ခြုံထူနေတဲ့ တက္ကသိုလ်နယ်မြေနဲ့ ရာဇဝတ်မှုဖြစ်နိုင်ချေ

Saturday, November 22, 2014



.


 

 ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေအတွင်း ခြုံနွယ်များ ရှင်းလင်းထားမှု မရှိသည့် အခြေအနေကြောင့်    ညနေပိုင်း လူပြတ်ချိန်တွင်   လုယက်မှု  ကျူးလွန်ရန် အားပေးသလို ဖြစ်နေကြောင်း    အဆောင်နေ ဆရာ၊ ဆရာမတချို့က ပြောသည်။

 ညနေပိုင်းအချိန်တွင် လှိုင်တက္ကသိုလ် နယ်မြေအတွင်းရှိ စီးပွားရေး လုပ်ငန်းများ အလုပ်ပြန်ချိန်ကျော်လာလျှင် လှိုင်တက္ကသိုလ်အတွင်း ကားများ၊
 လူများ ဖြတ်သန်းသွားလာမှု မရှိသလောက် ဖြစ်လာသည့်အခါ လုယက်မှု ကျူးလွန်ရန်
 ကြိုးပမ်းမှုများကို ကြုံတွေ့လာရကြောင်း ရန်ကုန်တက္ကသိုလ် သတ္တဗေဒ ဌာနမှ  လက်ထောက်ကထိက တဦးက ပြောသည်။

``ရန်ကုန်တက္ကသိုလ်က ပြန်တော့ ညနေ ၆ နာရီလောက်ကြမှ  လှိုင်နယ်မြေထဲကို ရောက်တာ။
လိုင်းကားကလည်း မသွားတော့  လမ်းလျှောက်သွားနေတုန်း စက်ဘီးနဲ့ အနားကိုဖြတ်လာပြီး လည်ပင်းက  ဆွဲကြိုးကို ဆွဲလုတာ။ ပါလာတဲ့ ထမင်းချိုင့် ထည့်တဲ့ခြင်းနဲ့  လှမ်းရိုက်လိုက်တော့ ဆွဲကြိုးက ပါမသွားဘူး။
အဲဒီအချိန်က လှိုင်နယ်မြေထဲမှာ  ဖြတ်သန်းသွားလာတဲ့ လူတွေ ကားတွေ ဘာမှ မရှိတော့ဘူး။
 လမ်းဘေးဝန်းကျင်မှာလည်း ခြုံတွေနဲ့ ဆိုတော့ လှစ်ခနဲ ပြန်ပျောက်သွားတယ်´´ ဟု ၎င်းက ပြောသည်။

 ယခင် ရန်ကုန်တက္ကသိုလ်ရှိ အဆောင်များတွင် နေထိုင်စဉ်က ကျောင်းဝန်းအတွင်း  နေရာတော်တော်များများတွင် လုံခြုံရေးဝန်ထမ်းများ ရှိသည့်အပြင်
 ကျောင်းဝန်ထမ်းများလည်း မပြတ်ရှိနေသောကြောင့် အဆိုပါ အဖြစ်အပျက်မျိုး  မရှိခဲ့ကြောင်း  ရန်ကုန်တက္ကသိုလ်၊ ရုက္ခဗေဒ ဌာနမှ ဆရာမတဦးက ပြောသည်။
သို့သော်လည်း လှိုင် တက္ကသိုလ်နယ်မြေ၌ အဆောင်များ ပတ်ဝန်းကျင်နှင့်  လမ်းတလျှောက်တွင် ခြုံနွယ်များ ထူထပ်စွာ ရှိနေသောကြောင့် ဒုစရိုက်မှု ကျူးလွန်ရန် ကြိုးစားသူများအတွက် အခွင့်အရေးကောင်းပင်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

 ယခုတလောတွင် လှိုင်နယ်မြေက အဆောင်ကို ပြန်လျှင် တဦးတယောက်ထဲ  မပြန်ရဲတော့ကြောင်း၊ ယခုလိုဖြစ်ရပ်များကို ၂ ကြိမ်တိုင်တိုင်  ဆရာမများ အသိုင်းအ၀ိုင်းတွင် ကြားခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

``ပြီးခဲ့တဲ့ အပတ်ကမှ ဒီသတင်းကြားလိုက်ရတာ။
 ကြားပြီးတဲ့နောက်ပိုင်း တယောက်တည်း လှိုင်နယ်မြေထဲက အဆောင်ကို ညနေပိုင်း မပြန်ရဲတော့ဘူး။ အဲဒီထဲကို လိုင်းကားတွေကလည်း သွားတာမှ မဟုတ်တော့တာ။
နေ့တိုင်း ဆိုက္ကားစီးသွားဖို့ ဆိုတာလည်း ရတဲ့လခနဲ့က မဖြစ်နိုင်ဘူးလေ။
လာလုတဲ့သူတွေက စက်ဘီးကို စီးတယ်၊ တယောက်တည်း လာတဲ့သူတွေကို ပစ်မှတ်ထားတယ်။ အုပ်စုလိုက်ဆိုရင် သူတို့က အနားမကပ်တော့ဘူး´´ ဟု ၎င်းက ဆိုသည်။

 လှိုင်မြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင်  စခန်းမှူး ဒုရဲမှူး တင်ထွေးက    လှိုင်တက္ကသိုလ် နယ်မြေအတွင်း နေ့စဉ် နယ်ထိန်းရဲအရာရှိ ၄  ဦးခန့်က အချိန်ပြည့် လှည့်လည်လုံခြုံရေး လုပ်ကိုင်နေကြကြောင်း၊
 ညဦးပိုင်းအချိန်တွင်လည်း ရဲတပ်ဖွဲ့ဝင် ၆ ဦးခန့် ကင်းလှည့်ကြောင်း၊
 ညလယ်ပိုင်းတွင် မိမိကိုယ်တိုင် ရဲကင်းလှည့်သည့်အပြင် ညနက်ပိုင်းတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က ကင်းလှည့်ပါကြောင်း   ဧရာဝတီသို့ ပြောသည်။

``ကျနော်တို့ဆီကိုတော့ ဒီသတင်းတွေ မရောက်ပါဘူး။ ကျနော်တို့လူတွေကတော့  လှိုင်နယ်မြေထဲမှာ ကင်းလှည့်နေကြပါပဲ။
အခု ဒီလိုကြားလာတယ်ဆိုရင်တော့  ကျနော်တို့ လုံခြုံရေးကို ပိုလုပ်ရမှာပေါ့။
လှိုင်နယ်မြေတခုလုံးက  ခြုံနွယ်တွေ ပိတ်နေတာ ဆိုတော့ ချောင်ကြိုချောင်ကြား အထိတော့ ကျနော်တို့  မဖြန့်ကြက်နိုင်ပါဘူး။
ဒီခြုံနွယ်တွေ ရှင်းလင်းရေးကလည်း သူ့ သက်ဆိုင်ရာ  တာဝန်ရှိသူတွေလုပ်မှဖြစ်မှာ´´ ဟု စခန်းမှူးက ပြောသည်။

  စနေလင်း



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved