ကံကောင်းခြင်း စက်ရုံထဲက ဆန္ဒပြပွဲ

Monday, July 16, 2012 1 comments


'


မန်းသားလေး

ယခု ဖတ်ရှုရမည့် ဆန္ဒပြမှုသတင်းမှာ ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများတွင် ပေါ်ပေါက်ခဲ့ခြင်း မဟုတ်ဘဲ မြို့ငယ်တခုတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကျောက်ဆည်မြို့ ဘဲလင်းကျေးရွာရှိ ကံကောင်းခြင်း သစ်အချောထည် စက်ရုံမှ အလုပ်သမား တရာကျော်သည် ယနေ့နံနက်တွင် စက်ရုံအတွင်း ငြိမ်းချမ်းစွာ ထိုင်ပြီး ဆန္ဒပြခဲ့ကြသည်။

အလုပ်သမားများ အတွက် ကျန်းမာရေးစောင့်ရှောက်ရေး အစီအစဉ်များ မရှိခြင်း၊
လစာနှုန်းထား နည်းခြင်းနှင့် ၀င်ငွေထက် မရားသဖြင့် ချမှတ်ထားသော စည်းကမ်းချက်များကြောင့် ပေးဆောင်ရသည့် ဒဏ်ငွေများခြင်း စသည်တို့ကြောင့် ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း အလုပ်သမားအရေး လိုက်ပါ ဆောင်ရွက်နေသည့် ဦးကိုကိုကြီးက ပြောသည်။

တောင်းဆိုချက် အများစုကို ကံကောင်းခြင်း သစ်အချောထည် စက်ရုံ ပိုင်ရှင် တရုတ်လူမျိုးက လိုက်လျောခဲ့သည်ဟု ဆိုသည်။

‘‘အချက် ၈ ချက်မှာ ၇ ချက်တော့ အဆင်ပြေသွားပြီ။ အချက် ၃ ကိုတော့ ညှိုနှိုင်းနေတုန်းပဲ" ဟု ဦးကိုကိုကြီးက ပြောသည်။

၁။ နိုင်ငံတကာစံချိန်အတိုင်း တရက် အလုပ်ချိန် ၈နာရီ သတ်မှတ်ပေးရန်၊ အချိန်ပိုလုပ်အားခ ပေးရန်
၂။ အစိုးရရုံးပိတ်ရက်များတွင် အလုပ်ပိတ်ပေးရန်

၃။ လစာနှင့် အပြတ်လုပ်ငန်းလုပ်ဆောင်မှုများတွင် လက်ရှိ လစာဈေးနှုန်းထက် နှစ်သောင်းစီ တိုးပေးရန်
၎။ ဆန္ဒပြ၀န်ထမ်းများအပါဝင် တခြားသော ၀န်ထမ်းများကို အလုပ်နေရာပြောင်းခြင်း၊ ဌာနပြောင်းခြင်းနှင့် ထုတ်ပယ်ခြင်းများ မပြုလုပ်ရန်

၅။ ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်ပေးရန်နှင့် အလုပ်လုပ်ချိန်တွင်း ကိုယ်လက်အင်္ဂါနှင့် အသက်အနရာယ်ဆုံးရှုံးမှုများ ရှိပါက တာဝန်ယူ အာမခံချက် ရှိရန်
၆။ အခြေခံအလုပ်သမားအဖွဲ့စည်း၊ သမဂ္ဂတို့ကို တရားဝင် ဖွဲ့စည်းခွင့်ပြုရန်

၇။ မတရားသဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်နှင့် ဒဏ်ကြေးများကို ပယ်ဖျက်ပေးရန်
၈။ တရားဝင် ရပိုင်ခွင့် အခွင့်ရေးများကို လျစ်လျှူရှုပြီး တဘက်သတ်ထုတ်ပြန်ထားသော အချက်များကို ပယ်ဖျက်ရန် နှင့် အလုပ်သမား စည်းကမ်းချက်များကို အလုပ်သမားခေါင်းဆောင်များနှင့် တိုင်ပင် ထုတ်ပြန်ရန်

နံနက် ၇ နာရီတွင် အစပြုခဲ့သည့် ဆန္ဒပြမှုမှာ နေ့လယ် ၁း၃၀ တွင် ပြီးဆုံးသွားသည်။

ညှိနှိုင်းရေးအဖွဲ့များ၊ အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံ အာဏာပိုင်ရဲများ လာရောက်ဖြေရှင်းပေးခဲ့ပြီးနောက်ပိုင်းတွင် ပြီးဆုံးသွားခြင်း ဖြစ်သည်။


'

မုဒုံက သံဃာ ၇ ပါး လူဝတ်လဲခံရဖွယ်ရှိ

0 comments



မေစ
စ်ပိုင်

မွန်ပြည်နယ် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ မိုးကုတ် ၀ိပဿနာ ကျောင်းတိုက်နေ သံဃာတော် ၇ ပါး လူဝတ်လဲခံရဖွယ် ရှိကြောင်း သိရသည်။

ကျူးကျော် သံဃာများအဖြစ် တရားစွဲခံထားရသူများမှာ

၁။ ဦးစန္ဒာကုမာရ
၂။ ဦးခေမာစာရ

၃။ ဦးပညာသာရ
၎။ ဦးကုကုလ

၅။ ဦးဥာတိသာာ
၆။ ဦးဝံသနှင့်
၇။ ဦးစန္ဒဇောတိ တို့ဖြစ်သည်။

ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌက ၎င်းတို့ကို ဆိုဆုံးမမှု မနာခံဟု ဆိုကာ အရေးယူရန် ဆောင်ရွက်နေကြောင်း၊ ဂေါပကများဖြစ်သည့် ဦးရှမ်း၊ ဦးအေးချမ်း၊ ဦးကျော်ရှိန်၊ ဦးစံမြင့်၊ ဦးခင်မောင်၊ ဦးအောင်ညွန့်တို့က တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

သံဃာများထံမှ သိရသည့် ဂေါပကအဖွဲ့၏ အပြုအမူများ

ဂေါပကအဖွဲ့ဦးရှမ်းတို့ လူစုကကျောင်းထိုင် ဆရာတော် ဦးပညာသာရကို အသက်အန္တရာယ် ခြိမ်းခြောက်ပြီး ကျောင်းကို ဂေါပကအဖွဲ့သို့ပေးကြောင်း ကတိခံဝန်စာ ရေးခိုင်းသည်။
ကျောင်းနေသံဃာတော်များကို အော်ဟစ်ဆဲဆိုသည်။ နှင်ထုတ်သည်။
ကျောင်းတိုက် ဆိုင်းဘုတ်ကို ဖျက်ဆီးသည်။
ကျောင်းပိုင်သော့များကို ကိုယ်ပိုင်သော့များဖြင့် ပြောင်းလဲခတ်သည်။

'' ဘုန်းကြီးတို့ ညှိနှိုင်းတယ်။ သူတို့ကလည်းသြ၀ါဒခံတယ်။ ဘာမှတော့ ဆိုဆုံးမတာကို မနာခံတာ မရှိဘူး။ မနာခံဘူးလို့လည်း ပြည်နယ်ကို စာမတင်ခဲ့ဘူး။ ဒါပေမဲ့ ဘာလို့ အခုလို သံဃာတွေ တရားစွဲခံရလည်း မပြောတတ်ဘူး'' ဟု မြို့နယ် သံဃနာယက ဆရာတော်က မိန့်သည်။

အထက်ပါဆရာတော်ကပင် သံဃာတော်များ လူဝတ်လဲ တရားစီရင်ခံရမည့် အရေးသည် မြို့နယ်အဆင့်ဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ပြည်နယ်အဆင့်နှင့် ဗဟိုအဆင့်က ဆောင်ရွက်ပေးမှသာ ရနိုင်မည်ဟု ဆိုသည်။

သံဃာတော်များ မတရား ခံရခြင်း ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်၊ မွန်ပြည်နယ် ၀န်ကြီးချုပ်တို့ထံသို့ သက်သေခံ စာရွက်စာတမ်းများ၊ ကျောင်းပိုင်မြေ ဖြစ်ကြောင်း အထောက်အထားများနှင့် တင်ပြ တိုင်ကြားထားသော်လည်း ဆောင်ရွက်ပေးခြင်း လုံးဝ မရှိသေးကြောင်း သိရသည်။

''ဘုန်းကြီးတွေ သင်္ကန်းဝတ်နဲ့ တရားရုံးမှာ တရား ရင်ဆိုင်နေရတယ်။ တရားစွဲခံရတဲ့ သံဃာတွေအတွက် စီရင်ချက်ရလာဒ်က လက်ထိပ်သံဖြစ်နေတယ်။ အမှန်တရားဘက် ရပ်တည်ပေးနိုင်မယ့် အင်အားမျိုး လုံးဝ မရှိဘဲ ဖိအားတွေပဲ ရှိနေတယ်'' ဟု ကူညီ ဆောင်ရွက်ပေးသည့်ဆရာတော်ဦးသုနန္ဒက ပြောသည်။

အဆိုပါကျောင်းတိုက်တွင် နေထိုင်လျက်ရှိသည့် သံဃာတော်များမှာ မြို့နယ် သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၀ါဆိုသံဃာအဖြစ် တရားဝင်နေခွင့်ရထားသည်။ သို့သော်လည်း ကျောင်းတိုက်မှပင် ဖယ်ရှားရမည့် အခြေအနေသို့ ရောက်ရှိနေကြာင်း သိရသည်။

'' ကျောင်းတိုက်နေရာက လယ်မြေနေရာဟောင်းတွေ ဆိုတော့ အလှူရှင်လည်း ဆုံးပါးသွားတော့ ဂေါပကအဖွဲ့ထဲက လူတစ်ချို့က ဘုန်းကြီးတွေကို မောင်းထုတ်ပြီး ရိပ်သာလုပ်မယ် အကြောင်းပြတယ်။ တကယ်တော့ သူတို့က ဒီနေရာကို သိမ်းလို့ရရင် ပြန်ရောင်းစားပြီး ခွဲယူဖို့ လုပ်နေကြတာ'' ဟု ဘဲရမ်းဒေသခံ မိချမ်းထောမွန်က ပြောပြသည်။

ကျောင်းတိုက်မြေနေရာသည် မူလအမည်ပေါက် ဦးတင်ရွှေနှင့် ဦးအေးမြင့်သောင်းတို့ ပိုင်ဆိုင်ပြီး ယင်းနေရာတွင် သာသနာ ကျောင်းတိုက်တစ်ခု ဆောက်လုပ်ခဲ့ပြီး မုဒုံမြို့နယ်ရှိ ဂျုံးဂျုံးကျ သာသနာကျောင်းတိုက်မှ ဆရာတော်ဦင်္းပညာသာရကို အဆိုပါနေရာတွင် တိုက်အုပ်အဖြစ် နေထိုင် သီတင်းသုံးရန် ၂၀၀၄ ခုနှစ် မေ ၂၉ ရက်တွင် ပင့်ဖိတ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ဆရာတော်က ရန်ကုန်မြို့ မိုးကုတ် ၀ိပသနာကျောင်းတိုက် တိုက်ခွဲံ ဖွင့်လှစ်ခွင့် တင်ပြခဲ့ရာ စာအမှတ် ၁၈၇၊ ၉.၉.၂၀၀၅ ရက်စွဲ၊ အဖွဲ့ခွဲအမှတ်(၄၃၁) ဖြင့် အသိအမှတ်ပြု ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ကျောင်းတိုက် မြေနေရာမှာ အဆောက်အအုံ စုစုပေါင်း၂၀ရှိပြီး မြေဧက အကျယ်အ၀န်း ၉ ဒသမ ၀၄ ရှိကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်အဖွဲ့နဲ့ ထိုင်းလုံခြုံရေး ပစ်ခတ်မှုဖြစ်ပွား

0 comments

ဓာတ်ပုံ-AFP

ယနေ့ ဇူလိုင်လ ၁၆ ရက် ထိုင်းဒေသစံတော်ချိန် နံနက် ၅ နာရီအချိန်ခန့်မှာ မြန်မာနိုင်ငံဘက်က အိမ်နီးချင်း ထိုင်းနယ်စပ် မယ်ဆိုင် ခရိုင်အတွင်းကို မူးယစ်ဆေးဝါး သယ်ဆောင်လာသူအဖွဲ့နဲ့ ထိုင်းလုံခြုံရေးတို့ တိုက်ပွဲဖြစ် ပွားရာ မူးယစ်အဖွဲ့က ၈ ဦးကို အသေဖမ်းဆီးမိကြောင်း ထိုင်း သတင်းတွေအဆိုအရ သိရပါတယ်။

ဓာတ်ပုံများ- Bangkok Post

အဆိုပါ မူးယစ်ဆေးသယ်ဆောင်သူအဖွဲ့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရခြင်းကလည်း မူးယစ်ဂိုဏ်း သား တွေကို ပိတ်ဆို့ကာ အဖမ်းခံရန် ပြောကြားခဲ့ကြောင်း၊ သို့သော် ၄င်းတို့က ငြင်းဆန်ခဲ့ပြီးနောက် မိနစ် အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ The Nation နှင့် The Bangkok Post သတင်းတွေမှာလည်း ဖေါ်ပြထားပါတယ်။


အသေ ဖမ်းဆီးမိခဲ့တဲ့ မူးယစ်သယ်ဆောင်သူ ၈ ဦးရဲ့ အနီးအနားမှာ ICE ခေါ် ခရစ်စတယ်အမှုန့် ကီလို ၇၀ ကျော်၊ မက်သာဖက်တမင်းဆေးပြား ၅ သိန်းခွဲကျော်၊ ၉ မီလီမီတာ ပစ္စတို တလက်၊ ပွိုင့် ၂၂ ပစ္စတို တလက်၊ AKA မောင်းပြန် ရိုက်ဖယ် ၃ လက်တို့ကို အတူတကွ ဖမ်းဆီးမိကြောင်း သတင်းများ
မှာ ဖေါ်ပြထားပါတယ်။


ကျန် မူးယစ်သမားများဟာ တိုက်ပွဲဖြစ်ပွားစဉ်မှာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေး လွတ်မြောက်သွားကြောင်း လည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတန်ဘိုးဟာ ကာလပေါက်ဈေး ထိုင်းဘတ်ငွေ သန်း ၅၀၀ ကျော်ဖိုးရှိတယ်လို့ သိရပါတယ်။


မူးယစ်ဆေး သန်းသုံးထောင်ဖိုး ကိုးကန့်ဒေသမှာ ဖမ်းမိ

0 comments

'



ကျပ် သန်း သုံးထောင်ကျော် တန်ဘိုးရှိတဲ့ မူးယစ်ဆေးမျိုးစုံကို ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ဖမ်းမိတယ်လို့ ဒီကနေ့ အစိုးရသတင်းစာများမှာ ရေးထားပါတယ်။

ဆေးတွေနဲ့အတူ ဖမ်းမိတယ် ဆိုတဲ့ ဒေသခံ ၉ ယောက်ရဲ့ နာမည်တွေ၊ ကိုယ်ရေးအချက်အလက်တွေကိုပါ အောက်ပါအတိုင်း တွေ့ရပါတယ်။

ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ် မန်တုံပါးကျေးရွာအနီးမှ
တရားမဝင်မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


နေပြည်တော် ဇူလိုင် ၁၅

ဇူလိုင် ၉ ရက် ညနေပိုင်းက ရှမ်းပြည်နယ် လောက်ကိုင်မြို့နယ် မန်တုံပါးကျေးရွာအနီးရှိ မူးယစ်ဆေးဝါးချက်လုပ်နေသော လီရှောက်ချင်း၏နေအိမ်မှတရားမဝင် မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်မှာ လောက်ကိုင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်စိုးဝင်း ဦးစီးအဖွဲ့နှင့် ကွမ်းလုံ(မူးယစ်) ကြီးကြပ်သူ ဒုတိယရဲမှူး ညွန့်လွင် ဦးစီးသောအဖွဲ့တို့ ပူးပေါင်း၍ ဇူလိုင် ၉ ရက် ညနေ ၃ နာရီခွဲတွင်

လောက်ကိုင်မြို့မှ ၁၇ မိုင်အကွာ မန်တုံပါးကျေးရွာ အနီးရှိ မူးယစ်ဆေးဝါးချက်လုပ်နေသော လီရှောက်ချင်း၏နေအိမ်သို့ ဝင်ရောက် စီးနင်းရှာဖွေခဲ့ရာ

အိမ်ရှင်လီရှောက်ချင်းပါ တရားခံအမျိုးသား ရှစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့အား

မူးယစ်ဆေးဝါး ချက်လုပ်နေစဉ် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး

၎င်းတို့နှင့်အတူ

PIETRO Beretta 9 mm ပစ္စတိုတစ်လက်၊
၎င်း ကျည် လေးတောင့်၊

မူးယစ်ဆေးဝါးဖြစ်သော အိုက်စ်အခဲ ၇၃ ကီလို (တစ်ကီလိုလျှင် ကျပ်သိန်း ၁ဝဝ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ကျပ်သိန်း ၇၃ဝဝ)၊
အိုက်စ်အရည် ၂၇၄ ကီလို(တစ်ကီလိုလျှင် ကျပ် ၇၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ကျပ်၂ဝ၅၅ဝ သိန်း)၊

ခပ်ခူး သုံးဂရမ် (တစ်ဂရမ်လျှင် ကျပ် ၁၂ဝဝ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ကျပ် ၃၆ဝဝ )၊
ဖော်စဖိတ် ၁၂ဝ ကီလို၊

အက်စစ်တစ်အက်စစ် ၉ ဒသမ ၅ လီတာနှင့်
ဆက်စပ်ပစ္စည်း ၂၂ မျိုး

စုစုပေါင်းတန်ဖိုးငွေကျပ် ၃၁၄၅ဝ သိန်းအား သိမ်းဆည်းရမိခဲ့သည်။

သက်သေခံ မူးယစ်ဆေးဝါးများ၊ ချက်လုပ်ဆဲ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးချက်လုပ်နေစဉ် ဖမ်းဆီးရမိသော

တရားခံ
လီရှောက်ချင်း (ခ) လီကျုံးချင် (၅ဝ) နှစ် (ဘ) ဦးလီကျိမ်းကြာ၊ ကိုးကန့်/ဗုဒ္ဓ၊ တုံချိန် ရပ်ကွက်(၁) လောက်ကိုင်မြို့၊

လူလောက်ဝူ (၃ဝ)နှစ် (ဘ)ဦးလူလောက်လူး၊ ကိုးကန့်/ဗုဒ္ဓ၊ စဥ့်ကိုင်ကျေးရွာ လောက်ကိုင်မြို့နယ်၊

လူလောက်ဟော် (၂၇) နှစ် (ဘ) ဦးလူလောက်လူး၊ ကိုးကန့်/ဗုဒ္ဓ၊ စဥ့်ကိုင်ကျေးရွာ၊ လောက်ကိုင်မြို့နယ်၊

မော်ညိုကျူး(ခ) ကျော်စိန်ဝင်း (၂၄) နှစ် (ဘ) ဦးလုံပေါက်၊ ကိုးကန့်/ဗုဒ္ဓ၊ အမှတ် (၁၂၆) သံလွင်လမ်း ရပ်ကွက် (၁၂) လားရှိုးမြို့၊

မော်စိုင်းဆိုင် (၁၈)နှစ်၊ (ဘ) ဦးမော်ကျိန်းမင်၊ ကိုးကန့်/ဗုဒ္ဓ၊ ကာမိုင်း၊ မိုင်မောင်ကျေးရွာ ကွမ်းလုံမြို့နယ်၊

မော်လောက်ဝူ(ခ) မော်ထူးငယ် (၂၉) နှစ်၊ (ဘ) ဦးမော်ရွေးလုံ၊ ကိုးကန့်/ဗုဒ္ဓ၊ ပါစင်ကျော်ကျေးရွာ လောက်ကိုင်မြို့နယ်၊

စီရှောက်ချန်(ခ)စီအားချန် (၄၁)နှစ် (ဘ) ဦးစီရှောက်လောက်၊ ကိုးကန့်/ဗုဒ္ဓ၊ အမှတ် (၅၁) သီတာလွင်လမ်း ရပ်ကွက်(၇) လားရှိုးမြို့နှင့်

ထောင်ရှောက်လင့် (၂၄)နှစ် (ဘ) ဦးတောင်ရှမ်းဖ၊ ကိုးကန့်/ဗုဒ္ဓ၊ လူကော်မရွာ တောက်ရွှေအုပ်စု လောက်ကိုင် မြို့နယ်နှင့်

အမျိုးသမီးတရားခံတစ်ဦးမှာ လူရှောက်စန်း(ခ)လူစင်းကျူး(၄ဝ)နှစ်၊ (ဘ)ဦးလူလောက်လူး၊ ကိုးကန့်/ဗုဒ္ဓ၊ တုံချိန်ရပ်ကွက်(၁) လောက်ကိုင်မြို့တို့အား

လောက်ကိုင်ရဲစခန်းမှ မယ(ပ) ၄/၂ဝ၁၂၊ မူး/စိတ် ပုဒ်မ ၁၅/၁၆(ခ)/ ၁၉(က)/၂၁/၂၂(ခ)အရ အမှုဖွင့် အရေးယူထားပြီး

ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိသည်။ (သတင်းစဉ်)

ရန်ကုန် အိန္ဒိယသံရုံး ကွန်ပြူတာခန်း မီးလောင်

0 comments


မေစစ်ပိုင်

ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ယမန်နေ့ညနေ ၆း၁၀ ခန့်က အသေးစား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

''သံရုံးအပေါ်ထပ်မှာရှိတဲ့ ကွန်ပျုတာအခန်းကနေတဆင့် မီးအပူချိန်များပြီး ၀ါယာေ၇ှာ့ဖြစ်တာပါ။ ကွန်ပြူတာ အခန်းတစ်ခန်းပဲ လောင်ကျွမ်းသွားတယ်။ ထိခိုက် ဒဏ်ရာရတဲ့သူမရှိပါဘူး'' ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှုးတစ်ဦးက မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာတွင် ပြောကြားသည်။

''မီးခိုးညှော်နံ့တွေ အရမ်း နံလာလို့ ကြည့်နေရင်းနဲ့ သံ၇ုံးက လောင်နေမှန်းသိကြတာ လုံခြုံရေးတွေလည်း ရှိနေတော့ သိတာ မြန်သွားတယ်လေ'' ဟု သံ၇ုံးအနီးရှိ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောပြသည်။

ကျောက်တံတားမြို့နယ်အတွင်း တည်ရှိသော သံရုံး မီးလောင်မှု၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်နေဆဲဖြစ်ကြောင်း ၊ မီးလောင်သည့် နေရာသို့ မီးသတ်ရုံးများမှ ကား ၁၆ စီး သွားရောက်ခဲ့ကြောင်း သိရသည်။




ဦးမြင့်ဆွေက ဒုသမ္မတ အရည်အချင်းနဲ့ မပြည့်စုံဘူးလား

7 comments

ဦးမြင့်ဆွေ (ဓာတ်ပုံ - ဧရာဝတီ)

လစ်လပ်နေတဲ့ ဒုသမ္မတ တနေရာအတွက် တမတ်သား အုပ်စုက ရွေးထားသူကတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်ပါတယ်။

လွှတ်တော်က အတည်ပြုရင် ဦးမြင့်ဆွေ ဒုသမ္မတ ဖြစ်လာပြီလို့ ယူဆခဲ့ကြပါတယ်။

သို့သော်လည်း အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားချက်တွေအရ ဆိုရင် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေက ဒုသမ္မတ တယောက်မှာ ရှိရမယ့်ရဲ့ အရည်အချင်းနဲ့ မပြည့်စုံဘူး၊
ဦးမြင့်ဆွေရဲ့ သားမက် တယောက်က သြစတေးလျ နိုင်ငံသား ခံယူထားတယ် ဆိုတဲ့ သတင်းတချို့ ထွက်နေပါတယ်။

သား၊ သမီး၊ သားမက်၊ ချွေးမ တယောက်ယောက်က တခြားနိုင်ငံသား ခံယူထားရင် အဲဒီပုဂ္ဂိုလ်ကို သမ္မတ ၊ ဒုသမ္မတ အဖြစ် တင်မြှောက်ခွင့် မရှိ ဆိုပဲ။
(အခြေခံဥပဒေ ကောက်နုတ်ချက်ကို အောက်ဆုံးမှာ ကြည့်ပါ)

ဒီသတင်းသာ မှန်ကန်မယ် ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘာဆက်လုပ်မလဲ။ လတ်တလော လုပ်စရာ ၃ ခု တွေ့ပါတယ်။

၁။ နိုင်ငံခြားသားနဲ့ လွတ်ကင်းတဲ့ စစ်ဗိုလ်တယောက်ကို အဆိုပြုလိုက်ပါ။

၂။ အခြေခံဥပဒေကို ပြင်လိုက်ပါ။
(ဒါဆိုရင် ဦးမြင့်ဆွေက လက်ရှိရာထူးမှာ ဆက်ရှိနေမယ်။ သူ့နေရာ ၀င်မယ်လို့ အများက ယူဆနေတဲ့ ဒုဗိုလ်ချုပ်ကြီး ဝေလွင်အတွက်လည်း တနေရာ စီစဉ်ပေးရမှာပါ။
ဒီနည်းကို သုံးမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အနာဂတ်မှာ သမ္မတ၊ ဒုသမ္မတ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်း သုံးဖြစ်မယ် မထင်ပါ)

၃။ သမီးအဖြစ်က စွန့်လွှတ်ပါ။
(ဒီနည်းကို ဗိုလ်ခင်ညွန့် သုံးဖူးပါတယ်။ ဒါက အလွယ်ဆုံး ဖြစ်ပါလိမ့်မယ်။ သတင်းစာထဲ ကြော်ငြာအသေးလေး ထည့်လိုက်ရုံပါပဲ။ ကိုယ့် သမီး သားမက်တို့ကတော့ ပုံမှန်အတိုင်း ဆက်နေပေါ့။ ဘယ်သူ သိတာမှတ်လို့)

အခြေခံဥပဒေမှာ တွေ့ရတဲ့ သမ္မတ၊ ဒုသမ္မတတို့ရဲ့ အရည်အချင်းများ

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ် သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရ မည်။
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော် တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။

ခြွင်းချက်။ နိုင်ငံတော် ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြား သို့ တရားဝင် သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလ အဖြစ် ထည့်သွင်း ရေတွက်ရမည်။

(စ) မိမိ ကိုယ်တိုင် သော်လည်းကောင်း၊ မိမိ ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊
မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊
မိမိ၏ တရားဝင် သားသမီး တစ်ဦးဦး သော်လည်းကောင်း၊
ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း
နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ (သို့မဟုတ်)
နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်)
တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊
ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊
တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။

(ဆ) လွှတ်တော် ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အတွက် သတ်မှတ်ထားသည့် အရည်အချင်းများ အပြင် နိုင်ငံတော်သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများ နှင့် လည်း ပြည့်စုံရမည်။

ဒု သမ္မတအဖြစ် ဦးမြင့်ဆွေကို တင်သွင်းလိုက်ပြီ


ရမ်ဘိုမင်းသားကြီးရဲ့ သား သေဆုံး

0 comments

ရမ်ဘိုမင်းသားကြီး စီလ်ဗက်စတာ စတားလုံးရဲ့ သားကြီး သြရသ ဆေ့ဂ်ျစတားလုံးဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သေဆုံးသွားပါတယ်။


~ ဆေ့ဂ်ျ စတားလုံး ~


၃၆ နှစ်အရွယ် ထက်မြက်တဲ့ သားကြီးကို ဆုံးရှူံးလိုက်ရတဲ့အတွက် ရမ်ဘိုမင်းသားကြီးဟာ ၀မ်းနည်းပက်လက်ဖြစ်နေပါတယ်။ သူ့သားသေဆုံးမှုကြောင့် သူနဲ့ အာနိုးတို့ တွဲရိုက်ထားတဲ့ Expendable 2 ဇာတ်ကားမြှင့်တင်ရေး တွေကို မလုပ်နိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

ဆေ့ဂ်ျစတားလုံးဟာ လော့စ်အိန်ဂျလိစ်က သူ့အိမ်ထဲမှာ သေဆုံးနေတာကို အခန်း သန့်ရှင်းရေးသမားက ပထမဆုံး တွေ့ခဲ့တာပါ။

ရဲကတော့ သူသေဆုံးနေတာ တရက်နီးပါးလောက်ရှိနေပြီလို့ဆိုသလို သေဆုံးရတဲ့အကြောင်းရင်းကိုလည်း မသိရသေးဘူး၊ သေတမ်းစာတစုံတရာကိုလည်း မတွေ့ရဘူး၊ အခန်းထဲမှာ ခိုက်ရန်ဖြစ်ပွားမှုလက္ခဏာလည်း မရှိဘူး၊ သူ့ရဲ့ ရုပ်အလောင်းကို စစ်ဆေးနေတုန်းပဲလို့ ဆိုပါတယ်။

သူသေဆုံးရတာကို အံ့သြမိတယ်၊ သူဟာ ကျန်းမာရေး အင်မတန်ကောင်းတဲ့သူဖြစ်ပြီး သူ့မှာ စိတ်ဓာတ်ကျနေတာမရှိသလို ရန်သူလည်း မရှိဘူး၊ မူးယစ်ဆေး သုံးစွဲတတ်သူလည်း မဟုတ်ဘူးလို့ သူ့ရဲ့ရှေ့နေ၊ သူ့သူငယ်ချင်းတွေနဲ့ မိသားစုအသိုင်းအ၀ိုင်း က ပြောပါတယ်။

သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူဟာ ထက်မြက်တဲ့သူ၊ တီထွင်ဆန်းသစ်မှု ပါရမီ ရှိတဲ့သူ၊ သူရိုက်ချင်တဲ့ ဓာတ်ပုံတွေအကြောင်း၊ ရုပ်ရှင်အကြောင်း၊ သူရေးချင်တဲ့ စာနဲ့ သူ့ရဲ့ စိတ်ကူးတွေကို အမြဲ ပြောလေ့ရှိတဲ့သူတယောက်လို့ ဆိုပါတယ်။

သူဟာ ဒီအပတ်ထဲမှာ သူ့ချစ်သူနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေတဲ့သူတယောက်လည်း ဖြစ်တယ်လို့ ABC သတင်းဌာနက ဆိုပါတယ်။


~ Rocky ဇာတ်လမ်းတွဲကို ရိုက်ကူးစဉ်က စတားလုံး သားအဖ ~


ဆေ့ဂ်ျ စတားလုံးဟာ သူ့အဖေရဲ့ ၁၉ ၉ ၀ ပြည့်နှစ်တွေတုန်းက နာမည်ကျော် ရုပ်ရှင်တခုဖြစ်တဲ့ Rocky ဇာတ်လမ်းတွဲတွေထဲက Rocky နံပါတ်လေးနဲ့ Daylight ဆိုတဲ့ ဇာတ်ကားမှာ အဖေနဲ့အတူတူ သရုပ်ဆောင်ခဲ့ပါသေးတယ်။

အဲ့ဒီနောက် Vic ဆိုတဲ့ ဇာတ်လမ်းတိုတခုကို ၂၀၀၆ ခုနှစ်မှာ ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးခဲ့ပြီး ရုပ်ရှင်၊ ဗီဒီယိုတွေရဲ့ ဇာတ်ညွှန်းတွေ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ရုပ်အလောင်းကို ဘယ်နေ့ သဂြိုင်္လ်မယ်ဆိုတာတော့ မသိရသေးပါဘူး။

စင်ကာပူ ဟိုတယ် မီးလောင်မှုဖြစ်ပွား

0 comments


ယနေ့ တနင်္လာနေ့နံနက် စင်ကာပူ ဒေသစံတော်ချိန် ၉ နာရီလောက်က စင်ကာပူနိုင်ငံ Marine Parade Road က East Village ဟော်တယ်မှာ မီးလောင်မှု တခုဖြစ်ပွားလို့ ကလေး ၄ ဦး၊ လူကြီး ၅ ဦးနဲ့ မီးသတ်သမား ၂ ဦး စုစုပေါင်း လူပေါင်း ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်တဲ့။ မီးလောင်းမှုအတွင်း လူ၅၀ ယောက်အားဘေးလွတ်ရာသို့ ကယ်ဆယ်ခဲ့ရပါတယ်။

ဓာတ်ပုံ-CNA
စင်ကာပူ မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ ပြောတာကတော့ ဒဏ်ရာရတဲ့သူတွေကို စင်ကာပူ အထွေထွေ ဆေးရုံကြီးကို ပို့လိုက်ပါတယ်တဲ့။ ဒီသတင်းကို Channel News Asia က ထုတ်လွှင့်ပြသနေပါတယ်။

မီးလောင်မှုကတော့ ဟော်တယ်ရဲ့ မြေအောက်ထပ်မှာရှိတဲ့ စားသောက်ဆိုင်ကနေ စတင်ခဲ့တာလို့ သိရပြီး မီးခိုးတွေ အူထွက်နေတာကို မျက်မြင်တွေက ပြောပြကြပါတယ်။ စင်ကာပူ စံတော်ချိန် မွန်းလွဲ ၁း၀၀ အချိန်အထိ East Village ဟိုတယ်မှ မီးခိုးများထွက်နေဆဲဖြစ်ပါတယ်။





စေတနာ ၀ဿန် ဂီတ ရန်ပုံငွေပွဲ အကြို

0 comments


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ MCC မှာ ကျင်းပဖို့စီစဉ်ထားတဲ့ စေတနာ ၀ဿန် ဂီတ ရန်ပုံငွေရှာဖွေပွဲအတွက် ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့က Mr. Guitar စားသောက်ဆိုင်မှာ မြန်မာနိုင်ငံ က ထင်ရှားတဲ့ အနုပညာရှင်တွေနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲလေး တခု လုပ်ခဲ့ပါတယ်။


ညှီနှိုင်းဆွေးနွေးပွဲလေးမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၈၈မျိုးဆက် ကျောင်းသားတွေ အနေနဲ့ မြန်မာနိုင်ငံတ၀ှမ်းက လူမှု အခက်အခဲတွေကို ကူညီဖြေရှင်းပေးတဲ့ နေရာမှာ အသုံးပြုသွားဖို့ အတွက် စေတနာ ၀ဿန် ဂီတ ရန်ပုံငွေ ရှာဖွေပွဲလုပ်လိုကြောင်း ပြောကြားခဲ့ပါတယ်။





ဂီတ အနုပညာ မောင်နှမများရဲ့ ၀ိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရေး ဆွေးနွေးကြတဲ့ ဒီပွဲလေးမှာပဲ အနုပညာရှင် မောင်နှမတွေ က သဒ္ဒါပေါက်ပြီး အလှူငွေတွေထည့်ဝင်သွားခဲ့ပါတယ်။



ဒီဆွေးနွေးပွဲလေးမှာတော့ နံမည်ကျော် အနုပညာရှင်များနဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့က အမှတ်တရ စု ပေါင်း ဓာတ်ပုံလည်း ရိုက်ခဲ့ကြပါသေးတယ်။



လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာ ကျင်းပမယ့် စေတနာဝဿန် ဂီတ ရန်ပုံငွေပွဲက ရလာမယ့် ရန်ပုံငွေတွေကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကချင်ပြည်နယ်က ဒုက္ခသည်တွေ၊ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ အခြား လို အပ်လို့ လာရောက်အကူအညီတောင်းနေကြတဲ့ လူမှုဒုက္ခသည်တွေကို ပြန်လည် လှူဒါန်း သွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဥာဏ်လင်းကလည်း ဧရာဝတီကို ရှင်းပြပါတယ်။



“ဒီရန်ပုံငွေပွဲက ရလာတဲ့ ငွေကြေးတွေကို အခု ကျနော်တို့ဆီ လာပြီး အကူအညီတောင်းထားတဲ့ သူတွေနဲ့ ၈၈ က လှူဒါန်းမှုတွေ လုပ်နေတဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်အပါအ၀င် လိုအပ်နေတဲ့ သူတွေကို ပြန်ပြီး အကူအညီ ပေးသွားဖို့ ဖြစ်ပါတယ်” လို့ ကိုဥာဏ်လင်းက ဆိုပါတယ်။








"အဲဒီနိုင်ငံကလူတွေ ရန်ကုန်တက္ကသိုလ်မှာ ပညာလာသင်ကြတယ်"

1 comments

ဆရာကြီး ဒေါက်တာသော်ကောင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ဂျီအောင်


"---တက္ကသိုလ်ပညာရေး ဆိုတာ ဥာဏ်ပညာအရာ။ ဥာဏ်ပညာအရာနဲ့ ပတ်သက်တဲ့နေရာဟာ လွတ်လပ်မှု ရှိရမယ်။ အခုတက္ကသိုလ်ဝင်းတွေက ၀င်ပေါက်တစ်ခုပဲ ထားတယ်။ ပုဂံလမ်းမှာ ဆရာ့မိသားစု ၂၈ နှစ် နေသွား
ပါတယ်။ အခုထိ တံခါးပိတ်ထားတယ်၊ မဖွင့်သေးဘူး။ တက္ကသိုလ်နဲ့မှ မတူတာ---"

မေး- ဆရာတို့ခေတ်ရဲ့ တက္ကသိုလ် ပညာရေးစနစ်ကို သိပါရစေခင်ဗျာ။

ဖြေ- ဆရာက ၁၉၅၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ စတင်ပညာသင်ကြား
ခဲ့ပါတယ်။ ဆရာတို့ခေတ်တုန်းက ရိုးရိုး ဘီအေတန်းအတွက် ပညာသင်နှစ် ၄ နှစ်၊ ဂုဏ်ထူးတန်းတက်ရင် ၅ နှစ်ပါ။ ဆရာက အင်္ဂလိပ်စာ ဂုဏ်ထူးတန်း တက်ခဲ့လို့ ၁၉၅၄ ကနေ ၁၉၅၉ ထိ၊ ရန်ကုန်တက္ကသိုလ်မှာ ၅ နှစ် သင်ကြား
ခဲ့ရပါတယ်။

အခုလက်ရှိ ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်ပညာရေး အခြေအနေက ဆရာတို့ခေတ်နဲ့ သာမန်နှိုင်းယှဉ်ရင်တောင် တော်တော် ကွာခြားသွားပါပြီ။

ဆရာသင်ယူခဲ့တဲ့၊ သိတဲ့ ပညာရပ်တစ်ခုတည်းကို နမူနာအဖြစ် ပြောပြမယ်။ အင်္ဂလိပ်စာပေ ဆိုပါတော့၊ အဲဒီအချိန်တုန်းက ဗြိတိသျှ ကောင်ဆယ်လ် (BC) က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာ ကူညီသင်ကြားပေးဖို့ တစ်နှစ်ကို ၀ါရင့်အင်္ဂလိပ်ဆရာ နှစ်ယောက် ပေးတယ်။ သံရုံးမှာမဟုတ်ဘဲ သီးသန့် အဆောက်အအုံမှာလည်း ဗြိတိသျှကောင်ဆယ်လ်စာကြည့်တိုက် ပန်းဆိုးတန်းမှာ ရှိတယ်။ ဆရာတို့ အသုံးများခဲ့ပါတယ်။

BC က ပေးတဲ့ဆရာနှစ်ယောက်က ရန်ကုန်တက္ကသိုလ်ရဲ့အင်္ဂလိပ်စာဌာန
မှာ တွဲဖက် စာသင်ပေးတယ်။ အဲဒီတုန်းက အင်္ဂလိပ်စာဌာန ပါမောက္ခက ဆရာကြီးဦးမျိုးမင်းပါ (နွယ်စိုး ကလောင်နဲ့ စာရေးတယ်)။ BC က လာတဲ့ ဆရာတွေက ဧည့်ပါမောက္ခတွေအနေနဲ့သင်ကြားရေးမှာ ထိထိ
ရောက်ရောက် ကူညီသင်ကြားပေးတယ်။ ဒါပေမဲ့ အုပ်ချုပ်မှုအပိုင်းမှာ
သူတို့ ဘာမှ ၀င်မစွက်ဘူး။

အင်္ဂလိပ်တွေကိုယ်တိုင် လာသင်တဲ့အတွက် ဆရာအပါအ၀င် အင်္ဂလိပ် စာသင် ကျောင်းသားကျောင်းသူတွေရတဲ့ အကျိုးကျေးဇူးတွေက အင်္ဂလိပ်စာကို စနစ်တကျ တတ်တယ်။ စာပေဗဟုသုတတွေ အများကြီး ရတယ်။ ကိုယ့်ဘာသာ အများကြီးဖတ်ပြီးမှ ရမယ့် အကြောင်းအရာတွေကို နာရီပိုင်းအတွင်းရတယ်။ နောက် သူတို့ရဲ့ အသံထွက် လေယူလေသိမ်းတွေကို နားရည်ဝသွားတယ်။ ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်စာနဲ့ ဘွဲရသူတွေကို အဲဒီအချိန်က နိုင်ငံတကာက အသိအမှတ်ပြုရတယ်။

ဒီနမူနာလိုပဲ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ထဲမှာသင်နေတဲ့ ပညာရပ် အတော်များများမှာ အဲဒီလို နိုင်ငံခြားသားတွေ ရှိကြပါတယ်။ ဗမာဆရာတွေနဲ့ အိန္ဒိယဆရာများလည်းတွဲပြီး သင်ပေးပါတယ်။ အခု တက္ကသိုလ်
တွေက အဓိကဘာသာရပ်သင် တက္ကသိုလ်အဆင့် ဖြစ်သွားတယ်။ ဆရာတို့ ခေတ်တုန်းက ရန်ကုန်တက္ကသိုလ်က မဟာဌာနကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကြီးတစ်ခု ဖြစ်တယ်။ Faculty system (မဟာဌာနများ) လို့ ခေါ်တယ်။

ရန်ကုန်တက္ကသိုလ်အောက်မှာ ယခုခေတ်လို အဓိကဘာသာ (ရိုးရိုးမေဂျာ) တွေသာမက ဆေး၊ အင်ဂျင်နီယာ၊ စိုက်ပျိုးရေး၊ စီးပွားရေး စတဲ့ ပညာရပ်တွေ အားလုံးရှိတယ်။ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ တရုတ်ပြည်မှာ အခုထိ အဲဒီလို တက္ကသိုလ်ကြီးတွေ ရှိပါတယ်။

ဒေါက်တာသော်ကောင်း

ဆေးပညာအတွက်ဆိုရင် အင်္ဂလန်က တော်ဝင်ဆေးပညာအဖွဲ့တွေ ရှိတယ်။ ခွဲစိတ်ပညာပါရဂူတွေ ဆေးပညာပါရဂူတွေ ရှိတယ်။ ပြီးတော့
ဆေးကောင်စီကြီးတွေ ရှိတယ်။ (Royal College of Physicians, Surgeons, etc.) အဲဒီယူကေက ဆေးကောင်စီတွေက သူတို့ အသိအမှတ်
ပြုထားတဲ့ တက္ကသိုလ်တွေကို အဖွဲ့လိုက်စစ်ဆေးပြီး အကဲဖြတ် အဆင့်
သတ်မှတ်ပေးပါတယ်။ ရန်ကုန်တက္ကသိုလ်က ဆေးပညာမှာလည်း အမှတ်
ကောင်းကောင်း အမြဲရခဲ့တယ်။စစ်ကြိုခေတ်က ရန်ကုန်တက္ကသိုလ် အဆင့်
အတန်းက ဆရာတို့တက်တဲ့ခေတ်ထက်တောင် ပိုကောင်းပါသေးတယ်။

စစ်ကြိုခေတ်တုန်းက အရှေ့တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်
အဖြစ် ရန်ကုန်တက္ကသိုလ်ကို အသိအမှတ်ပြုခဲ့တယ်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကိုလည်း အရှေ့တောင်အာရှမှာ အကောင်းဆုံးနဲ့ ခေတ်အမှီ
ဆုံး စာကြည့်တိုက်၊ စာအုပ်စာတမ်းနဲ့ မှတ်တမ်းမှတ်ရာ အစုံအလင်ဆုံး စာကြည့်တိုက်အဖြစ် သတ်မှတ်ခံခဲ့ရတယ်။

ဒီတုန်းက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ တရုတ်နဲ့ မြန်မာ ဆက်နွှယ်
နေတဲ့ သမိုင်းနဲ့ပတ်သက်တဲ့ တရုတ်မှတ်တမ်းတွေ တော်တော်စုံတယ်။ အင်္ဂလိပ်စာအုပ်တွေလည်း အစုံအလင်ရှိတယ်။ စင်ကာပူမြို့၊ ထိုင်း၊ မလေးရှား၊ နိုင်ငံတွေမှာ ရန်ကုန်တက္ကသိုလ်လောက်ကောင်းတဲ့ တက္ကသိုလ် မရှိဘူး။ အဲဒီနိုင်ငံကလူတွေ ရန်ကုန်တက္ကသိုလ်မှာ ပညာလာသင်ကြတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က မလေးက လာတဲ့ ပရှူးတရုတ်ကပြား အဖိုးကြီး
တစ်ယောက်ကို ဆရာတို့ သွားမေးဖူးတယ်။ အသက် ၉၅ နှစ်လောက်ရှိတဲ့ မစ္စတာ ဘိုအီ (Boey) လို့ ခေါ်တယ်။ အဲဒီအဖိုးကြီးက ပြောပြတယ်။ သူတို့ သူငယ်ချင်းသုံးယောက် မလေးက လာပြီး ရန်ကုန်တက္ကသိုလ်မှာ တက်ကြ
တယ်။ ရန်ကုန်တက္ကသိုလ် BOC ကောလိပ်က အောင်တော့ အလုပ်ကောင်း
ကောင်း ရတယ်။ သူတို့နိုင်ငံ မပြန်ကြတော့ဘူး။ သူက ပီရတ်၊ ပီနန်ဇာတိ
ဖြစ်ပြီး မလေးက ချမ်းသာတဲ့သူတွေက သားသမီးတွေကို တက္ကသိုလ် ပညာသင်ဖို့ လွှတ်တာ ပထမအဆင့် ငွေကြေးတတ်နိုင်သူတွေက အင်္ဂလန်၊ ဒုတိယအဆင့် ရန်ကုန်တက္ကသိုလ်တဲ့။

အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ထွက်တွေထဲက ကမ္ဘာကျော်ပညာတတ်တွေ ဖြစ်သွားတာ အများကြီးပဲ။ ဒေါက်တာလှမြင့် (စီးပွားရေးပညာရှင်)၊ ဦးဖေမောင်တင် တို့လို ဆရာတို့ခေတ်ထိ နာမည်ကြီး ပညာရှင်တွေ ရှိပါသေးတယ်။ ဥပမာ၊ ဆရာဦးသိန်းဟန် (ဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်)၊
ဒေါက်တာဒေါ်သင်းကြည် (ပထ၀ီ)၊ ဒေါက်တာထင်အောင် (ရန်ကုန်
တက္ကသိုလ်ပါမောက္ခချုပ်)၊ ဒေါက်တာသာလှ၊ ဒေါက်တာသာလှ၊ ဒေါက်တာ
မောင်မောင်ခ စတဲ့ ပညာရပ်ပေါင်းစုံမှာ ထူးချွန်တဲ့သူတွေ ရှိခဲ့ပါတယ်။

ဒေါက်တာထင်အောင်ဆိုရင် စွယ်စုံပညာရှင်ပါပဲ။ ပညာရပ်ပေါင်းစုံလည်း တတ်တယ်။ နိုင်ငံခြားက ပါရဂူဘွဲ့ သုံးလေးခုလောက် ရထားပါတယ်။
နိုင်ငံခြားသားတွေနဲ့လည်း ရင်ဘောင်တန်း ပြောဆိုနိုင်တယ်။ ကမ္ဘာ့စာပေ
မှာ ၀င်ဆန့်နိုင်တဲ့ စာအုပ်စာတမ်းတွေ ရေးတယ်။ ရန်ကုန်တက္ကသိုလ်က
အောင်လာသူ ဆရာတို့အရွယ်တွေဟာ နိုင်ငံခြားမှာ အခက်ခဲမရှိ ဆက်ပညာသင်နိုင်ခဲ့ကြတယ်။


မေး- ဒီနေ့ခေတ် တက္ကသိုလ်တွေအပေါ် ဆရာ့အမြင်လေး သိပါရစေ။

ဖြေ- အားလုံးသိတဲ့အတိုင်းပါပဲ။ ၁၉၆၂ နောက်ပိုင်းကစပြီး တက္ကသိုလ်ပညာရေးက တဖြည်းဖြည်းကျဆင်းလာတယ်။နောက်ပိုင်း အကြောင်းမျိုးစုံ
ကြောင့် ပိုပြီးကျလာတယ်။ လက်ရှိ ပညာရေးအခြေအနေက အတော်ကျ နေတဲ့ အခြေအနေပါ။ အခု ပြန်ပြုပြင်ဖို့ စနေပြီ။ ဒါပေမဲ့ တော်တော် လုပ်ယူရဦးမယ်။ ပညာရေးဆိုတာ ချက်ချင်းပြောင်းဆိုပြီး ပါးစပ်နဲ့ ပြောင်းလို့
ရတဲ့အရာမဟုတ်ဘူး။ ဉာဏ်အရာ ဖြစ်တယ်။ အဖက်ဖက်က အားထုတ်ရမယ်။ အဆင့်ဆင့်က အားပေးရမယ်။

တက္ကသိုလ်ပညာရေး ဆိုတာ ဥာဏ်ပညာအရာ။ ဥာဏ်ပညာအရာနဲ့ ပတ်သက်တဲ့နေရာဟာ လွတ်လပ်မှု ရှိရမယ်။ အခုတက္ကသိုလ်ဝင်းတွေက ၀င်ပေါက်တစ်ခုပဲ ထားတယ်။ ပုဂံလမ်းမှာ ဆရာ့မိသားစု ၂၈ နှစ် နေသွား
ပါတယ်။ အခုထိ တံခါးပိတ်ထားတယ်၊ မဖွင့်သေးဘူး။ တက္ကသိုလ်နဲ့မှ မတူတာ။ နိုင်ငံခြားမှာ တက္ကသိုလ်ဝင်းတွေက မြို့နဲ့တစ်ဆက်တည်းရှိတဲ့နေရာ အများကြီး ရှိတယ်။ လန်ဒန်တက္ကသိုလ်ဆိုရင် ၀င်းထဲရောက်သွား မှန်းတောင် မသိရဘူး။

နောက်ပြီး နိုင်ငံခြားဧည့်သည်ကိစ္စ။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက ရန်ကုန်တက္ကသိုလ်အပါအ၀င် တက္ကသိုလ်ဝင်းထဲကို နိုင်ငံခြားသား လာလည်ခွင့် သိပ်ကျပ်တယ်။ ဆရာ့အတွေ့အကြုံပြောရရင် ဆရာက
နိုင်ငံခြားသားပညာရှင် မိတ်ဆွေများတယ်။ ခင်မင်လို့ ပညာဖလှယ်ဖို့ လာကြတာ။ တခြား ဘာကိစ္စမှ မပါဘူး။ ဒါပေမဲ့ နိုင်ငံခြားသားတွေနဲ့ပေါင်းရင် မသင်္ကာဘူး။ နောက်ပိုင်း ဆရာ့ကိုတွေ့ချင်တဲ့နိုင်ငံခြားသားတွေက ကြိုတင် ခွင့်ပြုချက် ရယူရတယ်။

ဆရာ နိုင်ငံခြားသွားတဲ့အခါကျတော့ နိုင်ငံခြားတက္ကသိုလ်တွေက ဘာမှ စစ်ဆေးမေးမြန်းခြင်းမရှိ ၀မ်းသာအားရ ဧည့်ပါမောက္ခအဖြစ် ကြိုဆိုကြတယ်၊ ဟောပြောကြတယ်၊ ပညာရပ်တွေ ဆွေးနွေးကြတယ်။နေ့လည်စာ
အတူတူ စားကြတယ်။ လေဆိပ်မှာ လာကြိုကြ၊ ပြန်ပို့ကြတယ်။ ပညာကို လွတ်လွတ်လပ်လပ် ဖလှယ်ခွင့်၊ ဆွေးနွေးခွင့် ရကြတယ်။

ဒီတော့ ဆရာတို့ဆီက ပိတ်ပင်တားဆီးမှုတွေက ဘယ်လောက်တောင် ပညာရေးတိုးတက်မှုအတွက် အဟန့်အတားဖြစ်မယ်ဆိုတာ သိသာပါတယ်။ လူလူချင်း တန်းတူရည်တူ မဆက်ဆံရဲဘဲ သိမ်ငယ်စိတ်ဝင်နေတဲ့ လူမျိုးဖြစ်သွားတယ်။ အခုတော့ ပြောင်းနေပါပြီ။ လာလိုက်တဲ့ နိုင်ငံခြားဧည့်သည်တွေလည်း မနည်းဘူး။

မေး- မြန်မာနိုင်ငံရဲ့ပညာရေးတိုးတက်ဖို့အတွက် ဘာတွေလိုအပ်မလဲ ဆရာ။

ဖြေ- ပညာဆိုတာ ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်ရှိပြီး၊ ပြည်ပမှာလည်း လွတ်လွတ်လပ်လပ်ရှိတဲ့ ပညာရှင်တွေနဲ့ ဆက်သွယ်နိုင်မှ တိုးတက်မယ်။ ဆရာတို့က ပြည်ပမှာ လွတ်လပ်မှု အပြည့်အ၀နဲ့ပညာရပ်ဆိုင်ရာ ရေးသား
ပြောဆို သုတေသနပြုချက်တွေကို လုပ်နိုင်သလို ပြည်တွင်းမှာလည်း
လွတ်လွတ်လပ်လပ် အပြည့်အ၀နဲ့ ဆက်သွယ်အသုံးပြုသင့်တယ်။ အခုတော့ ပြန်ပြင်ဖို့ စနေပါပြီ။ ဒါပေမဲ့ အမျိုးသားပညာရေးက ရုပ်ပိုင်းရော စိတ်ပိုင်းပါ အများကြီး ဆုံးရှုံးခဲ့တာ သတိချပ်ကြရမယ်။

ဥပမာ၊ ထိုင်းမှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတစ်ခုခုဖြစ်ရင် သူတို့ဆီက တက္ကသိုလ်ပါမောက္ခတွေက ၀င်ပြောတာပဲ။ ဒီမှာလည်း ပါမောက္ခတွေက
နိုင်ငံတိုးတက်ဖို့ ကိစ္စအ၀၀မှာ ပါဝင်အကြံပြုခွင့် ရသင့်တယ်။ အောက်မှ အထက်သို့ အကြံပြုနိုင်ခွင့်၊ အထက်မှလည်း အောက်ကတင်ပြတာ နားထောင်ဖို့ အစီအစဉ်များ လုပ်ထားသင့်ပါတယ်။

တစ်ချိန်က ရန်ကုန်တက္ကသိုလ်ဟာ သင်ကြားမှာရော၊ သုတေသနမှာပါ ထိပ်တန်းအဆင့် ရှိခဲ့တယ်။ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေက ပညာရပ်
ပေါင်းစုံ တိုးတက်အောင် ဆောက်ရွက်ခွင့်ရခဲ့ပါတယ်။ စာအုပ်စာတမ်း
စုံလင်တဲ့ စာကြည့်တိုက်လည်း ရှိခဲ့တယ်။ ၁၉၆၂ နောက်ပိုင်းမှာတော့
နိုင်ငံခြားထုတ်ပညာရပ် စာအုပ်တွေကို ကုန်သွယ်ရေး-၉ ကတစ်ဆင့် မှာလို့ရသေးတယ်။ ၁၉၇၉ နောက်ပိုင်းမှာတော့ နိုင်ငံခြားငွေ (FE) မရှိလို့ မှာလို့ မရတော့ဘူး။

ရန်ကုန်တက္ကသိုလ်မှာ ၁၉၇၁ ခုနှစ်က စဖွင့်ခဲ့တဲ့ စာကြည့်တိုက်ပညာဌာန
မှာ လာရောက်ပို့ချကြတဲ့ ဆရာ/ဆရာမအားလုံး နိုင်ငံခြားကစာကြည့်တိုက် ပညာ ဘွဲ့လွန်ဒီပလိုမာရသူတွေ၊မဟာဝိဇ္ဇာဘွဲ့ရသူတွေချည်းပဲ။အမေရိကန်၊ အင်္ဂလန်၊ ဩစတြေးလျ စတဲ့နိုင်ငံတွေက ဘွဲ့လွန် ရထားသူတွေကပြန်သင်ပေးခဲ့တာ။

ဒီလို နိုင်ငံခြားပြန်ပညာရှင်တွေက စာကြည့်တိုက်ပညာရပ်မှာသာမကဘူး ပညာရပ်တိုင်းမှာ ရှိတယ်။ ဒီလိုဖြစ်တာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အမြော်အမြင်ကြီးမှုကြောင့်လည်း ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရခါနီး တစ်နှစ်လောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးရင်
မြန်မာနိုင်ငံကထွက်သွားမယ့် နိုင်ငံခြားသားပညာရှင်တွေ နေရာမှာ မြန်မာ
ပညာရှင်တွေနဲ့ အစားထိုးရမယ် ဆိုတာ သိတယ်။ မြန်မာပညာတတ်တွေမွေးထုတ်ဖို့ စီစဉ်တယ်။

လွတ်လပ်ရေးမရခင်ကတည်းက မြန်မာပညာတော်သင်တွေကို အင်္ဂလန်
ကို လွှတ်တယ်။ ဆရာ့အဖေ ဦးကောင်းက အဲဒီတုန်းက လက်ထောက် ပညာမင်းကြီးပါ။ အဖေ့ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြားဖြတ်အစိုးအရက တာဝန်ပေးတယ်။ အဖေ့ကို အကြီးတန်း ပညာရေး အရာရှိအဖြစ် အင်္ဂလန်မှာ ၁၉၄၇ ခုနှစ် ဦးပိုင်းမှစသွားနေရပြီး မြန်မာပညာတော်သင်တွေရဲ့ ကိစ္စအ၀၀ကို ဆောင်ရွက်ရတယ်။ ပညာတော်သင်တွေကလည်း ပညာသင်ပြီးရင် ကိုယ့်တိုင်းပြည် ပြန်လာကြတယ်။

ဆရာ့အဖေ ဒီတာဝန်ယူရတဲ့အချိန်တုန်းက အင်္ဂလန်မှာ မြန်မာသံရုံးတောင် မရှိသေးလို့ သံရုံးဖွင့်ဖို့တာဝန်လည်း အဖေက ယူရတယ်။ ငွေစက္ကူထုတ်တဲ့ တာဝန်လည်း ပေးလို့ မောင်ကောင်း ဆိုပြီး ပထမဆုံး ငွေစက္ကူတွေမှာ အာမခံအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ၁၉၅၀ ပြည့်နှစ်ကုန်မှ ပြန်လာရတယ်။

၁၉၄၇ ခုနှစ်က တိုင်းပြည်က လွတ်လပ်ရေး မရသေးဘူး။ ရတော့မယ်
ဆိုတာတော့ သိနေပြီ။ ဗိုလ်ချုပ်က အင်္ဂလိပ်ဟာ ငါတို့ကို ကျွန်ပြုခဲ့တဲ့ ရန်သူဆိုတာလောက်သာ နှလုံးပိုက်တတ်တဲ့ အမြင်ကျဉ်းမြောင်းသူဆိုရင်၊ ၁၉၄၈ နောက်ပိုင်း ပညာတတ်တွေ မြန်မာပြည်မှာ အတော်နည်းသွားမယ်။ ဗိုလ်ချုပ်က အမြင်ကျယ်တယ်။ ရှေးတုန်းက ရန်သူဆီက ပညာကို ယူရမှာကတစ်ပိုင်း ပိုင်းခြားတတ်တယ်။ ဆရာတို့ကျောင်းသားဖြစ်ခဲ့တဲ့ ၁၉၅၄-၁၉၅၉ ၀န်းကျင်အထိ ရန်ကုန်တက္ကသိုလ် လူရာဝင်ခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်း ကျေးဇူးတွေ အများကြီးပါတယ်။

ဆေးပညာလောက၊ အင်ဂျင်နီယာလောကမှာလည်း မြန်မာပညာတတ်တွေ
နဲ့ အစားထိုးပြီးဆက်လည်ပတ်နိုင်ခဲ့တယ်။ ရောင်စုံ သောင်းကျန်းမှုကြောင့်
ပြည်တွင်းစစ်ဖြစ်တာက တစ်ပိုင်း၊ ပြည်တွင်းမှာ ကိုယ့်ဆရာဝန်နဲ့ကိုယ်
ဆေးကုရဲကြတယ်။ ကိုယ့်အင်ဂျင်နီယာကို ကိုယ်ယုံကြည်လို့ရတယ်။

ဦးနု အစိုးရလက်ထက်မှာ မဆောက်သင့်တဲ့ အဆောက်အအုံကို ဆောက်
မယ်ဆိုရင် အင်ဂျင်နီယာတွေက ထောက်ပြပြီး မဆောက်ဘူး။ ပညာပိုင်း
အရ သစ္စာရှိကြတယ်။ ငွေရပြီးရော မလုပ်ဘူး။ ဒါ တိုင်းပြည်နဲ့လူမျိုးအတွက် သိပ်အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ငွေကို မကြည့်ဘဲ မိမိပညာကို မိမိ သစ္စာစောင့်သိခဲ့ကြတယ်။

အခု တက္ကသိုလ်ပညာရေး အဆင့် ပြန်မြှင့်တင်ဖို့လုပ်တာ ၁၉၆၀ ၀န်းကျင်
က တက္ကသိုလ်အခြေအနေ ပြန်ရောက်ရင်တောင် ပထမ အဆင့်အနေနဲ့
ကျေနပ်စရာပါပဲ။ ပြီးမှ အခု တိုးတက်နေတဲ့ ပညာရပ်အလိုက် အဆင့်များ၊ သင်ကြားရေး၊သုတေသနလုပ်ငန်းများ၊ ကျောင်းသားအသင်းအဖွဲ့များ၊
မြန်မာနိုင်ငံ သုတေသန အသင်းကဲ့သို့ ရန်ကုန်တက္ကသိုလ်မှာ အဓိက အခြေစိုက်ခဲ့တဲ့အသင်းမျိုး ပြန်ထောင်ခွင့်ရရင် များစွာ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါမယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက်လည်း အများကြီး အကျိုးဖြစ်ထွန်းမယ်လို့ ယူဆရပါတယ်။

(ဆက်ရန်)

The Nation ဂျာနယ်- ၁၀ - ၇ - ၂၀၁၂ မှ ကူးယူဖော်ပြသည်။

အရှင်ဉာဏိဿရ တရားပွဲ

0 comments

'


အချိန် - ဒီနေ့ ညနေ ၆း၀၀ နာရီ
နေရာ - ၀ပ်ဆိုင်မွန်း မြန်မာကျောင်းတိုက်၊ ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံရောက်နေတဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရက မနေ့တုန်းကလည်း မြန်မာပြည်သား အများအပြားရှိရာ မဲဆောက်မြို့မှာလည်း တရားပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဇာနည်နေ့ ချီတက်အလေးပြုခွင့်မရ

0 comments



အာဇာနည်နေ့လို မမေ့အပ်တဲ့ နေ့ကို အောက်မေ့ဖွယ် လုပ်လိုသူတွေ အတွက် အခွင့်မရပါဘူးတဲ့။
ဒီအပြင် သံဖြူဇရပ်မြို့မှာလည်း အလားတူ လုပ်ခွင့်မရဘူးလို့ သိရပါတယ်။ ဒီလိုနေရက်မျိုးတွေဟာ တိုင်းသူပြည်သားတွေ မမေ့အပ်တဲ့ ဂုဏ်ပြုသင့်တဲ့နေ့လည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ဆောင်ကျဉ်းယူပေးခဲ့တဲ့ ကျေးဇူးရှင် အာဇာနည်ကြီးတွေလည်းဖြစ်ပါတယ်။

နိုင်ငံပိုင် ရုပ်မြင်သံကြားတွေမှာတော့ စစ်အစိုးရလက်ထက် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ တချိန်က အဆိုတော် မေလှမြိုင်ရဲ့ အာဇာနည် သီချင်းတွေကိုတော့ ပြန်လည်ဖော်ထုတ် သီဆိုနေတာကိုလဲတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ပြည်ထဲရေး ၀န်ကြီးဌာနက ၀န်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို လက်မှတ်ရေးထိုးပြီး
ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီနည်းဥပဒေအရ ယခုလို လျှောက်ထားခဲ့တာကို သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေက ခွင့်ပြုမှု မပေးခဲ့တာလည်းဖြစ်ပါတယ်။




ဒေါ်လာ တသန်းကျော်တန် ကားပျံ

0 comments



၁၉၅၀ ခုနှစ်က တီထွင်ထားတဲ့ ကားပျံ ( ပျံသန်းနိုင်တဲ့ ကား) တစီးပါ။ သူ့ကို Aerocar လို့ ခေါ်ပါတယ်။ ဒါပေမယ့် flying car လို့ဘဲ လူသိများပါတယ်။ ကားပျံကို တီထွင်ရတဲ့ အကြောင်းက အဲဒီတုန်းက ကားလမ်း ပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ဖို့ ဖြစ်ပါသတဲ့။

အခုခေတ်မှာတော့ ဒါမျိုးကားပျံတွေ အလွန်ပဲ လိုအပ်လာမယ် ထင်ပါတယ်။ ဒီလိုဆိုရင်လည်း ကောင်းကင်မှာ ကားပျံတွေနဲ့ ကောင်းကင်လမ်း ပိတ်ဆို့မှုဖြစ် မလားပါဘဲ။

ကားပျံ ဘယ်လို မောင်းနှင်ပျံသန်းတယ်ဆိုတာ ကြည့်ရှု့နိုင်ဖို့ပါ။



ဒီကားနဲ့ပတ်သက်လို့ မူရင်း ရုပ်သံမြင်ကွင်းကို ဒီနေရာမှာ နှိပ်ပြီး ကြည့်နိုင်ပါတယ်။

ရောင်းချတော့မယ့် ကားပျံ ၁၉၅၄ ခုနှစ်။ ဓာတ်ပုံ- Max Eddy

ဒီကားပျံကတော့ ၁၉၅၄ ခုနှစ်က တီထွင်တဲ့ ကားပျံပါ။ ကားပျံတွေက ကားလမ်းပေါ်မှာရော၊ လေကြောင်းလမ်း
တွေမှာ အလွယ်တကူ သွားလာနိုင်ကြပါတယ်။

1954 Taylor Aerocar N-101D မှတ်ပုံတင် အမျိုးအစား ကားပျံဖြစ်ပြီး အခုတော့ ဒီကားကိုတော့ အနိမ့်ဆုံးဈေး အမေရိကန် ဒေါ်လာ ၁.၂၅ သန်းနဲ့ ရောင်းမယ်လို့ ကားပျံ နဲ့ လေယာဉ်တွေ စုဆောင်းထားသူ
Greg Herrick ဆိုပါတယ်။

မူလ သတင်းကို ဤနေရာ တွင်လည်း ကြည့်ရှု့နိုင်ပါတယ်။

အမေဖြစ်ချင်တာ အကုန်လုံး ဖြစ်အောင် လုပ်ပေးတယ်

0 comments

~



ကိုယ့်ရဲ့ အနုပညာတွေ အောင်မြင်ဖို့ အတွက် တချို့ အရာတွေကို စွန့်လွှတ်ပြီး ကြိုးစား ရပါတယ်။ အေသင်ချိုဆွေ ကလည်း ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ပေါက်တဲ့အိုး အောင်မြင်ဖို့ အတွက် ပညာရေးကို စတေး ခဲ့ရပါတယ်။

ကိုယ်ဝါသနာ ပါတဲ့ ဂီတဘက်ကိုလည်း အာရုံစိုက်ပြီး လှုပ်ရှားခဲ့တာကြောင့် ဂီတဘက်မှာ နေရာ ရခဲ့တဲ့ အေသင်က အခုဆိုရင် သရုပ်ဆောင်ဘက်မှာပါ နာမည် ရရှိနေပါပြီ။ အေသင်ချိုဆွေက ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ပေါက်တဲ့အိုး ထွက်အပြီးမှာ ဒုတိယတစ်ကိုယ်တော် တေးစီးရီး မထွက်သေးဘဲ အမှတ်တရ တေးစီးရီး အဖြစ် အနီးဆုံးလူ နမ်းမှာလား တေးစီးရီးကို တိပ်၊ စီဒီအနေနဲ့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဖြန့်ချိခဲ့တာပါ။


ဂီတ၊ ရုပ်ရှင် အလုပ်တွေနဲ့ မအားလပ်တဲ့ အေသင်ချိုဆွေက နှစ်သစ်ကိုလည်း ရန်ကုန်မှာ မိဘတွေနဲ့ အတူ မကြိုလိုက်ရဘဲ နယ်က ပရိသတ်၊ ဂီတမောင်နှမတွေနဲ့သာ ကြိုလိုက်ရတယ်လို့ ဆိုပါတယ်။ ၂၀၁၁ ခုနှစ် နှစ်ဆုံးခါနီးလတွေနဲ့ ၂၀၁၂ ခုနှစ်၊ နှစ်သစ်အစတွေမှာ အေသင်က ပြည်တွင်းပြည်ပရှိုးပွဲ၊ ရိုက်ကူးရေးတွေနဲ့ ချာချာလည်လို့ နေတာပါ။ ၂၀၁၂ ခုနှစ် နှစ်သစ်အစမှာလည်း မလေးရှားနိုင်ငံကို ရှိုးသီဆိုဖို့နဲ့ ဒီဗီဒီ ဇာတ်ကားရိုက်ကူးဖို့ အတွက် သွားရောက်မယ့် အေသင်ချိုဆွေနဲ့ သူမရဲ့အနုပညာတွေ အကြောင်း စကားပြော ဖြစ်ခဲ့ကြပါတယ်။ အေသင်ချိုဆွေက လတ်တလော စီဒီထွက် ရှိထားပြီးသား အနီးဆုံးလူ နမ်းမှာလား တေးစီးရီး အကြောင်းကို ခုလို စပြောပြခဲ့ပါတယ်။

အဲဒီအခွေလုပ်တာ ၈ လလောက် ရှိသွားပြီ။ ၈ လ တွင်းမှာ ပြီးအောင် လုပ်လိုက်တာပေါ့။ ဗီစီဒီကို တစ်ခါတည်း ထွက်ဖို့ပါပဲ။ ဒါပေမဲ့ ကားရိုက်ရက်တွေ ဆက်နေတော့ တကယ်လို့ ဗီစီဒီအထိ ထွက်မယ်ဆိုရင် အရမ်း ကြာသွားမှာစိုးလို့။ ပရိသတ်ကိုလည်း မြန်မြန် ချပြချင်နေတာနဲ့ စီဒီကိုပဲ အရင်ဆုံး ထွက်လိုက်တာပေါ့နော်။ ဗီစီဒီ ရိုက်ဖို့လည်း ကြိုးစားနေတယ်။ ဒါပေမဲ့ ဒီအချိန်က ရှိုးဆိုတဲ့ ရာသီဆိုတော့ ဒီနှစ်မှာ အေသင်က နယ်ရှိုးတွေ သွားရတာများနေတယ်။ အထက်မြန်မာပြည်ဘက်ကို သွားရတာ များနေတယ်။ အဲဒီအတွက်လည်း စီဒီပဲ ထွက်လိုက်ရတာပါ။ ဗီစီဒီကိုလည်း မအားတဲ့ ကြားထဲကနေ အကောင်းဆုံး ရိုက်ဖို့ စီစဉ်ထားတယ်။ မလေးရှားကို ရှိုးဆိုဖို့ သွားဖို့ရှိတယ်။ အဲဒီမှာ ဒီဗီဒီတစ်ကားလည်း ရိုက်ဖြစ်မယ်။ အဲဒီအခါကျရင် ဒါရိုက်တာ နေပိုင်နဲ့ ညှိပြီး ဗီစီဒီ အတွက် ရိုက်ဖြစ်မယ် ထင်တယ်။

ဒါဆို ဒီဗီဒီမှာ အတူ သရုပ်ဆောင်မယ့် သရုပ် ဆောင်တွေကိုရော ဗီစီဒီ အတွက် အကူအညီတောင်း ဦးမှာလား။

အမေကတော့ ပြောတယ်။ အခြေအနေ ပေးရင်တော့ လုပ်မယ်။ မပေးရင်တော့ သမီးတစ်ယောက် တည်းပဲ အလှလေးတွေ ရိုက်ခဲ့ဖို့ အမေက ပြောတယ်။



အခု နောက်ပိုင်း မင်းသမီးတွေ၊ မင်းသားတွေက ပြည်ပနိုင်ငံ တစ်ခုခုမှာ ကားမရိုက်ဖူးတဲ့ သူ မရှိသလောက် ပါပဲ။ အေသင်ကလည်း သရုပ်ဆောင် အနေနဲ့ မလေးရှား နိုင်ငံမှာ ပထမဆုံး အကြိမ် ဇာတ်ကား ရိုက်ကူးရတော့ မယ်ဆိုတော့ ဒီကားအတွက် ဘာတွေ ပြင်ဆင်ထားမလဲ။ ဒါရိုက်တာ ခိုင်းတဲ့ အတိုင်းပဲ လုပ်မှာလား။

အခုထိတော့ ဇာတ်လမ်း အကုန် မသိရသေးဘူး။ သိထား ရသလောက် အကျဉ်းကတော့ အေသင်က မလေးရှားမှာ သီချင်း သွားဆိုနေရင်းနဲ့ မင်းမော်ကွန်းနဲ့ တွေ့ပြီး မလေးမှာ လျှောက်လည်မယ်။ ချစ်သူနှစ်ယောက် အတူ လျှောက်သွားမယ်ပေါ့။ အ၀တ်အစားကတော့ အမေက စီစဉ် ထားပြီးပါပြီ။ ဒီ ဇာတ်ကားမှာက အဆိုတော် အေသင်ချိုဆွေ ပုံစံနဲ့ပဲ သရုပ်ဆောင် ရမှာပါ။ ဒါရိုက်တာ ခိုင်းတဲ့ အတိုင်းပဲ လုပ်ဖို့ စဉ်းစား ထားပါတယ်။

အခုဆိုရင် အမှတ်တရ တေးစီးရီးကလည်း စီဒီ ထွက်ပြီဆိုတော့ ဒီသီချင်းတွေကို ရှိုးတွေမှာ ထည့်ဆိုပြီလား။ ပြည်ပ ပွဲတွေမှာရော ကိုယ့် သီချင်းနဲ့ ပြန်ဆိုတေး ဘယ်လို ရွေးချယ် သီဆိုလေ့ရှိလဲ။

သီချင်းတွေ အားလုံးကိုတော့ မျှတအောင် သီဆိုရမှာ ပေါ့။ ခါတိုင်းတော့ စင်ကာ ပူတို့ ထိုင်းနိုင်ငံတို့ကို သွားရင် မိတော့မိတယ် သီချင်း ဆိုဖြစ်တယ်။ အဲဒီ အခါကျရင် ပရိသတ်က အေသင့် အရွယ်နဲ့ ဒီသီချင်းဆိုတာကို ကြိုက်ကြတယ်။ အခုလည်း မဟေမာ သီချင်းထဲက ယုံလားနဲ့ မတင့်ရဲ့ နမ်းမှာလား ဆိုရင် အမြူးလေးတွေ ဆိုတော့ များသောအားဖြင့် ရှိုးမှာ အမြူးကို ပိုကြိုက်ကြတယ်။ အမြူး တွေဆိုရင်း ပရိသတ်က ရိုး သွားရင် စိုင်းထီးဆိုင်ရဲ့ သီချင်း အေးအေးလေးတွေနဲ့ ဆိုဖို့ စဉ်းစားထားတယ်။ အမေက ပြည်ပ ပွဲတွေကျရင် လိုက်လေ့ရှိပြီး စင်အောက်က အမြဲ ကြည့်နေတော့ အမေ့ အကြိုက်လေးတွေလည်း ဆိုပေးရဦးမှာပေါ့နော်။

အမေ့အတွက် ဆိုပြီး လုပ်တဲ့ အမှတ်တရ တေးစီး ရီးအတွက် အချိန် ပေးလိုက်ရတဲ့ အေသင် အနေနဲ့ တခြား ဘာတွေ လုပ်ခွင့် မရလိုက် တာရှိလဲ။ ဘာတွေ ဆုံးရှုံး သွားလဲ။

အခု အထက်မြန်မာ ပြည်ဘက်ကို ရှိုးတွေ ထွက်နေရတာရယ်၊ ဒီအခွေကို လုပ်နေရတာရယ်ကြောင့် အခု ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု တိုင်းရင်းသား ရန်ပုံငွေဂီတပွဲတော်ကြီးမှာ စာရင်းပေးပြီးမှ ၀င်ဆိုခွင့် မရလိုက်ဘူး။ ပထမသတ် မှတ်တဲ့ ၁၅ ရက်နေ့ဆိုရင် ဆိုဖြစ်တယ်။ ရက်ရွှေ့သွား လိုက်တော့ အေသင်က စရံ တွေ ယူပြီးသား ဖြစ်နေတော့ ကတိမပျက်ချင်လို့ သွားဆို လိုက်ရတာ၊ ဒီပွဲမှာ မပါဖြစ်တော့ဘူး။ ပြီးတော့ အန်တီ စုနဲ့ ဂီတ သမားတွေ တွေ့တယ်။ ရုပ်ရှင် အနုပညာရှင် တွေ တွေ့တယ်။ အဲဒီတုန်း ကလည်း အေသင်နယ်တွေ သွားနေရလို့ အေသင် မပါ ဖြစ်ခဲ့ပြန်ဘူး။ ဒီလို စည်းစည်းလုံးလုံးနဲ့ လုပ်ရတဲ့ ကိစ္စ တွေ မပါဖြစ်တော့ စိတ် မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ တစ်ကြိမ်ကြိမ်မှာ အမေစုနဲ့ တွေ့ခဲ့ရင်တော့ ဒီအကြောင်း တွေ ရှင်းပြမယ်။ နောက် ကျင်းပဦးမယ့် ပွဲတွေမှာ အတတ်နိုင်ဆုံး ပါဝင်နိုင် အောင် ကြိုးစားမယ်။ လူမှု ရေးတွေတော့ အများကြီး ဆုံးရှုံးသွားတယ်။

အေသင်က အသက် ငယ်ငယ်နဲ့ အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ခဲ့ရတော့ လွတ်လပ်မှုကို အစောကြီး ကတည်းက ပေးခဲ့ရတယ်။ စိတ်ကျဉ်းကျပ်မှုတွေ အခက် အခဲတွေကို တွေ့ကြုံရတဲ့ အခါ အနုပညာသမားတိုင်း မှာ ဖြစ်လာတဲ့ စိတ်အပေါ် အေသင့်ရဲ့ အမြင်လေးက ရော။

အနုပညာသမားတိုင်းက လွတ်လပ်မှုလည်း ဆုံးရှုံးတယ်။ လူမှုရေးလည်း တကယ် ဆုံးရှုံးတယ်လို့ မြင် တယ်။ ဒါပေမဲ့ တစ်ဖက်မှာ အဆင် ပြေနေတော့လည်း ဒီ ဆုံးရှုံးမှု ဒဏ်တွေကို အနုပညာ သမားတိုင်းက ခံကြရမှာပဲလေ။ ပရိသတ်ကြီး နားလည် လိမ့်မယ်လို့ပဲ ထင်ပါ တယ်။ ကိုယ်လုပ်သမျှ အနုပညာတိုင်းကလည်း ပရိသတ်ကြီး အတွက်ပါပဲ။

အခု လက်ရှိ အေသင် ရဲ့ အနုပညာ ရေးရာ ကိစ္စ အ၀၀ကို ဘယ်သူက စီမံကွပ်ကဲ ကူညီပေးလဲ။

ပွဲလက်ခံတာတွေရော၊ ဇာတ်ကား လက်ခံတာတွေ ရော အမေပဲ လက်ခံပေးတယ်။ အမေက ဒီရက်မှာ ဒီပွဲရှိတယ် ဆိုရင် သမီးက သွားဆိုလိုက်တယ်။ ဇာတ်လမ်းဆိုလည်း ဒီဇာတ်လမ်းတော့ လက်ခံထားတယ်။ ဒီ ဇာတ်လမ်းက သမီးနဲ့ လိုက်တယ်။ သရုပ်ဆောင် ကြည့်လိုက်ပါလား ဆိုရင် အမေလည်း ဖတ်တယ်။ သမီး လည်း ဖတ်တယ်။ ပြီးတော့ လက်ခံပြီး သရုပ် ဆောင်ကြတယ်။ အခု လောလောဆယ် ဇာတ်ကား ၃၊ ၄ ကား လောက် ရှိနေပြီ လွတ်သွားတာ။ ဒီအမှတ်တရ တေး စီးရီး အနီးဆုံးလူ နမ်းမှာလား အခွေကြောင့်လေ။ ဒီကိစ္စပြီး ရင်တော့ ကားလည်းပြန် လက်ခံရိုက်ကူးမယ်။ သီချင်းတွေလည်း ဆိုမယ်။ လူမှုရေး အလုပ်တွေလည်း တတ်နိုင် သလောက် လုပ်ဖို့ စဉ်းစား ထားပါတယ်။



အေသင်က ဒီအခွေကို အမေ့ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ လုပ်ခဲ့တယ်လို့ ပြောခဲ့ဖူးတယ်။ အခု ဒီအခွေ လေးက ပရိသတ်ရှေ့မှောက် စီဒီ အနေနဲ့တော့ ရောက်ခဲ့ပြီ။ အားလုံး ပြီးစီးသွားတဲ့ အချိန် မှာ အမေ့ဆီက ပထမဆုံး ဝေဖန်မှုကို ဘယ်လိုကြား ခဲ့ရလဲ။

အမေက ကောင်းတယ်လို့တော့ ပြောပါတယ်။ အမေက သိတဲ့ အတိုင်းပဲလေ၊ သူ လုပ်ချင်တာဆို မရရအောင် လုပ်တတ်တဲ့ အမေဆိုတော့ သမီးကလည်း အမေ ဖြစ်ချင်တာကို အကုန်လုံးဖြစ်အောင်
လုပ်ပေးတယ်။ အမေက သီချင်းတွေ နားထောင်ပြီးတော့ ဘယ်သီချင်းက ကောင်းတယ်။ ဘယ်သီချင်းက ပေါက်နိုင်တယ် ဆိုတာကို သူ့ဟာသူ ရွေးချယ်ပြတယ်။ အမေက မမေဆွိရဲ့စာ သီချင်းလေးဆိုရင် အေသင့် အသံနဲ့ လိုက်တယ်။ ပရိသတ်လည်း ကြိုက်လိမ့်မယ် ထင်တယ်လို့ ပြောတယ်။

အေသင့် အမေက ဒီသီချင်းတွေကို နားရည် ၀နေပြီးသား ပရိသတ် တစ်ယောက် ဖြစ်ခဲ့တယ်။ ဟေမာနေ၀င်း သီချင်းတွေကလည်း သူ့အကြိုက်ဆုံးတွေ ဖြစ်ခဲ့ပြီး ဒီသီချင်းတွေကို ကိုယ့်သမီး ကိုယ်တိုင် ပြန်ဆိုတာ ကြားရတော့ မူရင်းနဲ့ ပြန်ဆိုတေး အပေါ် ဘာပြောသေးလဲ။

စကတည်းကိုက ဟေမာနေ၀င်း သီချင်းကို အမေ ပြန်ဆိုခိုင်းကတည်းက သေချာတာ တစ်ခုကတော့ ဟေမာနေ၀င်းနဲ့ တစ်ထပ်တည်း တူဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ ဟေမာနေ၀င်းတို့၊ မေဆွိတို့ ဆိုတာက တကယ့် အသံ ပါရမီရှင်ဖြစ်တဲ့ အတွက် အမေကတော့ ပြောပါတယ်။ သမီးကတော့ အန်တီမေဆွိ၊ အန်တီဟေမာတို့ကို မီမှာ မဟုတ်ဘူး။ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆိုဖို့ အမေကပြောတယ်။ အခု စီဒီနားထောင်ပြီးတော့ အမေက ကြိုက်တယ်လို့ ပြောတယ်။ ဒီအခွေက အေသင်ရဲ့ ပထမ တစ်ကိုယ်တော် အခွေတုန်း ကလို ပရိုဂရမ်နဲ့ တီးတာ မဟုတ်ဘူး။ Lazy Club Band နဲ့ တီးခတ် ထားတာပါ။ အမေက ကျေလည်း ကျေနပ် တယ်လေ။ ခရီးသွားတဲ့ နေရာတိုင်းကိုလည်း သူက ပန်းဖလက်တွေ၊ ပိုစတာတွေ ယူသွားပြီး ပေးနေတာပဲ။ ဒီတော့ အေသင့် ပရိသတ်ကြီး ကလည်း ဒီအခွေကို စီဒီကိုလည်း အားပေးကြပါလို့။ ဗီစီဒီ ထွက်လာခဲ့ရင်လည်း အားပေးပါလို့ ပေါက်တဲ့အိုး အခွေတုန်းက အားပေးသလို အားပေးပါလို့ နားဆင်ကြပါဦးလို့ ပြောချင်ပါတယ်။

အခုလို ရှိုးပွဲတွေ၊ အခွေတွေ၊ ဇာတ်ကား ရိုက်ကူးရေးတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ အချိန်မှာ တစ်ခါတလေ ဘယ်အရာကို လုပ်ရမှန်း မသိ ဝေခွဲမရ ဖြစ်ရတာမျိုး ကြုံဖူးလား။ တစ်ခုခုကို လက်လွှတ်ရမယ် ဆိုရင် အေသင် ဘယ်အပိုင်းကို လက်လွှတ်လေ့ ရှိလဲ။

အဲဒီလိုမျိုးဆုံခဲ့လို့ရှိရင် ကားရိုက်ရက်ဆို ဒါရိုက်တာ တို့၊ ထုတ်လုပ်သူတို့ကို ပြော တာပေါ့နော်။ ဒီကားထဲမှာ တစ်ရက်တော့ သီချင်းသွား ဆိုဖို့ရှိတယ်ပေါ့။ အဲဒီလို ညှိ ပြီး အဆင်ပြေအောင် လုပ်ပါ တယ်။ ဒါပေမဲ့ ရက်တွေ အရမ်းကွာဟနေတယ်။ ရိုက် နေရင်းတန်းလန်းနဲ့ ကိုယ်ဆို ရမယ့် ရှိုးပွဲတွေက ဆက် တိုက် ဖြစ်နေတယ်ဆိုရင်တော့ သီချင်းဆိုတဲ့ဘက်ကိုပဲ သွားပါတယ်။

ဂီတ၊ သရုပ်ဆောင် နှစ်ခု စလုံးကို လှုပ်ရှား ဖြစ်နေတာက အောင်မြင်မှု အတွက်လား၊ ၀ါသနာ အတွက်လား၊ ဒါမှမဟုတ် ခေတ်ပေါ်ရေစီး ကြောင်း အတွက်လား။

မဟုတ်ပါဘူး။ သီချင်း စဆိုပြီး ပထမအခွေထွက်က တည်းက သီချင်းတွေထဲမှာ လေ မင်းသမီးလေးဖြစ်ချင် ဆိုတဲ့ သီချင်းပါပါတယ်။ ဒီ တော့ မင်းသမီးလည်း ဖြစ် ချင်တယ်။ အဆိုတော်လည်း ဖြစ်ချင်တယ်။ ဒါက ပထမ ကတည်းက ခံစားချက်ဆိုတော့ ခေတ်ရေစီးကြောင်း နောက်လိုက်တာ မဟုတ်ပါ ဘူး။ ၀ါသနာ တကယ်ပါလို့ တကယ်လုပ်တာပါ။ ဆက် ပြီးတော့လည်း ဇာတ်ကားတွေ ရိုက်သွားဦးမှာပါ။

အေသင်ချိုဆွေက ပရိ သတ်ကြီးကို ဂီတနဲ့ သရုပ်ဆောင် အနုပညာတွေ အများကြီး လုပ်ပြချင်သေးတယ်လို့ ဆိုပါတယ်။ အခုထွက်ခဲ့တဲ့ အမှတ်တရ တေးစီးရီး အနီးဆုံးလူ နမ်းမှာလား အခွေ အပြီးမှာတော့ သူမရဲ့ ဒုတိယ တစ်ကိုယ်တော် အစစ်ကို ဖြန့်ချိနိုင်အောင် ကြိုးစား နေပါတယ်။ “ဒီအခွေမှာ အေသင့် ရဲ့ ပထမ တစ်ကိုယ်တော် တေးစီးရီးတုန်းက အတိုင်းပဲ သြရသ၊ ရဲလေး၊ ကြက်ဖတို့ပါမယ်။ဲ မီ လည်း ပါမယ်။ ဒီသီချင်းတွေက အားလုံး နီးပါးပြီးနေပါပြီ။ ပြီးတော့ ဇာတ်ကားတွေလည်း ကိုယ်နဲ့ လိုက်မယ့် ဇာတ်လမ်းတွေ ရွေးချယ်ရိုက် ကူးဖို့တွေ ရှိနေပါတယ်။ ပရိသတ်ကြီးက ရုပ်ရှင်ကို လည်း အားပေးပါ။ ဂီတ တွေကိုလည်း အားပေးပါလို့ ပြောချင်ပါတယ်” လို့လည်း အေသင်ချိုဆွေက သူမရဲ့ ပရိသတ်ကြီးကို နှုတ်ဆက်ခဲ့ ပါသေးတယ်။ ၂၀၁၂ ခုနှစ် နှစ်သစ်မှာတော့ အနုပညာ ပုံစံတွေကိုသာ အသစ်အနေနဲ့ မြင်တွေ့ကြရမှာ ဖြစ်ပြီး ကျန်တာတွေကတော့ မပြောင်းမလဲ၊ ဒီအတိုင်းပါပဲ လို့လည်း အေသင်ချိုဆွေက ဆိုပါတယ်။


သင်းပပ
ရွှေအမြုတေ မဂ္ဂဇင်း www.shweamyutay.com



ရန်ကုန်မှာ တက္ကစီ ဖြစ်သွားတဲ့ ဇိမ်ခံကား

0 comments

'



(ဓာတ်ပုံ - Pyae Phyo Aung Facebook )

ရန်ကုန်မှာ ကိုယ်တားစီးတဲ့ တက္ကစီက ထိုင်ခုံထဲက စပရိန်တွေ သံချောင်းတွေ ထိုးထွက်နေတဲ့အထိ ဟောင်းနွမ်း အရွယ်ကျနေတာမျိုးနဲ့ ကြုံဖူးပါလိမ့်မယ်။

စုတ်ပြတ်သတ်နေတဲ့ ကားတွေကို အငှားယာဉ် အဖြစ် ဆွဲနေသူများ ရှိသလို ကော့ပျံနေတဲ့ကားတွေကိုလည်း တက္ကစီလုပ်ပစ်လိုက်သူတွေ ရှိလာပါပြီ။

ပုံမှာတွေ့ရတဲ့ တက္ကစီ ဓာတ်ပုံကိုတော့ ဒီလ ၄ ရက်နေ့က ရန်ကုန်မှာ ရိုက်ကူးပြီး အဲဒီနေ့မှာပဲ Facebook ကို ရောက်လာတာပါ။

"Harrier တောင်taxi ဖြစ်သွားရှာပြီနော် harrier စီးနေတဲ့သူတွေဝမ်းနည်းသွားအုံးမယ်" လို့ ဓာတ်ပုံ တင်လိုက်သူက ဆိုပါတယ်။

တိုယိုတာ ဟာရီယာ ကားမျိုးက အရင်တုန်းကဆိုရင် ဈေးကွက်မှာ တစီးကို သိန်း ၃ဝဝ ကျော် ပေါက်ခဲ့ပေမယ့် ကားဈေးတွေ ကျပြီးရင်း ကျနေတဲ့ ဒီကနေ့မှာတော့ ထက်ဝက်နီးပါး ဈေးပြုတ်ကျသွားပါပြီ။

ရန်ကုန်မှာ ကားဝယ်ရောင်းလုပ်နေတဲ့ လူငယ်တဦးရဲ့ အဆိုအရ လက်ရှိ ဟာရီယာ ပေါက်ဈေးက 98 မော်ဒယ် ဆိုရင် သိန်း ၂ဝဝ အောက် ရောက်နေပြီ တဲ့။

ဈေးကျပေမယ့် အရောင်းအ၀ယ် ဖြစ်နေတဲ့ကားတွေထဲ ဟာရီယာ ပါပါတယ်။

ကားမှာ တွေ့ရတဲ့ နံပတ်တွေကတော့ အင်္ဂလိပ်လို ဖြစ်နေပါတယ်။ အခုနောက်ပိုင်း တက္ကစီတွေအတွက်လို့ ဆိုပါတယ်။ ဟိုတုန်းကတော့ ကက။ အခုတော့ AA ဖြစ်နေပါပြီ။

ရန်ကုန်မှာ လှမ်းတားပြီး တက်စီးမိတဲ့ တက္ကစီက ဟာရီယာ ဖြစ်နေပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

Caldina စက်ရုပ်ကို ရန်ကုန်မှာ တက္ကစီ လုပ်လိုက်ပြီ


နိုင်ငံတကာစံမီ အပြောင်းအလဲ ဘယ်က စလဲ ???


'

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved