ဘာသာရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေတာတွေကို သတိမူကြပါ

Sunday, August 5, 2012





အရှင်ရာဟုလာ (မစိုးရိမ်)



“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံ တရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။

အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေး စားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူးလိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

ဦးဇင်းတို့ မြန်မာနိုင်ငံကတော့ ဘာသာတရားတွေ အချင်းချင်း မတဲ့အောင်၊ တစ်ဖွဲ့နဲ့  တစ်ဖွဲ့  မတည့်အောင် ပုံစံ အမျိုးမျိုးနဲ့ မီးမွေးနေကြတာပါ။ အာဏာရှင်တွေဟာ သူတို့ နိုင်ငံရေးအကြပ်တည်းဖြစ်တိုင်း မူဆလင် ဘာသာဝင်တွေ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရန်တိုက်ပေးတာပါ။ ဒါကို ထွက်ပေါက် အနေနဲ့ အာဏာရှင်တွေက လက်နှက်တစ်ခုသဖွယ် အသုံးပြုတတ်ပါတယ်။ အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်း၊ ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ပိုဖန်တီးလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို အထူးဝိသေသပြုထားတာတောင်မှ နိုင်ငံတော်သံဃာ့မဟာနာယကလို အဖွဲ့မျိုးတွေဖွဲ့ပြီး သံဃာတော်အချင်းချင်း ဖိနှိပ်ချုပ်ချယ်ခိုင်းထားတာပါ၊ ယနေ့ သံဃာတွေ တိုင်းတပါးမှာ ထွက်ပြေးနေရတာတွေ၊ ထောင်တွေမှာ အကျဉ်းကျနေတာတွေ၊ ရဲဘက် အလုပ်စခန်းတွေမှာ အနှိက်စက်ခံနေရတာတွေ၊ အလုပ်ကြမ်းတွေ လုပ်နေရတာတွေ၊ စစ်ကြောရေးတွေမှာ လူမဆန်စွာ စနစ်တကျ နှိပ်စက်ခံနေတာတွေကို နိုင်ငံတော်သံဃာ့မဟာနာယကတွေ မသိဘဲ မရှိပါဘူး။ သိသိကြီးနဲ့  နှုတ်ငုံပိတ်နေတဲ့အပြင် အာဏာရှင်အလိုကျအောင်တောင် သံဃာတွေကို ဖိနှိပ်ချူပ်ချယ်နေတဲ့ သံဃာ့အာဏာရှင်အသွင်တောင် ပိုဖြစ်ပြနေပါတယ်။

အာဏာရူးအုပ်ချုပ်သူတွေရဲ့ အာဏာတည်မြဲရေးအတွက် ဖွဲ့ခဲ့တဲ့ မဟာသံဃာ့ အဖွဲ့စည်းကြီးဆိုတာ ဒီနေ့ သာမန်လူတွေတောင် နားလည်လာပါပြီ။ သံဃာထုရဲ့ ဘ၀တွေကို ဘာလုံခြုံမှုမှ မပေးနိုင်တော့ဘူးဆိုတာ လည်း သိလာပါပြီ။ နယ်က တောက အဖိုးအဖွားတွေအတွက် မြို့ပေါ်တတ် စာသင်နေတဲ့ ကိုယ့်ရဲ့ မြေး ကိုရင်၊ ဦးဇင်းတွေ အန္ဒရာယ်ဖြစ်မှာ စိတ်မချရတဲ့ အနေအထားမှာ ရောက်နေပါပြီ။

အာဏာရူးတွေ မတရားအုပ်ချူပ်လာနေတဲ့ကာလတစ်လျှောက် မြန်မာနိုင်ငံသမိုင်းမှာ အာဏာရှင် မဆလ န၀တ နအဖတွ အကွက်ဆင် ဖန်တီးခဲ့လို့  တရုတ် - ဗမာ အဓိကရုဏ်းဖြစ်ကြလို့ ၊ ကုလား - ဗမာ အဓိကရုဏ်းဖြစ်ကြလို့  ပြည်သူတွေအချင်းချင်း သေကြေပျက်စီးခဲ့ရတာတွေ သာဓက ရှိပါတယ်။

အာဏာရူးတွေဟာ ဘာသာခြား လူမျိုးခြားအချင်းချင်း သွေးခွဲလှုံ့ ဆော် ပြဿနာဖြစ်အောင် လုပ်ရုံမက ဘာသာတူ လူမျိုးတူအချင်းချင်းလည်း တစ်ဦးနဲ့  တစ်ဦး ယုံကြည်မှုနည်းအောင် ပဋိပက္ခဖြစ်အောင် ယုတ်မာစွာ လုပ်ဆောင်တယ်ဆိုတာ ယနေ့  ပြည်သူတွေ သတိမူ ဂရုစိုက်ကြဖို့  လိုပါတယ်။ မူဆလင်နဲ့  ခရစ်ယာန်နဲ့  ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြားထဲ လုပ်ကြံသွေးထိုး ပြည်သူတွေအနေနဲ့  အာဏာရူးတွေ ဆင်တဲ့ ထောင်ချောက် အကွက်ထဲ မ၀င်သွားအောင် တစ်ဦးချင်းစီတိုင်းက သတိ အတော့်ကို ထားရမှာပါ။

ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိဘဲ မိမိဘာသာ မိမိလူမျိုးကို ဆန့် ကျင်စော်ကားတဲ့ အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ရတာနဲ့  ချက်ချင်း ခံစားမှုတွေပေါ်လာပြီး အလျင်စလို တုန့် ပြန်မိတာတွေဟာ အာဏာရူးတွေ ဆင်ထားတဲ့ ထောင်ချောက်အကွက်ထဲ အလွယ်တကူ ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် သတိထားဖို့ ကတော့ ဒီလိုစော်ကားဆန့် ကျင်ပြောဆိုရေးသားသူတွေရဲ့  အပြောတွေ အရေးသားတွေကို ကြားရမြင်ရတဲ့အခါမှာ စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီလိုအပြောအဆိုအရေးအသားတွေ စတင်လာခဲ့တဲ့ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေဖေါ်ထုတ်ရမှာ ဖြစ်ပါတယ်။ လူမှုရေးမှာ ဘာသာရေးမှာ ဦးဆောင်သူတွေအနေနဲ့ လည်း ဒီလိုကိစ္စမျိုးတွေမှာ မိမိတို့  လူမျိုး ဘာသာဝင်တွေကို စိတ်လိုက်မာန်ပါ မပြောဆိုကြဖို့  မလုပ်ကြဖို့  ထိန်းသိမ်းရင်း ပြဿနာရင်းမြစ်ကို ရှာဖွေပြီး လုပ်ကြံဖန်တီးမှုတွေကို ဖေါ်ထုတ်ကြရမှာပါ။

ဘာသာတရားတွေကို ဆန့် ကျင်စော်ကားတဲ့ ရေးသားမှုတွေ ရုတ်ချည်းပေါ်ထွက်လာတာဟာ မသင်္ကာဖွယ်ဆိုတာ သတိထားကြရပါမယ်။ ဘာသာရေး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် ဖန်တီးတဲ့နေရာမှာ ဖန်တီးကြသူတွေဟာ သူတို့ အချင်းချင်း လက်ဝါးချင်းရိုက်ထားလေ့ ရှိပါတယ်။ ဒါဟာ သာမန်လိမ်လည်မှုတွေ မှာ တွေ့ ရတဲ့ပုံစံနဲ့ လည်း တူပါတယ်။ တစ်ဦးက ဆန့် ကျင်ဘက်စကားပြောမယ် နောက် သူတို့ လူ တစ်ဦးက ပြန်ပြီးတုန့် ပြန်ပြမယ်၊ ဒီလိုနဲ့  ကျန်တဲ့ သတိမထားမိသူတွေ ခံစားမှုပြင်းတဲ့သူတွေ ပါလာအောင် ဆွဲခေါ်ပါတော့တယ်။ ဒီအတွက် သာမန် ခံစားမှုနဲ့ ပြောသူတွေပါ တဖြည်းဖြည်းနဲ့  များလာပြီး ကြီးမားတဲ့ အခြေအတင်စကားများရာကနေ နောက်ဆုံး အုပ်စုလိုက် ကိုယ်ထိလက်ရောက် ရိုက်ကြပုတ်ကြ သတ်ကြဖြတ်ကြတဲ့ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတော့တယ်။

ဘာသာရေးဆန့် ကျင်စော်ကားမှုတွေကို ရေးသားမှုဟာ ပြဿနာဖန်တီးလိုသူတွေအတွက် အလွယ်တကူနေရာဖြစ်နေလို့  ဖတ်တဲ့သူတွေက ပိုသတိထားရပါမယ်။ မူလရေးသားသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်သိရှိဖို့  ခက်ခဲသလိုဈ ဒီရေးသားမှုဟာ အလွယ်တကူ ပြန့် နှံ့ နိုင်ပါတယ်။ ဒီအတွက် ဖတ်မိသူတွေဟာ ကိုယ်ကိုတိုင်က ဒီလို ပြဿနာစာတွေ အရေးအသားတွေကို ထပ်မံဖြန့် ဖြူးပေးနေသလို ဖြစ်မှန်းမသိ ဖြစ်၊ ဆင်ထားတဲ့ပြဿနာထဲ ကိုယ်ကိုတိုင် ပါဝင်လို့  ပါဝင်မှန်း မသိနဲ့  ဖြစ်သွားနေတယ်ဆိုတာ သတိထားကြဖို့  သင့်ပါတယ်။

ထို့ အတူ အထက်မှာ ဖေါ်ပြရေးသားချက်ပါ သတိမူ ဂရုစိုက်ကြရမယ့် အာဏာရူးတွေရဲ့  ပြည်သူတွေ အပေါ် နိုင်ငံရေးအဖြစ်အပျက်တွေကနေ အာရုံလွှဲရအောင်၊ ပြည်သူအချင်းချင်း အဖွဲ့ အစုအချင်းချင်း လူမျိုးအချင်းချင်း ဘာသာတရားတွေ အချင်းချင်း သွေးထိုးဖန်တီး အကွက်ဆင်ထောက်ချောက်လုပ်တာတွေကို မည်သို့ သော ဆန့် ကျင်ပြောဆိုမှု ရေးသားမှုကိုမဆို မစုံစမ်း မလေ့လာ ရင်းမြစ်ကို မရှာ အခြအနေအချိန် ကာလကို မကြည့်ဘဲ မိမိတို့ ရဲ့  ပကတိရိုးသားသော ခံစားမှုများဖြင့် လျင်မြန်စွာ တုန့် ပြန်ကြမယ် ဒီလို ဘသာသာတရားစော်ကားမှု လူမျိုးရေးစော်ကားမှုတွကို အခြားသူ သိစေလိုတဲ့ စေတနာအရိုးခံ နဲ့  ဖြန့် ပေးကြမယ်ဆိုရင် အမှိုက် စ ပြသာဒ်မီးလောင်ဆိုတာလို လူမျိုးရေး အဓိကရုဏ်းကြီးတွေအထိ ဦးတည်သွားနိုင်မယ့် လမ်းကြောင်းထဲ မိမိကိုယ်တိုင် ပါမှန်းမသိ ပါသွားနိုင်တာကို၊ လုပ်ကြံဖန်တီးသူတွေ အကွက်ဆင်တဲ့ထဲ ၀င်သွားမှန်းမသိ ၀င်သွားနိုင်တာကို အထူးသတိထားကြပါလို့  ပြည်သူများအကျိုးကို ရှေ့ ထားပြီး မေတ္တာရပ်ခံလိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာရူးတွေ အုပ်ချူပ်နေစဉ်အတွင်းမှာ ပြည်သူတွေအနေနဲ့  ဘာသာမတူ လူမျိုးမတူပေမယ့် တစ်နိုင်ငံထဲနေ တစ်ရေထဲသောက်ပြီး မိမိတို့  ချစ်မြတ်နိုးတဲ့ မြန်မာနိုင်ကြီးအတွက် အချင်းချင်း ပဋိပက္ခမဖြစ်ရကြလေအောင် အစစအရာရာမှာ ဆင်ခြင်သတိနဲ့  ပိုမို လက်တွဲစည်းလုံးကြဖို့ ၊ ဘာသာရေးအဓိကရုဏ်ဖြစ်နိုင်မယ့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်မယ့် မင်္သကာဖွယ်ဖန်တီးမှုများကို ကာကွယ်တွန်းလှန်ကြဖို့  ဖန်တီးသူတွေကို ရှာဖွေဖေါ်ထုတ်ကြဖို့  အလွန်ပင်အရေးကြီးလှပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

အရှင်ရာဟုလာ (မစိုးရိမ်) ။

10 comments :

  1. kto said... :

    အရှင်ဘုရားသတိပေးတော့မှ တပည့်တော်လည်းသတိပြန်ဝင်မိပါတယ်ဘုရား။ဒီလိုမှမဟုတ်ရင် သူကရေးလိုက်ကိုယ်ကပြန်တုံ့ပြန်လိုက်နဲ့
    သံသရာလည်နေမှာပါဘုရား။သတိမူစရာကိစ္စပါပဲဘုရား။
    ဘာသာကိုစော်ကားရင်အမျိုးကိုစော်ကားသလိုမျိုး နာပါတယ်ဘုရား။ရှေ့လျှောက်သတိထားရမယ့်ကိစ္စပါဘုရား။
    အရှင်ရာဟုလာ(မစိုးရိမ်)ဘာသာ သာသနာအကျိုးကိုဆထက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေ။

  1. Anonymous said... :

    I really admire this monk U Rahula. But he is the total opposite of U Wirathu from the same monastery, Masoeyein in Mandalay. U Rahula should send this to U Wirathu.

  1. Anonymous said... :

    သိတ်ကိုမှန်ကန်တဲ့ ဆောင်းပါးဖြစ်ပါတယ် ဒါတွေကိုလူမျိုးတိုင်း ဘာသာတိုင်း အထူးဂ၇ုပြုသင့်ပါတယ် ။စစ်ခေါင်းဆောင်ပိုင်းတွေ အကြတ်တွေ့ပြီဆို၇င် လူမျိုးေ၇း၇န်တိုက်မှု့တွေကို အစဉ်အမြဲဖေါ်ဆောင်နေမှာပါ နောင်းလည်းဖေါ်ဆောင်နေအုံးမှာပါ အထူးဂ၇ုပြုသင့်တဲ့အချက်ဖြစ်ပါသည် ။။။။။

  1. Please don not blame our Government all the whole time because Mr President, U Thein Sein has got Army and he is protecting our country from the penetrating illegal Bengali. So if he really wants to be a leader of detership Government, who can do right away by using his arm force, you know he has got power. In my point of view he is going right way for our country own goodness. All people know that politic is very cunning and can not go very straight forward.

  1. Anonymous said... :

    Yes absolutely right.

  1. Unknown said... :

    အခုလို တန်ဖိုးရှိတဲ့၊ အကြောင်းအရာများကို တင်ပြ ပြောဆိုပေးခြင်းအတွက် အထူးကျေးဇူးတင်ပါတယ်၊ အသျှင်ရာဟုလာ။
    ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ အစွဲအလန်းလွန်ကဲမှုဆိုတဲ့ပရောဂအားဖြင့်၊ ဆင်ခြင် မှု မပါဘဲ အလျင်စလို လက်လွတ်စပယ် တုံ့ပြန်ခြင်း ကြောင့်၊ မလိုလားတဲ့ အမှားကိုဖြစ်စေပါတယ်။ နောက်မှ အမှန်ကို သိလာသည့်တိုင်အောင် ဝန်ခံဖို့ ရှက်ရှက်နဲ့ အမှားကိုဘဲ ဆက်တိုးတတ်ပါတယ်။
    အစွဲအလန်းမလွန်ကဲဘဲ၊ အမှန်ကိုမြင်တတ်ကာ မတူကွဲပြားတဲ့၊ အမြင်နဲ့ အတွေးခံယူချက်ရှိသူများ၊ မတူကွဲပြားတဲ့ ဘာသာယုံကြည်ကြသူများ ငြိမ်းချမ်းစွာ မတူနေထိုင်နိုင်ရေးကို တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပါ။

    အသျှင်ရာဟုလာကဲ့သို့ စိတ်ထားဖြင့် တင်ပြပြောဆို ပေးမဲ့ ပုဂိုလ်များ တိုးပွားပေါများပါစေ။

  1. ဇော်ဇော် said... :

    ဆောင်းပါးထဲအတိုင်းဆိုရင်တော့ ဗုဒ်ဒဘာသာအတိုင်းအဝိုင်းဆိုတော့အပြည်အဝလက်ခ`ပါ တယ် ဒါပေမယ့်အခြားဘာသာကိုယ်ကွယ်ရင်တော့ ဆောင်းအတိုင်း သူတို့ အတွက်ယုံကြည်လွဲမှာက အသေအချာပဲ

  1. Anonymous said... :

    ဒါအမှန်ပါပဲ အရှင်ဘုရား။ ပြည်သူများ သတိမူရမဲ့အချက်ပါ ။ အာဏာရှင်များအတွင်းမှာ မည်သည့်အရာကိုမျှ လေးစားတန်ဖိုးထားကြချင်းမရှိပါ၊
    မိမိအာဏာကိုထိပါးလာရင်တော့ ဘုန်းကြီးမပြောနဲ့
    ဘုရားရှင်တောင်မျှ အလွတ်မပေး သတ်လို့ရကသတ်မှာပါ။ ရျွှေဝါရောင်တော်လှန်ရေးတွင်
    လူသားတို့ ဒုက္ခကိုရဲရဲဝံ၀ံဖော်ပြကြသော ရဟန်းပျိုများ
    အား လူသတ်သမား သူခိုးဓားပြများကဲ့သို့ ပြုမူခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့်ပင်သိနိုင်ပါတယ်
    ဘုရား။ ယခုအခါတွင်လဲ အတွေးအခေါ်နုနယ်သော လူငယ်များ အကြိုက်တွေ့စေမည့် အင်တာနက် အပြာဆိုဒ်များထောင်ကာ ဘာသာရေးလူမျိုးရေအထိကရုန်းများ ဖြစ်စေရန် အင်တိုက်အားတိုက်ကို သွေးထိုးနေပါတယ် အရှင်ဘုရား။ ယနေ့ ပြောင်းလဲနေသော ခေတ်စနစ်
    ကို နောက်ပြန်ရန် ကြိုးစာနေကြခြင်းဖြစ်ပါတယ်
    အရှင်ဘုရား။

  1. Anonymous said... :

    အရှင်ရာဟုလာ(မစိုးရိမ်)အား အထူးဂါရ၀ပြုကြည်ညိုလေးပါသည်။ ဤပို့စ်အား တင်ပြပေးသူ သက်ဆိုင်သူအားလုံးအားလည်း အထူးကျေးဇူးတင်ရှိပါသည်။
    ကျွန်တော် အစ္စလာမ်ဘာသာကိုကိုးကွယ်နေတဲ့ မြန်မာတိုင်းရင်းသားတစ်ဦးဖြစ်ပါတယ်။

  1. Anonymous said... :

    ယခင်ထောက်လှမ်းရေးခေတ်က မြက်ခင်းသစ်ဆိုပြီး အညှီအဟောက်နဲု့နိင်ငံရေးအပုပ်ချတာ၊ ၀ါဒဖြန့်တာ လုပ်တယ်။
    အခု စရဖတွေက အပြာဆိုက်ထောင်ပြီး ဆူပူမှုဖြစ်အောင်သွေးထိုး၊ နိုင်ငံရေး အသရေဖျက်မှုတွေ လုပ်နေတယ်။
    လူငယ်တွေ လမ်းမှား မရောက်အောင် သတိပြု။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved