချင်တယ်လို့ ဖြေကြားခဲ့ဖူးတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ပြောစကား တခုလည်းဖြစ်ပါတယ်။

အလားတူ ပွဲဆူသွားစေခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သာမန် နိုင်ငံသား တဦးရဲ့ ခရီးစဉ်သာဖြစ် တယ် လို့လမှတ်ချက်ပေးပြီး သတင်းစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ထည့်သွင်း မဖော်ပြမှုကို တုံ့ပြန်ခဲ့ဖူးပါတယ်။

သူတို့ စကားသူတို့ မှတ်ချက်တွေဟာ ၀န်ကြီးဌာန တခုလုံးကို ကိုယ်စားပြုသလားဆိုတဲ့ အမေးတွေ ထပ်ဆင့် ပေါ် လာစေခဲ့တာပါဘဲ။

သမ္မတနဲ့ အစိုးရပိုင်းရဲ့ သဘောထား အသံကို သူတို့ရဲ့ ဖေ့စ်ဘုတ်အကောင့် စာမျက်နှာတွေကတဆင့် တီးခေါက် ယူကြည့်ခွင့်တွေ ရလာတယ်။

စစ်တပ်မှာ လုံ ၄ လုံဆိုတာ ရှိပါတယ်။ "လုံ" ဆိုတာ လုံခြုံရေးကို ဆိုလိုတာပါ။ စစ်သားတိုင်း သိထားပြီး သား ဖြစ်ပါတယ်။ သတင်း၊ အဆင်း၊ အသံ၊ အနံ့ ဆိုတဲ့ လုံခြုံရေး သတိရှိရမယ့် အချက် ၄ ချက်ပါ။ ဒီ လုံ ၄ လုံစည်းတွေ ဖေ့စ်ဘုတ်ကနေ ပေါက်ကြားမှုမဖြစ်စေဖို့ သတိပြုမိပါတယ်။ စေတနာ အရင်းခံနဲ့ ဒါဟာ တကယ်ဖြစ်သင့်ရဲ့လား ဆိုတာ မေးခွန်းထုတ်မိတာပါ။


Mr Bean နဲ့ မင်္ဂလာပွဲ

0 comments


ရယ်မောခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေပြီး ဆေးတပါးလည်း ဖြစ်ပါတယ်။ မစ္စတာ ဘီးန်း နဲ့ မင်္ဂလာပွဲကို ကြည့်ရှု့ အားပေးရင်း ဘ၀ အမောတွေ ပြောလျော့ပြီး ရယ်မောနိုင်ပါစေ။


ဒေါ်အောင်ဆန်းစုကြည်ကို Churchill ဆု ချီးမြှင့်

0 comments

ဓာတ်ပုံ- Getty Image


ယမန်နေ့ ဇူလိုင်လ ၁၀ ရက်ယနေ့နေပြည်တော်မှာ ရှိတဲ့ ဟိုတယ်တခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန် နိုင်ငံက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး အဖွဲ့ ( UK Trade and Investment - UKTI ) ရဲ့ ဥက္ကဌ Lord Marland က Churchill ဆုကိုပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဆုချီးမြှင့်ပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအပါအ၀င် ဗြိတိန်စီးပွားရေးသံတမန်ကြီးတချို့လည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံ က ပြန်ရောက် ပြီး မကြာခင်မှာ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို ဇူလိုင်လ ၉ ရက်နေ့ကတည်း က စတင်တက်ရောက်နေရလို့ ဆုကို နေပြည်တော်အထိ လာရောက်ချီးမြှင့်တာလည်းဖြစ်ပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် ရရှိလိုက်တဲ့ Churchill ဆုဆိုတာ
Dr. Gilbert A. Churchill ဆိုတဲ့ ၀င်ကွန်ဆန် တက္ကသိုလ် က ဈေးကွက်ဆိုင်ရာ ပါမောက္ခဟောင်းတဦးကို ဂုဏ်ပြုတဲ့အနေနဲ့ AMA Market Research Special Interest Group က ဈေးကွက် သုတေသနဆိုင်ရာ လေ့လာသူတွေကို နှစ်စဉ် ပေးအပ်တဲ့ ဆု လည်းဖြစ်ပါတယ်။

Churchill Award နဲ့ပတ်သက်တဲ့ အကြောင်းနဲ့ ဒီဆုကို ရခဲ့သူစာရင်းကိုလည်း မူရင်းကိုဖော်ပြပေးလိုက်ပါတယ်။


The Churchill Award for lifetime achievement in the academic study of Marketing Research is given each year by the AMA Market Research Special Interest Group to honor Dr. Gilbert A. Churchill. Dr. Churchill is retired professor of Marketing at the University of Wisconsin - Madison. Dr. Churchill has been a prolific researcher, author, teacher, and administrator in the field of academic research. He received a DBA from Indiana University in 1966, and spent his career at the University of Wisconsin. He has served on numerous editorial boards and was editor of the Journal of Marketing Research. He has published widely in the field, including a number of seminal articles and standard textbooks. Dr. Churchill has been the recipient of numerous awards, including the Distinguished Marketing Educator Award (American Marketing Association, 1986), the Lifetime Achievement Award (Marketing Science, 1993), and the Paul D. Converse Award (1996) for marketing scholarship.

You can read more about the Churchill Award, Dr. Churchill, and the first recipient of the Churchill Award, Dr. Paul Green, in the November 1997 AMA MR SIG newsletter.

Recipients of the Churchill Award:

2007: Dominique Hanssens, University of California, Los Angeles - Press Release

2005: Don Lehmann, Columbia University

2004: J. Paul Peter, University of Wisconsin - Press Release

2003: Richard Bagozzi, Rice University

2002: Frank Bass, University of Texas

2001: Donald Morrison, University of California, Los Angeles

2000: Roland Rust, Vanderbilt University

1999: Vijay Mahajan, University of Texas - Austin

1998: Seenu Srinivasan, Stanford University

1997: Bill Perreault, University of North Carolina

1996: Paul Green, University of Pennsylvania





Google ရဲ့ ပြဿနာ

0 comments



Goole က Apple အသုံးပြုသူ သန်းပေါင်းများစွာရဲ့ privacy settings ကျိုးပေါက်မှုတွေ ဖြစ်စေခဲ့တာကြောင့် အမေရိကန် ဒေါ်လာသန်းပေါင်း ၂၂.၅ သန်း လောက် အလျော်ပေးရကိန်းဆိုက်နေပါတယ်လို့ the Wall Street Journal မှာ လွန်ခဲ့တဲ့ တနင်္လာနေ့က ဖော်ပြထားပါတယ်။

ကုမ္ပဏီတခုတည်းအနေနဲ့
ဒီပမာဏမျိုး ၅ နာရီ တခါဒဏ်ငွေဆောင်ရကိန်းရှိနေတာဟာ အမေရိကန်ပြည်တောင်စု ကုန်သွယ်ရေးကော်မရှင် (FTC) ရဲ့ အကြီးမားဆုံး အပြစ်ပေးမှု ဖြစ်လာ ဖွယ်ရှိပါတယ်။

အခုအချိန်မှာတော့ Google နဲ့ FTC တိုဟာ ဒဏ်ငွေကိစ္စနဲ့ ပတ်သက်ပြီး အဆိုပြုထားတဲ့အပေါ်မှာ သဘောတူညီမှုတွေ ရထားကြတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အပေးအယူကိစ္စကတော့ နောက်ဆုံး အဆင့် ဆုံးဖြတ်ချက် မချသေးပါဘူးတဲ့။ လူသိရှင်ကြား မထုတ်ပြန်ခင်မှာ အပြောင်းအလဲလည်း ဖြစ်နိုင်ချေ ရှိပါသတဲ့။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ လတုန်းက Apple နဲ့ Microsoft Privacy Setting တွေမှာ အထူး “cookies” တွေ သုံးခဲ့တာကြောင့် လုံခြုံရေး စနစ်တွေ ပျက်ဆီးပြီး ကြော်ငြာတွေ ပြစ်မှတ်ထားခံရတဲ့ သုံးစွဲသူ သန်းပေါင်း များစွာအတွက် အချက်အလက် ရှာ ဖွေရာမှာ အခက်အခဲတွေဖြစ်ပေါ်စေခဲ့တယ်လို Google ကိုစွပ်စွဲကြ ပါတယ်။

ဒီလိုတွေဖြစ်ပြီးတော့ Google က သူ့ Google အကောင့်ပိုင်ရှင်ကို မရည်ရွယ်ဘဲ ဘေးထွက် ဆိုးကျိုးတွေဖြစ် လာတဲ့ အခြေ အနေတွေကြောင့် သူတို့ရဲ့ “cookies” အသစ် အသုံးပြုတာကို ရပ်ဆိုင်းခဲ့ပါတယ်။

မျက်မှန်နဲ့ ဒေါ်အောင်ဆန်းစုကြည်

0 comments

~




ဓာတ်ပုံများ - thiha thwe

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေ အများအပြား တွေ့နေရပေမယ့် ပါဝါမျက်မှန်တပ်ထားတဲ့ပုံကို မတွေ့ခဲ့ရပါဘူး။

ပြီးခဲ့တဲ့ တနင်္လာနေ့က လွှတ်တော်တက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို စာကြည့်မျက်မှန်နဲ့ တွေ့ရတာ ဖြစ်ပါတယ်။

ပြည်သူတွေ ချစ်ခင် လေးစားကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့လက အသက် ၆၇ နှစ် ပြည့်ခဲ့ပါတယ်။

စာကြည့်တဲ့အခါ မျက်မှန်တပ်ရတာ အနည်းဆုံး ၁ဝ နှစ်ကျော်ပြီလို့ သိရပါတယ်။




~

ဦးရွှေမန်းသို့ အိတ်ဖွင့်တိုင်စာ

3 comments

~


အိမ် ၂ လုံး ဆုံးရှုံးရတဲ့ ရန်ကုန်က အငြိမ်းစားဝန်ထမ်းတယောက်အကြောင်း

ကိုယ်ချင်းစာနာသူတဦး


ပထမအကြိမ်
ကျွန်တော့် မိတ်ဆွေ ဦးကျော်သိန်း ဒေါ်တင်နွယ်တို့မိသားစုသည် ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နေထိုင်လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာ တိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ်ဆွဲချခဲ့ပါသည်။

၎င်းမိသားစုက နေစရာ မရှိသဖြင့် အသနားခံစာတင် သောကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ်(၈)ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည် အစားထိုးပေးခဲ့ပါသည်။

ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာဖြစ်ပါသဖြင့်ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင် နေထိုင် လာခဲ့ရပါသည်။

အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သာမန် ရိုးသားသော အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၀န်ထမ်းကောင်းလက်မှတ် များ ကိုင်ဆောင်ထားသော အငြိမ်းစား တစ်ယောက်ဖြစ်ပါသည်။

ဒုတိယအကြိမ်
၎င်းမိသားစု (၁၈)နှစ်ကျော်ကြာ နေထိုင် လာခဲ့သောယင်းမြေကွက်အား ယခုအခါတွင်စစ်တက္ကသိုလ် ကျောင်းအုပ် ကြီးဟောင်း ဗိုလ်မှုးကြီး ခင်မောင်တင့် ဆိုသူက ၄င်းပိုင်ဆိုင်သည်ဟု မတရားသဖြင့်စွပ်စွဲကာ လုပ်ကြံတရားစွဲဆိုလာသည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တစ်ဖက်သက် စစ်ဆေးပြီး ဗိုလ်မှုးကြီးဟောင်းကို အနိုင်ပေးလိုက်ပါသည်။

တစ်ဖက်သက်စစ်ဆေးပြီး အနိုင်ပေးလိုက်သည် ဆိုသည်မှာ ရုံးချိန်းများသာ ပုံမှန်ခေါ်ယူပြီး မည်သည့် ထိရောက်သော စစ်ဆေးမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်အား အနိုင်ပေးလိုက်ခြင်းကို ဆိုလိုပါသည်။

သူရဦးရွှေမန်းရဲ့ ဆရာ
ဗိုလ်မှုးကြီးဟောင်းခင်မောင်တင့်သည် သူ့ကိုယ်သူ သူရဦးရွှေမန်း၏ ဆရာ ဟုဆိုကာ ပြောဆို အာဏာ သုံးခဲ့သည်များလည်း ရှိခဲ့ပါသည်။ စစ်တက္ကသိုလ်က ထုတ်ဝေသော ချယ်ရီအလှ(၁၁) ပတ္တမြားရတု မဂ္ဂဇင်း မှာကြည့်နိုင်ပါတယ်။ အမှန်တကယ်လည်း DSA အပါတ်စဉ် (11) ဆင်း သူရဦးရွှေမန်း၏ ဆရာဖြစ်နေပါသည်။

တစ်ဖက်မှာ လွှတ်တော်ဥက္ကဌ ကြီးမှ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲ ရန်အတွက်စေတနာ အပြည့်ဖြင့် ကြိုးစားနေချိန်တွင် ၄င်း၏ဆရာဆိုသူက ယခုလိုအာဏာကို အလွဲသုံးစားပြုလုပ်ကာ အပြစ်မဲ့မိသားစု တစ်စုအပေါ်ကို မတရား အနိုင်ကျင့်နေခြင်းကို လွှတ်တော်ဥက္ကဌ ကြီးအနေဖြင့် ယခုလိုလျစ်လျှူရှုမနေဘဲ သင့်တော်သလို ဆောင်ရွက်ပေးနိုင်ပါရန် အသနားခံတင်ပြအပ်ပါသည်။

ဗိုလ်မှုးကြီးဟောင်းဦးခင်မောင်တင့်သည် ယခင်ကလည်း အခြားသူများ ပိုင်ဆိုင်သော နေအိမ်ခြံဝင်းများအား အကြိမ်ကြိမ် ၀င်ရောက်ကျူးကျော်ကာ ခြံစည်း ရိုးခတ်သဖြင့်(၄င်းပိုင်ဆိုင်သည့် အနေဖြင့် ခြံစည်းရိုးခတ် ခြင်းဖြစ်သည်) ထိုစဉ်က မြို့နယ် မ၀တရုံးတွင် အကြိမ်ကြိမ် ခေါ်ယူဖြေရှင်းခဲ့ရဖူးပါသည်။

ဦးခင်မောင်တင့်သည် ပြိုင်ဘက်ရှေ့နေများအားလည်း ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် လက်ရှိသမ္မတ နှင့် လွှတ်တော်အကြီးကဲများ အားလုံးသည် တစ်ချိန်က ၄င်း၏တပည့်များဖြစ်သဖြင့် အမှုအား လုံးဝ မနိုင် နိုင်ကြောင်းလည်း ပြောပါသည်။ (ပြောသည့်အတိုင်းလည်း အမှန်ပင် မနိုင်ခဲ့ပါ။)

ဘုန်းကြီးကျောင်းမှာ ခိုလှုံ
ကျွန်တော်၏ မိတ်ဆွေမိသားစု မှာယခုအခါ နေထိုင်ခိုကိုးစရာ မရှိပါသဖြင့် ပဉ္စနိကာယ် ကျောင်းထိုင် ဆရာတော်က ခေါ်ယူ ကယ်ဆယ်ထားရပါသည်။

လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် ဦးထွန်းထွန်းဦး ခင်ဗျား….
ယခုလို အပြစ်မဲ့ မိသားစု တစ်စုအား မတရားသဖြင့် အနိုင်ကျင့်နေခြင်းအား လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့က သေချာစွာ ပြန်လည် စီစစ်ပြီး သင့်တော်သလို ကူညီ ဆောင်ရွက်ပေးနိုင်ပါရန် အသနားခံ တင်ပြ အပ်ပါသည် ခင်ဗျား…..။

ဗိုလ်မှုးကြီးဟောင်း ဦးခင်မောင်တင့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်စဉ်က ဓါတ်ပုံအား ပူးတွဲတင်ပြအပ်ပါသည်။

ယခုကဲ့သို့ အင်တာနက် စာမျက်နှာမှတဆင့်တင်ပြရခြင်းမှာ လူကြီးမင်းတို့ထံသို့ ယခု စာရောက်ရှိနိုင်ရန် အတွက် တင်ပို့ ပေးမည့်သူ မရှိ ၊ မသိသဖြင့် တင်ပြရခြင်းဖြစ်သည်။





~


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved