မီးရထားမှာ တရုတ်ပစ္စည်းဝယ်ထည့်တော့ ဘာဖြစ်နေသလဲ

Saturday, January 26, 2013

~



 ပြည်သူများအသက်အန္တရာယ်ဖြစ်စေနိုင်မည့် မြန်မာ့မီးရထားဝန်ထမ်းတချို့၏ အကျင့်ပျက်ခြစားမှုအကြောင်း  ပေးစာ

(ယခုအကြောင်းအရာသည် နေ့စဉ်ထုတ် သတင်းစားများတွင် မကြာခဏတွေ့ရလေ့ရှိသည့် မြန်မာ့မီးရထားမှ တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ့မီးရထားစက်ခေါင်းနှင့် တွဲပြင်စက်ရုံများမှ ၀န်ထမ်းအင်ဂျင်နီယာတချို့ ပူးပေါင်းပြီး အကျင့်ပျက်ခြစားပုံကို ရေးသားထားခြင်းဖြစ်သည်)

ပထမဆုံးအနေနဲ့ တင်ဒါ (Tender) ခေါ်တယ်ဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။
 သိပြီးသူများလည်း ရှိကြမှာဖြစ်ပေမယ့် တင်ဒါခေါ်တယ် ဆိုတာကို နားမလည်ရင် ခုရေးတဲ့အကြောင်းအရာကို မရှင်းမှာစိုးလို့ပါ။
အစိုးရစက်ရုံတရုံက 1,2,3 ဆိုတဲ့ပစ္စည်းတွေဝယ်ဖို့လိုအပ်လာရင် အပြင်စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဘယ်ကုမ္ပဏီက ဒီလိုအပ်တဲ့ပစ္စည်းကို ဈေးဘယ်လောက်နဲ့ သွင်းနိုင်မလဲဆိုပြီး ကြေငြာခေါ်ယူပါတယ်။ ဒါကို A,B,C,D နဲ့ E ကုမ္ပဏီတွေက ၀င်လျှောက်ကြမယ်ဆိုပါစို့။ A က ဒီပစ္စည်းသုံးမျိုးလုံးကို အနည်းဆုံးဈေးနဲ့ သွင်းပေးနိုင်ရင် တင်ဒါအောင်ပြီး A ကုမ္ပဏီတခုတည်းကပဲ သွင်းခွင့်ရပါတယ်။ အကယ်၍ B က 3 ကို ဈေးအနည်းဆုံးနဲ့သွင်းနိုင်တယ်။ D က 1၊ E က 2 ကိုဈေးအနိမ့်ဆုံးနဲ့ သွင်းနိုင်တယ်ဆိုရင် ကုမ္ပဏီသုံးခုက ပစ္စည်းတမျိုးချင်းစီကို သွင်းခွင့်ရမှာဖြစ်ပါတယ်။ ဈေးအနည်းဆုံးတူညီနေတယ် ဆိုရင် ပစ္စည်းအရည်အသွေးပိုကောင်းစွာ သွင်းနိုင်တဲ့သူက တင်ဒါအောင်မှာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ တင်ဒါခေါ်တယ်ဆိုတာ အနိမ့်ဆုံးဈေးနဲ့ ပစ္စည်းကောင်းကောင်းလိုချင်တာပါပဲ။

မြန်မာ့မီးရထားကလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြေးဆွဲနေတဲ့ ရထားတွေအတွက် ပစ္စည်းလိုအပ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို သတင်းစာကနေတဆင့် တင်ဒါခေါ်ယူပါတယ်။ တင်ဒါဝင်ပြိုင်မယ့် လုပ်ငန်းရှင်တွေက သိမ်ဖြူလမ်းက ပို့ဆောင်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) မှာသွားပြီး တင်ဒါတစောင်ကို ၅၀၀၀ (သို့) ၆၀၀၀ ကျပ်နဲ့ဝယ်ယူရပါတယ်။ ပြီးရင် မိမိသွင်းလိုတဲ့ပစ္စည်းတန်ဖိုးရဲ့ ၁% ကို တင်ဒါအာမခံထားရှိငွေ (Bid Bond) အဖြစ် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၂) မှာ ပေးသွင်းရပါတယ်။ တင်ဒါမှာပါတဲ့ ဘယ်ပစ္စည်းကို မိမိက ဈေးဘယ်လောက်နဲ့ သွင်းနိုင်ပါတယ်ဆိုတာ စာရင်းလုပ်ချိတ်ပိတ်ပြီး တင်ဒါအာမခံ ထားရှိထားတဲ့ ချက်မူရင်း Payment Order Cheque (POC) နဲ့အတူ မီးရထားဌာနကို တင်ပြရပါတယ်။
အဲဒီနောက် တာဝန်ရှိသူများက ပစ္စည်းသွင်းမယ့် ကုမ္ပဏီတွေကို နေပြည်တော်ကိုခေါ်၊ ဈေးထပ်ဆစ်ပြီးနောက်ဆုံး အနည်းဆုံးဈေးနဲ့ သွင်းတဲ့ကုမ္ပဏီက တင်ဒါပါပစ္စည်းတွေကို ပေးသွင်းခွင့်ရရှိပါတယ်။

(ဒါတွေဟာ ခုအကြောင်းအရာရဲ့ အဓိကဆိုလိုရင်း မဟုတ်ဘဲ ဆက်နွယ်နေတဲ့ Process သာဖြစ်ပါတယ်။ ဒါကို အတိုချုပ်ဖော်ပြရတာကတော့ Process အမှန်ကိုဖော်ပြနိုင်ပြီး အကြောင်းအရာကို ခိုင်လုံစေချင်တဲ့ရည်ရွယ်ချက်ပါ။)

မြန်မာ့မီးရထားက တင်ဒါခေါ်တဲ့ပစ္စည်းတွေထဲက အလိုအပ်ဆုံးနဲ့ အသုံးအများဆုံး Ball Bearing (ရထားများတွင် အသုံးပြုသောဘောလ်) ပစ္စည်းကိုအဓိကထားပြီး ဖော်ပြပါမယ်။ တခြားပစ္စည်းတွေ အားလုံးဟာလည်း Ball Bearing နဲ့ လုပ်နည်းလုပ်ဟန် တူတူပါပဲ။
Ball Bearing တွေကို ဂျပန်၊ ဂျာမဏီနိုင်ငံတွေက ထုတ်လုပ်ဖြန့်ချိတာများပါတယ်။ SKF (Germany), FAG (Germany), NSK (Japan) နဲ့ NTN (Japan) စတဲ့ တံဆိပ်တွေဟာ နာမည်ကြီးပါတယ်။ အဲဒီနိုင်ငံတွေကထုတ်တဲ့ Ball Bearing တွေဟာ တန်ဖိုးကြီးမားပြီး အရည်အသွေးကောင်းပါတယ်။

Ball Bearing တွေကို အဲဒီတံဆပ်တွေအတိုင်း တရုတ်နိုင်ငံက ပုံစံတူ အတုလုပ်ပါတယ်။ တရုတ်က ထုတ်တဲ့ ပုံစံတူအတုတွေကို ဘုရင့်နောင် ပွဲရုံတန်းကဆိုင်တွေမှာလည်း ရနိုင်ပါတယ်။ အပြင်ပန်းအားဖြင့်ကြည့်ရင် အတုအစစ် မခွဲခြားနိုင်ပါဘူး။ အရည်အသွေးအားဖြင့် သုံးနေတုန်း ပျက်စီးသွားမှသာ အတုမှန်းသိစေနိုင်လောက်ကို ပုံစံတူပါတယ်။ တရုတ်ကထုတ်တဲ့ Ball Bearing အတုတွေဟာ ဈေးနှုန်းအားဖြင့် အစစ်ဈေးနှုန်းထက် ဆယ်ဆကျော်လောက် လျော့နည်းပါတယ်။

ဈေးအနိမ့်ဆုံးနဲ့ ပစ္စည်းကောင်းကောင်း ရချင်တယ် ဆိုတဲ့ တင်ဒါသဘောတရားနဲ့ ဆက်စပ်ဖော်ပြပါမယ်။ ဒီ Ball Bearing ကို ပစ္စည်းအမှန် ဈေးနှုန်းအမှန်နဲ့သွင်းမယ်၊ ပစ္စည်းကအတု ဈေးနှုန်းကအစစ်ဈေးနဲ့သွင်းမယ်၊ ပစ္စည်းအတု ဈေးနှုန်းအတုနဲ့သွင်းမယ် ဆိုတဲ့ ကုမ္ပဏီတွေ ကွဲသွားပါလိမ့်မယ်။ တင်ဒါသဘောအရ အနိမ့်ဆုံးဈေးနဲ့မှ တင်ဒါအောင်မယ်ဆိုရင် ပစ္စည်းဘယ်လောက်မှန်မှန် ဘယ်လောက် ကောင်းကောင်း အစစ် ဈေးနှုန်းနဲ့သွင်းတဲ့သူဟာ လုံးဝ(လုံးဝ)ကို တင်ဒါမအောင်တော့ပါဘူး။ အတုဈေးနှုန်းနဲ့သွင်းနဲ့ကုမ္ပဏီတွေသာ ကျိန်းသေတင်ဒါအောင်မှာပါ။ ဒါတောင် အတုဈေးနှုန်းအပေါ် နည်းနိုင်သမျှနည်းအောင် ဈေးချနိုင်တဲ့သူပဲ သွင်းခွင့်ရမှာပါ။ တင်ဒါနိုင်တဲ့သူက Ball Bearing တွေကို အင်းစိန်၊ ရွာထောင်၊ မြစ်ငယ် စတဲ့မြို့များမှာရှိတဲ့ မီးရထားစက်ခေါင်းနဲ့ တွဲပြင်စက်ရုံတွေကို သွင်းပေးရမှာပါ။

တံဆိပ်တွေအားဖြင့် ဂျပန်၊ ဂျာမဏီထုတ်တွေဖြစ်ပြီး အမှန်တကယ်အားဖြင့် တရုတ်ကထုတ်တဲ့ ပစ္စည်းအတုတွေကို ပို့ဆောင်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) က လက်ခံမှာမဟုတ်ပါဘူး။ အတုဈေးနှုန်းနဲ့ တင်ဒါအောင်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပစ္စည်းအစစ်တွေဝယ် အရှုံးခံပြီးသွင်းမှာ မဟုတ်ပါဘူး။


ဒါဖြင့် ဘယ်လိုသွင်းကြမလဲ။ ရှင်းပါတယ်။ ပစ္စည်းသွင်းရမယ့် မီးရထားစက်ခေါင်းနဲ့ တွဲပြင်စက်ရုံတွေက user အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းညှိနှိုင်းလိုက်ပါတယ်။ အင်ဂျင်နီယာတွေဟာ အမြင်အားဖြင့် အတုအစစ်ခွဲခြားနိုင်သလို ဈေးနှုန်းအားဖြင့်လည်း အတုအစစ် ဆိုတာ သိနေကြပါတယ်။ ဒီတော့ အင်ဂျင်နီယာနဲ့ ပစ္စည်းစစ်မယ့် တာဝန်ရှိသူတွေကို လာဘ်ထိုးလိုက်ပါတယ်။ အင်ဂျင်နီယာတွေနဲ့ညှိပြီး သွင်းတဲ့ပစ္စည်းဟာ အသုံးပြုလို့ရနိုင်ကြောင်း၊ စံချိန်စံညွှန်း ကိုက်ညီကြောင်း၊ ပစ္စည်းအစစ်ဖြစ်ကြောင်း ထောက်ခံချက်ရယူပါတယ်။ အဲဒီလို ထောက်ခံချက်ရမှသာ ဒီပစ္စည်းကို ပေးသွင်းနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုလာဘ်ပေး လာဘ်ယူလုပ်ပြီး သွင်းလိုက်တဲ့ ပစ္စည်းအတုတွေကို တနိုင်ငံလုံးမှာ ပြေးဆွဲခုတ်မောင်းနေတဲ့ မီးရထားတွေမှာ တပ်ဆင် အသုံးပြုပါတယ်။ စက်ရုံတွင်းသုံးစက်တခုမှာ အတုပစ္စည်း ထည့်သုံးပြီး ပျက်သွားရင် စက်ရပ်သွားရုံပဲ ရှိမှာပါ။ အရည်အသွေး စံချိန်စံညွှန်းလုံးဝမရှိတဲ့ တရုတ်ထုတ်ပစ္စည်းအတုတွေကို တပ်ဆင်အသုံးပြုနေတဲ့ မီးရထားတွေဟာ ခုတ်မောင်းနေတုန်း အတုပစ္စည်းတွေက ချို့ယွင်းပျက်စီးခဲ့ရင် ပြည်သူတွေရဲ့ အသက်အန္တရာယ်မြောက်များစွာ ပျက်စီးဆုံးရှုံးရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များရော မြန်မာ့မီးရထားဝန်ထမ်းများပါ လုံးဝ မလုပ်သင့် မလုပ်အပ်တဲ့ အရာပါ။  အစိုးရအနေနဲ့လည်း ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းသင့်ပါတယ်။

ဒီနေရာမှာ ပြောစရာတခု ရှိပါတယ်။

၁) နိုင်ငံတော်အစိုးရက သက်ဆိုင်ရာပို့ဆောင်ရေးဝန်ကြီးဌာနကတဆင့် လိုအပ်တဲ့ ပစ္စည်းအမှန်တွေ ၀ယ်ယူဖို့ ဘတ်ဂျက်ကို လုံလုံလောက်လောက် ချပေးထားတယ်။
၂) နိုင်ငံတော်အစိုးရ ကိုယ်တိုင်က အတုဈေးနှုန်းအတိုင်းပဲ ဘတ်ဂျက်ချပေးတယ်။
ဆိုပြီး နှစ်မျိုးရှိနိုင်ပါတယ်။

ဒီလို ပြည်သူတွေရဲ့ အသက်အန္တရာယ် ထိခိုက်စေမယ့် ခြစားမှုဟာ အနိမ့်ဈေးနဲ့ ပစ္စည်းကောင်းလိုချင်တဲ့ တင်ဒါ (Tender) ဆိုတာကြီးမှာ အခြေခံကျမယ် ထင်ပါတယ်။ အနိမ့်ဈေးနဲ့ ပစ္စည်းကောင်းလိုချင်လွန်းတဲ့ နိုင်ငံတော်မူဝါဒကပဲ ဒီအကျင့်ပျက်ခြစားမှုကြီး ဖြစ်ပေါ်လာဖို့ ဖန်တီးပေးနေသလို ဖြစ်နေပါတယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင်က အတုဈေးအတိုင်း ဘတ်ဂျက်ချပေးတယ်ဆိုရင်တော့ အမှန်တကယ်လိုအပ်တဲ့နေရာမှာ နိုင်ငံတော်ဘဏ္ဍာကို ခြိုးခြံချွေတာတယ်ဆိုတဲ့စကားနဲ့ ထိန်းသိမ်းမထားသင့်ပါဘူး။ အကယ်၍ အစိုးရက သက်ဆိုင်တဲ့ဌာနကို ဘတ်ဂျက်လုံလုံလောက်လောက်ချပေးထားပါတယ်ဆိုရင် ဒီအကျင့်ပျက်ခြစားမှုမှာ ပါဝင်ပတ်သတ်နေတဲ့ သက်ဆိုင်သူများအားလုံးကို ရှာဖွေဖော်ထုတ်ပြီး တိတိကျကျ အရေးယူဆောင်ရွက်သင့်ပါတယ်။

ပြည်သူများ ဘေးမသီရန်မခ စိုးရိမ်ကြောင့်ကြကင်းစွာ ခရီးသွားလာနိုင်ရေးအတွက် တပြည်လုံး အတိုင်းအတာနဲ့ ပြေးဆွဲ ခုတ်မောင်းနေတဲ့ မြန်မာ့မီးရထားတွေမှာ တပ်ဆင်အသုံးပြုရမယ့် ပစ္စည်းအမှန်တွေကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာကုမ္ပဏီတွေကနေပြီး ဈေးနှုန်းအမှန် ပစ္စည်းအမှန်နဲ့ တိုက်ရိုက်မှာယူတင်သွင်းပါက ယခုကဲ့သို့သော အကျင့်ပျက်ခြစားမှု ပျောက်ကွယ်သွားမှာဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း အနိမ့်ဈေးနဲ့ ပစ္စည်းကောင်းကိုလိုက်ရှာနေတဲ့ တလွဲဆံပင်ကောင်း အစိုးရအဖြစ်မရပ်တည်ဘဲ ပြည်သူ့ဘဏ္ဍာကို ပြည်သူများအတွက် မှန်မှန်ကန်ကန်အသုံးပြုနိုင်ပါရန် ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

မောင်ပါလ


 























-

1 comments :

  1. sour grain said... :

    Thanks,arrest them at once.All must be investigated.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved