လော်ဘီငှားရန်ရှိသည်
Wednesday, May 14, 2014
~
 ဖြိုးဝေ (မဟာဝိဇ္ဇာ) ~
             .
အကယ်၍ စာဖတ်သူသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှုကြောင့် နောင်ရေးအတွက် ရတက်မအေးဖြစ်နေသူ၊ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူဆိုလျှင် ဤဆောင်းပါးသည် စာဖတ်သူအတွက် အထူးဝမ်းမြောက်စရာ သတင်းစကားလက်ဆောင်တစ်ခု ယူလာသည်ဟု မှတ်ယူလိုက်ပါ။
ထိုလက်ဆောင်ကတော့ စာဖတ်သူနောင်ရေးအတွက် ရတက်အေးရအောင် စွမ်းစွမ်းတမံဆောင်ရွက်ပေးမည့် လော်ဘီများငှားရန်ရှိသည် ဆိုသည့် သတင်းစကားလက်ဆောင်ပဲ ဖြစ်ပါသည်။
ဤနေရာမှာ စာဖတ်သူမသိသေးပါက သိရအောင် လော်ဘီဆိုတာဘာလဲ။
ဘယ်လိုလူတွေလဲ။ သူတို့က ဘာတွေစွမ်းဆောင်ပေးနိုင်လို့လဲ ဆိုသည်နှင့်ပတ်သက်၍ အနည်းငယ်ရှင်းပြပါရစေ။
            လော်ဘီ ဆိုသည်မှာ နိုင်ငံရေးသမားများနှင့် အစိုးရအဖွဲ့များ၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်အောင်၊ တစ်နည်း နိုင်ငံရေးသမားများနှင့် အစိုးရအဖွဲ့များကို ကိုယ်လိုချင်သည့်နိုင်ငံရေးရည်ရွယ်ချက်မျိုးဖြစ်အောင် လုပ်ရာမှာ ပါဝင်ကူညီလာအောင် ဆွယ်ပေးသည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း ဖြစ်ပါသည်။
ထိုပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခု၏ အကျိုးစီးပွားအတွက်ဆွယ်ပေး ခြင်းကို လော်ဘီလုပ်သည်ဟုခေါ်ပါသည်။
 လော်ဘီများသည် တစ်ဦးတည်းလှုပ်ရှားသည့် လော်ဘီများ ရှိသလို အုပ်စုလိုက်လှုပ်ရှားသည့်လော်ဘီအဖွဲ့များလည်း ရှိသည်။
သို့သော် သူတို့၏ထူးခြားချက်က သူတို့ဘယ်သူဘယ်ဝါမှန်း လူအများမသိအောင်လျှို့ဝှက်လှုပ်ရှားတတ်ကြသလို ဘယ်သူ ဘယ်ဝါမှန်း ပေါ်ပေါ်ထင်ထင် လှုပ်ရှားရပါကလည်း အများယုံကြည်အောင် အများကြိုက်မည့်အသွင်ဆောင်ထားပြီး သူတို့ရည်ရွယ်ချက် အထ မြောက်အောင် လုပ်ဆောင်တတ်ကြပါသည်။
ထိုသို့လှုပ်ရှားမှလည်း သူတို့သည် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုအတွက် ဆောင်ရွက် ပေးနေမှန်း လူအများ မရိပ်မိမှာပါ။
            စာဖတ်သူသိပြီးဖြစ်သည့်အတိုင်း ယခုဆိုလျှင် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းခဲ့သည်မှာ သုံးနှစ် ပြည့်ခဲ့ပြီဖြစ်ပါသည်။
သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် လက်ရှိအစိုးရကလည်း နောက်ကြောင်းပြန်လှည့်စရာ အကြောင်း၊ တစ်နည်းအားဖြင့် စစ်အာဏာရှင် စနစ်ကိုပြန်ရောက်စရာ အကြောင်းမရှိဘူး ဟုပြောကြားထားပါသည်။
ထို့ပြင် လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် အရေအတွက်ကို တဖြည်းဖြည်းလျှော့ချပြီး စစ်တပ်အနေဖြင့် ပရော်ဖက်ရှင်နယ်ဆန်ဆန်နေသွားမည့် အလားအလာလည်း ရှိပါသည်။
ထိုအတိုင်း တကယ် ဖြစ်လာလျှင်တော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပိုမိုရုပ်လုံးပေါ်လာပြီး ဒီမိုကရေစီစနစ်အားကောင်းလာဖို့ ရှိပါသည်။
ဒီမိုကရေစီစနစ်အားကောင်းလာလျှင် စစ်အာဏာရှင်စနစ်လက်ထက်က တိုင်းပြည်နှင့် ပြည်သူအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ် မတရားရယူထားသည့် စည်းစိမ်နှင့် အာဏာများရှိခဲ့ပါက ယုတ်လျော့ (သို့မဟုတ်) ဆုံးရှုံးပျောက်ကွယ်သွားမည့် အလားအလာများ ရှိလာနိုင်သည်။
ထိုသို့ဖြစ်ပေါ်လာနိုင်သည့်နောင်ရေးအတွက် ရတက်မအေး ဖြစ်နေရသူစာဖတ်သူလိုပုဂ္ဂိုလ်များအတွက် လော်ဘီများက ဖြည့်ဆည်းပေးပါရစေ။
            စာဖတ်သူနောင်ရေးအတွက် ရတက်အေးရအောင် စစ်အာဏာရှင်စနစ် ပြန်ရောက်ဖို့အတွက် လော်ဘီများက လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေးနှင့် ဒီမိုကရေစီအမည်များခံပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စွမ်းစွမ်းတမံ လော်ဘီလုပ်ပေးနေကြပါသည်။
လူတိုင်းအတွက် ထိလွယ်ရှလွယ်သည့်လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေးကိုခုတုံးလုပ်၊ လူမျိုးရေး၊ ဘာသာရေး၊ အမျိုးသားရေး အမည်များခံပြီး လူမျိုးအချင်းချင်း ဖြစ်စေ၊ လူမျိုးခြားများနှင့်ဖြစ်စေ၊
ဘာသာအချင်းချင်းဖြစ်စေ၊ ဘာသာခြားများနှင့်ဖြစ်စေ ရန်တိုက်လှုံ့ဆော်၊ ဝါဒဖြန့်ပေးရာကနေ တစ်တိုင်းပြည်လုံး မီးဟုန်းဟုန်းတောက်သည့် ပဋိပက္ခ အုံကြွမှုများဖြစ်လာသည့်အတွက် အခြေအနေများ မဆိုးဝါးအောင် စစ်တပ်က အာဏာပြန်သိမ်းရသည့် အခြေအနေမျိုး မရောက်ရောက်အောင် ပုံဖော်ဖန်တီး ဝါဒဖြန့်လှုံ့ဆော်ဆွယ်ပေးသည့် အမျိုးသားရေး အမည်ခံလော်ဘီများရှိသလို ပြည်သူအများ တောင့်တနေကြသည့် ဒီမိုကရေစီအမည်ခံပြီး ပြည်သူ့ဘက်တော်သားအဖြစ်နှင့် လက်ရှိအစိုးရကိုဆန့်ကျင်တိုက်ခိုက်သလိုလိုနှင့် ပြည်သူများအစိုးရကို မုန်းတီးမှုကတစ်ဆင့် လမ်းပေါ်နိုင်ငံရေး၊ လူထုအုံကြွမှုများ တစ်နိုင်ငံလုံးဖြစ်လာမှုကြောင့် နောက်ဆုံး တိုင်းပြည် ချောက်ထဲကျခါနီးလို့ တပ်မတော်က ကယ်တင်လိုက်ရသည် ဆိုသည့်အဖြစ်မျိုးပြန်ရောက်အောင် ပြည်သူ့ဘက်တော်သား၊ ဒီမိုကရေစီအမည်ခံဖြင့် စစ်အာဏာရှင်စနစ်ပြန်ရောက်အောင်ဆွယ်ပေးမည့် လော်ဘီများလည်း ရှိသည်။
အရှင်းဆုံးပြောရလျှင် စစ်အာဏာရှင်စနစ်ပြန်ရောက်အောင် စွမ်းစွမ်းတမံဆောင်ရွက်ပေးမည့် အာဏာရှင်လော်ဘီများပင်ဖြစ်ပါသည်။
 လောလောဆယ်မှာ လော်ဘီများသည် မီဒီယာအမျိုးမျိုးမှာ အသွင်ဖျောက်၍်ဖြစ်စေ၊ အသွင်ယူ၍ဖြစ်စေ ပူးဝင်ပြီး ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီရေး စသည့် လူထုအကြိုက်ပြောဆိုရေးသားလျက် စစ်အာဏာရှင်စနစ်ပြန်ရောက်အောင်ဆွယ်ပေးကာ လော်ဘီ လုပ်ပေးလျက်ရှိကြပါသည်။
စာလည်းအတော်ရှည်သွားပါပြီ။ ယခုလောက်ဆိုလျှင် နောင်ရေးအတွက် ရတက်မအေးဖြစ်နေရသည့် စာဖတ်သူလည်း မျှော်လင့်ချက်အခွင့်အလမ်းတစ်ခုမြင်သွားပြီဟု ယုံကြည်ပါသည်။
အကယ်၍ လော်ဘီငှားချင်သည်ဆိုပါက ဖေ့စ်ဘွတ်လို လူမှုကွန်ရက်များနှင့် မီဒီယာအမျိုးမျိုးမှာ အသွင်ဖျောက်၍ ဖြစ်စေ၊ အသွင်ယူ၍ဖြစ်စေ လှုပ်ရှားနေကြသည့်လော်ဘီများကို ကိုယ်တိုင် တိုက်ရိုက်လေ့လာပြီး ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါသည်။
.
1 comments :
  1. Anonymous said... :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved