ဦးခင်ညွန့်မှာ အကြံဥာဏ်တွေ အများအပြား ရှိနေ

Monday, November 11, 2013

~


 




ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှာ အကြံဥာဏ်တွေ အများအပြား ရှိနေပေမယ့် အလဟဿဖြစ်နေဟန်တူပုံကို  The Wall Street Journal အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။




 မြန်မာပြည်အရေးအရာတွေနဲ့ ပတ်သက်ရင် ဝါရင့်ဗိုလ်ချုပ်ကြီးဖြစ်ခဲ့၊ စစ်အစိုးရရဲ့ထိပ်သီးခေါင်းဆောင်ဖြစ်ခဲ့ဖူးသူတဦးရဲ့ရှုထောင့်ကနေ ပေးနိုင်တဲ့ အိုင်ဒီယာတွေ သူ့ဆီမှာ အသင့် ရှိမှာ သေချာပါတယ်။

The Wall Street Journal ကို သူ ပြောပြထားတာကတော့ ...
"ကျနော့်မှာ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ သို့ပေသော်လည်း ကျနော့်ကို အတိုင်ပင်ခံအဖြစ် ဗျူဟာချမှတ်သူအဖြစ် ဘယ်သူကမှ အကူအညီလာတောင်းတာ မရှိဘူး။ တယောက်ယောက်က လာပြီးချဉ်းကပ်ရင် ကျနော်က အကြံပေးမှာပါ။ ဒါ ကျနော်တို့နိုင်ငံရဲ့အကျိုးအတွက်ပါ၊ ကျနော်က နိုင်ငံရေးသမားမဟုတ်ဘူး ဆိုတော့
ဘက်လိုက်ပြီးပြောဆိုတာ ရှိမှာ မဟုတ်ပါဘူး" တဲ့။

ဦးခင်ညွန့်က မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ကာလအတန်ကြာ ကပြခဲ့သူဖြစ်တာကြောင့် နိုင်ငံတကာ စာနယ်ဇင်းတွေက သူ့အကြောင်း ရံဖန်ရံခါ တို့ထိတဲ့နည်းတူ The Wall Street Journal ကလည်း တို့ထိ ရေးသားတဲ့သဘော ဖြစ်ပါလိမ့်မယ်။

မြန်မာစာဖတ်ပရိသတ်တွေထဲမှာလည်း သူ့အကြောင်း စိတ်ဝင်စားသူတွေ ရှိပါတယ်။ သူ့အကြောင်း ပြောဆိုရေးသားတာတွေလည်း ရှိပါတယ်။ မကြာသေးခင်ကလည်း လမ်းပေါ်မှာ တချို့ ပြောနေကြတဲ့၊ ဂျာနယ်စာမျက်နှာပေါ်မှာ ရေးနေကြတဲ့ အကြောင်းအရာတခုကတော့ သူ လွှတ်တော်ထဲ ရောက်ဖို့ ကြိုးစားနေသလား ကြံစည်နေသလား ဆိုတာပါပဲ။ ဒီအကြောင်း ရွေးကောက်ပွဲဝင်ဖို့ ဦးခင်ညွန့် စဉ်းစားနေသလား ဆိုပြီး http://blog.irrawaddy.org/2013/10/blog-post_2679.html
မှာ ရေးခဲ့ပြီးပါပြီ။ 

ဦးခင်ညွန့်မှာ ရှိနေတယ် ပေးလိုပါတယ် ဆိုတဲ့ အကြံဥာဏ်အကြောင်း စဉ်းစားကြည့်ရင် လက်ရှိ အစိုးရ ခေါင်းဆောင်များလည်း အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပဲ ဆိုတော့ သူတို့က ဦးခင်ညွန့်ဆီမှာ အကူအညီ မတောင်းသင့်ဘူးလား ဆိုတဲ့ မေးခွန်း ထွက်လာပါတယ်။

အစိုးရခေါင်းဆောင်တွေကလည်း ဦးခင်ညွန့်နဲ့ သိပ်တော့ မကွာပါဘူး။ စစ်အစိုးရခေါင်းဆောင်ပိုင်းမှာ နှစ်ပေါင်းများစွာ ထိပ်တန်းနေရာတွေ ယူခဲ့သူတွေပါပဲ။ ဦးခင်ညွန့်အိုင်ဒီယာထွက်သလောက် သူတို့လည်း ထွက်မှာပဲလို့ ယူဆထားကြဟန် တူလို့ အကြံဥာဏ်မတောင်းကြတာလည်း ဖြစ်နိုင်ပါတယ်။

သိပ် အထင်မကြီးလို့ အကြံမတောင်းတာလည်း ဖြစ်နိုင်သလို အထင်တော့ ကြီးပါရဲ့ ... တခုခုကို စိုးရိမ်ရလို့ မချည်းကပ်တာလည်း ဖြစ်နိုင်ပါတယ်။

နိုင်ငံရေးရာသီ မတူတော့တဲ့အတွက် အကြံတောင်းဖို့ စိတ်မကူးကြတာလည်း ဖြစ်နိုင်ပါတယ်။

အဲဒါတွေ တခုမှ မဟုတ်ဘူး ... ငါတော့ အခုပဲ အကြံလှမ်းတောင်းဦးမှ လှမ်းတိုင်ပင်ဦးမှ ဆိုတဲ့သူလည်း ရှိနိုင်ပါတယ်။

ဦးခင်ညွန့်က  မြန်မာ့နိုင်ငံရေးမှာ မပတ်သက်တော့ဘူးဆိုတဲ့ ပုံစံမျိုး လေသံပစ်ထားပေမယ့် အကြံပေးဖို့ တိုင်ပင်ဖို့ အသင့်ရှိနေတယ်  ဆိုတဲ့ လေသံ ထပ်ပစ်ထားတော့ မြန်မာ့နိုင်ငံရေးမှာ အနည်းဆုံးတော့ နည်းနည်းပါးပါးပတ်သက်ဖို့ အသင့်ရှိနေတယ်လို့ နားလည် ရမယ် ထင်ပါတယ်။



.

10 comments :

  1. Anonymous said... :

    အကြံဥာဏ်​ဆိုတာအစိုးရ​ခေါင်း​ဆောင်​​တွေမှယူသင့်​တာလားအတိုက်​ခံ​ခေါင်း​ဆောင်​​တွေက​ရောမယူသင့်​ဘူးလားကျ​နော့်​အထင်​​တော့အတိုက်​ခံ​ခေါင်း​ဆောင်​​တွေကပိုယူသင့်​ပါတယ်​ဘာလို့လဲဆိုအုပ်​ချုပ်​​ရေးပိုင်းမှာအ​တွေ့အကြုံ​တော်​​တော်​အားနည်းလို့ပါနိုင်​ငံတစ်​ခုကိုအုပ်​ချုပ်​တယ်​ဆိုတာပါးစပ်​က​ပြောရသ​လောက်​လွယ်​တဲ့ကိစ္စမဟုတ်​ပါကိုယ့်​မိသားစုထဲတင်​ကိုယ့်​အုပ်​ချုပ်​​ရေးအာဏာအပြည့်​အဝသက်​​ရောက်​ပါရဲ့လားဆိုတာစဉ်းစာကြ​စေလိုပါတယ်

  1. Anonymous said... :

    တက္ကသိုလ်တွေကို ဒီထက်ပိုဝေးတဲ့မြို့ပြင်ကို ထပ်ရွှေ့ခြင်သေးလို့လား ဦးခင်ညွန့်ရယ်။
    ခင်ဗျား ဥာဏ် တထွာတမိုက်နဲ့ အခု သောက်ရမ်းလုပ်သွားခဲ့ တာတွေကို ကျောင်းသား မျိုးဆက် နောက်ထပ် ၅ ဆက်တောင် ခွင့်လွှတ်နိုင်ပါ့ဦးမလားဘဲ စဉ်းစားပါဦး။
    အပြစ်တွေကြေဘို့ အရင် လိုက်တောင်းပန်ပါဦး။

  1. Anonymous said... :

    အကြံ ညာဏ် ယူသင့် သည် ထင်ပါသည်။ အသုံးချတာမချတာ တော့ စဉ်းစာ ပေါ့။ သူ့ အချိန်တုံး ကလဲ ထူး ချွန်တာတွေရှိပါသည်။ အနာ ဂါတ် တိုင်ပြည် ကောင်းဖို့ ဆိုလျှင် ဘက်စုံ အမြင် များဘို့ လိုမည် ထင်ပါသည်။

  1. Anonymous said... :

    အကြံဥာဏ် ယူသင့်သည် ထင်ပါသည်။ သူလဲ သူ့ ခေတ် အခါ က ထူချွန်ခဲ့ တာ ရှိပါသည်။ အသုံးချသင့် မသင့် တော့ စဉ်းစား နိုင်ကြပါ လိမ့် မည်။

  1. Anonymous said... :

    လူတယောက်ရဲ့ လုပ်ရပ်တွေကိုကြည့်ပြီး သူဘာတွေကျွမ်းကျင်တယ် ဘယ်လိုအကြံမျိုးရနိုင်တယ်ဆိုတာ ခန့် မှန်းနိုင်ပါတယ်
    သူ့ ဆီကလဲ အကြံတွေရနိုင်ပါတယ် ကောက်ကျစ်နည်း၊အနိုင်ကျင့်နည်း ၊ ကိုယ်ကျိုးကြည့်နည်း၊ လိမ်လည်နည်း၊ အရှက်မရှိအသက်ရှင်နည်း၊ ဘယ်သူသေသေငတေမာရင်ပြီးရောနည်း၊ လဒ်မစားဘဲ စားဝတ်နေရေးအတွက် သစ်ခွင်ပင်စိုက်ရင်းချမ်းသာနည်း အစရှိသဖြင့်ပေါ့ဗျာ

  1. Anonymous said... :

    တိုင်ပြည်ဆင်းရဲ မွဲတေအောင် လုပ်ခဲ့တဲ့ သူတစ်ယောက်ယောက်ဆီက အကြံဥာဏ်တောင်း ဖို့  ပြည်သူတွေမှာ ဆန္ဒလည်း မရှိသလို မိုက်လည်း မမိုက်မဲပါဘူး။ တော်ပါ တန်ပါ ခင်ညွန်ရယ်။

  1. Anonymous said... :

    ခင်ညွန့်  ဝေးဝေးမှာ နေရင် ကောင်းမယ်။ ဝင်မရှုပ်ပါနဲ့။

  1. Anonymous said... :

    လုပ်စားလို့ ရ အုံးမလားလို့  ဟိုဖက်ကချောင်း ဒီဖက်ကချောင်း လုပ်နေတာပါ..

  1. Anonymous said... :

    တိုင်ပင်ဆွေးနွေးသင်.သင်ဟုယူဆပါသည်

  1. ညွန့်ညွန့် said... :

    မလာပါနဲ့။.....(မျိုးကြီးသီချင်းပဲ ဟစ်လိုက်တော့မယ်။)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved