အကယ်ဒမီနဲ့ မယ်လိုဒီ

Sunday, February 3, 2013

~



ခင်လေးမြင့်/ရွှေအမြုတေမဂ္ဂဇင်း ~


မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲအပြီးမှာ ထူးချွန်ဆုကို ဘယ်သူတွေက ရသင့်တယ်၊ ဘယ်သူကတော့ မရသင့်ဘူး ဆိုတဲ့ အသံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အကယ်ဒမီဆုကို အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့ ရရှိတဲ့ မယ်လိုဒီကိုလည်း အမျိုးမျိုး ဝေဖန်ခဲ့ကြပါတယ်။
မယ်လိုဒီက အကယ်ဒမီပေးပွဲ မတိုင်ခင်ကတည်းက  အကယ်ဒမီအတွက် မမျှော်လင့်ပါဘူးလို့ ဆိုခဲ့ပါတယ်။
ထာဝရ အလင်းတန်းများ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ မယ်လိုဒီကိုရော ထာဝရ အလင်းတန်းများ ရုပ်ရှင် ဇာတ်ကားနဲ့
ပတ်သက်သူများကိုပါ တချို့သော သူတွေက ဝေဖန် ပြောဆိုကြပါတယ်။ လူတိုင်း၊ လူတိုင်းမှာ ချစ်တဲ့သူတွေ ရှိသလို မုန်းတဲ့သူတွေလည်းရှိကြပါတယ်။ ချစ်ရင်အကျိုး မုန်းရင်အပြစ် ဆိုတဲ့ စကားလိုပါပဲ။

“ချစ်တဲ့နေရာမှာတောင် အမျိုးမျိုးရှိကြတယ်။ တချို့ဆိုရင် ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပြီး မသိလို့ လုပ်မိတာပါလို့ ပြောတယ်။ နောက်ဆုံး သိသိကြီးနဲ့ လုပ်တဲ့လူတွေရှိတောင်မှ သြော် သူက ငယ်သေးတော့ စမ်းကြည့်တာပါ။
 ခွင့်လွှတ်လိုက်ပါ၊ ချစ်တာကိုး၊ ချစ်တော့ ကြံဖန်ပြီး ခွင့်လွှတ်တာ၊ မချစ်တော့ ကြံဖန်ပြီး အပြစ်မြင်မှာပဲလေ ဖြစ်တတ်ပါတယ်။ ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရဘူးလေ။ ကိုယ်ကိုယ်တိုင်ကလည်း ပါဝင်မိရက်သား ဖြစ်သွားပြီ။ ကိုယ်က ရိုက်မိသွားပြီ။
ကိုယ်က ရပြီးသွားပြီ ဆိုတော့လေ၊ ရိုက်ပြီးလို့ ရပြီးသွားလို့လည်း ဒီလိုတွေ ဖြစ်လာတာပေါ့။ မရိုက်ထားဘူး။ မရဘူး ဆိုရင်လည်း ပြောစရာလည်း မရှိ၊ ဖြစ်စရာလည်း မရှိဘူး။ ဖြစ်ပျက်ပြီး သွားတဲ့အရာ ဆိုတော့လည်း မဆန်းပါဘူး။ လောကကြီးက မဆန်းပါဘူး၊ ဖြစ်တတ်ပါတယ်”
လို့ မယ်လိုဒီက ထာဝရ အလင်းတန်းများ ဇာတ်ကားနဲ့ အကယ်ဒမီ ရရှိမှုအပေါ် ဝေဖန် ပြောဆို မှုများနဲ့ ပတ်သက်ပြီး ပြောပြ ပါတယ်။
 
မယ်လိုဒီက မျှော်လင့်ထားတဲ့ အရာတွေ မဖြစ်တတ်တဲ့အတွက် ဘယ်အရာကိုမှ မျှော်လင့်ချက် မထားပါဘူး။ အကယ်ဒမီကိုလည်း မျှော်လင့်ပြီးမှ မရရင် ခံစားရမယ်လို့လည်း အရင်က ပြောခဲ့ဖူးပါတယ်။
အကယ်ဒမီရရှိမှုနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ခံရမယ်လို့ ကြိုတွေးထားတဲ့ အတွေးများ ၀င်ခဲ့သေးလား ဆိုတာနဲ့ ပတ်သက်ပြီး မယ်လိုဒီက

 “မျိုးမျိုးက အဲဒီလို ဖြစ်နေကျပဲ။ သိပ်တော့ မထူးဆန်းပါဘူး။ ဓားခုတ်ရာ လက်လျှိုတယ်။ မုန့်ဝေရင် မပါဘူး။ တုတ်ဝေရင် ပါတယ်။
မျိုးမျိုး Miss Romanson ရတုန်းကလည်း အဲဒီလိုပဲ။ Romanson တုန်းကလည်း ခါးနံပါတ် ၅၁။ အဲဒီတုန်းကလည်း ဘယ်သူ့မှ မသိဘူး။
ဒါရိုက်တာ စင်ရော်မောင်မောင် ဆိုတာ အဲဒီကျမှ ပထမဆုံး မြင်ဖူးတာ။ မမေခလာတို့၊ အန်တီ ဆွေဇင်ထိုက်တို့ကို အရှင်လတ်လတ် အဲဒီကျမှ မြင်ဖူးတာ။ ဘယ်သူ့မှ မသိဘူး။
အဲဒါတောင်မှ ပွဲက လုပ်ကြံပွဲကြီးပါလို့ အအော်ခံရတယ်။ လုပ်ကြံပွဲ ဟုတ်လား၊ မဟုတ်လား ဆိုတာ အဲဒီအချိန်မှာ ပြိုင်ခဲ့တဲ့ သူတွေ ရှိပါတယ်။
 ဒီအချိန်မှာ မယ်လိုဒီ ဘယ်နေရာ ရောက်လဲဆိုတာ ကြည့်ပြီး ဆုံးဖြတ်လို့ရတယ်။ မျိုးမျိုးက မောက်မာတာ မဟုတ်ပါဘူး။ ဒါက ဘုရားပေးတာပဲ။
အခုရတယ် ဆိုတာကလည်း မျိုးမျိုး ခံယူထားတာက မျိုးမျိုးချစ်တဲ့သူတွေ ရှိတယ်။ သူတို့ ဆုတောင်းပေးတဲ့ ချစ်ခြင်းမေတ္တာတရားက အေးမြတယ်။ ဒီဟာကို လိုချင်တယ် ဆိုပေမဲ့ သူတို့တွေက ရစေချင်တဲ့ စိတ်နဲ့ ဆုတောင်းပေးတဲ့ဟာက မတော်လောဘ စိတ်နဲ့ ဆုတောင်းပေးတာမဟုတ်ဘူး။
သြော် သူ့ကိုတော့ ရစေချင်တယ်။ သူ နားသွားတယ်။ ကျန်တဲ့ သူတွေကတော့ ဆက်သွားရင် ရနိုင်သေးတယ်။ သူကတော့ နားသွားပြီ ဆိုတဲ့အတွက် ဘာပဲဖြစ်ဖြစ် အမှတ်တရ ဖြစ်ပါတယ်။
မယ်လိုဒီကိုရစေချင်လိုက်တာ ဆိုပြီး Facebook မှာ အဲဒီလို ဆုတောင်းပေးကြတာပါ။ ဘယ်သူနဲ့ ယှဉ်လိုက်ရင်တို့ မင်းသမီးက ရရမယ် ဆိုပြီး ဘယ်သူမှ ဆုတောင်းပေးတာ မဟုတ်ဘူး။ အရမ်း ရိုးစင်းတယ်။ ရိုင်းရိုင်း စိုင်းစိုင်းလည်း တစ်ယောက်မှ မပြောကြဘူး။ ဘယ်သူ့ကို ကျော်ရမယ် ဆိုတာမျိုးလည်း မရှိဘူး”
လို့ ဆိုပါတယ်။

မယ်လိုဒီက အကယ်ဒမီ ရပြီး အနုပညာ အလုပ်တွေ ပြန် မလုပ်ဘဲ အနားယူ သွားတာ ဟာ အနိုင်ပိုင်း လိုက်တယ်လို့ လည်း ပြောကြ ပါတယ်။ အဲဒီ စကားနဲ့ ပတ်သက်ပြီး မယ်လိုဒီ ဆက်လက် ပြောပြတာက “မျိုးမျိုး တခြားလူတစ်ယောက်ကို အနိုင်ယူဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ တခြားသူ မပြောနဲ့ မနေ့ကနဲ့ ဒီနေ့ ကိုယ့်ကိုယ်ကိုတောင် မပြိုင်ဘူး။ မနေ့ကနဲ့ ဒီနေ့ ကိုယ့်ကိုယ်ကို ပြိုင်တယ်လို့ ပြောကြတာတွေ ရှိတယ်။ နောက်ပြီး အကယ်ဒမီရသွားလို့လည်း မျိုးမျိုးအတွက် မထူးဆန်းပါဘူး။
လူတစ်ယောက် ၀မ်းနည်းတာကို မြင်ပြီး ငါဆုရတယ်၊ ငါကျေနပ်တယ်၊ ငါအားလုံးကို နိုင်သွားပြီ ဆိုပြီး မျိုးမျိုး ပျော်မယ် ထင်လို့လား။ မျိုးမျိုး မပျော်ပါဘူး။ ကိုယ်ကသာ ရလိုက်တာ၊ တခြားလူက စိတ် ဆင်းရဲတာ မြင်ပြီး ကိုယ်လည်း တော်တော် စိတ်ဆင်းရဲ တယ်။
သူတစ်ပါး စိတ်ဆင်းရဲတာကို ကြည့်ပြီး မျိုးမျိုး မပျော် တတ်ဘူး။ ရှင်းရှင်း ပြောရရင် မျိုးမျိုး ဆုရတာကို Appreciate ဖြစ်တဲ့သူ ရှိတယ်၊ မဖြစ်တဲ့သူ ရှိတယ်။ မျက်နှာ တွေကို ကြည့်တာနဲ့ကို သိပါ တယ်။
 မျိုးမျိုးလည်း အသက် ၃၀ ရှိပြီ ဆိုတော့ ငယ်ငယ်တုန်းကလိုမျိုး သူက တော့ ငါ့ကို လိုတယ်၊ သူကတော့ ငါ့ကို မလိုဘူး ဆိုတာမျိုး လိုက်ပြီး ခံစားမနေတော့ဘူး။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ အဓိကမှာ ဖြေသာတာ တစ်ခု ရှိတယ်။
နောက်ဆုံး ဆန်ခါတင်မှာ နှစ်ယောက်ပဲ ရှိတော့တယ်ဆိုတဲ့ အချိန်မှာ စိတ်ထဲမှာ ဘယ်လို ဖြစ်လဲဆို တော့ သူတစ်ယောက်တည်း ခံစား လိုက်ရတယ်။ အဲဒီ အပေါ်မှာ မျိုးမျိုးလည်း မျှဝေ ခံစား လိုက်တယ်။ သူများ စိတ်ဆင်းရဲ ရတဲ့ အခါ ကျတော့ မျိုးမျိုးလည်း မပျော်ဘူး။ အိမ်က လူတွေကို မေးကြည့် ပါ သိပါတယ်။ ငါကတော့ ဖြင့် ဘယ်သူ့ကို နိုင်လိုက်ပြီး ငါရခဲ့ပြီ ဆိုပြီး မဖြစ်ပါဘူး။ စိတ်မကောင်းဘူး။

ဒီနေ့လည်း ဘုရားကျောင်း မှာပြော ဖြစ်ပါတယ်။ တစ်ယောက် ယောက် ခံစားနေတာ မြင်ရင် စိတ်မကောင်းဘူး။ ဒါပေမဲ့ ဘာတစ်ခု ကောင်းလဲ ဆိုတော့ ဇာတ်ကားပေါင်း များစွာဆိုရင် မင်းသမီးပေါင်း မြောက်မြား စွာဖြစ်လိမ့်မယ်။ အခု အပြောင်းအလဲ ဖြစ်တဲ့ အချိန် မှာဇာတ်ကား ကလည်း နည်း တယ်။ ပေးစရာ လူကလည်း ရှားတယ်။
အဲဒီထဲမှာမှ နှစ် ယောက်ထဲက တစ်ယောက်ရသွားတယ်။ နို့မို့ဆိုရင် မင်းသမီး မြောက်မြားစွာထဲကဆိုရင် မျိုးမျိုး ဒီထက် ခံစားရဦးမှာ။ ဆုတောင်း မေတ္တာပို့သ သံတွေလည်း ဒီထက် ပိုကြား ရဦးမှာ။ အခုဆိုရင် အိမ်က လူတွေ မေးကြည့်ပါ။ မျိုးမျိုး ရဲ့ အကယ်ဒမီ အရုပ်ကိုတောင် ဘယ်နားမှာလဲလို့ ပြန်မေးနေတယ်။ သက်မဲ့ ဘယ်အရာ မဆို မျိုးမျိုးရဲ့ စိတ်ကို လှုပ်ရှားအောင် မလုပ်နိုင် ပါဘူး။ ချစ်ခြင်း မေတ္တာက လွဲပြီးတော့ မျိုးမျိုးရဲ့ စိတ်ကို ဘယ်အရာ မှ လှုပ်ရှားအောင် မလုပ်နိုင် ပါဘူး။ မျိုးမျိုးရဲ့ စိတ်က ပျော့ပါတယ်။ အဲဒါကို ပျော့ညံ့တယ်ပဲပြောပြော၊ ခံစားလွယ် လိုက်တာ ဘ၀ကို အရှုံးပေး တယ်ပဲ ပြောပြော ရတယ်။ ခံ လိုက်မယ်။ သူလည်း သူ ကြိုးစားတာပဲ။ လူတိုင်း ကြိုးစားကြတယ်။ ရှင်းရှင်းပြောရရင် သူတို့ပြောတာ ထိုက် တန်၏၊ မထိုက်တန်၏ ဆိုတာ နောက်ဆုံးမှာ မျိုးမျိုးနဲ့ အထိုက်တန်ဆုံးက မျိုးမျိုးကို ဆုတောင်းပေးနေတဲ့ လူတွေရှိတယ်။ သူတို့ရဲ့ မေတ္တာတရား ကြောင့် မျိုးမျိုး ရသွားတာပါ။
 ဒီဇာတ်ကားကို စရိုက် ကတည်း က အကယ်ဒမီ ရဖို့ဆိုပြီး လုပ် ခဲ့တာ မဟုတ်ပါဘူး။ ဒါရိုက် တာ ဦးထွန်းအောင်ဇော်ကလည်း မျိုးမျိုးကို အရမ်းခိုင်း ခဲ့တယ်။ ခိုင်းတဲ့ အခါမှာ လည်း ဒီအတိုင်းပဲ ရိုးရိုး လုပ်ခဲ့တာ။
အဲဒီကားရိုက်တော့လည်း ပျော်ပျော် ရွှင်ရွှင် ပေါ့ပေါ့ပါးပါး လုပ်ခဲ့တာ။ ဆရာ ဦးဝင်းငြိမ်းနဲ့ အင်တာဗျူးလုပ်တဲ့အခါမှ ပိုပြီး သိလာရတာက ဇာတ်ပို့၊ ဇာတ်ဆောင် ဆိုပြီး ထုတ်လုပ်သူတွေက တင်တဲ့အပေါ်မူတည်တယ်ဆိုတာ သိလာရတယ်။ ချစ်စနိုးဦးက တကယ်ဆိုရင် ဇာတ်ဆောင် ဆိုပြီး ရသင့်တယ်။ အမှန်အတိုင်း ပြောရရင် မျိုးမျိုး တစ်ခုမှ နားမလည်ဘူး။ ငယ်ငယ်ကတည်းက ပြိုင်တာမျိုး ကို စိတ်မ၀င် စားဘူး။ ပျော့ညံ့တယ်ပဲ ပြောပြော၊ ခပ်ညံ့ညံ့ မိန်းမလို့ပဲ ပြောပြော ပြိုင်တာကို စိတ်မ၀င်စားဘူး။ ပူ လောင်တဲ့ ဟာကိုလည်း မျိုးမျိုး မကြိုက်ဘူး။ အိမ်ပြန်လာ ရင် ပျော်နေမယ်လို့ အားလုံး က ထင်ထား ကြတာ။ မျိုးမျိုး မပျော်ပါဘူး။ လုပ်မိတာ အပြစ်လား၊ ရိုက်မိတာ အပြစ်လားဆိုပြီး တွေးမိပါတယ်။ မျိုးမျိုး ဆုရတိုင်း မတရားရတာဆိုပြီး အပြောခံရတယ်။ Romanson ဘေဘုတ် ကြော်ငြာတက်တော့လည်း အပြောခံရတယ်။ အဲဒီ ကြော်ငြာအတွက်လည်း ကိုယ်ကိုယ်တိုင် ဓာတ်ပုံ ခ အစစ အရာရာ အကုန်ခံပြီး ရိုက်ခဲ့တာပါ။ အဲဒီတုန်းကလည်း အပြောခံ လိုက်ရတာ ရစရာကို မရှိဘူး။ အခုလည်း အဲဒီလိုပဲ။
အကယ်ဒမီက နတ်ကြီးတယ်တဲ့။ မျိုးမျိုးတို့ မှာတော့ ရှင်းရှင်း ပြောရရင် နတ်မရှိဘူး။ ဘုရားပဲ ရှိတယ်။ ဘုရားမှ လွဲပြီး ဆုတောင်းစရာ မရှိဘူး ဆိုတာပဲ ဖြစ်ပါတယ်။ လူတိုင်းက အကောင်းဆုံးကို မျှော်လင့် ကြပါတယ်။
ရတဲ့ဆုက ထိုက်တန်တယ်လို့ အားလုံး က သတ်မှတ် ကြပေမဲ့ အခု မယ်လိုဒီ ရတဲ့ ဆုကတော့ မထိုက်တန်ဘူးလို့ သတ်မှတ်ခံရပါတယ်။
မျိုးမျိုး ရည်း စားထားတာကအစ ထိုက်တန် ၏၊ မထိုက်တန်၏ စဉ်းစားတယ်။ စားတာ၊ သွားတာက အစ ငါ အကောင်းဆုံးမှရမယ်။
ငါ အကောင်းဆုံး ယူမယ်ဆိုတဲ့စိတ် မျိုးမျိုးမှာ မရှိဘူး။ ပြောလို့ ရှိရင်လည်း အလကားပါ။

သူက ရပြီးလို့ ပြောအား ရှိတယ်လို့ ပြောကောင်း ပြောလိမ့်မယ်။ မျိုးမျိုးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေ အားလုံးက မျိုးမျိုးရဲ့စိတ်ကို အားလုံး သိကြတယ်။
Facebook မှာ မျိုးမျိုးနဲ့ အမြဲတမ်း စကား ပြောနေတဲ့ အန်တီကြီးတွေဆိုရင် မျိုးမျိုး မပျော်ဘူးဆိုတာကို သူတို့တွေ သိကြတယ်။ တကယ်ဆိုရင် Facebook မှာ မျိုးမျိုးရဲ့ ပုံတွေ ရှိနေရပြီ။
အခု မျိုးမျိုးရဲ့ Account မှာ ဘာပုံမှ မတင်ထားဘူး။ မျိုးမျိုး မပျော်နိုင်ပါဘူး။ တော်တော်လေးကို စိတ်ရှုပ်ပါတယ်။ လူတွေဟာ အောင်မြင်မှုနောက်ကို လိုက်ရင်း လိုက်ရင်းနဲ့ မေတ္တာ တရားတွေ မရှိကြတော့ဘူး။
တကယ်တမ်းကျတော့ နောက်ဆုံးမှာ ဟန်တောင် မဆောင်နိုင်ကြဘူး။ ကိုယ်က သရုပ်ဆောင်လုပ်တယ် ဆိုပေမဲ့ အပြင် ဘ၀မှာတော့ ဟန်မဆောင်ကြပါနဲ့ ပင်ပန်းပါတယ်”
လို့ မယ်လိုဒီက ဆုရရှိမှုနဲ့ ပတ်သက်ပြီး အများရဲ့ ဝေဖန်မှု အကြောင်း ပြောပြပါတယ်။

 မယ်လိုဒီက ၂၀၁၁ အတွက် ချီးမြှင့်တဲ့ အကယ်ဒမီ ပေးပွဲကို မိခင် ဖြစ်သူနဲ့ တက်ရောက်ခဲ့တာဖြစ်ပြီး ပထမဆုံး အကြိမ် အကယ်ဒမီကို မိခင်နဲ့ အတူ တက်ရောက် ခဲ့တာပါ။ မိခင်နဲ့ အတူ အကယ်ဒမီ ပွဲကို တက်ရောက်တာက အကယ်ဒမီရမယ်ဆိုတာ ကျိန်းသေလို့လားဆိုတာနဲ့ ပတ်သက်ပြီး

 “ရှင်းရှင်း ပြောရရင် နေပြည်တော်မှာ လုပ်တုန်းက သွားရတာလည်း အဆင် မပြေဘူး။ ရှေ့ ဆက်ပြီးတော့လည်း မျိုးမျိုးက လုပ်စရာ မရှိတော့ဘူး။ ဒီ တစ်နှစ်တော့ တက်ပါစေ၊ ဒီ နှစ်မှ မတက်ရင် နောက်နှစ် အတွက် မလွယ် တော့ဘူး၊ တက်ဖူးတယ် ရှိအောင် တက်စေလိုက်တာပါ။ အကယ်ဒမီ ပေးပွဲနေ့မှာ ရုပ်ရှင်လောက အကြောင်းကိုလည်း မျိုးမျိုးအမေ တော်တော်လေး သိသွားရှာပါတယ်။
မျိုးမျိုး ဇာတ်ကားတွေ ရိုက်တုန်းကလည်း ရိုက်ကွင်းကို မခေါ်ပါဘူး။ ကိုယ့်ဟာကိုယ်ပဲ လုပ်ခဲ့ပါတယ်။  အပြောခံတော့လည်း ကိုယ့်ဘာသာပဲ အပြောခံ ခဲ့တယ်။ အမေ မပါလို့ဆိုပြီး ပက်ပက် စက်စက် အပြောခံခဲ့ရတယ်။
အကယ်ဒမီရတယ် ဆိုတာ တန်၏၊ မတန်၏ ဆိုတာ တကယ်ဝင်ပြီး ရိုက်ကြည့်လိုက်ပါ။ အခန်းနည်းလို့ မပေး ချင်ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။

 ဒီဇာတ်ကားမှာ အိုက်တင် မကောင်းဘူး ဆိုပြီး သူလုပ်တာ လွယ်လွယ်လေးပါ၊ စိတ်ခံစားမှု မပါဘူးလို့ ပြောချင်လည်း ပြောပါ။ စိတ်ခံစားမှု မပါဘဲ ဒီအတိုင်း ပေးချင်လို့ ပေးလိုက်တယ် ပြောရင် အဲဒီ ဇာတ်ကောင်စရိုက် နေရာမှာ ၀င်ရိုက် ကြည့်ပါ။
အဲဒီစကားကို ဘာလို့ ပြောတာလဲ ဆိုတော့ အဲဒီကား ရိုက်ချိန်တုန်းက အရမ်း ရိုးရှင်းပါတယ်။ ဒါရိုက်တာကလည်း ကိုယ့် အပေါ် ကောင်းတာပါ။  အဲဒီ ဇာတ်ကားမှာ ကြည့်ကြည့် လိုက်ပါ။ မျိုးမျိုး ကင်မရာ ခိုးတယ် ဆိုတာမျိုးလည်း  မရှိပါဘူး။ မအေးချစ်က မအေးချစ် အတိုင်းပါပဲ၊ မယ်လိုဒီ မပါပါဘူး။ နှစ်ယောက်ပြိုင်ရိုက်လို့ ကိုယ်အရုပ်ပိုရအောင် ဆိုပြီး လုပ်ခဲ့တာလည်း မရှိပါဘူး”
လို့ မယ်လိုဒီက ဆိုပါတယ်။

မယ်လိုဒီက ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့မှာတော့ တွံတေးမှာရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း မှာ အလှူတစ်ခု ပြုလုပ်ဖြစ်ခဲ့ပါတယ်။
ဘုရားကျောင်းကိုလာတဲ့သူတွေအပြင် အနီး အနားမှာရှိတဲ့သူတွေကိုလည်း အလှူဒါန ပြုခဲ့တာ ဖြစ်ပါတယ်။

ရွှေအမြုတေမဂ္ဂဇင်းအတွက် ဓာတ်ပုံများကို ဓာတ်ပုံ ၀ဏ္ဏခွာနီးက အချိန်ပေး ရိုက်ကူးပေးတဲ့အတွက် ကျေးဇူးတင်ရှိသလို မယ်လိုဒီကိုလည်း ကျေးဇူးတင် ရှိပါတယ်။
 

ရွှေအမြုတေ မဂ္ဂဇင်း အွန်လိုင်း www.shweamyutay.com ကနေ ကူးယူ ဖော်ပြပါတယ်။























--

2 comments :

  1. Unknown said... :

    All of our family members love u ma ma melody .

  1. Anonymous said... :

    blessed u.GOD's grace is sufficient for u.don't care about your prize.we can't take in the haven.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved