လွတ်လပ်ခြင်းဆိုတာ ဒါပဲလား အစ်ကို

Tuesday, August 27, 2013

 ~



ကိုမင်းကိုနိုင်သို့ အိတ်ဖွင့်ပေးစာ ~


 ကျွန်မ ဒီဆောင်းပါးကို ရေးဖို့၊ မရေးဖို့ အတော့်ကို စဉ်းစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆောင်းပါးက ကျွန်မတစ်ဦးတည်းရဲ့ အမြင်ကို ဖော်ပြချင်လို့ဖြစ်ပါတယ်။ အထောက်အထား၊ ကျမ်းကိုး၊ ဗုဒ္ဓဟောတရားတွေကို မကိုးကားဘဲ သာမာန် ပြည်သူတစ်ယောက်ရဲ့ အမြင်ကို ပြောချင်လို့ပါ။



ဒီဆောင်းပါးမှာ ညွှန်းဆိုလိုက်တဲ့ အစ်ကို ဆိုသူကလည်း ၈၈ မျိုးဆက် အစ်ကိုများကိုပဲ ညွှန်းဆိုပြောခြင်းဖြစ်ပါတယ်။  မြန်မာ့ဒီမိုကရေစီရေးကို ဆောင်ရွက်နေကြတဲ့ ၈၈ မျိုးဆက်ဟာ ကျွန်မတို့မျိုးဆက်ပါပဲ။

၈၈ မျိုးဆက်လို့ဆိုခြင်းက ၈၈အခါက ကျောင်းသားအဖြစ်ရှိနေကြတဲ့  ကျောင်းသားတိုင်း (အထူးသဖြင့် ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ကျောင်းသားများ ) ဟာ ၈၈ မျိုးဆက်တွေပဲပေါ့။  ကျွန်မကလည်း ၈၈ တုန်းက ကျောင်းသူဘ၀ဆိုတော့  ၈၈မျိုးဆက်က အစ်ကိုတွေအပေါ် သံယောဇဉ်ရှိတာ မဆန်းပါဘူး။ အစ်ကိုတို့ရဲ့ သတင်းများကိုလည်း အချိန်နဲ့အမျှ မျက်ခြေမပြတ် အမြဲတစေ နားထောင်ဖတ်ရှုတဲ့အတွက် အစ်ကိုတို့ရဲ့ တိုင်းပြည် အပေါ်ထားတဲ့ စိတ်ကလေးနဲ့ ထောင်တွေ အကြိမ်ကြိမ်အကျခံပြီး ဆောင်ရွက်တဲ့ သတ္တိနဲ့ စိတ်ဓါတ်ကိုလည်း ကျွန်မ အလွန်ပင် လေးစားတန်ဖိုးထားပါတယ်။ ၈၈ မျိုးဆက်မဟုတ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ၊ သေဆုံးတဲ့သူတွေကိုလည်း အင်မတန်ကို လေးစားတဲ့သူပါ။

အစ်ကိုတို့က လူ့အခွင့်အရေးရရှိရေးအတွက် အင်မတန်ကြွေးကျော်ခဲ့ကြပါတယ်။ ဒီမိုကရေစီရေးအရ လွတ်လပ် ခွင့်အားလုံး အတွက် အားကြိုးမာန်တက် အခုထက်ထိလည်း ဆောင်ရွက်သူများမို့ ရေးလိုက်ခြင်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ ဘာလဲ အစ်ကို။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ဆိုတာကို ဘာပါလိမ့်။ လွတ်လပ်ခြင်းမှာ ဥပဒေမရှိဘူးလားအစ်ကို။ လူ့အခွင့်အရေး ဆိုတာလည်း ဥပဒေအောက်က အခွင့်အရေး၊ ဥပဒေထဲက တစ်နည်းအားဖြင့် ဒီမိုကရေစီရေးအရ ပြဌာန်းထားတဲ့ အခွင့်အရေးပဲ မဟုတ်ဘူးလား။

ဒီကနေ့မှာတော့ လူတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို အကြောင်းပြုပြီး လုပ်ဇာတ်ခင်း၊ အထောက် အထားမဲ့၊ အသရေဖျက်မှုနဲ့ တရားစွဲဆိုနိုင်လောက်အောင်ကို တရားလက်လွတ် ပြောဆိုနေကြသလို၊ လွတ်လပ်စွာ ရေးသားခွင့်ကို အသုံးချပြီး ရှေ့ရေးကိုမငဲ့ကွက်၊ နာမည်ကြီးရင်ပြီးရောလောက် ဒါမှမဟုတ် သမိုင်းထဲမှာ နာမည်ဆိုးတွင်ချင်လည်း တွင်ပါစေတော့ ဒီအုပ်စုကို နှံလိုက်ရင်ဖြင့် လူတွေဖတ်ကြမယ်၊ ဒီလူကို ချီးမြှင့်မြှောက်စားလိုက်ရင်ဖြင့်  လူတွေဖတ်ကြမယ်ဆိုပြီး ပြောဆိုရေးသားတာတွေလည်း တွေ့ရပါတယ်။

ဒါတွေကိုလည်း အစ်ကိုတို့ ဖတ်ရ၊ ကြားရ မှာပါပဲ။ အခုတော့ အင်မတန် ရုပ်ဆိုးတဲ့ အဖြစ်အပျက်ကလေးကို ကြားသိခဲ့တာတော့ ကြာပါပြီ။ GTC ကျောင်းသားကျောင်းသူနှစ်ဦးရဲ့ ဇာတ်လမ်းကို ဗွီဒီယိုခိုးရိုက်တဲ့လူက ရိုက်ပြီး သတင်းတွေ ပျံ့လွင့်နေတာလည်း ကြာနေပါပြီ။ ကျွန်မကတော့ ဂျာနယ်ထဲပါတဲ့ သတင်းလောက်ပဲ သိတာပါ။ မနေ့တစ်နေ့ကတော့ တပည့်တစ်ဦးက (အဲဒီတပည့်ဆိုသူကလည်း လူကြီးဖြစ်နေပါပြီ။ ကလေးနှစ်ယောက် အဖေတောင် ဖြစ်နေပါပြီ။ ) အဲဒီ GTC က ကျောင်းသားကျောင်းသူနှစ်ဦးလက်ထပ် လိုက်ပြီလို့ ပြောတော့လည်း ကျွန်မက အင်း လိုက်ရုံအပြင် ဘာများပြောစရာရှိလို့ လဲအစ်ကို။

ဒါပေမယ့် မနေ့ကကျောင်းသွားရင်း ဦးထောင်ဘို မီးပွိုင့်၊ ရွှေတိဂုံဘုရားခြေတော်ရင်းမှာ စီဒီတွေ ရောင်းနေတဲ့ လူငယ်လေးနှစ်ဦး ကျွန်မတို့ကားနားရောက်လာပါတယ်။ ပါးစပ်ကလည်း GTC ဖြစ်ရပ်မှန် အခွေတွေ၊ GTC ဖြစ်ရပ်မှန် အခွေတွေလို့ တစာစာ အော်ပြီး ကျွန်မကို ပြပါတယ်။ ကျွန်မကတော့ ထိတ်လန့် တုန်လှုပ်စွာ မင်တက်နေ ပေမယ့် ဘေးမှာ ထိုင်နေတဲ့ ကျွန်မအစ်ကိုကတော့ တစ်ခွေဝယ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာ တက်စီမောင်းတဲ့ကားဆရာက ဒါက မလုပ်သင့်တာတွေ လို့ပြောလိုက်တယ်။ ကျွန်မ နားမရှင်း ဖြစ်သွားပါတယ်။ သူဆိုလိုတာ ဒီဖြစ်ရပ်ထဲက ကျောင်းသားနဲ့ ကျောင်းသူကို ပြောတယ်လို့ပဲ ထင်လိုက်မိပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး၊ သူဆိုလိုတဲ့ မလုပ်သင့်ဘူး ဆိုတာက ဒီလို မရောင်းချသင့်ဘူး လို့ပြောလိုက် တာကို သူဆက် ပြောတဲ့ စကားတွေ နားထောင်ရင်း သိလိုက်တာပါ။

ဒီိဗွီဒီယိုကို အစောင့်တွေက ရိုက်ကြတာလို့ ပြောကြသလို၊ တစ်ချို့ကလည်း ကျောင်းသား ကျောင်းသူ တွေက ရိုက်တာလို့ အမျိုးမျိုး ဆိုကြပါတယ်။ ဒီဗွီဒီယိုကို ခုလို ပျံ့နှံ့သွားအောင် ရောင်းချတာကို မြင်တော့ ဒီကလေးတွေ ကိုယ်တိုင် GTC ကျောင်းက ဖြစ်ရပ်စုံတွေကို သိစေချင်လွန်းလို့ နာမည် အပျက်ခံပြီးများ အရိုက်ခံ လိုက်ကြတာများလား လို့တောင် မဖြစ်နိုင်တာလေးကိုပဲ တွေးမိပြန်ပါတယ်။

ကျောင်းသူကျောင်းသားများအရွယ်နဲ့ အခြေအနေတွေအရ ဒီကလေးတွေ ဒီလိုဖြစ်နိုင်ပါတယ်။ ဒီလို ကျောင်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သူကို ထိုက်တန်တဲ့အပြစ်ဒဏ်ပေးလိုက်ရမှာပဲ။ ကျောင်းက တာဝန်ရှိတဲ့ ကျောင်းအုပ်က အစပြုလို့ မော်ကွန်းထိန်းအလယ် ဆရာ၊ ဆရာမတွေအဆုံး တာဝန်ရှိတဲ့လူတွေဟာ တာဝန်နဲ့ အညီ မဆောင်ရွက်နိုင်ခဲ့ရင် သူတို့ကိုလည်း ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံရမှာပဲ။ ဒါပေမယ့် ပြစ်မှုကျူးလွန်ခြင်းဟာ ကြော်ငြာစရာမလိုတဲ့ကိစ္စတစ်ရပ်ပါ။ သတင်းအဖြစ် ထုတ်ပြန်ကြေညာရမှာပဲ ဖြစ်ပါတယ်။

ကျွန်မ နိုင်ငံတကာသတင်းမှာရော၊ မြန်မာ့သတင်းစာမှာပါတွေ့ရတာက ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တောင်မှ ဓာတ်ပုံနှင့်တကွ ဖော်ပြတဲ့အခါမှာ မျက်စိနေရာကို အနက်ရောင်နဲ့ ပိတ်ပြီးမှ ဖော်ပြကြတာကို တွေ့ရပါတယ်။ နိုင်ငံခြားက သတင်းတွေမှာ ပြစ်မှုကျူးလွန်သူကိုပြတဲ့အခါ မျက်နှာကို ဘယ်သူ ဘယ်ဝါမှန်း မသိအောင် ၀ါးပြီး ဖော်ပြကြပါတတယ်။ ပြစ်မှုကျူးလွန်သူဟာ ပြစ်ဒဏ်ကို ကျခံပြီးရင် သူ့ရဲ့ လူမှုဘ၀ကို ပြန်ပြီး ကျင်လည်ရဦးမှာဖြစ်ပါတယ်။ မှုခင်းသတင်းတွေမှာ မုဒိမ်းမှုကို ဖော်ပြရင်လည်း မုဒိမ်းပြုကျင့် ခံရတဲ့ မိန်းကလေးအမည်ကို ဖော်ပြရေးသားလေ့ မရှိပါဘူး။ ဒါဟာ ကျင့်ဝတ်တစ်ခုလို့ ဆိုရင်လည်း မှန်ကန်လှတဲ့ ကျင့်ဝတ်လေးတစ်ခုပါ။

ခုတော့  GTC ကျောင်းသားနဲ့ ကျောင်းသူ ဖြစ်ရပ်ကို အခွေတွေပွားပြီး ဖြန့်ချိရောင်းစားတာကို တွေ့ရတော့ နိမ့်ကျလှတဲ့ ကျွန်မတို့လူနေမှုအသိုင်းအ၀ိုင်း ဆိုပြီး  စက်ဆုပ်ရွံရှာမိပါတယ်။ မလိမ္မာ တစ်ခါမိုက် ဆိုတဲ့စကားလိုပေါ့ အစ်ကို။ တစ်ခါတော့ မိုက်ဖူးကြမှာပါပဲ။ တစ်ခါမိုက်မိတိုင်း အမြဲတမ်းမိုက်မယ့်လူ လို့ ကျွန်မတို့ ပြောလို့ရပါ့မလား။ လူသတ်မှုနဲ့ ထောင်ကျပြီး ပြစ်ဒဏ်ကိုခံယူပြီးတဲ့ လူကို လူသတ်သမားလို့ပဲ လူ့အသိုင်းအ၀ိုင်းက ဆိုမလား။  သူ့အပြစ်အတွက် သူပေးဆပ်ပြီးပြီလေ။

ခုလိုစာသင်ခန်းထဲမှာ မဖွယ်မရာ ဇာတ်စုံခင်းလိုက်တဲ့ ကျောင်းသားနဲ့ ကျောင်းသူဟာ ပြစ်ဒဏ်ကို ခံယူပြီးပြီ ဆိုရင် ဒီကိစ္စ၊ ဒီအကြောင်းဟာ အဲဒီမှာပဲ ရပ်လိုက်ရမှာ မဟုတ်ဘူးလားအစ်ကို။ ဒီလိုကိစ္စတွေမဖြစ်အောင် ဘယ်သူ့မှာတာဝန်ရှိသလဲ။ တာဝန်ရှိတဲ့လူကိုလည်း အပြစ်ပေးလိုက်ခြင်းအားဖြင့် နောက်နောင်ကို ဒီလို ကိစ္စတွေ မဖြစ်လာအောင် ထိန်းသိမ်းကြမှာပါပဲ။ ဒါပေမယ့် ခုလို လမ်းဆုံလမ်းခွမှာ ဖြန့်ချိရောင်းချနေတော့ ပြစ်ဒဏ် ကျခံပြီးသားသူတွေကို ပတ်ဝန်းကျင်က ပြစ်ဒဏ်တွေ မဆုံးနိုင်အောင် ပေးနေဦးမှာပါပဲ။ ဒီပြစ်ဒဏ်ဟာ လူ့ကျင့်ဝတ်နဲ့ဆိုင်တော့ မိဘမောင်ဘွားများပါ ခံရမှာပါပဲ။ ပြစ်မှုကျူးလွန်တဲ့လူငယ်တွေဟာ လူသားတွေပါ။ သူတို့မှာ မိသားစုဆိုတာရှိမယ်၊ ဆွေမျိုးတွေဆိုတာလည်း ရှိမှာပါပဲ။ သူတို့ရင်ထဲကို ပြည်သူချစ်တဲ့ အစ်ကို ခဏလေး ၀င်ကြည့်ပါဦး။

ဗွီဒီယိုရိုက်တဲ့ လူကရော ဒီနေရာမှာ သူ့အစ်မ၊ သူ့ညီမဆို ရိုက်မလား။ အခွေကို ဖြန့်ချိပြီး အမြတ် ထုတ်နေတဲ့လူတွေကရော သူ့နှမ၊ သူ့အမေ ဆိုရင်လည်း တစ်ခွေ ငါးရာနဲ့ ဖြန့်ချိကြမှာလား။ ဖြန့်ချိတာကို မတားဆီးတဲ့ လူတွေကရော သူ့အမျိုး၊ သူ့အဆွေဆိုရင်လည်း မတားဆီးတော့ဘူးလား။ ဒီ ကလေးနှစ်ယောက်ဟာ ပြစ်မှုအကြီးကြီးကို ကျူးလွန်လိုက်လို့ တရားဥပဒေအရ ပေးတဲ့ ပြစ်ဒဏ်ကိုခံယူပြီးရင်တောင်မှ ဘ၀တစ်ခု လုံး စုတ်ပြတ်သွားအောင် ဒဏ်ခတ်တာကို ဆက်ခံရဦးမှာလားအစ်ကို။

အပြာဇာတ်ကားတစ်မျှ ဆိုးရွားတဲ့ ဒီအခွေကို လူငယ်လေးတွေကြည့်လိုက်တယ်ဆိုရင် ဘာတွေဆက်ပြီး ဖြစ်လာနိုင်သလဲအစ်ကို။ အစ်ကိုတို့တွေ ပြောပြောနေတဲ့ မျိုးဆက်သစ်ကလေးတွေရဲ့ ဦးနှောက်ကလေးထဲကို အညှီအဟောက်တွေ ကြီးစိုးသွားမှာပါပဲ မဟုတ်ဖူးလားအစ်ကို။  အပြာကားတစ်မျှဆိုးဝါးတဲ့ ဒီအခွေမျိုးကို လမ်းဆုံလမ်းခွမှာ အသက်ကြီးငယ်မရွေးကို ရောင်းချနေတာဟာ လူ့အခွင့်အရေးရဲ့ အနှစ်သာရလားအစ်ကို။ အစ်ကို ထောင်ထဲအကြိမ်ကြိမ်ဝင်ခဲ့တာ ဒီလိုလူ့အခွင့်အရေးတွေရဖို့လားအစ်ကို။

လူဆိုတာကလည်း ဘာကျမ်းဂန်၊ ဘာအဟောကိုမှ မသိနားမလည်တဲ့ လူတွေအဖြစ် ရှိနေမယ် ဆိုရင်တောင် ဒီလိုအမူအကျင့်တွေ မရှိသင့်ဘူးဆိုရင် ဘုရားအဆုံးအမတွေနဲ့ ဘ၀ဂ်ထိအောင်ပျံ့နေတဲ့ ကျွန်မတို့ တိုင်းပြည်က လူတွေဟာ ဒီလို အမူအကျင့်တွေ ရှိသင့်ရဲ့လား။ လူတွေဟာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကိုရတဲ့အခါ လွတ်လပ်ခြင်းကို အကြောင်းပြုပြီး ဒါမျိုးတွေ လုပ်ကြမှာလား။ ဘုရားဟောကို သိမှပဲ ရှောင်ကျဉ် ကြမှာလား။ ဒီလိုမဖွယ်မရာဖြစ်နေတာကို အပြစ်လို့မြင်ရင် တာဝန်ရှိကျောင်းအုပ်တို့၊ မော်ကွန်းထိန်းတို့ကို ခေါ်ပြပြီး တိုင်ကြား၊ အရေးယူရမှာ။ သူတို့ဗွီဒီယိုရိုက်တာ အကြာကြီးပါ။ ကျောင်းအုပ်တို့၊ မော်ကွန်းထိန်းတို့ကို သွားခေါ်လို့ရပါတယ်။ တကယ်လို့ မခေါ်ဖြစ်လို့ သက်သေဖြစ်အောင်ရိုက်ထားတာဆိုရင်လည်း ဒီပြစ်မှုကို တိုင်ကြားရင်း တစ်ပါတည်း အဲဒီ့ ဗွီဒီယိုကို အပ်လိုက်ရမှာပဲမဟုတ်ဖူးလား အစ်ကို။  အခုလို ဗွီဒီယိုခိုးရိုက်တာက တရားဝင်သလားအစ်ကို။ ခိုးရိုက်ပြီး ဖြန့်ချိတာကိုရော တရားဥပဒေကြောင်းအရ ခွင့်ပြုထား သလား။ ဒီလိုသာ  ရှင်သန်မယ့် လူမှုပတ်ဝန်းကျင်ဆိုရင် လွတ်လပ်ခြင်းအတွက် အချိန်အကုန်မခံပါနဲ့တော့ အစ်ကို။ လူ့အခွင့်အရေး အတွက်လည်း ထောင်အကျ မခံပါနဲ့တော့အစ်ကို။

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ဆိုတဲ့ စကားရှိတယ်လေ။ ငါးခုံးမကလည်း တစ်ကောင်တည်း မဟုတ်ဖူးအစ်ကို။ လှေကလည်း တစ်စင်းတည်းမဟုတ်ဖူးလေ။ အစ်ကိုက စာရေးတတ်သူ စာရေးဆရာမို့ လူ့ကျင့်ဝတ်တွေကို ရေးပါအစ်ကို။ လွတ်လပ်စွာ ပြောဆိုရေးသားသူတွေရဲ့ တာဝန်ကို ပြောပါဟောပါဦး။  လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိတယ် ဆိုတိုင်းလည်း  မဟုတ်တာကို အဟုတ်လုပ်ပြောခွင့်၊ ဆိုခွင့်ရှိတာမဟုတ်ဖူး ဆိုတာလေးကို ဇာတ်အိမ်လေးဖွဲ့ပါဦး။ အစ်ကို့ကို ပြည်သူတွေက ချစ်ပါတယ်။ ပုဂ္ဂိုလ်ခင်ရင် တရားလည်း မင်သတဲ့။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ပြည်သူတွေကို ပေးချင်တဲ့အစ်ကို … ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ထိုက်တန်တဲ့ ပြည်သူဖြစ်အောင်လည်း ကြိုးစားပါဦးအစ်ကို။

          ကျွန်မတို့မြန်မာလူမျိုးဟာ အင်မတန် မေ့လွယ်၊ ပျောက်လွယ်တဲ့ အမျိုးပါ။ ၀င်းမော်ဦးလေးကိုလည်း မေ့နေပါပြီ။ မောင်သော်ကတို့၊ ဆရာအောင်မေသုတို့ကိုလည်း မသိသလောက်ဖြစ်နေပါပြီ။ ကားထဲမှာ အဆမတန် လူတွေများပြီး အသက်ရှူကြပ် သေဆုံးခဲ့တဲ့သူတွေကိုရော မှတ်မိသေးမယ်လို့ အစ်ကို ထင်သလား။ တံတားနီရော ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိသေးရဲ့လား။ ဒါပေမယ့် ဇာဂနာကိုတော့ မမေ့ကောင်း သေးပါဘူး။ မင်းကိုနို်င်နဲ့ ကိုကိုကြီးကိုလည်း သိကြတန်ကောင်းပါရဲ့။ ဒီလူတွေကို စာနာတန်ကောင်းပါရဲ့။ ဒီလူတွေရဲ့ နာကျင်မှုဟာ နှလုံးသားနဲ့ ဦးနှောက်ကလေးထဲမှာ ခိုအောင်းနေဆဲပဲဆိုတာ နားလည်တန် ကောင်းပါရဲ့။

          ကျွန်မကတော့ ဒီလိုကျင့်ဝတ်မဲ့တဲ့လူတွေကြောင့် ရင်ထဲက အားနာမိပါရဲ့အစ်ကို။

                                                                                          ဘာရာဒွါဂျာ(မြန်မာပြည်)

 



.

1 comments :

  1. Anonymous said... :

    Sandra Lin
    This open letter exemplifies muddled thinking and failure of logical reasoning. Because of the free speech, albeit somewhat limited, currently we are enjoying, many cases of abuse of the authority have been exposed and corrective actions have been taken. It seems to me that the author of this open letter will willingly forgo the freedom of speech if that action would result in elimination of porn videos. Does the author think that no one in established democratic societies will tape public sexual encounters (as in the case she mentioned) and post it on internet? There are even thousands of private sexual encounters on internet, “sex tapes”, posted by the citizens of these countries without permission from one or both individuals. Does she think that the citizens of these countries should not enjoy the freedom of speech just because the actions of a few peoples? I suggest the author should look up the meaning of the Latin word “non sequitur” in a dictionary. Maybe I will provide a link.
    http://en.wikipedia.org/wiki/Non_sequitur_%28logic%29

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved