ဂျော်ဒန်ရောက် မြန်မာအလုပ်သမား နှစ်ထောင်နီးပါး ဆန္ဒပြနေ

Wednesday, February 27, 2013

ဂျော်ဒန်နိုင်ငံမှာ မြန်မာအလုပ်သမားတွေ အလုပ်သမားရပိုင်ခွင့်နဲ့ပတ်သက်လို့ ဆန္ဒပြနေကြတာ ၁၄ ရက် ရှိပါပြီ။ ဂျော်ဒန်နိုင်ငံ Ramtha မြို့ ဟာဆမ်စက်မှုဇုံရှိ အထည်ချုပ် စက်ရုံတခုဖြစ်သော Centuary Miracle Apparel Mfg. Co.,Ltd ၌ အလုပ်သမား ရပိုင်ခွင့်များ ရရှိရေး အတွက် မြန်မာ အလုပ်သမ ၁,၂၀၀ ကျော်နဲ့ အမျိုးသား လုပ်သား ၁၀၀ ကျော်တို့က ဆန္ဒပြနေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၊ယနေ့ ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာလည်း အဆိုပါ မြန်မာအလုပ်သမား ဆန္ဒပြသတင်းကိုလည်း ဖော်ပြထားပါတယ်။ 


ဂျော်ဒန်ရောက် ဆန္ဒပြ မြန်မာအလုပ်မားများ၊ ဓာတ်ပုံ- ကျော်ဇင်ဦး

သတင်းစာပါ ဖော်ပြချက်မှာတော့ ဂျော်ဒန်ကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေက တရား မ၀င် အေးဂျင့်တွေနဲ့ သွားရောက်ထားတာဖြစ်လင့်ကစား အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ၀န်ကြီးဌာနကတော့ အလုပ်သမား တွေရဲ့ အခက်အခဲကို ကူညီဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ 

အစားအသောက်ကျွေးမွေးတာ မကျေနပ်လို့ အလုပ်သမား ၃၀ လောက်က စတင် ဆန္ဒပြခဲ့တာလို့ ကြေးမုံ သတင်းစာမှာ ဆိုပေမယ့် ဧရာဝတီက ရရှိတဲ့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ ဓာတ်ပုံတွေမှာ 
တော့ ထောင် ချီ ရှိနိုင်ပါတယ်။

ဆန္ဒပြ မြန်မာအလုပ်သမားတွေက ပြောတာတော့ အမျိုးသမီး ၁၂၀၀ ကျော်၊ အမျိုးသား ၁၀၀ ကျော် တို့ ဖြစ်ပြီး စုစုပေါင်း ၂၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ 

ဂျော်ဒန်နိုင်ငံမှာ မြန်မာသံရုံး မရှိတာကြောင့် အနီးဆုံး ရှိတဲ့ အစ္စရေးက မြန်မာသံရုံးကို ဆန္ဒပြ အလုပ်သမားတွေက ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ လတ်တလော ဂျော်ဒန်နိုင်ငံကို လာလို့ မရသေးကြောင်း၊ ဆက်လက် အကူအညီ တွေ ပေးသွားမယ်ဆိုတဲ့အကြောင်း အကြောင်းပြန်ခဲ့တယ်လို့ ဆန္ဒပြ အလုပ်သမားတွေက ဧရာဝတီကို ပြောပါတယ်။ 

၁၄ ကြာလာပေမယ့် အစားအသောက်၊ လုပ်ခ လစာ၊ စတဲ့ အလုပ်သမား ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အခုလို ဆန္ဒပြ တာ ဖြစ်တယ်လို့ ဆန္ဒပြ မြန်မာအလုပ်သမားတဦးဖြစ်တဲ့ ကိုကျော်ဇင်ဦးက ဧရာဝတီ ကို ပြောပါတယ်။ 

 “ကျနော်တို့ မြန်မာအလုပ်သမားတွေ တောင်းဆိုနေတာက မြန်မာလူမျိုးတွေနဲ့ ကိုက်ညီတဲ့ အစား အသောက်တွေကိုပဲ ကျွေးဖို့၊ ဂျော်ဒန် အလုပ်သမား အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြား ဆက်ဆံနေတာတွေ ရပ်တန့်ပေးဖို့၊ လက်ရှိ လုပ်အားခ လစာ ၁၅၅ ဒေါ်လာ (အမေရိကန် ဒေါ်လာ)က အရမ်းနည်းလွန်းနေလို့ တလကို ဒေါ်လာ ၂၀၀ ( အမေရိကန်ဒေါ်လာ) ထိ တိုးပေးဖို့တွေလည်း ပါတယ်” လို့ သူက ဆိုပါတယ်။ 

ဂျော်ဒန်မှာ မြန်မာအလုပ်သမားတွေအတွက် အခွင့်အရေးကာကွယ်လုပ်ဆောင်ပေးတဲ့ အလုပ်သမား အဖွဲ့အစည်းမျိုး လည်း မရှိသေးကြောင်း၊ ဘာသာစကား အခက်အခဲရှိပြီး အလုပ်ရှင်ဘက်က မရိုးသားမှု၊ အေးဂျင့်ဘက်က မရိုးသားမှု တွေကြောင့် မနေ့က အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားတွေတွေ့ဆုံမှု ကလည်း အရာမရောက်ခဲ့ကြောင်း သူက ဆက် ပြောထားပါတယ်။ 

 ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြနေမှု မြင်ကွင်းများ








အခုထိတော့ ဂျော်ဒန် အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြေလည်မှု တစုံတရာအခုထိ မရသေးတာကြောင့် ဆန္ဒပြ မြန် မာ အလုပ်သမားတွေက မြန်မာအစိုးရ၊ အလုပ်သမားအဖွဲ့အစည်းတွေ စသဖြင့် သူတို့ရဲ့ အခက်အခဲတွေကို ၀ိုင်းဝန်း ကူညီပေးကြဖို့ တိုက်တွန်းပြောကြားနေကြပါတယ်။ 


ဆက်စပ်သတင်း 


ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြမှု မပြေလည်သေး

1 comments :

  1. Anonymous said... :

    မြန်မာအစိုးရကယ်တင်ဘို့ အစည်းအဝေးလုပ်နေပါပြီ ..
    ပြီးလျင် ..စုံစမ်းရေးကော်မရှင်ဖွဲပါမည် .. ပြီးလျင် ကယ်တင်ရေးအဖွဲ့ ထပ်ဖွဲ့ ပါမည်
    ယခုလောလောဆယ် လွှတ်တော်တွင် အရေးအရမ်းကြီးသော ဒေါက်တာဆိတ်ဖွားပြသာနာ
    ၇ှိနေပါသဖြင့် ..သည်းခံပြီးစောင့်ပေးပါရန်နှင့် ..မေစုလဲ ဆုယူရ ..လာတဲသူတွေ နူတ်ဆက်ရ သွားတွေရ နိုင်ငံခြားသွားနဲ့ မအားသေးပါ ။.. လက်ပန်းတောင် ပြသာနာ အခု ဧရာဝတီတိုင်းပြသာနာ..အလုပ်သမားပြသာနာ..လယ်သိမ်းယာသိမ်းပြသာများလဲ..ရခိုင်ပြသာနာ. မြန်မာပြည်တွင်းမှာ ပြသာနာပေါင်းများစွာ၇ှိသောလဲ ..ဘာတခုမှ ပြီးပြတ်အောင်ဆောင်ရွက်မပေးနိုင်တာလဲ .. အရည်အချင်းတခုပါဘဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved