Showing posts with label ဒေါက်တာ သက်ဦး. Show all posts
Showing posts with label ဒေါက်တာ သက်ဦး. Show all posts
ဆေးဖြစ်ဝါးဖြစ်သစ်သီးဝလံ (၂)
Monday, December 22, 2014 0 comments
သစ်သီးဝလံတွေကဆေးဖက်ဝင်တာကိုရောဂါအလိုက်ပြောခဲ့ဖူးပါတယ်။ထပ်ပြီးလေ့လာတွေ့ရှိတာတွေကလည်းစိတ်ဝင်စားစရာကောင်းနေတာမို့ဝေမျှပေးချင်လို့ထပ်ဆင့်တင်ပြလိုက်ပါတယ်။ အာဟာရအဖြစ်၊ အရသာအဖြစ် သာမက ဆေးဝါးအဖြစ်သုံးရတဲ့ သစ်သီးတွေစားတဲ့အလေ့အထလည်း ပျိုးထောင်ကြစေချင်တာပါ။ ကိုယ်နဲ့ လက်လှမ်းမီရာ သစ်သီးတွေရွေးချယ်စားသုံးဖို့လည်း ချင့်ချိန်နိုင်တာပေါ့။ သက်ဆိုင်ရာဝေဒနာအလိုက် သင့်လျော်တဲ့အသီးတွေကိုသိပ္ပံနည်းကျစူးစမ်းမှုတွေကနေတင်ပြထားတာတွေ့ရတာပါ။ဈေးနှုန်းသင့်တင့်မှုနဲ့ရနိုင်ဖို့လွယ်ကူတာလေးတွေဦးစားပေးရွေးချယ်ထားပါတယ်။
အစာအိမ်မှာအက်ဆစ်ဓာတ်များခြင်း
အစာအိမ်အချဉ်ဓာတ်လွန်ကဲတဲ့အခြေအနေမျိုးကိုမကြာခဏကြုံရတတ်တာပါ။ရင်ပြည့်၊လေချဉ်တက်၊နေရထိုင်ရအလွန်ခက်တာပေါ့။ဒီအတွက်အသင့်လျော်ဆုံးကတော့သခွားသီးပါပဲတဲ့။အစားအသောက်တွေစားပြီးချိန်မှာ ရေသောက်တာထက်သခွားသီးများများစားပေးလိုက်ရင်၊ဒါမှမဟုတ်စားနေရင်းပဲသခွားသီးစားပေးရင်အဲဒီ အစာအိမ်အချဉ်ပေါက်တဲ့ ဝေဒနာကိုခံသာစေပါတယ်တဲ့။ ကဲ - ဘယ်လောက်လွယ်ကူလိုက်ပါသလဲ။ စမ်းကြည့်ကြတာပေါ့။
သွေးအားနည်းရောဂါ
သွေးအားနည်းရောဂါအတွက်ပျောက်ကင်းသက်သာစေတဲ့အသီးအပွင့်တွေအများကြီးရှိတယ်လို့ဆိုပါတယ်။အခုပြောမှာကတော့တချို့တဝက်ပါ။သွေးအားနည်းတယ်လို့သွေးစစ်စမ်းသပ်ချက်တွေတွေ့ရင်စပျစ်သီးအရည် တနေ့ကိုတပေါင်၁၀ရက်သောက်ပြီး ပြန်စစ်ကြည့်ပါ၊အသေအချာသွေးအား ပြန်တက်လာတာ တွေ့ရပါမယ်လို့ဆိုလေရဲ့။ ဒီမိုဂလိုဘင်ခေါ်တဲ့သွေးထဲကဓာတ်ကသူ့မှာကြွယ်ဝလို့ပါပဲ။ မက်မွန်သီးတနေ့၅လုံး လောက်၁၀ရက်စားတာကလည်းအဆင်ပြေပါသတဲ့။သူ့မှာကတော့ သံဓာတ်ကြွယ်ဝလွန်းတာမို့ပါပဲ။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါတွေအတွက်အဆင်ပြေတာပေါ့။ ဒါတင်မက၊သရက်သီးဖျော်ရည်နဲ့ နို့အရောလေးတပတ်လောက်သောက်ရင်လည်းသွေးအားနည်းတာ ပြန်ကောင်းလာတာ လက်တွေ့လို့ဆိုပါတယ်။
ထိပ်ပြောင်နေသလား
ဒီပြဿနာကတချို့အတွက်အတော်စိတ်အနှောင့်အယှက် ဖြစ်ရတာပေါ့။ ဒါပေမယ့် သူ့အတွက် ဆေးနည်း ရှိပါတယ်။ မျိုးရိုးလိုက်လို့မဟုတ်ဘဲ၊ ဆံပင်ကျွတ်၊ ထိပ်ပြောင်တာအတွက်တော့သရက်သီးအချဉ်တည်ထားတဲ့ (ပိုးတီလို့ခေါ်ကြတာပေါ့) အသားကိုညှစ်ပြီးရတဲ့အရည်ကိုနာရီဝက်လောက်ခေါင်းမှာလိမ်းပြီးနှိပ်နယ်ပေးတာမျိုးလုပ်ပေးရင်လပိုင်းလောက်မှာဆံပင်တွေ ပြန်ပေါက်လာတတ်တယ်လို့ဆိုပါတယ်။ ထိပ်ပြောင်ကြီးကိုသရက်သီးချဉ် ပွတ်ရတာ စိတ်ကသိကအောင့် ဖြစ်စရာတော့ကောင်းသား။ ဒါကခက်ခဲတယ်ထင်ရင် တခြားနည်းလမ်းရှိပါသေးတယ်။ သခွားသီးအရည်ကိုနှစ်ပတ်တကြိမ်ဆံပင်တွေအပေါ်သုတ်လိမ်းတာကလည်းထိရောက်သလိုသခွားသီးအသား လေးတွေကိုပြောင်နေတဲ့ဦးရေအပေါ်တင်တင်ပေးတာကလည်းဆံပင်ပေါက် မြန်စေပါသတဲ့။
အဆုတ်လေပြွန်ရောင် (အဆုတ်အအေးမိ)
မကြာခဏအဆုတ်အအေးမိတယ်ဆိုပြီးဖျားနာချောင်းဆိုး ဖြစ်တတ်တဲ့သူတွေအတွက် စမ်းကြည့်သင့်တဲ့ ဆေးနည်းလေးပါ။ ဗာဒံစေ့ ၁၀ စေ့နဲ့ စပျစ်သီးခြောက် ၁၀စေ့ ကို တညရေစိမ်ထားပါ။ နံနက်ကျတော့ ဗာဒံစေ့ကို အခွံချွတ်၊ စပျစ်ခြောက်ရေစိမ်ကို အစေ့ထုတ်၊ ချင်း(ဂျင်း)နည်းနည်းထည့်ပြီး ရောကြိတ်ရပါမယ်။ နောက်တော့ ပျားရည်၂ဇွန်းနဲ့ရောမွှေ (တေ) ပြီးနံနက်တကြိမ်၊ ညတကြိမ်လျက်ပေးရင် ၂ရက်လောက်နဲ့ ပျောက်ကင်းသက်သာပါသတဲ့။အဲဒီလိုကုထုံးအဖြစ်မဟုတ်ဘဲနေ့စဉ်အနည်းငယ်မျှသုံးဆောင်တာက အဆုတ်ကိုကြံ့ခိုင်စေတယ်လို့ဆိုပါတယ်။
နားကွဲနာ
ကျေးလက်ကလေး သူငယ်ဘဝတုန်းက ကိုယ်တိုင်လည်း ဖြစ်ဖူးသလို၊ အတော်လေး အတွေ့ရများတဲ့ရောဂါပါ။ နားရွက်ဖျားအောက်နားမှာအမြဲကွဲပြီး ပြည်တစွတ်စွတ် ဖြစ်နေတာမျိုးပေါ့။ ဒီအတွက်တော့ ဆေးက လွယ်ပါတယ်။ သရက်ပင်အနီးအနားမှာရှိနေဖို့ပါပဲ။ သရက်ရွက်အနုလေးတွေအရည်ညှစ်ပြီး မုန်ညင်းဆီနည်းနည်းနဲ့ရော၊ ပြီးတော့ကွဲနေတဲ့ နားရွက်နာပေါ်အစက်ချပေးရုံနဲ့ ပြည်တွေကင်းပြီး အနာကျက်တာ တွေ့ရမယ်လို့ဆိုပါတယ်။
ရုပ်ပျိုဆေး
သဘာဝကိုဆန့်ကျင်ပြီးအလှအပခုံမင်သူတွေစမ်းသပ်ကြည့်သင့်တာပေါ့။ဆေးတဖုံစာအတွက်ဗာဒံစေ့၁၀စေ့ရေစိမ်ကိုအခွံချွတ်ပြီးကြိတ်၊ နွားနို့နဲ့ပျစ်ပျစ်လေးတေပါ။ ပြီးရင်တခါနွားနို့ထဲမှာထပ်ပြီးကျိုပါ။ အအေးခံပြီးတဲ့ အချိန်မှာ ပျားရည်၂ဇွန်းထည့်ဖို့ မမေ့ပါနဲ့။ အဲဒါကိုနေ့စဉ်သောက်ပေးပါတဲ့။ တနှစ်လောက်သောက်ရင် အစဉ်နုပျိုတဲ့ရုပ်ရည် ဖြစ်လာမယ်ဆိုပဲ။ ဆေးစွမ်းပိုထက်အောင်ပန်းသီး၊ စပျစ်သီး၊လိမ္မော်သီးတွေနဲ့ တွဲဖက်စားသုံးသင့်ပါသေးသတဲ့။
ရေငတ်ပြေဆေး
တချို့သူတွေမှာအလကားနေရင်းရေငတ်သလိုခံစားနေရတတ်ပါတယ်။လိမ္မော်ရည်တို့၊နာနတ်ရည်တို့က ပြေသာတဲ့ဆေးတွေပေါ့။တခြားထူးခြားတဲ့နည်းလမ်းတခုကတော့သရက်စေ့ထဲကအဆန်ကိုခြေပြီးရေနွေးကြမ်းလိုသဘောထားကြိုသောက်တာပါပဲတဲ့။အရသာရှိချင်ရင်သကြားလေးနည်းနည်းထည့်လို့ရပါတယ်။ရေငတ်တဲ့ခံစားမှုမကြာခဏခံစားနေရသူတွေအတွက်တော့ကျွဲကောသီးအရည်ကိုသကြားထည့်ပြီးသောက်တာကအစွမ်းအထက်ဆုံးလို့ဆိုပြန်ပါတယ်။တနေ့၂ကြိမ်၃ကြိမ်သောက်ပေးရင်ပျောက်သွားမှာပါတဲ့။
မီးလောင်ဒဏ်ရာ
သရက်စေ့ရဲ့အသုံးတည့်ပုံတခုကတော့အပေါ်ယံလောက်မီးလောင်တာမျိုးမှာအဲဒီသရက်စေ့ရဲ့အဆန်ကိုသွေး ပြီးလူးထားပေးရင်အပူလည်းသက်သာ၊ဒဏ်ရာလည်းမကျန်ဘူးဆိုပဲ။ သရက်ရွက်ခြောက်ကို ပြာချပြီး မီးလောင်ထားလို့ ဖြစ်နေတဲ့အနာတွေမှာ ဖြူးပေးတာကလည်း အကောင်းဆုံးပိုးသတ်ဆေးနဲ့ အနာကျက်မြန်ဆေးလို့ဆိုပြန်ပါတယ်။
နွမ်းလျမောပန်းနုံးချည့်
လူတိုင်းစိတ်ပန်းလူပန်းချိန်မှာခံစားရတဲ့အဲဒီအမောအနွမ်းတွေအတွက်အုန်းရည်လတ်လတ်ဆတ်ဆတ်လေး သောက်ပေးတာကအကောင်းဆုံးဖြေဆေးပါတဲ့။လိမ္မော်၊နာနတ်အရောဖျော်ရည်လေးကလည်းအဆင်ပြေပါသတဲ့။အဲဒီဖျော်ရည်ကိုမျိုမချမီပါးစပ်ထဲနည်းနည်းငုံကျင်းပြီးမှသောက်ရင်သွားတွေတောင်သန့်ရှင်းပြီးသွားချေးတက်သက်သာတယ်ဆိုလေရဲ့။
ခံတွင်းအနံ့ဆိုး
ပုံမှန်အားဖြင့်ခံတွင်းနံ့ဆိုးရတာကခံတွင်းမှာရောဂါပိုးမွှားတွေဝင်ရောက်တာကြောင့် ဖြစ်သလို၊အစာလမ်းကြောင်းရဲ့ရောဂါဘယတွေကြောင့်လည်း ဖြစ်တတ်တာပါ။ စပျစ်သီးခြောက်ကလေးတွေကို အစေ့ထုတ်ပြီးဝါးပေး၊ ငုံထားပေးရင်အနံ့အသက်တွေသက်သာစေတယ်လို့ဆိုပါတယ်။
အစာမကြေခြင်း
ဒီ ဝေဒနာကတော့မကြာခဏကြားဖူးနေမှာ ဖြစ်သလို၊ခံလည်းခံစားဖူးကြမှာပါ။ အစာမကြေဘူး၊ ရင်ပြည့်ရင်ကယ် မအီမသာစသဖြင့်တွေပေါ့။ ဆေးကစိတ်ဝင်စားစရာကောင်းသား။ သင်္ဘောသီးကို အစိတ်လေးစိတ်၊ဆားနဲ့ငရုတ်ကောင်းမှုန့်ဖြူး၊ သံပရာရည်လေးတစက်လောက်ညှစ်ချပြီးစားကြည့်ပါတဲ့ (ရောဂါမသက်သာတောင်မှအရသာတော့အတော်ရှိမယ့်သဘောပဲ)။သင်္ဘောသီးမှာပါတဲ့ Pepsin ကအစာကြေညက်မှုမှာ အတော် အထောက်အကူ ပြုတယ်လို့ဆိုပါတယ်။ အစာကြေရုံတင်မက၊ အစာလမ်းကြောင်းက ရောဂါပိုးတွေလည်း သေစေပြန်ပါသတဲ့။ အသည်းကောင်းချင်ရင်လည်း သင်္ဘောသီးစားဖို့တိုက်တွန်းပြန်ပါတယ်။
ကျောက်ကပ်ရောဂါ
ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါစုံအတွက်တော့စပျစ်ရွက်အနုလေးတွေပြုတ်ပြီးဆားနည်းနည်းခတ်သောက်ပါတဲ့။ကျောက်ကပ်နဲ့ပတ်သက်တဲ့ရောဂါတွေကြောင့် ဖြစ်သမျှနာကျင်ရောင်ရမ်းမှုတွေအဆင်ပြေပါသတဲ့။
အသည်းရောဂါ
အသည်းဝေဒနာမျိုးစုံအတွက်တော့ခရမ်းချဉ်သီးဖျော်ရည်ကိုညွှန်းပါတယ်။အသက်ကြီးသူတွေတနေ့မှာ၂လုံး၊ ငယ်သူတွေတနေ့တလုံးအရည်ဖျော်သောက်ရင်အသည်းရောဂါတွေ ဖြစ်နေသမျှကင်းပစေပါမယ်တဲ့။ ဖျော်ရည်အဖြစ်သောက်တာ၊စွပ်ပြုတ်လိုလုပ်သောက်တာဘာမဆိုအဆင်ပြေပါသတဲ့။အဲဒီခရမ်းချဉ်ဖျော်ရည်ထဲ ချင်း (ဂျင်း) ဖျော်ရည်လေးများစွက်လိုက်ရင်တော့အူလမ်းကြောင်းကိုပါအထောက်အကူ ဖြစ်စေပါသတဲ့။
ကဲ - ဒီဆရာဝန်တော့ဗိန္ဒောယောင်ယောင် ဖြစ်နေပြီမထင်လိုက်ပါနဲ့။ အသီးအနှံတွေစားရင်းကနေ ရောဂါဝေဒနာတွေပါပျောက်ကင်းတယ်ဆိုရင်အရသာလည်းရှိ၊ အမြတ်လည်းထွက်တယ်မဟုတ်ပါလား။ ကြိုးစားကြည့်လို့ဘေးမဖြစ်စေမယ့်ဆေးနည်းလေးတွေစိတ်ဝင်စားလို့မျှဝေလိုက်ပါတယ်။ စိတ်ပါရင် စမ်းကြည့်ကြရအောင်။
ဒေါက်တာသက်ဦး
"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အမှတ်စဉ်(၅၁)မှ ကူးယူဖော်ပြသည်"
ဆေးဖြစ်ဝါးဖြစ် သစ်သီးဝလံ
Tuesday, December 16, 2014 0 comments
အရင်တုန်းကတော့ အသီးအနှံတွေကသဘာဝအတိုင်း ရာသီစာအဖြစ် ပေါ်ပေါက်ခဲ့ကြတာပါ။ သစ်သီးဝလံသီးတဲ့ အပင်တွေ၊ အစေ့ကိုမျိုးပြန့်ပွားစေတဲ့ တိရစ္ဆာန်တွေကနေအချိန်အခါ ရာသီလိုက်လို့ စားသုံးကြရတာပါ။ အခုခေတ်အခါမှာတော့ စိုက်ပျိုးရေးနည်းပညာတွေကြောင့် ဆန်းသစ်လာပြီးရာသီမရွေးစားသုံးနိုင်လာကြပါပြီ။ ဈေးနှုန်းမြင့်မားပြီးသာမန်လူတန်းစားအတွက် အဆင်မပြေတဲ့အသီးတွေရှိသလိုလမ်းဘေးမှာအလွယ်တကူရပြီးလူတိုင်းစားနိုင်တဲ့ အသီးတွေလည်းရာသီမရွေးရှိနေပါပြီ။ သစ်သီးဝလံတွေကိုစားသုံးသင့်တဲ့ ဆေးဖက်ဝင် အကြောင်းကလေးတွေလည်းရှိနေပြီမို့ စားသုံးတဲ့ အလေ့အထမွေးမြူသင့်ကြပါပြီ။ ရောဂါတွေအတွက် ဆေးသောက်သလိုစားသုံးရမယ့် သစ်သီးဝလံနဲ့ ရောဂါတချို့ကိုပြောပြချင်ပါတယ်။ ဒါတွေကသိပ္ပံနည်းကျ လေ့လာစမ်းသပ်ချက်တွေရဲ့ ရလဒ်ကနေထုတ်ဖော်ထားတာလို့ ဆိုပါတယ်။
ဂရိတ်ဖရု (Great Fruit)
ဒီအသီးကတော့ သူ့ရာသီမှာဖောဖောသီသီ မြင်နိုင်ကြမှာပါ။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါတွေ မှာသူ့အစွမ်းကအံ့မခန်းထိရောက်ပါသတဲ့။ အသုံးပြုပုံကလည်းတမူထူးပါတယ်။ သူ့ရဲ့အစေ့ ၅ စေ့ကို ၈ နာရီခြားတနေ့သုံးကြိမ် ရက်သတ္တ ၂ ပတ်လောက် သောက်သုံးပေးရတာဖြစ်ပါတယ်။ အဲဒီတော့ သူ့ရာသီချိန်မှာအစေ့တွေ သိမ်းဆည်းထားသင့်ပါတယ်။
နာနတ်သီး
နာနတ်သီးမှာထူးခြားစွာပါဝင်တဲ့ Bromelain ကတော့ အတော်လေးတန်ဖိုးရှိတဲ့ ဓာတ်တမျိုးပါ။ ဓာတ်တိုးဆန့်ကျင် အစွမ်းတွေ၊ ရောင်ရမ်းကိုက်ခဲနာကျင်မှုတွေအတွက် အသုံးတည့်လှပါတယ်။ အခုတိတိကျကျ သိလာရတာကတော့ ကင်ဆာရောဂါတွေမှာသက်သာပျောက်ကင်းအောင် အသုံးပြုနေတဲ့ 5-Florouracil ဆိုတဲ့ ဆေးတွေထက် နာနတ်သီးမှာပါတဲ့ Bromelain က ပိုပြီးအစွမ်းထက်တယ် လို့ လက်တွေ့ စမ်းသပ်မှု အဖြေတွေကဆိုကြောင်းသိရပါတယ်။ နာနတ်သီးအူတိုင်ကအဲဒီလို အကျိုးကျေးဇူးကို အများဆုံး ရနိုင်တဲ့ နေရာပါပဲ။
ဖရဲသီး
ဖရဲသီးကလည်းဆေးဖက်ဝင်တယ်လို့ အမျိုးမျိုး ညွှန်းဆိုကြတဲ့အထဲကသူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် တမျိုးဖြစ်တဲ့ L-Citrulineကတော့ သွေးကြောတွေကိုသဘာဝအလျောက် ကျယ်စေတဲ့အစွမ်းရှိပါတယ်။ သွေးကြောနံရံတွေကိုလည်း ကာကွယ်ပေးတဲ့ သတ္တိရှိတာမို့ သွေးတိုးရောဂါအတွက် သွေးဖိအား လျော့နည်းစေတဲ့ ဆေးတမျိုးဆိုတာမှတ်သားထားသင့်ပါတယ်။
ချယ်ရီသီး
ကိုယ့်နိုင်ငံမှာဖောဖောသီသီနေရာအနှံ့ရတတ်တဲ့ အသီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ စူပါမားကက်တွေမှာ မြင်ရတတ်တဲ့ အသီးတမျိုးဖြစ်လာပါပြီ။ သူ့မှာပါဝင်တဲ့ Anthrocyanin ဒြပ်ပေါင်းကလည်းအခုခေတ်စားနေတဲ့ စတီရွိုက် မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေး Diclofenac လို (NSAID) တွေနဲ့ထပ်တူနာကျင်ကိုက်ခဲရောင်ရမ်းတာတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ အစာအိမ် ထိခိုက်မှုသက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးအဖြစ် သုံးနိုင်တာပေါ့။
သံပရိုသီး
ဟော်လန်သံပရာလို့လည်းခေါ်ကြတဲ့ ဝမ်းဗိုက် ချွန်ချွန် သံပရိုသီးကလည်းအခုအခါမှာတော့ နေရာအနှံ့ တွေ့နေရပါပြီ။ သူ့ရဲ့ ထူးခြားတဲ့အစွမ်းကတော့ အခုနောက်ပိုင်းအတွေ့များ ခေတ်စားလာနေတဲ့ ကျောက်ကပ်မှာကျောက်တည်တဲ့ ဆီးကျောက် ရောဂါမှာဆေးဝါးအဖြစ် အသုံးတည့်တယ်လို့ ဆိုလာကြတာပါ။ လီမွန်ဖျော်ရည်နဲ့ အရသာရှိရှိရောဂါပျောက်အောင် စွမ်းဆောင်ကြည့်ကြပါလား။
သင်္ဘောသီး
ဂျမေကာနိုင်ငံမှာကတော့ တိုင်းရင်းဆေးတမျိုးအဖြစ် သင်္ဘောသီးကိုသုံးနေတာကြာပါပြီ။ အခုတော့ သုတေသနတွေ  စနစ်တကျ  လုပ်ကြည့်တဲ့အခါ သင်္ဘောသီးမှာများပြားတဲ့ ကျန်းမာရေးကျေးဇူးတွေ ရှိတဲ့အထဲက တခုကိုတော့ ခိုင်ခိုင်မာမာအသိအမှတ် ပြုကြပါတယ်။ နာတာရှည် အရေပြားပေါ်က အနာ တွေကိုသင်္ဘောသီးစိမ်းရဲ့အသားနဲ့ လိမ်းပေးတာက ၇၅ ရာခိုင်နှုန်းလောက် ပျောက်ကင်းသက်သာတယ်လို့ ဆိုလေရဲ့။
တလည်းသီး
တချို့ကတော့ ပင်မှည့်သီးလို့လည်းခေါ်တတ်ကြတဲ့ အခွံထူ၊ အစေ့များချဉ်ပျပျ အသီးမှာ ထူးခြားစွာ ပါဝင်နေတာက မဟော်မုန်းအီစထရိုဂျင်ပါပဲတဲ့။ အမျိုးသမီးတွေရဲ့ မဟော်မုန်းဆိုင်ရာရောဂါတွေအတွက် သူကဆေးစွမ်းကောင်းတလက်ပါပဲ။
ကီဝီသီး
အရင်က ကြားဖူးရုံပေမယ့် အခုတော့ မြင်တွေ့နေရပြီဖြစ်တဲ့ ကီဝီသီးမှာကSimvastatinခေါ်တဲ့ အဆီကျဆေးထက် ပိုပြီးထက်မြက်တဲ့ ကိုလက်စထရောကျစေတဲ့အစွမ်းကိုလက်တွေ့စမ်းသပ်ချက်တွေ အရတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီမှာတော့ ဈေးပေါပေါနဲ့ ဖောဖောသီသီစားနိုင်ဖို့ မလွယ်လှသေးပါဘူး။
အုန်းသီး
ဆေးကို ဖြစ်သလိုဝယ်သောက်နေကြပြီးဆရာဝန် ညွှန်ကြားချက်မပါလည်း ရောင်းနေနိုင်တဲ့ ဒီနိုင်ငံမှာအကိုက်အခဲပျောက်ဆေးတွေသောက်ပြီး အစာအိမ်မှာသွေးယိုတာ၊ အနာဖြစ်တာတွေ တွေ့ရတာမနည်းလှပါဘူး။ အဲဒီအကိုက်အခဲပျောက်ဆေးတွေကြောင့် ဖြစ်ရတဲ့ အနာတွေ ကုသရာမှာ၊ ကာကွယ်ရာမှာ အုန်းသီးကလုပ်တဲ့ အုန်းနို့ ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် အုန်းရည်က ထိရောက်မှု ရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။
သီးမွှေးငှက်ပျော
အခွံစိမ်းစိမ်းနဲ့ ဒီငှက်ပျောသီးကို တချို့နိုင်ငံတွေမှာ တိုင်းရင်းဆေးအဖြစ် ဝမ်းလျှောဝမ်းပျက်ရောဂါအတွက် သုံးကြတာကြာပါပြီ။ အခုတော့လည်းသုတေသနပြုချက်တွေကနေ ကာလရှည်ကြာဝမ်းပျက်နေတတ်တဲ့ ကလေးတွေကိုကျွေးပြီး စမ်းသပ်ကြည့်တဲ့အခါ ဝမ်းရောဂါကာလကို လျော့ကျစေတယ်ဆိုတာ အခိုင်အမာ သက်သေပြလာကြပါတယ်။ ဝမ်းပျက်သက်သာရုံမက၊ ကလေးတွေ ကိုယ်အလေးချိန် ပြန်တိုးစေတဲ့အပြင်၊ တန်ဖိုးလည်းချိုသာတယ်လို့ ဆိုပါတယ်။
စတော်ဘယ်ရီ
အသီးအနေနဲ့တော့ ရာသီစာဖြစ်ပေမယ့် ကြာရှည်ထားပြီးစားသုံးဖို့ ဖျော်ရည်၊ ယိုစသဖြင့် အမြဲရနိုင်တဲ့အသီး မဟုတ်ပါလား။ တန်ဖိုးရှိတဲ့အချက်ကတော့ နှလုံးရောဂါအတွက် အလွန်အသုံးတည့်လို့ပါပဲ။ အဆီတွေ လျှော့ချပေးတာ၊ သွေးကြောကျဉ်းမှု ကာကွယ်ပေးတာတွေက နှလုံးအတွက် အများကြီးထောက်ကူပေးတာပါ။ သွေးကြောနံရံလေးတွေ လျော့ပြေစေတာကြောင့် သွေးတိုးကိုလျှော့ချသလို နှလုံးကိုလည်းပင်ပန်းတဲ့အလုပ်တွေ လုပ်နေခိုက်မှာညှစ်အားသက်သာစေပါတယ်။ အသီးတင်မကပါဘူး၊ စတော်ဘယ်ရီအရွက်ကလည်း နှလုံးသွေးကြောတွေ စီးဆင်းလှည်ပတ်မှုမှာ အထောက်အကူပေးတာ တွေ့ရပြန်ပါသတဲ့။
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့စကားအတိုင်း သစ်သီးဝလံတွေမှာလည်း သူ့သဘာဝအရ ရောဂါဝေဒနာနဲ့ သင့်လျော်တဲ့အစွမ်းတွေရှိတာကိုလက်ခံရမှာပါပဲ။ အာသာပြေသရေစာအဖြစ်သာမက၊ ဆေးဝါးနဲ့အာဟာရအဖြစ်ပါ နိစ္စဓူဝသုံးဆောင်တဲ့ အလေ့အထတွေလုပ်ပေးသင့်ပါတယ်။ အခုပြောခဲ့တဲ့ အသီးတွေနဲ့ရောဂါတွေကလေ့လာတွေ့ရှိချက်တွေကနေအဆိုပြုထားတာပါ။ တခြားအသီးအနှံတွေ မှာလည်း လေ့လာသုတေသနပြုရင် တမျိုးမဟုတ်တမျိုးကောင်းမွန်တဲ့ အကျိုးရလဒ်တွေ တွေ့နိုင်မှာပါ။ အနာနဲ့ဆေးသင့်ရာရွေးပြီးသစ်သီးဝလံစားသုံးတဲ့ အလေ့အထကျင့်သုံးကြရအောင်။
ဒေါက်တာ သက်ဦး
" အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အမှတ်စဉ် ၅၀ တွင် ဖော်ပြထားသည်။"
လှချင်ရက်စက်စက်ယိုများအတွက် အရေပြားကျန်းမာရေး
Wednesday, December 10, 2014 0 comments
 တရားဓမ္မသဘောအရစက္ကန့်နဲ့အမျှဖောက်ပြန်ပျက်စီးနေတဲ့ကိုယ်ခန္ဓာကြီးကအချည်းနှီးပါလို့ ဆိုပေမယ့်
အဲဒီအတိုင်း လိုက်နာရှုမှတ်သူထက်မေ့လျော့ထားပြီး ခြယ်သနေကြတာကသာ များလေရဲ့။ စပါးလုံး တထောက်စာအရေပြားရဲ့အလှအပကလည်း လူတွေကိုဆွဲဆောင်နိုင်ပေတာကိုး။ လူ့ခန္ဓာကိုယ်မှာ အပေါ်ယံအဖြစ်ဆုံးဖြစ်တဲ့အရေပြားကထင်သာမြင်သာအဖြစ်ဆုံးအင်္ဂါအစိတ်အပိုင်း ဖြစ်နေတာလည်းပါတာပေါ့။
အဲဒီတော့လည်းအရေပြားကျန်းမာရေးကိုဂရုစိုက်သင့်ပေသပေါ့။ နေရောင်ခြည်ဒဏ် ကာကွယ်တာနဲ့ သန့်ရှင်းရေးလုပ်ပေးတာလိုမျိုးက ကောင်းမွန်တဲ့အရေပြားစောင့်ရှောက်နည်းပါပဲ။
နေထိုင်စားသောက်မှု ပုံစံ ပြောင်းလဲပေးတာကလည်း အိုမင်းမှုကို အချိန်ဆွဲပေးထားနိုင်သလို အရေပြား ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။ အရေပြားကျန်းမာရေးအတွက်လုပ်ဆောင်သင့်တာလေးတွေရှိပါတယ်။
နေရောင်ခြည်ဒဏ်ကာကွယ်ပါ
အရေပြားကာကွယ်ရေးမှာအရေးအကြီးဆုံးကတော့နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကိုကာကွယ်ပေးခြင်းပါပဲ ။နေရောင်ခြည်ကြာရှည် တိုက်ရိုက်ထိတွေ့မှုကနေအရေပြားတွန့်တာ၊ အစက်အပြောက်တွေပေါ်တာနဲ့ တခြား အရေပြားရောဂါတွေ ဖြစ်စေတာပါပဲ။ ဒါတင်မကအရေပြားကင်ဆာ ဖြစ်နိုင်ခြေလည်း များစေပါတယ်။ ကာကွယ်နိုင်တဲ့နည်းတွေကတော့
နေရောင်ကာ (Sunscreen) လေးလိမ်းပါ
ဒီခေတ်မှာ ဒီလိမ်းဆေးတွေ အများကြီးပေါ်လာနေပါပြီ။ အမည်စုံ၊ နိုင်ငံစုံကပေါ့။ တော်တော်လည်း အသုံးပြု နေကြတာတွေ့ရပါတယ်။ အပြင်ကို နေပူထဲထွက်တိုင်း ၂နာရီခြားတခါလောက်လိမ်းပေးသင့်ပါတယ်။ သတိပြုရမှာကတော့နေရောင်ခြည်ကကာကွယ်စွမ်း SPF 15 အနည်းဆုံးပါဝင်မှသာသုံးသင့်ပါတယ်။ ဘူးကလေးတွေမှာ SPF ပါဝင်မှုအမြဲပြထားတာမို့ကြည့်ဖို့မမေ့ပါနဲ့။
အရိပ်ခိုပါ
နံနက် ၁၀နာရီကနေ ညနေ၄နာရီအကြား အချိန်တွေက နေရောင်ခြည်အပြင်းထန်ဆုံးပါပဲ။ ဖြစ်နိုင်မယ်ဆိုရင်အဲဒီအချိန် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။
အကာအကွယ်အဝတ်တွေဝတ်ဆင်ပါ
အရေပြားကို ချည်ထည်စိတ်စိတ်နဲ့ ရက်လုပ်ထားတဲ့ လက်ရှည်ရှပ်အင်္ကျီမျိုး၊ ဘောင်းဘီရှည်၊ ဦးထုပ်တွေနဲ့ဝတ်ဆင်ကာကွယ်ပါ။ ဖြစ်နိုင်ရင်တော့အဝတ်တွေလျှော်ဖွတ်ရာမှာတောင်ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ ဓာတုပစ္စည်းပါဝင်တဲ့ ဆပ်ပြာတွေသုံးနေကြပြီလို့ဆိုပါတယ်။
ဆေးလိပ်မသောက်ပါနဲ့ 
အရေပြားကို အိုမင်းရင့်ရော်စေတာ၊ အရေးအကြောင်းတွေနဲ့ တွန့်ကွေးစေတာစတဲ့ အကျိုးတွေရစေတာက ဆေးလိပ်သောက်ခြင်းကအကြောင်းတခုပါပဲ။ဆေးလိပ်သောက်ရင်အရေပြားရဲ့အပြင်ဆုံးလွှာကသွေးကြောငယ်လေးတွေကျဉ်းလာပါတယ်။အဲဒီအခါသွေးသွားလာမှုလျော့လာပါတယ်။ အရေပြားအတွက် အရေးကြီးတဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေ ယုတ်လျော့လာပါတယ်။ အဲဒါကြောင့် အရေပြားရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတော့တယ်။
ဒါတွင်မက အရေပြားကိုကြံ့ခိုင်အောင်၊ ကျုံ့ကျယ်နိုင်အောင်လုပ်ပေးတဲ့အမျှင်တွေဖြစ်တဲ့ Col-lagen
နဲ့ Elastin တွေကိုလည်းပျက်စီးစေတာပါပဲ။နောက်ပြီးဆေးလိပ်သောက်တဲ့အခါ ဖြစ်တတ်တဲ့ မျက်နှာ အနေအထားကနေအရေးအကြောင်းအတွန့်အခေါက်တွေ ဖြစ်စေတာပါပဲ။ ဆေးလိပ်မှုတ် ထုတ်လိုက်ရင်နှုတ်ခမ်းစုတွန်းလိုက်ရတာ၊ မျက်လုံးပေါက်ကျဉ်းသွားရတာတွေပေါ့။ ဆေးလိပ်သောက်နေသူတယောက်က အရေပြားကျန်းမာရေးအတွက် ကာကွယ်ချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်တာထက် ကောင်းတဲ့ နည်းမရှိဘူးလို့ဘဲ ပြောပါရစေ။
အရေပြားကိုညင်ညင်သာသာဆက်ဆံပါ
အရေပြားလှပကျန်းမာစေချင်တယ်ဆိုရင်ဖြင့်နေ့စဉ်လုပ်ဆောင်နေတဲ့ သန့်ရှင်းရေးလုပ်ငန်းဆောင်တာတွေမှာ ညင်သာဖို့အရေးကြီးပါတယ်။
ရေချိုးချိန်
ရေပူနဲ့ရေချိုးတာ၊အကြာကြီးရေချိုးတာမျိုးကအရေပြားပေါ်ကအဆီတွေကိုဖယ်ရှားပစ်ပါတယ်။ရေချိုးချိန်ကိုတိုတောင်းစေဖို့၊ ရေနွေးနွေးမျှသာသုံးဖို့အရေးကြီးပါတယ်။
ဆပ်ပြာအပြင်းစားတွေ
ချွတ်ဆေးလိုမျိုးပါဝင်တဲ့ဆပ်ပြာအပြင်းစားတွေကလည်းအရေပြားပေါ်ကအဆီတွေကိုဖယ်ရှားပစ်တာပါပဲ။အနံ့ရော၊အထိအတွေ့ပါပျော့ပျောင်းတာမျိုးသုံးသင့်ပါတယ်။
အမွေးအမျှင်သုတ်သင်ရာမှာ
နှုတ်ခမ်းမွေး၊မုတ်ဆိတ်မွေးရိတ်သင်ရာမှာအရေပြားကိုချောမွေ့စေဖို့ကရင်မ်၊လိုးရှင်း၊ဂျဲလ်တွေသုံးသင့်ပါတယ်။ရိတ်တဲ့ဓားကိုထက်နေစေရပါမယ်။ပြီးတော့ရိတ်သင်ရာမှာအမွေးအမျှင်ရဲ့ထွက်လာတဲ့ဦးတည်ရာအတိုင်းအလိုက်သင့်ရိတ်ပါ။နောက်လှန်ရိတ်တာမျိုးမလုပ်ပါနဲ့။
ခပ်ဖွဖွခြောက်သွေ့အောင်
ရေချိုးပြီးချိန်၊ဆေးကြောပြီးချိန်တွေမှာမျက်နှာသုတ်ပဝါနဲ့ခပ်ဖွဖွသာတို့ပတ်ရိုက်သလိုခြောက်သွေ့အောင်လုပ်ပါ။အရမ်းကာရောတိုက်ချွတ်ပြီးခြောက်သွေ့အောင်မလုပ်ပါနဲ့။ဒါမှအရေပြားမှာစိုစွတ်မှုအငွေ့အသက်လေးကျန်ပြီးကျန်းမာစေမှာပါ။
ခြောက်သွေ့လွန်းတဲ့အရေပြားတွေအတွက်
စိုစွတ်မှုလေးရှိနေအောင်တော့ဂရုစိုက်ရပါမယ်။ဒါမှအရေပြားကိုတင်းရင်းစေမှာပါ။အရေပြားအတွက် Moisturizer တွေရှိပါတယ်။သူ့မှာလည်း SPF ပါဝင်တာကိုသာ သုံးသင့်တာပါ။
ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားအစာတွေစားပါ
ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအစာတွေစားတာကရုပ်ရောစိတ်ပါကောင်းမွန်လန်းဆန်းစေပါတယ်။သစ်သီးဝလံတွေ၊ဟင်းသီးဟင်းရွက်တွေ၊ဆန်ကြမ်း၊ဂျုံကြမ်းနဲ့လုပ်တာတွေ။အဆီဖယ်ထားတဲ့အသားတွေများများစားသုံးတာကအကောင်းဆုံးပါပဲ။အစားအသောက်မှာဗီတာမင်စီများများပါဝင်တာ၊အဆီပါဝင်မှုနည်းတာနဲ့ ဆန်၊ဂျုံကြမ်း တွေကအရေပြားနုပျိုမှုကိုအထောက်အကူ ပြုတယ်လို့တော့လေ့လာသူတွေကပြောဆိုကြပါတယ်။
စိတ်ဖိစီးမှုဂရုပြု
စိတ်ဖိစီးမှုမထိန်းချုပ်နိုင်ရင်အရေပြားအတွက်မကောင်းတဲ့အကျိုးဆက်တွေရလာတာတော့အသေအချာပါပဲ။အထူးသဖြင့်ဝက်ခြံနဲ့တခြားအရေပြား ပြဿနာတွေ ပေါ်စေပါတယ်။ စိတ်ရွှင်ပျမှ အရေပြားကလေးလည်းလှမှာပါ။ စိတ်ဖိစီးမှုကိုပြေလျော့အောင်ကြိုးစားနိုင်ဖို့ကအရေးကြီးပါတယ်။ အလုပ်အတွက်၊ ကိုယ်ရေးကိုယ်တာအတွက်အချိန်အဆလေးတွေနဲ့စိတ်ဖိစီးမှုလျော့နည်းအောင်လုပ်ကြတာပေါ့။
ကဲ ...မမြဲသောတရား၊အရေပြားတထောက်အလှအတွက်အချိန်ပေါင်းများစွာအကုန်ခံနေကြတဲ့ကိုကို၊မမ၊ ကိုကိုမဟုတ်မမဟုတ်များအတွက်အရေပြားကိုကျန်းမာလှပစေမယ့်နည်းလမ်းလေးတွေလက်ဆောင်နှင်းလိုက်ပါတယ်။လိုက်နာကျင့်သုံးကြည့်ကြဖို့တော့လိုတာပေါ့။အထက်ကလိုက်နာသင့်တဲ့စည်းကမ်းလေးတွေလိုက်နာရင်း“တို့အရေပြားကိုကာကွယ်မလေ၊တို့ ...အရေပြားကိုကာကွယ်မလေ ...”သီချင်းကလေးညည်းနေနိုင်ကြပါစေ။
ဒေါက်တာသက်ဦး
ဧရာဝတီဂျာနယ် အပတ်စဉ် ၄၉ တွင် ဖော်ပြထားပါသည်။
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved