ဝန်ကြီး ဦးရဲထွဋ်နဲ့ အစားအသောက်
Monday, October 13, 2014
.
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်ရေးသားချက်တွေထဲ ပေါ့ပေါ့ပါးပါးလေးတွေ ပါတတ်ပါတယ်။ ဥပမာ အစားအသောက်အကြောင်း။
ဒီပုံမှာ တွေ့ရတာကတော့ ပြင်ဦးလွင်က သူ့ကို ခင်မင်တဲ့အိမ်၊ သူကလည်း ခင်မင်တဲ့ အိမ်တအိမ်က ဧည့်ခံတဲ့ ညစာ ထမင်းပွဲပုံပါ။
 လက်ဘက်သုပ် နဲ့ မန်ကျည်းမှည့် ငါးပိချက်
အဲဒီထမင်းဝိုင်းအကြောင်း တွေ့ရတာ  ရက်အတန်ကြာပါပြီ။
ဒီနေ့ ရေးထားတာကတော့ ရန်ကုန် မန္တလေး ကားလမ်းဟောင်းပေါ်က မြန်မာထမင်းဆိုင်အကြောင်းပါ။
ထူးခြားတဲ့ ကြက်သားကာလသားချက် အဲဒီဆိုင်မှာ ရနိုင်တယ်၊ ဘယ်လို ချက်ထားတယ်၊ အဲဒီဆိုင်က ဆိတ်သားခြောက်ကြော်ကလည်း အင်မတန်ကောင်း ဆိုပဲ။
အဲဒီ ထူးရှယ်ဟင်းလျာနှစ်ခုကို အင်မတန် ညွှန်းထားသော်လည်း ပုံတော့ မတင်ပါဘူး။
ဝန်ကြီးသုံးနေတဲ့ အင်တာနက် အဆင်မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အဲဒီဆိုင်မှာ... အ၀စား ၁,၈၀၀ ကျသင့်မယ်၊ "ဆိုင်ကပေးတဲ့ ကြက်ရိုးနဲ့ ဖရုံညွန့်၊ဆူးပုတ်၊ ဂွေးတောက်ရွက်ရောရာ ဟင်းရွက်စုံဟင်းချိုကလည်း ကောင်းလှပါတယ်။
ဒါ့အပြင် အညာစာ မန်ကျည်းရွက်သုတ်၊ နှမ်းဖတ်ချဉ်သုတ်တွေလည်း ချပေးပါတယ်" လို့ ဆိုပါတယ်။
နေပြည်တော်မှာ သူ စားနေကျ ရှမ်းခေါက်ဆွဲဆိုင်  ပိတ်သွားလို့  ရင်ထဲ ဟာနေပုံကိုလည်း မနေ့က သူ ရေးပါတယ်။ 
ဝန်ကြီးရဲ့ အစားအသောက်အညွှန်း ၃ ခုကို ကူးယူပြီး မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
အောက်တိုဘာ ၁၂ 
အစားကောင်းစားရရင် မိတ်ဆွေတွေကို သတိရမိတဲ့အတွက် ညွှန်လိုက်ပါဦးမယ်။
နေပြည်တော်ကနေ တပ်ကုန်းဘက်ကို နေပြည်တော်- မန္တလေး ကားလမ်းဟောင်းအတိုင်း သွားရင် သပြေချောင်းရွာအလွန် နဂါးရုံဘုရားနားမှာ ငွေတောင်တန်းဆိုတဲ့ မြန်မာထမင်းဆိုင်လေးရှိပါတယ်။
အဲဒီဆိုင်ကို ၂၀၀၆ ခုနှစ် ကျွန်တော်တို့တစ်တွေ နေပြည်တော်ကို ပြောင်းလာချိန်ကစပြီး သိခဲ့တာပါ။
စတင် ရှာဖွေတွေ့ရှိသူတွေကတော့ တပ်ကုန်းမှာ အခြေစိုက်ရတဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အဖွဲ့တွေပေါ့။
ဒီဆိုင်ရဲ့ ထူးခြားချက်က ကာလသားချက်ပါ။
တစ်ခြားဆိုင်တွေက ကာလသားချက်ကို ကြက်သား နဲ့ ချက်ပေမယ့် ဒီဆိုင်က ကာလသားချက်ကတော့ ကြက်အူ ဒါမှမဟုတ် ဆိတ်ဝမ်းတွင်းသားကို ကာလသားချက် ချက်ထားတာဖြစ်ပါတယ်။
 မချက်တတ်ရင် ညှီတဲ့ ၀မ်းတွင်းသားကို အင်မတန် ကောင်းတဲ့ ကာလသားဟင်းအဖြစ်ချက်ထားတာကတော့ ထူးခြားလှပါတယ်။
ဟင်းကို ပင်စိမ်း အုပ်ထားတော့ ပင်စိမ်းနံ့ မွှေးမွှေးလေးနဲ့ စားရသလို အစပ်နဲ့ အချဉ် လိုသလို ပြင်နိုင်ဖို့ ငြုပ်သီးထောင်းနဲ့သံပုရာခြမ်းလည်း တောင်းလို့ရပါတယ်။
နောက်ထပ် နာမည်ကြီးဟင်းကတော့ ဆိတ်သားခြောက်ကြော်ပါ။
စားကြည့်မှ တစ်ခြားဆိုင်က အကြော်နဲ့ ကွာခြားမှုကို သိစေတဲ့ ဟင်းအမည်ပါပဲ။
နေပူပူမှာ ဘီယာနဲ့ ဆိုရင်အတော် လိုက်ဖက်တဲ့ အမြည်းဖြစ်ပါတယ်။
နေပြည်တော်-တပ်ကုန်းကို လမ်းသစ်ဖောက်လိုက်တော့ အဲဒီဆိုင်လေးကို သိတ်မရောက်ဖြစ် တော့ပါဘူး။
နောက်ဆုံးရောက်ခဲ့တာ လွန်ခဲ့တဲ့ ရှစ်လ လောက်ကပေါ့။
မနေ့ကတော့ အလုပ်ကိစ္စနဲ့ သွားရင် အဲဒီဆိုင်လေးမှာ နေ့လည်စာ စားခဲ့ပါတယ်။
အ၀စား ၁၈၀၀ ပါ။
ဆိုင်ကပေးတဲ့ ကြက်ရိုးနဲ့ ဖရုံညွန့်၊ဆူးပုတ်၊ ဂွေးတောက်ရွက်ရောရာ ဟင်းရွက်စုံဟင်းချိုကလည်း ကောင်းလှပါတယ်။
ဒါ့အပြင် အညာစာ မန်ကျည်းရွက်သုတ်၊ နှမ်းဖတ်ချဉ်သုတ်တွေလည်း ချပေးပါတယ်။
အောက်တိုဘာ ၁၁
ဒီနေ့မနက် မြို့မဈေးကိုရောက်တော့ စားနေကျ ရှမ်းခေါက်ဆွဲဆိုင်က ဆိုင်ပိတ်ထားတယ်။
ဂျာနယ်သွားဝယ်တော့ ၀ယ်နေကျဆိုင်က ချာတိတ်လေးက အိမ်ထောင်ကျလို့ ရွာပြန်သွားပြီတဲ့။
တစ်ခြားဆိုင်မှာစား၊တစ်ခြားဆိုင်မှာ ဂျာနယ်ဝယ်ခဲ့ရပေမယ့် တစ်ခုခုလိုနေသလိုပါပဲ။
စက်တင်ဘာ ၂၅
ဒီနေ့ ညနေ ငါးနာရီကျော်မှာ နေပြည်တော်ကနေ ပြင်ဦးလွင်ကို ခရီးထွက်ခဲ့ပါတယ်။
အရင်တစ်ခါ နေ့လည်စာဝင်စားဖူးတဲ့ ကျွန်တော့်မိတ်ဆွေ မိသားစုအိမ်ကိုရောက်တော့ ညကိုးနာရီကျော်နေပါပြီ။
ဒီတစ်ခါတော့ သူတို့အတွက် သူတို့အိမ်မှာ ထမင်းဝင်စားနေတဲ့ဓာတ်ပုံကို လက်ဆောင် အဖြစ်ယူလာခဲ့ပါတယ်။
အရင်တစ်ခေါက် ထမင်းဝင်စားခဲ့တဲ့အကြောင်းဖေ့ဘွတ်မှာတင်ထားတဲ့ပုံကို အုန်းချောရွာက သူတို့မိတ်ဆွေတွေပြမှ သူတို့သိခဲ့တာပါ။
အဲဒီ တော့မှပဲ ကျွန်တော့်ရာထူးတာဝန်အတိအကျကို သူတို့သိခဲ့တာပါ။
ကျွန်တော်ဝန်ကြီး အဖြစ် တာဝန်ပေးခံရတော့ သူတို့မိတ်ဆွေတွေက မင်းတို့ဆီကို ဦးရဲထွဋ် ၀င်မှာ မဟုတ် တော့ဘူး။
ဒါပေမယ့် ညဘက်ကြီး အရင်လိုပဲ ယာဉ်မောင်းတစ်ဦးရယ်၊ကျွန်တော်ရယ် သူတို့အိမ်ကို ရောက်သွားတော့ အံ့သြ၀မ်းသာနေကြပါတယ်။
မိတ္ထီလာလမ်းခွဲမှာ အဆာပြေပဲ စားခဲ့ရလို့ ဗိုက်ဆာနေတဲ့ ကျွန်တော့်ကို လဘက်သုတ်၊ မန်ကျည်းမှဲ့ငါးပိချက်နဲ့ ညစာကျွေးလိုက်ပါတယ်။
ဖိအားတွေ၊အလုပ်တွေနဲ့ မွန်းကြပ်နေတဲ့ ဘ၀မှာ လွတ်လွတ်လပ်လပ် နေရတဲ့ ဒီလိုအချိန်လေးတွေက အဖိုးတန်လှပါ တယ်။
.
1 comments :
  1. Anonymous said... :
    ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်စားတတ်မှန်းသိပါတယ်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved