မန္တလေးတိုင်းအစိုးရရဲ့သတင်းထုတ်ပြန်ချက် ဝေဖန်ခံနေရ

Friday, July 4, 2014

 ~




 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက်တွင်  ဆူပူမှုဖြစ်စဉ်များ အကြောင်း ကြာသပတေးနေ့က ဖော်ပြရာတွင် ထည့်သွင်းခဲ့သည့် အသုံးအနှုန်း တချို့သည်   ပြဿနာကို  ဆက်လက်ကြီးထွားသွားစေနိုင်သည်ဟု  အွန်လိုင်း လူမှုမီဒီယာတွင်  ဝေဖန်သံများစွာ  ထွက်ပေါ်နေသည်။

မည်သည့်ဘာသာဝင် မည်သည့် လူမျိုးကို မည်သူတို့က ရိုက်နှက်သဖြင့် ဒဏ်ရာရသည်၊ သေဆုံးသည် စသဖြင့် ရေးသားထားချက်ကို ကန့်ကွက်သူ အများအပြား ရှိနေသည်။

“အစိုးရရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့သတင်းတွေကို ဝန်ကြီးတွေနဲ့  လူကြီးတွေရဲ့ လက်မှတ်မပါဘဲ၊ ခွင့်မပြုဘဲ ဖော်ပြလေ့မရှိဘူး၊ ဒါက  လူကြီးတွေရဲ့ လက်မှတ်ပါမှ တင်ရတာ” ဟု မန္တလေးတိုင်းဒေသကြီး  အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

www.mdyregion.gov.mm သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တရားဝင် အွန်လိုင်းစာမျက်နှာဖြစ်သည်ဟုလည်း အဆိုပါ တာဝန်ရှိသူက  အတည်ပြုပြောကြားသည်။

 လူမှုမီဒီယာဖြစ်သည့် ဖေ့စ်ဘုတ်စာမျက်နှာများတွင်
 “သူတို့ အစိုးရအဖွဲ့ရဲ့ လုပ်ရပ်က မီးလောင်ရာ လေပင့်ချင်တာလား”
 “လုပ်ရပ်က ရှက်ဖို့ကောင်းတယ်”
“ဦးနှောက်သုံးပြီး စဉ်းစားပြီးမှ ထုတ်ပြန်ချက်ကို သေချာတင်ပေးတာ  အကောင်းဆုံးပါ”
“လူကြီးတွေ ဒီစာမဖတ်ဘူးလား၊ လူမျိုးရေးပြဿနာတွေ  ထပ်ဖြစ်အောင် မီးမွှေးချင်တာလား” စသည့် ဝေဖန်မှု များစွာကို တွေ့ရသည်။

 လူထု၏ ဝေဖန်မှုအပေါ် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ဧရာဝတီက  ဖုန်းဆက်ရာတွင်
“တိုင်တဲ့သူတွေပြောတဲ့အတိုင်းထည့်ရေးထားတာ၊ ဟုတ်တယ်၊  အဲဒီအတိုင်းရေးထားတာ အမှန်ပဲ” ဟု တာဝန်ကျ ရဲအရာရှိတဦးက ဖြေသည်။

“အစိုးရဖြစ်ဖြစ်၊ တိုင်းဒေသကြီးဖြစ်ဖြစ် ဒါမှမဟုတ် အဖွဲ့အစည်းတွေဖြစ်ဖြစ်  ထုတ်တဲ့ထုတ်ပြန်ချက်တွေက ရှိပြီးသားကိစ္စတွေကို ဆိုးဝါးစေတဲ့ အရေးအသားတွေ၊  သဘောထားတွေ မဖြစ်သင့်ဘူး၊ ဥပဒေအတိုင်း လုပ်ကြရင် ကောင်းမယ်၊
 အမှန်ကတော့  တချို့ကိစ္စတွေမှာ အဖြစ်မှန်တွေကို ထုတ်ပြန်ချက်မှာ အဖြစ်မှန်အတိုင်း  အားလုံးကို ရေးလို့မရဘူး၊ အမှန်တိုင်းသိလည်းရေးလို့ ပိုပြီး ဆိုးစေမယ့်  ထိခိုက်နစ်နာမှုမျိုးဖြစ်စေမယ့် အရေးအသားမျိုး မရေးသင့်ဘူး” ဟု သတင်းစာဆရာ ဦးသီဟစောက သုံးသပ်သည်။

 အထက်မြန်မာပြည်သံဃသမဂ္ဂအဖွဲ့မှ နာယက ဖြစ်သူ ဂဠုန်နီဆရာတော် ဦးကာဝိယက  အစိုးရအဖွဲ့အနေဖြင့် လတ်တလော ဆူပူအကြမ်းဖက်မှုများကို ထိန်းချုပ်နေစဉ်ကာလအတွင်း ယခုကဲ့သို့ ဘာသာနှင့် လူမျိုးတို့ကို  ထည့်သွင်း ထုတ်ပြန်ချက်မှာ မသင့်တော်ကြောင်း မိန့်သည်။

“အမည်နာမတွေထည့်သုံးတာတော့ မသင့်တော်ဘူးပေါ့၊ အစိုးရဘက်ကလည်း ကမ္ဘာမှာ  မြန်မာကချည်း သူတို့တွေကို နှိပ်စက်တယ် ပြောနေတော့ ဖြစ်စဉ်သေချာသိအောင် ရှင်းပြထားသလားလို့တော့ တွေးတယ်”ဟု ဂဠုန်နီဆရာတော် က ရှင်းပြသည်။

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကလည်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်သည် လက်ရှိဖြစ်ပေါ်နေသည့် ဆူပူမှုများကို ပိုမိုကြီးထွားလာစေနိုင်ကြောင်း၊ အနာဂတ်တွင် ဘာသာရေးအဖွဲ့အစည်းများအကြား ရင်ကြားစေ့ရေးကိစ္စများဆောင်ရွက်ရာတွင် ပိုမိုခက်ခဲသွားနိုင်ကြောင်း သုံးသပ်သည်။

“ဒီလို အရေးအသားမျိုးကို လုံးဝမထောက်ခံဘူး၊ လုံးဝမသုံးစေချင်ဘူး၊  အခုဖြစ်နေတာက ကောလဟလတွေကနေ စဖြစ်တာကို  ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရမှာကို ဒီလို ထုတ်ပြန်ချက်ကြောင့်  ပြဿနာပိုပြီး ကြီးထွားသွားနိုင်တယ်”ဟု ဦးဝင်းထိန်က ပြောသည်။

 မန္တလေးဆူပူမှုဖြစ်စဉ်တွင် သေဆုံးသွားခဲ့သည့် ကိုစိုးမင်းထွေး၏ နာရေးဖိတ်စာတွင် ၎င်းတို့၏ အစ္စလာမ်ဘာသာအရ ရေးသားဖော်ပြထားသော်လည်း  ကိုထွန်းထွန်းအတွက် ရွှေကြေးစည် နာရေးကူညီမှုအသင်းမှ ဖိတ်ကြားသည့်  နာရေးဖိတ်စာတွင်လည်း “ယုတ်မာသော မွတ်စလင်တစု၏  ရက်စက်စွာသတ်ဖြတ်မှုကြောင့်….”ဟု ဖော်ပြထားသည့်အတွက် မန္တလေးမြို့၏  အခြေအနေကို ထိန်းသိမ်းဆဲ ကာလတွင် ဆူပူမှုများ ထပ်မံဖြစ်ပေါ်လာမည်ကို  ဒေသခံများကလည်း စိုးရိမ်လျက်ရှိသည်ဟု ပြောကြသည်။

 

.

1 comments :

  1. Anonymous said... :

    မည်သူတဦးတယောက်မှမဝေဖန်ပါ။ မန်းမြို့သူမြို့သားများ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်ကိုလွန်စွာပိတိဖြစ်ကျေနပ်နှစ်ထောင်းအားရ ဖြစ်မိပါသည်။ အမှန်အတိုင်းရေးသားပါ။ မဖုန်းကွယ်ပါနဲ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved