ကျောင်းသားခေါင်းဆောင်တချို့ ထိန်းသိမ်းခံရ

Friday, July 6, 2012 0 comments



လွန်ခဲ့တဲ့ နှစ် ၅၀ က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်က သမဂ္ဂ အဆောက်အအုံဓာတ်ပုံ ကိုင်ဆောင်ထားသူတဦး

မနက်ဖြန် ဇူလိုင် ၇ ရက်အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားခေါင်းဆောင် အများအပြားကို ဒီကနေ့ ညနေပိုင်းမှာ အာဏာပိုင်တို့က ထိန်းသိမ်းလိုက်ပါတယ်။

အထိန်းသိမ်းခံလိုက်ရသူများထဲမှာ ကိုကျော်ကိုကို၊ ကိုဒီငြိမ်းလင်း၊ မဖြိုးဖြိုးအောင် တို့ ပါဝင်တယ်လို့ သိရကြောင်း ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဌေးကြွယ်က ပြောပါတယ်။

သူတို့ အလုပ်ရှုပ်နေတုန်းမို့ အသေးစိတ် မပြောနိုင်သေးဘူး၊ အထိန်းသိမ်းခံရသူ စုစုပေါင်း ၁၅ ယောက်လောက် ရှိမယ်လို့ ကိုဌေးကြွယ်က ပြောပါတယ်။

ဖြည့်စွက်ချက် -

ရန်ကုန်မြို့ ၈၈မျိုးဆက်ကျောင်းသားများရုံးကို ရဲထောက်လှမ်းရေး အရာရှိ ဦးကျော်စိုး အပါအ၀င် အင်အား ၃၀ ခန့် လာရောက် ရှာဖွေ စစ်ဆေးသွားကြတယ်၊ အဲဒီရုံးမှာတော့ အဖမ်းအဆီး မရှိဘူး လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဉာဏ်လင်းက ပြောပါတယ်။


ဆဲဗင်းဇူလိုင် ရွှေရတု ကျင်းပခွင့် တားမြစ်ခံရ

၆၂ ကျောင်းသား ခေါင်းဆောင်ရဲ့ အတွေ့အကြုံ


သမဂ္ဂအဆောက်အအုံ ဖောက်ခွဲဖျက်ဆီးမှု တရားခံများ



အမေရိကန်သံအမတ်သစ်မိတ်ဆက်

0 comments


အမေရိကန်သံအမတ်သစ် ဒဲရစ်မစ်ချယ်က ရန်ကုန်ကို မရောက်ခင် သူ့ရဲ့ နှုတ်ခွန်းဆက်စကား ရုပ်သံကို
ရန်ကုန်မြို့အမေရိကန်သံရုံးရဲ့ Facebook မှာ ကြည့်နိုင်ပါပြီ။ သူက အင်္ဂလိပ်လို ပြောပေမယ့် မြန်မာစာတန်းထိုးထားတဲ့ ရုပ်သံဖြစ်တဲ့အတွက် ကြည့်ရတာ အဆင်ပြေကြမှာပါ။ ကြည့်နိုင်တဲ့ လိပ်စာက facebook.com/photo.php?v=323635491059298 ဖြစ်ပါတယ်။


အထင်ကြီးပါရစေ

0 comments



~



ကာတွန်း - ငယ်လေး (မန်း)
www.facebook.com/cartoon.ngelay


~

ရေဓာတ်နဲ့ ကားမောင်းမယ်

1 comments


ဆီစားသက်သာတယ် ဆိုတာကို ကားမောင်းသူတွေ ကြိုက်ကြပါတယ်။
ဆီမစားတော့ ကုန်ကျစရိတ် သက်သာပြီလေ။
ဆီထက် ပိုပြီး စရိတ် သက်သာတဲ့ သဘာဝဓာတ်ငွေ့သုံးကားတွေကိုတော့ မောင်းနေကြပါပြီ။
အခု စမ်းသပ်နေတာကတော့ ရေထည့်မောင်းရတဲ့၊ ရေဓာတ်ငွေ့သုံးတဲ့ ကားတွေ ဖြစ်ပါတယ်။

ရေဓာတ်ငွေ့ သုတေသီ အင်ဂျင်နီယာ ဦးကျော်ကျော်က လက်တွေ့ပြသပုံကို ဒီကနေ့ မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။

မနှစ်တုန်းကလည်း ဦးကျော်ကျော်တို့ရဲ့ မြန်မာ့စွမ်းအင်သစ် ရေဓာတ်ငွေ့လုပ်ငန်းအဖွဲ့က ရထားနဲ့ သင်္ဘောကို ရေဓာတ်ငွေ့နဲ့ စမ်းသပ်မောင်းနှင်မယ်လို့ သတင်းဌာနတွေကို ပြောခဲ့ပါတယ်။

အခု သတင်းမှာတော့ ရေကို ဘယ်လိုသုံးသလဲ၊ ရေက ကားထဲမှာ ဘယ်လို ဓာတ်ပြုပြီး ဘယ်လို အလုပ်လုပ်သလဲ၊ စွမ်းအင် ဘယ်လိုထွက်လဲ ဆိုတာတွေကို ရေးမထားပါဘူး။

သို့သော်လည်း ဒီနည်းပညာကို ကားသေး၊ ကားကြီး၊ ရထား၊ သင်္ဘောတွေမှာ တပ်ဆင်မယ် ဆိုရင် ဘယ်လောက် ကုန်ကျမယ် ဆိုတာတွေကိုတော့ ခန့်မှန်းတွက်ချက်ပြထားပါတယ်။

သတင်းကို
ဒီမှာ
နဲ့
ဒီမှာ
ကလစ်ပြီး ဖတ်နိုင်ပါပြီ။


မြစ်ကြီးနားတွင် ဒုက္ခသည် ၁၀၀၀ ကျော် ဆန္ဒပြ

0 comments



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် အစိုးရက ဖမ်းဆီးထားသော ဦးလထောင်ဘရန်ရှောင်အား ချွင်းချက်မရှိလွတ်ပေးရေးနှင့် လူထုကို တရားမဲ့ စွပ်စွဲဖမ်းဆီးခြင်းမပြုလုပ်ရန်၊ စစ်ပြေးဒုက္ခသည် IDP များကို လုံခြုံမှုအကာအကွယ်ပေးရေးတို့ကို ဒုက္ခသည် ၁၀၀၀ ကျော်က ယနေ့မနက်ပိုင်းမှ စ၍ အစိုးရရုံးများရှေ့တွင် ဆန္ဒပြတောင်းဆိုနေကြသည်။


ဆန္ဒပြသူများထဲတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များလည်းပါဝင်သကဲ့သို့ ဦးဘရန်ရှောင်၏ မိသားစုများလည်း ပါဝင်ပြီး ဇနီးဖြစ်သူကိုယ်တိုင် ဆန္ဒပြပွဲတွင်ထိပ်ဆုံးမှ ပါဝင်ပြီး “ကျမ၏ခင်ပွန်း ဦးဘရန်ရှောင်ကို လွတ်ပေးပါ”ဆိုသည့် စာတမ်းကို ကိုင်ဆောင်ကာ ဆန္ဒပြနေလျက်ရှိသည်။






မြန်မာကို သံတမန် ဆက်သွယ်လိုတဲ့ နိုင်ငံ ၈ ခုရှိ

2 comments


မြန်မာနိုင်ငံရဲ့ သံရေး တမန်ရေး နဲ့ပတ်သက်ပြီး နိုင်ငံ ၈ နိုင်ငံက ဆက်သွယ်လာလို့ ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်တွေဆီကို ဇွန်လ ၄ ရက်နေ့က နိုင်ငံခြားရေးဌာန ဒုဝန်ကြီးက တင်ပြခဲ့တာကို မြန်မာ့ သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

သူ့တင်ပြချက်အရ မြန်မာရဲ့ ဖွဲ့စည်းပုံ အပြောင်းအလဲ ရှိလာတာကြောင့် အခုဆိုရင် မြန်မာနဲ့ သံတမန် ဆက်သွယ်ရေး လုပ်ချင်လို့ ကမ်းလှမ်းလာတာလို့ ဆိုပါတယ်။

အဲဒီ ကမ်းလှမ်းလာတဲ့ နိုင်ငံတွေ ကတော့ ဘော့စ်နီးယားနှင့် ဟာဇီဂိုဗီးယားနိုင်ငံ၊ မာလာဝီသမ္မတနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ၊ လူဇင်ဘတ်နိုင်ငံ၊ လတ်ဘီးယား သမ္မတ နိုင်ငံ၊ အက်စ်တိုးနီးယားသမ္မတနိုင်ငံနှင့် ဒိုမီနီကန်သမ္မတ နိုင်ငံ ဆိုတဲ့ နိုင်ငံပေါင်း ၈ ခု ရှိပါတယ်တဲ့။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ သံတမန် ဆက်သွယ်ရေး လုပ်ထားတဲ့ နိုင်ငံပေါင်းက ၁၀၃ နိုင်ငံ ရှိပါတယ်။ ဒီ ၈ နိုင်ငံပါ ပေါင်းလိုက်ရင်တော့ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံတဲ့ နိုင်ငံပေါင်း ကမ္ဘာပေါ်မှာ ၁၁၁ နိုင်ငံ အထိ ရှိလာမှာပါ။

ညနေပိုင်း ၄း၁၅ ဖြည့်စွက်ချက် -
၁၁၁ နိုင်ငံဟု ပြင်ဆင် ဖတ်ရှုပါရန်


ကော့မှူးရောက် NLD ခေါင်းဆောင်

0 comments

~




ဒေါ်အောင်ဆန်းစုကြည်က သူ့ကို မဲပေးရွေးချယ်လိုက်တဲ့ ကော့မှူး မဲဆန္ဒနယ်ကို မနေ့က သွားရောက်ပြီး ဒေသခံတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

နေရာ
အောင်ဇမ္ဗူ ပရိယတ္တိစာသင်တိုက်၊ ဆင်ခြံကျေးရွာ

တက်ရောက်သူများ
ကျေးရွာ ၆၁ ရွာမှ ဒေသခံ ၃၀၀ ကျော်

ဆွေးနွေးချက်များ
လယ်ယာလုပ်ငန်း၊ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် ရှားပါးမှု













~

G-talk နဲ့Mobile ဖုန်းခေါ်မယ် .......

2 comments



နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ...
အသုံးပြုနည်းကတော့ ....

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

4.Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။
အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။
Call back system သုံးဘူးတဲ့သူဆို သိပါတယ်။

ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။
ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။
လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။
မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။
Make calls from your Google Talk

1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ

2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။

3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။

4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 secondsအချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။

5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)

6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။

7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။

8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။

no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်း။စိတ်မကောင်းစွာဖြင့် ဒီlist ထဲမှာ စင်ကာပူနှင့် မြန်မာနိုင်ငံပါမလာပါဘူး ...

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ဖော်ပြပေးလိုက်ပါတယ်။
Country name Country code Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။
ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါတယ်။

ZEALOT မှကူးယူပါတယ်။

အင်းစိန်ရောက် ဦးခေမာစာရ အူရောင်ငန်းဖျားဖြစ်နေ

0 comments

~


အစိုးရက ၂၀၀၈ မှာ ဖမ်းပြီး ထောင် ၁၄ နှစ် ချထားတဲ့ ဦးခေမာစာရ အင်းစိန်ထောင်မှာ အူရောင်ငန်းဖျားဖြစ်နေတယ်လို့ သိရပါတယ်။

သူဟာ ဂျပန်ရောက် မြန်မာပြည်သားတွေပေးတဲ့ အညတရ သူရဲကောင်းဆုရသူတယောက်လည်း ဖြစ်ပါတယ်။

ထိရောက်တဲ့ ကုသမှု ရှိမရှိ မသိရသေးပါ။

အင်းစိန်ထောင်ထဲမှာ သူအပါအ၀င် နိုင်ငံရေးအကျဉ်းသား သံဃာ ၁၄ ပါး ကျန်နေသေးတယ်လို့ သိရပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်မှု၊ နာဂစ် ကာလ ကူညီမှုတို့ အပြီးမှာ အစိုးရက သူတို့ကို ပုဒ်မမျိုးစုံတပ်ပြီး ထောင်ထဲ ထည့်လိုက်တာ ဖြစ်ပါတယ်။

ဦးခေမာစာရအကြောင်းကို ၂၀၀၉ နှစ်ဆန်းပိုင်း ဧရာဝတီ သတင်းတပုဒ်မှာ အခုလို တွေ့ရပါတယ်။

ဦးခေမာစာရ သက်တော် (၂၈)နှစ်ကိုလည်း ယမန်နေ့က ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တဦးကပြောသည်။

“သူ့ကို မရန်းကုန်းမြို့နယ်တရားရုံးက တရားသူကြီး ဒေါ်ခင်သန့်စင်က အမှု ၂ မှုနဲ့ ထောင် ၁၄ နှစ် ချလိုက်တယ်၊ သူက စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ပါတဲ့ သံဃာတပါးပဲ”ဟု ၎င်းက ပြောပြသည်။

ယင်း ဦးခေမာစာရအား ပုဒ်မ ၃၈၀ ဘုရားခိုးမှု၊ ပုဒ်မ ၄၆၈ တရားမ၀င် စာရွက်စာတန်း အမှုများဖြင့် တမှုလျှင် ထောင်ဒဏ် ၇ နှစ်ဖြင့် ၂ မှု ပေါင်း ထောင်ဒဏ် ၁၄ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အရင် ရုံးစထုတ်စဉ်က ၂၉၅(က) ဆိုတဲ့ ပုဒ်မ တခုပါတယ်၊ ပုဒ်မ ၃ ခု ၊ အဲဒါကို ၂၉၅(က) ဖြုတ်လိုက်တယ်၊ အဲဒါက သာသနာညိုးနွမ်းတဲ့ ပုဒ်မ၊ နိုင်ငံရေးနဲ့နွယ်တယ်၊ ၂၉၅(က) ကို ဖြုတ်လိုက်ခြင်းအားဖြင့် နိုင်ငံရေး မနွယ် တော့တဲ့ အတွက် နောက်ပိုင်း ရဲဘက်တောင်ထုတ်နိုင် တယ်လို့ ယူဆရတယ်”ဟု ထောင်ဝန်ထမ်းတဦးက ပြောဆိုသည်။

ဦးခေမာစာရသည် ပဲခူးတိုင်း သနပ္ပင်မြို့နယ် ကလိုင်ရွာ ဇာတိဖြစ်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကန်သာ ကျောင်း မှ ပညာတတ်၊ ဓမ္မာစရိယ ဘွဲ့ရဖြစ်သည်။ ၎င်းသည် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်လှုပ်ရှားခဲ့သည့်အတွက် တိမ်းရှောင်နေရကာ ၂၀၀၇ ခု ဒီဇင်ဘာလကုန်ပိုင်းတွင် ရန်ကုန်မြို့ မရန်းကုန်း မြို့နယ် အတွင်း၌ စစ်အာဏာပိုင်များ၏ ဖမ်းဆီးမှုခံခဲ့ရခြင်းဖြစ်သည်။



~

ဦးဥာဏ်ဝင်း (NLD) ကို တရားစွဲရခြင်း အကြောင်း

0 comments


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဥာဏ်ဝင်းကို ဘာကြောင့် တရားစွဲရတယ်ဆိုတာ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

NLD က ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတဲ့ ဆန္ဒမဲတွေ ဖယောင်းသုပ်ထားတယ်ဆိုတာ မမှန် ကန်ကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ပြီး သတင်း၊ ဂျာနယ်တွေ မှာ ဖော်ပြပေးဖို့နဲ့ ဒီကိစ္စ သတင်းစီစစ်မှု မရှိပဲ ကော်မရှင်ကို အရေးယူပေးဖို့ တင်ပြခဲ့တာကို တောင်းပန်ပြီး တင်ပြစာ ကို ပြန်ရုပ်သိမ်းပေးရန် ညွှန်ကြားစာ ပို့ခဲ့ပေမယ့် ပျက်ကွက်ခဲ့လို့ အခုလို တရားစွဲဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

မမှန် သတင်းကြောင့် ဦးဥာဏ်ဝင်းကို တရား စွဲတာပါတဲ့။ မှန်တဲ့ သတင်းတွေရေးတော့လည်း စာပေစီစစ်ရေးက ပယ်ပါတယ်။ ကဲ ဘယ်လို လုပ်ကြရပါ့။

ပီတိတွေနဲ့ ရန်ပုံငွေ ရှာပေးခဲ့တဲ့ အနုပညာသည်များ

0 comments


ကချင် ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ပွဲများကြောင့် ကချင် တိုင်းရင်းသား တချို့ အိုးအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည် စခန်းများမှာ သွားရောက် နေထိုင် ခဲ့ကြရတာ တချို့ဆိုရင် တစ်နှစ်လောက်တောင် ရှိတော့မယ်လို့ သိရပါတယ်။

ကချင်စစ်ဘေး ဒုက္ခသည်များ အတွက် စာနာ နားလည်သူများက ဒုက္ခသည်များ စားဝတ်နေရေး အဆင်ပြေစေ ဖို့ အတွက် ထောက်ပံ့ ကူညီပေးမှုများကို အသင်းအဖွဲ့ အလိုက်ရော၊ စေတနာ တူ သူများကရော
စုပေါင်း ပြီး သွားရောက် လှူဒါန်း ပေးလျက် ရှိပါတယ်။

ကချင် တိုင်းရင်းသား အနုပညာရှင်များက မနောအလှဂီတ အဖွဲ့ဆိုပြီး ဖွဲ့စည်းကာ ရန်ပုံငွေရှာပြီး သွားရောက် လှူဒါန်း ပေးခဲ့ကြသလို နောက်ထပ်လည်း အကူအညီတွေ လိုအပ်နေသေးတဲ့ အတွက် တိုင်းရင်းသား ပြည်သူ များကို ချစ်ခင်စာနာတဲ့ ရုပ်ရှင် လောကသားများကလည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကြီးရဲ့ ဦးဆောင်မှုနဲ့ ပဒေသာကပွဲ ကပြပြီး ရန်ပုံငွေ ရှာဖို့ ကြိုးစား လာကြပါတယ်။

ရုပ်ရှင်လောက သား အနုပညာရှင်များ ဖြစ်ကြလို့ ဆိုနိုင်တဲ့သူကဆို၊ ကနိုင်တဲ့သူက က၊ ပံ့ပိုးပေးမယ့်သူက ပံ့ပိုးနဲ့ ဇွန်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့များက ရန်ကုန်မြို့၊ အမျိုးသား ဇာတ်ရုံမှာ ရန်ပုံငွေပဒေသာ ကပွဲ တင်ဆက်ခဲ့ပါတယ်။

ရန်ပုံငွေပဒေသာ ကပွဲမှာ သီချင်းများ သီဆို ဖျော်ဖြေပေးတဲ့ အစီအစဉ် ဒေးကလပ် ဟာသပြဇာတ် နဲ့ ပြည်ထောင်စုနှလုံးသား အငြိမ့် အစီအစဉ်များ တင်ဆက်ပေးခဲ့ပါတယ်။ ဒီရန်ပုံငွေပေဒသာ ကပွဲအစီ အစဉ်မှာ အနုပညာရှင်များက သူတို့ရဲ့ ဆန္ဒနဲ့ တက်တက်ကြွကြွ အနုပညာကြေးများ လုံးဝ မယူဘဲ စေတနာ သန့်သန့်နဲ့ ကပြပေး ခဲ့ကြပြီး ရန်ပုံငွေ ရှာပေး ခဲ့ကြပါတယ်။

ခရီးဝေး သွားနေတဲ့ အနုပညာရှင်များက လွဲလို့ အနုပညာရှင်များ စုံစုံလင်လင် ပါဝင် ကပြပေးခဲ့ ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယက အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးအောင်လွင် အပါအ၀င် သရုပ်ဆောင် ကြီးငယ်ရွယ်လတ် အကုန်လုံး ပါဝင် ခဲ့ကြလို့ အနုပညာရှင်များ ၁၀၀ ကျော်ပါဝင် ဖျော်ဖြေပေး ခဲ့ကြတာ ဖြစ်ပါတယ်။

ခရီးဝေး ရောက်နေတဲ့ နေတိုး၊ ၀တ်မှုံရွှေရည်တို့ကလည်း ဇွန်လ ၁၆ ရက်နေ့ညမှာ ခရီးဝေးမှ ရောက်ရှိ လာလာချင်း တတ်အားသရွေ့ ပါဝင်ပူးပေါင်းပြီး ရန်ပုံငွေ ရှာဖွေပွဲမှာ ကူညီပေးခဲ့ကြပါတယ်။



ရန်ပုံငွေ ရှာဖွေပွဲမှာ စင်မြင့် အပြင်အဆင်ကို အကယ်ဒမီ လူမင်းက တာဝန်ယူ ဆောင်ရွက် ပေးခဲ့ရာမှာ ကချင်ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားများ အတွက် ရည်ရွယ်ပြီး ရန်ပုံငွေ ရှာတာ ဖြစ်ပေမဲ့
အားလုံးသော ပြည်ထောင်စုသားများကို ချစ်ခင်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြချင်တာကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးပါတဲ့ စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်ကို အဖွင့်အနေနဲ့ တေးသရုပ်ဖော် ရာမှာ သရုပ်ဆောင်များစွာတို့က တိုင်းရင်းသား ၀တ်စုံများ အသီးသီးဝတ်ဆင်ပြီး မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား စသဖြင့် သရုပ်ဖော်ကာ တင်ဆက် ပေးခဲ့ကြပါတယ်။

အဲဒီမှာ ငြိမ်းချမ်းရေးကိုလည်း လိုလားတောင့်တကြ တာဖြစ်လို့ ငြိမ်းချမ်းရေးဆိုတဲ့ နေရာမှာ ထာဝရ ငြိမ်းချမ်းရေး ကို လိုလားကြတဲ့အတွက် ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်တဲ့ သံလွင်ခက်ကို ချီတဲ့ ဂျိုးငှက် ရုပ်ကို စင်မြင့်မှာ ဒီဇိုင်းဆင် ပေးထားပါတယ်။

စည်းလုံးခြင်း အတွက် သီချင်း တစ်ပုဒ်ကို တေးသရုပ် ဖော်တင်ဆက်လို့အပြီးမှာတော့ သရုပ်ဆောင်များ က တေးဂီတ အစီအစဉ်များနဲ့ တင်ဆက်ပေးကြရာမှာ ရန် အောင်နဲ့ မေသန်းနုတို့က မောင်တို့ချယ်ရီမြေ သီချင်းကို အတွဲညီညီ သီဆိုပေးခဲ့ကြ ပါတယ်။



အဲဒီအချိန်မှာ သူတို့ နှစ်ဦးရဲ့ ၀တ်စုံများက အဖြူရောင် ၀တ်စုံများ လှလှပပ ၀တ်ဆင်ထားကြသလို LED ပရိုဂျက်တာမှာလည်း ချယ်ရီ ပန်းပွင့်များနဲ့ ပြသ ပေးထား ပါတယ်။ ရန်အောင်နဲ့ မေ သန်းနုတို့ရဲ့ လိုက်ဖက်တဲ့ အဆိုဟန်ပန်များကို နှစ်သက် သဘောကျတဲ့ ပရိသတ် တစ်ဦးက ၁၆ ရက်နေ့မှာပဲ နိုင်ငံတော်က စတင် ထုတ်ဝေလိုက်တဲ့ ၁ သောင်းတန် ငွေစက္ကူများကို သီပြီး ဆုချီးမြှင့်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။

မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးက တင်ဆက်ပေးခဲ့တဲ့ ပြဇာတ်၊ အငြိမ့်၊ ပဒေသာက ပွဲအစီအစဉ်များမှာ နောက်ခံ ဒီဇိုင်းကို LED နဲ့ ဒီဇိုင်း ဆင်ထားတာ ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

တေးဂီတအစီ အစဉ်မှာ အောင်ခိုင်၊ ခိုင်သင်းကြည်၊ ထွန်းထွန်း၊ စန္ဒီမြင့်လွင်၊ ဟိန်းဝေယံ၊ ဂျင်းနီ၊ ကျော်ကျော် ဗို၊ စုမီ၊ မိုးဟေကိုတို့ကလည်း အနုပညာ အလှူအဖြစ်သီချင်းတစ်ပုဒ်စီနဲ့ ဖျော်ဖြေတင်ဆက် ပေးသွားကြပါတယ်။

အဲဒီနောက်မှာတော့ ဟာသပြဇာတ် တစ်ပုဒ်ဖြစ်တဲ့ ဒေးကလပ်ကို တင်ဆက် ပေးခဲ့ပါတယ်။ ဒေးကလပ် ဟာသပြဇာတ် မှာတော့ သရုပ် ဆောင်များထဲက မင်းမော် ကွန်း၊ ပြေတီဦး၊ ဖြိုးငွေစိုး၊ အောင်ရဲလင်း၊ သင်ဇာဝင့် ကျော်၊ စန္ဒီမြင့်လွင်၊ စိုးပြည့် သဇင်၊ မိုးယုစံတို့နဲ့ ဇာတ်ပို့ သရုပ်ဆောင်များဖြစ်ကြတဲ့ ကုသိုလ်၊ ဗေလုဝ၊ ဦးအောင်လွင်၊ အောင်ခိုင်၊ ယွန်းရွှေရည်၊ ၀ါဝါအောင်၊ တက္ကသိုလ် ဂွမ်းပုံ၊ အေးအေးခိုင်၊ မျိုးမျိုးအောင်၊ အေးသီတာ၊ ဇင်မျိုး၊ နေလင်း၊ စံလင်း၊ အိမ့်ကြာဖြူ နဲ့ ဒေါ်ထားအဖွဲ့ တို့က ပါဝင် သရုပ်ဆောင် ကပြပေးခဲ့ကြပါတယ်။


ဒေးကလပ် ပြဇာတ်ကို တင်ဆက်လို့ အပြီးမှာ မူလက ကြေညာ ထားတဲ့ အတိုင်း ကချင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် အ၀တ်အထည်၊ စားသောက်ကုန်နဲ့ ငွေသားများ ထည့်ဝင်လှူ ဒါန်းနိုင်ရန် လူမင်း၊ ခန့်စည် သူ၊ သက်မွန်မြင့် စတဲ့ သရုပ်ဆောင်များက ဦးဆောင်ပြီး အလှူရှင်များရဲ့ အလှူငွေများ ကို ကြေညာ ပေးနေတဲ့ အချိန်မှာ ကျန်သရုပ်ဆောင်များက ပရိသတ်များထံမှောက် အရောက်သွားပြီး စေတနာ ရှင်များရဲ့ အလှူကို လက်ခံ ပေးခဲ့ကြပါတယ်။

ရန်ပုံငွေ ပဒေသာကပွဲ မတင်ဆက်မီ ကတည်းက Sky Net ရုပ်သံ လိုင်းက သိန်း ၇၀၀၊ Naing Gruop ဆောက်လုပ်ရေးက သိန်း ၅၀ စသဖြင့် အလှူရှင် များစွာတို့က လှူဒါန်းပေးခဲ့ ကြသလို ပဒေသာ ကပွဲကပြ တဲ့ညမှာလည်း မင်္ဂလာရုပ်ရှင် ကုမ္ပဏီမှ ဦးဇော်မင်းမိသားစု က ကျပ်သိန်း ၂၀၊ သရုပ်ဆောင် နေမင်း က ကျပ် ၁၀ သိန်း အစရှိသဖြင့် အနုပညာ ရှင်များ၊ ပရိသတ်များက လှူ ဒါန်းပေးလိုက်ကြတာ အလှူ ငွေတော်တော် များများ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ အပြင် Sky Net ရုပ်သံလိုင်းမှ တစ်ဆင့် ပဒေသာကပွဲအစီ အစဉ်ကို ကြည့်ရှု အားပေးနေ ကြတဲတဲ့ ပရိသတ်များက Sky Net မှတစ်ဆင့် ဆက် သွယ်ပြီး လှူဒါန်း ပေးလိုက် ကြတာလည်း သိန်း ၆၀ ကျော် ပထမညမှာတင် ရရှိခဲ့ တယ်လို့ သိရပါတယ်။

ပြဇာတ်တင်ဆက်လို့ အပြီးမှာ ခေတ္တနားပြီး သီချင်းများနဲ့ ဖျော်ဖြေတင် ဆက်တဲ့အစီအစဉ်ကို တင် ဆက်ပေး ခဲ့ရာ ချစ်သုဝေ၊ နေ အောင်၊ ဆုပန်ထွာ၊ ဖိုးသောကြာ၊ သဇင်၊ ရဲအောင်၊ အေသင်ချိုဆွေ၊ ဟက်ကက်၊ နန္ဒ၊ စိုးပြည့်သဇင်၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးမိုး စတဲ့ သရုပ်ဆောင်၊ အဆိုတော်များက သီချင်း တစ်ပုဒ်စီ နဲ့ ဖျော်ဖြေ ပေးသွားခဲ့ကြပါတယ်။

နောက်ထပ် တင်ဆက်ပေးခဲ့တဲ့ အစီအစဉ်ကတော့ ပြည်ထောင်စုနှလုံးသားအငြိမ့် ဖျော်ဖြေခန်းအစီအစဉ်ပဲ ဖြစ် ပါတယ်။ အငြိမ့်အစီအစဉ်မှာ ရှေ့ထွက်မင်းသမီးအဖြစ် ၀ါဆိုမိုးဦးက ကပြပေးခဲ့ပြီး အေးမြတ်သူ၊ မေသဉ္စာဦးတို့ က ဆက်လက်ကပြပေးခဲ့ကြ ပါတယ်။

လူရွှင်တော်များ အဖြစ် ပေါ်လေး၊ စိန်ရိုး၊ ကောင်းစံ၊ ချစ်စုတို့ကတစ်ဖွဲ့၊ ဧရာဦးဆောင်တဲ့ ခင်လှိုင်၊ ဒိန်းဒေါင်၊ အုန်းသီး၊ စိန်ပန်း သီးတို့ကတစ်ဖွဲ့နဲ့ ဟာသလူ ရွှင်တော်နှစ်ဖွဲ့တို့က ဟဒယ ရွှင်ဆေးများ တိုက်ကျွေးပေး ခဲ့ကြပါတယ်။ ဇွန်လ ၁၇ ရက် နေ့ညမှာတော့ အငြိမ့်အစီ အစဉ်မှာ မင်းသမီးများအဖြစ် မေသန်းနု၊ လင်းဇာနည်ဇော်၊ အိချောပို တို့က ကပြပေးခဲ့ကြ တယ်လို့သိရပြီး လူရွှင်တော်များ အဖြစ် အရိုင်း၊ ညောင်ညောင်၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ သီးလေးသီးနဲ့ အဖွဲ့က လူရွှင်တော်များအဖြစ် ကပြ အသုံးတော်ခံပေးခဲ့ကြ တယ်လို့ သိရပါတယ်။

တေးဂီတပိုင်း အစီအစဉ် ကို ဂီတမှူး ခင်မောင်ကြီးနဲ့ အဖွဲ့က တီးခတ်ပေးခဲ့ကြသလို ရွှေတံဆိပ်ဆုရှင် ဖိုးသင်္ကြန်နဲ့ အဖွဲ့က မြန်မာ့ ဆိုင်းဝိုင်းကို တီးခတ်ပေးခဲ့ကြတာ ဖြစ်ပါ တယ်။ ရရှိလာတဲ့ ရန်ပုံငွေ များကို အမြန်ဆုံးစာရင်းချုပ်ပြီး ကချင် တိုင်းရင်းသား ဒုက္ခ ရောက်နေသူများ လက်ဝယ်အရောက် အနုပညာရှင် များကိုယ်တိုင် သွားရောက် လှူဒါန်းပေး သွားကြမယ်လို့ သိရပါတယ်။

လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)



Google က သတင်းအချက်အလက်တွေ မျှဝေသွားဖို့ အစိုးရတွေကို တိုက်တွန်း

0 comments



သဘာဝ ဘေးအန္တရာယ်တွေ ကြုံဆုံရခိုက်မှာ အင်တာနက်ကို ကောင်းကောင်း အသုံးပြုပြီး နိုင်ငံသားတွေကို သတင်း အချက် အလက်အလျှင်အမြန် တုံ့ပြန်မျှဝေပေးတာက ပိုကောင်းမွန်အောင်တဲ့ လုပ်ရပ်ဖြစ်လို့ အစိုးရတွေ အနေနဲ့ ဒါကို ခွင့်ပြုလုပ်ဆောင်သင့်တယ်လို့ ဂူးဂဲလ်က ပြီးခဲ့တဲ့ တနင်္လာနေ့က တိုက်တွန်း လိုက်ပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ငလျင်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲတခုမှာ ဂူးဂဲလ်ရဲ့ လူထု ဆက်ဆံရေး မူဝါဒ ဆိုရာ အဖွဲ့အစည်းကြီးရဲ့ ပထမ ဒု ဥက္ကဌ Rachel Whetstone က တချို့နိုင်ငံတွေက သတင်းအချက်အလက်တွေ လွပ်လွပ်လပ်လပ်စီးဆင်းခွင့်ပေးဖို့ကို တွန့်ဆုတ်နေကြတယ်။လို့ ပြောသွားပါတာကို Yahoo News အွန်လိုင်း စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါဟာ အကူအညီလိုအပ်နေတဲ့ နိုင်ငံသားတွေကို ၀န်ဆောင်မှု အသစ်တွေ ဖန်တီးပေးခြင်းကနေ လူထုအခြေပြု လူ့ အဖွဲ့ အစည်းကို ကာကွယ်ပေးရာလည်း ရောက်ပါတယ်လို့ သူမက ဆက်ပြောခဲ့ပါတယ်။

“ကျမတို့ အခိုင်အမာ တွေ့ရှိတာက အချက်အလက် အသုံးပြုတာတွေဟာ ကျမတို့ရဲ့ ထုတ်လုပ် မှုတွေ တော်တော်များများကို တကယ် ကျယ်ကျယ်ပြန့်ပြန့်တိုးတက်နေတယ်” လို့ သူက Google ရဲ့ Big Tent ညီလာခံလို့ခေါ်တဲ့ လူ့အဖွဲ့အစည်းနဲ့ အင်တာနက် အကြား ဆက်နွယ်မှုတွေအကြောင်း ဆွေးနွေးပွဲမှာ ပြောခဲ့ ပါသေးတယ်။

ဂူးဂဲလ်ရဲ့ မြေပုံစနစ်ကို လူအများ အသုံးပြုလာတာဟာ သဘာဝ ဘေးအန္တရယ် တွေနဲ့ပတ်သက်ရင် သတင်း အချက် အလက်တွေကို အထောက်အကူပေးတဲ့အကြောင်း၊ အဓိက လူသေကြေပျက်ဆီးဆုံးရှုံးမှုတွေ များ မယ့် ဖြစ်ရပ်မျိုးတွေမှာ အစိုး ရ တွေဘက်က အင်တာနက် သတင်းစီးဆင်းမှုကို ဖွင့်ပေးလိုက်ခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်း ဖြစ်လို့ ဒီလို တိုက်တွန်းတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ အင်တာနက် အသုံးပြုသူတွေအတွက် အလွန် စိတ်ပျက်စရာ ကောင်းအောင် အင်တာနက် မြန်နှုန်းတွေ နှေးတာ၊ တော်တော်များများ အင်တာနက် စာမျက်နှာတွေကို ပိတ်ပင် ထားတာဆိုတော့ ဂူးဂဲလ်ရဲ့ တိုက်တွန်းချက်ဟာ မြန်မာအစိုးရ အတွက်တော့ အလေးထားမယ့် အရာ မဟုတ်ပါဘူး။

ပိုဆိုးတာက အင်တာနက်အသုံးပြုတာကိုက အစိုးရ ဆန့်ကျင်ရေး လုပ်နေတယ်လို့ အခု ထိ ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့ အစိုးရလူကြီးတော်တော်များများ က မြင်နေသေးတယ်။

သတင်းကန့်သတ်ချုပ်ချယ်မှုအများဆုံး နိုင်ငံစာရင်းဝင်ဖြစ်လေတော့ မြန်မာနဲ့ ဂူးဂဲလ်ကြား ဘယ်တော့များမှ နားလည်မှု ရနိုင်ပါ့မလဲ မတွေးတတ်တော့ပါဘူး။

သေနတ် အဘိဓမ္မာကိုတူးဆွကြည့်ခြင်း

1 comments


သေနတ် အဘိဓမ္မာကိုတူးဆွကြည့်ခြင်း

(သို့)

ကံ့ကော်ဝမ်းနည်းမှတ်တမ်း

စံညိမ်းဦး



( ၁ )



မန္တလေးကျောင်းဆောင်နံရံမှာ

သွေးနဲ့ရေးခဲ့

“၇ ဇူလိုင်ကိုမမေ့ကြနဲ့” တဲ့

လွန်ခဲ့တဲ့နှစ် ၅၀ ကစာသား

မြောင်းမြသား ကျောင်းသားကိုကျော်ဝင်းရဲ့

နောက်ဆုံးအရေးအသား

အားလုံးကိုယ်စား

သူ့ကိုယ်ကသွေးနဲ့မှာခဲ့တဲ့

သမိုင်းဝင်သွေးစကား

အခု . . . နှစ် ၅၀ ပြည့်ခဲ့ရာ

ဒါဟာ . . .

ငါမမွေးခင်က အဖြစ်အပျက်တွေ

ဒါဟာ . . .

ငါမမွေးခင်က အစုလိုက်အပြုံလိုက် လူသတ်ပွဲအမှု

အခု . . .

ငါမမွေးခင်ကထဲက ရှိခဲ့တဲ့လူသတ်အဘိဓမ္မာဟာ

ငါမွေးပြီးတော့လည်း ရှိလို့ဆိုတော့ကာ

ငါ့မှာနားမလည်နိုင်အောင်ဖြစ်ရ

အဲဒီလို နားမလည်နိုင်အောင်ဖြစ်ရ

ငါ့တိုင်းပြည်သမိုင်းကို

ငါဟာ အရူးအမူးတူးဆွလို့။



( ၂ )



တူးဆွ

တူးဆွကြည့်တော့

ရာဇ၀င်မြေထုဟာတုန်ဟီး

ငို၊ ရှိုက်ညီးသံတို့အထပ်ထပ်

သွေးစိမ်းနံ့တို့အလွှာလွှာ

ငါတူးကြည့်တယ်

တစ်ထပ်ပြီးတစ်ထပ်တစ်လွှာပြီးတစ်လွှာ

အနက်ရှိုင်းဆုံးအလွှာမှာတော့

သန့်ရှင်းသောအရိုးတွေ တောင်ပုံရာပုံ

အလို

ခွပ်ဒေါင်းတို့ရဲ့ နီစွေးသောသွေးခဲအလွှာ

ငါ့ရင်ဟာတဆတ်ဆတ်

ရာဇ၀င်ထဲကယမ်းနံ့ဟာတဖျပ်ဖျပ်

ယမ်းနံ့လိမ်းကျံကံ့ကော်ရနံ့ဟာတပျံ့ပျံ့

အော်

မိုက်မလင်းနိုင်ဘု

အမိုက်ဇာတ်ကိုရွှင်ရွှင်ကြီး ‘က’ ခဲ့သူတို့ရဲ့ သေနတ်အဘိဓမ္မာ

ငါအံ့သြ သြချရမိပါတယ်

ငါအံ့သြ သြချရမိပါတယ်

အဲဒီလို

ငါအံ့သြ သြချရမိတဲ့ ငါ့တိုင်းပြည်သမိုင်းရယ်တဲ့လေ

တူးဆွ။



( ၃ )



တူးဆွ

တူးဆွကြည့်တော့

၁၉၆၂ တဲ့

ဘ၀တွေ အားလုံးမှောင်ကြီးကျ

အ၀ီစိမှာ ပိန်းပိတ်သွားရတဲ့

နှစ်ကာလများရဲ့ အစပေပဲ။



အဲဒီမှာ

၇ ဇူလိုင်လူသတ်ပွဲ တဲ့

ကျွန်းဆွယ်အရေးအခင်း တဲ့

တက္ကသိုလ်ရွှေရတုလှုပ်ရှားမှု တဲ့

ဦးသန့်ဈာပန အရေးအခင်း တဲ့

၇၅ ဇွန် ၆ ကျောင်းသားသပိတ် တဲ့

မှိုင်းရာပြည့် တဲ့

အလုပ်သမားအရေးအခင်း တဲ့

ရှစ်လေးလုံး အရေးတော် ပုံ တဲ့

. . . . . . . . . . . . . .တဲ့

. . . . . . . . . . . . . .တဲ့

အဲဒီအထဲမှာမှ

၇ ဇူလိုင်အရေးတော်ပုံဟာ

အထင်ကရနဲ့

မမေ့နိုင်စရာနဲ့

နောက်ဥဒါန်းဘယ်မကျေစရာနဲ့

ဒါဟာ

ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့အစ

စစ်အာဏာရှင်ဖီဆန်မှုရဲ့အစ

မဆလမျက်နှာဖုံးကိုခွာချပြ

ကျောင်းသားတိုက်ပွဲများရဲ့အစ

စစ်ဖိနပ်အောက်က

ကမောက်ကမပညာရေးကို ဆန့်ကျင်ခြင်းရဲ့အစ

ပြီး

စစ်အာဏာရှင်စနစ်ရဲ့

ဆိုင်းဆင့်သံ။



( ၄ )

တကယ်တော့

၇ ဇူလိုင် ၆၂ ဆိုတာ

ခွပ်ဒေါင်းတောင်ပံခတ်သံတဖျပ်ဖျပ်

ဘယ်ဖိနှိပ်ချုပ်ချယ်မှုမျိုးကိုမှ လက်မခံတဲ့ရပ်တည်ချက်နဲ့

ခွပ်ဒေါင်းသတ္တိလက်ဆင့်ကမ်းအရေးတော်ပုံ



ယုံကြည်ချက်အတွက် တွန်ကျူးသံမှာ

ဒီမှာ အကျဉ်းစခန်း

ဒီမှာ ငရဲခန်း

ဒီမှာ ဘဝ

ဒီမှာ အသက်

အို

ခွပ်ဒေါင်းအပေါင်းတို့ငဲ့

သင်တို့ရဲ့တောင်ပံများ

ရွှေရောင်တောက်ပ

တတောင်ကျိုးတတောင်ဆက်လို့

အတောင်ပံအဆက်ဆက်နဲ့လမ်းဖြစ်လို့။



အခု

သေနတ်သံမှာ

မိုင်းခွဲသံမှာ

နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။

သွေးစွန်းသွားရတဲ့ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်။

အခု

ဘ၀ဖြိုအမုန်းမှာ

မျက်ရည်ယိုဗုံးမှာ

အတုံးအရုန်းကျသွား အဓိပတိလမ်းကို

အမျှဝေရမယ်။

ဒီမိုကရေစီနှင့်အတူ ကြေပြုန်းသွား

တကသ အဆောက်အအုံနံရံများကိုအမျှဝေရမယ်။

အမျှဝေရမယ်။



( ၅ )



၇ - ၇ - ၆၂

အမုန်းသမိုင်းကိုစတင်ခဲ့သူတို့ရဲ့ရက်စက်ခြင်းမှာ

ညနေ ၅ နာရီ ၃၀ မိနစ်

ကံ့ကော်မြေကိုလောင်တိုက်သွင်းပစ်မလို့တဲ့

( သနက - ၄ ) တင်စစ်ကားနှစ်စီး

အကာလရဲ့မီးကို ထွန်းညှိလို့။



အစွယ်တလက်လက်

သွားရေတမြားမြား

လုံထိန်းဟာ

ဘီလူးယိမ်းနဲ့ ဂျီသရီး ဂျီဖိုး သစ်တွေကိုပိုက်လို့

ပစ်စမ်း ပစ်စမ်း

၃ မိနစ်ပစ် ၂ မိနစ်နား ၃ မိနစ်ပစ်

ပစ်စမ်း ပစ်စမ်း

အဆုံးမတော့ ရေဒီယိုကကြေငြာပါတယ်

၁၇ ဦးသေဆုံးသတဲ့

စစ်အာဏာရှင်စနစ်ဆိုတာ

မုသာဝါဒရဲ့ ဒုတိယကိုယ်ပွား

ကျောင်းသားတိုက်ပွဲသမိုင်းမှာတော့

ရာကျော် ကျောက်တိုင်ဆိုတာရှိခဲ့ပါပြီကော. . ကံ့ကော်။



ကံ့ကော်ရေ

မျက်မြင်သက်သေတွေကိုခေါ်ရရင်

မန္တလေးဆောင်၊ ရာမညဆောင်၊ ပင်းယဆောင် နံရံကကျည်ဆံရာ

တကသ မြက်ခင်းစိမ်းနဲ့ အဓိပတိလမ်း

ကံ့ကော်မြိုင်တန်းရေ

သင်ကိုယ်တိုင်လည်း မျက်မြင်သက်သေပါပဲလေ။



အခု

အပ်တိုတစ်ချောင်းမှမပါသူတို့ကို

ဓားဓားချင်း လှံလှံချင်း ထိပ်တိုက်ရင်ဆိုင်ရဲရင့်လိုက်ကြပုံများ

အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ

ရာကျော်ကျောက်တိုင်ဟာ နာကျင်စရာ

ပန်းခွေချကြ

အလေးပြုကြ

ဖဲကြိုးနက်ကိုချိတ်ကြ

၇ ဇူလိုင်တ၀ဂူသီချင်းကိုသီကြ

ဖက်ဆစ်အလောင်းကောင်ကိုမီးရှို့ကြ

ယုံတယ်

တစ်နေ့တော့

အာဏာရှင်စနစ်ဟာကျဆုံးမုချပါပဲ။



( ၆ )



ဇူလိုင် ၇ ရက် × × ၇ ရက်ဇူလိုင်

မမေ့နိုင်တဲ့ကျောင်းသားသမိုင်း × × ထာဝစဉ်နီ . . .

ငါတို့ဆိုတယ်။



၁ “မျက်စိမ်းသွေးပေ

ကံ့ကော်ကြွေသည်

ဤမြေမည်သို့ဖြစ်သနည်း” တဲ့

ငါတို့ဆိုတယ်။



၂ “သားသေကိုမှ

မမြင်ရသည်

မိဘကံခေဆိုးစွတကား” တဲ့

ငါတို့ဆိုတယ်။



၃ “ပင်ပျိုဆက်လက်

အညွှန့်တက်ကို

ရက်စက်သူများ ချိုးပစ်သည်” တဲ့

ငါတို့ဆိုတယ်။

ငါတို့ဆိုတယ်။

ငါတို့ဆိုခဲ့ပါတယ်။



( ၇ )





အို

စစ်အာဏာရှင်တစ်ဆက်

အသက်ပေါင်းများစွာနဲ့

ယဇ်ပူဇော်အရသာခံရက်သူတို့

ယဇ်ပလ္လင်ထက်

သင်တို့သေနတ်အဘိဓမ္မာဆီက

ငါတို့ရခဲ့တာ

ကြောက်မက်ဖွယ်စကားနှစ်ခွန်း

ဘ၀အားလုံးနစ်မွန်းခဲ့ရာ . . .

ဟုတ်ကဲ့ . . .

၁။ “ဓားဓားချင်း၊ လှံလှံချင်း ထိပ်တိုက်ရင်ဆိုင် သွားမတဲ့” တဲ့။

၂။ “ စစ်တပ်ဆိုတာ ဘယ်တော့မှမိုးပေါ် ထောင်မပစ်ဖူး” တဲ့။



ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတူးဆွရခဲ့မိသမျှ

နှစ် ၅၀ ပြည့်ခဲ့အရေးတော်ပုံ

ယုံတယ်

ဘယ်လိုမတရားတဲ့ ဖိနှပ်ချုပ်ချယ်မှုမျိုးကိုမဆို

( ဘယ်သမိုင်း ခောတ်မှာမဆို )

မြူတစ်မှုန်မျှတောင် အလိုမရှိတော်လှန်စိတ်ဓာတ်

၇ ဇူလိုင်ကပေးတဲ့စိတ်ဓာတ်

အဲဒီစိတ်ဓာတ်ကို

သစ္စာငတ်သူ ( ငါတို့ )

ရင်နဲ့လက်ဖျံမှာကပ်လို့။



သိကြ

ကျောင်းနံရံကိုလည်းမထိနဲ့

ဒေါင်းအလံကိုလည်းမဖိနဲ့ ဆိုလား . . .

ဒေါင်းအသံ ဒေါင်းမာန်နဲ့

ဒေါင်းတမန်တို့ အိုးဝေတေးကိုသီလို့။



သိကြ

ခွပ်ဒေါင်းဆိုတာ

အမှန်တရားဆိုတာ

အမှန်တရားဘက် ထာဝစဉ်မပြောင်းလဲစတမ်းရပ်တဲ့ဇာနည်

အမှောင်မှာ အဆန်ကိုပျံနေမယ့် သစ္စာဌက်

နံနက်မိုးသောက်ရင်တော့

အလင်းဆွတ်ရစမြဲပေါ့ ကံ့ကော်ရယ် . . . . ။

စံ ညိ မ်း ဦး

အပိုဒ် ( ၆ ) ပါ သုံးကြောင်းကဗျာအချို့မှာ ၇ ဇူလိုင်အရေးတော်ပုံအပြီး ထွက်ရှိတဲ့ ‘ တက္ကသိုလ်ဝန်းကျင်ကဗျာများ’ စာအုပ်ကဖြစ်ပါတယ်။
၁။ တရားခံ ၂။ စစ်နှင့်ပြည်သူ ၃။ တိုင်တည်ခြင်း ၄။ တန်ဘိုးမသိသူ



( ဗကသ ) နှင့်အတူ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်၊ အာဏာရှင် ကိုလှရွှေမှသည် ဟယ်ရီတန်၊ ကိုသက်၊ ကိုဗဆွေလေး၊ ဆလိုင်းတင်မောင်ဦးတို့အလယ်



ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့အဆုံး စသည်ဖြင့် ဗမာပြည်လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးသမိုင်းကို အသက်အသွေးဖြင့် လမ်းပြခဲ့ကြသည့် မြောက်မြားစွာသောအာဇာနည်၊သူရဲကောင်း အပေါင်းတို့အား ယခုကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုပါ၏။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved