အီဘိုလာ ဟုတ်၊ မဟုတ် စစ်ဖို့ သွေးနမူနာ အခုထိမပို့ရသေး

Tuesday, August 26, 2014

.

ရန်ကုန်လေဆိပ်မှာ အီဘိုလာ ဗိုင်းရပ်စ် သံသယဖြစ်သူနဲ့ အတူပါလာသူတွေကို အထူးကြပ်မတ်မှု နဲ့ ဝေဘာဂီဆေးရုံ ပို့ပြီး ကုသမှုတွေ လုပ်နေရင်း သူတို့သွေးနမူနာကို အီဘိုလာ ဟုတ်၊ မဟုတ် သွေးစစ်ဖို့ နိုင်ငံခြားကို မပို့ရသေးဘူးလို့ သြဂုတ်လ ၂၅ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနအဆိုရ သိရတယ်။ 






အသက် ၂၂ နှစ်ရှိ ဦးဇင်မင်းဦးရဲ့ သွေးနမူနာကို အိန္ဒိယနိုင်ငံ ပူနေးမြို့က ဗိုင်းရပ်ဆိုင်ရာ ဓာတ်ခွဲခန်း၊ အမေရိကန် ပြည်ထောင်စု စီဒီစီ အတ္တလန်တာ ဓာတ်ခွဲခန်း၊ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က ဓာတ်ခွဲခန်းတွေကို ပို့ပြီး စိစစ်ဖို့ ညှိနှိုင်း နေဆဲသာဖြစ်တယ်လို့ သိရပါတယ်။ 

အခုလို သွေးနမူနာ မပေးပို့ရသေးတာကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ နိုင်ငံတကာ ဇီဝလုံခြုံရေး ဆိုင်ရာ သတ်မှတ်ချက်တွေအရသာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီသတ်မှတ်ချက်တွေအရ မြန်မာကျန်းမာရေး ၀န်ကြီးဌာနက WHO ကို အကြောင်းကြားဖို့ လိုအပ်တယ်လို့ ဆိုတယ်။ 

ဒီအပြင် ပေးပို့မည့် နမူနာ ပစ္စည်းဟာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်၍ WHO က သတ်မှတ်ထားတဲ့ အထပ် ၃ ထပ်ပါ ပြီး လုံခြုံရေးအာမခံတဲ့ ဓာတ်ခွဲနမူနာပစ္စည်း ပို့တဲ့ ပုံးနဲ့သာ ပို့ရမှာဖြစ်တယ်လို့ ဆိုတယ်။  နမူနာပို့ပေးမယ့် ပစ္စည်းလက်ခံစစ်ဆေးပေးမယ့်နိုင်ငံက အန္တရာယ်ရှိ ပစ္စည်းနမူနာကို လက်ခံဖို့ လည်း လိုအပ်ပါတယ် တဲ့။ 

တကယ်လို့ တဖက်က လက်ခံမယ်ဆိုရင်တော့ ဒီလိုပစ္စည်းပို့ဆောင်ခွင့်ရ အဖွဲ့နဲ့သာဆက်သွယ်ပြီး ပို့ရမှာ ဖြစ်ပါတယ်။ 

စစ်ဆေးမယ့် ဓာတ်ခွဲခန်းကလည်း နမူနာ ပို့ပေးလာတဲ့ ပစ္စည်းကို စစ်ဆေးခွင့် ရဖို့လည်း လိုအပ်ပါတယ် တဲ့။ ဇီဝပစ္စည်း လုံခြုံစွာ သယ်ယူပို့ဆောင်မယ့် International Air Transport Association –IATA ဆို တဲ့ နိုင်ငံ တကာ လေကြောင်း လိုင်းကလည်း ခွင့်ပြုချက်ရဖို့ လိုအပ်တယ်လို့ ဆိုတယ်။ 

အီဘိုလာသံသယဖြစ်သူရဲ့ သွေးနမူနာကို နိုင်ငံခြားဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးဖို့ အခုထိ ကျန်းမာရေး ၀န်ကြီးဌာနအနေနဲ့ IATA အပါအ၀င် WHO တို့နဲ့ ညှိနှိုင်းနေဆဲပဲဖြစ်တယ်လို့ သိရပါတယ်။ 

 ဒါဆို ကနဦးက ထုတ်ပြန်ခဲ့တဲ့ အီဘိုလာသံသယဖြစ်သူကို ရောဂါရှာဖွေစစ်ဆေးတဲ့အခါ အီဘိုလာ ဗိုင်းရပ်စ် မဟုတ်ဘဲ ငှက်ဖျားပိုးသာတွေ့ရှိရတာဆိုပြီး ပြောဆိုခဲ့တာနဲ့ ကွဲလွဲချက်ဖြစ်နေပါပြီ။ 

 အီဘိုလာ သံသယရှိသူ လူနာရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တိုးတက်ကြောင်းသာ ကျန်းမာရေး ၀န်ကြီးဌာနက ဆက်တိုက် ပြောဆိုခဲ့ပါတယ်။ 

ကျန်းမာရေး ၀န်ကြီးဌာန ( Myanmar CDC ) က ထုတ်ပြန်ထားတဲ့ သတင်းအပြည့်အစုံကို အောက်မှာ သေချာစွာ ဖတ်နိုင်ပါတယ်။ 



 အိမ့်သံစဉ် ~























0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved