ဝန်ကြီး ဦးမြင့်လှိုင် ဆည်မြောင်းဝန်ထမ်းတွေကိုလည်း ထမင်းတနှပ်လျော့စားခိုင်းနေပြီလား

Wednesday, May 13, 2015



ဓာတ်ပုံ - ကောင်းမြတ်မင်း / The Irrawaddy

၂၀၁၅ ခုနှစ် ဧပြီလကစပြီး ဝန်ထမ်းတွေလစာတိုးလို့ ပျော်လို့မဆုံးသေးဘူး၊ ပြည်မြို့ ဆည်မြောင်းဝန်ထမ်းတွေရဲ့ ငြီးငြူသံတွေ လှိုင်လှိုင်ကြီးထွက်ပေါ်လာပါတယ်။ အကြောင်းကတော့ ပြည်မြို့ပေါ်ရှိ ဆည်မြောင်းဝန်ထမ်းတွေထဲက အစိုးရ လိုင်းခန်းရတဲ့ ဝန်ထမ်းတွေဆီက လစာရဲ့ ၁၀% ရာခိုင်နှုန်းကို လိုင်းခန်းခအဖြစ် ငွေဖြတ်တောက်ခံလိုက်ရလို့ပါပဲ။

 လိုင်းခန်းခအပြင် မီတာခကိုလည်း နေအိမ်တွေမှာအသုံးပြုတဲ့ ဝန်ထမ်းလိုင်းခန်းမှာ စက်မီတာတပ်ဆင်မထားပဲ အိမ်သုံးလျှပ်စစ်ပစ္စည်းစာရင်းတွေကို လာရောက်စစ်ဆေးပြီး လျှပ်စစ်ပစ္စည်းတွေတခုချင်းစီအပေါ်မှာ မီတာခတွေသတ်မှတ်ပြီး ပေးဆောင်နေရသလို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်က နေအိမ်တွေကိုလည်း  ကိုယ့်အစီအစဉ်နဲ့ ကိုယ်အဆင်ပြေအောင် ပြင်ဆင်နေထိုင်ရပါတယ်။

မီတာခနဲ့ လိုင်းခန်းခတွေကို လုံးချင်း၊ နှစ်ခန်းတွဲလိုင်းခန်းတွေမှာ နေထိုင်သူတွေကသာ ပေးဆောင်ရတာဖြစ်ပြီး ငါးခန်းတွဲလိုင်းခန်းမှာနေထိုင်တဲ့ ဝန်ထမ်းတွေကတော့ ပေးဆောင်စရာ မလိုဘူးလို့သိရပါတယ်။

ပြည်မြို့ပေါ်မှာရှိတဲ့ ဆည်မြောင်းဦးစီးဌာန အုပ်ချုပ်မှုအောက်က ဝန်ထမ်းအိမ်ယာတွေကတော့ (၁) တည်ဆောက်ရေး(၂) ရုံးဝင်းကြီး၊ (၂)ဘုရားကြီးဆည်မြောင်းဝင်း၊ (၃)ဘုရားကြီးတိုးချဲ့ဆည်မြောင်းဝင်း၊ (၄)ရွှေလင်ပန်းဆည်မြောင်းဝင်း၊ (၅) ကျေးရွာ(VI)ဆည်မြောင်းဝင်း နဲ့ (၆) စက်မှုအလုပ်ရုံဆည်မြောင်းဝင်းတွေဖြစ်ပြီး အဲဒီမှာဝန်ထမ်းအိမ်ယာ ၉၀၀ နီးပါးထဲက လုံးချင်းနဲ့ နှစ်ခန်းတွဲမှာနေထိုင်သူ ၅၀၀ ကျော်ရှိပြီး ကျန်အိမ်ယာများမှာ ငါးခန်းတွဲလိုင်းခန်းများဖြစ်ကြောင်း ဆည်မြောင်းဝန်ထမ်းအရာရှိတဦးထံမှ သိရပါတယ်။

ဖြတ်တောက်ခံရတဲ့ လစာနှုန်းထားတွေက (၁) လက်ထောက်ညွှန်ကြားရေးမှူးဆိုရင် ၂၈၀၀၀ ကျပ်၊ (၂) ဦးစီးအရာရှိ ၂၅၀၀၀ ကျပ်၊ (၃)  ဦးစီးမှူး ၁၉၅၀၀၊ (၄) ဒု-ဦးစီးမှူး ၁၈၀၀၀ ကျပ်၊ (၅) အကြီးတန်းစာရေး ၁၆၅၀၀ ကျပ်၊ (၆) အငယ်တန်းစာရေး ၁၅၀၀၀ ကျပ်၊ (၇) ရုံးအကူဝန်ထမ်းတွေဆိုရင်တော့ ၁၂၀၀၀ ကျပ်စီအဖြတ်ခံရတာပါ။

“ဝန်ကြီးက လယ်သမားတွေတင် ထမင်းတနှပ်လျော့စားခိုင်းတာမဟုတ်ပါဘူး။ သူ့လက်အောက်က ဝန်ထမ်းတွေကိုလည်း တနှပ်လျော့စားခိုင်းနေတာနဲ့အတူတူပါပဲ။ ပြည်မြို့က အစိုးရလိုင်းခန်းရတဲ့ မီးရထားဝန်ထမ်းတွေ၊ ရဲတွေနဲ့ တခြားဝန်ထမ်းတွေက ပေးစရာမလိုပဲ နိုင်ငံတော်တာဝန် ထမ်းဆောင်နေသူချင်းအတူတူထဲကမှ ဆည်မြောင်းဝန်ထမ်းတွေပဲ ပေးနေရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ မီတာခဆောင်ရတယ်ဆိုတာ လက်ခံပါတယ်။” အမည်မဖေါ်လိုသူ ဆည်မြောင်းဝန်ထမ်းတဦးက ပြောပါတယ်။

အခုလိုငွေကြေးဖြတ်တောက်မှုတွေနဲ့ပတ်သက်လို့ ပြည်မြို့က ဆည်မြောင်းဦးစီဌာန ညွှန်ကြားရေးမှူး ထံသွားရောက်တွေ့ဆုံမေးမြန်းခဲ့ပေမယ့် လူကြီးခရီးစဉ်ပါသွားပြီး၊ ညွှန်မှူးရဲ့ ဖုန်းနံပတ်လည်း ပေးလို့မရကြောင်းနဲ့ လူကြီးပြန်ရောက်တာနဲ့ ပြန်လည်ဆက်သွယ်ပြီး အကြောင်းကြားပေးမယ်လို့ အဲဒီရုံးကအရာရှိတဦးက လွန်ခဲ့တဲ့ ငါးရက်က ပြောဆိုခဲ့သော်လည်း အခုအချိန်ထိ ဆက်သွယ်လာခြင်းမရှိသေးပါဘူး။

အဲဒီအရာရှိကပဲ သူအနေနဲ့ ဖြေကြားခွင့်မရှိကြောင်းနဲ့ ငွေကြေးဖြတ်တောက်ခြင်းဟာ ဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ဆည်မြောင်းဝန်ထမ်းတွေကို ဖြတ်တောက်ခြင်းဖြစ်ကြောင်း ယခင်လစာမတိုးခင်ကတည်းက ဖြတ်တောက်ခဲ့တာဖြစ်ပြီး ဒီငွေတွေကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် ပြန်လည်ပေးသွင်းရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

 တခြားတိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ဆည်မြောင်းဝန်ထမ်းတွေဟာ ပြည်မြို့ပေါ်က ဝန်ထမ်းတွေလို လစာရဲ့ ၁၀%  ဖြတ်တောက်ခံရခြင်းမျိုးမရှိပါဘူး။ အခုလိုဖြစ်တဲ့အပေါ် အခြားသော ဆည်မြောင်းဝန်းထမ်းတွေက အောက်ခြေဝန်ထမ်းတွေရဲ့ အခြေအနေကို နားလည်ပေးသင့်တယ်လို့ ပြောဆိုနေကြပါတယ်။


ကောင်းမြတ်မင်း

2 comments :

  1. aye htwe said... :

    ရွေးကောက်ပွဲကနီးလာပြီလေ အရင်က အခွင့်အရေးနဲ့ မဲနဲ့လဲရတော့မယ်။

  1. Moe Kyaw said... :

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဆူးပုတ်ကုန်းကျေးရွာ တစ်ဝိုက်က မလိုအပ်သောရေမြောင်းများ ဖျက်ပေးစေချင်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved