ဆရာ မင်းလူ တချိန်က သူပြောခဲ့သမျှ

Thursday, August 15, 2013

ဆရာမင်းလူ ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ဟိုး ၁၉၈၂ ခုနှစ်လောက်က ဆရာ ဦးဝင်းငြိမ်းနဲ့ စာရေးဆရာ များ ပေဖူးလွှာ စာပေ အင်တာဗျူး ဆိုတာ မှာ ဖော်ပြခဲ့တာလေးပါ။ ဆရာမင်းလူနဲ့ပတ်သက်တဲ့ သူ့ဘ၀၊ သူ့ အကြောင်း၊ သူ့ ခံစားမှု၊ အနုပညာတွေကို သူကိုယ်တိုင် ဖွင့်ဟချက်တွေ ပါဝင်ပါတယ်။ 



 စာရေးဆရာ မင်းလူ (ပန်းချီ -  မျိုးမြင့်)


ပေဖူးလွှာမဂ္ဂဇင်းရဲ့ စာဖတ်သူများနဲ့ တွေ့ဆုံပေးခြင်း ကဏ္ဍမှာ ဘ၀သရုပ်ဖော်၊ အချစ်၊ ရာဇ၀င်၊ စုံထောက် စာရေးဆရာများ နဲ့ တွေ့ဆုံပေးခဲ့ပြီးတဲ့နောက် ဒီလတွေ့ဆုံပေးချင်တဲ့ သူက ကဗျာတွေ ၀တ္ထုတွေ ရေးတဲ့ လူငယ် စာရေးဆရာ မင်းလူ ပဲ ဖြစ်ပါတယ်။

စာချစ်သူများ သိကြပြီး ဖြစ်တဲ့အတိုင်း မင်းလူဟာ စာရေးဆရာ ဒါရိုက်တာကြီး ဦးသာဓုနဲ့ ဒေါ်ခင်ညိုတို့ရဲ့ အထွေးဆုံး သား ဖြစ်ပြီး ဒါရိုက်တာ စာရေးဆရာ မောင်ဝဏ္ဏ၊ စာရေးဆရာ ရုပ်ရှင်မင်းသား အဆိုကျော် သုမောင်၊ ရုပ်ရှင်မင်းသား မောင်ရူပ တို့ရဲ့ ညီထွေးပဲ ဖြစ်ပါတယ်။

မင်းလူက ကဗျာရေးတဲ့နေရာမှာ အလှဘွဲ့ကဗျာ၊ အသည်းကွဲကဗျာတွေထက် အချစ်ကို သူ့အမြင်၊ သူ့ရှု့ထောင့်၊ ဘဝကို သူ့အမြင်၊ သူ့ရှု့ထောင့်ကနေ ရေးလေ့ရှိပါတယ်။ ဥပမာ ဆိုပါတော့... သူရေးခဲ့တဲ့ ကဗျာ တွေထဲက ဗိုလ်ချုပ်ဈေး ငွေစာရင်းရှင်းတမ်းကို ကြည့်ပါ။

ဒီလိုလေ ကိုကိုရဲ့၊ သေသေချာချာ နားထောင်နော်
"ဒီနေ့ အသုံးစရိတ်က
ခိုင်သဇင် ဖိနပ်ဆိုင်မှာ
နှစ်လက်မ ဒေါက်မြင့်ဖိနပ် ဝယ်တာက
သုံးဆယ့်ခြောက်ကျပ်
အန်တီဒေါ်လီဆိုင်မှာ
လက်သည်းဆိုးလေး ပုလဲရောင်က ဆယ့်ကိုးကျပ်ခွဲ
မမမာကို ဘလောက်စ်အင်္ကျီတွေ ချုပ်ပေးတာ
နှစ်ဆယ့်ခုနစ်ကျပ်
ပြီးတော့... ဟို...
အတွင်းခံစကတ် ပန်းနုရောင် ဆယ့်ရှစ်ကျပ်
နန်းကြီးသုပ်နဲ့ ရွှေရင်အေးက ငါးကျပ်
တက်စီခ
နှစ်နာရီအတွက်ဆိုတော့ သုံးဆယ်
အဲဒီတော့ စုစုပေါင်း...  ဟိုက
သုံးဆယ့်ခြောက်နဲ့ ဆယ့်ကိုးခွဲနဲ့
အင်း... နှစ်ဆယ့်ခွန်နဲ့ ရှစ်ဆယ်နဲ့
အားလုံး ကိုကိုရယ် တရာ့သုံးဆယ်ငါးကျပ်ခွဲ
အဲ... မေ့လို့ မေ့လို့
ကိုကို့အတွက်လည်း ဝယ်လာသေးတယ်
မုတ်ဆိတ်ရိတ် ဘလိတ်ဓား
နှစ်ခေါင်း ငါးမူး
တစ်ရာ့ သုံးဆယ့်ခြောက်ကျပ်အတိပေါ့ ဟင်း ဟင်း...
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
ဘလိတ်ဓားက တော်တော်ထက်တယ် ထင်တယ်။"

နောက်တစ်ပုဒ် လေ့လာစေချင်သေးတာက နှလုံးသားရေးရာနဲ့ ပတ်သက်တဲ့ကဗျာတစ် ပုဒ်ပါ။ အဲဒီကဗျာ ခေါင်းစီးကတော့ တာဝန်မှ ရပ်စဲခြင်းခံရသော နှလုံးသား  ပါတဲ့။
စာအမှတ် ၇-၇၇ နှလုံးသား။
ယနေ့မှစ၍
"၁၆"ကားပေါ်တွင်
"ထမင်းဘူးတော်ကိုင်" တာဝန်မှလည်းကောင်း
ပုဂံလမ်းပေါ်တွင်
"ထီးတော်မိုး" တာဝန်မှ လည်းကောင်း
သက်သာချောင်ချိရေးဆိုင်တွင်
"စားပွဲတော်ထိုး" တာဝန်မှ လည်းကောင်း
အင်းလျားကန်ပေါင်ပေါ်တွင်
"သက်တော်စောင့်" တာဝန်မှ လည်းကောင်း
ဗိုလ်ချုပ်ဈေးတွင် "ပစ္စည်းတော်ထမ်း" တာဝန်မှ လည်းကောင်း
အခန်းအေ- ၂၉၅  တွင်
"အနမ်းတော်ဆက်" တာဝန်မှလည်းကောင်း
သင့်အား လုံးဝရပ်စဲလိုက်ကြောင်းနှင့်
"ငှက်ပြာ"တစ်စင်း
"ဂျင်းရှပ်"တစ်လွှာ
"ရာတန်"တစ်ထပ်
"ဆေးထိုးအပ်"တစ်ချောင်း
အဆင့်ရှိသူအား
သင်၏နေရာတွင်
အစားထိုးခန့်ထားလိုက်ပါကြောင်း။

ယင်းကဲ့သို့သော အမြင်ကလေးတွေ ရှိတတ်တဲ့ မင်းလူပါ။ အဖေရော အစ်ကိုတွေပါ အနုပညာနယ်ထဲမှာ ကျင်လည် နေကြတာဆိုတော့ သူလည်း ဗီဇအရရော ပတ်ဝန်းကျင် အရပါ အနုပညာနယ်ထဲ ရောက်လာခဲ့ တာပါပဲ။

"ကျွန်တော်နဲ့ပတ်သက်လို့ ဘယ်လိုပြောရမလဲဆိုတော့ ဗီဇလို့ပြောရမယ်။ အဖေ့မှာ ပါတဲ့ ဗီဇအရ ကျွန်တော် တို့မှာ စာရေးချင်တဲ့ဗီဇ ပါလာတယ် ထင်တယ်။ တကယ်လို့ အဖေက စာရေးဆရာမဖြစ်ခဲ့ဘဲ ကျွန်တော် တို့ က ဖြစ်လာရင်တော့ တစ်မျိုးပေါ့။ တချို့က စာရေး ဆရာမျိုးရိုးမဟုတ်ဘဲ ဖြစ်လာတာ တွေလည်း ရှိတယ်လေ။
ဒါပေမဲ့ ဗီဇတစ်ခုတည်းကြောင့်တော့လည်း မဟုတ်ဘူး။ ကျွန်တော်တို့က စာပေနဲ့ ပတ် သက်တဲ့ အသိုင်းအဝိုင်း မှာ နေရတယ်ဆိုတော့ ဗီဇပါပြီးသားကို ပတ်ဝန်းကျင် ကပါ ဝိုင်းပြီး ဖန်တီးပေးလိုက်တဲ့ သဘော ရှိပါတယ်။ ဒီနေရာမှာ အမေကိုလည်း ထည့်ပြောချင်တယ်။ အဖေက စာရေးဆရာ၊ အမေက စာရေးဆရာ မဟုတ်ဘူး။ ဒါပေမဲ့ အမေက စာရေးဆရာ ဘဝကို ဝင်ပြီး ခံစားတတ်တယ်။ အမေက အဖေ့ ကို ပါရမီဖြည့်ခဲ့သလို ကျွန်တော်တို့ကို လည်း ပြုစုပျိုးထောင်ပေးခဲ့တယ်"

"ကိုမင်းလူ ဘယ်အရွယ်လောက်ကစပြီး စာရေးတာ ဝါသနာပါလာသလဲ"
"ပြောရမယ် ဆိုရင်တော့ ကျွန်တော် "ပန်းကျောင်း" အမှာစာမှာ ရေးခဲ့သလိုပါပဲ။ အသက် ခြောက်နှစ် ခုနစ်နှစ် လောက်ကတည်းကပဲ ဝါသနာပါခဲ့တယ်။ တကယ်ပြောရရင် မွေးက တည်းက ဝါသနာပါလာ တယ် ပြောရမယ်။ စောစောက ပြောသလို ဗီဇက ပါလာတာကိုး"


"တကယ် စ ရေးဖြစ်တာက"
"တကယ် စရေးဖြစ်တာက ကျွန်တော် အထက်တန်းကျောင်း (သင်္ဃန်းကျွန်း၊ အ.ထ.က-၁) မှာကတည်းက နံရံကပ် စာစောင်တွေ စရေးခဲ့တာပဲ။ ကျောင်းမှာ စာပေအသင်းဝင် လုပ် တော့ ဆရာမဒေါ်ခင်ဆွေမြင့်က အားပေး လို့ ကဗျာတွေစရေးခဲ့တယ်။ တက္ကသိုလ် ရောက် တဲ့အခါကျတော့ ကဗျာတွေ၊ ဝတ္ထုတွေရေးပြီး မဂ္ဂဇင်းတွေကိုပို့တယ်။ ၁၉၇၂ လောက်က ပေါ့။ ဒီလိုပဲ ရေးလိုက်၊ ပို့လိုက်၊ အပယ်ခံရလိုက်နဲ့ မဂ္ဂဇင်း တွေမှာ
တော့ ဖော်ပြမခံရသေး ဘူး။ အဲဒီတုန်းက ရေးခဲ့တာတွေထဲကဆိုရင် ကျောင်းနံရံကပ်စာစောင်မှာ ရေးတဲ့ ကဗျာပဲ အရွေးခံရသေးတယ်။

နောက် ကျောင်းနှစ်လည်မဂ္ဂဇင်းမှာ ကဗျာတစ်ပုဒ် အရွေးခံရတယ်။ ကဗျာနာမည်က စေ့ စပ်ကြောင်း လမ်း ပြီးစီးခြင်း။ အဲဒီတုန်းက တောကျောင်းဘုန်းကြီး ဆိုတဲ့ ကလောင်နာမည် နဲ့ပဲ ရေးခဲ့တာပါ။ အဲဒီနှစ် (၁၉၇၆) မှာပဲ ရုပ်ရှင်ပဒေသာမဂ္ဂဇင်းမှာ နေဝင်သွားတော့ လ ထွက်သည်ဆိုတဲ့ ဝတ္ထုတိုကလေး ဖော်ပြ ခံရတယ်။ ဒါ ပထမဆုံးဝတ္ထုပဲပေါ့"


"လုံးချင်းအနေနဲ့ကော"
"ပထမဆုံး လုံးချင်းက ပန်းကျောင်း ၁၉၇၇ ခုနှစ်မှာထွက်တယ်။  ကဗျာစာအုပ်ထဲက အချစ်လားဟေ့ ဝင်ခဲ့လေကွယ် က ၁၉၇၈ ခုနှစ်မှာ ထွက်တယ်"
"အချစ်လားဟေ့ ဝင်ခဲ့လေကွယ်မှာ ပါတဲ့ ကဗျာအချို့က တက္ကသိုလ်မှာတုန်းက "တော ကျောင်းဘုန်းကြီး" ကလောင်နာမည် နဲ့ ရေးခဲ့တာတွေပါလို့ အမှာစာမှာ ရေးထားတာ တွေ့ လိုက်ရတယ်။

ကိုမင်းလူအနေနဲ့ ကျောင်းသားဘဝက ရေးခဲ့တဲ့ ကဗျာတွေနဲ့ အခု ရေးနေ တဲ့ ကဗျာတွေ ဘယ်လိုခြားနား တယ်လို့ ခံစားမိသလဲ"
"ကျောင်းသားဘဝက ရေးခဲ့တဲ့ ကဗျာတွေလည်း ကြိုက်တာပဲ။ အခု ရေးတဲ့ ကဗျာတွေ လည်း ကြိုက်တာပဲ။ တစ်ခုပဲရှိတယ်။ အခု ရေးတဲ့ ကဗျာတွေက ပိုပြီးကျယ်ပြန့်လာတာပဲ ရှိတယ်။ အပြင်လောက ရောက်လာတော့
လောက အကြောင်း လူတွေအကြောင်း ပိုပြီးသိ လာတော့ ရေးရတာ ပိုပြီး ကျယ်ပြန့် လာတယ် ဒါပဲ ခြားနား ပါတယ်"


"ကဗျာရေးတဲ့ နေရာမှာ တချို့က စကားလုံး ကျစ်လျစ်သိပ်သည်းမှု၊ အဓိပ္ပာယ်သွယ်ဝိုက်ဖွဲ့ နွဲ့မှုတွေကို ဦးစား ပေးကြပြီး တချို့ကတော့လည်း အကြောင်းအရာကို တိုက်ရိုက်ဖော်ပြတဲ့ ကာရန်မဲ့ ကဗျာပုံစံမျိုးကို ကြိုက် ကြတယ်။ ကိုမင်းလူကော ဘယ်လိုမြင်ပါသလဲ"

"ကျွန်တော် နှစ်မျိုးစလုံးကို ကြိုက်ပါတယ်။ တချို့ ကဗျာတွေကျတော့ စကားလုံးသိပ်ကျစ်တယ်။ ကျစ်ကျစ် လျစ်လျစ် ရေးတယ်။ စကားလုံး တစ်လုံးဆိုတစ်လုံး ဆိုသလောက် အဓိပ္ပာယ်ထိရောက်တယ်။ အဓိပ္ပာယ်က လည်း ဝေ့ကာဝိုက်ကာ ရေးတတ်ကြတယ်။ အဲဒီ လို ကဗျာတွေလည်း ကြိုက်တော့ ကြိုက်တယ်။ အခုထက်ထိ စွဲစွဲလမ်းလမ်း အလွတ်ရနေ တဲ့ ကဗျာတွေလည်း ရှိပါတယ်။ တစ်ဖက်က ကြည့်ပြန်တော့ စကားလုံး ကျစ်လျစ် ဖို့ လောက်ပဲ ကြိုးစားနေရပြီး ကဗျာဆိုတာ လူ နားမလည်လေ ကောင်းလေပဲ ဆိုတဲ့ အယူအဆ ဝင်လာတယ်။ အဲဒီအယူအဆကိုတော့ ကျွန်တော် လက်မခံဘူး။ ကဗျာ ဆိုတာ လူ နား မလည်အောင် ရေးရင် ကဗျာက အဆင့် အတန်းမြင့်တယ်။ လူတွေအများကြီး နားလည် အောင် ရေးရင် ကဗျာပေါသွားတယ်ဆိုတဲ့ အယူအဆတွေ တချို့ မှာ ဖြစ်လာတယ်။
နောက် ပြောကြတာရှိသေးတယ်။ ကဗျာဆိုတာ ကဝိတွေ၊ ပညာရှိတွေအတွက်သာဖြစ် တယ်ဆိုတဲ့ အယူအဆ၊ ဒါတွေကို ကျွန်တော်တို့ လက်မခံကြတော့ဘူး။ ကဗျာဆိုတာ ပြည်သူပိုင်ပစ္စည်း၊ အားလုံး ပိုင်တယ်။ အားလုံးနဲ့ ဆိုင်တယ်။ အားလုံးနားလည်အောင် ရေးနိုင်ရင်ပိုကောင်းတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ယူဆတယ်။

ဒါကြောင့် ကျွန်တော်တို့ ကဗျာတွေမှာ အဓိပ္ပာယ် သိပ်မ၀ှက်တော့ဘူး။ ကိုယ်ရေးတဲ့ ကဗျာကို လူ နားလည်
အောင် အဓိပ္ပာယ် ကို အတွင်းဝှက်ပြီး ရေးရမယ်ဆိုတာမျိုးကို ကျွန်တော်တို့ လက်မခံပါဘူး။

ကိုမင်းလူ ရဲ့ ကဗျာ အချို့ဟာ ကာရန်မဲ့တာ တွေ့ရသလို ကာရန်နဲ့ ရေးတာလည်း တွေ့ရပါတယ်။ ဒါကလေး တစ်ဆိတ် သိချင်ပါတယ်။

အဲဒီမှာ ကျွန်တော်ကဗျာတွေမှာ ကာရန်မဲ့မှ ကြိုက်တယ်၊ ကာရန်ရှိရင် မကြိုက်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကာရန်ရှိရှိ၊ မဲ့မဲ့ကျွန်တော့်ရင်ထဲ စွဲငြိစေရင် ကျွန်တော်ကြိုက်တာ ချည်းပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်း ကာရန်မဲ့ ကဗျာတွေ ရေးသလို ကာရန်ရှိကဗျာတွေ လည်းရေးပါတယ်။ ခုထိလည်း ရေးတုန်းပါပဲ။ ပြီးခဲ့တဲ့ လပိုင်းလောက် က သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်ကထုတ်တဲ့ နှစ်ပတ်လည် မဂ္ဂဇင်း မှာ ကဗျာတစ်ပုဒ် ရေးခဲ့ပါတယ်။ အဲဒါ ကာရန်ရှိ ကဗျာပါ။ ကျွန်တော်က ကာရန်ရှိကဗျာလည်း ရေးချင်ရေးမှာပဲ။ ကာရန်မဲ့ ကဗျာလည်း ရေးချင်ရေး မှာပဲ။ ကဗျာနဲ့ ပတ်သက်တဲ့ အယူအဆက များသား လား ကိုဝင်းငြိမ်း။ ဒါကြောင့်ကျွန်တော့်ကဗျာနဲ့ ကျွန်တော့် အယူအဆကို ပြောရရင် ကဗျာဆိုတာ ကာရန် ရှိချင်ရှိမယ်၊ မဲ့ချင်မဲ့မယ်၊ ကာရန်မဲ့ပေမယ့် တခြားကဗျာအင်္ဂါရပ်
တွေ ရှိသေးရင် ဒါကဗျာပဲလို့ ကျွန်တော် ယူဆတယ်။

ကာရန်မဲ့ကဗျာ နဲ့ ပတ်သက်ပြီး ပြောကြတာ ရှိတယ်။ ကာရန်မဲ့ကဗျာ ဆိုတာစကားပြေ လိုပါပဲတဲ့။ ဒီအယူအဆ ကိုကော ကိုမင်းလူ ဘယ်လို မြင်ပါသလဲ။

ကိုယ်မင်းလူကဗျာတွေ ထဲမှာလည်း 'အချစ်မြို့သားများ' စာအုပ်ထဲ မှာ ရေးခဲ့တဲ့ 'မမ နွေ မိုးဆောင်း' ကစကားပြေ ပုံသဏ္ဍာန် ရေးထားတာ တွေ့ရတယ်။ ဒီလို ရေးထားတယ်လေ။
မမ သိသာရန် ကျွန်တော် စာရေးလိုက်ပါသည်။ အရောင်တဖျပ်ဖျပ် တောက်ပခြင်းမရှိသော် လည်း မမ မျက်လုံး များဖြင့် စိုက်ကြည့် ခြင်း ခံရသောအခါ အထက်အရာရှိ ၏ ရှေ့မှောက်တွင် ရောက်နေသော လက်အောက် ငယ်သားကဲ့သို့ ရိုကျိုးဝပ်ထွား ခဲ့ရပါသည်။

ပီပြင်ခြင်း မရှိတော့သော်လည်း မမ၏ နှုတ်ခမ်းမှ ချစ်စကားသံ လွင်လွင်ကို ကြားရသော အခါ ကျောင်းဆင်း
ခေါင်းလောင်းထိုးသံ ကြားရသော ကျောင်းသားငယ်ကဲ့သို့ ၀မ်းမြောက် ရွှင်လန်းခဲ့ရပါသည်။
အတန်ငယ် လျော့ရဲ
နေပြီ ဖြစ်သော်လည်း မမလက်မောင်းပေါ်၌ ဦးခေါင်းကို မှီလိုက်ရသောအခါ လူပျံတော် ပတ္တမြားသွေးဆေး ကို သောက်သုံးရသကဲ့သို့ စိတ်နှလုံး ချမ်းမြေ့ရပါသည်။
အကြောများ ထင်ရှားစပြုပြီ ဖြစ်သော်လည်း မမ၏ လက်ချောင်းကလေးများဖြင့် ဆံပင်ကြားသို့ ထိုးဖွခြင်း ကို ခံရသောအခါ သခင်၏ ကျောသပ်ခြင်းကို ခံရသော အမဲလိုက်ခွေးကဲ့သို့ ကျေနပ် နှစ်သိမ့်ခဲ့ရပါသည်။

ခေတ်မမီတော့သော်လည်း တန်ဖိုးမကျသည့် တစ်လက်ကိုင် 'စလုံး' နံပါတ် မာစီဒီကား ကဲ့သို့ ခံ့ညား ထည်ဝါ လှသော အို....ချစ်မမ။
ထိုကဲ့သို့သော မမသည် နွေမွန်းထည့်ကဲ့သို့ နှိပ်စက်ညှဉ်းပန်းတတ်ပြီး၊ မြောက်ပြန်လေကဲ့သို့ လှည့်စားတတ် လျက် ရန်ကုန်မိုးကဲ့သို့ မူရာမာယာများကာ ဗွေဆိုးဖောက်သော မြင်းကဲ့သို့ ပညာတတ်ခြင်းအတွက် ကျွန်တော် အထိတ်တလန့် အံ့သြမိကြောင်းပါ ခင်ဗျာ။
ဒီပုံစံကိုကော ကာရန်မဲ့ကဗျာလို့ သတ်မှတ်လို့ ရမလား''

''ကျွန်တော်ကတော့ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စာပေမှာ ပုံစံအမျိုးမျိုး ရှိတယ်။ ၀တ္ထု၊ ကဗျာ၊ ပြဇာတ်၊ ဆောင်းပါး၊ စာညွန့် စာသဖြင့်ပေါ့လေ။ အဲဒီလိုသတ်မှတ် ကြတဲ့အထဲမှာ ကဗျာကလည်း ပုံစံ တစ်ခုပါပဲ။ အဲဒီတော့ ကဗျာဟာ ကဗျာပဲ။ ကဗျာဟာ ပြဇာတ်လည်း မဟုတ်ဘူး။ စကားပြေလည်း မဟုတ်ဘူး။ စာညွန့်လည်း မဟုတ်ဘူး။ 'မမ နွေမိုးဆောင်း' မှာ ကျွန်တော်ဘာကြောင့် ဒီပုံစံ ရေးထားတာလဲ ဆိုတော့
စောစော က ကိုဝင်းငြိမ်းပြောသလို ကာရန်မဲ့ကဗျာ ဆိုတာစကားပြောလို့ ပြောကြတယ်။ စကားပြေကိုပဲ စာကြောင်းကလေးတွေ ဟိုနားက ဖြတ်လိုက်၊ ဒီနားကဖြတ်လိုက်၊ အောက်ကို တစ်ကြောင်းချင်း စီကာစဉ် ကာ ရေးထားတာတဲ့။

ဒီကဗျာတွေကို အတန်းလိုက် ပြန်ဆက် ကြည့်ရင် ကဗျာ မဟုတ်တော့ဘူး။ စကားပြေ ဖြစ်သွားတယ်တဲ့။ အဲဒီလိုပြောကြတယ်။
အဲဒီတော့ ကောင်းပြီ။ 'မမနွေမိုးဆောင်း' ကိုသူတု့ပြောသလို အပိုင်းကလေးတွေ ဖြစ်ပြီး အပေါ်အောက် တစ်ကြောင်းစီ စီကာစဉ်ကာ ရေးတာမဟုတ်ဘဲနဲ့ ဒီအတိုင်းပဲ တောက်လျှောက် ရေးချပြလိုက်တာပဲ။ ပြလိုက်တော့ ကဗျာမဟုတ်ဘူးလို့ ပြောရမလား။ အဲဒီ ကဗျာက ကျွန်တော် ဒီမေးခွန်းကို မေးချင်လို့ ရေးပြ လိုက်တာပဲ။

ကျွန်တော်မေးခွန်းကို ကျွန်တော်ပဲ ပြန်ဖြေရမယ်ဆိုရင် ဒါကဗျာပဲ။ ဒါကို ကျွန်တော်တစ်ယောက်တည်းက ဆိုလိုတာ မဟုတ်ပါဘူး။ လူငယ်အများအပြားက လက်ခံကြပါတယ်။ တစ်ဆက်တည်းပဲ နိုင်ငံတကာ စာအုပ် နှစ်တုန်းက ကဗျာနဲ့ ပတ်သက်တဲ့ စာတမ်းတစ်ခုကို ကိုးကားပြီးပြောချင်တယ်။ ဘာလဲဆိုတော့ ကဗျာမှာ ဟိုအရင်တုန်းက ပုံစံအမျိုးမျိုး ရှိတယ်။ အချိုး၊ သံပေါက်၊ လေးလုံးစပ်၊ ရတုစသဖြင့် ရှိတယ်။ အဲဒီမှာ နောက်ဆုံး အသုံးများပြီး ကျန်ရစ်ခဲ့တာက လေးလုံးစပ်ပဲ။ အဲဒီလေးလုံးစပ်ကို ရေးရင်း ရေးရင်းကပဲ နောက်ပိုင်းခေတ်ကျတော့ ဘယ်လိုဖြစ်လာ သလဲဆိုတော့ လေးလုံးစပ် ကဗျာမှာပဲ သတ်စေ့နှက်၊ သုံးချက်ညီစတဲ့ ကဗျာစပ်နည်းတွေ ကိုတိတိကျကျ မယူတော့ဘဲ ကာရန်ကို လိုအပ် သလို ညှိယူလာကြတယ်။

အဲဒီနောက်ပိုင်းကျတော့ လေးလုံးစပ် မဟုတ်တော့ဘူး။ တစ်ကြောင်းမှာ စာလုံးအရေ အတွက်ရှိချင်သလောက် ရှိပေစေ။ စကားလုံး ကန့်သတ်ချက် မရှိတော့ဘဲ ကာရန်ကို တစ်ကြောင်းနဲ့ တစ်ကြောင်း ချိတ်တယ်ဆိုရုံ ကလေးပဲ ယူတော့တယ်။ ဒီထက် နောက်ကျ လာတော့ ကာရန်ကို လုံးဝ မဲ့လိုက်တဲ့ ကဗျာတွေ ပေါ်လာကြ တယ်။ အဲဒီနောက်မှ ကျွန်တော်တို့က ကာရန်မဲ့ကဗျာ ဆိုပြီး ဆက်ရေးနေကြတာ။ တချို့က စကားပြေ နဲ့ ကဗျာကို လုံးဝစည်းခြားချင်ကြတယ်။

တစ်ခုနဲ့ တစ်ခုလုံးဝ စည်းခြားချင်တယ်။ လုံးဝမပတ်သက်ရအောင် တံတိုင်းကြီးတစ်ခု ခြားထားချင်တယ်။ အဲဒါမျိုးတော့ မဟုတ်သေးဘူးလို့ ထင်တယ်။ ကာရန်မဲ့ကဗျာတွေ ရေးလာကြတဲ့အခါကျ တော့ကဗျာနဲ့ စကားပြေကြားမှာ ကာရန်တို့၊ စကားလုံးအရေအတွက်တို့ ဆိုတဲ့ဟာတွေ နယ်နိမိတ် စည်းမျဉ်းကြီးတစ်ခု မဟုတ်ဘူး။ အဲဒါတွေကို ဖယ်လိုက်တယ်။ စကားပြေရဲ့ အင်အားကို ကဗျာမှာ ပေါင်းစပ်လိုက်ပြီး ကဗျာရဲ့ နယ်ပယ် ကို ပိုပြီးကျယ်ပြန့် တိုးတက်အောင် လုပ်လာကြတယ်။ အဲဒီလို ဆိုတော့ တချို့က ပြောမယ်။ ဒီလို နယ်နိမိတ် မရှိတော့ရင် ကဗျာနဲ့ စကားပြေ ရောထွေးကုန်ပြီလား၊ ကြားထဲမှာ စည်းခြားမှု မရှိသင့်ဘူး လားလို့။

ဒီလိုတော့လည်း စကားပြေပဲ၊ ကဗျာက အင်္ဂါရပ်တွေနဲ့ စကားပြေက အင်္ဂါရပ်တွေ ခုထက်ထိ ကွဲပြား နေတာ အများကြီး ရှိပါသေးတယ်။ ကျွန်တော်ထင်တာကတော့ ကဗျာနဲ့ စကားပြေဟာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ  အဲဒီလို အပြန်အလှန်  ဆက်သွယ်နေကြ တယ်လို့...... ''

ကဗျာအများစုကို လေ့လာကြည့်ရင် အချစ်ဘွဲ့၊ အလှဘွဲ့နဲ့ အသည်းကွဲကဗျာတွေများနေ တာတွေ့ရပါတယ်။ ကဗျာဆရာတစ်ယောက် ဖြစ်တဲ့ ကိုမင်းလူအနေနဲ့ ဘ၀သရုပ်ဖော် ကဗျာတွေ၊ လုပ်အားဂုဏ်ပြုတဲ့ ကဗျာတွေ၊ လူငယ့်အားမာန် သရုပ်ဖော်ကဗျာတွေ ရေးကြဖို့ ရည်ရွယ်ချက်ရှိပါသလား''
''တစ်ခွန်းတည်း ပြောရရင်တော့ ရှိသင့်တဲ့ ရည်ရွယ်ချက်ပါပဲ။ ကျွန်တော်တို့ ကဗျာ စ ရေးတဲ့ အချိန်မှာ ကဗျာ က ကျနေတယ်။ အရည်အချင်းကို ပြောတာ မဟုတ်ပါဘူး။ ပရိသတ်ကြားမှာ စိတ်ဝင်စားမှုကို ပြောတာပါ။ ဘယ်လောက်ထိကဗျာက အားနည်းခဲ့တယ်။

အဲဒီတော့ ပရိသတ်ကြားမှာ စိတ်ဝင်စားသွားအောင်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားအောင် ဘယ်လိုလုပ် မလဲ။ အဲဒါ ကျွန်တော်တို့အတွက် အရေးကြီးဆုံး အချက်ပဲ။ အဲဒီလို ပညာရှိဆန်ဆန် မလုပ်ဘဲနဲ့ ရိုးရိုး လေးနဲ့ ပရိသတ်နားလည်အောင် ချပြကြည့်မယ်၊ အဲဒီလိုချပြတဲ့အခါကျရင် ဘယ်လိုပုံစံ ချပြကြည့်မလဲ။ ဒါ ရှင်းရှင်းလေးပါ။ လူတိုင်း စိတ်ဝင်စားနေတာက အချစ်ပါ။ နောက်ပြီး ကဗျာဖတ်မယ့်အရွယ်ကလည်း လူငယ်တွေများတော့ လူငယ်တွေ စိတ်ဝင်စားမယ့် အချစ်အကြောင်းနဲ့ စရရင် ပိုပြီးလွယ်ကူမယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဲဒီတော့ အချစ်အကြောင်းကို အဓိကထားပြီး ရေးကြတယ်။

ဒါပေမဲ့ အချစ်ကို ကျွန်တော်တို့ လက်လွယ်စပယ် ရေးခဲ့ကြတာတော့ မဟုတ်ပါဘူး။ အချစ်ကို မူတည် ရေးပြပြီး အချစ်ပေါ်မှာပဲ လူမှုရေးကိစ္စ၊ ဘဝကိစ္စ၊ အားမာန်ကိစ္စတွေကို ထင်ဟပ်ပြခဲ့တယ်။ သာမန် ကြည့်လိုက်ရင်တော့ အချစ်ကဗျာပဲ။ ဒါပေမဲ့ စောစောက ပြောတဲ့ ကျွန်တော်တို့ လိုချင်တဲ့အချက်တွေ ကို မသိမသာထည့်ပြထားပါ တယ်။ အဲဒါ ကျွန်တော်တို့ ပထမအဆင့်ပါ။ တဖြည်းဖြည်းတော့ ကျွန်တော်တို့ ရေးရမှာပဲ။

အချစ်ကဗျာနဲ့တင် ကျွန်တော်တို့ရပ်တန့်နေလို့မပြီးပါဘူး။ အခု နောက်ဆုံးထွက်တဲ့ ကဗျာစာအုပ်မှာပဲ အဲဒီလို ပုံစံတွေကြားညှပ်ပြီး ထည့်လာပြီလေ။ နောင်တစ် ချိန်ကျရင်လည်း ကျွန်တော်တို့ ရေးဦးမှာပါပဲ။ လူငယ်တွေက အချစ်ကို စိတ်ဝင်စားလို့ ကျွန်တော်တို့က အချစ်ကဗျာတွေ ရေးရပါတယ်ဆိုလို့ ကျွန်တော် တို့ကကော အချစ်ကို စိတ်မဝင်စားဘူးလားလို့ မေးစရာ ရှိပါတယ်။ ကျွန်တော်လည်း လူငယ်ပါပဲ။ ငါတို့ကတော့ စိတ်မဝင်စားတော့ ဘူးကွ။ မင်းတို့အတွက် ရေး ပေးနေရတာလို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ခုထက်ထိ အချစ်ကို စိတ်ဝင် စားတုန်းပါပဲ။

နောင်တစ်ချိန် ဘဝအတွေ့အကြုံ ရင့်ကျက်လာလို့ ဘဝသရုပ်ဖော် အားမာန်ကဗျာတွေ ရေးလို့ကော အချစ်ကို မရေးတော့ဘူးလားဆိုရင် အချစ်ကို ရေးဦးမှာပါ။ ဘယ်လောက်ကြာတဲ့အထိ ရေးမယ်ဆိုတာ တော့ ကျွန်တော် မပြောတတ်ဘူးပေါ့လေ။

တစ်ခုတော့ရှိပါတယ်။ ဘဝအတွေ့အကြုံ ရင့်ကျက်လာပြီး အသက်ကြီးလာလို့ အချစ်အကြောင်း မရေး ချင်တော့ ဘဲ ဘဝအကြောင်းချည်းပဲ ရေးဖို့ ကြုံလာပြီဆိုရင်လည်း ကိုယ့်တုန်းကတော့ အချစ်အကြောင်း တွေချည်း မိုးမွှန်အောင်ရေးခဲ့ပြီး နောက်တတ်လာတဲ့ လူငယ်တွေလည်း အချစ်အကြောင်းရေးရော ဒီ ကောင်တွေက အချစ်အကြောင်းပဲ ရေးတတ်တာပါ။ တခြားဟာ မရေးတတ်ပါဘူးလို့ မပြောမိအောင် ကျွန်တော် သတိထား ပါ့မယ်။ ကျွန်တော့်ကိုယ် ကျွန်တော် ပြောတာပါ"

"ဒါဆို အချစ်အကြောင်း ကျွန်တော် ဆက်မေးချင်ပါတယ်။ ခု ကိုမင်းလူ မစန်းစန်းအောင်နဲ့ အိမ်ထောင် ကျတာ ဘယ်လောက်ရှိပြီလဲ"
"ခုနစ်လလောက်ပဲ ရှိပါသေးတယ်"

"အဲဒီတော့ အချစ်ကို ကိုယ်တွေ့တွေ့ပြီပေါ့ဗျာ။ ကဗျာဆရာ၊ စာရေးဆရာ၊ လူငယ်အိမ်ထောင်သည် တစ်ယောက် အနေနဲ့ အချစ်ကို ဘယ်လိုများ ခံစားမိပါသလဲ"
"အဲဒီမေးခွန်း ကို ဖြေရမှာ တော်တော်လေးခက်တယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာ ကျွန်တော် ပြောမယ်။ ကိုဝင်းငြိမ်း အနေနဲ့ကော အချစ်ကို ဘယ်လိုခံစားရသလဲလို့ မေးရင် တိတိကျကျ ဖြေနိုင်မယ်လို့ ကျွန်တော် မထင်ပါ ဘူး။ ကျွန်တော်လည်း မဖြေနိုင်ပါဘူး။ ဒီမေးခွန်းက ဆေးလိပ်သောက်တာ ဘယ်လို ခံစား ရသလဲ လို့ မေးတာလိုပဲ။ သိတော့ သိတယ်။ ဖြေလို့မရဘူး။ ဒါပေမဲ့ တကယ်သိတာလား၊ ဘာအရ သာလဲလို့ မေးရင် မဖြေနိုင်ဘူး။

အဲဒီလိုပဲ စိတ်ဆိုတာ ဘာလဲဆိုရင် အဓိပ္ပာယ်သတ်မှတ်ထားတာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီလို သတ်မှတ်ထား တာက မလွှဲသာမရှောင်သာလို့ သတ်မှတ်ထားရတာပဲ ရှိတယ်။ တကယ့်တကယ်ကျတော့ ဘာလဲဆိုတာ ဘယ်သူ မှ မသိပါဘူး။ အချစ်ဆိုတာလည်း ဒီသဘောပါပဲ။ အခု ကျွန်တော်တို့ အပါအဝင် စာရေးဆရာတွေ
ရေးနေကြတဲ့ အချစ်ဝတ္ထုတွေကိုကြည့်၊ တချို့ဝတ္ထုတွေမှာက အချစ်ဆိုတာ စွန့်လွှတ် ခြင်း၊ အနစ်နာခံခြင်း လို့ ရေးတယ်။ တချို့ကျတော့ မဟုတ်ဘူး။ အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းပဲ။ ဒါ မှ အချစ်။ အချစ်ဆိုတာ မတရားတာမရှိဘူး။ အချစ်နဲ့ပတ်သက်ရင် တရားတယ်ဆိုတဲ့ သဘောတရား တွေ ထည့်ရေးကြတယ်။ အဲဒါက ဘာလဲဆိုရင် အတွေ့အကြုံပေါ် မူတည်ပြီး ကောက်ချက်ချလိုက်ကြ တာပါပဲ။ ဥပမာ အခြေအနေတစ်ခု ဖြစ်လာ တယ်။

အဲဒီအခြေအနေမှာ အချစ်နဲ့ပတ်သက်ပြီး ဘယ်လို ခံစားလိုက်ရသလဲ၊ ဘယ်လိုဖြစ်သွားသလဲ။ အဲဒါအပေါ်မှာ မူတည်ပြီး အချစ်ဆိုတာ အနစ်နာခံခြင်း၊ စွန့် လွှတ်ခြင်း၊ ရယူခြင်းဆိုပြီးတော့ သတ်မှတ် လိုက်ကြတာပဲ။
ဒီလိုသတ်မှတ်လိုက်ကြတာလည်း တကယ်တော့ ပညတ်သဘောပဲ ရှိတယ်။ တကယ့်အဓိပ္ပာယ်သတ် မှတ်ချက် သဘောကိုတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ကမ္ဘာဦးအ စက ခုထိ အချစ်ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကို မေးပြီးတော့ လိုက်ရှာနေကြတာပဲ။ တွေ့သလားဆို တော့ မတွေ့ဘူး။ မတွေ့ဘဲနဲ့ အချစ်ကို ရှာလေ အချစ်က ဝေးသွားလေ၊ ရှာလေ မတွေ့လေဖြစ်နေ တယ်။ ကျွန်တော် တို့
တွေ့နေကြတဲ့ အချစ်ဆိုတာ အချစ်ရဲ့သီးခြားရောင်ပြန်ဟပ်ချက်ကလေးတွေသာ ဖြစ်တယ်။

အချစ်ရဲ့တကယ့်သဘောက အရမ်းသိမ်မွေ့နူးညံ့ပါတယ်။ အဲဒီအချက်ကို လူတွေ မသိနိုင်တာကိုက အချစ်ရဲ့တန်ဖိုးပါပဲ"


"ကိုမင်းလူအနေနဲ့ ကဗျာ တော်တော်များများ ရေးခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံလည်း တော်တော်ရနေ ပါပြီ။ အဲဒီတော့ ကဗျာရေးချင်တဲ့ လူငယ်များကို ဘယ်လိုများ အကြံပေးချင်ပါသလဲ"
"အဲဒါကတော့ ကျွန်တော်လည်း ဘယ်လိုပြောရမလဲ မသိဘူး။ တစ်ခုတော့ ရှိပါတယ်။ ဒီနေ့ ကာရန်မဲ့ ကဗျာဆို တာ ခေတ်စားနေတော့ ကာရန်မဲ့ကဗျာဆိုတာ ဘာလဲဆိုတာတော့ ပြောပြလိုက်ချင်ပါတယ်။ ကိုဝင်းငြိမ်း
မေးခွန်းမှာ လူငယ်တွေကို ဘယ်လိုပြောချင်သလဲဆိုတော့ လူကြီးတွေကိုကော ဘယ်လို ပြောချင် သလဲလို့ မမေးသင့်ဘူးလား။

ကျွန်တော်က ဘာပြောချင်သလဲဆိုတော့ လူကြီးတွေရော၊ လူငယ်တွေကိုရော ပြောချင်တာပါ။ ကဗျာ ဆိုတာ စောစောက ပြောခဲ့သလို လမ်းကြောင်း အဆင့်ဆင့်ပြောင်းလာခဲ့ပါပြီ။ အဲဒီဟာကိုလည်း ပညာ ရှင် တော်တော်များများက ဒီလိုပြောင်းလာတာမှန်တယ်လို့ လက်ခံကြပါတယ်။ ပညာရှင်တွေက ဆက် လက်တိုးတက်အောင် လုပ်ရမယ်လို့ညွှန်ကြားမှုအရ ကျွန်တော်တို့ ဒီကဗျာတွေ ဆက်ရေးနေကြတာပါ။

လူငယ်တွေနဲ့ ပတ်သက်ပြီး ပြောချင်တာက ဘာလဲဆိုတော့ ကာရန်မဲ့ကဗျာမှာ ကာရန်မဲ့ရင် ပြီးရော ဆို တဲ့သဘော လုပ်လို့မရဘူး။ ကျွန်တော်တို့လည်း မဲ့ရင်ပြီးရောလို့ ရေးခဲ့ကြတာမဟုတ်ပါဘူး။ ရှေးခေတ် ကနေ ခုထိ ကဗျာပုံစံတွေကို လေ့လာတယ်။ ကဗျာစပ်နည်း အထူးသဖြင့် လေးလုံးစပ်ကဗျာတွေကို လေ့လာတယ်။ ဖတ်လည်း ဖတ်တယ်။ ရေးလည်း ရေးတယ်။ ကဗျာနဲ့ ပတ်သက်လို့ အားလုံး ဖတ်ပြီး တော့မှ ကာရန်မဲ့ကဗျာကို ရေးတာပါ။

တချို့လူငယ်တွေ ရှိတယ်။ ကာရန်မဲ့ကဗျာကို ရေးတတ်ဖို့အတွက ရှေးက ရေးနည်းတွေ၊ ရေးထုံးတွေ သိစရာမလိုဘူး။ လေ့လာစရာမလိုဘူး။ ကာရန်မဲ့ရင် ပြီးရောဆိုပြီး ချရေးကြတယ်။ အဲဒါလည်း မဟုတ် ဘူး။ အခြေခံကိုပိုင်နိုင်မှ ကျွန်တော်တို့ ရေးနိုင်မယ်။
ကာရန်မဲ့ကဗျာဆိုတာ ဘာကြောင့်ပေါ်လာရတာလဲဆိုတာကို ပညာရှင်တစ်ယောက်က စာတမ်းတစ်ခု မှာ ရေးဖူးပါတယ်။ ကာရန်မဲ့ကဗျာဆိုတာဟာတဲ့ အရင်တုန်းက ရှိခဲ့တဲ့ ကဗျာပုံစံတွေနဲ့တင် ရပ်တန့် မနေဘဲနဲ့ ဒီပုံစံလောက်နဲ့တင် အားရတင်းတိမ်မနေဘဲ နောက်ထပ်ပုံစံသစ်တစ်ခု ထွင်ကြည့်ရအောင် ဆိုပြီး ထွင်ကြည့်ရာ ကနေ ကာရန်မဲ့ကဗျာ ပေါ်လာတယ်လို့ ဆိုပါတယ်။

ကျွန်တော် ပြောချင်တာကတော့ကာရန်မဲ့ကဗျာဆိုတာဟာ လူကြီးတွေကို ကိုးလိုးကန့်လန့် လုပ်ချင်လို့ ပေါ်လာ တာ မဟုတ်ပါဘူး။ သူတို့က ဒီလိုရေးရင် တို့က သူတို့နဲ့မတူအောင် ရေးမယ်ဆိုတဲ့ သဘောနဲ့ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ လူကြီးတွေရဲ့လမ်းညွှန်ချက်အတိုင်း ကဗျာတွေ ဆက်ပြီး တိုးတက် အောင် ကျွန်တော်တို့ကြိုး စားတာ သက်သက်ပါ။ ဥပမာပြောရရင် မော်တော်ကားတွေကို အခု ဓာတ်ဆီ နဲ့မောင်းတယ်။ ဒီဇယ်နဲ့မောင်း တယ်။ ဒါနဲ့ အားမရသေးဘဲ လျှပ်စစ်ဓာတ်အားနဲ့ မောင်းလို့ရအောင်၊ အဏုမြူစွမ်းအားနဲ့ မောင်းလို့ရအောင် ဆက်လက်ကြံဆကြတဲ့ သဘောပါပဲ။ ဒီသဘောပါ။ မော်တော် ကားရဲ့ဘီးက သူတို့စီးတာ အဝိုင်းကြီး။ ဒီပုံစံကြီးက အောက်တယ်ကွာ၊ တို့က အဝိုင်းမစီးဘဲ လေး ထောင့်လုပ်မယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။

အဲဒါကို ကျွန်တော်က လူငယ်တွေရော၊ လူကြီးတွေပါ သိစေချင်ပါတယ်။ ကျွန်တော်တို့ကို လက်ခံတဲ့ လူကြီးတွေ
တော်တော်များများရှိပါတယ်။ ကျွန်တော် ဖြစ်စေချင်တာက လူကြီးတွေ၊ ပညာရှင်တွေက ကျွန်တော်တို့ကို ပစ်ပစ်ခါခါနဲ့ လျစ်လျူရှုမထားဘဲနဲ့ ကျွန်တော်တို့ကို လက်ခံမယ်၊ ထိန်းသိမ်းပေးမယ်၊ ပြုပြင်ပေး မယ်ဆိုရင် ကျွန်တော်တို့ကလည်း သူတို့ပြုပြင်ထိန်းသိမ်းပေးတာကို လက်ခံကြဖို့ အသင့်ပါပဲ"


"ကိုမင်းလူ ကဗျာစာအုပ်တွေမှာ တွဲရေးနေကြတဲ့ ရေးဖော်တွေကတော့ ကျောင်းကတည်းက တွဲဖြစ်ခဲ့ ကြတဲ့ အုပ်စုပဲဖြစ်မယ်ထင်တယ်။ သူတို့နာမည်တွေက ကိုမင်းလူရဲ့ဝတ္ထုတွေထဲမှာ ဇာတ်ကောင်အဖြစ် မကြာခဏ ဖတ်ရလို့"

"ဟုတ်ပါတယ်။ စောစောက ပြောခဲ့သလို တက္ကသိုလ်ရောက်တော့ ပန်းချီခန်းမ နံရံကပ်စာစောင်နဲ့ ပတ် သက်ပြီး လုပ်ကြတော့ အခု သားကြီး၊ မောင်ဇေယျနဲ့ တိုးမိုးတို့က စာတည်း၊ မောင်မောင်စနေက ပန်းချီ တာဝန်ခံ၊ မျိုးရာဇာညွှန့်၊ မြင့်ကောင်းနဲ့ ကျွန်တော်က ကဗျာရေးကြတော့ ကျောင်းမှာကတည်းက အုပ်စု ကလေး တစ်ခုဖြစ်ပြီး တွဲမိသွားကြတာ ခုထက်ထိပေါ့။ အခုဆို ကျွန်တော်တို့ အုပ်စုမှာ ရေးဖော်တစ် ယောက်တောင် တိုးလာတယ်။ နေရီလို့ ကလောင်နာမည် ယူထားပါတယ်။ အားလုံး ခုနစ်ယောက် ဖြစ် သွားပြီပေါ့"


"ကဗျာအကြောင်း ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာ တော်တော်လေးပြည့်စုံပြီ ထင်ပါတယ်။ ဝတ္ထုဘက် ဆက်လိုက်ကြရအောင်။ ကိုမင်းလူ "ပန်းကျောင်း"ကနေ "နှစ်ကိုယ်ခွဲ"အထိ ဝတ္ထုတွေ ရေးတဲ့နေရာမှာ ဖတ်ကောင်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုစံထားရေးပါသလဲ"

"ဇာတ်ကောင်ရဲ့စံနဲ့ ပတ်သက်လို့တော့ အမျိုးမျိုး ယူဆကြပါတယ်။ တချို့က ကိုယ့်ဇာတ်ကောင်ဟာ ခြောက်ပြစ် ကင်း သဲလဲစင် ဖြစ်ရမယ်လို့ ယူဆတယ်။ တချို့ကတော့လည်း ဇာတ်ကောင်ဟာ သရုပ်မှန် ဖြစ်ရမယ်။ သူဟာ လူတစ်ယောက်ဖြစ်တဲ့အတွက် မှန်ချင်လည်း မှန်မယ်။ မှားချင်လည်း မှားမယ်။ လူ တစ်ယောက်လိုပဲ အကောင်း နဲ့ အဆိုး ဒွန်တွဲနေရမယ်။ အဲဒီလို ယူဆကြတယ်။

ကျွန်တော်လည်း ဒီလိုပဲယူဆပါတယ်။ ကျွန်တော့်ဇာတ်ကောင်ဟာ လူထဲက လူနဲ့တူရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ စာရေးဆရာတွေရဲ့တာဝန်က ဘာလဲဆိုတော့ အကောင်းနဲ့အဆိုး ခွဲခြားပြပေးရမယ်။ ဒီ နေရာမှာ ဤအရာကား ဆိုး၏။ ကောင်း၏ဆိုပြီး ဗြောင်ကြီး ဝင်ပြောဖို့တော့ မဟုတ်ဘူးပေါ့။ တကယ် တော့ အကောင်းနဲ့အဆိုးကို ပရိသတ်က သိပြီးသားပါ။ တချို့ဆို စာရေးဆရာထက်တောင် ပိုသိသေး တယ်။ ပရိသတ်ကို ဆရာလုပ်တဲ့ သဘောမဟုတ်ဘဲ အကြံဥာဏ်ပေးတဲ့ သဘော၊ သတိမေ့နေမှာစိုးလို့ အစဖော်ပေးတဲ့သဘော ဆွဲဆောင်တင်ပြ ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ "မိုပါဆွန်း"ရဲ့ "ဘယ်လာမီ"ကို ဥပမာ ပေးချင်ပါတယ်။ ကျွန်တော်က ဆရာတင့်တယ် ဘာ သာပြန်တဲ့ "ပျိုတို့ အချစ်တော်"ကို ဖတ်ရတာပါ။ အဲဒီအထဲမှာ ဒီဇာတ်ကောင်(ဂျော့ဒူရွိုင်း)ဟာ စက တည်းက မကောင်း တဲ့ကောင်၊ နောက်ဆုံး ဇာတ်သိမ်းသွားရော ကောက်ကျစ်ယုတ်မာရင်းနဲ့ပဲ သိမ်း သွားတယ်။ အဲဒီလို ယုတ်မာပေ မယ့် တဖြည်းဖြည်းအောင်မြင်မှုရလာတယ်။ ထမင်းတစ်နပ်ကို မနက်စာ စားရရင် ကောင်းမလား၊ ညစာ စားရရင်ကောင်းမလား စဉ်းစားရတဲ့ ဘဝကနေ အရမ်းကိုအောင်မြင်တဲ့ သူဖြစ်သွားတယ်။ ဒါပေမဲ့ ဒီလူဟာ အားကျစရာကောင်းတဲ့သူ မဟုတ်ဘူး။ စာရေးဆရာက ဘယ် လောက်ထိ တော်လဲဆိုရင် ဒီကောင်အောင်မြင် သွားတာကို ပရိသတ်က မကျေနပ်ဘူး။ ဒီဇာတ်ကောင် ကို အော့နှလုံးနာ သွားအောင်ကို အနုပညာမာယာ နဲ့ ရေးပြသွားနိုင်တယ်။

ဇာတ်ကောင်စံနဲ့ပတ်သက်ပြီး ဒီလိုမျိုးဖြစ်သင့်တယ်လို့ ကျွန်တော် ယူဆပါတယ်"


"ဇာတ်ကောင်စရိုက်နဲ့ပတ်သက်ပြီး စရိုက်သေဇာတ်ကောင်နဲ့ စရိုက်ရှင်ဇာတ်ကောင် ဘယ်ဟာကို သဘောကျပါသလဲ"
"အဲဒါက ကျွန်တော် ကြားဖူးတာရှိတယ်။ စရိုက်သေဇာတ်ကောင်ဆိုတာ စာရေးဆရာက ပုံသွင်းလိုက် တဲ့ ဇာတ်ကောင်ပဲ။ အဲဒီဇာတ်ကောင်မှာက စရိုက်အနေနဲ့တစ်မျိုး၊ နှစ်မျိုးပဲရှိတယ်။ သူက ဇာတ်လမ်းထဲ က ဇာတ်ကောင်သာဖြစ်တယ်။ အပြင်လောကက လူနဲ့အတူဘူး။ သရုပ်မှန်မဖြစ်ဘူးပေါ့ဗျာ၊ သူပေါ်လာ တာနဲ့ တစ်ပြိုင်နက် ဘာလုပ်တော့မယ်ဆိုတာ ပရိသတ်က သိနေတယ်။ ဒီလိုဇာတ်ကောင်မျိုးကို စရိုက် သေဇာတ်
ကောင်လို့ သတ်မှတ်ကြပြီး အဆင့်နိမ့်တဲ့ ဝတ္ထုတွေမှာ တွေ့ကြရတယ်လို့ ယူဆကြပါတယ်။

စရိုက်ရှင်ဇာတ်ကောင်ဆိုတာက တကယ့်အပြင်က လူတွေရဲ့စရိုက်အတိုင်း လှုပ်ရှားတာကို ခေါ်တာပါ။ ဒီဇာတ်ကောင်ပေါ်လာရင် ဘာလုပ်တော့မယ်ဆိုတာကို ပရိသတ်က ခန့်မှန်းလို့မရဘူး။ သူ လုပ်တာ တွေက လည်း ပရိသတ်ကို လှည့်စားချင်လို့ လျှောက်လုပ်တာမဟုတ်ဘူး။ သူ လုပ်သင့်လုပ်ထိုက်လို့ လုပ်တာ။ အဲဒီလို ယုတ္တိရှိရှိဖြစ်ရမယ်။

ကျွန်တော့်အနေနဲ့ စရိုက်ရှင်ဇာတ်ကောင်ကိုပဲ လက်ခံပါတယ်။ အခုခေတ်မှာလည်း စရိုက်သေထားတဲ့ စာပေမျိုးက အဆင့်အတန်း မရှိဘူးလို့ သတ်မှတ်ကြပါတယ်။ ကျွန်တော်လည်း စရိုက်ရှင်ဇာတ်ကောင် ကိုပဲ သဘောကျပါတယ်။ ဒါပေမဲ့ စရိုက်ရှင်ဇာတ်ကောင် ဖန်တီးရတာ သိပ်ခက်ပါတယ်။ ကျွန်တော်တို့ လည်း ကြိုးစားပါတယ်။ အဲဒီလို ကြိုးစားတဲ့အခါမှာ အခက်အခဲတွေလည်း ရှိတာမို့ ကျွန်တော့်ဇာတ် ကောင်အားလုံးဟာ စရိုက်ရှင်စစ်စစ်က ပါလာတဲ့ဇာတ်ရံ၊ ဇာတ်ကောင်တွေကျတော့ စရိုက်သေနဲ့ ထည့် ပေးမှ အကျိုးရှိတာလည်း ရှိပါတယ်။ ဒါမျိုးကျတော့ စရိုက်သေပဲ သုံးရပါတယ်။ စရိုက်နဲ့ပတ်သက်လို့ ကျွန်တော် ဒါလောက် ပဲ ပြောချင်ပါ တယ်"
"ဒီနေ့ မြန်မာစာပေလောကနဲ့ ပတ်သက်လို့ ဘယ်လိုများမြင်ပါသလဲ"

"အဲဒါကိုပြောရမှာ တော်တော်ကလေး ကြောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အသက် လည်း ငယ်တယ်။ အတွေ့အကြုံလညး နည်းပါသေးတယ်။ ဥပမာ ကျွန်တော်စာရေးတာကို စပြီး ပုံနှိပ် စာလုံးဖော်ပြ ခံခဲ့ရတာ ၁၉၇၆ ခုနှစ်ကမှဆိုတော့ ဒီနေ့ထိဆိုရင် သက်တမ်းခြောက်နှစ်လောက်ပဲရှိပါ သေးတယ်။ ကျွန်တော် က ခြောက်နှစ်ပဲရှိသေးတဲ့ အချိန်မှာ ဆရာကြီးဦးရန်အောင်ဆိုရင် နှစ်ပေါင်း ခြောက်ဆယ်ရှိနေပါပြီ။ ဒါလောက် ကွာနေတော့ ကျွန်တော်ပြောရမှာ တော်တော်လေးကြောက်ပါတယ်။ ကြောက်လို့ ဒီမေးခွန်း ကို မဖြေတော့ ဘူးလားဆိုတော့ ဒီလိုလည်း မဖြစ်ပါဘူး။ ပြောတော့ပြောချင်တယ်။

ဘာလဲဆိုတော့ စာရေးတဲ့နေရာမှ ရိုးရိုးသားသားရေးပါ။ စေတနာ ကောင်းကောင်းထားပါ။ ကိုယ်ရေးတဲ့ စာဟာ သိက္ခာရှိရမယ်။ သရုပ်မှန်ရမယ်။ အဆိပ်အတောက်မဖြစ်စေရဘူ။ ဖြစ်နိုင်ရန် အကျိုးပြုစေရမယ်။ အရေးကြီးဆုံး ကတော့ စာရေးဆရာမှာထားတဲ့ စေတနာပါပဲ။ စာရေးဆရာတစ်ယောက်ဟာ စေတနာ မှန်မှန်ထားလိုက်ပြီ ဆိုတာနဲ့ သူ့စာတွေဟာ ဘယ်တော့မှ အဆိပ်အတောက်မဖြစ်တော့ဘူး။ စေတနာပါပြီးသားဆိုတော့ အကျိုးပြု တာ အထိုက်အလျောက်တော့ ပါလာမှာပဲ။

စေတနာထားပြီး ရေး ကြရင် အဆိပ်အတောက်တွေဟာ အလိုလို ပပျောက်သွားမှာပဲ။ တစ်ခုတော့ ရှိတယ်။ လူအထင်ကြီးခံရ ပြီးရောဆိုပြီး ရှင်းရှင်းပြောရရင် အကျိုးပြုစာပေပါလို့ ဘယ်လောက်ပဲ အော်နေအော်နေ ရိုးသားတဲ့ စေ တနာကောင်းမထားဘဲ ရေးရင်တော့ ခုနက ပြောတာတွေ ဖြစ်လာမှ မဟုတ်ပါဘူး။

နောက်တစ်ခု ပြောချင်တာက ကျွန်တော်ဟာ... စာပေနယ်ကိုဝင်ဖို့ စပြီးကြိုးစားခဲ့တာဟာ ဆယ်နှစ် လောက် ရှိသွားပါပြီ။ အဲဒီထဲမှာ လေး ငါးနှစ်လောက်က လုံးဝ ပုံနှိပ်ဖော်ပြခြင်းမခံရဘဲ အပယ်ခံ ကလောင်သစ်ဘဝ။ ခုထိလည်း ကျွန်တော့်ကိုယ်ကျွန်တော် ကလောင်သစ်လို့ပဲ ယူဆနေသေးတယ်။ ကျွန်တော် ရေးခဲ့သမျှ စာတွေထဲမှာ ဘယ်ဟာ အကြိုက်ဆုံးလဲမေးရင် ကျွန်တော် အနှစ်သက်ဆုံးဝတ္ထု၊ အနှစ်သက်ဆုံးကဗျာကို ခုထိ မရေးရသေးပါဘူးလို့ ဖြေရမှာပဲ။

ရေးပြီးသမျှ မကြိုက်ဘူးလားဆိုတော့ မဟုတ်ဘူး။ ကြိုက်ပါတယ်။ ဒါပေမဲ့ အားမရသေးဘူး။ ဆက်ကြိုး စားရဦးမယ်။ အများကြီးလိုသေးတယ်။ အဲ ခုနက ပြောခဲ့သလို ကလောင်သစ် တစ်ယောက် ရဲ့အခက်အခဲ ကို ကြုံခဲ့ရတော့... ဘဝတူ ကလောင် သစ်တွေအတွက် ကိုယ်ချင်းစာမိတယ်။ ခုချိန်မှာ ကလောင်သစ် တွေအတွက် လုံးချင်းဘက်မှာ ဝင်တိုးဖို့ မလွယ်ဘူး။ ဒီတော့ မဂ္ဂဇင်းတွေကနေ ကလောင်သစ်တွေကို ခုထက်ပိုပြီး နေရာပေး ဖို့၊ ဖြစ်နိုင်မယ်ဆို ရင် အရည်အချင်းရှိတဲ့ ကလောင်သစ်တွေကို လက်ရွေးစင်ရွေးပြီး မဂ္ဂဇင်းမှာ မကြာခဏ ဖော်ပြ
ပေး ဖို့၊ အဲဒါဆိုရင် ကလောင်သစ်တွေအတွက် အများကြီး လမ်းပွင့်သွားမယ်လို့ ထင်ပါတယ်။ ကျွန်တော့်တုန်း ကလည်း မဂ္ဂဇင်းတွေက မြေတောင်မြှောက်ပေး ခဲ့တဲ့ ကျေးဇူးတွေ အများကြီးပါတယ် မဟုတ်လား"

"ကျေးဇူးတင်ပါတယ် ကိုမင်းလူ... ဆွေးနွေးချင်တာလေးတွေတော့ တော်တော်ကျန်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ နေရာအခက်အခဲလေးတွေကြောင့် ဒါလောက်နဲ့ပဲ ကျေနပ်လိုက်ပါဦးမယ်။ နောင်တစ်ကြိမ်များ
ပြန်ဆုံခွင့်ရဦးမယ်ဆိုရင်တော့ ဆွေးနွေးကြသေးတာပေါ့။ အခု ကိုမင်းလူနေတဲ့ လိပ်စာ... "

"အမှတ်-၃၊ လေးထောင့်ကန်လမ်း၊ သင်္ဃန်းကျွန်းပါ။ ကျွန်တော်ကလည်း ယနေ့ကလောင်ငယ်များ ကိုယ်စား
ပြောချင်တာလေးတွေ ပြောခွင့်ရလိုက်တဲ့အတွက် ပေဖူးလွှာစာတည်းအဖွဲ့ကို ကျေးဇူးတင်ပါ တယ်"

ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ်-၁၆၊ သြဂုတ်လ၊ ၁၉၈၂ ခုနှစ်
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved