အောက်တိုဘာလ ၂ ရက်နေ့ လမ်းမတော်မြို့နယ်မှာရှိတဲ့ ပန်ဒါဟိုတယ်မှာ မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။
အဲဒီအစည်း အဝေးကို ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်တင်ငွေနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းလည်း တက်ရောက်ဖို့ ရှိတာကြောင့် ပန်ဒါဟိုတယ်တစ်ခုလုံးမှာ လက်နက်ကိုင်စစ်သားတွေ၊ စစ်အရာရှိတွေ ရှိသလို မိုင်း၊ ဗုံးတွေ စမ်းသပ်ရှာဖွေဖို့ အရပ်ဝတ် စစ်အင်ဂျင်နီယာတွေလည်း မနည်းမနောပါပဲ။
အစည်းအဝေးက နေ့လယ် ၁ နာရီလောက် စမှာဖြစ်ပေမယ့် အရပ်ဝတ် စစ်အင်ဂျင်နီယာတွေက မနက် ၉ နာရီလောက်ကတည်းက လုံခြုံရေးယူ၊ စစ်ဆေးမှုတွေ လုပ်နေတာ နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန်အထိ ဖောက်ခွဲရေး ပစ္စည်းတွေရှိ၊ မရှိ အထူးရှာဖွေမှုတွေ လုပ်ပါတယ်။ သြော် ...ဒါ ... အကြောက်ရောဂါ။
ဟုတ်ကဲ့။ ရှာဖွေမှု လုပ်တဲ့ပုံကတော့ ဗိုလ်ချုပ်တင်ငွေ စကားပြောမယ့် စကားပြောစင်မြင့်က မိုက်ခရိုဖုန်းကို စမ်းတယ်။
အလှစိုက်ထားတဲ့ပန်းတွေ ဖြဲကြည့်တယ်။ စင်မြင့်အောက်ကို လှန်ရှာတယ်။ ဗိုလ်ချုပ်တင်ငွေနဲ့ ဗိုလ်မှူးချုပ် ထွန်းသန်း ထိုင်မယ့် ထိုင်ခုံဆိုဖာတွေကို လှန်စစ်တယ်။
ခန်းမ အနောက်မှာရှိတဲ့ စတိုခန်းတွေ ၀င်မွှေတယ်။ ရေဘူးတွေ ကိုင်ကြည့်တယ်။ ဓာတ်လှေကားကို စစ်တယ်။ အမျိုးမျိုးကို ဖင်ပြန်၊ ခေါင်းပြန် စစ်ဆေးနေတာပါပဲ။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့် လက်ထက်ကတောင် ဒီလောက် ကြံကြံဖန်ဖန် ရှာဖွေစစ်ဆေးတာမျိုး မလုပ်ပါဘူး။
ဗိုလ်ချုပ် တင်ငွေနဲ့ ဗိုလ်မှူးချုပ် ထွန်းသန်းကို သတင်းထောက်တွေက ထပြီး ဓာတ်ပုံရိုက်တော့ အရပ်ဝတ် စစ်သားတွေလည်း အကုန်ထပြီး ပြူးပြူးပျာပျာနဲ့ သတိအနေအထား ကြည့်ကြပါတယ်။ သြော် … ဒါ ... အကြောက်ရောဂါ။
လက်နက်မဲ့ပြည်သူတွေကို သတ်ချင်သလိုသတ်၊ ပစ်ချင်သလိုပစ်၊ ဖမ်းချင်သလိုဖမ်း လုပ်နေတဲ့ ဗိုလ်ချုပ်တွေ သူတို့ခံရမယ့် အလှည့်ကျတော့ အတော်ကြောက်သားပဲလို့ ဆိုရမှာပါပဲ။ သြော် … ဒါ … အကြောက်ရောဂါ။
ဗိုလ်ချုပ်တင်ငွေနဲ့ ဗိုလ်မှူးချုပ် ထွန်းသန်းတောင် ဒီလောက် အကြောက်လွန်နေရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆိုရင် ဘယ်လောက်များ အကြောက်လွန်လိုက်မလဲဆိုတာ တွေးကြည့်မိပါတယ်။
အကြောက်လွန်လို့လည်း လူမရှိ၊ သူမရှိ ပျဉ်းမနားကြပ်ပြေးကို ပြောင်းပြီးပြေးတာပေါ့။ သူတို့ အကြောက်လွန်တာ အကြောင်းမဟုတ်ပေမယ့် မြို့သစ်တည်လို့ တိုင်းပြည်ဘဏ္ဍာတွေကုန်၊ ၀န်ထမ်းတွေ ဒုက္ခရောက်နဲ့ ၀ဋ်ကြွေးရှိရင် ဒီဘ၀၊ ဒီမျှနဲ့ ကြေပါစေတော့လို့ ဆုတောင်းရတော့မယ်။
ဗိုလ်ချုပ်တွေ အကြောက်လွန်လေ၊ ပြည်သူ ဒုက္ခရောက်လေ ပါပဲ။
full feed ပေးပါ။ ပြည်တွင်းမှာ feed reader နေ အားလုံး လွယ်လွယ်ကူကူ ဖတ်ရအောင် full feed ပေးပါ။