မိခင်၊ ကလေး စောင့်ရှောက်မှုအတွက် ကမ္ဘာ့ဘဏ်ရဲ့ဒေါ်လာသန်း ၁ဝဝ

Thursday, October 16, 2014

-



ကမ္ဘာ့ဘဏ်က မြန်မာတနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃ဝ တွင် နေထိုင်လျက်ရှိသော ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ
တိုးမြှင့်ဆောင်ရွက်နိုင်ရန် ချေးငွေ ဒေါ်လာသန်း ၁ဝဝ အကူအညီ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

  


၂ဝ၁၃ ဇန်နဝါရီလက ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တွေ့ရသော ကချင်အမျိုးသမီးတဦးနှင့် သူ၏ ကလေး (Photo: Steve Tickner / The Irrawaddy)

ကမ္ဘာ့ဘဏ်အုပ်စု၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်း (International Development Association) ချေးငွေ အစီအစဉ်ဖြင့် ဒေါ်လာသန်း ၁ဝဝ အကူအညီပေးရန် ကမ္ဘာ့ဘဏ်
ဒါရိုက်တာ အဖွဲ့က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း အင်္ဂါနေ့တွင် သတင်းထုတ်ပြန်သည်။

ကမ္ဘာ့ဘဏ်က ယခုပေးသည့် အကူအညီ ပုံစံမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အစိုးရက ဦးစွာ အကောင်အထည်ဖော် ရမည်ဖြစ်ကြောင်း၊
 လုပ်ငန်းရလဒ် အပေါ်မူတည်ပြီး ကုန်ကျစရိတ် ထောက်ပံ့ပေးသွားမည့် အစီအစဉ် ဖြစ်ကြောင်း
ကမ္ဘာဘဏ်၏ မြန်မာနိုင်ငံရုံး ပြန်ကြားရေး အရာရှိ ဦးကျော်စိုးလင်းက ဧရာဝတီကို ပြောသည်။

“ကျေးရွာအဆင့်၊ မြို့နယ်အဆင့် ဆေးရုံ၊ ဆေးပေးခန်းတွေရဲ့ လိုအပ်ချက်တွေကို ကူညီသွားမှာပါ။
ပေးမှာက နည်းပညာနဲ့ ငွေကြေး အကူအညီ ၂ မျိုး စလုံးပါ”  ဟု ဦးကျော်စိုးလင်းက ဆိုသည်။

မိခင်နှင့် ကလေးများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ လေးနှစ် ကာလကို ပထမအဆင့် အနေဖြင့်
ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ၊ နောက်ပိုင်းတွင် မြန်မာနိုင်ငံရှိ လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန်အထိ   ထောက်ပံ့ကူညီရန်  အစီအစဉ် ရှိကြောင်း
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  ဆေးပစ္စည်းများ၊ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြုပြင် စရိတ်များ၊ လူနာ လွှဲပြောင်းပေးခြင်းများနှင့်
ရပ်ရွာလူထု ပါဝင်မှု မြှင့်တင်ဆောင်ရွက်ခြင်းများ အတွက်
အဓိကကျသည့် အသုံးစရိတ်များကို ကာမိစေရန် ရန်ပုံငွေများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

 ဒေါ်လာ သန်း နှစ်ထောင်နှင့် ညီမျှသည့် ဖွံ့ဖြိုးရေး အစီအစဉ်များ ဖြစ်သော စိုက်ပျိုးရေး၊ ရေအရင်းအမြစ် ကဏ္ဍ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူ့ ဘဏ္ဍာငွေ စီမံခန့်ခွဲရေး၊
ဘဏ္ဍာရေးနှင့် ငွေကြေးဈေးကွက်၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အစရှိသည့် လုပ်ငန်းများတွင် ဦးစားပေး ကူညီမည် ဖြစ်ကြောင်း
ကမ္ဘာ့ဘဏ် အုပ်စု ဥက္ကဋ္ဌ ဂျင်ယုံကမ် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ပြောဆိုခဲ့သည်ဟု
  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့နယ် အသီးအသီးရှိ ဒေသန္တရ ဆေးခန်းများ၊ မြို့နယ်ဆေးရုံများတွင် ကိုယ်ဝန်ဆောင် မိခင်များအား စောင်ရှောက်ခြင်း၊ မွေးခင်းစ ကလေးနှင့် ကလေးများ ကျန်းမာရေး
စောင့်ရှောက်မှုများကို ကျန်းမာရေး ဝန်ကြီးဌာနှင့် အတူ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကိုယ်ဝန်ဆောင် မိခင်များအား ဆေးထောက်ပံ့ခြင်း၊
ကလေးများအတွက် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွင် နေထိုင်သည့်  မိခင်တဦးက ပြောသည်။

သူဇာ

ဆက်စပ်သတင်း
World Bank OKs $100M for Maternal, Child Health in Burma
http://www.irrawaddy.org/burma/world-bank-oks-100m-maternal-child-health-burma.html


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved