ကန်ပက်လက်မြို့မှ နွားနောက် ၂ ကောင်သယ်လာတဲ့ ချင်းအမျိုးသား ၂ ဦး ဆောမြို့တွင် ဖမ်းဆီးခံရ

Friday, July 10, 2015


ဓာတ်ပုံ - ဆောမြို့ facebook fun page

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ခုပ်ကျေးရွာမှ ကန်ပက်လက်မြို့သို့ နွားနောက် ၂ ကောင်အား ခြေလျင်သယ်ဆောင်လာတဲ့ ချင်းအမျိုးသား ၂ ဦးကို ဆောမြို့နယ် စည်ပင်သာယာမှ သီးကုန်းရွာတွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ပုဒ်မ(၅) ဖြင့် ဇွန်လ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူ ချင်းအမျိုးသား ၂ ဦးမှာ ကန်ပက်လက်မြို့မှ ရင်ဒူးဒါးချင်းအမျိုးသားဦးကွီးထုန်နှင့် ဦးမနားဟုန် တို့ဖြစ်ပြီး ရဲအရေးပိုင်ဖြစ်တဲ့အတွက် အာမခံမရဘဲ ဆောမြို့မ ရဲစခန်းအချုပ်ခန်းတွင် ဖမ်းဆီးထိန်းသိမ်းထား ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ် ရဲကိုမှ ဧရာဝတီကို ပြောပါတယ်။

“အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှု ပုဒ်မ ၅ နဲ့ ဖမ်းဆီးထားတာပါ။ ရဲအရေးပိုင်ဖြစ်လို့ အာမခံမပေးပါဘူး။ ကျနော်တို့ကို စည်ပင်သာယာက သတင်းပေး တိုင်ကြားလို့ ဖမ်းရတာပါ။ ဖမ်းတုန်းက ကျနော်တို့ ရဲစခန်းက ရဲသုံးယောက်ပါပါတယ်။ ဒါ ကျနော်တို့ မြို့နယ်မှာ ပထမဆုံးဖမ်းဆီးတဲ့အမှုပါ။ အမှုတွဲ တည်ဆောက်ပြီး တရားရုံးတင်ဖို့ စီစဉ်နေပါတယ်။ ” လို့ ရဲတပ်ကြပ်ရဲကိုမှ ပြောပါတယ်။

အဆိုပါ နွားနောက်များကို ကန်ပက်လက်မြို့သက်ဆိုင်ရာ ထောက်ခံစာဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး၊ ဂျင်ဒွေး-လောင်းရှည်-ဆော-ကန်ပက်လက် မြို့များသို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမှ သယ်ဆောင် လာစဉ် မကွေးတိုင်း ဆောမြို့နယ်အရောက်တွင် မြို့နယ်စည်ပင်သာယာ သားသတ်လိုင်စင်ရသူများမှ ရဲတပ်ဖွဲ့ဝင်များမပါပဲ ဖမ်းဆီးကာ ရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း ဆောမြို့နယ် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဌဦးလင်းနိုင်မှ ဧရာဝတီကို ပြောပါတယ်။

“ဇွန်လ ၂၉ ရက်နေ့က သားသတ်လိုင်စင်ရထားတဲ့ လူတွေရယ် မြို့နယ်စည်ပင်ဦးစီးမှူးရယ် သီးကုန်းရွာမှာ လာဖမ်းတယ်။ ရဲမပါဘူး။ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ခုပ်ရွာကနေကန်ပက်လက်မြို့ကိုမောင်းလာတာ၊ မြို့နယ်အတွင်း ဆိုပေမယ့် ဆောမြို့ကိုမဖြတ်လို့မရဘူး အမြဲတမ်းလည်း ဖြတ်နေကျပါ။ ဒီလမ်းက မမောင်းရင် ဘယ်ကမောင်းမလဲ အားလုံးဒီလမ်းကိုပဲ သုံးနေရတာကို ဖမ်းတာဗျာ။ ကန်ပက်လက်မြို့နယ်က သက်ဆိုင်ရာရဲ့ ထောက်ခံစာတွေပါတယ်၊ အဲဒါလည်းလက်မခံဘူး၊ မကွေးတိုင်းဒေသကြီးအစိုးရကို တိုင်တာလည်း အရေး မယူဘူး။ အခု ၁၀ ရက်ကျော်ပြီ အချုပ်ခန်းထဲမှာပဲထားတယ်။ မထူးရင် နေပြည်တော်တက် တိုင်ရတော့မှာပဲ။” လို့ ဦးလင်းနိုင်ကဆက်ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့က ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးထန်းဟုန်မှာ အချုပ်ကျနေသူများအား သွားရောက်တွေဆုံစဉ် ချင်းဘာသာစကားဖြင့် စကားပြောဆိုမှု မပြုလုပ်ရန် တာဝန်ကျ ရဲအရာရှိတဦးမှ ဆဲဆိုပြောဆိုခံခဲ့ရကြောင်း ဦးထန်းဟုန် က ပြောပါတယ်။

“ကျနော်တို့ အချုပ်ခန်းမှာ အားပေးစကားသွားပြောတဲ့ သုံးယောက်ကို အဲဒီက ရဲကငါနဲ့ကိုင်တုတ်ပြီး၊ ငါ….မချင်းတွေလူးပါးဝတယ်၊ ဒီမှာဆောက်ချင်းစကားနဲ့ ပြောလို့မရဘူးဆိုတာနားမလည်ဘူးလား နောက်ဆိုအဲဒီချင်းတွေ စခန်းထဲကိုအဝင်မခံနဲ့လို့ ကျနော်တို့ကို ဗိုလ်လေးမှိုင်းဝေကဆဲတာပါ။ နေ့လည် ၁ နာရီ ၃၂ မိနစ်မှာဆဲတာ ကျနော်သေချာမှတ်ထားတယ်။ ကျနော်တို့ ဒါကိုသည်းမခံနိုင်တာထက် ချင်းလူမျိုးတွေကို ဆော်ကားတာပါ၊ဥပဒေအတိုင်းတရားပြန်စွဲသွားမယ်၊ ပြည်ထောင်စုစိတ်ဓါတ်ဆိုတာဒီလိုဝန်ထမ်းတွေမှာတောင် မရှိဘူး၊ ဆောမြို့မှာ ရဲစခန်းနဲ့ ဆေးရုံတွေမှာ ကျနော်တို့ ချင်းတွေ အမြဲအနှိမ်ခံနေရတယ်။” လို့ ဦးထန်းဟုန်က ဆိုပါတယ်။

မြန်မာပြည်မှာ နွားနောက်များကို ချင်းပြည်နယ်အတွင်း အများဆုံးမွေးမြူကာ ကာလတန်းဖိုးပေါက်ဈေးမှာ တကောင်လျှင် ကျပ် ၁၀ သိန်းခန့်ရှိကြောင်းသိရပြီး၊ နွားနောက်များကို ချင်းပြည်နယ်သို့ သယ်ဆောင်လာစဉ် မဖြစ်မနေ ဖြတ်သန်းရသည့် ဆောမြို့မှ အခုလိုမတရားဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ချင်းလူမျိုးများအပေါ် လူအခွင့်အရေးချိုးဖေါက်ခံရခြင်းဖြစ်ပြီး လွတ်မြောက်သည်အထိ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ပြောကြားပါတယ်။



ကောင်းမြတ်မင်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved