အိမ်ထောင်ဆက်များသော သမ္မတဟောင်းဦးစိန်လွင်

Friday, April 26, 2013




သမ္မတဟောင်း ဦးစိန်လွင်နဲ့ ပတ်သက်တဲ့ မြေအမှု ကြော်ငြာ ၂ ခု ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာ့အလင်းသတင်းစာမှာ ဆက်တိုက် ပါဝင်လာပါတယ်။

ဦးစိန်လွင် အမည်ပေါက်တဲ့ ကော့ကရိတ်မြို့ကမြေကွက် အရောင်းအ၀ယ်လုပ်တော့မယ်၊ ကန့်ကွက်ချင်တယ် ဆိုရင် ၇ ရက်အတွင်း ကန့်ကွက်ပါ ဆိုတဲ့ ရှေ့နေတယောက်ရဲ့ ကြော်ငြာကို ၂၀ ရက်နေ့က တွေ့ရမှာပါ။
 
ဦးစိန်လွင် ဒုတိယဗိုလ်မှူးချုပ်ဘ၀က ရရှိထားတဲ့မြေကွက်ဖြစ်ဟန်တူပါတယ်။ ကြော်ငြာမှာ အဲဒီရာထူးနဲ့ ဖော်ပြထားပါတယ်။

မြေကွက်ရောင်းမယ့်သူတွေက ဦးစိန်လွင် နဲ့ "တစ်ဦးတည်းသော တရားဝင်ဇနီး" ဒေါ်တင်တင်လှိုင်ရဲ့ သားသမီးတွေပါ တဲ့။ စရံငွေတချို့တောင် ယူပြီးပြီ လို့ ဆိုတယ်။

၂၄ ရက်နေ့မှာတော့ ကန့်ကွက်တဲ့ကြော်ငြာ မြန်မာ့အလင်းမှာ ပေါ်လာတာ တွေ့ရမှာပါ။

ကန့်ကွက်တဲ့ကြော်ငြာမှာတော့ ဦးစိန်လွင်ကို ဗိုလ်မှူးချုပ်အဖြစ် ဖော်ပြထားပါတယ်။
ဒေါ်တင်တင်လှိုင်ကို "တစ်ဦးတည်းသော တရားဝင်ဇနီးဟု ဖော်ပြထားသည်မှာ မှားယွင်းနေပါသည်"  လို့လည်း ထောက်ပြပါတယ်။
တတိယမြောက်ဇနီးသာ ဖြစ်ပါတယ် တဲ့။


ဒီကြော်ငြာတွေမှာ ပါဝင်တဲ့ အချက်အလက်တွေ မှန်တယ်ဆိုရင် သမ္မတဟောင်း ဦးစိန်လွင်က ဇနီး အရေအတွက် ၃ ယောက် ရှိတယ်ဆိုတဲ့သဘောပေါ့။

ဦးစိန်လွင်က မဆလခေတ် နိုင်ငံတော်အကြီးအကဲ ဦးနေ၀င်းရဲ့ လက်ရုံးကြီးပါ။
ဆရာသမား ဦးနေ၀င်းနဲ့ တူညီတဲ့ သဘာဝတွေထဲမှာ မကြာခဏ အိမ်ထောင်ပြုတာလည်း ပါဝင်တယ်လို့ ကောက်ချက်ချနိုင်မှာပါ။

(နိုင်ငံတော်သမ္မတကြီးဦးစိန်လွင်၊  နိုင်ငံတော်အကြီးအကဲ ဦးနေ၀င်းတို့ရဲ့ နိုင်ငံရေး စွမ်းဆောင်ချက်တချို့အကြောင်း ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ဖူးပါတယ်။
http://blog.irrawaddy.org/2012/07/blog-post_01.html မှာပါ။)

ဒီရဲ့ နိုင်ငံတော်အကြီးအကဲ ၂ ယောက် ဘယ်သူက အိမ်ထောင်ဆက် ပိုများသလဲ ဆိုတာတော့ မသိရပါ။

နိုင်ငံတော်သမ္မတကြီးဦးစိန်လွင်က ခပ်ရိုးရိုးပဲ နေခဲ့ဟန် တူပါတယ်။
သူ့အကြောင်းကို မြန်မာပြည်တွင်းက စာနယ်ဇင်းတွေမှာ မတွေ့ရပါဘူး။ အခုမှ သတင်းစာကြော်ငြာမှာ တွေ့ရတာပါ။

ကျေးဇူးရှင်စာပေစိစစ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက် မလိုဘဲ စာအုပ်တွေ ထုတ်နိုင်ပြီ ဆိုတော့ နိုင်ငံတော်သမ္မတကြီးဦးစိန်လွင်အကြောင်း ရေးသား ထုတ်ဝေတာမျိုးလည်း ပေါ်လာလိမ့်မယ်လို့ ယူဆရပါတယ်။



.

2 comments :

  1. Anonymous said... :

    မိုဘိုင်းဖုန်း ဆင်းကတ် ကို ကျပ် ငါးထောင်နဲ့  ထုတ် ပေးမယ်လို့  စပြောခဲ့တဲ့ သူကလည်း ဦးစိန်လွင် ရဲ့  သားပဲလေ၊ အိမ်ထောင်ဆက်ဘယ်လောက်ရဲ့ သားလည်းတော့ မသိဘူး။

  1. Unknown said... :

    ဆန်တစ်ပြည် ၁၅ ပြား စိန်လွင် သေမှစားဆိုပြီး ငယ်ငယ်တုန်းက အော်ခဲ့ဖူးတာ သတိရတယိ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved