ကလေးတို့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ ပန်းချီဆွဲကြစို့

Monday, June 22, 2015


ပန်းချီရေးဆွဲခြင်းဟာ ကလေးငယ်တွေအတွက် ပျော်ရွှင်မှု သက်သက်သာမက ကလေးတို့ရဲ့ ထိုးထွင်းဉာဏ်နှင့် မိမိကိုယ်ကိုယုံကြည်မှုတွေလည်း တိုးတက်ပြည့်ဝလာစေတယ်လို့ လေ့လာသုတေသနပြုချက် မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။

နောက်ပြီး Americans for Arts (www.artsusa.org) သုတေသနစာစောင်မှာလည်း ‘ပန်းချီသင်တန်းကိုမှန်မှန် တက်တဲ့ ကလေးများဟာ အခြားကလေးများထက် လေးဆပိုမိုထူးချွန်ကြတယ်၊ သိပ္ပံနဲ့ သင်္ချာ      ပြိုင်ပွဲတွေမှာ လေးဆပိုဆုရကြတယ်၊ ကျောင်းတက်ရက် မပျက်ကွက်မှုတွင် သုံးဆပိုမိုဆုရကြတယ်’  လို့       လည်းဖော်ပြထားတာပါ။

ပန်းချီမှာ မှန်လို့ အမှတ်များတယ်၊ မှားလို့ အမှတ်နည်းတယ် ဆိုတာမျိုးမရှိဘဲ ပန်းချီကားတချပ် ဆွဲပြီးသွားတိုင်း ကျောင်းသားတွေ ရင်ထဲမှာအောင်မြင်မှု ရသ၊ ဂုဏ်တက် ကြည်နူးမှုတွေ အလိုလို ရရှိစေတယ် မဟုတ်ပါလား။ ဒါဟာအနုပညာရဲ့လျှို့ဝှက် အာနိသင်ပဲလေ။နောက်တဆင့် ယုံကြည်မှုနဲ့ တီထွင်မှုက စူးစမ်းလေ့လာလိုစိတ် ဖြစ်ပေါ်လာစေပြီး စိတ်ကူးရင်သန်စေဖို့ မြှင့်ပေးနိုင်ပါတယ်။

တကယ်တော့ လူသားတွေဟာ တီထွင်မှုနဲ့ရပ်တည်နေကြတာ ဖြစ်ပြီး အဲဒီတီထွင်မှု အရည်အချင်းက လူနဲ့ တိရိစ္ဆာန် တို့ ကွားခြားချက်ပဲ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် တည်ထွင်ဉာဏ်အရည်သွေးကြောင့် လူက တိရိစ္ဆာန်ထက် အဆင့်မြင့် လာခြင်းဖြစ်ပါတယ်ကွယ်။ လူနဲ့တိရိစ္ဆာန် ကွာခြားချက်မှာ အနုပညာရှိခြင်းမရှိခြင်းလည်း ပါဝင်တယ်လို့လည်း ပြောကြ တယ်။

ကလေးတွေရေးတဲ့ ပန်းချီကားတွေကို ဖော်ပြပေးမယ်နော်။ ၁ နှစ်အရွယ် ကလေးငယ် တဦးကြောင်ခြစ်ထားတာကလည်း ပန်းချီကားတခု ဖြစ်နေပါတယ်။


နောက် ပန်းချီကားတခုက ၄ နှစ်ခွဲအရွယ် ကလေးတဦးရေးဆွဲတဲ့ ပုံလေးပေါ့။ ဒီရုပ်ပုံကို အမည်ပေးထားတာက `ဖိုးပြုံးချို´ တဲ့။ချစ်စရာကောင်းတယ်နော်။



ဒီပုံလေးက ယူကရိန်းပြတိုက်မှာ ပြသထားတဲ့ ကလေးပန်းချီကားလေးပါ။ ရိုးသားရိုးရှင်းတဲ့ ရေးဆွဲပုံလေးပေါ့။


လိပ်ပြာ ၃ ကောင်လို့ အမည်ပေးထားတဲ့ ၁၄ နှစ်အရွယ် မိန်းကလေးတဦးရဲ့ လက်ရာပေါ့။ သူက မြေဖြူ၊ ကော်နဲ့ အရောင်စုံစာရွက်လေးတွေ ဖြတ်ကတ်ညှပ်လုပ်ပြီး ဖန်တီးထားတာပါ။



သူများတွေ ဘယ်လိုရေးဆွဲတယ် ဆိုတာ  သိမြင်အောင်လို့ ဖော်ပြပေးလိုက်တာပါ။ ကိုယ်ကိုယ်တိုင် ဆို     ရင်ရော ဘယ်လို ဖန်တီးရေးဆွဲကြမလဲ။ သူတို့ ပန်းချီကိုဘယ်လိုရေးကြသလဲ။

အထက်ကဖော်ပြခဲ့တဲ့ ပထမပန်းချီ ရုပ်ပုံ ၂ ခုမှာ Line နဲ့ Color တွေ ပါဝင်တာ တွေ့နိုင်ပါတယ်။ တတိယ Perspective နဲ့ Tone တွေနဲ့ ဖွဲ့စည်းထားတာတွေ့နိုင်တယ်။ နောက်ဆုံးပုံကလေးက Tone အားကို တွေ့နိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုပန်းချီကားပဲဖြစ်ဖြစ် အဲဒီအခြေခံတွေဖြစ်တဲ့ မျဉ်းဖြောင့်၊ မျဉ်းကွေးတွေ၊ အသွေး၊ အရောင်နဲ့ နီးဝေး အမြင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်။

ဒီတော့ ပန်းချီစရေးမယ်ဆိုရင်

(၁) အရာဝတ္ထုတွေကိုတူအောင်ရေးခြင်း၊

(၂) မြင်ကွင်းအဆောက်အဦးကိုတူအောင်ရေးခြင်းနဲ့

(၃) လူပုံ (Figure) ကိုတူအောင်ရေးတာတွေဆိုပြီး တွေ့နိုင်ပါတယ်။

ပထဆုံး အနေနဲ့ကတော့ ကိုယ့်ဝန်းကျင်က တွေ့နေကျ အရာဝတ္ထုပစ္စည်းတွေ ဖြစ်တဲ့ ပန်းအိုး၊ ရေတကောင်း၊ ဘောလုံး၊ လေးထောင့်တုံး၊ အ၀တ်စ၊ အင်္ကျီ စတဲ့ အရာလေးတွေကိုရေးတာ အကောင်းဆုံးပါ။

သတိပြုရမှာက တူဖို့၊ အချိုးစားကျဖို့၊ နေရာအထားသိုမှန်ဖို့၊ အလင်းမှောင်အရောင်နုရင့်မှန်ဖို့နဲ့ တွေ့မြင်နေရတဲ့ သဘာဝအရှိကို ရုပ်ပုံတခုအဖြစ် မြင်ကြည့်တတ်ဖို့ပဲ ဖြစ်တယ်။ ဒီလိုမကြည့်မြင်တတ်ဘူးဆိုရင်လည်း ခက်ခက်ခဲခဲမရှိပါဘူး၊ ဓာတ်ပုံရိုက်ပြီး၊ ဓာတ်ပုံကိုနမူနာယူ၊ ဓာတ်ပုံအတိုင်း ရေးဆွဲရင်လည်း ရနိုင်ပါတယ်။

အဲဒီလို အရာဝတ္ထုတွေကို ကူးရေးရာကနေ နောက်ဒုတိယအဆင့်က အဆောက်အဦးတွေ၊ သစ်ပင်တွေ၊ ရှုခင်းတွေကို ရေးဆွဲလာမယ်၊ နောက် ကိုယ့် စိတ်ကြိုက် အထားအသိုနေရာတွေ ပြောင်းပြီးရေးဆွဲမယ်ဆိုရင် ကိုယ်နှစ်သက်တဲ့ ပန်းချီကားကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

နောက်တဆင့်မှာတော့ အရောင်တွေ ထည့်သွင်းရမယ့် အဆင့်ဖြစ်တယ်။ အရောင်တွေမှာ လိုက်လျောညီထွေ သဘော၊ တွန်းထိုးဆန့်ကျင်တဲ့ သဘော၊ အပူရောင် အအေးရောင်တွေရှိတယ် ဆိုတာကို လေ့လာထားဖို့တော့ လိုတာပေါ့ကွယ်။  အဲဒီမှာ ကိုယ့်စိတ်ကြိုက် အရောင်ဖြည့်နိုင်တယ်၊ ဘယ်သူမှ ချုပ်ချယ်မထားဘူး၊ ကိုယ့်စိတ်ကြိုက် ကိုယ့်အရောင်၊ ကိုယ့်လက်ရာဟာ ကိုယ့်ဟာတွေပဲပေါ့။ ဒါကအနုပညာရဲ့ လွတ်လပ်မှုအရသာပါပဲ။

ကိုယ့်စိတ်ကြိုက်ရေးဆွဲတားထဲ့ လက်ရာကိုတခြား ကြည့်ရှုခံစားသူတွေလည်း ကြိုက်နှစ်သက်လာမှသာ အနုပညာဖန်တီးမှု အောင်မြင်တယ် လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် အောင်မြင်တဲ့ အနုပညာသမားတွေဟာ ကိုယ့်စိတ်ခံစားမှုမှာ ကျေနပ်အားရမှုကို အမြဲရှာဖွေလေ့ ရှိပါသတဲ့။



နိုင်စွမ်း


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved