ကမ္ဘောဒီးယားရောက်ရင် ဧရာဝတီကို သတိရပါ

Monday, March 23, 2015








ဓာတ်ပုံ - ခင်ဦးသာ

ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအပြင် ကမ္ဘောဒီးယားနိုင်ငံကို အလည်သွားရင်းနဲ့  ဘာသာစကား အခက်အခဲကြောင့် ဖြစ်စေ၊ ဗီဇာ ကိစ္စတခုခု အခက်အခဲ ပြဿနာ ဖြစ်စေ ကမ္ဘောဒီးယားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ် ဖနွမ်းပင်မြို့လယ်မှာရှိတဲ့ ဧရာဝတီ မြန်မာ ထမင်းဆိုင်မှာ သွားရောက် အကူအညီ တောင်းခံနိုင်ပြီး တတ်နိုင်သလောက် ကူညီပေးနေ တယ်လို့ ဧရာဝတီထမင်းဆိုင်ပိုင်ရှင်က ပြောပါတယ်။

ဒါ့အပြင် ဖနွမ်းပင်မြို့နဲ့ ကမ္ဘောဒီးယားနိုင်ငံတွင်းမှာရှိတဲ့ လည်ပတ်ချင်စရာ နေရာတွေကိုလည်း ဧရာဝတီ ထမင်းဆိုင်ကတဆင့် စုံစမ်းနိုင်သလိုပဲ၊ လုံခြုံစိတ်ချစွာ တည်းခိုနိုင်မယ့်  နေရာတွေကိုလည်း မေးမြန်း အကူအညီ တောင်းခံနိုင်ပါတယ်။

တကယ်လို့ ကမ္ဘောဒီးယားကိုရောက်လို့ ကမ္ဘောဒီးယား အစားအစာတွေကို မကြိုက်ဘူး မြန်မာ အစားအစာတွေ စားချင်တယ် ဆိုရင်လည်းပဲ ဧရာဝတီ မြန်မာ ထမင်းဆိုင်မှာ သုံးဆောင်နိုင်ပါတယ်တဲ့။ မြန်မာ အစားအစာတွေကို သုံးဆောင်ရင်းနဲ့ပဲ ဆိုင်ပိုင်ရှင် အန်တီချို ကိုယ်တိုင် ဂစ်တာတီးပြီး ဖျော်ဖြေပေးတဲ့  မြန်မာသီချင်းတွေရော အနောက်တိုင်း သီချင်းတွေကိုလည်းပဲ နားဆင်နိုင်ပါတယ်။


ကိုယ်တိုင်လည်း အဆိုဝါသနာ ပါတယ်ဆိုရင်တော့ အန်တီချိုနဲ့အတူ ပါဝင်သီဆိုနိုင်ပါသေးတယ်။

အန်တီချိုကတော့ ငယ်ဘ၀ ကျောင်းသူ အရွယ်ကတည်းက ဂစ်တာတီးခတ်ခဲ့ပြီးတော့ ပြိုင်ပွဲတွေမှာလည်း ၀င်ပြိုင်ခဲ့ဖူးတယ်လို့ ပြောပါတယ်။

အနုပညာကို ၀ါသနာပါသူဖြစ်တဲ့အတွက် ဧရာဝတီ ထမင်းဆိုင်မှာလည်းပဲ မြန်မာနိုင်ငံက ရောင်စုံ ပန်းချီကား အများအပြားကို ဆိုင်အပေါ်ထပ်၊ အောက်ထပ်တို့မှာ ခင်းကျင်း ပြသထားပြီး၊ ကြိုက်နှစ်သက်ပါကလည်း ၀ယ်ယူနိုင်ပါတယ်တဲ့။



 ဧရာဝတီ ထမင်းဆိုင်မှာတော့ ဗမာဟင်းမျိုးစုံကို သုံးဆောင်နိုင်သလို မြန်မာ့ရိုးရာ အစားအစာတွေ ဖြစ်တဲ့ မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ပဲပြုတ်နံပြား၊ ပလတာ၊ စမူစာ၊ ကော်ပြန့်လိပ်၊ လဘက်ရည်၊ ကော်ဖီ စတဲ့ မြန်မာ အစားအစာတွေကိုလည်း သုံးဆောင်နိုင်ပါတယ်။

မျှစ်ချဉ်ပေါင်ကြော်၊ မျစ်ချည်ဟင်း၊ ခရမ်းသီးနှပ်၊ ငါးခူဟင်း၊ ၀က်သားဟင်း၊ ငါးဆီပြန်၊ ငါးကြော်နှပ်နဲ့ အသီးအနှံမျိုးစုံ၊ အသုပ်စုံ စတဲ့ ဟင်းလျှာတွေကို ရရှိနိုင်ပါတယ်။ ဈေးနှုန်းကလည်း မကြီးလွန်း၊ မနည်းလွန်းတဲ့ သင့်တင့်မျှတတဲ့ နှုန်းထားတွေနဲ့ဝန်ဆောင်မှု ပေးတာတွေ့ရပါတယ်။ အနည်းဆုံး ၁ ဒေါ်လာခွဲကနေ အများဆုံး ၄ ဒေါ်လာခွဲ အထိ ရှိပါတယ်။ သူတို့နိုင်ငံရဲ့ ငွေကြေးသုံးစွဲမှုမှာတော့ အမေရိကန် ဒေါ်လာကိုပဲ အသုံးများတာ တွေ့ရပါတယ်။ ဒါ့အပြင် ထမင်းသုံးဆောင်ပြီးရင် သီးစုံ ဖျော်ရည်တွေကိုလည်း သုံးဆောင်နိုင်ပါသေးတယ်။

ဧရာဝတီ ထမင်းဆိုင်ကို ဖနွမ်းပင်မြို့မှာ ဖွင့်လှစ်ထားတာ ၇ နှစ် ရှိပြီ ဖြစ်ပြီး၊ ဧရာဝတီလို့ အမည်ပေးရတာဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ မြစ်ကြီးတစင်း ဖြစ်သလို မြန်မာနိုင်ငံတည်ရှိသရွေ့ထာဝရ စီးဆင်းနေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးဖြစ်တာလို့ သိရတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီ နာမည်နဲ့ သတင်းဌာန၊ သတင်း ဂျာနယ်တွေ၊ ဘဏ်လုပ်ငန်း အပြင် တခြား အများအပြား ရှိနေတာကြောင့် ဧရာဝတီ ထမင်းဆိုင်ရဲ့ အင်္ဂလိပ်နာမည်ကိုတော့ IRRAWADDI လို့ သူများနာမည်နဲ့မထပ်ရအောင် ပေးထားတယ်လို့ ဆိုင်ပိုင်ရှင် အန်တီချို က ပြောပြပါတယ်။


တကယ်လို့ ကမ္ဘောဒီးယားကို အလည်လာမယ် ဆိုရင်လည်းပဲ ခရီးသွားလာရေး ကိစ္စတွေအတွက် အခက်အခဲ ရှိနေမယ်ဆိုရင်လည်းပဲ ဧရာဝတီ ထမင်းဆိုင်ကနေ ၀န်ဆောင်မှု ပေးနေတယ်လို့လည်း ဆိုင်ပိုင်ရှင်က ပြောပါတယ်။


ခင်ဦးသာ

1 comments :

  1. Anonymous said... :

    Information ပေးတဲ့နေရာမှာ
    မြန်မာက အရမ်းတော်တယ် ဒါပေမယ့်မပြည့်စုံဘူး
    ဆက်ကြိုးစားရဦးမယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved