ဇင်းမယ်ရောက် လားရှိုးသူရဲ့ အောင်မြင်မှု

Wednesday, July 4, 2012

~




ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ကျုံးမြောက်ဘက် ညဈေးစားသောက်တန်းမှာ ရောင်းအားအကောင်းဆုံးဆိုင်ကိုပြပါ ဆိုရင် ခေါက်ခါမူ/ข้าวขาหมู လို့ ခေါ်တဲ့ ၀က်သားထမင်းဆိုင်ကို ပြရမှာပါ။
တခြားဆိုင်များထက် ထူးနေတာကတော့ ဆိုင်ရှင်က ကောင်းဘွိုင်ဦးထုပ် ဆောင်းထားတာပါပဲ။ ဆိုင်ဆိုင်းဘုတ်မှာလည်း သူ့ပုံ ကပ်ထားပါတယ်။ ဒီဦးထုပ် ဆောင်းထားတာကိုက ဆွဲဆောင်မှုတခု၊ အမှတ်အသားတခု ဖြစ်နေတာပေါ့။
သူ့နည်းတူ ခေါက်ခါမူရောင်းတဲ့ ဘေးဆိုင်ထက် အဆမတန် အရောင်းသွက်သလို တခြား အစားအစာမျိုးစုံရောင်းတဲ့ဆိုင်များထက်လည်း အရောင်းသွက်ပါတယ်။
ဒီလို အရောင်းသွက်ရတာ ချင်းမိုင်သူ ချင်းမိုင်သားများ ၀က်သား ကြိုက်ကြလို့လား။ ဒီလိုတော့လည်း မဟုတ်ပါဘူး၊ ဒီကလူတွေက အစုံစား အစုံကြိုက်ကြသူတွေပါ။
လိုရင်း ဆက်ရရင် ကောင်းဘွိုင်ဦးထုပ် ဆောင်းပြီး ဈေးရောင်းတဲ့ အမျိုးသမီးက မြန်မာပြည်က ဆိုပဲ။
ဟုတ်မဟုတ် သိဖို့ သူ့ကို မြန်မာလို မေးကြည့်၊ စကားပြောကြည့်တော့ ဟုတ်နေတာ တွေ့ရပါတယ်။
လားရှိုးမြို့က လာတာပါ တဲ့။ နာမည်က မမာမာဝင်း လို့ ဆိုပါတယ်။
ဇင်းမယ်လို့လည်း ခေါ်ကြတဲ့ ချင်းမိုင်မြို့ကို မမာမာဝင်း ရောက်နေတာ ၁၀ နှစ် ၀န်းကျင် ရှိပါပြီ တဲ့။

သူ့ကို ကျနော်လိပ်စာကတ်ပေး၊ မိတ်ဆက်ပြီး ဧရာဝတီ ဘလော့မှာ ဒီဆိုင်အကြောင်း ရေးချင်တယ် ခွင့်ပြုမလား ဆိုတော့ ရပါတယ်လို့ သူက ဆိုပါတယ်။
ရုပ်မြင်သံကြားတွေ မဂ္ဂဇင်းတွေက သူ့ဆိုင်ကို လာကြ ဗျူးကြ ရိုက်ကြတာ ထုံးစံပါပဲ တဲ့။ ဒါ သိပ်မကြာသေးခင်က သူပြောပြတာတွေပါ။

ရုပ်သံရိုက် ဓာတ်ပုံရိုက်မယ် ဆိုရင် ည ၇း၀၀ နာရီဝန်းကျင်က အကောင်းဆုံးပဲလို့ သူက ဆိုပါတယ်။ လူအများဆုံးအချိန်ပါပဲ တဲ့။ ဒီလိုမြင်ကွင်းမျိုးရိုက်ကူးနိုင်မှ ဒီဆိုင်က အင်မတန် ရောင်းကောင်းပါလားဆိုတာ ပရိသတ်က ယုံမှာပေါ့ လို့ သူက အကြံပေးပါတယ်။
လူများတဲ့အချိန်သွားရင်တော့ သူ့ကို ဗျူးရခက်တော့မှာပေါ့။

မနေ့က သူ့ဆိုင်ရှေ့ဖြတ်သွားတော့ ကောင်းဘွိုင်မမကို ထူးထူးခြားခြား တွေ့ရပါတယ်။ ပုံမှာ မြင်ကြတဲ့အတိုင်း ကရင် အင်္ကျီနဲ့ပါ။ ဒီပုံက ဓာတ်ပုံရိုက်ရင် အင်မတန်လန်းမယ့် ဒီဇိုင်းပေါ့။ လူကလည်း နဂိုရှိပြီးသား မဟုတ်လား။

လားရှိုးသူက တဘက်က ဓားကိုင်၊ တဘက်က ဇွန်းကိုင်ပြီး အသားတွေကို ယူပါတယ်



ညှပ် မသုံးပါဘူး

လုပ်သက်ရင့်၊ ကျွမ်းကျင်နေပြီမို့ ဒီဓား ဒီဇွန်းကြီးနဲ့ပဲ အရိုးတွေ ဖယ်ထုတ်ပါပြီ။

ခပ်သွက်သွက်လှုပ်ရှားမှုက ကြည့်ကောင်းလို့ ထင်ပါရဲ့ - တချို့က ရပ်ကြည့်ကြပါတယ်



ဆိုင်အကူတွေက သူ့ဘေး ၀ိုင်းနေတာပါ။
သူတို့ကိုလည်း မြန်မာလို မေးမြန်း ပြောဆိုနိုင်ပါတယ်။


ဘေးကတယောက် ချပေးတဲ့ ထမင်းဘူး/ပန်းကန်တွေထဲ အသားတွေ ဟောသလို ပုံပါပြီ



တယောက်က ကြက်ဥပြုတ်ကိုထည့်



တယောက်က မုန်ညှင်းချဉ် ထည့်ပါတယ် (သိပ် မချဉ်ပါ)


ထမင်းပေါ်မှာ ဟင်းပုံပြီး မှာစားနိုင်သလို အခုလို ထမင်းနဲ့ဟင်း သီးသန့်စီ မှာစားနိုင်ပါတယ်။
ပလပ်စတစ်ခြင်းထဲမတော့ ကြက်သွန်ဖြူ ငရုပ်သီးတောင့် ရှိပါတယ်။
အဲ .. အရေးကြီးတာက ပုံထဲ မပါပါဘူး။ အဲဒါကတော့ ရှာလကာရည်ပေါ့။ ရှာလကာရည်မထည့်ရင် အင်မတန် အီပါလိမ့်မယ်။


လက်မလည်အောင် ရောင်းရတဲ့ အကြောင်းရင်းက ကောင်းဘွိုင်ဦးထုပ်ဆောင်းထားတာကြောင့်များလား။
နိုး - မဟုတ်ဘူး။

ဟင်းကို ပိုပိုသာသာ ထည့်ပေးတာကြောင့် ဖြစ်မယ်လို့ အမှန်တကယ်စားသုံးသူတယောက်က သုံးသပ်ပါတယ်။
တချို့ဆိုင်တွေက ဟင်းကို ခပ်ပါးပါးလေးပဲ ထည့်တတ်ကြတာ မြင်ဖူးမှာပါ တဲ့။

ကျန်းမာရေးနဲ့ သိပ်မညီညွတ်တဲ့အသားဖြစ်လို့ နေ့တိုင်းတော့ စားကြမယ် မဟုတ်ပါ။


ဒါပေမယ့် သူ့ဆိုင်ကတော့ နေ့တိုင်း လူအုံ လူပြည့်နေပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာပြည်သားအများအပြား နေထိုင် လုပ်ကိုင်ကြတာ အများကြီးပါ။
အဲဒီထဲကမှ ကောင်းဘွိုင်ဦးထုပ်နဲ့ လားရှိုးသူရဲ့ အောင်မြင်မှုအကြောင်း လက်တို့ ရေးသားလိုက်ပါတယ်။

~

3 comments :

  1. Anonymous said... :

    အိမ်း ... ကိုယ် အဲဂလောက်ညံ့တာ ဒီပို့စ်ဖတ်မှပဲ ပိုသိတော့တယ်၊ အဲဆိုင်မှာ ခဏခဏ ဝယ်စားနေကျ၊ ထိုင်းစကားကို မပီ့တပီနဲ့ မှာမှာစားနေတာ ကြာလှပေါ့၊ မပီကလာ ပီကလာနဲ့ မှာလိုက်တိုင်း အဲဒီ ကောင်းဘွိုင်မမကြီးက ပြုံးစိပြုံးစိ လုပ်တာ အခုမှပဲ သတိထားမိတော့တယ် ... :)

  1. Anonymous said... :

    အဲဂလောက်တော့ရှိမှာပေါ့ဗျာ။ ကျွန်တော်ဆို ထိုင်းမှာ ၁၃ နှစ်ရှိဘီ၊ အဲဒီကောင်းဘွိုင်မမကြီးလောက်တောင် ပြုံးစိပြုံးစိ မလုပ်နိုင်ဘူး။ သူက ပြုံးစိပြုံးစိနဲ့ ရောင်းနိုင်တယ်ဆိုရင်မဆိုးပါဘူး :) မပြုံးနိုင်တဲ့သူတွေလည်းရှိပါသေးတယ်။

  1. Anonymous said... :

    တရုတ်က မန္တလေးကိုသိမ်း တို့ မြန်မာတွေက ချင်းမိုင်နဲ့ မဲဆောက်ကို သွားသိမ်း.....အင်းဟုတ်တော့ဟုတ်နေပါပြီး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved