ပါရမီက BB Cake

Monday, June 23, 2014

 ~
 

ကျမတို့ မြန်မာအများစုရဲ့ စားသောက်ပုံ ဓလေ့သဘာဝအရ အရသာပြင်းပြင်းတွေကို နှစ်သက်လေ့ရှိပါတယ်။

 
 

မြန်မာတွေနှစ်သက်တဲ့ မြန်မာအစားအစာတွေရဲ့ အရသာတွေကလည်း အငန်အစပ်ကဲတဲ့ အရသာပြင်းပြင်းတွေချည်းပဲ မဟုတ်လား။

ကော်ဖီ၊ လက်ဖက်ရည်သောက်ပြီးဆိုပြန်ရင်လည်း ချို၊ ကျ၊ ပြင်း အရသာကဲတဲ့ လက်ဖက်ရည်ဆိုင်တွေက ဖျော်တဲ့ အရသာကိုသာ ပိုပြီးသဘောကျလေ့ရှိပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်ပုံကို ဂရုတစိုက် လိုက်နာကျင့်သုံးလေ့ရှိသူတွေကတော့ မိမိတို့စားတဲ့ ရိုးရာအစားအစာတွေထဲမှာကိုပဲ ဆင်ခြင်သင့်တာ၊ လျှော့စားသင့်တာ တွေကို ချင့်ချိန်ပြီး စားသောက်တတ်ကြပါတယ်။ ဥပမာ အဆီများတာ၊ အချိုနဲ့ အငန်များတာတွေကို ရှောင်ကျဉ်တာမျိုးပေါ့။

ဒါပေမယ့် ကော်ဖီနဲ့ကိတ်လို အချိုအရသာကို အထူးပြု စီမံပြုလုပ်ထားတဲ့ အစားအစာမျိုးတွေကျတော့ ကိုယ့်အကြိုက်နဲ့ လည်းညီအောင် ကျန်းမာရေးနဲ့လည်း ညီညွတ်တာကို ရွေးချယ်ဖို့ခက်လေ့ရှိပါတယ်။

အချိုအရသာကိုလျှော့ပြီး ချိစ်လို ထောပတ်လို နို့ထွက်ပစ္စည်းတွေရဲ့ အဆိမ့်အရသာနဲ့ လတ်ဆတ်သန့်ရှင်းမှုကို အသားပေးထားတဲ့ ကိတ်မုန့်နဲ့ ပေါင်မုန့်တွေကို ရွေးချယ်ဝယ်ယူရခက်နေသူတွေကို လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိတ်မုန့်ပေါင်မုန့်တွေ ရရှိနိုင်မယ့် နေရာတွေထဲက တခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။

နေရာက ပါရမီလမ်းမကြီးပေါ်မှာဖြစ်ပြီး မဉ္ဇူလမ်းထိပ်မှာတည်ရှိပါတယ်။

အလင်းရောင်များများဝင်အောင် စီမံ ဆောက်လုပ်ထားတဲ့ မှန်ချပ်တွေကာရံထားတဲ့ BB Cake ဆိုင်ကို ကျူးဘားအုန်းပင်မြင့်မြင့်ကြီးတွေနောက်ခံနဲ့ တွေ့မြင်ရမှာပါ။

ဆိုင်ထဲဝင်လိုက်ရင်လည်း ဖြူဖွေးလင်းလက်ပြီး မြင်လိုက်တာနဲ့ သက်သောင့်သက်သာရှိပုံရတဲ့ ထိုင်ခုံတွေနဲ့ စားပွဲဝိုင်းတွေကို အနောက်တိုင်းတေးသွား တိုးတိုးငြိမ့်ငြိမ့်ဖွင့်ထားတဲ့ အဲကွန်းခန်းထဲမှာ တွေ့မြင်လိုက်ရပါတယ်။

 


မှန်ကောင်တာတွေနောက်က နမူနာပြသထားတဲ့ ကိတ်မုန့်အရွယ်စုံ ဒီဇိုင်းစုံကလည်း ကိတ်မုန့်ပြတိုက်တခုထဲ ရောက်သွားသလိုပါပဲ။

ဝန်ထမ်းတွေရဲ့ဖော်ရွေတဲ့ ဆီးကြိုနှုတ်ဆက်မှုနဲ့အတူ နေရာယူပြီးရင်တော့ အမျိုးအမည်စုံလင်လှတဲ့ ကိတ်၊ ကော်ဖီ၊ သစ်သီးဖျော်ရည်တွေနဲ့ ရေခဲမုန့် မီနူးတွေပါတဲ့ စာရင်းကို တွေ့ရမှာပါ။

များပြားတဲ့ Flavour Coffee တွေ၊ Iced Coffee တွေ၊ smoothies တွေ၊ လတ်ဆတ်တဲ့ Fruit Juices တွေ၊ Fruit & Flower Tea တွေ၊ Ice - cream တွေ၊ Cake တွေကို မြင်လိုက်ရရင် နည်းနည်းတော့ရွေးချယ်ရခက်သွားနိုင်ပါတယ်။ ဆေးဖက်ဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုတဲ့ Flower Tea (ပန်းလက်ဖက်ခြောက်) တွေကို ဖန်ဘူးရှည်တွေနဲ့ ထည့်ပြီး ပြသထားတာကိုလည်း တွေ့ရမှာပါ။

မြည်းစမ်းကြည့်လိုက်တဲ့ ကိတ်တွေရဲ့အရသာဟာ ဗနီလာ၊ ချောကလက်နဲ့ ချိစ်တို့ရဲ့ ဆိမ့်မွှေးတဲ့အရသာကို အခြေခံပြီး လျှာပေါ်မှာအရည်ပျော်သွာအောင် နူးညံ့လှပါတယ်။ ဆိုင်ရှင်တဦးဖြစ်တဲ့ ကိုရန်နိုင်ကိုရဲ့ ပြောပြချက်အရတော့ ဒီဆိုင်ရဲ့အားသာချက်ဟာ လတ်ဆတ်မှုနဲ့ တာရှည်ခံပစ္စည်းများကို သုံးမထားတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်ခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဂျုံနယ်စဉ်ကတည်းက ရေအစား နွားနို့နဲ့နယ်သဖြင့် နို့အရသာပေါ်လွင်တဲ့ အဆိမ့်အရသာကို ခံစားရစေတယ်လို့လည်း သူက ဆိုပါတယ်။

လတ်ဆတ်မှုကို အလေးထားတဲ့အတွက် ဆိုင်ကဝယ်ယူပြီးတဲ့ ကိတ်မုန့်နဲ့ပေါင်မုန့်တွေကို ဝယ်ယူတဲ့နေ့မှ နောက်တနေ့အတွင်း စားသုံးရင်တော့ အကောင်းဆုံးဖြစ်ပါသတဲ့။

 


မွေးနေ့ကိတ်နဲ့ အခြားပွဲလန်းသဘင်တွေအတွက် အမှတ်တရကိတ်တွေကို မှာယူလိုရင်လည်း ဆိုင်မှာပြသထားတဲ့ နမူနာပြသထားတဲ့ ဒီဇိုင်းတွေအပြင် အခြားမိမိတို့စိတ်ကြိုက် နှစ်သက်ရာဒီဇိုင်းပုံစံကိုယူလာမယ်ဆိုရင်လည်း အတတ်နိုင်ဆုံး အဆင်ပြေနီးစပ်အောင်ဖန်တီးပေးလေ့ရှိတယ်လို့ သိရပါတယ်။

မှာယူတဲ့နေ့မှသာ ပြုလုပ်ပေးတဲ့ ကိတ်တွေကို ကိတ်ထားသိုတဲ့ freezer တွေမှာ ထည့်သွင်းထိန်းသိမ်းပေးထားတာမို့ ပွဲကျင်းပမယ့်အချိန်နဲ့နီးမှ လာရောက်ရွေးချယ်ပြီး စားသုံးကြမယ်ဆိုရင်တော့ လတ်ဆတ်မှုအရသာ အပေါ်လွင်ဆုံးပါပဲတဲ့။

 


ကျန်းမာရေးကို အလေးပေးဂရုစိုက်တတ်ကြသူတွေအတွက် အဆင်ပြေစေတာကတော့ Flower Tea တွေပဲ ဖြစ်ပါတယ်။

Bamboo Leaves, Lavender, Chrysanthemum, Golden Lemon, Golden Silver Flower, Jasmine, Hollen Rose စတဲ့ ပန်းတွေ အရွက်တွေကို သဘာဝအာနိသင်နဲ့ အနံ့အရသာမပျောက်အောင် ဖန်တီးစီမံထားတာမို့  သောက်သုံးသူတွေ အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆေးဖက်ဝင်အာနိသင်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။

 


ချိုတဲ့ ဆိမ့်တဲ့အရသာကိုလည်းနှစ်သက်ခုံမင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မှတခြင်းကိုလည်း လက်မလွှတ်နိုင်ဘူးဆိုရင်တော့ လတ်ဆတ်မှုကို အခြေခံပြီး အချိုအရသာပြင်းပြင်းအစား အဆိမ့်အရသာကဲတဲ့ ကိတ်၊ ကော်ဖီနဲ့ စားစရာတွေရနိုင်မယ့် BB Cake ဆိုင်ကို မနက် ၇နာရီကနေ ည ၁၀နာရီအတွင်း သွားရောက်ပြီး မြည်းစမ်းကြည့်နိုင်ပါတယ်။

ဝိုင်ချစ်သူတွေအတွက်လည်း နောက်လအနည်းငယ်အတွင်း ဝိုင်နဲ့အတူ တွဲဖက်မြည်းစမ်းနိုင်မယ့် Steak တွေနဲ့ European Food တချို့ကို ရရှိနိုင်တော့မှာဖြစ်တဲ့အကြောင်း သတင်းလက်တို့လိုက်ပါရစေ။

 သီ

 



.

1 comments :

  1. Unknown said... :

    Please tell BB Cake addresses.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved