ဦးဝိရသူအား TIME ဖော်ပြမှု အစိုးရ ကန့်ကွက်

Monday, June 24, 2013

အမေရိကန် အခြေစိုက် TIME က ဇူလှိုင်လ ၁ ရက်နေ့ ထွက်မယ့် မဂ္ဂဇင်း မျက်နှာဖုံးမှာ မန္တလေးက ဦးဝိရသူရဲ့ ဓာတ်ပုံကို ဖော်ပြပြီး The face of Buddhist Terror အမည်နဲ့ ဆောင်းပါးဖော်ပြခဲ့တာကို ယမန်နေ့က သမ္မတရုံး ၀က်ဆိုက်မှာ ကန့်ကွက်ကြောင်း မြန်မာဘာသာဖြင့် ဖော်ပြလာပါတယ်။ 


ယခင် စစ်အစိုးရများကတော့ ရဟန်းသံဃာတော်များနဲ့ပတ်သက်ပြီး အစိုးရက ကန့်ကွက်တာ မရှိဖူးပါဘူး။  ဒါဟာ ပထမဆုံး ရဟန်းသံဃာ တပါးဘက်က ရပ်တည်ကန့်ကွက်လိုက်တာလည်း ဖြစ်ပါတယ်။ 

ထူးခြားတာကတော့ သမ္မတရုံးဝက်ဆိုက်က အဆိုပါကန့်ကွက်မှုကို မြန်မာဘာသာ တမျိုးတည်းဖြင့်သာ ကန့်ကွက်ဖော်ပြထားပြီး အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ ဖော်ပြထားခြင်း မရှိတာပါ။ 

ဒီလို အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ ဖော်ပြမထားမှုက စိတ်ဝင်စားစရာဖြစ်ပါတယ်။ 

အပြည့်အစုံကို ပြန်လည် ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

နေပြည်တော် ဇွန် ၂၃
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ "THE FACE OF BUDDHIST TERROR" ဆောင်းပါး အား ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှု မရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသော်လည်း၊  ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊  ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများ ဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဌာန်းထားသည်။

ဗုဒ္ဓဘာသာသာသနာသည် ကံနှင့် ကံ၏ အကျိုးကို လည်းကောင်း၊ ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ရရှိ သည့် အသိအမြင်ကို အခြေခံ၍ လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် ဘာသာတရား ဖြစ်သည်။ 

ဗုဒ္ဓ၏ သားတော်များ ဖြစ်သည့် သံဃာတော် များသည်လည်း (၂၂၇) သွယ်သော သိက္ခာပုဒ်တို့ကို လိုက် နာစောင့်ထိန်း ကြရပြီး သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် နှစ်ပေါင်း ထောင်နှင့် ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ် ခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် “၉၆၉” အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော် (၉) ပါး၊ ဗုဒ္ဓတရားတော်၏ ဂုဏ်တော် (၆) ပါးနှင့် သံဃာတော် တို့၏ ဂုဏ်တော် (၉) ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည် ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင် မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကို လည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလူ့ဘောင်သို့ အသွင်ကူးပြောင်းစ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော်အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူများ ပူးပေါင်း၍ ကြိုးပမ်း တည်ဆောက်နေသောအချိန် ဖြစ်သည်။ ကိုးကွယ် ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ်မွေ့နက်နဲသော အကြောင်းခြင်းရာများ ဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူး အလေးထား ဆောင်ရွက် သင့်ကြောင်း တွေ့ရသည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင် ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်း ကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ THE FACE OF BUDDHIST TERROR  ဆောင်းပါး ရေးသားဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း ဖော်ပြအပ်ပါသည်။



1 comments :

  1. Anonymous said... :

    မင်းတို့အဖွဲတွေက တော်တော်လဲ တရားကျဖို့ကောင်းပါ

    ပါတယ် ဘာဖြစ်လို့လဲဆိုတော့ မင်းတို့အဖွဲ့တွေဟာ တ

    ကယ့်ကို လူမျီုနဲ့ဘာသာ သာသနာကိုဖျက်ဆီးဖို အမျီုး

    မျီုးလုပကြံဖန်တီးပြီ ဟိုလူနှင့်လှည့်တိုက် ဟိုအဖွဲ့နှင့်

    လှည့်တိုက် နောက်ဆုံးဘာသာဝင်အချင်းချင်လဲ ဟိုလူ

    ကဘာဖြစ်တယ် ဒီပုဂ္ဂိုလ်ကဘာဖြစ်တယ်နဲ့ မင်းတို့ရဲ့

    ယုတ်မာကောက်ကျစ်မှုတွေက တော်တော်လဲနည်းပေါင်း

    စုံနေပါပြီ ဒါကိုဒို့ပြည်သူတွေအားလုံးကသဘောပေါက်

    နေပြီ။

    နောက်ဆုံးဘုရားလဲမနေရ သံဃာလဲမနေရ နောက်ဆုံး

    တရားကိုလဲ လုပ်ကြံဖန်တီပြီဖျက်ဆီနေပါပြီ။

    မင်းတို့သိထားရမှာက တို့လူမျီုးတို့ဘာသာ သာသနာကို

    တို့ကိုယ်တိုင် ကာကွယ်မှရတော့မှာပါ။

    မင်းတို့ဟာတကယ်တော့ မင်းသားခေါင်းဆောင်းထားတဲ့

    ဘလူး တွေဆိုတာ အားလုံးနားလည်နေကြပါပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved