ဖြူဖြူကျော်သိန်းရဲ့ စာအုပ်အလှူ

Tuesday, May 3, 2011

တေးသံရှင် ဖြူဖြူကျော်သိန်းရဲ့ မွေးနေ့အမှတ်တရ စာအုပ်အလှူကို ဧပြီ ၃၀ ရက်နေ့ မနက်က ရန်ကုန်မြို့၊ ကရ၀ိက်ဥယျာဉ် နန်းတော်မှာ ကျင်းပခဲ့ပြီး သိန်း ၅၀ ဖိုးရှိ သုတ - ရသ စာအုပ်မျိုးစုံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

မနက် ၁၀ နာရီ မတိုင်မီကတည်းက ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ လာရောက် တန်းစီစောင့်ဆိုင်းနေခဲ့ပါတယ်။

“ကရ၀ိက်ဥယျာဉ် အ၀င်ဝမှာ စိတ်ကြိုက် စာအုပ်တစ်အုပ် ရယူနိုင်တဲ့ ကူပွန်လေးတွေ ဝေငှတယ်။ ကူပွန်ပြပြီး စနစ်တကျ တန်းစီ ၀င်ကြရတယ်။ တေးသံရှင် ဖြူဖြူကျော်သိန်းကို နှစ်သက်တဲ့ ဆယ်ကျော်သက် လူငယ်တွေ များတယ်” လို့ တန်းစီစောင့်ဆိုင်းနေသူ လူငယ်တဦးက ပြောပါတယ်။

ကရ၀ိက် ဥယျာဉ် နန်းတော်ရဲ့ လက်ယာဘက်အခန်း စားပွဲခုံများထက်မှာ သုတ၊ ရသ၊ နည်းပညာ၊ အတ္ထုပ္ပတ္တိ၊ တက်ကျမ်း၊ ဘာသာရေး စာအုပ်မျိုးစုံ ဖြန့်ခင်းပြီး စိတ်ကြိုက် စာအုပ်တအုပ် ရွေးချယ်ခွင့် ပြုပါတယ်။





ဖြန့်ခင်းထားသော စာအုပ်အများစုဟာ တန်ဖိုးကြီးစာအုပ်များ ဖြစ်နေခြင်း၊ စာရေးဆရာ ကျော်ခိုင်ဦး၏ တစ်ထောင့်တစ်ည ပုံပြင်များ၊ ဆရာကြီး ရွှေဥဒေါင်း၊ စာရေးဆရာ မောင်ထင်၊ စာရေးဆရာ သော်တာဆွေတို့၏ စာအုပ်များ၊ စာရေးဆရာ မြသန်းတင့်၏ လေရူးသုန်သုန်ကဲ့သို့ စာအုပ်များသည် အတွဲလိုက် ဖြစ်နေခြင်းများကြောင့် ရွေးရခက်နေတယ်လို့ ပြောကြပါတယ်။

ကွန်ပျူတာ အခြေခံ လမ်းညွှန်စာအုပ် ရယူထားသူ မိန်းကလေး တဦးက “ရွေးပြီးတာနဲ့ တံဆိပ်တုံးရိုက်နှိပ်၊ ပြီးတော့ ခန်းမရဲ့ လက်ဝဲဘက် အခန်းမှာ တန်းစီပြီး ဖြူဖြူကျော်သိန်းက လက်မှတ်ရေးထိုးပေးတယ်” လို့ ပြောပါတယ်။

ကာတွန်းပေါင်းချုပ် ရယူထားသော ကလေးတဦးကို ဖြူဖြူကျော်သိန်းက “မောင်လေးက ဒီအရွယ်မှာ ကာတွန်းဖတ်၊ ၁၀ တန်းအောင်ပြီးတာနဲ့ ရသ စာအုပ်တွေ ဖတ်ရမယ်” လို့ ပြောပါတယ်။


အမျိုးသမီးတို့ဘ၀ တိုးတက်ရေးလမ်းညွှန် စာအုပ် လက်မှတ်ရေးထိုးစဉ် “အစ်မက စာအုပ်ရွေး တော်တယ်” လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

ထူထဲတဲ့ စာအုပ်တွေ ရွေးချယ်ရယူထားသူ လူငယ်တချို့ကိုလည်း ဖြူဖြူကျော်သိန်းက “ဘာကြောင့် ဒီလို စာအုပ်မျိုးတွေ ရွေးရတာလဲ” လို့ မေးမြန်းပါတယ်။

ယခုလို မွေးနေ့ အမှတ်တရ စာအုပ်အလှူအပြင် အခြား အစီအစဉ်များ ရှိ - မရှိ ဧရာဝတီမှ မေးမြန်းရာ “စာအုပ်အလှူ တခုတည်းရှိပါတယ်။ အခြား အစီအစဉ် ဘာမှ မရှိပါ” လို့ ဖြေပါတယ်။

အများစုသော ပရိသတ်က အနုပညာလောကမှ ထင်ရှားသူတဦး၏ ပကာသန လွှမ်းခြုံမှု မရှိသော အေးငြိမ်းသည့် မွေးနေ့ အလှူအဖြစ် မုဒိတာ ပွားကြပါတယ်။

တေးသံရှင် ဖြူဖြူကျော်သိန်းသည် တစ်ကိုယ်တော်၊ အတွဲ အယ်လ်ဘမ် များစွာ ထွက်ရှိခဲ့ပြီး အတွင်းကြေ၊ ချစ်သူ အမုန်းကျိန်စာ၊ မင်းအတွက် အချိန်တိုင်း၊ မိုးခါးရေ၊ လုံးဝ မသက်ဆိုင်တော့ပါ တေးသီချင်းများမှာ ထင်ရှားကျော်ကြားပါတယ်။

၂၀၁၁ ခုနှစ်၊ ဧပြီ ၂၂ ရက်က အသက် ၃၀ ပြည့်ခဲ့သော တေးသံရှင် ဖြူဖြူကျော်သိန်းဟာ လက်ရှိမှာ ရန်ကုန်မြို့ အနောက်ပိုင်းဆေးရုံကြီး၌ လက်ထောက် ဆရာဝန်အဖြစ် တာဝန်ထမ်းလျက် ရှိပါတယ်။

သင်းအောင်

7 comments :

  1. Unknown said... :

    Donation is good behavior or characteristic or culture or habbit for our country.

  1. Anonymous said... :

    အခြား အနုပညာရှင်များကလဲ အတုယူသင့်တဲ့ အလေ့အထကောင်းတစ်ခုဖြစ်တယ်ဆိုတာ မုဒိတာပွားမိပါတယ်ဗျာ

  1. Anonymous said... :

    I glad to heard ur book donation news that's we knew first time.If u,ll found the library better than that things.

  1. Anonymous said... :

    မွန်မြတ်တဲ့မွေးနေ့ အလှူလေးတစ်ခုပါ မဖြူဖြူ
    မွေးနေ့ မှာပျော်ရွှင်နိုင်ပါစေ

  1. naw said... :

    Very very Good.

  1. သာဓုပါညီမလေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved