ပန်းတိုင်

Sunday, July 22, 2012 0 comments



ကာတွန်း - ဟတ်ကော့
www.facebook.com/cartoonhatt.kawt

သဇင် နဲ့ မိုးဟေကို အများဆုံး အရှာခံရ

21 comments

~



သဇင် (ဓာတ်ပုံ - ရွှေအမြုတေ မဂ္ဂဇင်း http://shweamyutay.com)

သဇင် နဲ့ မိုးဟေကိုတို့ကို တွေ့ဖို့ ဧရာဝတီ ဘလော့ကို ရောက်လာသူ အင်မတန် များပြားနေပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း ဧရာဝတီ ဘလော့ကို ရောက်လာကြသူတွေ အများဆုံး ရှာဖွေကြတာ သူတို့ ၂ ယောက်ပါပဲ။

သဇင်နောက်ကို လိုက်ရင်း ရောက်လာသူက ငါးထောင်နီးပါး၊ မိုးဟေကို နောက်ကို လိုက်သူက လေးထောင် ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်၊ သက်မွန်မြင့်တို့ကို ရှာဖွေသူအင်အားလည်း မသေးပါဘူး။ တထောင်ဝန်းကျင်စီ ရှိကြပါတယ်။

တခြား စကားလုံး၊ အမည်တွေကို ရှာဖွေကြတာတွေလည်း ရှိပါတယ်။ ဂူဂဲလ်က ပြတဲ့ စာရင်းမှာတော့ အများဆုံး ရှာဖွေကြတဲ့ စကားလုံး အမည် ၁၀ ခုကိုပဲ တွေ့ရပါတယ်။

မိုးဟေကို (ဓာတ်ပုံ- Fashion Euphoria)


ပြီးခဲ့တဲ့ သင်္ကြန်မှာ မျက်လုံးကို လုံလုံခြုံခြုံ ကာရံထားတဲ့ သင်ဇာဝင့်ကျော်



သက်မွန်မြင့်

ဒါကတော့ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း ဧရာဝတီ ဘလော့ကို ရောက်လာကြသူတွေ အများဆုံး ရှာဖွေကြတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကို ၃ မျိုး မြင်နေရတာက ရှာဖွေသူတွေရဲ့ စာစီစာရိုက် မတူညီချက်ကြောင့်ပါ။ ၀င့် မှာ တချို့က အောက်ကမြင့်ကို အရင် ရိုက်ပါတယ်။ ပြီးတော့ ဇော်ဂျီဝမ်း အဟောင်းအသစ်ကြောင့် ၀လုံးက ၂ မျိုးဖြစ်နေပါတယ်။ ဒီတော့ သင်ဇာဝင့်ကျော်က စာလုံးပေါင်း ၃ မျိုး ဖြစ်သွားတာလို့ ယူဆရပါတယ်။

~

ကိုယ့်လုပ်ငန်းထဲ ကလေးလုပ်သား ရှိနေသလား

0 comments

~


၁၅ နှစ်အောက် ကလေးလုပ်သားရဲ့ အလုပ်ချိန်က တနေ့ ၄ နာရီထက် မပိုရဘူး တဲ့။
အလုပ်သမားဌာန ညွှန်ချုပ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီကနေ့ ကြေးမုံသတင်းစာမှာ ရေးထားတာပါ။

ကလေးလုပ်သား ရှိသူတွေဟာ "၎င်းတို့၏ ကိုယ်ကာယအလိုက် အဆင့်ခွဲ၍ သင့်လျော်ကြောင်း တာဝန်ခံဆရာဝန်၏ ထောက်ခံချက်လက်မှတ်" လိုတယ်၊ လုပ်ငန်းခွင်ကို စစ်ဆေးရေးဝင်စစ်တဲ့အခါ ပြရမယ် လို့ ရေးထားပါတယ်။

"ဖောက်ဖျက်မှုများရှိပါက အလုပ်ရှင်အား ဒဏ်ငွေ ကျပ် ၅ဝဝ နှင့် ထောင်ဒဏ်" လို့ ဆိုပါတယ်။
မူရင်း သတင်းကို ဒီမှာ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin203H2K3wf0rcJXsj0qFES-0LI_5RfI3PqAXYG4e7AF5sCbJJ19Mk3cqdfGnvLnjad-OzQCXyEQ1ML48bm6tIk3DEzi3WGa8zfn51MCvl_g61b-EidZE5X1yeD2f85eq2OmbC1TllWqo/s1600/2ee.jpg ဖတ်နိုင်ပါပြီ။



~


လေကြောင်းဦးစီးပိုင်မြေပေါ်တွင်နေသူများရဲ့အိမ်များ ဖြိုချခံရ

2 comments



သတင်း၊ ဓာတ်ပုံ- မေလေး ( ဧရာဝတီ)


မရန်းကုန်းမြို့နယ်၊ရန်ကြီးအောင်ရပ်ကွက်ရှိ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာန အပိုင် မြေ တွင် နေထိုင်ကြသော ကျူးကျော်နေအိမ်များကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက်က လေဆိပ်ဝန်ထမ်းများက ပုဆိန်များဖြင့် အိမ်တိုင်ခြေများကို ခုတ် ပြီး၊အိမ်ခေါ်မိုးများကို ချိတ်များချိတ်၊ကြိုးဖြင့်ဆွဲကာ လူအင်အား သုံးပြီး ဖြိုပစ်ခဲ့ပါတယ်။

“မနက်၅ နာရီလောက်က ၀ုန်းခနဲဆို အိမ်တစ်ချို့လဲကုန်တာ တုန်းလုံးတွေဖြစ်ရောဘဲ ဒီနေ့ အပြီး ပြောင်းရ မယ်ပြောတယ်၊ ဒီထဲကတွေထွက်သွားဖို့ခြိမ်းခြောက်တာမရှီဘူး လက်တွေ့လုပ်ပြသွားတာ လူ ၁၅ ယောက်လောက်က ကြိုးနဲ့ဆွဲ ပြီးဖြိုလိုက်တာ “ လို့ ကျူးကျော်မြေနေရာတွင်နေထိုင်သူ ကိုဇော်ဌေး ကပြောပါတယ်။


ယင်းနေရာမှာ လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစိးဌာနမှ မန်နေဂျာ၊၀န်ထမ်းများသာမက ရန်ကြီးအောင် ရပ်ကွက်မှ ရာအိမ်ခေါင်း၊ ဆယ်အိမ်ခေါင်းများနှင့် ရဲအချို့ ပါေ၇ာက်နေကြပါတယ်။မြေတူးစက် ၅ စီးခန့်ကို လဲ တွေ့၇ ပါတယ်။

“ဒီနေ့ည ဒီမှာ ညအိပ်လို့ရှီရင်လဲ ဖမ်းမယ်ပြောတယ်။ ကျွန်မတို့ သွားစ၇ာနေရာမရှိလို့ ဒီနေရာမှာကပ်နေရတာ ပါ ဘယ်ကိုသွားရမှန်းမသိဘူး ဖမ်းမယ်ဆိုရင်လဲ အဖမ်းခံပါတော့မယ်“ လို့ မစန်းဦးကလည်းပြောပါတယ်။


နေထိုင်သူတွေ အားလုံးဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြောင်းရွှေ့ပေးရမှာဖြစ်ပြီးတော့ ပစ္စည်းတွေကိုလဲ အကုန် သယ်ယူ သွားရမှာပါ ။သည်နေရာမှ စုပုံထားခွင့်လဲ မရှိပါဘူး။ ဇူလိုင်လ ၂၀ ရက်နေ့ နေလည် ၁၂ နာရီ ကျော် လို့မှ အိမ် အားလုံး ပြောင်း လို့မပြီးသေးရင် မြေတူးစက်များနှင့် ထပ်မံတူးဖြိုပြစ်မယ်လို့ သတိပေးခဲ့ပါတယ်။

“ကလေးတွေက အခမဲ့ဘုန်းကြီးကျောင်းမှာစာသင်ကြတယ်လေ ဒီနေ့ အိမ်တွေပြောင်းရမယ်ပြောတော့ ကလေး
တွေကျောင်းကပြန်လာရင် အိမ်မရှိတော့တာကို မြင်ရင် အရမ်းစိတ်ထိခိုက်သွားမှာ စိုးလို့ ကျောင်း မလွှတ်ဘူး၊ ဒီမှာနေတဲ့ အိမ်ကကလေးတွေအားလုံး ဒီနေ့ကျောင်းမတတ်ဘဲအိမ်တွေဖျက်တာကို ကူလုပ်ပေးနေ ရပါ တယ်”လို့ ၄င်းနေရာမှာ ၅ နစ်ကြာနေထိုင်ခဲ့တဲ့ ဒေါ်ထားကပြောပါတယ်။


ကျူးကျော်နေအိမ်ပေါင်း ၁၀၀ ကျော်ရှိပြီး၊၅ ဧကခန့်ကျယ်ဝန်းပြီး အာလုံးက လက်လုပ်လက်စား သမားတွေ ဘဲဖြစ်ပါတယ်။ မြေနေရာကတော့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာက ပိုင်ပါတယ်။ ကျူးကျော်နေသူ အများစုက နာဂစ်မုန်တိုင်းဒဏ်ခံရပြီးဧရာဝတီတိုင်းမှ ပြောင်းရွှေ့လာသူ အများစု နဲ့ မြောက်ဒဂုံ၊တောင်ဒဂုံ၊ ရခိုင်ပြည်နယ်မှ ပြောင်းလာသူတွေဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်လောက်ကနေစပြီးတော့ ရန်ကြီးအောင် ရပ်ကွက်က အုပ်ချူပ်ရေးမှူးများကို ခွင့်တောင်း ပြီး ခြံစည်းရိုးမခတ်ရခဲ့ပါဘူး။ လေကြောင်းဦးစီးက ဖယ်ခိုင်းရင် ထွက်သွားပါမယ် ဆိုတဲ့ ကတိနဲ့ နေထိုင်ခွင့် ရခဲ့ပါတယ်။

ယခုနှစ် ဇန်န၀ါရီ လကစပြီးတော့ သည်နေရာတွေ ထွက်ခွာဖို့ လေကြောင်းဦးစီးက သတိ ပေးစာတွေ အိမ်တိုင်းကို ဖြန့်ဝေပေးခဲ့တယ်။ ကျူးကျော်နေသူတွေကတော့ သတိပေးစာ ၂ ကြိမ်ဘဲ ပေးခဲ့ပါ တယ် လို့ပြောပေမယ့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနမှ မန်နေဂျာ ဦးဝင်းကိုကတော့ ၈ ကြိမ် သတိပေးစာပို့ခဲ့ပြီးတော့ စာမတတ်သူများရှိနေသေးတဲ့အတွက် နှုတ်မိန့်နဲ့ရွှေ့ပြောင်းဖို့ပြောခဲ့ပါတယ်လို့ ပြောပါ တယ်။

“၁ လပိုင်း ၆ ရက်နေ့ကပထမဆုံးပြောင်းေ၇ွှ့ပေးဖို့ သတိပေးခဲ့တယ် ၁၀တန်းကလေးတွေ စာမေးပွဲဖြေရမှာမလို့ ဆိုလို့စောင့်ပေးခဲ့တယ် နောက်တော့ေ၇ွှးကောက်ပွဲမှာမဲထည့်ချင်လို့ဆိုလို့တစ်ခါထပ်စောင့်ပေးသေးတယ်၊ ဒီလို သတိပေးနေတဲ့ကြားက အိမ်တွေ ထပ်တိုးပြီးတော့နေကြတယ်၊ ခု သူတို့ဒီကပြောင်းသွားဖို့ ကကျွန်တော်တို့ တာဝန် သူတို့ နေဖို့ထိုင်ဖို့က သူတို့ဘာသာသူတို့စိစဉ်ရမှာပါ ဒီနေ့ရွှေ့လို့မကုန်သေးရင် နက်ဖြန်အထိစောင့်ပေး မယ်” လို့ယခုကိစ္စအတွက် တာဝန်ယူထားသည့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေ မန်နေဂျာ ဦးဝင်ကိုက ပြောပါတယ်။

ကျူးကျော်နေထိုင်သူ အများစုကိုမေးမြန်းရာမှာ မြေနေရာက လေကြောင်းဦးစီးဌာနအပိုင်နေရာဖြစ်လို့ ပြောင်း ခိုင်းတဲ့အခါပြောင်းပေးရမှာဖြစ်ပေမဲ့၊ယခုအခါမှမိုးရာသီဖြစ်လို့နေရာထိုင်ခင်း အခက်အခဲအလွန်ဖြစ်နေကြောင်း
၊ကျောင်းနေကလေး အာလုံးကလည်းအနီးအနားကကျောင်းတွေမှာ တတ်ရောက်နေကြပြီဖြစ် လို့ ပြောင်းရွှေ့ ရမည် ဆိုပါက ကျောင်းပြောင်းဖို့ အဆင်မပြေကြောင်း၊ အိမ်တွေကိုယခုလိုမပြောမဆို ဖြိုပစ်တာက ခြိမ်းခြောက် သလို ဖြစ်လို့မလုပ်သင့်ကြောင်း၊လက်ရှိ မည်သည့်နေရာတွင်နေထိုင်ရမှန်း မသိ ဒုက္ခဖြစ်နေကြာင်းပြောကြ ပါတယ်။

မေလေး


ဝိတိုရိယ ဘုရင်မကြီးရဲ့ အလှူ စားကျက်မြေ မတရား သိမ်းပိုက်ခံရ

1 comments

ဗြိတိန်က ၀ိတိုရိရ ဘုရင်မကြီးက ကျွဲ၊ နွားများ ၀မ်းစာအတွက် စားကျက်မြေ အဖြစ် ၀ယ်ယူ လှူဒါန်းခဲ့သည့် မှတ်တမ်း ကျောက်စာတိုင်၊ ဓာတ်ပုံ- စုစုနွေး


ပုံမှာ မြင်ရတာက ကိုလိုနီ ခေတ်ဦးပိုင်းကတည်းက ဗြိတိန်ရဲ့ ၀ိတိုရိယ ဘုရင်မကြီးက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အတွင်းရေကျော်ကျေးရွာနှင့် ကျောက်စရစ်ကုန်းကျေးရွာရှိ စားကျက်ကုန်းမြေ (ကွင်း အမှတ် ၂ဝ၈) မြေဧက ၁၂ဝ မှာ ကျွဲ ၊နွားများအတွက် ဝမ်းစာ အလို့ငှာ ၀ယ်ယူလှူဒါန်းပေးခဲ့တဲ့ မှတ်တမ်း ကျောက် စာတိုင် တခုပါ။

အခုတော့ မှတ်တမ်း ကျောက်စာတိုင်က စာလုံးများ ထင်ရှားခြင်း မရှိတော့သော်လည်း ကျောက်စာတိုင်မှာမူ ယခုထိတည်ရှိနေဆဲဖြစ်သည် လို့ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးက ဆိုထားပါတယ်။

ဝိတိုရိယ ဘုရင်မကြီးက ကျွဲ၊ နွားတွေရဲ့ ၀မ်းစာအတွက် ရည်ရွယ်ချက်နဲ့သာ စားကျက်မြေအဖြစ် ၀ယ်ယူ လှူဒါန်းခဲ့တာပါ။ ဒါကြောင့်ပဲ ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ ခေတ် အဆက်ဆက် စားကျက်မြေအဖြစ် အဆိုပါ မြေများက တည်ရှိခဲ့ပါတယ်လို့ ဒေသခံ ရွာသားတွေက ပြောဆိုပါတယ်။

ဒါပေမယ့် ၀ိတိုရိယ ဘုရင်မကြီး ၀ယ်ယူလှူဒါန်းခဲ့တဲ့ အဆိုပါ စားကျက်ကုန်းမြေကို ပုဂ္ဂလိက လုပ်ငန်းရှင် တချို့က အာဏာပိုင်တွေနဲ့ ပေါင်းပြီး အဓမ္မသိမ်းပိုက်ထားတာ ခံနေရပါတယ်လို့ သိရပါတယ်။

ဒီအပြင် လွန်ခဲ့သော ဆယ်နှစ်ကျော်က လယ်ယာမြေတွေ ရေမြုပ်သဖြင့် စားကျက်ကုန်းမြေတွင် ပျိုးထောင် မိသော လယ်သမား ၄ ယောက်မှာ ထောင်ဒဏ်များပင် ချမှတ်ခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

၂ဝဝဝ ခုနှစ်မှာတော့ တွံတေးမြို့နေ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးသိန်းဝင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ကိုင်ရန်အတွက်ဆိုပြီး အဆိုပါ စားကျက်မြေကို အစိုးရက သူ့အား ချထားပေးလိုက်သည်ဟုဆို ကာ ခြံစည်းရိုးကာတာ၊ ကပ်လျက်ရှိတဲ့ လယ်မြေ တချို့ကိုလည်း တရားမ၀င် ဝယ်ယူသိမ်းပိုက်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

၂၀၀၂ ခုနှစ်တွင် ဦးသိန်းဝင်းက ဦးကျော်လှ(ထိပ်တန်းရွှေဆိုင်၊ လသာမြို့) အား လက်လွှဲရောင်းချခဲ့ပါတယ်တဲ့။

ဦးကျော်လှက စားကျက်မြေအားလုံးနီးပါးကို ငါးမွေးဖို့ အတွက် ကန်တူး၊ မြောင်းဖောက်၊ ကန်ဘောင်တင်ခြင်း
တွေ လုပ်ပြီး သူပိုင် ဧရိယာအတွင်း မည်သူ့ကိုမျှ ဖြတ်သန်းသွားလာခွင့်မပြုခဲ့ဘူးလို့ မစုစုနွေးက ဆိုပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ သူပိုင်ဧရိယာအတွင်း ကျူးကျော်ဝင်ရောက်မိသော ရွာသူ ရွာသားတွေ၊ ကျွဲ နွားများကို ဒဏ်ငွေများ တပ်ရိုက်ခဲ့ပါသေးတယ်တဲ့။

ဥပမာ နွားခြေရာခွက် တစ်ကွက်ထင်လျှင် ဒဏ်ငွေ ငါးထောင်ကျပ် ဟုသတ်မှတ်ပါသတဲ့။ ဖြတ်သန်း သွားလာ ခွင့်မရှိလို့ လယ်ယာလုပ်ကိုင်သူတွေ အပါအ၀င်၊ ရွာသူရွာသားအားလုံး အခက်အခဲတွေနဲ့ရင်ဆိုင် ကြုံတွေ့နေ ရပါတယ်လို့ ဆိုပါတယ်။

ကန်ဘောင်၊ တာရိုးတွေ ကလည်း စနစ်တကျ မရှိလို့ ရေကြီး ရေနစ်မြုပ်မယ့် အန္တရာယ်ကိုလည်း ရင်ဆိုင်နေရ ပါသေးတယ်တဲ့။

ဝိတိုရိယ ဘုရင်မကြီးက ကျွဲ၊ နွားတွေရဲ့ ၀မ်းစာအတွက် ရည်ရွယ်ချက်နဲ့သာ စားကျက်မြေအဖြစ် ၀ယ်ယူ လှူဒါန်းခဲ့တာပါ။

အဆိုပါကျေးရွာနေ တောင်သူလယ်သမားက မစုစုနွေးကို အကူအညီလာရောက်တောင်းခံနေလို့ သွားရောက် ကူညီပေးလျက် ရှိကြောင်းလည်း မစုစုနွေးက ဆိုပါတယ်။



ကားလမ်းပိတ်ဆို့မှုဖြစ်သွားစေတဲ့ ကိုယ်လုံးတီး တရုတ်အမျိုးသား

2 comments

မွေးရာပါ ၀တ်စုံနဲ့ တရုတ်အမျိုးသား တဦးက ရဲကားကို အလေးပြုနေပုံ ။ ဓာတ်ပုံများ- Daily Mail Reporter

တရုပ်နိုင်ငံ Anhui ပြည်နယ်အတွင်းက Hefei မြို့လယ်ကောင် လူစည်ကားရာ လမ်းမပေါ်တွင် တရုတ် ကင်းလှည့်ရဲကားကို ကိုယ်လုံးတီး တရုတ် အမျိုးသားက လမ်းပေါ်တက်အလေးပြုမှုကြောင့် လမ်းပိတ် ဆို့မှုဖြစ်ပွားခဲ့တာကို ဇူလိုင်လ ၁၈ ရက်နေ့က Daily Mail အွန်လိုင်း သတင်းတွေမှာဖော်ပြထားပါတယ်။

ဒီတရုတ် အမျိုးသားဟာ အစောပိုင်း ဘောင်းဘီတိုဝတ်ထားစဉ်မှာလည်း လမ်းမပေါ်က ကားရှေ့ ကာ ဟန့်တား
တာ၊ ကားဘောနက်အဖုံးပေါ် တက်တာစသဖြင့်လည်း လုပ်ခဲ့ပါသေးတယ်။




တနေရာမှာတော့ အမျိုးသမီးမောင်းလာတဲ့ ကား ဘောနက်ပေါ် တက်ထိုင်ပြီး သူက ကိုယ်လုံးတီးနဲ့ အမျိုးသမီး ကို လက်ညှိုးထိုးနေတဲ့ ပုံတခုလည်း မြင်တွေ့ရမှာပါ။


နောက် သူက လမ်းမပေါ် ပက်လက်လှန်ပြီး လမ်းမပေါ် လှဲချကာ ကားတွေရှေ့ကနေ ပိတ်ဆို့ထားပါတယ်။



နောက်ဆုံးတော့ တရုတ်ရဲတွေက အခင်ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကပဲ သူ့ကို ဖမ်းဆီးအရေးယူ သွားကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။





သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို ရောက်လာပြီ

3 comments

ဓာတ်ပုံ- Yangon Media Group

သမ္ဗတ ဦးသိန်းစိန်ဟာ ယနေ့ ဇူလိုင်၂၂ ရက်နံနက် ၁၁ နာရီ ၅ မိနစ်က ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ပါ တယ်။

ထိုင်း- မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အဖြစ်
သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ် ကို MAI လေကြောင်းလိုင်းနဲ့ ရောက်ရှိလာစဉ် ထိုင်းနိုင်ငံက ကောဇော နီခင်းပြီး ကြိုဆိုခဲ့ကြောင်း သိရပါတယ်။

ဦးသိန်းစိန်၏ ခရီးစဉ်သည် လွန်ခဲ့သည့် မေလကုန်က ဇွန်လဆန်းက ဒေါ်အောင်ဆန်းစုကြည်တက်ရောက်တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာကတည်းက တက်ရောက်လာဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာပါ။
နောက်ပိုင်း ထိုင်းအစိုးရ က ဆက်လက် ဖိတ်ကြားခဲ့ပေမယ့် ရခိုင်ပြည်နယ်အရေး၊ အစိုးရ အဖွဲ့အတွင်း ပြုပြင်
ပြောင်းလဲရေး လုပ်ငန်းစဉ်များရှိတဲ့အတွက် ခရီးစဉ်ကို ရွှေ့ဆိုင်းထားခဲ့တာလည်းဖြစ်ပါတယ်။




ကမ္ဘာမကြေ၊ မန္တလာမြေ

1 comments

မန္တလေးမြေကို နိုင်ငံခြားသား စိုးမိုးမှုရန်ကို အံတုနေတဲ့ အိမ်တခုရှေ့က စာတမ်း ၊ ဓာတ်ပုံ - CJ Myanmar

မြို့တော် မန္တလေးဟာ မြောက်ဘက်က ရန်ကို ခံကတုတ်လုပ်ပြီး အမျိုးသားရေးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဟန့်တားလာပေးမယ့် အခုတော့ မန္တလေးဟာ တရုတ်မြို့တော်လည်းဖြစ်နေရပါတယ်။

အခုမြင်ရတဲ့ ပုံကတော့ CJ Myanmar ရဲ့ မန္တလေးက ပြည်ကြီး တရုတ် ရန်ကို အခုထိ ကာကွယ်နေဆဲ အမျိုးသားရေး စိတ်ဓာတ်အပြည့်ရှိတဲ့ ရွှေမန်းလေးက အိမ်တအိမ်လည်းဖြစ်ပါတယ်။

မန္တလေးက မြေကွက်တွေကို မြန်မာငွေကျပ် သိန်းပေါင်းများစွာနဲ့ ၀ယ်ရောင်းဖြစ်နေတာလည်း ကြာပါပြီတဲ့။ ဘ၀ ၀မ်းရေး အခက်အခဲတွေနဲ့မို့ မန်းလေးသားတွေလည်း တရုတ်တွေဆီက မြန်မာကျပ်ငွေတွေ ဆာလာအိတ်နဲ့ ထုတ်ပိုးပြီး တောဖက်နယ်ကို ပြောင်းပြေးနေကြရတာပါတဲ့။

ဒါပေမယ့် အခုထိ အမျိုးသားရေးအတွက် ဆက်လက် အံတုနေသူတွေလည်း ရှိနေဆဲပါ။ အခုဆို အလုပ်
လျှောက်ရင်လည်း တရုတ် စကား၊ စာ မတတ်ရင် အလုပ်ရှင်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အလုပ်မရပါဘူး။ အလုပ်ရပြန်တော့လည်း တချို့ဆို တရုတ်သူဌေးရဲ့ ခြေတော်တင်တာ ခံကြရပါသတဲ့။

မြန်မာ အမျိုးကောင်း သမီးတွေလည်း ပြည်ကြီးပေါက် တရုတ်အမျိုးသား သူဌေးများရဲ့ "သားမွေးသည်မ"
တွေအဖြစ်နဲ့ ရင်နာနာနဲ့ ဖြတ်သန်းနေကြရတယ်လို့ မန်းသားတချို့က ပြောလာပါတယ်။

မြန်မာမိန်းကလေးတွေ သားမွေးသည်မတွေအနေနဲ့ ဖြစ်နေတာ ကြာပါပြီတဲ့။ မန္တလေးမှာတင်မဟုတ်ပါဘူးတဲ့။ တရုတ်ပြည်မကြီးကိုလည်း မြန်မာမိန်းကလေးတွေကို သတို့သမီးလောင်းတွေအဖြစ်ရောင်းစားတဲ့ ဈေးကွက်က
လည်း တော်တော် ကျယ်ပြန့်နေပါတယ်လို့ တရုတ်-မြန်မာနယ်စပ်သတင်းတွေကလည်း ဆိုပါတယ်။

မန္တလေးကို ရောင်းစားခဲ့တာ ဘယ်သူတွေလည်း၊ မြန်မာအမျိုးသမီးတွေ သားမွေးသည်မတွေ ဖြစ်နေတာ ဘယ်သူတွေကြောင့်လည်း ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။


အရူးက တမူးသာ

0 comments


အရူးက တမူးသာ ဆိုတဲ့ ဟာကျူလီ ကသာရဲ့ ကာတွန်းကွက်လေးပါ။ တလောက တရုတ်မီဒီယာတခုနဲ့ နံမည်ကြီး ကြံ့ဖွံ့ ခေါင်းဆောင် တဦးဖြစ်တဲ့ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းတို့ရဲ့ အင်တာဗျူး ကို ရေးဆွဲထားတာပါ။

သူ့အင်တာဗျူး မြန်မာပြန်ကို ဧရာဝတီ ဘလော့ဂ်ရဲ့ ဤနေရာမှာ လည်း ဖော်ပြခဲ့ပါတယ်။

သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)

0 comments


သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)။



1. အမည်ရင်း - မောင်လွမ်းမောင်။

2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း။

3. မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့ ။

4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ။

5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့် ။

6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်။







ကိုယ်ရေး ဖြစ်စဉ်။



၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။



၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။



၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။



၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင် 'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။



၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။



နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။



၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။



၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။



၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။



၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။



၁၉၂၈ - ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။



၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။



၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။



၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။



၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။



၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။



၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။



၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။



၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁) အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။



၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။



၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။

၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်

၁၉၅၂ ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။

၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။

၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။

၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။

၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။

၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။

၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။



၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။



၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။



ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။

------------------------------------

သခင်ကိုယ်တော်မှိုင်းအလွန်။

================

၁၉၇၆ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ရန် ကြိုးစားသူ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းတွင် သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့် အမှတ်တရ ထုတ်ဝေသော စာအုပ်မှာလည်း ဆရာကြီး၏ပုံကို စာအုပ်မျက်နှာဖုံးများ ဖော်ပြခွင့် မရခဲ့ချေ။ ထိုအပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဆရာကြီး၏ ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့သည့်အတွက် အများသူငါ သွားရောက်ဂါရဝပြုခွင့်မရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍ အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။

=======================================

ကျောင်းသားများထံသို့--



ရေးသူ-သခင်ကိုယ်တော်မှိုင်း



ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။ ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။ တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။ ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။ ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။

အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။

အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။

အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။

ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။ အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။ အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။ ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။ လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။ လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။ ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။ အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။ လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန် ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။ ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာ တတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။ အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။ ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မ တန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ် ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာ တော့ စားကျက်လုနေတာ တွေ့ရတာဘဲ။ ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။ သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။ တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။ ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။ ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။ အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။ ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။ အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။

ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။ သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။ စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။ တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။ အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက် ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။ ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။

အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။ ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။

နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။ အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...။



လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။ ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ် ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။ လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။ နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။ တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။ ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။



ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။



ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်' ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။ ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။ အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။ ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။ ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။ အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။ ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။ ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။

ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။

ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။

တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။

"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"

"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။

ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။

ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြ တဲ့ အကောင်တွေဘဲ။

အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။

အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။

အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။

[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]

[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်သည်။ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။ by - ကိုဝိုင်ဝိုင်ကေ၏ ဖေ့စ်ဘုတ်

သမ္မတရဲ့ စီးပွား/လူမှု အကြံပေးကောင်စီအဖွဲ့ဝင်နဲ့ တွေ့ဆုံခြင်း (အပိုင်း - ၂)

0 comments

ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာပြည်မှာ စီးပွားရေး လုပ်ကိုင်ခြင်း အခြေအနေများအကြောင်း မကြာသေးခင်က ထိုင်းတက္ကသိုလ်တခုမှာ သွားရောက် ဟောပြောခဲ့တဲ့ ဒေါက်တာအောင်ထွန်းသက်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။


သမ္မတရဲ့ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နဲ့ တွေ့ဆုံမေးမြန်းခြင်း အပိုင်း ၂ ကို ဧရာဝတီ ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

တံမြက်စည်း

2 comments

~

မောင်ကိုကို (အမရပူရ)


http://shweamyutay.com/images/news/s_july12/mgkoko.jpg

မိုးမြင့်မောင် အိပ်မက် မက်သည်။ အိပ်မက်ထဲမှာ တံမြက်စည်း စက်ရုံ မီးလောင် သွားသတဲ့။

မိုးမြင့်မောင် ထကသည်။ ပထမတော့ အိပ်မက်ထဲမှာ ကသည်။ နောက်တော့ အပြင်မှာ တကယ် ကနေမိသည်။ သူ အိပ်တာက ဘုရားခန်းမှာ။ ဘုရားစင်လေး ရှေ့မှာ သူ ကနေသည်။ မိန်းမနှင့် သမီးက အခြား အခန်းမှာ အတူတူ အိပ်ကြသည်။ သူ မိန်းမနှင့် အတူတူ မအိပ်တာ ဘယ်လောက် ကြာသွားပြီလဲ။ သူ ဒါကို မတွေးချင်ပါ။ မိန်းမနှင့် အတူတူ အိပ်စက်ခဲ့သော ကာ လများကို သူ မတွေးချင်ပါ။ အတူတူ မအိပ်တာလည်း မတွေးချင်ပါ။

သူ တွေးမိသည်က တံမြက်စည်း။ တံမြက်စည်းသည် သန့်ရှင်းရေး အလုပ်ကို လုပ်ရ၏။ ထိုတံမြက်စည်းများက သူ့တင်ပါးပေါ်သို့ ဘာကြောင့် ကျရောက်၊ ကျရောက်လာသလဲ။ တံမြက် စည်းဆိုင်းချက်ကြောင့် သူ့ အက ရုတ်တရက် ရပ်တန့် သွား၏။

၂။
သူ့အလုပ်က ဓာတ်ပုံဆရာ။ အခုတော့ ဂျာနယ် တစ်စောင်မှာ ပင်တိုင်ဆောင်း ပါးရှင်ဆိုလည်း ဟုတ်သည်။ သူ့အပေါင်းအသင်းများက စာပေနယ်ပယ်မှ အပေါင်း အသင်းများဖြစ်လာကြ၏။ သို့သော် သူ၏ အဓိက အလုပ်မှာ ဓာတ်ပုံဆရာ။ ဓာတ်ပုံ ရိုက်ခြင်းအနုပညာမှာ သူ ရူးသွပ်၏။ လူတစ်ယောက်၏ မျက်နှာကို ဓာတ်ပုံရိုက်ရခြင်း မှာ သူ ပျော်ရွှင်၏။ ရိုက်ကွင်း များတွင် အလျဉ်းသင့်သလို ရုပ်ငြိမ်ဓာတ်ပုံ လိုက်ရိုက်ရ၏။

“ဒီဘောင်းဘီက ကျော်ရဲအောင်က ပေးထားတာ။ ဒီအင်္ကျီက နိုင်းနိုင်းက ပေး တာ။ ဟောဒီဖိနပ်နဲ့ ဟောဒီ လက်ပတ်နာရီကတော့ စိုင်း စိုင်းကပေးတာ။ မင်းသမီး တွေကတော့ ကိုယ့်ကို ရေ ပေးတာပေါ့” လမ်း ၄၀ ထိပ်ရှိ ပိ တောက်ပင်အောက်က အရက်ဝိုင်းမှာ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာ တို့ကို သူက အမြဲတမ်း ကြွားဝါတတ်သည်။

ရိုက်ကွင်းမှာ ရုပ်ငြိမ် ဓာတ်ပုံလိုက်ရိုက်လျှင် တစ် ပတ်၊ ဆယ်ရက်နှင့် သူ ငွေ တစ်သိန်းရသည်။ ဂျာနယ် အတွက် ဂီတပွဲတွေ ဓာတ်ပုံ လိုက်ရိုက်လျှင်လည်း ပိုက်ဆံ ရသည်။ သူ ရေးနေကျ တစ် စောင်တည်းသော ဂျာနယ်မှာ သူ့စာရေးခက တစ်ပတ်လျှင် တစ်သောင်းခွဲ။ ပိုက်ဆံရ အောင်တော့ သူက အမြဲ ကြံ စည်တွေးတောသည်။ နောက်ဆုံး ရိုက်ကွင်းမရှိသည့် ကာလများမှာ ပန်းချီကားပွဲ စားလည်း လုပ်သည်။ သည် က ပန်းချီကားတွေ ဟိုသွား ရောင်း။ ဟိုက ပန်းချီကား တွေ သည်ယူရောင်း။ သူ့မှာ ပန်းချီဆရာ အပေါင်းအသင်း ရှိသည်။ သူ ရိုက်ထားသည့် ရှုခင်းဓာတ်ပုံများကို ပန်းချီ ဆရာများအား လက်ဆောင် ပေးတတ်သည်။ ပန်းချီဆရာ များထံမှ ပန်းချီကားသေး သေးလေးပဲရရ သူ ပြန် တောင်းယူသည်။ နောက် တော့ ထိုပန်းချီကားကို သူ ရောင်းစား၏။

ပိုက်ဆံရှာရမည်ဟူ သော အတွေးအခေါ်က သူ့ ကိုယ်ထဲမှာ စွဲမြဲနေ၏။ သူ ပိုက်ဆံမရှာလျှင် လည်း သူ့မိန်းမက သူ့ကို မောင်းမည်။ နောက်ဘိတ်ဆုံး ပန်းချိုးခိုင်းသည်။ ပိတောက် ပန်းခူးရ၏။ သူသည် သူရှာလို့ရ သမျှ ပိုက်ဆံကို သူ့မိန်းမ အား အကုန်အစင်အပ်နှံတတ် ၏။ သူ ညနေတိုင်း အရက် သောက်သည်။ အပေါင်း အသင်းများနှင့်အတူ အရက် ၀ိုင်းမှာ လက်ဟန်ခြေဟန် အပြည့်နှင့် တော်ကီတွေ အမြဲ လွှတ်တတ်သည်။ အရက်ကို တစ်ခွက်ပြီး တစ်ခွက် သောက်သည်။ သို့သော် သူ့မှာ ပိုက်ဆံတစ်သိန်းပါလာလျှင်လည်း ထိုပိုက်ဆံ ကို ကျစ်ထားသည်။ မထုတ်။ စာမူခတစ်သောင်းခွဲပါလာလျှင်လည်း ထိုပိုက်ဆံကို ကျစ်ထားသည်။ မထုတ်။

“ရိုက်ကွင်းက ပိုက်ဆံ ဘယ်လောက်ရတယ်။ စာမူ ခက ဘယ်လောက်ရတယ်။ မိန်းမက စာရင်းအတိအကျ သိတယ်။ လျှော့အပ်လို့ မရဘူး”

ထိုအကြောင်းပြချက်ဖြင့် သူသည် သူ့ပိုက်ဆံကို လုံးဝမထုတ်။ အပေါင်း အသင်းများကတိုက်သော အရက်ကို အသေသောက် သည်။ သည်အထဲက သူ့မိန်းမ ၏ တံမြက်စည်းက သူ့တင် ပါးပေါ်သို့ အကြိမ်ကြိမ်ကျ ရောက်လာတတ်၏။ မိန်းမ လက်ထဲက ၀ါးလုံးသည် သူ့ခေါင်းပေါ် အကြိမ်ကြိမ် ကျရောက်လာတတ်၏။

တစ်ခါက ပုပ္ပားသို့ ရိုက်ကွင်းနှင့် လိုက်သွားသည်။ မိန်းမအတွက် သနပ်ခါးတုံး ကြီးကြီးလှလှတွေ့၍ ၀မ်းသာအားရ ၀ယ်လာ၏။ မကြာပါ။ ထိုသနပ်ခါးတုံးနှင့် မိန်းမက လှမ်းထုတာ ခံရသည်။ သူ ခေါင်းကွဲသွား သည်။ သုံးချက်ချုပ်ရသည်။ ထိုကတည်းက သူသည် နယ် သို့ ရိုက်ကွင်းထွက်ရလျှင် သနပ်ခါးတုံးများကို လှည့် မကြည့်တော့ပါ။ သနပ်ခါး တုံးကို သူ မုန်းသည်။

“ဟောဒီမှာ ကျွန်တော့် ခေါင်းမှာ အမာရွတ်တွေနဲ့။ တွေ့လား။ ဟောဒါက မိန်းမက သနပ်ခါးတုံးနဲ့ ထုတာ။ ဟောဒီ အမာရွတ်က မိန်းမက ၀ါးရင်းတုတ်နဲ့ ရိုက်တာ”

သူ ပြောတတ်၏။
“ကိုယ်ကလည်း လုပ်ကျွေးရသေးတယ်။ မိန်းမ အနိုင်ကျင့်တာ ဘာလို့ခံရတာလဲ”

တစ်ယောက်က မေးသည်။
“ကျွန်တော့်မိန်းမက ကျွန်တော့်ထက် အသက်တစ် နှစ်ကြီးတယ်ဗျ။ သူ ရိုက်ရင် ကျွန်တော် ခံရမှာပေါ့။ သူက မထိန်းကျောင်းရင်လည်း ကျွန်တော့် ဘ၀က သောက် စားမူးယစ်ပြီး တေပေလေ လွင့်သွားမှာ။ ပျက်စီးခြင်းငါး ပါး တိုင်သွားမှာပဲ။ ဒါကြောင့် မိန်းမက ထိန်းကွပ်တာ သဘာဝကျတယ်ဗျ”

သူ ပြောတတ်သည်။
သူသည် ခုံပုလေးပေါ် မှာ ထိုင်ရင်း အရက်ဖန်ခွက် ကို ကောက်ယူမော့သောက် လိုက်၏။ မြင်းခွာရွက်သုပ်ကို စားပြီး၊ ဆိတ်ပဲဟင်း စားနေ ပြန်သည်။ သူ ပိုက်ဆံ ရှင်းရ တာ မဟုတ်။

၃။
ပန်းခြံဓာတ်ပုံဆရာ ဘ၀မှာပင် သူ မိန်းမရခဲ့၏။ သူ မိန်းမရပြီး နှစ်နှစ်လောက်မှာ ရှစ်တန်းတုန်းက ငယ် ရည်းစားနှင့် ပန်းခြံရှေ့မှာ တွေ့သည်။
ပန်းခြံဓာတ်ပုံဆရာပီပီ နှုတ်သွက်အာသွက်။
“လာ လက်ဖက်ရည် သောက်ကြရအောင်”

လက်ဖက်ရည်ဆိုင် ထိုင်ကြသည်။ ကောင်မလေးက ပိုက်ဆံရှင်း၏။
“နင် အခု ဘာလုပ် နေလဲ”

“ငါ ဒီပန်းခြံထဲမှာ ဓာတ်ပုံ ရိုက်နေတာပေါ့။ နောက်လည်း လာခဲ့ဟာ။ ဒီပန်းခြံမှာ ငါ အမြဲရှိတယ်”

ကောင်မလေးကလည်း စိတ်လေနေသလား မသိ။ သူရှိရာ မဟာဗန္ဓုလ ပန်းခြံသို့ ကောင်မလေး ရောက်ရောက်လာသည်။
“ငါလည်း မိန်းမ မရ သေးဘူးဟ”

သူက လိမ်ညာသည်။
ကောင်မလေးက လည်း “ဟုတ်လား” ဆိုပြီး ယုံလိုက်၏။
“ငါတို့ မနက်ဖြန်မှာ ရုပ်ရှင်ကြည့်ကြရအောင်”

“အေးလေ ကြည့်မယ်”
ထိုနေ့က သူက အကောင်းဆုံး ဂျင်းဘောင်းဘီကို ၀တ်ဆင်သွား၏။

ရုပ်ရှင်ရုံရှေ့ရောက် တော့ သူ့ဦးခေါင်းကို မိုးကြိုး ကြီးက ပစ်ခွဲချလိုက်၏။
ကောင်မလေးက အဖော်နှစ်ယောက်ခေါ်လာ ၏။ တစ်ယောက်မှာ သူ့ မိန်းမ၏ သူငယ်ချင်း အရင်း ခေါက်ခေါက်။
မိုးမြင့်မောင် သေပြီ။
မိုးမြင့်မောင် အစိမ်း လိုက် သေပြီ။
မိုးမြင့်မောင် အတောင့် လိုက် သေပြီ။
မိုးမြင့်မောင် တကယ် သေပြီ။
ကောင်မလေးနှင့် အီစီ ကလီလုပ်၍ မရတာထက် သူ့မိန်းမက သူ့ကို ဘယ်လို စက်ဖြင့် ထုထောင်းမည်နည်း ဟုသာ သူတွေး၏။ နောက် နေ့မှာပင် မိန်းမက သူနှင့် ကောင်မလေး ရုပ်ရှင်ကြည့် ကြသည့် ကိစ္စကို သိသွား၏။

မိန်းမက သူ့ကို ဘာမျှ မပြော။ မသိသလို ဟန် ဆောင်နေသည်။
“ငါလည်း သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ဦးမယ် မိုးမြင့်မောင်”
သူ့မိန်းမက သူ့ကို မိုးမြင့်မောင်ဟုပဲ ခေါ်သည်။ နင်နဲ့ ငါနဲ့ သုံးနှုန်းသည်။

မိုးမြင့်မောင်သည် အအ ကြီးလိုနေသည်။ အကန်းကြီး လိုနေသည်။ အပင်းကြီးလို နေသည်။ မိုးမြင့်မောင်သည် မိုးမြင့်မောင် ရုပ်သွင်ထုလုပ် ထားသော ကျောက်ရုပ်တစ် ရုပ်ဖြစ်သည်။ သူ့မိန်းမက သူ့ငယ် ရည်းစား ကောင်မလေး အိမ်သို့ ခပ်တည်တည် ၀င် ရောက်သွား၏။
“ဟေ့ တို့က မိုးမြင့်မောင်ရဲ့ မိန်းမ။ မဟာဗန္ဓု လပန်းခြံထဲမှာ ဓာတ်ပုံရိုက်တဲ့ မိုးမြင့်မောင်လေ။ တို့ မင်္ဂလာ ဆောင်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို နင် မမြင်ဖူး သေးဘူးလားလို့ တို့ လာပြ တာ”

ကောင်မလေးသည် ငြိမ်ငြိမ်ကုပ်ကုပ်ကလေးနှင့် ခံနေရ၏။ ကောင်မလေး ငိုရှိုက်သည်။ သူ့မိန်းမက ထွက်လာခဲ့၏။ နင် ငိုရစ်ခဲ့ တော့။
အိမ်ပြန်ရောက်တော့.
“ဟဲ့ကောင် မိုးမြင့်မောင် လာခဲ့စမ်း”

မိုးမြင့်မောင်သည် မျက်စိပေကလပ် ပေကလပ်နှင့်။ မျက်နှာအပျက်ပျက် အယွင်းယွင်းနှင့်။ ဆံပင်များ အပေါ်ထောင်လျက်။ ယုန်က လေးတစ်ကောင်သည် မိုးမြင့် မောင်ဖြစ်၏။
“ငါ့ မိဘတွေကို ငါ ခေါ်ထားတယ်။ သူတို့ အခုပဲ ရောက်လာလိမ့်မယ်။ နင်ထိုင် နေကျနေရာမှာ ထိုင်နေ”

မိုးမြင့်မောင်သည် လှောင်အိမ်ကျဉ်းကျဉ်းကလေး ထဲက ယုန်ကလေးတစ် ကောင်လို ထိုင်နေ၏။
မိုးမြင့်မောင် ဒူးတုန်နေသည်။
မိုးမြင့်မောင် ရင်ခုန်နေ၏။
မကြာခင်မှာ သူ့မိန်းမ၏ မိဘများ ရောက်လာ သည်။ ဧည့်ခန်းမှာ ၀င်ထိုင် ကြ၏။
“မိုးမြင့်မောင် ပြစ်မှု ကျူးလွန်တယ်။ ကောင်မလေး တစ်ယောက်နှင့်အတူ သူ ရုပ်ရှင်ကြည့်တယ်”

“မင်းက ဘာလို့ အဲဒီလို ဖောက်ပြန်ရတာလဲ”
သူ့မိန်းမ၏ ဖခင်က မေးသည်။

“ကျွန်တော် ဂျင်းဘောင်းဘီ ၀တ်ချင်လို့ပါ။ အဲ့ဒီကောင်မလေးက ဂျင်း ဘောင်းဘီဝယ်ပေးမယ် ပြော လို့ပါ”
မိုးမြင့်မောင်သည် အရူး ကီးနှင့် ဖြေ၏။
“ကဲ လျှာမရှည်နဲ့။ ဟိုဘက်လှည့်။ လက်ပိုက်”

သူ့မိန်းမသည် လက်ထဲ မှာ တံမြက်စည်းကို တင်း တင်းဆုပ်ကိုင်ထား၏။
မိုးမြင့်မောင်၏ ဒူးများ သည် တဆတ်ဆတ် တုန်နေ၏။
“လှည့်မကြည့်နဲ့”

သူ့မိန်းမ၏ အသံက အေးစက်မာကျောလျက်။
လှည့်မကြည့်နဲ့ဆိုမှ သူ က မျက်စိသူငယ်နှင့် နောက် သို့ လှည့်ကြည့်လိုက်မိ၏။
တံမြက်စည်းက သူ့ကို လျှာထုတ်ပြ၏။
တံမြက်စည်းက သူ့ကို သွားဖြဲပြ၏။
သူ့မိန်းမက တံမြက် စည်းကို အားကုန်လွှဲယမ်းပြီး အားကုန်ရိုက်ချလိုက်၏။
သူ့တင်ပါးထဲ၊ သူ့ဖင်ထဲ သို့ တံမြက်စည်းအချောင်း လိုက် ၀င်သွားသကဲ့သို့ သူ ခံစားရ၏။
ဖုန်း
ဖုန်း
ဖုန်း
သူ့တင်ပါးပေါ်မှာ
သူ့ပေါင်ပေါ်မှာ
သူ့ခြေသလုံးပေါ်မှာ
တံမြက်စည်း ဆက် တိုက်ပြင်းထန်စွာ တိုက်ခိုက် ထိုးနှက်နေ၏။
“အား”
“အား”
“အား”
“သေပါပြီ”

“နောက်မလုပ်တော့ပါ ဘူး”

“သူပေးတဲ့ ဂျင်း ဘောင်းဘီလည်း မလိုချင် တော့ပါဘူး”

“ဟဲ့ကောင် မိုးမြင့် မောင် မှတ်ပြီလား”
“အင်း မှတ်ပြီ မှတ်ပြီ”
ဖုန်း
“အမယ်လေးဗျ”
သူ့မိန်းမက သူ ဘယ် တော့မှ နာလန် မထူနိုင်အောင် နိုင်သွားသည်။ သူ့ဘ၀တစ်ခု လုံးကို သူ့တစ်သက်စာလုံး ကို သူ့မိန်းမက နိုင်သွား၏။

သူ့တင်ပါးပေါ်မှာ၊ သူ့ ပေါင်ပေါ်မှာ၊ သူ့ ခြေသလုံး ပေါ်မှာ အနီအရဲကြီးများ အရှိုးအမြောင်းကြီးများ၊ အဖု အထစ်ကြီးများ ကျန်ရစ် သည်။
သို့သော် သူ့မိန်းမကို သူ စိတ်မဆိုး။
သူက မှားတာကိုးဟု သူ တွေး၏။
မိုးမြင့်မောင်သည် ရှုံးနိမ့် ရခြင်းမှာ ကျေနပ်နေ၏။
နောက်နေ့မှာ သူ့မိန်းမ က သူ့ကို ဂျင်းဘောင်းဘီ တစ်ထည် ၀ယ်ပေး၏။
နောက်ဆယ်ရက် အကြာတော့ သူ့ ယောက္ခထီး နှင့် ယောက္ခမက သူ့အတွက် ဂျင်းဘောင်းဘီ တစ်ထည် ၀ယ်လာပြန်၏။
“မိုးမြင့်မောင် နင့် အတွက် ဂျင်းဘောင်းဘီ။ လိမ်လိမ်မာမာနေနော်”

“ဟုတ်ကဲ့”
မိုးမြင့်မောင်သည် တံ မြက်စည်းကို ကြည့်မိသွား၏။ သူ့ဝမ်းဗိုက်ထဲက အူများ ၏ အော်မြည်ငိုရှိုက်သံကို သူ့ နားက ကြားလိုက်ရ၏။

မိုးမြင့်မောင်၏ ရင်ထဲ၊ အသည်းထဲ၊ အူထဲမှာ တံ မြက်စည်း ရှိနေသည်။
တံမြက်စည်းသည် သူ၏ အသည်းစွဲမုန်းသူ။
တံမြက်စည်းကို မုန်း သော်လည်း သူ့မိန်းမကို သူ မမုန်း။ ဘယ်တော့မှ မမုန်း။

၎။
ထိုအချိန်က သူသည် ဓာတ်ပုံလည်းရိုက်ရင်း ကဗျာ များကို ရူးမူးစ။ ရန်ကုန်မြို့ထဲ မှာ ခေတ်ပြိုင်ကဗျာဆရာ အကျော်အမော်များ ရှိသည်။ သူတို့ထိုင်နေကျ လက်ဖက် ရည်ဆိုင်မှာ မိုးမြင့်မောင် မချဉ်းကပ်ရဲ။

“မင်းက တို့လက်ဖက် ရည်ဝိုင်းမှာ ထိုင်လောက်တဲ့ အဆင့်အတန်း ရှိလို့လား”

မိုးမြင့်မောင်သည် ထိုစကားလုံးနှင့် ပစ်သတ်ခံ ရမှာ ကြောက်သည်။
တောင်ဥက္ကလာပမှာ ကဗျာဆရာတစ်ယောက်ရှိ သည်။ ကိုနီလန်။ သူက လည်း တောင်ဥက္ကလာပမှာ ဗိုလ်စွဲထားသည်။ မဂ္ဂဇင်း ပေါ်မှာ ကျော်ကျော်ကြား ကြား ကဗျာဆရာတော့ မဟုတ်။ မိုးမြင့်မောင်၏ ကီးက လူတော်ကီးမျိုးမဟုတ်။ အရူး ကီး။ ကိုနီလန်ထံမှာပဲ အရူး ကီးနှင့် ပစ်သွင်းကာ ခိုဝင် ထားလိုက်၏။ တစ်ညမှာ မိုးမြင့်မောင်သည် တောင်ဥက္ကလာပမှာ ကဗျာဆရာ အဖွဲ့နှင့် အရက်သောက်ရင်း ညဥ့်နှစ်နာရီထိုးသွားသည်။ မိန်းမက တံမြက်စည်းနှင့် စောင့်နေပြီ။

မိုးမြင့်မောင် အိမ်ပြန် လျှင် တံမြက်စည်းနှင့် အဆော်ခံရတော့မည်။ သို့သော် အိမ်တော့ပြန်ရမည်။ ပလီပလာလုပ်ရမည်။
မိုးမြင့်မောင်သည် သူ့ အိမ်၏ ခြံဝင်းတံခါးကို ခေါင်းနှင့် ဆောင့်တိုက်လိုက် ၏။
မိန်းမ ထွက်လာသည်။
လက်ထဲမှာ တံမြက် စည်းနှင့်။
“ဟဲ့ကောင် မိုးမြင့်မောင် လာခဲ့။ ဘယ်အချိန် ရှိပြီလဲ။ နင်လူလို အိမ်မပြန်တတ် ဘူးလား။ ခွေးလိုပြန်လာပြီး နွားလိုခြံဝမှာ ဝှေ့နေတာလား”

“ကိုယ် ကြေကွဲတယ် ကွာ”

“လဲသေလိုက်”

“ကဗျာဆရာ ကိုနီလန် ဆုံးသွားပြီကွာ။ ကိုယ်သေ သွားတဲ့ ကိုနီလန်အတွက် လုပ်စရာရှိတာ လုပ်ပေးနေလို့ ညဥ့်နက်သွားတာပါ”

မိုးမြင့်မောင် ငိုရှိုက် လိုက်သည်။
“ကိုယ်ကြေကွဲတယ် ကွာ။ ကိုယ်ကြေကွဲနေပြီ”

သူ့မိန်းမ တွေသွား သည်။
“လာ လာ နင်ကျက်သရေ ယုတ်နေတယ်။ ငါ ခေါင်း လျှော်ပေးမယ်”

သူ့မိန်းမသည် ထိုညက သူ့ကို ကြင်ကြင်နာနာ ခေါင်း လျှော်ပေးလိုက်သေး၏။
ပြီးတော့ မိန်းမဘေး မှာ သူ ခွေခွေလေးအိပ်စက် လိုက်၏။ အိပ်မက်ထဲမှာ သူ ငိုရှိုက်နေ၏။
“ကိုနီလန် ကိုနီလန် ခင်ဗျား သေသွားရှာပြီနော်”
မိုးမြင့်မောင်သည် ယောင်များတောင် ယောင်လို့။

၅။
နံနက်မိုးလင်းပြီ။
မိုးမြင့်မောင် အိပ်နေ ဆဲ။
သူ့ မိန်းမက ဈေးခြင်း တောင်းလေးကိုင်၍ ဈေးသွား သည်။
ဈေးထိပ်က လက်ဖက် ရည်ဆိုင်၏ ထိပ်ဆုံးစားပွဲမှာ ကဗျာဆရာ ကိုနီလန်သည် ငုတ်တုတ်ကြီး ထိုင်နေ၏။

ကိုနီလန်သည် စီးက ရက်ကို ဖွာနေ၏။ မိုးမြင့်မောင် မိန်းမ၏ မျက်လုံးများ ပြာဝေသွား သည်။ သရဲတစ္ဆေများ ဤကဲ့ သို့ လက်ဖက်ရည်ဆိုင်မှာ ငုတ်တုတ်ထိုင်၍ စီးကရက် သောက်တတ်တာလား။ မိန်းမက သေချာကြည့်သည်။ ကိုနီလန် အစစ်။ အတောင့်လိုက်ကြီး။ မိုးမြင့်မောင်၏ မိန်းမ သည် ဈေးထဲသို့ မ၀င်တော့။ အိမ်သို့ လှည့်ပြန်ခဲ့၏။ အိမ်ရောက်သည်နှင့် တံ မြက်စည်းကို ဆွဲကိုင်လိုက် သည်။ မိုးမြင့်မောင်၏ ဆံပင် ကိုဆွဲ၍ ထူမတ်လိုက်၏။ ခေါင်းလျှော်ရည်နံ့လေးက မွှေးနေသည်။

“ဟဲ့ မသာကောင် မိုးမြင့်မောင် ထစမ်း”

“ကိုနီလန်ရေ အမျှ အမျှ”

“ဟဲ့ကောင် အခုထ”

မိန်းမက မိုးမြင့်မောင် ကို တံမြက်စည်းနှင့် ကျွေး တော့သည်။
မိုးမြင့်မောင်၏ ကိုယ် ခန္ဓာအနှံ့အပြားမှာ တံမြက် စည်းကျည်ဆန်များ ကျ ရောက်လာပါပြီ။
မိုးမြင့်မောင်သည် အိမ် ပေါ်မှာ လှည့်ပတ်ကခုန်နေ ၏။ ရှောင်တိမ်းနေ၏။ ယိုးဒ ယားအကနှင့် တံမြည်စည်း ကို ရှောင်နေ၏။ မလွတ်။ မလွတ်မြောက်။

မိုးမြင့်မောင်သည် မိန်းမ ရှေ့တည့်တည်မှာ ဒူး တောက်ထိုင်ချလိုက်၏။
“ကိုယ် လက်နက်ချပါ ပြီကွာ”

မိုးမြင့်မောင် ငိုရှိုက် သည်။
“ဒါ မသာအိမ် မဟုတ် ဘူး။ ဟိုမှာ နီလန်လည်း မသေဘူး။ လက်ဖက်ရည် ဆိုင်မှာ ငုတ်တုတ်”

ဖုန်း
တံမြက်စည်းက သူ့ ကျောပေါ်သို့ ကျရောက်လာ ၏။
မိုးမြင့်မောင်သည် သူ့ ဦးခေါင်းကို သူ့ မိန်းမ၏ ခြေဖမိုးအစုံသို့ နှိမ့်ချလိုက်၏။
မိုးမြင့်မောင်၏ နဖူး သည် သူ့မိန်းမ၏ ခြေဖမိုး အစုံပေါ်မှာ။ မိန်းမ၏ ခြေ ဖမိုးသည် မိုးမြင့်မောင်၏ မျက်ရည်များဖြင့် ပူနွေးစိုရွှဲ လာ၏။
“ကိုယ် လိမ်ညာမိပါ တယ်။ ဒီအတွက် စိုးရွံ့မိပါ တယ်”

“ငါ့ကို ရုပ်ရှင် ရိုက်မပြ နဲ့”
မိုးမြင့်မောင်သည် မိန်းမ၏ ခြေဖမိုးပေါ်မှာ ရှိုက် ကြီးတငင် ငိုနေ၏။

၆။
ငွေကြေးတွေ၊ အရက် တွေ၊ တံမြက်စည်းတွေ၊ ၀ါး လုံးတွေ၊ သနပ်ခါးတုံးတွေ၊ အဆဲအဆို၊ အဟိန်းအ ဟောက်တွေ၊ ကင်မရာ ရိုက် ချက်တွေနှင့် မိုးမြင့်မောင် သည် လုံးထွေးရစ်ပတ်ဆဲ။

“မိန်းမကို ချစ်လိုက်ပါ။ ချစ်ချစ်ခင်ခင် စကားတွေ ပြောပြီး မိန်းမနဲ့ ဖက်အိပ်လိုက်”

၃၈ လမ်းက ကိုကျော် ကြီး၏ စားသောက်ဆိုင်မှာ ကိုကျော်ကြီးက မိုးမြင့်မောင် ကို ပြောသည်။ ရွှေအရက် တိုက်ပြီး ကြက်ကြော် ပျား ရည်ဆမ်းကျွေးပြီး ငါးရှဥ့် မြေအိုးချက်ကျွေးပြီး ပြော သည်။
“တစ်ခါလောက် အတူ နေလိုက် ချစ်လိုက်ပါ”

“ကျွန်တော် မအောင်မြင် တော့ဘူး ကိုကျော်ကြီးရ။ အကြိမ်ကြိမ်ကြိုးစားဖူး တယ်။ မအောင်မြင်ဘူး။ အဲတော့ မိန်းမက သွားဆို ကန်ထုတ်တယ်”

“ကြိုးစားကြည့်ပါ ကိုမိုးမြင့်မောင်။ အရက်ကို လျှော့ချလိုက်။ လန်းဆန်း အောင်နေ။ အားဆေးတွေ ဘာတွေစားပေါ့”
“ကျွန်တော် မကြိုးစား ချင်တော့ဘူး ကိုကျော်ကြီး။ ပင်ပန်းတယ်။ အရက် သောက်ရတာ ကောင်း တယ်။ ပေါ့ပါးတယ်”

“အဲ့ဒါဆို တံမြက်စည်း တွေချည်း ဆက်တိုက်ကျ ရောက်လာလိမ့်မယ်”

“ကျွန်တော် တံမြက် စည်းကို ကြိုဆိုရမှာပေါ့။ မိန်းမက ကျွန်တော့်ထက် တစ်နှစ်ကြီးတယ်။ သူရိုက် ရင် ခံရမှာပေါ့။ သူက ကျွန်တော့်ကို ချစ်လို့ ရိုက်တာ ပေါ့”

ညဆယ်နာရီ။ ရန်ကုန် မြို့ ၃၈ လမ်းတစ်နေရာမှာ ပုလင်းသံ၊ ဖန်ခွက်သံ၊ ဇွန်း သံ၊ ပန်းကန်သံ၊ ရယ်မော သံ၊ ငြင်းခုံသံ၊ စားပွဲထိုး အသံ၊ ငွေရှင်းကောင်တာမှာ ကိုကျော်ကြီး၏ ဇနီးအသံ၊ တီဗွီမှာ ဘောလုံးပွဲအသံ။ အသံများလည်း လုံးထွေးနေ ၏။

မိုးမြင့်မောင်သည် ကိုကျော်ကြီးတိုက်သော ရွှေ ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေ၏။ ကြက်သား ကြော်။ သူ စားသည်။ ကောင်လေး တစ်ယောက်သည် တံမြက်စည်း လှည်းရန် ရောက် လာ၏။ မိုးမြင့်မောင်သည် တံမြက်စည်းကို မြင်လိုက် ၏။
“ကြောက်ပါပြီ ခင်ဗျ”

မောင်ကိုကို ၊အမရပူရ၊

(ရွှေအမြုတေ မဂ္ဂဇင်း၊ ဇူလိုင်လ ၂၀၁၂)

http://shweamyutay.com/

ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန် ဘာကြောင့် လျှော့လိုက်သလဲ

0 comments


ဒီတပတ် dateline irrawaddy မှာ ပြောဆိုထားကြတာကတော့ ဦးသိန်းစိန်အစိုးရအတွက် သတင်းကောင်းတပုဒ် အကြောင်း ဖြစ်ပါတယ်။

အဲဒီသတင်းကတော့ အမေရိကန်အစိုးရက မြန်မာပြည်အပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံ လျှော့ပေးလိုက်တယ် ဆိုတာပါပဲ။




ပိုးဒါလီသိန်းတန်ရဲ့ Facebook

0 comments



ဒီရက်ပိုင်းအတွင်း ပရိသတ်အင်အား တဖြည်းဖြည်း များလာတာကတော့ အဆိုတော် ပိုးဒါလီသိန်းတန်ရဲ့ Facebook ပရိသတ်စာမျက်နှာပါပဲ။

မနေ့က ပရိသတ် သုံးထောင်ကျော်ကနေ ဒီနေ့တော့ လေးထောင် ကျော်သွားပါပြီ။ မနက်ဖြန်ဆိုရင် ခြောက်ထောင်ကျော်နိုင်ပါတယ်။

ပိုးဒါလီက သူ့ဖခင် အဆိုတော်ကြီး မြန်မာပြည်သိန်းတန်လိုပဲ အမေရိကန်မှာ နေထိုင်ပါတယ်။
အွန်လိုင်းမှာ တွေ့ရတဲ့ ဓာတ်ပုံထဲမှာတော့ ကလေး ၂ ယောက် မိခင် ဖြစ်နေပါပြီ။

အရင်ထက်ပိုပြီး ဆွဲဆောင်မှုရှိလာတယ်၊ လှပလာတယ်၊ ဖေဖေလိုပဲ မြန်မာပြည်ပြန်လာပြီး သီချင်းဆိုပါအုံး စသဖြင့် သူ့ပရိသတ်များက မှတ်ချက်ပေးကြ၊ နှုတ်ခွန်းဆက်ကြပါတယ်။

သူ့
Facebook စာမျက်နှာ ထိပ်ဆုံးနားမှာတော့ Musician/Band မြန်မာတေးသံရှင် ပိုးဒါလီသိန်းတန် လို့ ဖော်ပြထားတာ တွေ့ကြရမှာပါ။

သူ့Facebook မှာ ရှိတဲ့ ဓာတ်ပုံတွေနဲ့ သူ့ရဲ့ ရေးသားချက်တွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

--

Photo: :) <3
:) ♥

မိုးကောင်းကင်ပြာအောက်က သောင်ပြင်ပေါ်မာ ခြေရာလေးတွေကိုဖေါ်၇င်း ပိုး၇ဲ့ "ကောင်းကင်ပြာ" ဆိုတဲ့သီချင်းလေးကို စိတ်ကူးထဲမှာ တွေးမိတယ်...


Recording in San Francisco

ကော်ဖီလေးကိုသောက်..ပိုးရဲ့ဒီနေ့မနက်တာဟာ..မိတ်ဆွေဟောင်း... .မိတ်ဆွေသစ် ..ခင်တဲ့ပရိသတ်တို့ဆီက ..message 1000+ ကို ဖတ်ပြီး အစပြုခဲ့တယ်..အားပေး...နူတ်ဆက်စကားလေးတွေ အတွက်.. ပီတိ..ဖြာဝမ်းသာမိတယ်.... မိတ်ဆွေအပေါင်း. .ပျော်ရွှင်ချမ်းမြေ့ပါစေလို့... ဆုမွန်ကောင်းတောင်းလျက်.. :)
Like · · Share · Friday


CBC Special Concert


California Concert


Recording at Creativ Studio.


With sis.


With hubby.


With Kids..corn picking. Yum!


With my cousin Myo Gyi & wife Lone Lone.


With my daughter.



With dad.






















လှိုင်သာယာမှာ အလှူထမင်းစားမိသူ ၈၆ ဦး ဆေးရုံတင်ခဲ့ရ

0 comments

အလှူ ထမင်းဟင်းကိုစားမိသူ ၈၆ ဦး ဆေးရုံရောက်ခဲ့ရပုံကို တင်ဆက်ထားပါတယ်။



ရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved