နွေနေအပူနဲ့ ကင်းဝေးရာ လျှို့ဝှက်ဥယျာဉ်ကမ္ဘာ

Tuesday, May 19, 2015



ဓာတ်ပုံ - တင်ထက်ပိုင်/ The Irrawaddy

ရာသီဥတုက တနေ့တခြားပိုပိုပူလာသလိုပါပဲ။ ဒီလို အရမ်းပူတဲ့ကာလမှာအပြင်ထွက်မယ်၊ သွားမယ်စားမယ်ဆိုရင် ဘယ်သူက သွားချင်မှာလဲနော့။ အထူးသဖြင့် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်လို Weekend တွေမှာဆို အပြင်မှာ အရမ်းပူလွန်းလို့ အပြင်ကို ပိုလို့တောင် မထွက်ချင်ကြသေးတယ်။

အဲဒီတော့ Weekend မှာ လမ်းသလားချင်တဲ့ လူငယ်တွေအတွက် ဘယ်နေရာမှာ Hang Out လုပ်လို့ ကောင်းမလဲ၊ ဘယ်နေရာကို လူငယ်တွေ အသွားများကြလဲဆိုတာ ပြောပြချင်ပါတယ်။ ကျနော် ပြောပြမယ့် နေရာလေးကိုတော့ လူငယ်တော်တော်များများလည်း ရောက်ဖူးပြီးသား၊ သွားဖူးပြီးသား ဖြစ်မှာပါ။



ဒီလိုပူတဲ့ ရာသီဥတုမှာဆိုရင် အဲဒီနေရာလေးက အပူဒဏ်သက်သာပြီး အပူဒဏ်ကို ရှောင်ပြီးသား ဖြစ်သလို လူငယ်တွေ စုစည်းရာ နေရာလေးတခု၊ ကော်ဖီ၊ အအေး၊ ရေခဲမုန့်၊ ကြက်ကြော်၊ ဆူရှီစတဲ့ လူငယ်ကြိုက် အစားအစာတွေကို ရနိုင်တဲ့စားသောက်ဆိုင်တွေ စုစည်းရာနေရာလေးတခု၊ Facebook မှာ လူငယ်တွေ Check-in အတင်ဆုံး နေရာလေးတခုပါ။ အဲဒီနေရာလေးကတော့  Secret Garden လို့ ခေါ်တဲ့ လျှို့ဝှက်ဥယျာဉ်လေးပါပဲ။

Secret Garden ဆိုတဲ့ အဲဒီလျှို့ဝှက်ဥယျာဉ်လေးကတော့ ရန်ကုန်မြို့ ပြည်လမ်းနဲ့ ကျွန်းတောလမ်းကြားမှာရှိတဲ့ Junction Square ရဲ့ Multi Storey Car Parking ၊ ၆ လွှာမှာ တည်ရှိတာပါ။ “အကောင်းဆုံး စားသောက်ဆိုင်များစုစည်းရာ Secret Garden” လို့ အမည်ပေးထားတဲ့ အဲဒီ လျှို့ဝှက်ဥယျာဉ်ကမ္ဘာလေးမှာ စားသောက်ဆိုင် စုစုပေါင်း ၉ ဆိုင်နဲ့ အပန်းဖြေ သီချင်းဆိုလို့ရတဲ့ Karaoke House တခု ရှိပါတယ်။

အဲဒီမှာရှိတဲ့ဆိုင်တွေကတော့ ဆယ်လ်မွန်၊ ဆာရှိမီ၊ ဆူရှီစတဲ့ ဂျပန်အစားအစာအမယ်စုံရနိုင်တဲ့ “Fuji Japanese Restaurant” ၊ ကြက်ကြော်၊ အာလူးချောင်းကြော်၊ ဘာဂါ၊ ကိုလာစတဲ့ Fast Food တွေ အစုံအလင်ရနိုင်တဲ့ “Marrybrown ကြက်ကြော်ဆိုင်”၊ ကိတ်မျိုးစုံရနိုင်တဲ့ “Rotiboy Bake Shoppe” ၊ ဂျပန်ဆူရှီဘူဖေးအဝစားနိုင်တဲ့ “ဆာဘူရှီဘူဖေး”၊ ကိုးရီးယားနိုင်ငံရဲ့ “bbq ကြက်ကြော်ဆိုင်”၊ Latin အစားအစာတွေရောင်းချပေးတဲ့ “Fortuna” ၊ နှင်းရေခဲမုန့် အေးအေးလေးတွေ စားချင်သူတွေအတွက် “Café Magic Snow” ၊ ကိတ်မျိုးစုံနဲ့ ဖာလူဒါ၊ ဒိုမီနိုစတာတွေ သောက်ချင်သူတွေအတွက် “ရွှေပုစွန်”၊ အအေး Milkshake သောက်ချင်သူတွေအတွက် “Chat Time” နဲ့ သီချင်းဆိုရင်း အပန်းဖြေချင်သူတွေအတွက် “Music Box KTV House” တို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီမှာဘာတွေ ရှိသေးလဲဆိုတော့ Secret Garden ဝင်ဝင်ချင်းမှာ Secret Garden ကိုရောက်တာနဲ့ ဓာတ်ပုံရိုက်ပြီးတင်ကြတဲ့ ဓာတ်ပုံရိုက်ကူးလို့ရတဲ့ နေရာလေးပါ။ နံရံကပ် အစိမ်းရောင် သစ်ပင် ၊ သစ်ရွက်၊ သစ်ခက်ငယ်လေးတွေနဲ့ အလှဆင်ထားတဲ့ အဲဒီနံရံတွေမှာ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ အဲဒီနေရာလေးက တကယ့်ကို လျှို့ဝှက်ဥယျာဉ် တောအုပ်လေးထဲ ရောက်သွားသလို ဓာတ်ပုံတွေ ရိုက်နိုင်အောင် ဖန်တီးပေးထားတာပါ။


အဲဒါနဲ့ မလှမ်းမကမ်းမှာပဲ Secret Garden ကို အလည်လာတဲ့သူတွေ ထိုင်ပြီးနားဖို့ ပန်းအိုးခပ်ကြီးကြီး နှစ်အိုးကို ဝန်းရံထားတဲ့ ထိုင်ခုံလေးတွေမှာ ထိုင်ပြီးအနားယူနိုင်ပါတယ်။ အဲဒီထိုင်ခုံတွေ နားမှာတော့ ကလေးတွေ ဆော့ကစားနိုင်တဲ့ Mini ကစားကွင်းအသေးလေးကိုတွေ့ရမှာဖြစ်ပြီး အဲဒီနေရာရဲ့ ဘေးပတ်ပတ်လည်က နံရံတွေမှာလည်း အစိမ်းရောင် သစ်ပင်၊ သစ်ရွက်၊ သစ်ခက်တွေနဲ့ အလှဆင်ထားတဲ့ နံရံတွေကို တွေ့ရမှာပါ။

အဲဒီနံရံတွေမှာလည်းပဲ Secret Garden ကို လာလည်သူတွေ အစုလိုက် Groupfie အလှပုံတွေနဲ့ တဦးချင်း Selfie အလှပုံရိုက်တာတွေ ပြုလုပ်နိုင်ပါတယ်။

အဲဒီနေရာတွေမှာ ဓာတ်ပုံရိုက်ကူးပြီးသွားပြီဆိုရင်တော့ Secret Garden ရဲ့ အလယ် ကြမ်းပြင်ကျယ်မှာရေးဆွဲထားတဲ့ Secret Garden 3D art နဲ့လည်းအမှတ်တရ ပျော်စရာကောင်းတဲ့ အလှဓာတ်ပုံလေးတွေ ရိုက်ကူးနိုင်ပါသေးတယ်။ စမ်းချောင်းငယ်လေးကို ဖြတ်ကူးထားတဲ့ တံတားလေး၊ စမ်းချောင်းငယ်လေးဘေးက ကျောက်တုံးကျောက်ခဲလေးတွေ၊ စမ်းချောင်းအတွင်းမှာ ကူးခတ်နေတဲ့ ရောင်စုံငါးလေးတွေ စတာတွေကိုပုံဖော်ရေးဆွဲထားတဲ့ ကြမ်းပြင်ပေါ်က 3D ပုံ အကြီးစားနဲ့ ဓာတ်ပုံတွေကို ခပ်လန်းလန်းအမိုက်စား ရိုက်ကူးနိုင်ပါတယ်။

အဲဒီ 3D ပုံနဲ့ မလှမ်းမကမ်းမှာပဲ Café Magic Snow ရဲ့ ဆိုင်နံရံမှာ ရေးဆွဲပုံဖော်ထားတဲ့ နှင်းရုပ်လူသား Snow Man ကြီးနဲ့ နှင်းရေခဲတိုက်တို့နဲ့လည်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါသေးတယ်။ ဓာတ်ပုံတွေ တဝကြီးရိုက်ပြီးသွားလို့ မောသွားပြီဆိုရင်တော့ အမောပြေအောင် လျှာပေါ်မှာ အေးအေးမြမြလေး ဖြစ်သွားစေမယ့် နှင်းရေခဲမုန့်ပဲစားမလား၊ အေးအေးလူလူဖာလူဒါပဲသောက်မလား၊အဝစားဆူရှီပဲသွားစားမလားမိမိကြိုက်နှစ်သက်ရာကိုရွေးချယ်ပြုလုပ်နိုင်ပါတယ်။

အဲဒီလိုမှ မဟုတ်ရင်လည်းသီချင်းဝါသနာအိုးအဆိုရှင်တွေ အနေနဲ့ Music Box KTV House မှာသူငယ်ချင်းတွေနဲ့ အပန်းဖြေ သီချင်းသွားဟဲနိုင်ပါတယ်။

ကဲ- အပြင်ဘက် နွေနေအပူကိုလည်း ရှောင်ချင်တယ်၊ သူငယ်ချင်းတွေနဲ့လည်း ပိတ်ရက်မှာ ပျော်ပျော်ပါးပါး Hang Out လုပ်ပြီး Facebook မှာ Check-in တင်မယ်၊ ဓာတ်ပုံအမိုက်စားအလန်းစားတွေရိုက်ပြီး တင်ချင်တယ်ဆိုရင်တော့ Junction Square, Multi Storey Car Parking အပေါ်ထပ်၊ ၆ လွှာမှာတည်ရှိတဲ့ လျှို့ဝှက်ဥယျာဉ် Secret Garden ကို အလည်တခေါက် အရောက်သွားဖို့ လမ်းညွှန်ပေးလိုက်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved