မိုးကုတ်ကျောက်သူဌေး ဦးယောဆက်နဲ့ အင်တာဗျူး (ဒုတိယပိုင်း)

Thursday, August 1, 2013


မိုးကုတ်မြို့ကို ရောက်တဲ့အခါ ဧက တရာကျော် ကျယ်တဲ့ တောင်ကုန်းတခုပေါ်က ရွှေလိပ်ပြာဟိုတယ်ကို သတိပြုမိကြမှာပါ။
ရွှေလိပ်ပြာက မိုးကုတ်ရဲ့ အထင်ကရနေရာတခု ဖြစ်သလို ပိုင်ရှင်  ဦးယောဆက်ကလည်း အထင်ကရ လုပ်ငန်းရှင်ကြီိးပါပဲ။
မိုးကုတ်ရွှေလိပ်ပြာမှာ သူ့နဲ့ တွေ့ဆုံမေးမြန်းထားတာတွေထဲက ပထမပိုင်းကို မနေ့က ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။
ဒီကနေ့ ဒုတိယ နဲ့ နောက်ဆုံးပိုင်းကို ဖော်ပြလိုက်ပါတယ်။  
 



ဦးယောဆက် (ဓာတ်ပုံ - စည်သူလင်း)


 
ဒီမြို့ရဲ့ စီးပွားရေးအခြေအနေ ဘယ်လို ရှိသလဲ။

ထမင်းငတ်တာ ကျနော်တို့မြို့ပဲ။
သူများ နိုင်ငံခြားသားတွေ လာချင်လွန်းလို့ ဒီကို။ တရုတ်ပြည်ကနေလည်း လာချင်တယ်။ တရက်ကို နိုင်ငံခြားဧည့် အများကြီး လာနိုင်တယ်။
မိုးကုတ်မြို့ရဲ့ ပတ္တမြားက ကမ္ဘာမှာ အကောင်းဆုံးပဲ။  ကျနော်တင် မဟုတ်ပါဘူး၊   ကျန်တဲ့သူတွေလည်း ဟိုတယ်တွေ ဆောက်၊   အများကြီးဆောက်။ နောက်ဆိုရင် တဲကုတ်လေးတွေ ဆောက်ပြီး ခရီးသွားလုပ်ငန်းမှာ လုပ်ကြ၊   အားလုံး အလုပ်လည်း ရတယ်။

ခရီးသွားလုပ်ငန်း ဘယ်တော့ ဖွင့်ပေးမယ် ထင်သလဲ။
ကျနော်ကတော့ မျှော်လင့်ချက် ထားတယ်။ ကြိုတင်ပြီးတော့လည်း ဒီဟိုတယ်ကို ဆောက်တယ်။
ပိုက်ဆံရဖို့ ဆိုတာထက် ကိုယ့်မြို့ကို နိုင်ငံခြားသားလာရင် သိက္ခာမကျအောင်ပေါ့၊   တော်လှန်ရေးကောင်စီတက်ပြီး မဆလခေတ်မှာ ဆင်းရဲလေ ကြိုက်လေပဲ၊   ဒီလမ်းတလျှောက်မှာ ဘယ်မှာလဲ အိမ်သာကောင်းကောင်း၊   သန့်သန့်ရှင်းရှင်း ဘာမှ မရှိဘူး။
လူနေမှုအဆင့်အတန်းမှာ အိမ်သာကလည်း အရေးကြီးတယ်၊   ထိုင်းနိုင်ငံကို ၁၉၈၀ ကျော်မှာ သွားတော့ အရမ်း ကောင်းနေပြီ။ အဝေးပြေးကားလမ်းဓာတ်ဆီဆိုင်တွေနဲ့ အိမ်သာ၊   ကျနော်တို့ဆီမှာ မရှိဘူး။
ကျနော်တို့မြို့မှာလည်း ဒီလိုပဲ ဖြစ်စေချင်တယ်။ နိုင်ငံခြားသားလာသည် ဖြစ်စေ၊   ဘယ်သူလာသည်ဖြစ်စေ ... အဆင့်အတန်းလေးတခု ရှိတာကို မြင်စေချင်တယ်။ ကျနော်တို့ကို တအားကြီး အထင်သေးတာမျိုး မဖြစ်စေချင်ဘူး။ 
 

ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတခု (ဓာတ်ပုံ - လောအယ်စိုး) 
 ဒီမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုက အစိုးရ ဖွင့်ပေးတဲ့အပေါ် မူတည်တယ်။ ကျနော့်ဟိုတယ် လူပြည့်ဖို့ ပြောနေတာ မဟုတ်ဘူး။ ဟိုတယ်မှာ အခန်း ၂၅ ခန်းပဲ ရှိတယ်။ နောက်ထပ် ဟိုတယ်တွေ ဆောက်စမ်း၊   နိုင်ငံခြားသားတွေ လာစမ်း၊   ကိုယ့်အိမ်မှာ တည်းခိုခန်း ဖွင့်လိုက်ဗျာ၊   နှစ်ယောက် သုံးယောက်လောက် လက်ခံမယ်၊   ဒီလိုမျိုးပေါ့ဗျာ ဖြစ်စေချင်တာကို ပြောတာပါ။
တချို့ဒေသတွေမှာ ဧည့်သည်သွားလည်ရင် တဲကုပ်လေးမှာ တည်းတယ်၊   ပြီးရင် သူတို့ သုံးလေးငါးယောက်က တယောက်ကို ၅၀ လောက် ဖြုန်းသွားရင်  သုံးယောက်ဆို ဒေါ်လာ ၁၅၀။ ဒေါ်လာ ၁၅၀ ဆိုတာ ကျပ် တသိန်းကျော်ပြီ။
ဒုတိယတခုက သူတို့လာတဲ့အတွက် ဌာပွဲ (ကျောက်ပွဲ)။ ကျနော်ကိုယ်တိုင် ဌာပွဲ ဘ၀ကနေ လေ့ကျင့်လာတာ။ ဒီနေ့ဝယ်တယ်၊   သွေးသင့်တာ သွေးတယ်၊   ရောင်းသင့်တာ ပြန်ရောင်းတယ်၊    ဒီလို လေ့ကျင့်ပြီး တက်လာတာ။ မိုးကုတ်သူ မိုးကုတ်သားတွေ ဒီဌာပွဲကို တယောက်မှ မကင်းဘူးဗျာ။
ဦးအောင်သိန်းတို့လည်း ဌာပွဲ ဆိုရင် ရုပ်ရှင်ရုံနားမှာ ဌာပွဲကို တိုးခဲ့ရတာပဲ။ ဒီက ချမ်းသာသမျှလူတွေ ဒီလိုပဲ ဌာပွဲမှာ လေ့ကျင့်လာတာ၊   ရောင်းလာတာ၊   ၀ယ်လာတာ၊   တိုးတက်လာတာ၊   အဲဒီခေတ်က မဆလခေတ်။ အဲဒီခေတ်ကမှ တော်တော် အဆင်ပြေသေးတယ်။
အခု လူတွေက ဆင်းရဲလာတယ်၊   ဒီကျောက်ကို မန္တလေး ယူသွားရောင်းရအောင် သူ့မှာ မရောင်းရရင် လမ်းစရိတ် ကုန်မယ်၊   သွားလည်း သွားကြမှာပါ၊   ကုန်ခဲ့တဲ့သူလည်း အများကြီး ရှိမှာပါ။
နိုင်ငံခြားသား လာတဲ့အတွက် သူတို့က မိုးကုတ်ကျောက်ကို ၀ယ်တယ် ဆိုရင် ဒေါ်လာ ၁၀၀၊   ၂၀၀ ဆိုတာဗျာ ... သူတို့ ကလေးကစားတဲ့ဟာ။ ဒီလိုလူတွေ အများကြီး ဆိုရင် ဒီမြို့မှာ ဟိုတယ်တွေ ဆောက်ကြ၊   ဂေါ်ရခါးလူမျိုးတွေလည်း ဂေါ်ရခါးအိမ်လေးတွေဆောက်၊   ကျနော့်ဟိုတယ်မှာ ၂၅ ခန်းပဲ ရှိတယ်၊   တခန်းကို ၂ ယောက်တည်းမှ ဧည့်သည် ၅၀ ပဲ ရမယ်။

ခရီးသွားလုပ်ငန်းကနေ ဆိုးကျိုးတွေ ရှိတာကိုရော ကြိုတွက်ထားသလား။
စာထဲမှာလည်း ဖတ်ဖူးပါတယ်၊   နိုင်ငံခြားသား လာမယ် ဆိုရင်  ... အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ၊   ကလေးတွေ၊   ကျနော်တို့ သားသမီးတွေပေါ့၊   လိင်နဲ့ပတ်သက်တာတွေ အများကြီး ကြုံတွေ့ရမှာ။ သေချာတယ် အဲဒါကတော့။
ဒါပေမယ့် ကျနော်တို့မြို့က အသိုင်းအ၀ိုင်းလေးတွေ ကိုယ်စီ ရှိတယ်၊   ရပ်ကွက်အဖွဲ့ ဘာသာရေးအဖွဲ့တွေနဲ့ ထိန်းထားတာ ရှိတယ်၊   ကျနော်တို့ အဲဒီမှာ နည်းနည်းလေး အားစိုက်ရမယ်။
ဒီလိုမျိုး လူတွေ ပါလာမယ်၊   အကောင်းထဲက အဆိုးလည်း ရှိမှာပဲ။ ကာကွယ်ရမှာပဲ။
ပြီးတော့ ကျနော်တို့လူတွေက ကျောက်အတု ရောင်းမှာကိုလည်း  ကာကွယ်ရမှာပဲ။ ဒါကိုတော့ လုံးဝ အဖြစ်မခံဘူး။ ကျောက်က တထောင်တန်တယ်၊   သူက တသိန်းနဲ့ ၀ယ်သွားတယ်၊   ၀ယ်သွားပါစေ၊   ဒါ မိုးကုတ်ကျောက် အစစ်၊   သူကြိုက်လို့ သူဝယ်တာ၊   လိမ်ရောင်းတာ မဟုတ်ဘူး၊   ပစ္စည်းအတု လိမ်ရောင်းတာကိုတော့ ကျနော်တို့ ဘယ်လို ကာကွယ်မလဲ၊   တာဝန် ဘယ်လို ယူမလဲ။ 


 ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတခု (ဓာတ်ပုံ - လောအယ်စိုး) 

 နိုင်ငံခြားဧည့် မိုးကုတ်ကို လာခွင့်ပိတ်ထားတယ်၊   ဘာကြောင့် ဖွင့်ပေးရမှာလဲလို့ မေးရင် ဘယ်လို ဖြေမလဲ။
ပိတ်ထားတဲ့ ရည်ရွယ်ချက်က ဘာလဲ၊   ဘာကိုပိတ်တာလဲ။ ဥပမာ ... ကချင်ပြည်ကကျောက်စိမ်း အရွယ်အစား ဆင်လောက် ရှိတဲ့ဟာ တရုတ်ပြည် ရောက်နေပြီ။
(အရွယ်အစား သေးတဲ) မိုးကုတ်ကျောက်ကိုလည်း ခိုးထုတ်သွားမှာကို စိုးရိမ်တယ် ဆိုရင် ဒီကျောက်က ဘယ်လိုယူယူ ယူသွားလို့ ရနေတာပဲ။
ပိတ်လိုက်တဲ့အတွက် လူတွေက ပိုခိုးထုတ်တယ်၊   ဒီမှာ အရောင်းအ၀ယ်လုပ်ခိုင်း၊   ကျနော်တို့ဆီကလူတွေ ပွဲခရအောင် ယူဗျာ၊   လာ နိုင်ငံခြားသားတွေလာ၊   ခေါ်စမ်း၊   ရောင်းစမ်း၊   အစိုးရလည်း အခွန်ရတယ်၊   ဘယ်လောက်ကောင်းလဲ၊   အခုတော့ ဈေးကွက်က မဖြစ်သင့်တဲ့နေရာမှာ သွားဖြစ်နေတယ်။ ရန်ကုန်၊   မန္တလေး၊   တာချီလိတ်မှာ မိုးကုတ်ကျောက် ရှိတယ်၊   ထိုင်းမှာလည်း ရှိတာပဲ၊   ဟောင်ကောင်ကိုတောင် ရောက်နေပြီ။
ကျောက်ကြီးကျောက်ကောင်းဆိုတာ ဘယ်နှစ်ပွင့်မှ မထွက်ဘူး၊   တသောင်းနှစ်သောင်း၊   တထောင်နှစ်ထောင်၊   ဒါတွေက အများဆုံး ဌာပွဲမှာ ရှိတာ၊   အကြီးကြီးထက် ဒါက အရေးကြီးတယ်၊    ကျနော်တို့ ဌာပွဲ ပိုစည်လာမယ်၊   နိုင်ငံခြားသားကို ခုတ် (ဈေးတင်ရောင်း)၊   မိုးကုတ်ကျောက်ဖြစ်ဖို့တော့ တာဝန်ယူ၊   ၀ယ်မှာပဲ။ ကျောက်တပွင့်ရဲ့ဈေးက ကျနော် တသိန်း မြင်တယ်၊   သူများက သိန်းတရာ မြင်တယ်၊   အခုထက်ထိ ဖြစ်တုန်းပဲ၊   ကျောက်ဈေး မရှိဘူး၊   ကြိုက်ရင် ကြိုက်ဈေးပဲ။
ကျနော့်မှာ ဟိုတယ်ရှိလို့ နိုင်ငံခြားသား လာစေချင်တယ်ဆိုတာ မဟုတ်ပါဘူး၊   အခန်း ၂၅ ခန်းပဲ ရှိတယ်၊   ရန်ကုန်ကဟိုတယ်မှာတော့ အခန်းက ၁၀၀ ၀န်းကျင် ရှိမှာပေါ့၊   ဒါ စီးပွားရေးပဲ၊   ၀န်ထမ်းတွေကို လစာပေး၊   အဲ .. တခုတော့ ရှိတယ်၊   (မိုးကုတ်ကို) တကယ်တမ်း ဖွင့်ရင် ကျနော်တို့လည်း ဆောက်ဖို့ ပြန်စီစဉ်ရမှာပေါ့၊   ကျနော်တို့ဆောက်သလိုပဲ ကိုယ့်မြို့ကလူတွေ ဆောက်လေဗျာ၊   ဒီကနေပြီး မိုးမိတ်မြို့၊   မိုင်းလုံမြို့၊   ပလောင်တိုင်းရင်းသား ရှမ်းတိုင်းရင်းသား နေတဲ့နေရာသွားမလား၊   ကိုယ့်ဘက်က လုပ်ထားဖို့ လိုတယ်။ အားလုံး အကျိုးရှိတယ်။
ထိုင်းမှာ သွားလေ့လာတော့ တောထဲမှာ ဆင်စီးပြီး လျှောက်သွားနေတဲ့ နိုင်ငံခြားသားဧည့်သည်တွေ အများကြီး တွေ့တယ်။  


မိုးကုတ်မြို့က ဌာပွဲတခု (ဓာတ်ပုံ - လောအယ်စိုး)

မြို့လယ်က ရေလယ် မှုံကွင်းမှာ ဌာပွဲ ထားမယ်၊   ကျောက်မျက်ပြတိုက်ဆောက်မယ်လို့ သိရတယ်။ ဒါနဲ့ပတ်သက်လို့ ဘာပြောချင်သလဲ။

ပြီးပြီးရောလုပ်လိုက်မှာကိုတော့ စိုးရိမ်တယ်၊   မြို့အတွက် လုပ်တာတော့ အားပေးပါတယ်။ အိန္ဒိယ၊   တရုတ်ပြည်က တိုက်တွေ ပြိုကျတာမျိုး ဖြစ်မှာတော့ စိတ်ပူတယ်။ ဒီဟိုတယ် ဆောက်တုန်းကလည်း ... ဘိလိပ်မြေ ခိုလိုက်လို့ တခုခုဖြစ်ရင် သိက္ခာပေါ့နော်၊   တအား ကြောက်တယ်၊   ဒါကြောင့် ၁၉၉၄ ဒီဟိုတယ်ဆောက်တော့ ဘိလိပ်မြေခိုလို့ ပါဝါလျော့မှာစိုးလို့ နေ့တိုင်း စမ်းသပ်ခိုင်းတယ်၊   ဘိလပ်မြေနယ်ထားတာကို လုံးပြီးရင် အခြောက်လှမ်း၊   ကျွမ်းကျင်သူက စစ်ဆေး။

ရွှေလိပ်ပြာဟိုတယ်ဆောက်ထားတဲ့ ဒီတောင်ကုန်းက အကျယ် ဘယ်လောက် ရှိတယ်။
၁၄၄ ဧက ရှိပါတယ်။

အနီးအနား တောင်ကုန်းတွေကိုရော လုပ်ငန်းအတွက် ၀ယ်ဖို့ စိတ်မ၀င်စားဘူးလား။
အစီအစဉ် မရှိပါဘူး။

အရင်တုန်းကရော ရှိခဲ့သလား။
ဒီနေရာနဲ့တင် လုံလောက်ပါတယ်။ တိုးချဲ့ဖို့ မလိုပါဘူး။ ဒီ ၁၄၄ ဧကမှာ ဆိုရင် အရင်တုန်းက ရည်ရွယ်ခဲ့တာ တိရိစ္ဆာန်ဥယျာဉ်။ ကျနော်တို့မြို့ကလူတွေ၊   ကျနော်ကိုယ်တိုင် ကိုယ့်ကလေးတွေကို ရန်ကုန်က တိရိစ္ဆာန် ဥယျာဉ်၊   ပြီးတော့ ပန်းခြံဆိုရင်လည်း တနှစ်ကို တခါ မေမြို့ကို ပို့ပေးရပြန်ရော၊   ကျနော်တို့မိုးကုတ်မှာ ဘာမှ မရှိဘူး၊   အဲဒီဟာကို အခြေပြုပြီးတော့ ဒီဟာလေးကိုလည်း ပန်းတွေ ဘာတွေနဲ့ တဆင့်ပြီးတဆင့် လုပ်မယ်လို့ စဉ်းစားပြီးတော့မှ  လုပ်နေတဲ့ကြားထဲ လမ်းခုလတ်မှာ ထောင်ထဲရောက်သွားတာ။
ကိုယ်ဖြစ်ချင်တာတွေ အားလုံး သဲထဲရေသွန်သလို ဖြစ်သွားတာပေါ့။

ထောင်က ဘယ်လိုကျသွားတာလဲ။
ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပေါ့။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်တော့ပါဘူး။ ဘာကြောင့်မို့ ချသလဲ ဆိုတာကလည်း ပြောရတာ နည်းနည်း ခက်တယ်၊   သစ် (လုပ်ငန်း တရားမ၀င်လုပ်တယ်) ဆိုပြီးတော့ ချလိုက်တာပေါ့။ တကယ်တော့ ဒါလည်း မဟုတ်ပါဘူး။
ကျနော့်ဆီမှာ ပိုက်ဆံ ချေးတယ်၊   ချေးတယ် ဆိုတာ မိုးမိတ်(မြို့)ဖွံ့ဖြိုးရေးအတွက်လေ...

ဘယ်သူက ချေးတာလဲ။
မိုးမိတ်က ဒေသခံတွေပေါ့၊   ဒေသဖွံ့ဖြိုးရေးအတွက်။ ချေးတယ် ဆိုတာ ဒီလိုပါ၊   လမ်းတွေလည်း မကောင်းဘူး။ အဲဒီတုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လမ်းညွှန်ထားတာ ရှိတယ်၊   မိုးမိတ်မှာရှိသူတွေ တိုးတက်အောင် သစ်တွေကို ပရိဘောဂတွေလုပ်၊   လုပ်ပြီးရင် တရုတ်ပြည်ကိုရောင်း၊   ဈေးကွက် တိုးတက်အောင် ဆိုပြီးတော့ လမ်းညွှန်ချက် ပေးလိုက်တာ။
အဲဒါကို မိုးမိတ်က ရှိတဲ့သူတွေကလည်း အဲဒါကို လုပ်ရအောင်၊   လုပ်ချင်တယ် ဆိုတော့ ... လုပ်ပေါ့၊   ကိုယ်လည်း တတ်နိုင်တာ ကူညီမယ်၊   ကျနော်လည်း အဲဒီကို သွားလာနေတော့ သံယောဇဉ် ရှိတယ်၊  
သူတို့ကလည်း တိုးတက်ဖို့ အများကြီး လိုသေးတယ်၊   သစ်ကို မြို့ထဲမှာ အကြမ်းရောင်းဖို့လည်း မဖြစ်နိုင်ဘူးလေ။ အဲဒီကနေ စလုပ်လိုက်တာ အမှုတခု ဖြစ်သွားတဲ့ အချိန်မှာ အားလုံး အရေးယူခံရတာပေါ့။
ကျနော်လည်း ထောင်ထဲ ၁၂ နှစ်ကျော် နေခဲ့ရတာပေါ့။ ဘယ်သူ့ကိုမှလည်း အာဃာတ မရှိပါဘူး။ ကိုယ့်ရဲ့ ကံတရား၊   ကျနော်တို့ခရစ်ယာန်လို ပြောရင်တော့ ဘုရားသခင် အလိုတော်ပဲ လို့ အောင့်မေ့လိုက်တယ်။

ဘယ်နှစ်ခုနှစ်ကဖမ်းတာလဲ၊   ဘယ်မှာ ဖမ်းတာလဲ။
၁၉၉၉။ ဖမ်းတာတော့ ဒီမှာပဲ။ ရွှေလိပ်ပြာမှာ။ ပြီးတော့ ဗန်းမော်ကို သွားရတယ်။ ဗန်းမော်မှာ တရားစွဲတယ်။

အမှုတွဲတွေက ဘယ်သူတွေလဲ။
လူတွေကတော့ အများကြီးပဲ။ ကားသမားတွေရော။ တကယ့် ဆင်းရဲတဲ့သူတွေချည်းပါပဲ။ တနေ့ရှာ တနေ့စားသူတွေ များတယ်။

ဦးယောဆက် ဘယ်လို စီရင်ချက်ချခံရလဲ။
နှစ် ၂၀။ အပက (၃) နဲ့ ချရင်လည်း ၁၀ နှစ်ပေါ့။ သစ်နဲ့ချရင်လည်း သူ့အမှုက ၄ နှစ်ရှိတယ်။ ၂၀ ချတယ်ဆိုတော့ နားမလည်နိုင်ဘူး။ အခုတော့ လွတ်ငြိမ်းချမ်းသာခွင်နဲ့ ပြန်လွတ်လာတယ်။


မိုးကုတ်မြို့ ရွှေလိပ်ပြာဟိုတယ် မြင်ကွင်းတခု (ဓာတ်ပုံ - လောအယ်စိုး)

လက်ရှိ စီးပွားရေးလုပ်ငန်း ဘာတွေ လုပ်နေသလဲ။
အဓိကတော့ ရန်ကုန်မှာရှိတဲ့ဟိုတယ်ပေါ့။ ရွှေလိပ်ပြာ ဆိုတဲ့ နာမည်ကို K Paradise ဆိုပြီး ကာလအတန်ကြာ နာမည်ပြောင်းထားရာကနေ အခုတော့ ရွှေလိပ်ပြာ ဆိုပြီး နာမည် ပြန်ပြောင်းလိုက်ပါပြီ။
ရွှေလိပ်ပြာ ဆိုတာ ... အစတုန်းက မိုးကုတ်မှာ ရွှေလိပ်ပြာ ဆိုတဲ့ နာမည်နဲ့ ပန်းခြံလေး လုပ်မယ်ပေါ့၊   လိပ်ပြာ ဆိုတာ အဆိပ် မရှိဘူး။ ဖြူစင်ရိုးသားစွာနဲ့ သန့်သန့်ရှင်းရှင်းပေါ့။ ပျားတို့ ဘာတို့က အဆိပ်ရှိတယ်။
ကျနော်ကြိုက်တဲ့ ရွှေလိပ်ပြာ ဆိုတာကို ရွေးခဲ့တာ။ ထောင်ထဲရောက်ပြီး မကြာခင် သူငယ်ချင်းတွေက နာမည်ပြောင်းလိုက်တယ်။
အချိန်ယူတည်ဆောက်လာတဲ့ ဒီနာမည်ကို ပြောင်းလိုက်တာ ကျနော် တော်တော် ၀မ်းနည်းတယ်။

ဟိုတယ်လုပ်ငန်းအပြင် ဘာတွေလုပ်သေးသလဲ။
ကျောက်အရောင်းအ၀ယ်လုပ်တယ်။ ကျောက်ဈေးတွေလည်း ကောင်းလာပြီ ဆိုတော့ ကိုယ့်ဆီက ဝန်ထမ်းတွေလည်း အလုပ်ရအောင် တွင်းတွေ ဘာတွေ စပြီး လုပ်နေတယ်။ ဟိုနည်းနည်း ဒီနည်းနည်း လေးငါးခြောက်ကွက်ပေါ့။
သိပ်ကောင်းတဲ့နေရာတွေမှာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကိုယ့်လူတွေ အလုပ်ရဖို့ အရေးကြီးတယ်။ နာမည်ကိုတော့ Mogok Image လို့ အကြမ်း ပေးထားတယ်။ သို့သော်လည်း ကုမဏီအနေနဲ့ (လုပ်ငန်းလိုင်စင်) မဆွဲဘူး၊   အခုက မိုးကုတ်ဒေသခံကို (လုပ်ငန်းလိုင်စင်) ချပေးတဲ့သဘောလို့ သိရတယ်။ ကျနော့်နာမည်နဲ့ ၂ ကွက် ဆွဲတယ်။ သားတွေနာမည်နဲ့ ၂ ကွက်။ မိုးကုတ် အနောက်ပိုင်းမှာပါ။

မိုးကုတ်ပြင်ပမှာရော ဘာလုပ်ငန်းတွေ တိုးချဲ့မလဲ။
စိုက်ပျိုးရေးနဲ့ပတ်သက်တာတခု လုပ်ဖို့ရှိပါတယ်။ ထိုင်ဝမ်အဖွဲ့နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားတယ် ... ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံဖို့ပေါ့။
စီဘိန်းဘက်မှာ လူ ၂,ဝဝဝ အလုပ်ရမယ်။ နွားတို့ဆိတ်တို့ မွေးရင် အသုံးပြုလို့ ရအောင် တိရိစ္ဆာန်စားတဲ့ အစားအစာ စိုက်ဖို့ပေါ့။ ပြီးရင် နွားမွေးမြူရေး လုပ်မယ်။
လုပ်မှာက ရှမ်းတိုင်းရင်းသားတွေနေတဲ့ရွာဘက်မှာ။ သို့သော်လည်း အဲဒီကနေ လိုအပ်တဲ့ဝန်ထမ်း မရနိုင်ဘူး။ စစ်ကိုင်းတိုင်းဘက်က၊   ကျနော့်အမျိုးသမီး (ဒုတိယအိမ်ထောင်)ကလည်း စစ်ကိုင်းတိုင်းဘက်ကကိုး၊   အဲဒီက အများစု ဖြစ်မယ်။ မိုးမိတ်(မြို့)ဘက်မှာ အလုပ်သမားတော့ ရှာကြည့်တယ်။ တဲတွေဘာတွေ ဆောက်ဖို့ သွားတော့ အဲဒီမှာ အလုပ်သမား ရှာလို့ မရဘူး။
ဒီဟိုတယ်က လက်သမားအဖွဲ့ သွားလိုက်ရတယ်။ ဟိုမှာ လူရှာလို့ မရဘူး။ 

မိုးကုတ်မြို့ ရွှေလိပ်ပြာဟိုတယ် မြင်ကွင်းတခု (ဓာတ်ပုံ - လောအယ်စိုး)
မိုးမိတ်မြို့ လေယာဉ်ကွင်းကို သွားလေ့လာတယ်လို့ ကြားတယ်။
ကျနော့် သူငယ်ချင်း ကိုထွန်းရင်၊   သူနဲ့ ကျနော် ဟိုတနေ့က သွားလိုက်တယ်၊   ကျနော်ကတော့ ဒါကို အတွေ့အကြုံလည်း မရှိဘူး၊   ခင်ဗျားတို့လုပ်၊   အားပေးတယ်၊   လေယာဉ်ကွင်းလေး (လေယာဉ်ပြန်ဆင်း)ဖြစ်ရင် ကျနော်တို့ မိုးကုတ်ကလည်း ရန်ကုန် မန္တလေး သွားဖို့ အဆင်ပြေမယ်။
 သွားတော့ ကြည့်လိုက်တယ်။  ဘာဆက်လုပ်မလဲ ဆိုတာတော့ အတိအကျတော့ မသိသေးဘူး။

မိုးကုတ်ကျောက်သူဌေး ဦးယောဆက်နဲ့ အင်တာဗျူး အပိုင်း ၁
http://blog.irrawaddy.org/2013/07/blog-post_31.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved