မရှိမဖြစ် တောင်ဘက်ဘုရားရေကန်

Monday, May 13, 2013





နွေရာသီရောက်တိုင်း မြန်မာပြည်က နေရာဒေသတော်တော်များများမှာ ရေရှားပါးမှုပြဿနာတွေနဲ့ရင်ဆိုင်ကြရပါတယ်။
အဲဒီထဲမှာ ပဲခူးတိုင်း၊ က၀မြို့နယ် အုန်းနှဲကျေးရွာလည်း ပါဝင်ပါတယ်။

ဒေသခံတွေဟာ ရွာနဲ့ အတန်ငယ်ဝေးတဲ့ နေရာကိုသွားပြီး ရေခပ်ဆင်းနေကြရတာပါ။

“ဒီရေကန်က ရွာနဲ့ဆို နှစ်ဖါလုံလောက်ဝေးတယ်လေ ကျမတို့ဆို အရမ်းပင်ပန်းတယ် အိမ်မှာလေ သုံးရတာ ရေကလည်း နည်းနည်းကုန်တယ်ဆိုတော့၊
မိန်းမလေးတွေပဲဆိုတော့၊ အိမ်မှာက မိန်းကလေး ငါးယောက် ကျန်တဲ့သူတွေက အသက်ကြီးတဲ့ သူတွေပဲ။ ညီမနဲ့ နှစ်ယောက်အတူထမ်းတယ်၊
 တရက်ကို အခေါက် ၂၀ လောက်ထမ်းရတယ်” လို့ နေ့တိုင်းပုံမှန်ရေခပ်ဆင်းနေတဲ့ အုန်းနှဲရွာသူ မလဲ့လဲ့ဌေးက ပြောပါတယ်။


ရေခပ်ရင်း လမ်းတ၀က်မှာ ခဏနား အမောဖြေနေကြတဲ့ အုန်းနှဲရွာသူများ

ညနေခင်း နေကျချိန်မှာ ခြောက်သွေ့နေတဲ့ လယ်ကွင်းပြင်တွေကို ဖြတ်ပြီး အဝါရောင်ရေပုံးတွေကို ထမ်းလျက် ရေခပ်ဆင်းလာတဲ့ အုန်းနှဲကျေးရွာက
ရွာသူ ရွာသားတွေကို တွေ့ရပါလိမ့်မယ်။


ရေထမ်းနေကြတဲ့ အုန်းနှဲရွာသူ၊ရွာသားများ


အများဆုံး ရေခပ်ဆင်းလာတဲ့သူတွေက အမျိုးသမီးတွေဖြစ်နေကြပါတယ်။
သူတို့တွေဟာ အိမ်မှာမိသားစု သောက်သုံးဖို့အတွက် ရေခပ်ဆင်းနေကြတာလည်းဖြစ်ပါတယ်။

ရေကန်တစ်ခုလုံး ကြာပင်တွေနဲ့ ပြည့်နေတာပါ။
 အစိမ်းရောင်ရှိတဲ့ ဒီရေကန်ဟာ ရွာတောင်ဘက်က ဘုန်းကြီးကျောင်းနောက်မှာ ရှိတဲ့အတွက် တောင်ဘက်ဘုရား ရေကန်လို့ ခေါ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

ကြာပန်းတွေပြည့်နေတဲ့ တောင်ဘက်ဘုရားရေကန်

အုန်းနှဲကျေးရွာသားတွေအတွက် သောက်ရေနဲ့ သုံးရေအတွက် ရွာထဲမှာ ရေကန်တွေ အများကြီး ရှိနေသော်လည်း  ရာသီဥတုပူပြင်းတဲ့ နွေရာသီမှာ ရေတွေ ကမ်းခြောက်ကုန်တယ်၊ ဒါကြောင့် ဒီကန်ကိုသာ အားထားနေရတယ်လို့ ရေခပ်ဆင်းလာတဲ့ မနန်းခိုင်က ပြောပါတယ်။

“သမီးတို့ မွေးကတည်း ဒီအသက် ဒီအရွယ်အထိ ရောက်ပြီ။ ဘယ်တော့မှ မခမ်းဘူး။ ဒီကန်က ဘယ်ရွာက လာခပ်ခပ် ဘယ်တော့ မခမ်းဘူး”

ဒီကန်ရှိနေတဲ့အတွက် အုန်းနှဲရွာသူရွာသားတွေ ရေပြတ်လပ်မှုဘေးက ကင်းဝေးနေတာကြောင့် ဒေသအတွက် အဖိုးမဖြတ်နိုင်တဲ့ ရေကန်တခုဖြစ်နေပါတယ်။

“ရွာနားမှာ ကန်လေးတွေ ကုန်သွားတဲ့ အခါကြတော့ ဒီကန်ကြီးက အမြဲတမ်း ဒီကန်ကြီးက ကိုယ့်ရဲ့ အသက်ပဲပေါ့။
 ဒီမှာတော့ အကုန်ထမ်းကြတာပဲ ဒီက ရွာသူ ရွာသားတွေလည်း ထမ်းတယ် တရွာသားတွေလည်း လာထမ်းကြတယ် အကုန်လုံးပေါ့ လူစုပြီးတော့။ ”
ရေခပ်လာတဲ့ အသက် ငါးဆယ်အရွယ် အုန်းနှဲရွာသူ ကပြောပါတယ်။

“ဒီပြင် ကန်တွေ ရှိနေတာတောင်မှ ဒီကန်မှာ သောက်ရေက လာခပ်နေကြတာပဲ။ ...
တပို့တွဲလ လောက်ကနေစပြီး လိုချင်ရင် ဒီကန်ရေပဲ သောက်ရေ သုံးတယ်၊
များသောအားဖြင့် ဘေးရွာတွေကလည်း လာတော့မယ်၊ နောက်ကျရင် လှည်းတွေ ကားတွေနဲ့ ရေလာခပ်တော့မယ်” လို့ ရေခပ်လာတဲ့ အုန်းနှဲရွာသားက ပြောပါတယ်။

အိမ်တွေမှာ ကိုယ်ပိုင်ရေတွင်း ရေကန် မရှိတဲ့အတွက်  ညနေစောင်း နေကျချိန်မှာ လူစုပြီး ရေခပ်ဆင်းတာဟာ ရွာရဲ့ ဓလေ့တခုလိုဖြစ်နေတယ်လို့
သူတို့တွေက ပြောပါတယ်။
 ဒီ ကန်ရေကို သောက်သုံးဖို့ အတွက်တော့ ညသိပ်ထားရတယ်လို့ မနန်းခိုင်က ဆက်ပြောပါတယ်။
“ရေကို တစ်ညသိပ်တော့ အိုးထဲမှာ လှောင်လှောင်ထားပြီးတော့ သောက်ကြတာပေါ့။ ရေစစ်နဲ့ စစ်ပြီးတော့။
တစ်ညလောက်နေလို့ချင်ရင် ရေက ကြည်စိမ်းနေတာပဲ၊ အေးလည်း အေးတယ်။”

ဒီရေကန်ကို ရွှေကျင်းကျောင်းတိုက်က ဆရာတော် ဦးဆန္ဒသီရိက ထိမ်းသိမ်း စောင့်လျှေက်ထားတာဖြစ်ပြီး အုန်းနှဲ ကျေးရွာထဲက အိမ်ခြေပေါင်း ၃၀၀ ကျော်က  အားထားနေကြပါတယ်။
ဒါ့အပြင် ပတ်ဝန်းကျင် ရွာတွေဖြစ်တဲ့ ခမဲပင်၊ အောင်ဇေယျ၊ အောင်ကောင်းညွှန့်၊ ဗူဒူ၊ ဒမတတ်စတဲ့  ရွာတွေထဲက ဒေသခံတွေဟာလည်း  သောက်သုံးရေအတွက် လှည်းတွေနဲ့ လာရောက် ခပ်ယူလျက် ရှိတယ်လို့ သိရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved