နေအဖွဲ့အစည်းသစ် တွေ့ရှိ

Monday, February 7, 2011 11 comments


အမေရိကန် အကာသ စူးစမ်းလေ့လာရေး နာဆာအဖွဲ့က လွန်ခဲ့သောနှစ် ၂၀၁၀ ဒီဇင်ဘာလတွင် နေအဖွဲ့စည်းသစ်တွေ့ရှိချက်ကို ယခုနှစ်တွင် အတည်ပြု ထုတ်ဖော်လိုက်သည်။

အလွန်အားကောင်းသော အလင်းနှစ်အား၂၀၀၀ ရှိ နက္ခတ်ကြည့်မှန်ပြောင်း ကပ်ပလာ (kepler) ဖြင့် ကမ္ဘာ့မြေပြင်မှ အလွန်ဝေးကွာသော အကာသဟင်းလင်းပြင်တွင် အံ့ဩဖွယ်ရာ နေအဖွဲ့အစည်းသစ်တခုကို တွေ့ရှိရကြောင်း သိရသည်။

ထိုနေအဖွဲ့အစည်းသစ်သည် နေကို ဗဟိုပြု၍ လည်ပတ်နေသော ဂြိုလ် ၆ ခု နှင့် အဝါရောင်ရှိသော ဂြိုလ်ရံငယ်တခု အပါဝင်နေကြောင်း၊ မည်သို့ တည်ရှိနေသည်ကို မသိရကြောင်း ဆိုသည်။

နာဆာသိပ္ပံပညာရှင် Jack Lissauer က “အရင်တုန်းက နေအဖွဲ့အစည်းဆိုတာ ကျနော်တို့ ကမ္ဘာကလွဲလို့ မရှိသေးဘူးလို့ ယူဆကြတယ်။ အခုတော့ အံ့ဩဖွယ်ကောင်းအောင် ကျနော်တို့ နေအဖွဲ့အစည်းနဲ့ အလားသဏ္ဌာန်တူတဲ့ နေအဖွဲ့အစည်းရှိနေတဲ့ အချက်ဆိုတာပါပဲ။ ဂြိုလ်အားလုံးရဲ့ အရွယ်အစားကတော့ ကမ္ဘာရဲ့ ထုထည်အရွယ်အစားနဲ့ သိပ်မကွာဘူးလို့လည်း သိရပြီး ပျမ်းမျှအရွယ်ကတော့ ယူးရေးနစ်ဂြိုလ်နဲ့ နက်ပကျွန်းဂြိုလ်တို့နှင့် အများဆုံးတူနိုင်တယ်” ဟု ထုတ်ဖော်သွားပါသည်။

ဝင်းလက်

နေပြည်တော်က ခိုးသားများအကြောင်း အပိုင်း ၄ လာမည်

0 comments

ဘယ်သူ့ကို ပြောင်ပြနေတာလဲ သမ္မတကြီး
ညာချသူကြီးများထဲမှာ တွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်မူးကြီးမောင်အေး

မင်းတြားကြီးသန်းရွှေနဲ့ နေပြည်တော် ခိုးသားများကို ဧရာဝတီ ဝက်ဘ်ဆိုက်မှာ ဖော်ပြလာတာ အပိုင်း ၁အပိုင်း ၂အပိုင်း ၃ ဆိုပြီး ၃ ပိုင်း ရှိနေပါပြီ။ နောက်ထပ် ခိုးသားကြီးများအဖြစ် ရှုစားရမှာကတော့ အသစ်စက်စက် သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြောင်း ဖြစ်ပါတယ်။

မကြာမီ လာမည် မျှော်ပါ။

လမ်းမများပေါ်က တိုက်ပွဲအောင်လံ

1 comments

ကြည်မောင်သစ်

တူနီရှားနှင့် အီဂျစ် လမ်းမများပေါ်တွင် ပြည်သူတို့၏ အာဏာရှင် ဆန့်ကျင်ရေး ဒေါသ ပေါက်ကွဲသံများ မိုးကြိုးကဲ့သို့ ဟိန်းလျက်..။

တူနီးရှားနှင့် အီဂျစ်ပြည်သူတို့၏ အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှု အရှိန်အဟုန်သည် လမ်းမများပေါ်၌ မီးလျှံကဲ့သို့ ဟုန်းဟုန်းတောက် လင်းထိန်လျက်..။

တိုက်ပွဲဝင်ပြည်သူတို့ ချီတက်ဆန္ဒပြပွဲတပ်ဦးဆီသို့ သူ့ ထက်ငါ ရှေ့အရောက် ချီတက်လျက်..။

အာဏာရှင် စစ်ပုလိပ်များနှင့် ဘတပြန်၊ ကျားတပြန် ရင်ဆိုင်လျက်..။

ဤသို့ဖြင့် တူနီးရှားနှင့် အီဂျစ်ပြည်သူများ အောင်ပွဲခံလိုက်ကြပြီ။ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတို့၏ အောင်လံများ လမ်းမများပေါ်၌ တလွင်လွင် လွင့်နေလေပြီ။


စီးပွားရေးပိတ်ဆို့မှု ဆက်ထားဖို့ NLD တိုက်တွန်း

11 comments

ဇန်နဝါရီလ ၂၈ ရက်နေ့က ဒါးဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ
ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ ရုပ်သံဖိုင်ကို ဖွင့်နေစဉ်။ (ဓာတ်ပုံ - Getty Images)


အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေ အနေနဲ့ စစ်အစိုးရအပေါ် တိုက်ရိုက် ထိရောက်စေမယ့် စီးပွားရေး ပိတ်ဆို့မှုမျိုး မြန်မာနိုင်ငံအပေါ် ဆက်လက်ထားရှိဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဒီနေ့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“စီးပွားရေး ပိတ်ဆို့မှုဟာ လူအများစုထက် အစိုးရနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေကိုသာ ထိခိုက်စေတယ်ဆိုတာ ကျနော်တို့ တွေ့ရှိခဲ့ပါတယ်” လို့ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးကတည်းက စီးပွားရေး ပိတ်ဆို့ထားမှုအပေါ် ဘယ်လို သဘောထားမယ်ဆိုတာ ပြည်တွင်းကရော နိုင်ငံတကာကပါ စောင့်ကြည့်နေခဲ့တာပါ။

စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ အာဆီယံအဖွဲ့က တောင်းဆိုတာကို အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ် က ရုပ်သိမ်းဖို့ အချိန်စောသေးတယ်ဆိုပြီး ဖေဖော်ဝါရီလ အစမှာတုန်းက တုံ့ပြန်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းရန် အစီအစဉ်မရှိသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ပီဂျေ ခရော်လီကလည်း ဇန်နဝါရီကလည်းက ပြောထားပြီးသားပါ။

ပုံလာလာပြောတိုင်း ယုံ

2 comments

“ပုံလာလာ ပြောတိုင်းယုံ ... ပုံလာလာပြောတိုင်း ယုံ”

တရုတ် အယူအရ ဒီနှစ်က ယုန် နှစ်ဆိုပဲ။

“ယုန်ကောင်လေးကို ငုံပြပြီး ယုန်ရုပ်ကို ရေးပြရင်တောင် ယုံဘူး၊ ယုံဘူး” လို့ ပြောရမယ့် နှစ် ကိုပြောတာ ထင်ပါရဲ့။

စစ်အစိုးရဲ့ လွှတ်တော်ကြီးကလည်း တော်တော်လေး “ယုတ်လုံး” ပေါ်လာပြီ မဟုတ်လား။

စပေ့စ် စပေ့စ် လို့ သံကုန်ဟစ်တဲ့ ဘိုးတော်တွေလည်း အခုတော့ စပေ့စ် မပြောနဲ့ ခြေနှစ်ဘက် ချစရာတောင် မရှိလို့ ခြေတပေါင်ကျိုး ရပ်ရမယ့် ကိန်းဆိုတာကို မြင်လောက်ရောပေါ့။ လွှတ်တော်ထဲမှာ ပြောပါတယ်။

ဦးသိန်းစိန်ကြီးကို သမ္မတ ရာထူးပေးလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ခြေချင်းလိမ်အောင် လာတွေ့ပြီး လွှတ်တော်ထဲမှာ စပေ့စ် ရှာခိုင်းတဲ့ ပုဂ္ဂိုလ်ကြီးများ ဘာပြောကြမလဲ သိချင်ပါပေ့။

စစ်ခေါင်းဆောင်တွေကို ယုံလက်စနဲ့ မထူးဇာတ်ခင်းနေရတဲ့ ကိုယ်စားလှယ်တော်ကြီးတွေခမျာ ခေါင်းပေါင်းစ ကြီးတွေ တလူလူလွှင့်ရင်း လူစင်စစ်က ပုတ်သင်ညို ဘဝကို ပြောင်းနေရတာကိုတော့ စပေ့စ် ရှာခိုင်းသူကြီးတွေ မတွေ့ဘဲတော့ နေမှာမဟုတ်ပါဘူး။

လူညီရင် “ဤ” ကို “ကျွဲ ” ဖတ် ဆိုပေမယ့် “ဤ” က ဤ “ကျွဲ” က ကျွဲပဲဆိုတာ မူလတန်းအဆင့် ကလေးတောင် သိပါတယ်။

အများက ပြောကြတယ်။ မြန်မာနိုင်ငံကို အမေရိကန်က ဓားထက်တဲ့ သံတမန်တွေ မလွှတ်တာ ကြာပြီတဲ့။ ဆိုလိုတာက ခပ်တုံးတုံးကြီး တွေပဲ လွှတ်နေတယ်ပေါ့နော်။ အင်းပေါ့လေ ... လွှတ်တော် အတုကြီးမှန်းမသိဘဲ “စပေ့စ်” ရှိနိုင်တယ် ထင်မှတော့ တုံးလို့ပေါ့။ ဤ မှန်း ကျွဲမှန်းမသိလို့ပေါ့။

မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ စစ်အုပ်စုတွေအကြောင်း သေချာမသိ၊ သေချာ မလေ့လာဘဲ ဆင်ဖမ်း သင့်တယ်၊ ကျားဖမ်းသင့်တယ် (ဆင်ဖမ်းမယ် ကျားဖမ်းမယ်တောင် မဟုတ်ဘူးနော်) ဆိုပြီး လေကြီး မိုးကြီး ဝုန်းဒိုင်းတွေလုပ်၊ တကယ့်လက်တွေ့မှာ ဘာ အကူအညီမှ မရတဲ့အပြင် တခါတလေ အနှောင့်အယှက်တောင် ဖြစ်ရတဲ့ အမေရိကန် အပါအဝင် အနောက်အုပ်စု သံတမန်ကြီးများကို ပြောချင်တာကတော့ လမ်းဘေးမှာ ချရောင်းတဲ့ ဆောင်ပုဒ်လေး အတိုင်းပါပဲ “မကူညီရင်နေပါ မနှောင့်ယှက်ပါနဲ့” လို့။

ကိုတာတေကတော့ ထောင်ကဲကြီးတွေရဲ့ ယုန်နှစ်မှာ “ယုန်ကောင်ကြီး ငုံပြပြီး ယုန်ရုပ်ရေးပြရင်တောင် ယုံဘူး၊ ယုံဘူး” လို့ပဲ ပြောချင်တယ်။ ယုံတဲ့သူ ရူးလို့ပဲ ... ဟုတ်ဘူးလား။

မစ္စတာ တာတေ

ကမ္ဘာမကြေဘူးဟေ့ (ဗားရှင်းအသစ်)

7 comments

၈၈ အရေးတော်ပုံကြီး ပြီးခါစကတော့ ဒီသီချင်းက ကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ရင်ထဲမှာ စွဲမြဲနေတဲ့ သီချင်း တပုဒ်ပါ။ ဒီသီချင်းကိုကြားရင်၊ ဒီသီချင်းကို ဆိုကြရင် ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေ ငိုကြွေး ကြရပါတယ်။ အခု ပုံစံတမျိုးနဲ့ (ခေတ်ပေါ်ဂီတရေစီးကြောင်းအရ) Remix ပြန်လုပ်လိုက်တာကို နားထောင်ရတော့ ထပဲ ကရတော့မလိုလို ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း အခုခေတ် ၁၀ ကျော်သက် လူငယ်တွေတော့ သဘောကျ ကြမှာပါ။ ဒီသီချင်း ပုံစံသစ်ကို နားဆင်ခံစားရင်း အဲဒီတုန်းက အဖြစ်အပျက်တွေကို တစွန်းတစပဲဖြစ်ဖြစ် သိလိုက်မယ်၊ စိတ်ဝင်စားပြီး မေးမြန်ချင်လာမယ်ဆိုရင် မဆိုးဘူး ဆိုရမှာပေါ့။ ဖော်ဝါ့မေးလ်တခုက ရလို့ တင်ပေးပါတယ်။

၈၈ မျိုးဆက်တွေကတော့ အနှစ် ၂၀ တေးကိုပဲ ကြိုက်ကြမယ့်သူတွေ များမယ် ထင်ပါတယ်။
KabarMaKyayBu BlondExpress Mix -Rahul 3rdFeb by thargyi

အင်အားကြီးနိုင်ငံများနဲ့ မြန်မာ့အရေး

1 comments

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များရဲ့ အဆိုအရ နောင် အနာဂတ်မှာ အစိုးရသစ်နဲ့ NLD အကြား ဆွေးနွေးညှိနှိုင်းဖို့၊ ဒိုင်ယာလော့ဂ်တွေ လုပ်ဖို့ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ NLD ပါတီကို တရားဝင်ရပ်တည်ခွင့်ရရေး ဆက်ကြိုးပမ်းလိုတယ်လို့ သိရပါတယ်။

ရန်ကုန်နဲ့ ဘန်ကောက် သံတမန်တွေက NLD ခေါင်းဆောင်တွေကို အရင်ကတည်းက ပုံမှန် လာရောက်တွေ့ဆုံတာမျိုးတွေရှိပေမယ့် NLD က ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ အဲလို လာရောက်တွေ့ဆုံမှုမျိုး နည်းသွားပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်းမှာ သံတမန်တွေ ထပ်ပြီး အလာစိပ်ပြန်ပါတယ်။

အမေးများတာကတော့ ရွေးကေက်ပွဲနဲ့ ပါလီမန်မှာ “လှုပ်ရှားနိုင်တဲ့ ခွင်” (space) ကိစ္စတွေပဲ ဖြစ်ပါသတဲ့။ ဂျာမနီ၊ အမေရိကန် သံရုံးတွေက တလွှတ်တည်းလွှတ်ပြီး လွှတ်တော်ကိစ္စတွေပဲ တွင်တွင် ပြောနေ၊ မေးနေလို့ “လွှတ်တော်လိုင်း” သမားတွေလို့ NLD က ခေါင်းဆောင်တဦးက ပြောပါတယ်။ ဗြိတိန်ကတော့ ဒီလောက် မဟုတ်ပါဘူးတဲ့။

NLD အဖွဲ့ဝင်များနဲ့ ထောင်ထဲရောက်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေကတော့ နောက်ထပ် လာမယ့် အမေရိကန် သံရုံးကိုယ်စားလှယ်ကို သတိထား ရွေးချယ်သင့်တယ်လို့ ပြောနေကြပါတယ်။ (လက်ရှိ ကိုယ်စားလှယ် လာရီ ဒင်းဂါးက မကြာမီ တာဝန်ပြီးဆုံးတော့မှာမို့ပါ။) နှစ်အတော်ကြာကတည်းက အမေရိကန်ဟာ ဓားထက်တဲ့ သံတမန်မျိုး မြန်မာပြည်ကို မပို့တာ ကြာပြီလို့ ပြောရပါမယ်။

NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ NLD ကနေ ဒေါ်အောင်ဆန်းစုကြည် ခွာလို့ မဖြစ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပါတီနဲ့ အတူရှိနေဖို့က အရေးကြီးလို့ပဲလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ခွာပြဲစေချင်သူတွေ၊ သီးခြားဖြစ်စေချင်သူတွေ ရှိနေတယ်၊ ဒါဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဦးဝင်းတင်က ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်ဟာ အရေးပါတဲ့ ကဏ္ဍက ရှိနေတယ်၊ တရုတ်နဲ့ အမေရိကန် မြန်မာပြည်အကြောင်း ဆွေးနွေးတယ်ကြားရင် ဝမ်းသာပါတယ်၊ ဒါပေမယ့် သူ့အနေနဲ့ သံသယတော့ ရှိနေဆဲပဲလို့ ဦးဝင်းတင်က ဆိုပါတယ်။

“ကျနော်တို့ ကံကြမ္မာက ကျနော်တို့ လက်ထဲမှာပါပဲ။ ကျနော်တို့ကို သူများအဆုံးဖြတ်ခံဖြစ်အောင် ဘယ်သူ့ကိုမှ ထိုးပေးမှာ မဟုတ်ပါဘူး” လို့ ဦးဝင်းတင်က ပြောပါတယ်။

ချင်းမိုင် ပန်းပွဲတော်

0 comments

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင်မြို့မှာ ၃၅ ကြိမ်မြောက် ပန်းပြပွဲကို ဖေဖော်ဝါရီလ ၄ ရက်ကနေ ၆ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ ပါတယ်။ ပြပွဲကာလအတွင်း လာရောက် ကြည့်ရှုအားပေးသူတွေဟာ ကြက်ပျံမကျပါပဲ။

ဒီပွဲမှာ ရွက်လှ ၊ သစ်ခွ၊ ဘွန်ဆိုင်း အစရှိတဲ့ မြေပေါ်မှာ စိုက်ရတဲ့ ပန်း၊ အိုးနဲ့ စိုက်ရတဲ့ ပန်း၊ သစ်ပင် သစ်မြစ်တွေနဲ့ ပူးတွဲ စိုက်ရတဲ့ ပန်း၊ အဲဒီ ပန်းမျိုးစုံကို ခင်းကျင်းပြသထားတဲ့ ပန်းပြခန်းတွေအပြင် မာဒါဂတ်စတာ ရုပ်ရှင်ထဲက ဇာတ်ကောင် တိရာစ္ဆာန် အရုပ်ကလေးတွေ၊ ရာမလက္ခဏာ ဇာတ်၊ ဗုဒ္ဓရုပ် ပွားတော်ပုံ၊ လက်ရှိ ထိုင်း ဘုရင်ကြီး ရုပ်ပုံ၊ ထိုင်း နိုင်ငံမြေပုံ၊ ဆင်ရုပ်၊ ယုံရုပ် အစရှိတဲ့ ရုပ်ပုံတွေကို ပန်းတွေနဲ့ ခြယ်သ ဖော်ကျူး ထား တဲ့ အနုပညာ လက်ရာမြောက် ပန်းအလှပြကားတွေ နဲ့ လှည့်လည် ပြသတာ ပါဝင်ပါတယ်။ နှစ်သက်ရာ ပန်းပင်၊ ပန်းအိုး ၊ ပန်း မျိုးစေ့တွေလည်း ၀ယ်လို့ ရပါတယ်။

အဲဒီ အပြင် ပြပွဲလာ ပရိသတ်တွေထဲက ဓာတ်ပုံရိုက်လိုသူတွေ ရိုက်လို့ ရအောင်လည်း ပန်းဥယျာဉ် ပန်းပြခန်းလေးတွေလည်း လုပ်ပေးထား ပါသေးတယ်။ ဓာတ်ပုံ အရိုက်ခံသူ အများစုကတော့ အမျိုးသမီးတွေပဲပေါ့။

ဗိုက်ဆာရင်လည်း စားချင်စဖွယ် စာသောက်ဆိုင် မျိုးစုံလည်း ရှိပါတယ်။ ရေဆာရင်လည်း သောက်စရာ အချိုရည်မျိုးစုံ၊ ကြိုက် တတ်သူ တွေအတွက် ၀ိုင် ရောင်းတဲ့ ဆိုင် ၂ ဆိုင် ၃ ဆိုင်လည်း ရှိရဲ့။

အထူးသဖြင့် အမျိုးသမီး ပရိသတ်ကတော့ သဘောကျမယ့် ပြပွဲပါပဲ။ သူတို့အတွက် ပန်းမျိုးစုံ ကြည့်ရှု ခံစားလို့ ရတဲ့ အပြင် အမျိုးသမီး အသုံး အဆောင် ခါးပတ်က စပြီး အိပ်ယာ ခင်းအထိလည်း ရောင်းချပြသတဲ့ ဆိုင်တွေလည်း ရှိတယ်။ ဒီပြပွဲက အမှတ်တရ မှတ်တမ်း ဓာတ်ပုံတွေကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြလိုက်ပါ။


ကျွဲကူးရေပါဆိုသလို ထိုင်းကမ္ဘာလှည့် ခရီးသွားတွေကိုလည်း ဆွဲဆောင်ပြီးသား ဖြစ်နေတာ တွေ့ရပါတယ်။ ပန်းပွဲတော် နေ့ခင်း လှည့်လည်ပွဲမှာဆိုရင် ဖြူ၊ ညို၊ မဲ၊ ဝါ လူမျိုးစုံကို ကင်မရာတွေ၊ ဗီဒီယိုကင်မရာတွေ တကားကားနဲ့ အပြည့်တွေ့နေရလို့ပါပဲ။
(ဓာတ်ပုံ - ကိုစိုး)
ပန်းတွေနဲ့ ဖန်တီးထားတဲ့ အနုစိတ်လက်ရာ
ချင်းမိုင်မှာရှိတဲ့ မင်းသုံးပါး ကြေးရုပ်ထုကို ပန်းနဲ့ ပြုလုပ်ထားတာပါ။ မှုန်မှုန်မွှားမွှား ပန်းကလေးတွေနဲ့ သေသေချာချာ လုပ်ထားတာကို အနီးကပ်ကြည့်ရင် မြင်ရမှာပါ။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved