The Voice ၏ တောင်းပန်စာအပေါ် အမြင်

Wednesday, November 17, 2010

လမ်းဘေးကလူတစ်ယောက်ဆိုရင် ပြောချင်တာ ပြောခွင့်ရှိတယ်။ အကြားအမြင်လိုလို
ဗေဒင်လိုလို ကိုယ်ထင်တာမှန်းပြီး လျှောက်ပြောမယ်။ ပြီးရင် မှားသွားတယ်ဗျာ
ဒီလိုဖြစ်မယ်ထင်တာ မဖြစ်သွားဘူးလို့ ခေါင်းကုတ် ဖင်ကုတ်နဲ့ ပြောလို့ရတယ်။
ဘယ်သူ့မှ မထိခိုက်ဘူး။

မီဒီယာတစ်ခုကနေပြီး သာမန်ပြောတာမျိုးမဟုတ်ဘဲ ကိုယ်ထိလက်ရောက်
လှုံ့ဆော်တဲ့အဆင့်အထိ အများအပြားပြောခဲ့တယ်။ စာအုပ်စာတမ်းထုတ်ခဲ့တယ်။
လူငယ်တွေစုပြီး သင်တန်းပေးတယ်။ အင်္ကျီတွေ လိုက်ဝေတယ်။ ငွေကြေးအလှူငွေတွေ
ထည့်ခဲ့တယ်။ ဒါမျိုးတွေလုပ်ပြီးမှ မှားသွားတယ်ဗျာလို့ တောင်းပန်တာဟာ
ပုံစံမဟုတ်ဘူး။

တစ်ခါက အင်တာဗျူးတစ်ခုမှ သခင်တင်မြက နိုင်ငံရေးမှာ သူတို့မှားခဲ့တာတွေဟာ
အသက်ငယ်ကြလို့ ၃၀ ၀န်းကျင်တွေမို့လို့ ပြောခဲ့ဖူးတယ်။ ဒါကို
ဆရာကြီးဒဂုန်တာရာက နိုင်ငံရေးမှာ အသက်ကြောင့်မှားတယ်ပြောလို့မရဘူး။
မှားခွင့်မရှိဘူးလို့ ပြောဖူးတယ်။ သခင်တင်မြကို ပြန်ပြောတော့ သူကလည်း
သူပြောတာမှားပါတယ်။ အသက်ငယ်လို့ နိုင်ငံရေးမှာ မှားလုပ်တယ်လို့
ပြောလို့မရပါဘူးလို့ ၀န်ခံတယ်။

နိုင်ငံရေးမှာ ကျွန်တော်တို့ထင်တာ ၀င်ပြောမိတာဗျာ မှားသွားတယ်လို့
တောင်းပန်ရုံနဲ့ မရပါဘူး။ စကတည်းက ရပ်တည်ချက် ခိုင်မာရမယ်။ ဘက်စုံ
သုံးသပ်နိုင်ရမယ်။ စကတည်းက ရွေးကောက်ပွဲကို မ၀င်သင့်ဘူး။
မဲသွားမထည့်သင့်ဘူးလို့ နိုင်ငံရေးဦးဆောင်ပါတီက ပြောခဲ့တာကို
ကန့်လန့်တိုက်ပြီး မြှောက်ထိုးပင့်ကော်တွေ ပြောခဲ့တယ်။
ခွဲထွက်တဲ့လူတွေကို သူရဲကောင်းလောက် မြှောက်စားပြခဲ့တယ်။
ငွေကြေးထောက်ပံ့ခဲ့တယ်။ ခုမှ မှားသွားတယ်ဗျာလို့ ပြန်တောင်းပန်တာဟာ
ဒေ၀ဒတ်အနေနဲ့ သံဃာဂိုဏ်းခွဲပြီးမှ ခွင့်လွှတ်ပါလို့ တောင်းပန်တာနဲ့
အတူတူပဲ။

ပိုဆိုးတာက တောင်းပန်ပြီး ဒီဘက်က မှန်ကန်တဲ့လမ်းစဉ်ကို အားပေးမယ် ကူညီမယ်
ပူးပေါင်းမယ်မဟုတ်ဘဲ ထပ်ပြီး လမ်းစဉ်အမှားကို လုပ်ဦးမယ်လို့ ကြေငြာတာဟာ
လွန်လွန်းတယ်လို့ မြင်တယ်ဗျာ။ (ဂျာနယ်ထဲမယ် အောင်ထွဋ်က
ချောတိုင်မှန်းသိလျက်နဲ့ သူတက်ခဲ့တယ် မှားပေမယ့်
ဒီချောတိုင်ထပ်တက်ဦးမယ်လို့ ရေးသကိုးဗျ။)

6 comments :

  1. ahphyulay said... :

    သိပ်မသိ လို့ အဖြစ်မှန်ရေးပေးပါ

  1. အောင် said... :

    ရွေးကောက်ပွဲ မ၀င်ခဲ့တဲ့ NLD ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလျက်ပါ။ ဘာလို့လဲဆိုတော့ ၁၉၉၀ ရလဒ်ကိုကာကွယ်ဖို့လိုတဲ့ ပါတီတစ်ခုအနေနဲ့ အလိမ်ခံရရင် အရင်းထဲကပါသွားနိုင်လို့ပါ။ ဒါပေမယ့် တခြားပါတီတွေ ရွေးကောက်ပွဲဝင်ခဲ့လို့ ပေါ်ပေါက်လာတဲ့ အကျိုးကျေးဇူးတွေရှိတယ်ဆိုတာ ခံစားချက်မပါဘဲ သုံးသပ်သူတိုင်းမြင်နိုင်ပါတယ်။ ကိုယ် အဆုံးစွန်မျှော်လင့် ခဲ့တဲ့ အကျိုးကျေးဇူးမျိုးလောက်အထိတော့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ကွဲပြားမှုကိုလက်မခံနိုင်ရင် ဒီမိုကရေစီ မတောင်းပါနဲ့။ တစ်ပါတီထဲရဲ့ အိုင်ဒီယာနဲ့ အယူအဆနောက်ပဲ အားလုံးလိုက်စေချင်ရင် နောက်ထပ် တစ်ပါတီစနစ်ကိုပဲ ထပ်တောင်းလိုက်ပါ။ မျက်စိကျယ်ကျယ်ဖွင့်ပြီး ဝေးဝေးကြည့်ပါ။ စာလုံးတွေကို ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်တတ်ရုံလောက်ပဲ ဆိုရင်တော့ ဒီလိုမျိုး ချရေးပြတာ ကိုယ်သေးသိမ်မှုကို ပြရုံလောက်ပဲ ရှိပါလိမ့်မယ်။ အထူးသဖြင့် အမေစုကိုယ်တိုင် အမျိုးသားပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းနေတဲ့ အချိန်မှာ အကျိုးဆက်ကို ထည့်မတွက်ဘဲ ရေးတဲ့သူကို အံ့အားသင့်မိပါတယ်။ ကျွန်တော်က အဝေးကိုရောက်နေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အတွက် မဲပေးခွင့်အလိုလိုမရခဲ့တဲ့သူတစ်ယောက်ပါ။ အဲဒီတော့ NLD ရဲ့ အမျှော်အမြင်ရှိစွာ ၁၉၉၀ ရလဒ်ကိုကာကွယ်ခဲ့နိုင်မှုကို အစထဲကမြင်ပြီး လေးစားခဲ့သလို အဆဲခံပြီး ကြိုးစားနေခဲ့တဲ့သူတွေကိုလည်း အထင်ကြီးပါတယ်။ မှားတာကို ၀န်ခံပြီး ဆက်ကြိုးစားမယ်လို့ပြောတာ ဘာအဓိပ္ပါယ်လဲဆိုတာ ရိုးရိုးလေးတွေးရင် ရှင်းရှင်းလေးမြင်ပါတယ်။ ဒီလိုပြောလို့ ရောဆဲလည်း ခံရုံပါပဲ ။ ဒါပေမယ့် ဘလော့ရေးသူအနေနဲ့ အမြင်ကျဉ်းပြီး တဖက်စောင်းနင်း ဆန်လွန်းတယ်လို့ပဲ ထင်မိပါတယ်။ ဒါပါပဲ။

  1. Anonymous said... :

    ဒီမိုကရေစီ ရဲ့ သဘောတရားမှာ တစ်ယောက် တစ်ဖွဲ့ ဟာ မိမိ မှန်ကန်တယ် လို့ ယုံကြည်ရာကို ရပ်တည်ပိုင်ခွင့်၊ ဖြန့် ဝေပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ ရှိတယ်။ မိမိနဲ့ ရပ်တည်မှု မတူသူပဲ ဖြစ်စေ တူသူပဲဖြစ်စေ ဝေဖန် နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ ဒါပေမယ့် တိုက်ခိုက်ပိုင်ခွင့် မရှိဘူး။ စော်ကားပိုင်ခွင့် မရှိဘူး။ ထို အတူ တစ်စုံတစ်ယောက်ရဲ့ အယူအဆကို လက်ခံ ခြင်း လက်မခံခြင်းဟာ အဲ့ဒိ လက်ခံတဲ့ သူတွေ ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်မှာ မူတည်တယ်။

    ဒီမိုကရေစီ ဟာ အများသဘော မဟုတ် သလို လူသား တစ်ယောက်နဲ့ တစ်ယောက်ကြား လွတ်လပ်မှု ကို လေးစားမှု နဲ့ အပြန်အလှန် ထုံမွှမ်းတယ်။ မှန်ကန်သည်ဖြစ်စေ၊ မှားယွင်းသည်ဖြစ်စေ၊ ရှံး နိမ့်သည်ဖြစ်စေ၊ အောင်မြင်သည်ဖြစ်စေ၊ တစ်ယောက် နဲ့ တစ်ယောက် အကြား လေးစားမှု မရှိရင် ဒီမိုကရေစီ နဲ့ ဝေးနေအုံးမှာပဲ။

    ဒီမိုကရေစီ ရဖို့ ရာ လူတိုင်း ဒီမိုကရေစီ ကို သိနားလည်ဖို့ မလို အပ်ပေမယ့် ဒီသဘောတရားကို ကြေညက်နားလည် သူတွေမှသာ ဒီမိုကရေစီ ရရှိရေးအတွက် ဦးဆောင်နိုင်မှာဖြစ်တယ်လို့ ရိုးရိုးလေးပဲ မြင်တယ်။ ဒီမိုကရေစီ ဘက်တော်သား ဆိုသူတွေ ဆီက ဒီမိုကရေစီ နဲ့ ဆန့် ကျင်တဲ့ စကားမျိုး အပြု အမူမျိုးတွေ ထွက်လာပြီး တိုက်ခိုက် ပုတ်ခတ် တာ မြင်မိတိုင်း စိတ်ပျက်မိတယ်။

  1. Always said... :

    ရွေးကောက်ပွဲကို မ၀င်သင့်ဘူး၊ မဲမပေးကြဖို့ကို တိုက်တွန်းနှိုးဆော်တာက အန်အယ်လ်ဒီက အရင်နှိုးဆော်တာမဟုတ်ပါဘူး။ ပြည်ပအတိုက်အခံတွေက အရင်နှိုးဆော်တာပါ။ အန်အယ်လ်ဒီက နောက်ဆုံးမှ ပါလာတာပါ။ ဒီလိုမျိုးတော့ မျက်နှာကြီးရာ ဟင်းဖက်ပါတော့ မဖြစ်သင့်ပါဘူး။ အမှန်တရားကိုတော့ ဘယ်သူကမှ ဖျောက်ဖျက်လို့မရနိုင်ပါဘူး။ မှတ်တမ်းတွေကရှိပြီးသားပါ။

  1. Anonymous said... :

    အထက်ကဆရာ/မတွေရေ့ ... ဒီမိုကရေစီအတွင်းမှာ ကွဲပြားတာ လက်ခံပါတယ်။ အခုက မြန်မာပြည်မှာ ဒီမိုကရေစီမရသေးပါခင်ဗျား ... အခုက ဒီလိုဖြစ်လာမှာကို လူတိုင်း သိနေရဲ့သားနဲ့ .. စစ်အစိုးရ သက်ဆိုးရှည်ဖို့ The Voice က ပံ့ပိုးနေသလို မဖြစ်ခဲ့ဘူးလားခင်ဗျ။ ... ဒါဟာ ဒီမိုကရေစီလမ်းကြောင်းက သွေဖယ်သွားအောင် လုပ်တဲ့ လုပ်ရပ်တွေ မဟုတ်ဘူးလားခင်ဗျ ....

  1. သူတို့နဲ့က အခုမှကွဲနေတာ မဟုတ်ပါဘူးဗျာ။ သူတို့က အခုမှ နအဖနဲ့ ကွဲလာတာ။

    မှားတာလည်း ချောတိုင်တက်တာ တခုတည်း မဟုတ်ဘူး။ မှားခဲ့တာ တောက်လျှောက်။ ချောတိုင်ထောင်ဖို့ အားပေးခဲ့တယ်။
    တိုင်ကူရှာခဲ့တယ်။ ချောဆီကူသုတ်ခဲ့တယ်။ ချောတိုင်တက်ဖို့လည်း လိုက်ဆွယ်ခဲ့တယ်။

    အခုတောင်းပန်နေတာက သူများတွေလို ချောတိုင်တက်တာတခုတည်း မှားမိသလိုမျိုးနဲ့ ဖောရှောလုပ်နေတာ။ ဒါတောင် တက်ရင်းအကျနာလို့ တောင်းပန်တာ။ ချောတိုင်ကို ဝေဖန်တာ ဘာမှမရှိဘူး။ ချောဆီကူသုတ်ခဲ့လို့ နောင်တရတယ်လို့ ပြောတာမရှိဘူး။ နောက်ပြီး ဆက်တက်မယ် ဆိုပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved