တပ်ချုပ်ကြီးတို့ ဘာတွေလုပ်

Monday, April 25, 2011


အရင် မြန်မာ စစ်အစိုးရ ထိပ်သီးခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ယောက်သား ဘယ်တွေ ရောက်ပြီး ဘာတွေ လုပ်နေကြသလဲ ဆိုတာကို မြန်မာပြည်သူလူထုနဲ့အတူ ဧရာဝတီ ပရိသတ်ကြီးလည်း သိချင် နေကြလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ ဘာတွေ လုပ်နေကြပါလိမ့် ...။

တိုင်းပြည်ကြီးကို နှစ် ၂၀ ကျော်လောက် လုပ်ချင်ရာလုပ် ...၊ ရမ်းချင်တိုင်းရမ်း၊ ထွက်လာတဲ့ သယံဇာတတွေကို ဝါးချင်သလောက် ဝါးပြီး သကာလမှာ ကျန်တဲ့ အရိုးအရင်းကို စေတနာစိတ် ထက်သန်စွာနဲ့ လူတွင်ကျယ် မလုပ်ဘူးလို့ ထင်ရတဲ့ သမ္မတ ဦးပြောင်ကြီး လက်ကို ထိုးအပ်လိုက်တာတော့ အားလုံး သိပြီးသားပါ။

သမ္မတ ဦးပြောင်ကြီးက သူတို့ ခေါင်းပေါ် တက်မထိုင်ဘူး၊ သူတို့ကို နေအိမ်အကျယ် မချုပ်ဘူး၊ သူတို့ကို သေတွင်းမပို့ဘူး၊ သူတို့ကို ပဒိုင်းသီးနဲ့ ချော့ကလက် ရောမကျွေးဘူးဆိုတာ သေချာနေလေတော့ တပ်ချုပ်ကြီးတို့လည်း စိတ်အေးရပြီပေါ့လေ။



အခု ကြားရသလောက်ကတော့ အစိုးရရုံးတွေမှာ ချိတ်ထားတဲ့ အလွန်တရာ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ကင်းဝေးတဲ့ တပ်ချုပ်ကြီးရဲ့ မျက်ခွက်တော်ကြီးကို တချို့ တချို့ကလည်း ဖြုတ်လိုက်ပြီလို့ ဆိုတယ်၊ တချို့ကလည်း ဖြုတ်တယ်ဆိုတာ အတည်ပြုလို့ မရဘူးလို့ ဆိုတယ်။ ဘယ်ဟာ အမှန်ဆိုတာတော့ မသိသေးပါဘူး။ မဖြုတ်သေးဘူး ဆိုရင်တော့ သမ္မတကြီး ဘယ်သူ ဘယ်ဝါ ဖြစ်ပစေ ... နိုင်ငံတော် အကြီးအကဲဟာ အနှီတပ်ချုပ်ကြီးပင် ဖြစ်ပေတော့ သကိုးလို့ ရုက္ခစိုးလေနဲ့ ပြောရမှာပ ...။ ဒါက မသေချာတဲ့ သတင်းပါ။

သေချာတဲ့ သတင်း လာပါမယ်။

လောလောဆယ်မှာ တပ်ချုပ်ကြီးဟာ ... စိတ်အေး လက်အေးနဲ့ အေးရာအေးကြောင်း စာပေများကို လေ့လာ လိုက်စားနေတယ်လို့ နီးစပ်တဲ့ သူတွေက ဆိုပါတယ်။ စာအုပ်တွေကြားမှာ ပျော်မွေ့နေတဲ့ သဘောပေါ့။ ဘယ်စာအုပ်တွေလဲ ဆိုတာတော့ ကိုတာတေလည်း ကိုယ်တိုင် သွားမကြည့်နိုင်တော့ မသိပါဘူး။ သူငယ်ပြန်ပြီး ကာတွန်းစာအုပ်တွေပဲ ဖတ်နေသလား၊ အကျွတ်တရား ရချင်လို့ တရား စာအုပ်တွေပဲ ဖတ်နေသလား၊ တရုတ်သိုင်းကားတွေ ကြိုက်တယ်လို့ ကြားဖူးတော့ တရုတ်သိုင်းစာအုပ်တွေ အတွဲလိုက်ပဲ ပြန်ဖတ်နေသလား၊ အတန်းပညာ ပြန်လိုချင်လို့ သူငယ်တန်း ဖတ်စာကနေ စ လေ့လာနေသလား၊ သေချာတာကတော့ အေးအေးဆေးဆေး နှပ်နေတာပါ။

သူ့ရဲ့ မြေးတော် မျောက်လောင်းလေးဟာလည်း မွေးနေ့ပွဲကြီး ဝှဲချီးကျင်းပဖို့ အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ ကိုယ်တိုင်သရုပ်ဆောင် ကိုယ်တိုင်ထုတ်လုပ်ပြီး ဘယ်သူမှ မကြည့်မယ့် ရုပ်ရှင်ကားတကား ရိုက်ဖို့ ပြင်ဆင်နေတယ်လို့ ကြားပါတယ်။ အေးဆေးနေကြပုံများ။ အရင့်အရင် အာဏာရှင်တွေနဲ့ ကွာပုံများနော် ... ။

လက်စောင်းထက်တဲ့သူ တယောက်ယောက်နဲ့များ တွေ့လို့ကတော့ တပ်ချုပ်ကြီးလည်း စာအုပ်ကို (ကံကောင်းရင်) တရုတ်ပြည် လောက်မှာ သွားဖတ်နေရပြီ ... ၊ မြေးတော်လေးလည်း မွေးနေ့ပွဲကို သံတိုင်ကြားကနေ ကျင်းပဖို့ ပြင်နေရပြီ ... (တွေးမိတာပါ) ... ။ ခုတော့လည်း ... အရင်အတိုင်း ... လှတယ်လို့ပဲ ထူးအိမ်သင်သီချင်း ညည်းရမလား သိတော့ပါဘူး။

ဒု တပ်ချုပ်ကြီး မောင်အေးကကော ... ဘယ်လောက်ထိ အေးရာအေးကြောင်းလဲဆို ... မန္တလေးသင်္ကြန်မှာ မကြီးမငယ်နဲ့ သွားဆော့ နေတဲ့ အထိပါပဲ ...။ ရေစိုအအေးပတ်ပြီး နှာစေးနေတယ်ဆိုတဲ့ သတင်းတောင် မကြားမိဘူး။ ကောင်းရော။

အေးနိုင်ကြပါစေ ... အေးနိုင်ကြပါစေ လို့သာပဲ ...။

ကိုတာတေ

8 comments :

  1. Anonymous said... :

    ကိုတာတေလည်း မုဒိတာ ပွားပါလေ။

  1. Anonymous said... :

    တစ်အိမ် တစ်ယောက် မကြည့်မနေရ ရုပ်ရှင် ကို မ၀ယ်မနေရ လက်မှတ်ဝယ်ပြီး
    ဆဲနည်းမျိုးစုံဆဲကာ အားပေးကြပါကုန် ....

  1. ကိုမိုး said... :

    ဘာများလဲလို့ ဖတ်လိုက်မိတာကိုက ငါ့အမှား......

  1. Anonymous said... :

    မသေခင်ထမင်းဝအောင်စားပါစေ.....လုပ်ချင်တာလုပ်ပါစေ....သေပြီးရင်ငရဲမင်းနဲ့တွေ့ရမှာဆိုတော့လုပ်ပါစေ.......တစ်ဘ၀စံများအတွက်လူဖြစ်ခွင့်တစ်ခါမှာမလုပ်ဖူးတာတွေလုပ်ချင်ကြမှာပေါ့

  1. Anonymous said... :

    တနေကုန် အလုပ်ထဲမှာ မွန်းကျပ်ပြီး ပင်ပန်းထားသမျှ ဒီပို့စ် လေးဖတ်မိမှ ဘဲ...

  1. zaw min said... :

    khawe tu wat tu than shwe,

  1. Anonymous said... :

    ဘာပဲပြောပြော..သေတဲ့ထိ..သူလုပ်ချင်ရာလုပ်သွားပီ.ကံစပ်ရင်..သားသမီးတွေရဲ့သမိုင်းဖတ်စာထဲမှာ..ဒီနာမည်ကြီးအော်ကျက်သံကြားရဦးမယ်..ဟာဟ..

  1. Anonymous said... :

    စစ်တပ်က အငြိမ်းစားများ ဆီထုတ်ဘို့ တန်းစီယင်း.....
    ဆီဆိုင်နားမှာဘဲ မျိုးချစ် တပ်မတော်ဖွဲ့စည်းလိုက်ပါတယ်တဲ့ဗျား..
    ဆီတန်းစီတဲ့ အထဲမှာ အငြိမ်းစား ဗိုလ်မှူးကြီးများ ဗိုလ်မှူးများ
    ဗိုလ်ကြီးများက အဆိုးဆုံးဘဲ....အားနေကြတော့ ဆီတန်းစီထုတ်
    ကြတယ်....နိုင်ငံရေးဘာလေး လွတ်လပ်စွာပြောလို့ရတော့....
    ဒီမှာတင် မျိုးချစ်တပ်မတော် ဖွဲ့လိုက်ကြတယ်ေ လ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved