ကျုပ်ငယ်ငယ်က ခင်ဗျားတို့လိုပေါ့ဗျာ.... ဘာသာရှိတစ်ယောက်ပေါ့။ မိဘတွေက အဲလောက် မဟုတ်ပေမယ့် ပတ်ဝန်းကျင်က လူကြီးတွေရဲ့ သင်ကြားမှုအောက်မှာ သူများတန်းတူ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်လာ ခဲ့တာပေါ့။ ဒါတောင်မှဗျာ သူများ အတင်းခိုင်းတာနဲ့ ဗုဒ္ဓဘာသာတောင်မှ ထေရဝါဒ ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ရ ပါသေးတယ်။ ဟောဟိုက ရုပ်တုတော်တွေ၊ ပုံတော်တွေနဲ့ ဂေါတမ ဗုဒ္ဓကို အလုံးစုံ ယုံကြည် ဆည်းကပ်ရာ ဘုရား အဖြစ် သတ်မှတ်ခဲ့ရတယ်။
တပြိုင်တည်းမှာပေါ့လေ။ ကလေးတုန်းက အဖေ့ ဗိုက်ပေါ်မှောက်အိပ်ပြီး "ဖေကြီး ကမ္ဘာကြီးက နေကို ဘယ်လို လည်တာလဲဟင်" ရယ်လို့ မေးခဲ့ဖူးတာကိုး။ ကမ္ဘာကြီးက လုံးနေတဲ့အကြောင်း၊ နေကို ကမ္ဘာက ပတ်တဲ့ အကြောင်း၊ ကမ္ဘာကို လက ပတ်တဲ့အကြောင်း သိလာခဲ့တယ်။ ဒါက ကျနော့်စိတ်ထဲမှာ ကမ္ဘာလောကကြီး အလုပ်လုပ်ပုံအကြောင်းကို သိချင်စိတ် စတင်ဖြစ်လာရတဲ့ အကြောင်းခံပါပဲ။
နောက် ကျောင်းတက်တဲ့ အရွယ်ရောက်တော့ မြင်းမိုရ်တောင် အယူအဆနဲ့ ကြုံတွေ့ရတယ်။ အဲ့တုန်းက လွယ်လွယ်နဲ့ လက်ခံခဲ့တာပါ။ သိပ်လည်း မစဉ်းစားမိခဲ့ပါဘူး။ ဒါပေမယ့် ကမ္ဘာလုံးတာဟာ ဘယ်လို သက်သေပြလို့ရတယ်။ မြင်းမိုရ်တောင် အယူအဆက သက်သေပြလို့မရဘူး ဆိုတာကို သိလာတဲ့အချိန်မှာ ဘာလို့ မဟုတ်တာတွေ သင်နေရတာလဲ မေးခွန်းထုတ်မိလာတယ်။
တစ်ဦးတည်းသော သားလည်းဖြစ်တာကြောင့် အိမ်မှာ အရမ်း အလိုလိုက်ခံရတယ်။ ကျောင်းလို အများနဲ့ ဆက်ဆံရတဲ့ ပတ်ဝန်းကျင်မှာ ကျဉ်းကျပ်သလို ခံစားရတယ်။ State School ဆိုတော့ နေ့တိုင်း ဘုရားရှိခိုး ရတယ်။ နိုင်ငံတော် သီချင်းဆိုရတယ်။ မဆိုချင် မရှိခိုးချင်လို့ မရဘူး။ ဒီလိုနဲ့ လိမ္မာခြင်းဟာ အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုခြင်း ခံရတယ်ဆိုတာကို သိလာတဲ့အလျောက် လိမ္မာတဲ့ ကလေးတစ်ယောက် အဖြစ်ပဲ နေထိုင်ခဲ့တာပါ။
လိမ္မာပေမယ့် ကျောင်းမှာ စာတော်တော်ညံ့တာပါ။ လူ ၇ဝ ၈ဝ ရှိရင် အဆင့်က အမြဲတမ်း ၆ဝအောက်မှာပေါ့။ သချာင်္အထူးသဖြင့် ညံ့တာပေါ့။ ၁ဝတန်းဖြေတုန်းကတောင် စာမေးပွဲဖြေချိန် နာရီဝက်ပဲ ကျန်တဲ့အထိ ဂုဏ်ထူးမှတ် မကျော်နိုင်သေးဘူး။ ကျော်တော့လည်း ၃မှတ်ပဲ ကျော်ခဲ့တာပါ။ ဟောဗျာ ဘာတွေပြောနေမှန်း သိပါဘူး.. ထားပါတော့...
မိဘတွေက ကလေး သိပ္ပံ ဗဟုသုတ တိုးမယ့် စာအုပ်တွေ ဖြည့်ဆည်းပေးတော့ ကျနော့် သိချင်စိတ်တွေကို အတော်အတန် ဖြေသိမ့်ပေးနိုင်ခဲ့တယ်။ တစ်ခုရှိတာ ကျနော် ဘာသာရေး စာအုပ်ဆိုလို့ ဗုဒ္ဓဝင်လောက်က လွဲရင် ကျန်တာ မဖတ်ဖြစ်ခဲ့တာပဲ။ ဖတ်ဖို့ စိတ်လည်း မဝင်စားခဲ့ပါဘူး။
ဘာသာရေး ပြယုဂ်တွေနဲ့ ကျောင်းက တင်းကျပ်တဲ့ စည်းကမ်းချက်တွေ မျက်နှာ ဆူပုပ်ပုပ်နဲ့ ပညာရေးဝန်ထမ်း တွေကို မြင်လာပြီး ဖတ်ချင်စိတ် ပျောက်ပျောက်သွားတာကိုး။ သိပ်အလိုလိုက် မခံခဲ့ရရင်တော့ ဒီ pressure တွေကို သည်းခံနိုင်လာပြီး ဘာသာရေး စာပေတွေလည်း လက်ခံတတ်လာမှာပေါ့လေ။ တစ်ဦးတည်းသော သား မဟုတ်ခဲ့ရင်လည်း လူအများနဲ့ ပိုဆက်ဆံတတ်ပြီး လူမှုဆက်ဆံရေး ပိုတွင်ကျယ်စေမယ့် ဘာသာရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့မှာပေါ့လေ။
နောက် အတန်းကြီးလာတော့ မကြိုက်ရုံတင်မကတော့ဘူး။ ကျောင်းရဲ့ authoritarian ဆန်မှုကို ဆန့်ကျင် လာတယ်။ မုန်းလာတယ်။ ဆရာက ပြောရင် ကျောင်းသားက ပြန်ချေပခွင့်မရှိဘူး။
လူကြီးစကားပြောရင် ပြန်မပြောရဘူး ဆိုတဲ့ အယူအဆကို လက်မခံနိုင်ခဲ့ဘူး။ အိမ်မှာဆို ပြန်ချေပခွင့်ရတာကိုး။ ခုလည်း ဖေကြီးနဲ့ ကြုံတိုင်း ငြင်းခုန်တတ်တုန်းပဲလေ ၇တန်းရောက်တော့ ၃လမ်းကျော်က ကျူရှင်မှာ တက်ရတယ်ဗျ။ အဲ့တုန်းက စတယ် ပြောရမလားပဲ။ ကျနော် အင်္ဂလိပ်စာ အရင်ကထက် ပို တိုးတက် လာခဲ့တယ်။ ၈တန်းလောက်မှာ ကလေး အင်္ဂလိပ်စာလော်ကတော့ ဖတ်နိုင်နေပြီ။ ၁ဝတန်းလောက်မှာတော့ လူကြီးအတွက် ရည်ရွယ် ရေးထားတဲ့ အင်္ဂလိပ်စာမျိုးကို ဖတ်နိုင်လာခဲ့ပြီ။ အကျိုးထူးတာက internet access ရရင် ဘယ် knowledge မဆို ရယူဖို့ အရင်ကထက် လွယ်လာတာပဲ။
၉တန်းလောက်တုန်းကတည်းက protein synthesis တို့ DNA structure တို့ကို တီးမိခေါက်မိရှိခဲ့တယ်။ ၁ဝတန်းတုန်းကတော့ ကိုယ့်စာနဲ့ကိုယ် မနိုင်လို့ မလုပ်ဖြစ်ခဲ့ဘူးပေါ့လေ။
၁ဝတန်းပြီးတော့မှ ပြန်လေ့လာဖြစ်တာပေါ့။ 2nd MB ရောက်လာပြီဆိုတော့ Biochemistry ကျေးဇူးကြောင့် ဇီဝဖြစ်စဉ်တွေကို မော်လီကျူးအဆင့်အထိ အသေးစိတ် နားလည်စပြုလာခဲ့ပြီလေ။
အကုန်နားမလည်နိုင်ရင်တောင် ဒီအကြောင်းအရာရဲ့ အတိုင်းအထွာကို ခန့်မှန်းနိုင်လာခဲ့ပါပြီ။ ဒီတစ်လျှောက်မှာ ကျနော် သိလာခဲ့ရတာက ဘာသာရေးက ကျနော်သိချင်တာကို မပေးနိုင်ဘူး။ သိပ္ပံကသာ ကျနော့် မေးခွန်း တွေကို ဖြေပေးနိုင်တယ်။ ကျနော့်ကို ဆွဲဆောင်နိုင်တယ်။
ဘာသာရေးက မြင်းမိုရ်တောင် ရှိတယ်။ ၃၁ဘုံရှိတယ်။ ကံကံအကျိုးရှိတယ်။ နောက်ဘဝရှိတယ်။ ဘာမှ စောတက မတက်နဲ့။ အကုန်လက်ခံလိုက်ဆိုတာမျိုး။ အရမ်း စူးစမ်းချင်တဲ့ ကလေးတစ်ယောက်ကို မချိုးနှိမ်ပစ်ပဲ လွတ်လပ်စွာ လေ့လာခွင့်ပေးတဲ့ မိဘမျိုးအောက်မှာ ကြီးလာခဲ့လို့ အကုန်လည်း လက်မခံနိုင်ဘူး။ တစ်စိတ်တစ်ပိုင်းလည်း လက်မခံနိုင်ဘူး။
ဘာသာရေးကို လစ်လျူရှုမိတယ်။ တစ်သက်နဲ့တစ်ကိုယ် ကိုရင်လည်း မဝတ်ခဲ့ဘူး။ အဖေကလည်း သားသဘောကျပဲ။ ဝတ်လိုရင်တော့ အဖေတို့က ဝတ်ပေးမယ်ဆိုတော့ ကိုယ်ကလည်း မဝတ်ချင်တော့ မဝတ်ခဲ့ပါဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုပေမယ့် ဘာသာရေးနဲ့ ကင်းရှင်းစွာပဲ နေထိုင်ခဲ့တယ်။ ကျနော် ဘာသာမဲ့မယ်ဆို ၁ဝတန်း အပြီးလောက်မှာ မဲ့ဖြစ်မှာပေါ့လေ။
ဒါပေမယ့် ကျောင်းက pressure တွေကို မခံမရပ်နိုင်လွန်းတဲ့ တွန်းအားက ကျနော့်ကို ၉တန်းတည်းက ဆုံးဖြတ်ချက် ချဖြစ်စေခဲ့တယ်။ ၉တန်း ကျောင်းစ တက်ပြီး တစ်ပတ်လောက်ကစလို့ ကဲ ကိုယ့်ကိုကိုယ် ဘာသာမဲ့လို့ ခံယူမယ်လို့ ဆုံးဖြတ်မိတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ဖို့ သရဏဂုံတင်ရတယ်ဆိုတော့ ကိုယ်လည်း ထွက်ရင် မှတ်မှတ်ရရ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်မိတယ်။ အလွယ်ဆုံး ထွက်လာတဲ့ အကြံက ရှင်းပါတယ်။
၅နှစ်သားတည်းက ကျောင်းရောက်ရင် ဘုရားရှိခိုးရမယ်ဆိုတဲ့ အမိန့်ကို စတင် ပုန်ကန်လိုက်ခြင်းပဲ။ မှတ်မိသလောက် ၂ဝဝ၈ခုနှစ် june လ ၁၄ရက်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။ မနက်ဖက် ဘုရားရှိခိုးချိန် သူများ ရှိခိုးသလို မရှိခိုးတော့ဘူး။ ကလေးပါဗျာ အဲ့တုန်းက။ သူများ ရှိခိုးတုန်း ကိုယ် မရှိခိုးရတော့ စိတ်ထဲ ရွစိရွစိနဲ့ တော်တော်ပျော်တာဗျ။ လွတ်လပ်သွား သလိုခံစားရတယ်။ နှစ်ရှည်လများ ထောင်ကျခံနေရတာကနေ အပြင်ကို လွတ်လာသလိုပါပဲ။
၉တန်းနှစ် တစ်လျှောက်လုံး ဘာသာမဲ့တစ်ယောက်အဖြစ် လူ့အဖွဲ့အစည်းထဲ ရပ်တည်နိုင်ရေးကို မနည်း ရုန်းကန်ခဲ့ရတယ်။ အဲ့တုန်းကတော့ Anti-Religionist ဘာသာရေး ဆန့်ကျင်တိုက်ခိုက်သူ တစ်ယောက် ဖြစ်ခဲ့တာ အမှန်ပဲ။ တကယ်ကို ပွင့်လင်းစွာ တိုက်ခိုက်ခဲ့တာပါ။ ဘာသာရေးဆို မျိုးပြုတ်အောင် ဖြိုဖျက် ချင်ခဲ့တာ။
၉တန်းတုန်းက အဦးဆုံး အချစ်နဲ့ ကြုံဆုံရတော့လည်း ဂျစ်ကန်ကန် မိန်းကလေးမျိုးကိုပဲ သဘောကျမိတာဗျ။ လိမ္မာတဲ့ ယဉ်ကျေးမှု အလွန် ထိန်းသိမ်းချင်တဲ့ မိန်းကလေးမျိုး မကြိုက်ဘူး။ ယဉ်ကျေးမှု ထိန်းသိမ်းရေး ဆိုတာကြီး ကြားရရင် ကျောင်းမှာ ကျနော့်ကို ဝိုင်းကျပ်ကြတဲ့ စိတ်ဖိစီးမှု နဲ့ စိတ်ဒဏ်ရာ တွေက ကျနော့်ကို အမြဲခြောက်လှန့်တယ်လေ။ ခုလည်း စော်တို့ ဘဲတို့ ခေါ်တာ မကြိုက်ပါဘူးဆိုတဲ့ မိန်းကလေးမျိုးကို သိပ်စကားမပြောချင်ဘူး။ စော်=ကောင်မလေး၊ ဘဲ=ကောင်လေး။ အဓိပ္ပာယ်ပေါက်ရင် ပြီးတာပဲ။ ဘာရစ်တာတုန်း ;P ။ ရစ်ရင် စကားမပြောဘူး ဒါပဲလေ။ ဟီး.... ကျနော့်အကျင့်က အဲလို.... :D
တစ်ရက်တော့ ကျောင်းမှာ ဆရာမက သားက ဘာ ဘာသာမို့လို့ ဘုရား မရှိခိုးတာလဲတဲ့။ "ကျနော်က ဘာသာမဲ့ပါဗျ။" ဆိုတော့ သူနားကြားလွဲတယ်ထင်လို့ နှစ်ခေါက် သုံးခေါက်ပြန်မေးတယ်။ နောက်တော့ ကျနော့်ကို အနားခေါ်မေးတယ်လေ။ ဘာသာမဲ့ဆိုတော့ အံ့သြနေတယ်။ လိမ္မာလိုက်တဲ့ ကလေးက ဘာသာမဲ့ဖြစ်ရလားဆိုတာ သူ အံ့သြနေတာ။
D ခန်းဆိုတော့ အားလုံးနဲ့ ယှဉ်ရင် ကျနော်က တော်တော် လိမ္မာသေးတာဗျ။ ငယ်ငယ်က အငုံ့စိတ်ဖြစ်ခဲ့တဲ့ အရှိန်ကလည်း ကျန်နေဆဲကိုး။ အခုထိလည်း အနည်းငယ်တော့ ကျန်ရစ်ဆဲပါ။ ဒီနေ့ BC seminar ဆိုရင် မေးခွန်းရှိပေမယ့် ထ မမေးရဲသေးဘူး။ လူအများကြီးရှေ့မှာ စကားပြောရမှာ ကြောက်နေသေး တယ် ကြောက်စရာ မလိုမှန်းလည်း သိပေမယ့် ကြောက်နေတုန်းပါပဲ။
ထားပါတော့...... ဆရာမက ကျနော့်ကို မွတ်ဆလင်တွေက သူတို့ ဘာသာကို အတင်းဝင်ခိုင်းတာလား ဆိုပြီး မေးရှာသေးတယ် :D မဟုတ်ပါဘူးလို့ အတန်တန်ပြောရတယ်။ သူက ထုံးစံအတိုင်းပေါ့ဗျာ.... typical Buddhist တစ်ယောက်ပါပဲ။ ဘာသာရေး အဆုံးအမတွေ ကျနော့်ကို လာပြောနေတယ်။ ကျနော်လည်း နားမဝင်ဘူး။ ခေါင်းထဲရှိတာကတော့ ဗုဒ္ဓက ဒိုင်နိုဆော ရှိတဲ့အကြောင်း မပြောသွားတာကို တော်တော် စိတ်ခုနေတာ (ကလေးကိုး :D)။ ဆရာမကို ပြန်ပက်လိုက်ချင်သေးတာ။ ဗုဒ္ဓက ဒိုင်နိုဆောအကြောင်း မပြောသွားဘူးလို့။ :D
သူက တစ်ပတ်အတွင်း စိတ်ကြိုက်ဘာသာတစ်ခုခု ပြန်ဝင်တဲ့။ အစၥလာမ္ဘာသာက လြဲရင္တဲ့။ တီချယ်ကလည်း တစ်မျိုးကြီးပါလား။ စိတ်ကြိုက်လည်း ပြောသေးတယ်။ ကန့်သတ်ချက်ကလည်း ပါသေးတယ်။ အင်းဗျာ.... စေတနာရှိသလောက် ၅ဝဝ အနည်းဆုံး ဆိုတာမျိုးနေမှာပေါ့ရယ်လို့ နားလည်ပေးရတာပေါ့။
ဆရာမက ကျောင်းသားစာရင်းမှာ ကျော်စွာလင်းရဲ့ ဘာသာ နေရာကို ဖျက်ပစ်မယ်လို့ correction pen နဲ့ ကျနော့်ကို လာခေါ်ပြတယ်ဗျ။ ကျနော်ကလည်း ခေါင်းမာမာပဲ။ ဟင့်အင်းပဲ။ သူကလည်း ဖျက်ပစ်တာပါပဲ။ ဘာသာ: ဗုဒ္ဓဘာသာ ဆိုတာကိုလေ။ နောက်တော့ ကျောင်းမှာ ကျနော့် သတင်းပြန့်သွားတယ်ဗျ။ ဘာသာမဲ့ ကွန်မြူနစ်ဆိုပဲ။ ဂိန်ကနဲပဲ။ ငါပြောတုန်းက ဘာသာမဲ့ပါပဲ။ ဘယ်နှယ့် ကွန်မြူနစ်က အဆစ်ပါလာတာလဲ။ တတ်နိုင်ဘူးလေ။ စကားဆိုတော့ စပြီးရင် ကားတာပဲမလား။ ကွန်မြူနစ်ဆိုပြီး အလေးပြုပြီး နောက်တဲ့ သူငယ်ချင်းတွေက ရှိသေးတယ်။
၁ဝတန်းအပြီးမှာတော့ ဘာသာမဲ့တစ်ယောက် အနေနဲ့ ဘဝမှာ ဘယ်လို ရပ်တည်မလဲ။ ကိုယ်ဟာ သိချင်စိတ်တစ်ခုတည်းနဲ့ ဘဝမှာ ရပ်တည်ဖို့ မရဘူး။ ပြီးတော့ ဘာသာရေး အဆုံးအမ ကင်းလွတ်တဲ့အခါ၊ ကံကံအကျိုးကို လက်မခံတဲ့အတွက် ငါးပါးသီလလည်း စောင့်ထိန်းမှာ မဟုတ်ဘူး။ ဘုရားရှိဝါဒီ မဟုတ်လို့ Ten Commandments လည်းလိုက်နာမှာ မဟုတ်ဘူး ဆိုတော့ ကိုယ့်အနေနဲ့ စာရိတ္တ တန်ဖိုးကို ကိုယ်တိုင် သတ်မှတ်ဖို့လိုလာတယ်။
စောစောပိုင်းကတော့ တစ်ကိုယ်ကောင်း ဝါဒီဖြစ်ခဲ့တာပေါ့လေ။ ဒဿန နဲ့ ရင်းနှီးခွင့်ရလာတော့ လူ့ဘောင် ကိုလည်း မထိခိုက်စေမယ့် အကျိုးဖြစ်ထွန်းစေမယ့် ကိုယ့်အကျိုးလည်း မဆုံးရှုံးစေမယ့် အလယ်အလတ်ကျတဲ့ စာရိတ္တမျိုးကိုပဲ ရှာဖွေခဲ့တယ်။ ဆင်ခြင်ဥာဏ်နဲ့ ပညာကို အားကိုးမယ့် စာရိတ္တမျိုးပေါ့။ ဖြစ်လာမယ့် တုန့်ပြန်မှု တွေကိုတော့ ကိုယ်တိုင် တာဝန်ယူပေါ့။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က Richard Dawkins ရဲ့ Meme အယူအဆကို လေ့လာမိတဲ့အခါမှာ စနစ်တွေရဲ့ passive ဖြစ်တဲ့သဘောကို ပိုမြင်သာလာတယ်။ သက်ရှိဇီဝစနစ်တွေဟာ သဘာဝအလျောက် အလိုလို ဆင့်ကဲပေါ်ပေါက်နိုင်တယ် ဆိုတာဟာ ရည်ရွယ်ချက် ရှိတဲ့ စနစ်တွေဟာ အလိုလို ဖြစ်လာနိုင် တယ်ဆိုတာ ကို ပြနေတာပဲ။
ကျောင်းတွေမှာ နေ့တိုင်း ဘုရားရှိခိုးရတာ၊ နေ့တိုင်း နိုင်ငံတော် သီချင်း ဆိုရတာဟာ ဒီဒေသခံ လူတစ်စုရဲ့ ရပိုင်ခွင့် တည်မြဲရေးအတွက် စစ်တပ် တစ်ခုသဖွယ် အမျိုးဘာသာ သာသနာ ဆိုတဲ့ အစည်းသုံးစည်းနဲ့ မြဲမြံစွာ စည်းထားရတဲ့ စနစ်တစ်ခုကို မြင်လာတယ်။ ဘယ်သူက ဦးစီးပြီး ဒီ အကျဉ်းထောင်ကို ဖန်တီးခဲ့လဲ။ ဘယ်သူမှ မဖန်တီးခဲ့ပါ။ စနစ်ဟာ အလိုလိုဖြစ်လာတာပါပဲ။ ဘာသာ၊ သာသနာ တည်မြဲဖို့ နေ့တိုင် ဘုရားရှိခိုးခိုင်းတယ်။
အမျိုးတည်မြဲဖို့ နေ့တိုင်း နိုင်ငံတော်သီချင်း ဆိုရတယ်။ တဖြည်းဖြည်း ကျနော် ရှုမြင်လာတာက လူသားတွေဟာ အလိုလို ပေါ်ပေါက်လာတဲ့ စနစ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ စက်ရုပ်တွေအလား ငယ်စဉ်ကလေးဘဝ တည်းက လေ့ကျင့်သင်ကြားခံရတယ်။ ဦးနှောက် အရောင်ဆိုးခံလာရတယ်ဆိုတာပဲ။
ရလဒ်ကတော့ မိမိရဲ့ မွေးလာစဉ်မှာ ရှိနေတဲ့ သဘာဝ စိတ်အခြေအနေကို ပြန်မရနိုင်တာပဲ။ ကျနော်တို့ဟာ အစွန်းကို ချွတ်ဖို့ ကြိုးစားပေမယ့် သဘာဝ ဘာသာမဲ့ (Untheist) တော့ ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူး။ ဘာသာရေးကို ကြုံတွေ့ပြီး ပြန်ရုန်းထွက်လာတဲ့ Atheist တွေဖြစ်သွားလို့ပါ။ အတတ်နိုင်ဆုံး အစွဲကင်းတဲ့ သဘာဝ အခြေအနေတစ်ရပ်ကို ပြန်သွားဖို့ freethinking နဲ့ ဆင်ခြင်ဥာဏ်ကို အားကိုးရမယ်လို့ မြင်လာခဲ့ ပါတယ်။
ဘာသာရေး ငြင်းခုန်မှုများစွာ လုပ်ပြီးတဲ့ ခုအချိန်မျိုးမှာတော့ ဘာသာရှိခြင်းတွေ၊ ဘာသာမဲ့ခြင်းတွေက အရေးမကြီးလှတော့ပါဘူး။ ကမ္ဘာ့ အရပ်ဒေသကွဲတဲ့အလျောက် ပတ်ဝန်းကျင်အခြေအနေ ကွဲပြားပြီး ဒီ ကွဲပြားတဲ့ ပတ်ဝန်းကျင်အလျောက် ကွဲပြားတဲ့ ဓလေ့ထုံးစံ ယုံကြည်မှု အမျိုးမျိုး (သဘာဝက ပုံသွင်းတဲ့ ဓလေ့ယုံကြည်မှုမျိုး) ကိုတွေ့လာရတဲ့အခါ လူတစ်ယောက်ချင်းစီရဲ့ သူများကို မထိခိုက်စေမယ့် မိမိရဲ့ လုပ်ပိုင်ခွင့်ကို အတတ်နိုင်ဆုံး ကာကွယ်ခွင့်ကိုပဲ အာရုံစိုက်မိပါတယ်။
ဂေါတမတို့၊ ယေရှုတို့ဟာလည်း ကျနော့်အတွက် ဆော့ခရေးတီးတို့၊ နစ်ရှေးတို့လို ဒဿနပညာရှင်တွေလိုမျိုး ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအဖြစ်ပဲ သဘောထားပါတယ်။ လောကဝိဒူ မြတ်စွာဘုရားတို့၊ ဘုရား သားတော် တို့ရယ်လို့တော့ ဘာသာဝင်တွေ မှတ်ယူသလို မမှတ်ယူဘူးပေါ့။ ကိုယ်ထင်တဲ့အတိုင်း ဗုဒ္ဓက ဟိုလိုပြောတယ် ဒီလိုပြောတယ် ဆိုပြီးတော့လည်း ထေရဝါဒ အစည်းအရုံးကို ခဲနဲ့ မထုချင်ပါဘူး။ ကိုယ် မှတ်ယူချင်သလို မှတ်ယူပါတယ်။ မိုးပြာနဲ့ တူတူ တရားသွား ဆွေးနွေးနေရရင် ဘယ်နှယ့် လုပ်မတုန်း။
ဗုဒ္ဓဟာ နောက်ဘဝတွေ၊ ကံကံအကျိုးနိယာမတွေ၊ မြင်းမိုရ်တောင်တွေထက် လောက ဒုက္ခကို အခြေခံသဘော အတိုင်း ခံယူရှုမြင်တတ်ဖို့ စိတ်ကျင့်စဉ် တစ်ခု ချမှတ်သူ တစ်ဦးအနေနဲ့ပဲ လက်ခံထားသလို၊ ယေရှုဟာလည်း ဂျူးဘာသာရဲ့ အစွန်းရောက်မှုတွေကို ပယ်ရှားတဲ့ ပြန်လည် ပြုပြင်ရေးသမား တစ်ဦးလို့ လက်ခံထားပါတယ်။
မိုဟာမက်ဟာလည်း Barbaric ဖြစ်လွန်းတဲ့ အာရပ်တွေကို ဂျူးဘာသာရဲ့ တစ်ဆူတည်းသော ဘုရားအယူ အဆကို အစ္စလာမ် ဘာသာ အနေနဲ့ ပြန်လည် သွတ်သွင်းပြီး အာရပ်လူမျိုး ခေါင်းဆောင် တစ်ယောက်အနေနဲ့ အာရပ်နိုင်ငံတစ်ခု ထူထောင်ပေးသူ နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ မြင်ပါတယ်။
ဘိုင်ဘယ်ဟာ Book of Salvation မဟုတ်ပေမယ့် Hebrew narrative က ရေးထားတဲ့ သမိုင်း မှတ်တမ်း တစ်ခုအနေနဲ့ တန်ဖိုးထားပါတယ်။ Egypt သင်္ချိုင်းဂူတွေက အရုပ်စာတွေကနေ သူတို့ လူမျိုးတွေရဲ့ ဒဏ္ဍာရီတွေကို ဖတ်ရှုနိုင်သလို၊ ဘိုင်ဘယ်ဟာလည်း ဟီးဘရူးလူမျိုးတွေရဲ့ ဖန်ဆင်းမှု ဒဏ္ဍာရီ ကို လေ့လာနိုင်တဲ့ စာတစ်အုပ်ပေါ့။ Mythology လေ့လာသူတွေအတွက် အဖိုးတန် စာ တစ်အုပ်ပါ။
ခုလက်ရှိ ကျနော့်အနေနဲ့ မနှစ်မြို့တာက သူများရဲ့ တစ်ကိုယ်ရေ လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းပဲ။ မိမိဘုရားရဲ့ နာမတော်နဲ့ လူသတ်ခြင်း၊ လုယက်ခြင်း၊ အကြမ်းဖက်ခြင်းပဲ။ မိမိဘာသာရဲ့ နာမတော်နဲ့ ဘာသာခြား၊ ဘာသာမဲ့၊ ဘာသာလွတ်နဲ့ မိမိဘာသာမှ ဂိုဏ်းခွဲထွက်သူများကို ထောင်ချခြင်း၊ အဓမ္မဝါဒီ အဖြစ် စွပ်စွဲခြင်း၊ တရားဟောခွင့် ပိတ်ပင်ခြင်း၊ စာရေးသား ဖြန့်ဝေခွင့် ပိတ်ပင်ခြင်း၊ မိမိ ဘာသာကို ပါးစပ်ဖြင့် ထိပါးသူကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဘာသာရေးနဲ့ ညိနေတဲ့ အမှန်တရားကို ထုတ်ဖော်တဲ့အတွက် ထုတ်ဖော်သူကို ဒုက္ခပေးခြင်း စတဲ့ အပြုအမူတွေကိုတော့ ဆန့်ကျင်ဆဲပါပဲ။
သေချာတာ တစ်ခုက ကျနော်ဟာ အဖေ့ဗိုက်ပေါ် မှောက်အိပ်တဲ့ ကလေးဘဝတည်းက စိတ်ဝင်စားခဲ့တဲ့ လောကကြီး ဘယ်လို အလုပ်လုပ်နေလဲဆိုတဲ့ မေးခွန်းမှာ အဖြေလေးတွေ ရှာရင်း ကျေနပ်မွေ့လျော်မိစဉ်မှာ မိမိဘဝရဲ့ ရည်ရွယ်ချက်နဲ့ စာရိတ္တတန်ဖိုးတွေ အတွက် ဒဿနကို အားကိုးမှာဖြစ်ပါတယ်။
ဘာသာတရားတွေနဲ့ကတော့ အားလုံး peace ပါ :) ။ ဒါပေမယ့် အထက်က ပြောခဲ့တဲ့ အကြောင်းအရာမျိုးနဲ့ လာညိရင်တော့ အရင်က အကျင့်အတိုင်း ကက်ကက်လန်အောင် ပြန်ပြောပစ်ဦးမှာ ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။ :D ခုလို အခြေအနေမျိုးရောက်လာအောင်တော့ Trial and Error နည်းနဲ့ စမ်းတဝါးဝါး လှမ်းလျှောက်လာခဲ့ရတာပါပဲ။
ဟောလို ၁၈နှစ်ကျော်ကျော်ရှိမယ့် ကျနော့် ဘဝအကျဉ်းချုပ် (နည်းနည်းတော့ ရှည်သွားတယ်နော် :D) ကို ဖတ်ပေးလို့ ကျေးဇူးပါဗျ။
(ကျော်စွာလင်း ၏ Facebook ကိုလည်း သွားရောက်ကြည့်ရှု့နိုင်ပါတယ်)
credit အနေနဲ့ ဖေ့ဘုတ် လင့်ခ်လေး ထည့်ပေးပါလား။ ပြီးတော့ ဟိုပုံကြီးက demotivational poster ကြီးလေဗျ။ စာနဲ့ သိပ် မကိုက်ညီလှဘူးလေ။ ထည့်မယ်ဆိုရင် motivational poster လေးတင်ပေးပါ။ :D