ဦးသိန်းစိန် အစိုးရ ပေးစရာ အကြွေးတခု

Friday, August 3, 2012 6 comments


ကလိမ်ကကျစ်ထောက်လှမ်းရေးက သေဒဏ်စီရင်ချက်ချထားတဲ့ ကိုဖြိုးဝေအောင် ဒီကနေ့ ပြန်လွတ်လာပါပြီ။ အင်မတန်ကောင်းတဲ့သတင်းတပုဒ်ပါပဲ။

၂ဝ၁ဝ ပြည့်နှစ် X2Oသင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွေဟာ သူ့လက်ချက် ဆိုပြီး အစိုးရက သူ့ကို စွပ်စွဲ ထောင်ချခဲ့တာပါ။
သူ လွတ်လာပေမယ့် အိမ်မပြန်နိုင်သေးပါဘူး၊ ထောက်လှမ်းရေး အရာရှိများရဲ့ လက်ချက်ကြောင့် ဆေးရုံမှာ ရှိနေပါတယ်။

ဦးသိန်းစိန်အစိုးရက သူ့ကို လွှတ်ပေးတဲ့အတွက် အမြတ် ၂ ခု ထွက်ပါတယ်။
၁ - ပြည်တွင်းပြည်ပက ကျေးဇူးတင်ကြတယ်။
၂ - သူ့အမှုကို ပြန်စစ်ဆေးပေးပါ ဆိုတဲ့ တောင်းဆိုချက်တွေ ထွက်မလာခင် လွှတ်ပေးလိုက်တာကြောင့် မဟုတ်မတရား လုပ်ခဲ့တာတွေအတွက် ဖြေရှင်းချက်ထုတ်စရာ လောလောဆယ် မလိုတော့ဘူးဆိုပြီး ကျေနပ်နေလိမ့်မယ်။

ကိုဖြိုးဝေအောင် ၂၀၁၁ ဧပြီလမှာ အဖမ်းခံရပါတယ်။ ဦးသိန်းစိန် သမ္မတတာဝန်ယူထားချိန်မှာပါ။
ထောက်လှမ်းရေးက ကိုဖြိုးဝေအောင်ကို နည်းမျိုးစုံ နှိပ်စက်ခဲ့ပါတယ်။ ဦးသိန်းစိန် သမ္မတတာဝန်ယူထားချိန်မှာပါ။
ကိုဖြိုးဝေအောင်က သူဗုံးခွဲခဲ့ကြောင်း ၀န်ခံလက်မှတ်ထိုးလိုက်ရပါတယ်။ ဦးသိန်းစိန် သမ္မတတာဝန်ယူထားချိန်မှာပါ။
ကိုဖြိုးဝေအောင် သေဒဏ် စီရင်ချက် ချခံရပါတယ်။ ဦးသိန်းစိန် သမ္မတတာဝန်ယူထားချိန်မှာပါပဲ။

ဒီအမှုဟာ ဦးသန်းရွှေခေတ်က ဖြစ်ခဲ့တာပါလို့ ဆင်ခြေပေးလို့ မရပါ။

ဒီလို မဟုတ်မတရား လုပ်ခဲ့တာတွေအတွက် ဦးသိန်းစိန် အစိုးရ တာဝန်ရှိသူများက ဖြေရှင်းချက် ထုတ်ပေးရပါမယ်။
ကိုဖြိုးဝေအောင် အမြန်ဆုံး ပြန်လည်ကျန်းမာရေးအတွက် စီစဉ်ပေးရမယ်။ လျော်ကြေးတောင်းဆိုမှု ရှိခဲ့ရင် ပေးရမယ်။
ဒီအမှုမှာ မှားယွင်း စစ်ဆေး စီရင်တဲ့ ထောက်လှမ်းရေးတွေ၊ တရားရုံးဆိုင်ရာ အရာရှိတွေကို အရေးယူရမယ်။

ဒါတွေ မလုပ်ဘူး ဆိုရင် ဦးသိန်းစိန် အစိုးရ လက်ထက် တရားဥပဒေ စိုးမိုးရေးကို အနှောင့်အယှက် ဖြစ်ပါလိမ့်မယ်။

သင်္ကြန်မဏ္ဍပ် ဗုံးခွဲသူတွေကို ရအောင် လိုက်မဖမ်းနိုင်ဘဲ မဆိုင်တဲ့သူတွေ၊ သတင်းထောက်တွေကို ဖမ်းဆီး နှိပ်စက် ထောင်ချ။ ပြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နာမည်ကောင်းယူတာကတော့ အရင်အစိုးရလက်ထက် လုပ်ခဲ့တဲ့ အောက်တန်းကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။

ဒီမိုကရေစီအစိုးရလက်ထက်မှာတော့ ဒါမျိုး မလုပ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

ပြန်လွတ်လာတဲ့ ကိုဖြိုးဝေအောင် ဘာတွေ ပြောလဲ ???

0 comments


ပြန်လွတ်လာတဲ့ ကိုဖြိုးဝေအောင် က ဘာတွေ ပြောသလဲ...? သူ့ ကျန်းမာရေးနဲ့ ရောဂါက ဘယ်လို အခြေအနေ ရှိသလဲ..?

X2O သင်္ကြန်မဏ္ဍပ် ဗုံးဖေါက်ခွဲမှုနဲ့ သေဒဏ် ချမှတ်ထားခြင်းခံထားရသူ ကိုဖြိုးဝေအောင် လွတ်ငြိမ်းချမ်းသာခွင့် ပုဒ်မ ၄၀၁ နဲ့ ပြန်လွတ်လာပါတယ်။ ဖမ်းဆီးစစ်ဆေးချိန်မှာ ရဲတပ်ဖွဲ့ရဲ့ ညင်းပမ်းနှိပ်စက်ပြီး အဓမ္မဝန်ခံထွက်ဆို ခိုင်းတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

အသည်းကင်ဆာ ခံစားနေရတဲ့ ကိုဖြိုးဝေအောင်ဟာ ၃ လ နီးပါးကြာ အင်းစိန်ဆေးရုံ မှာ ဆေးကုသ ခွင့်ရခဲ့ပါ တယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တားနား မြန်မာပြည်ကို လာရောက်စဉ် ကိုဖြိုးဝေအောင်ကို သွားရောက် တွေ့ဆုံပြီးနောက် လေး ရက်မြောက်နေ့မှာ လွတ်မြောက်လာခဲ့တာပါ။

ရန်ကုန်ဆေးရုံကြီး အသည်း အထူးကုဆောင် ကို ပြောင်းရွှေ့ကုသဖို့ မိသားစုက ပြင်ဆင်နေဆဲမှာ ကိုဖြိုးဝေအောင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အပြည့်အစုံကို ဤနေရာကို နှိပ်ပြီး သွားကြည့်နိုင်ပါတယ်။

ဦးသိန်းစိန်ကို ရန်ကုန်မှာ ထောက်ခံ ဆန္ဒပြ

5 comments



ရန်ကုန်မြို့မြေနီကုန်းမီးပွိုင့်နားက ကုလသမဂ္ဂ ဒုက္ခသည်ရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြပွဲတခု ပေါ်ပေါက်ခဲ့ပါတယ်။ (ဓာတ်ပုံများ - ဧရာဝတီ)

ဓာတ်ပုံမှာ တွေ့ရတဲ့အတိုင်း ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာအရေးဆိုင်ရာပြောကြားချက်တွေကို တခဲနက် ထောက်ခံကြောင်း ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် -
သမ္မတ ကမ်းလှမ်းချက် UNHCR လက်မခံ







ရခိုင်ဒေသ ပဋိပက္ခ - Dateline Irrawaddy

2 comments

ဒီတပတ် ဒိတ်လိုင်းဧရာဝတီမှာ ရခိုင်ဒေသ ပဋိပက္ခအကြောင်း ထပ်မံ ဆွေးနွေး သုံးသပ်ထားပါတယ်။


ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

အိန္ဒိယရောက် ကာချုပ် မင်းအောင်လှိုင်

2 comments

နယူးဒေလီကို ရောက်နေတဲ့ ကာချုပ် မင်းအောင်လှိုင် ဒီနေ့မနက်မှာ အိန္ဒိယ အာဇာနည်တွေကို ပန်းခွေချ ဂါရ၀ပြုအပြီးမှာ အိန္ဒိယ ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။


~ အိန္ဒိယ ရေတပ်ဗိုလ်ချုပ်ကြီး နီရ်မာလ် ဗာမာ နဲ့ နှုတ်ဆက်နေတဲ့ ကာချုပ် မင်းအောင်လှိုင် ~ (ဓာတ်ပုံ - www.firstpost.com)

တပတ်ကြာ အိန္ဒိယ ချစ်ကြည်ရေးခရီးစဉ်ထွက်လာတဲ့ ကာချုပ် မင်းအောင်လှိုင်ဟာ ဒီနေ့ နယူးဒေလီမှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ အိန္ဒိယ ကြည်း၊ရေ၊လေ တပ်တွေက ဗိုလ်ချုပ်ကြီးတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ ကာလ်ကတ္တား၊ ဘန်ဂလောမြို့တွေကို သွားမယ်လို့ သိရပါတယ်။

ကိုဖြိုးဝေအောင် ပြန်လွတ်ပြီ

1 comments


X2O သင်္ကြန်မဏ္ဍပ်ဗုံးဖေါက်ခွဲမှုနဲ့ သေဒဏ်ချမှတ်ထားခြင်းခံထားရသူ ကိုဖြိုးဝေအောင်အား ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် အာဏာပိုင်များက ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

၂၀၁၀ ဧပြီလ ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး မေလ ၂၀၁၂ တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင်သည် ကင်ဆာ ရောဂါလည်း ခံစားနေရပြီး အောက်ပိုင်းသေနေ၍ အင်းစိန် ဆေးရုံ တွင် ဆေးကုသ ခံနေရသူဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာက ဇူလိုင် ၃၀ ရက်နေ့ တွင် ၎င်းအား အင်းစိန်ဆေးရုံတွင် သွားရောက်တွေ့ဆုံခဲ့ပြီး အားပေးစကားပြောကြားကာ လွတ်မြောက်ရေးလည်း ကြိုးစားပေးနေပါသည်ဟု မစ္စတာ ကင်တာနာက ပြောခဲ့သေးသည်။



အဆိုတော် အီတိုးတို့ရဲ့ အိမ်ထောင်ရေး ဘာဖြစ်သွားတာလဲ

7 comments

ဓာတ်ပုံ- myanmarcelebrity.com

မြန်မာနိုင်ငံက ရော့ခ် အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ သားဖြစ်သူ အဆိုတော် အီတိုး ခေါ် ကိုဝင်းထွဋ်သော်တာ ဟာ ဒေါ်မြင့်မြတ်သူနဲ့ ပေါင်းသင်းနေထိုင်စဉ်မှာ ခွင့်မလွှတ်နိုင်စရာတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့လို့ အခု
တော့ တရားရုံး တက်ကာ ကွာရှင်းလိုက်ကြပါပြီ လို့
ဒေါ်မြင့်မြတ်သူက သတင်းစာမှာ ကြော်ငြာထည့်ထားပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ ကွာရှင်းပြတ်စဲကြောင်း ကတိလက်မှတ်တွေ အသီးသီး ရေး ထိုးပြီးပြီ၊ ဒေါ်မြင့်မြတ်သူရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေမယ့် အပြောအဆိုအပြုအမူများ မလုပ်ပါနဲ့ လို့ ကြော်ငြာမှာ ရေးထားပါတယ်။



ဘာကြောင့် ဘာတွေဖြစ်တယ်ဆိုတာ အသေးစိပ်မပြောထားပေမယ့် သူတို့ ၂ ဦးမှာ သားလေး တဦး ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ကမှ သားဦးလေးကို ဖွားမြင်ခဲ့ကြတာပါ။

၂၀၀၈ ခုနှစ် အောက်တိုဘာလက ခြိမ့်ခြိမ့်သဲ မင်္ဂလာပွဲကို ဆင်နွှဲခဲ့ကြတာပါ။

အဲဒီတုန်းက မင်္ဂလာ ဘိသိက်သွန်းပွဲ နှင့် မော်ကွန်းတင် လက်မှတ် ရေးထိုးပွဲကို အောက်တိုဘာ လ ၂၁ ရက်နေ့ မနက် ၁၁ နာရီက ရန်ကုန်မြို့၊ ဆူးလေ ဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပခဲ့တာလည်း ဖြစ် ပါတယ်။

ရန်ကုန်မြို့၊ အမှတ်-၉၊ န၀ဒေးလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်နေ ဦးဇော်ဝင်းထွဋ် (EMPEROR MUSIC GROUP) နှင့် ဒေါ်မေခိုင်အုန်း တို့ရဲ့ သားငယ် ၀င်းထွဋ်သော်တာ(ခ) အီတိုးနဲ့ ရန်ကုန်မြို့၊ အမှတ်-၁၊ သီရိရတနာလမ်း၊ ဘောက်ထော် ၁၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်နေ ဦးနေ၀င်းထွန်း (ဥက္ကဌ RUBY DRAGON COMPANIES) နှင့် ဒေါ်နန်းအေးအေးမြင့် (ဒါရိုက်တာ RUBY DRAGON COMPANIES) တို့ရဲ့ သမီးဖြစ်သူ မြင့်မြတ်သူ တို့ရဲ့ မင်္ဂလာပွဲကို အီတိုး ရဲ့ အဘွားဖြစ်တဲ့ အဆိုတော် ထားက အတိုင်းမသိ အခါတော် အမည်ရ တေးသီချင်းနဲ့ သီကျူး ပေးခဲ့ပါတယ်။ ထားသီဆိုမှုမှာ တီးခတ်ပေးခဲ့တာက အလင်္ကာ ၀တ်ရည် မြန်မာသံ တေးဂီတ အဖွဲ့ပဲ ဖြစ်ပါတယ်။

အခုတော့ ဘာတွေ ဖြစ်ကုန်ကြတယ် မသိပါဘူး။


ဒု သမ္မတနှင့် အဖွဲ့ ရခိုင်ပြည်နယ်ရောက်

1 comments

အာဇာနည်နေ့အခမ်းအနား တက်လာသော ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဓာတ်ပုံ- Reuters

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် အစိုးရ ၀န်ကြီးတချို့ပါဝင်သော အဖွဲ့သည် ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့် တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ရောက်ရှိလာခဲ့ပြီး ရဟတ်ယာဉ်ဖြင့် မောင်းတောမြို့သို့ ဆက်လက်ထွက်ခွာ သွားကြောင်း ပြည်နယ်အစိုးရ၏ ရခိုင်ပြည်နယ် ပဋိပက္ခများ ဆိုင်ရာ ပြောခွင့်ရ ဦးဝင်မြိုင်က ဧရာဝတီကို ပြောပါတယ်။

ဒု သမ္မတနှင့် အဖွဲ့ သည် ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်မှုများကြောင့် ဒုက္ခရောက်သူများအား အကူအညီပေးရေး၊ ပြန် လည် ထူထောင်ရေးနှင့် ပျက်ဆီးသွားသည့် အိုးအိမ်များ ပြန်လည် တည်ဆောက်ပေးရေး ကိစ္စများအတွက် လေ့လာဖို့ လာရောက်တာလို့လည်း သိရပါတယ်။

ဒု သမ္မတနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်တွင် ၂ ရက်တာ ရှိနေမည်ဖြစ်ပြီး ဒုက္ခသည် စခန်းများကိုလည်း သွားရောက်မယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း စစ်တွေနဲ့ ပတ်ဝန်းကျင်မြို့တွေမှာ လုံခြုံရေးတွေလည်း တင်းကျပ်ထားတယ်လို့ သိရပါတယ်။

အစောပိုင်း သတင်းတွေအရ ရခိုင်ပြည်နယ်ကို သမ္မတ ဦးသိန်းစိန် လာမယ်ဆိုတဲ့အတွက် စစ်တွေမြို့က မြို့သူမြို့သား တွေက နိုင်ငံတော် အလံတွေနဲ့ ကြိုဆိုဖို့ ပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလည်း ဒုသမ္မတဟာ သမ္မတ ကိုယ်စားလာတာဖြစ်လို့ နိုင်ငံတော်အလံတွေ ဆက်လက်လွှင့် ထူဆဲဖြစ် တယ်လို့ ဒေသခံ တွေက ဧရာဝတီကို ပြောပါတယ်။


နေပြည်တော်ကို ရောက်ချင်နေတဲ့ ကျွဲဖြူလေး

5 comments

ကျွဲဖြူလေး၊ ဓာတ်ပုံ- အိမ့်သံစဉ်

တချိန်က စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အလိုဆန္ဒတော်ကြောင့် ဆင်ဖြူတော်တွေလည်း တောတောင်တွေကို စွန့်၊ ကောင်း ကောင်း အိပ်၊ ကောင်းကောင်းစားပြီး နောက်ဆုံး နေပြည်တော်မှာ အပူဇော်ခံ တွေဖြစ် လာတော့တာပါဘဲ။

အခုလို ဆင်ဖြူတွေ ကောင်းစားတဲ့သတင်းက တိရိစ္ဆာန်လောက က အားကျကုန်ကြတယ်။ ဒါနဲ့ သူတို့ လည်း မွေးလာမယ့် သား၊ သမီးတွေကို အဖြူရောင်ဖြစ်ဖို့ ဆုတောင်းကြတယ်။

တခါတရံ စိတ်ကူးထဲမှာ သူတို့ရဲ့ ခန္ဓာကိုယ်မှာ ခရုသင်းရောဂါစွဲချင်တာ။ ဒါပေမယ့် ဆုတောင်းတိုင်း ဖြစ် လာတာ မဟုတ် တော့ သူတို့လည်း နေပြည်တော် အိပ်မက်နဲ့ ဝေးနေရတာပေါ့။

ဒါပေမယ့် ကျွဲမိသားစု တစုကတော့ ဆုတောင်းပြည့်သွားတယ်။ သူတို့က မွေးလာတဲ့ သား၊ သမီးတွေထဲမှာ ကျွဲဖြူလေး ပါလာတယ်။

ဒါနဲ့ မိဘ ကျွဲမည်းတွေလည်း အရမ်းဝမ်းသာသွားကြတယ်။ သူတို့လည်း သား ကျွဲဖြူတော် ကို မှီပြီး ကောင်းမွန် တဲ့ ဘ၀ နေရတော့မယ်လို့ စိတ်ကူးနဲ့ပျော်နေတာပေါ့။

ကျွဲဖြူတော်လေးကလည်း တမိသားစုလုံးရဲ့ ဦးစားပေးတာလည်း ခံရတော့ ၀ဖီးနေတာပေါ့။



ကျွဲဖြူလေးက သူ့ စိတ်ထဲလည်း နေပြည်တော် ကိုပဲ မြန်မြန်ရောက်ချင်နေတာ။ နေပြည်တော် ရောက်ရင်ပဲ ဘာပဲပြောပြော သူ့ကို စစ် ဗိုလ်ချုပ်တွေရဲ့ ပူဇော် ကန်တော့တာတွေနဲ့ အညိမ့်သား နေရတော့မယ်ပေါ့။

နေပြည်တော်ကို ကျွဲဖြူတော်လေးလည်း ဘယ်တော့များမှ ရောက်ပါလိမ့်။

အခုတော့ ကျွဲဖြူလေးကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ မလှမ်းမကမ်းက ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး လွိုင်အင်ထနွန်
တောထဲမှာပဲ နေပြည်တော်က လာပြီး ပင့်တော်မှုမှာကို စောင့်ရင်း တောထဲက မြက်နဲ့ အရွက်တွေကို စားရင်း
စောင့်နေရပါတယ်။

အိမ့်သံစဉ်

ကိုကိုကြီး သို့ အိတ်ဖွင့်ပေးစာ

48 comments

သြဂုတ်လ၊ ၂ ရက်နေ့က ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်ကျေးရွှာိ မသီတာထွေး၏ ကျန်ရစ်သူ မိသားစုများကို အားပေးစကားပြောကြားနေသည့် ကိုကိုကြီးနှင့် ၈၈ မျိုးဆက်ကျောင်းသားတချို့၊ ဓာတ်ပုံ- ၈၈

ရှစ်လေးလုံးမျိုးဆက် ကျောင်းသားခေါင်းဆောင်

ကိုကိုကြီးရှင့်

အိပ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်ပါတယ်။ ကျမကတော့ ကျောင်းသားလှုပ်ရှားမှု၊ လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း
စစ်အစိုးရရဲ့ကြိုးပေးကွပ်မျက်မှုခံလိုက်ရလို့ ကျဆုံးသွားတဲ့ (၁၉၇၄- ၁၉၇၆ မျိုးဆက်) ကျောင်းသား ခေါင်းဆောင်
ဆလိုင်း ကိုတင်မောင်ဦးရဲ့ ညီမ မလှမြိုင် (ခေါ်) မိုင်ပိုပိုတင် ဖြစ်ပါတယ်။

ကျမတို့ မိသားစု အကြောင်းကို ကိုကိုကြီး ကြားဘူးကောင်း ကြားဘူးနိုင်ပါတယ်။ အနည်းငယ် ပြန်ပြီး မိတ်ဆက်ပါရ
စေ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲ ၀င်ခဲ့တဲ့ အတွက် အကိုကြီးက သေဒဏ်၊ ကျမက ထောင်ဒဏ် (၉) နှစ်၊ကျမ မောင် ကိုလှရွှေက ထောင်ဒဏ် (ရ) နှစ် ဘာမှ အပြစ်မရှိတဲ့ မိဘနှစ်ပါးက ထောင်ဒဏ် (၅) နှစ်စီ၊ မောင် အငယ်ဆုံး ကလေး မောင်သန့်ဇင်က နှိပ်စက်ညှင်း ပမ်းခံခဲ့ရ စသဖြင့် မိသားစု တစုလုံးဘ၀ပျက် ခဲ့ရတာ မြန်မာ နိုင်ငံ တနိုင်ငံလုံးမှာ ကျမတို့ မိသားစု တစုဘဲ ရှိမယ် ထင် ပါတယ်။ ဒီလို ဘ၀ပေး အသိရရှိခဲ့ တာကြောင့် စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံ မုန်းပြီး၊ စစ်အာဏာရှင်စနစ် ကို ဆန့်ကျင် တိုက်ပွဲဝင်တဲ့ ရဲရင့် သတ္တိရှိတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကိုလေးစား ချစ်ခင်တဲ့  နေရာမှာ ကျမတို့ ထက်သာသူ မရှိ ဘူးလို့ တောင် ပြောနိုင်ပါတယ် ရှင်။

ကျမတို့  မိသားစုဟာ ရှစ်လေးလုံးမှာ တတပ်တအား ဆက်လက်ပါဝင်ဆင်နွှဲပြီး ပြည်တွင်း မှာ နေလို့ မရတော့လောက်အောင်ကို အခြေအနေ ဆိုက်ရောက်လာတဲ့ အတွက် ရှစ်လေးလုံးပြီးကထဲက ထွက်လာကြပြီး အခုတော့ ကနေဒါနိုင်ငံမှာ အခြေချ နေထိုင်လျှက်ရှိပါတယ်။

ကျမရဲ့ အကိုကြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ကျဆုံးတဲ့ နှစ်ပတ်လည်နေ့ ကို ပြီးခဲ့တဲ့ ဇွန်လ၂၆ ရက်နေ့ တုံးက ရန်ကုန်မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာမှာ ဦးဆောင်သူတွေ ဖြစ်တဲ့ (အသက်ကြီး လှပြီဖြစ်ပေ မယ့် သတ္တိရှိစွာ လှုပ်ရှားဆဲဖြစ်တဲ့) သတင်းစာ ဆရာကြီး ဦးဝင်းတင်၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၁၉၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နဲ့ အခြားခေါင်းဆောင်များ အားလုံးကို ကျေးဇူးတင်ကြောင်း ပထမ ပြော ခြင်ပါတယ်။ အဲသည်ပွဲမှာ ဦးဆောင်ကျင်းပသူတွေ ဒါမှမဟုတ် တက်ရောက်သူတွေ ထဲမှာကိုကိုကြီး လဲ ပါရင် ကျေးဇူး တင်ပါရစေ ရှင်။


ရှစ်လေးလုံးအတွင်းမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်ဆင်နွှဲ ခဲ့ကြတာတွေ၊ ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုကြီး မတိုင်ခင် လူထုလှုပ်ရှားမှုကို စတင် ဦးဆောင်ခဲ့ကြတာတွေ၊ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရင်း ထောင်ထဲမှာ ကောင်းမွန်စွာရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတာတွေ စတာတွေကို ကျမတို့ မိသားစု တစုလုံးက လေးစား အသိအမှတ်ပြု လျှက်ရှိဆဲပါ ရှင်။

အခုလူတွေ အတော်များများပြောနေကြတဲ့ အပြောင်းအလဲဆိုတာကို ကျမတို့ မိသားစုတစုလုံး မျက်ခြေ မပြတ်ကြည့်နေပါတယ်။ ကျမတို့ ကတော့ လုံးဝ မယုံဘူး။ ဘာကြောင့်လဲဆိုတော့ အသွင်သဏ္ဍာန် အရသာ အရေခွံဟောင်းကို ခွာ၊အေ၇ခွံအသစ်ကို ထပ်တင်လိုက်တာကလွဲလို့  အနှစ်သာရ အရ ဘာမှ မပြောင်းဘူး။

၁၉၆၂ ခုနှစ်တုံးက ကျောင်းသားသမဂ္ဂကို ဖြို၊ သားသမီးတွေလို သဘောထားရမယ့် ကျောင်းသားတွေကို သတ်ပြီး ဗိုလ်ချုပ် နေ၀င်းက ဓါးဓါးခြင်း လှံလှံခြင်း စိမ်ခေါ်ခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ ကိုကိုကြီး အမွှမ်း တင်ဘို့ အစချီလာတဲ့ တပ်မတော် ဆိုတာဟာ သည်အတွေး အခေါ်နဲ့ သည်အနှစ်သာရကို ဆက်လက်ကိုင် စွဲထားတာကို သတိမပြုမိဘူး လားရှင့်။ အခု ခဏကလေးဖုံးထားတဲ့ အချိန်မှာတောင် မအောင့်နိုင်ဘဲ ပြီးခဲ့တဲ့ ဆဲဗင်း ဇူလိုင် နှစ်ငါးဆယ်ပြည့်နေ့မှာ ကျောင်းသားတွေကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့ တယ် မဟုတ်လား။ ဒါက စစ်အာဏာရှင်စနစ်ရဲ့ အစွယ်ကို တချက်လောက်ဘဲ လှစ်ပြလိုက်တာ မဟုတ်ပါလားရှင်။

အပေါ်ယံ အပြောင်းအလဲတွေ၊ လိုက်လျောမှုတွေ လုပ်ပြနေပေမယ့် စစ်အာဏာရှင်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်တက်နင်းရပ်ပြီး အခုအချိန်မှာ ခိုင်ခိုင်မာမာဆက် တည်ရှိနေတယ် ဆိုတာ ကိုကိုကြီး သိမှာ မလွဲပါဘူး။

အဲဒါသာမကဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ စစ်ဗိုလ်ချုပ်သစ်တွေကဘဲ တိုင်းပြည်အာဏာကို ဆက်လက် ချုပ်ကိုင်ထားတာကြောင့်လူသစ်တွေလဲ နေရာရသင့်တယ်ရယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
တောင် ပြောဆိုသွားခဲ့တာကိုကိုကြီးကြားမှာပါ။

ဒီလို နောက်ခံအခြေအနေအောက်မှာ ရိုဟင်ဂျာ ကိစ္စကြီး ဖြစ်ပေါ်လာတယ်။ အဲသည် အပေါ်မှာ ကိုကိုကြီး တိုင်းသိပြည်သိ ပြောကြားလိုက်တဲ့ အောက်ပါ စကားတွေကို ကြားလိုက်ရတော့ ကျမတို့ အံသြ တုန်လှုပ် သွားခဲ့တယ် ရှင့်။

ဒါကြောင့်လဲ ဒီ အိပ်ဖွင့်ပေးစာကို ရေးလိုက်တာပါဘဲ။

" ရိုဟင်ဂျာ ကိစ္စမှာ ကွန်တော်တို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတဲ့အချိန်မှာ တတ်နိုင်သမျှ သည်းခံဆောင်ရွက်နေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ကိစ္စ ကို အခု အပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့  ဘူးသီးတောင် မောင်းတော ကိစ္စတွေမှာနိုင်ငံတကာ နိုင်ငံကြီးတွေက မြန်မာနိုင်ငံ ကိစ္စကို အပြည် အစုံနားမလည်ဘဲ ၀င်ရောက်ပတ်သတ် စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး.။ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်ခြာကို ထိပါးတယ်လို့ ကျွန်တော်တို့သတ်မှတ်ပါတယ်။ နိုင်ငံ တကာ နဲ့မျက်နာ မပျက်အောင် ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှု ကိုယ်ခြင်းစာနာမှု နဲ့ လိုက်လျောမှုကို နိုင်ငံကြီး
တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော် နဲ့ လက်တွဲဖြေရှင်းသွားမယ်..။”

အထူးသဖြင့် ကိုကိုကြီးရဲ့အောက်ပါ စကားလုံးတွေ ဟာ ကျမတို့ မိသားစုကို အံ့သြတုန်လှုပ်သွားစေပါတယ်။
"နိုင်ငံကြီး တွေက ဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့ တပ်မတော် နဲ့လက်တွဲ ဖြေရှင်း သွားမယ်..။”

ကိုကိုကြီးရဲ့ အဲသည်စကားကို နားထောင်ပြီးတဲ့အခါမှာ ကိုကိုကြီးဟာ စစ်အာဏာရှင်စနစ်ကို တကယ်ပြတ်ပြတ် သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသား ခေါင်းဆောင်တဦးမှ ဟုတ်ပါရဲ့လား ရယ်လို့ ကျမတို့ သံသယ ၀င်သွားခဲ့တယ် ရှင့်။ ကိုကိုကြီးလေမျိုးကို ကျန်တဲ့ကျောင်းသားတွေ အတုယူလာရင် စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ကျောင်းသားတွေ ဖြစ်မလာဘဲ စစ်အာဏာရှင်စနစ်ကို အကျိုးပြု တဲ့ ကျောင်းသားတွေ ဖြစ်သွားမှာ စိုးရိမ်မိတယ်။

ရှစ်လေးလုံးကာလ အတွင်းမှာ ဒီမိုကရေစီ ဖခင်ကြီး ဦးအောင်ကြီး သက်တော်ရာကျော် ရှည်ပါစေလို့ လူထုက တန်ဘိုးထား ကြွေးကြော်ခဲ့ရာကနေ ဦးအောင်ကြီးက "တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့  ” လို့ပြောခဲ့ တဲ့ အတွက် လူထုက နိုင်ငံရေး မြောင်းထဲကို ပြန်ဆွဲချလိုက်တာ ကိုကိုကြီး သတိရစေခြင်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းသယောင်နဲ့ စစ်အာဏာရှင်စနစ်ကို သာ ခိုင်မာအောင် လုပ်နေကြ တာ မျက်မြင်ပါဘဲ။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တိုက်ပွဲတွေကို ပုံသဏ္ဍာန် မျိုးစုံနဲ့ဆက်ပြီး ဆင်နွှဲသွားအောင် ရှင်းလင်းတဲ့ အမြင်တွေ တင်ပေး၇မယ့် အစား စစ်အာဏာရှင်စနစ်ကို ဒူးထောက်တဲ့ လမ်းကြောင်းကို ဦးတည်မယ့် စကားလုံးတွေကိုကျောင်းသားခေါင်း ဆောင်တဦး အနေနဲ့  မသုံးသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေရှင်။

၁၉၆၇ ခုနှစ် အာဏာရှင် ဗိုလ်ချုပ်နေ၀င်း ဖန်တည်းခဲ့တဲ့ တရုတ်မြန်မာ အရေးအခင်းတုံးက ကျမတို့ မိဘတွေရောကျမအကိုကြီး ဆလိုင်း ကိုတင်မောင် ဦးပါ ကြုံခဲ့ပြီးပြီ။ ဆန်ပြသနာဖြစ်ပြီး စစ်တွေမှာ ဆန်လုပွဲတွေပေါ်တော့ ရခိုင်လူထုတွေကို စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ သို့ မဟုတ် ငယ်သေးလို့ များ မသိတာလား။ ဆန်ပြသနာ အရေးအခင်းကို အာရုံလွှဲခြင်တော့ တရုတ် ဗမာ အဓိကရုဏ်းဖြစ်အောင်နေ၀င်းက ဖန်တည်းခဲ့တယ်။

တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေထုတ်၊ သူ့ လုံခြုံရေး အဖွဲ့ လက်ပါးစေတွေ ကိုအရပ်ဝတ် လဲ၊ အခြေမဲ့အနေမဲ့  လူရမ်းကားတွေကို မြှောက်ပေး၊ တရုတ်အိမ် တွေကို ၀င် ရောက် မီးရှို့ဖျက်ဆီး (တချို့
သတ်ဖြတ်တာတွေပါ) လုပ်ကြတော့ မီးသတ်ကားနဲ့ စစ်တပ်က လူအုပ်ကြီး နောက်က လိုက်ပေးတယ်။ ဘာမှ မတားဆီးဘူး။ အရေးမယူဘူး။ အခြားအိမ်တွေ မလောင် အောင်သာ မီးငြိမ်းပေးတယ်။ တရုတ်မိသားစုတွေကို သတ်ဖြတ်၊နှိပ်စက်၊ တရုတ်အိမ်တွေ မီးရှို့တဲ့ လူရမ်းကားတွေ အပေါ် ဘာမှ ထိထိ ရောက် ရောက် အရေးမယူခဲ့ဘူး။

ကျမ အကိုကြီး ဆလိုင်းကိုတင်မောင်ဦး ဆိုရင် အဲသည်တုံးက သူ့ အသက် (၁၆) နှစ်ဘဲရှိသေးတာပေါ့။ အသက်ဘေးကနေ လက်လွတ်ထွက်ပြေးကြရတဲ့ တရုတ်မိသားစု တစုကို ဘုန်းကြီးကျောင်းထဲမှာ ၀ှက်ပြီး ကယ်ခဲ့သေးတယ်။

တရုတ်တွေ အပေါ် လူမျိုး မတူတာ အပထား၊ လူသားချင်း စာနာစိတ်နဲ့ (ဘာပြစ်မှုမှ မကျူးလွန်တဲ့ လူတွေရဲ့) လူ့အသက်တွေကိုတော့ကယ်တင်သင့်တယ် ဆိုတဲ့ ခံယူချက်နဲ့ ကိုတင်မောင်ဦး သည်လို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ရှင့်။
စစ်အာဏာရှင်တွေက လူမျိုးရေး အဓိကရုဏ်းတွေဖြစ်၊ တိုင်းပြည်မတည်မငြိမ်အောင် သူတို့ ဘဲဖန်တည်းပြီး လက်နက်အားကိုးနဲ့အုပ်ချုပ်ခွင့်၇အောင် အဲသည်လို လုပ်ခဲ့ကြတာပါ။ ကိုကိုကြီးပြန်စဉ်းစားကြည့်ပါ။ ရခိုင်ပြည်နယ်မှာ သည်လိုမျိုးဖြစ် မှာ ကျမတို့ သိတ်ကို စိုးရိမ်တယ်။ ဖြစ်သွားခဲ့ပြီ လို့ လဲ ယူဆတယ်။

ကျမတို့ က ရိုဟင်ဂျာတွေ ဘက်က သတ်ဖြတ်ကျူးလွန်မှုတွေ မရှိဘူးလို့ ဘက်လိုက်ပြီး ခုခံ ကာကွယ်ပြောဆိုနေတာမဟုတ်ဘူးရှင့်။ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံရတာတွေ ရှိသလို ဗလီတွေ ဖျက်ဆီးခံရတာတွေ ရှိကြောင်းကြားရတယ်။
ပြစ်မှုကျူးလွန်တဲ့ နှစ်ဘက်လုံးကို ထိထိရောက်ရောက် အရေးယူပေါ့။ အဲသလို မဟုတ်ဘဲနဲ့ အမျိုးသားရေး ကိစ္စဆိုပြီးရိုဟင်ဂျာတွေကိုသာကွက်ပြီး သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လူမဆန်တဲ့ အပြုအမူတွေ ပြုကျင့်မယ် ဆိုရင်တော့ ကျမတို့လက်မခံနိုင်ဘူး ရှင့်။ ကိုကိုကြီး သုံးနှူံးသွားတဲ့ စကားလုံးအသုံးအနုန်းတွေဟာ သည်လို မတရားတာတွေ ပြုကျင့်စေဘို့ အားပေးရာ ရောက်တာမျိုး မဖြစ်သင့်ဘူးလို့  ပြောပါရစေ။

ကိုကိုကြီး အပါအ၀င် ပြည်တွင်းကလူထုတွေ တကယ့်အများစုကြီးဟာ ဆယ်စုနှစ် တချို့လောက် ပြင်ပ ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ခံထားခဲ့ရတယ်။ မြန်မာနိုင်ငံလိုဘဲ စစ်အာဏာရှင် လွှမ်းမိုးကြီးစိုးခဲ့တဲ့  အင်ဒိုနီးရှားနိုင်ငံကိုထွက်ပြီးလေ့လာကြည့်ပါ။ မြန်မာနိုင်ငံမှာ အခု လူထုတွေ အများစုကြီးက အပြောင်းအလဲ လို့  ယူဆနေကြတဲ့ အနေအထားတွေဟာလွန်ခဲ့တဲ့ ၁၅ နှစ် လောက်က (၁၉၉၇ ခုနှစ်အထိ) အင်ဒိုနီးရှား နိုင်ငံမှာ အာဏာရှင် ဆူဟာတိုက ကျင့်သုံးခဲ့တဲ့ GuidedDemocracy လို့ ခေါ်တဲ့ လမ်းညွှန် ဒီမိုကရေစီ အောက်က ရခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးကို တောင်မမှီသေးဘူးရှင့်။

အခုမြန်မာနိုင်ငံမှာ အာဇာနည်နေ့မှာ ဆန္ဒပြခွင့်ကလေးတွေ ရလာတာကို လူထုတွေက ကျေးဇူးတင်နေကြရ တဲ့အဆင့်ဘဲရှိသေးတယ်။ သည့်ထက်သာတဲ့ အခွင့် အရေးမျိုးတွေကို အင်ဒိုနီးရှားမှာ အာဏာရှင် ဆူဟာတို ရှိစဉ်ကထဲက ရခဲ့တာပါ။ တကယ်တော့ အနှစ်သာရအရ ဘာမှ မပြောင်း လဲသေးဘူးဆိုတာရှင်းနေပါတယ်။
ဘာဘဲဖြစ်ဖြစ် ရသမျှ အခွင့်အရေးကလေးတွေကို ယူပြီး စစ်အာဏာရှင်စနစ် ကို တောက်လျှောက်ဆန့် ကျင် တိုက်ပွဲဝင်ခဲ့ တဲ့ အတွေ့အကြုံရှိတဲ့ မြေပေါ်တော်လှန်ရေးသမားကြီးတွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းကြီး
တွေ၊ ၁၉၆၂ ခုနှစ်ကျောင်းသားခေါင်း ဆောင်ဟောင်းကြီးတွေက အချင်းချင်း အပြန်အလှန် စုစည်း စည်းရုံးနေ ကြတာတွေ၊ ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့ ခေါင်း ဆောင်တဲ့ ရှစ်လေးလုံးမျိုး ဆက်ကျောင်းသားတွေက တပြည်လုံး ထွက်၊ စည်းရုံးလှုပ်ရှားနေကြတာတွေ၊ ကိုကျော်ကိုကို ခေါင်းဆောင်တဲ့ ဗကသ ကျောင်းသားတွေက တပြည်လုံး မှာ ဗကသ တွေ ပြန်လည် ဖွဲ့စည်းဘို့ လုပ်နေကြတာတွေ၊ ဒါတွေ အားလုံးကို ကျမတို့ လုံးဝ တန်ဘိုး ထား အသိအမှတ်ပြုပါတယ်။

အခက်အခဲတွေအကြားကနေ လုပ်နေကြရတဲ့အခြေအနေကိုလဲ သဘောပေါက်ပါရဲ့ရှင်။

ဒါပေမယ့် တချိန်ထဲ မှာ လူထုတွေကျောင်းသား တွေကို အခြေအနေမှန်ကို အမှန်အတိုင်း အသိပေး ဘို့ ၊ မြှော်လင့်ချက်အမှားတွေ ရှိမလာ စေဘို့ ၊ နိုင်ငံရေး အရ လမ်း ကြောင်းချော်သွားစေမယ့် အပြောအဆို မျိုးတွေ မပြောမိစေဘို့  ရိုးရိုးသားသား အကြံပေး ခြင်တာကြောင့် သည်စာကို ရေးလိုက် တာပါဘဲရှင်။

"ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက အမျိုးသားရေး ကိစ္စအဖြစ် သတ်မှတ်ပြီး မြန်မာ့ တပ်မတော်နှင့်လက်တွဲဖြေရှင်းသွားမယ်..”လို့ ကိုကိုကြီး ပြောသွားခဲ့တယ်။ "ဒီမိုကရေစီ အင်အားစုတွေ အားလုံးကလို့” ကိုကိုကြီးဘာကြောင့်သုံးသွားတာလဲ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သဘောဆန္ဒလဲ တိတိကျကျ ထုတ်ဖေါ်တာ ဘာမှ မကြားရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ဖွင့်ပြောတာ လဲ နားထောင်ခွင့်မရသေးဘူး။ ရိုဟင်ဂျာတွေက ရခိုင်လူထုအပေါ် သတ်ဖြတ်တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ ရွာတွေ မီးရှို့တာ၊ ရှိရင် အဲဒါတွေ အားလုံးကို ကျမတို့ ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ ထိထိရောက်ရောက်အရေးယူဘို့လဲတောင်းဆိုတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရော ဒေါ်အောင်ဆန်းစုကြည်က ပါရိုဟင်ဂျာနဲ့ ရခိုင် လူထုတွေ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး အသွင် ဆောင်တဲ့ ပြဿနာမှာ အမျိုးသားရေးလို့ သတ်မှတ်တယ်ဆိုပြီး ဘက်တဘက် ထဲ က ဘဲရပ်၊ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်ခြင်သလိုသတ်ဖြတ်၊ ရက်စက်ခြင်သလို ရက်စက်၊လူသားချင်းစာနာထောက် ထားတဲ့ အခြေခံကနေ အသက်ရှင်ရပ်တည်လို့တောင် မရအောင် ခံစားနေကြရတဲ့ အခြေ
အနေ မျိုးဖြစ်စေ မယ် ဆိုရင် တော့ ဒါကို လျှစ်လျှရှုထား၊ မသိခြင်ယောင်ထားပြီး ထောက်ခံတဲ့ သဘောနဲ့ နေလိမ့်မယ်လို့  ကျမတို့ တော့မထင်ဘူးရှင့်။

ပြီးတော့ ဒီမိုကရေစီ အင်အားစုတွေ အားလုံးက လို့ ကိုကိုကြီး သုံးသွားတာ ကျမတို့ လို မလွှဲသာ လို့ တိုင်းပြည် ပြင်ပရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အင်အားစုတွေ၊ နိုင်ငံတကာမှာ ရောက်နေကြတဲ့ ဒီမိုကရေစီ ရေးလှုပ်ရှားတက်ကြွတဲ့အဖွဲ့ အစည်းအသီးသီးတွေ ကို ထည့်မတွက်တော့ဘူးလား ရှင့်။ ဒီမိုကရေစီ အင်အားစုတွေ အားလုံးကို ကိုယ်စားပြုပြီး ပြောခြင်ဆိုခြင်တယ် ဆိုရင် သူတို့ သဘောထားဆန္ဒကို ကြိုတင်မေးဘို့ မလိုဘူးလား။ ဒီပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးဟာ ကိုကိုကြီးတို့ ထောင်ထဲမှာ ရှိနေတုံးက နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဘို့ ကမ္ဘာပတ်ပြီး တောင်းဆို၊ စစ်အစိုးရကို ဖိအားပေး ခဲ့ကြသူတွေပါ။ သူတို့ သဘောဆန္ဒကိုရော အလေးမထားသင့်ဘူးလား။ သူတို့ သဘောဆန္ဒ ကို လဲ မယူ ဘဲနဲ့ ကိုကိုကြီးနဲ့ နီးစပ်သူ တချို့လောက်ရဲ့ သဘောထားနဲ့ဘဲ ဘာကြောင့် အမျိုးသားရေး ကိစ္စဆိုပြီး သတ်မှတ်လိုက်တာလဲရှင့်။

ဒီမိုကရေစီအင်အားစုတွေအားလုံးက သတ်မှတ်တယ် ဆိုရင်ရော ဒါဟာအမျိုးသားရေးကိစ္စဖြစ်သွားပြီလား။ စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်တိုက်ပွဲဝင်နေတဲ့  တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ ရဲ့ သဘော ဆန္ဒကို မယူသင့်ဘူးလား။ သူတို့ သဘောမပါဘဲနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အစိုးရသစ်နဲ့ သဘောထားခြင်းတူရုံနဲ့ အမျိုးသားရေးကိစ္စလို့သတ်မှတ် လို့ရပါ့ မလားရှင့်။အခု ရိုဟင်ဂျာ ရခိုင်အရေး အခင်းမှာ တာဝန်အရှိဆုံးက ဘယ်သူလဲ။ ကိုကိုကြီး စဉ်းစားကြည့်ပါ။

လက်ရှိ တက်နေတဲ့သမ္မတ ဦးသိန်းစိန် နဲ့ သူ့အောက်က ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေဘဲ။ တိုင်းပြည်အုပ်ချုပ်နေရင်ကိုယ့်လူထုအကြောင်းကို ကိုယ်သိရ မှာပေါ့။ ရိုးရိုးသားသား ဖြစ်ဦးတော့ ရခိုင်ပြည် နယ်မှာ ဒါမျိုးဖြစ်လာရင် လူမျိုးရေးပဋိပက္ခဖြစ်သွားနိုင်တယ် ဆိုတာ ကလေး က အစသိတယ်။ ဖြစ်ဖြစ်ခြင်း ဘယ်ဘက်ကဘဲ ကျူးလွန်ပါစေ၊ ပြစ်မှုကျူးလွန်သူနှစ်ဖက်လုံးကို ချက်ခြင်း အရေးယူ၊ လုံခြုံရေးတပ်ဖွဲ့တွေ ချက်ခြင်းချ၊ လူထုအတွင်း ရှင်းလင်းမှုတွေ ချက်ခြင်းလုပ်။

အဓိကရုဏ်း မဖြစ်အောင် တားဆီးနိုင်ရမှာပေါ့။ သည်လို ဘာကြောင့် မလုပ်ခဲ့သလဲ။ သမိုင်းအတွေ့အကြုံတွေ အရစဖြစ်ကထဲက ကျမတို့ မှာ သံသယရှိခဲ့တာ။ အခု နိုင်ငံတကာလူ့ အခွင့်အရေးအဖွဲ့အစည်းကြီးဖြစ်တဲ့  Human RightsWatch ရော အခြားလူ့အခွင့်အရေး အဖွဲ့ အစည်းတွေ အတော်များများကပါ က ဦးသိန်းစိန် အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို အတိအကျစွပ်စွဲလာတဲ့ အခါကျ တော့မှ ကျမတို့ ပိုပြီး သေချာသွားတယ်။

တကယ်တော့ သံလျှက်တော်ယူတဲ့ သူခိုးက ဆိုတဲ့ ဇာတ်ထဲကလို ဘုရင်ကိုယ်တိုင်က သူခိုးဖြစ် နေတာဘဲ မဟုတ်လား။ ဦးသိန်းစိန် ဦးဆောင်တဲ့ စစ်အာဏာရှင်လက်သစ်တွေက တရားခံဖြစ်နေတာ မဟုတ်ဘူးလား။ အားနည်းသူရိုဟင်ဂျာတွေကို ဖိနှိပ်ရက်စက်၊ ရခိုင်အမျိုးသားတွေကို ကာကွယ်သယောင်ပြပြီး စစ်တပ်ကို လူစွမ်းကောင်းနေရာမှာရောက်အောင်တွန်းတင်တဲ့ အကြံနဲ့ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းကြံစည်တဲ့အထဲမှာ ကိုကိုကြီးက ဘာကြောင့်ပါခြင်ရတာလဲ။

ရိုဟင်ဂျာတွေ ၀င်လာတာဟာ အမျိုးသားရေးကို ထိပါးတယ်၊ အမျိုးသား လုံခြုံရေးပြသနာဖြစ်တယ် ဆိုရင် တရုတ်တွေကိုတော့ ဘာကြောင့်အရေးမယူသလဲ။ မန္တေလေး တမြို့လုံးလောက်နီးနီး တရုပ်တွေ သိမ်းထားသလို ဖြစ်တာဘယ်လိုရှင်းမလဲ။ လူဝင်မှုကြီးကြပ်ရေးကို အကြီးအကျယ်လာဘ်ထိုးပြီး နိုင်ငံသားလက်မှတ် အမျိုးမျိုး ကိုင်နေကြတာတွေကိုဘယ်လို ရှင်းမလဲရှင့်။

နိုင်ငံခြားသားတွေ ဆယ်စုနှစ်တချို့အတွင်း သန်းတချို့ချီပြီး ၀င်လာတဲ့ ကိစ္စမှာ အဓိက တာဝန်ရှိသူတွေဟာ ၁၉၆၂ ခုနှစ်ကစပြီး တိုင်းပြည်ကို အာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေ မဟုတ်ဘူးလား။ တရုတ်ပြည်ကအခု အချိန်မှာ အင်အားတောင့်တင်းနေတော့ စစ်အာဏာရှင်တွေက ကြောက်တာကြောင့် တရုတ်ကိုတော့ ဘာမှ သွားပြီးပြဿနာ မရှာရဲ၊ အားနည်းတဲ့ ရိုဟင်ဂျာတွေကို ဖိထောင်းပြတာမျိုးဟာ တရားရဲ့လား။ သည်လိုတရားမဲ့ လုပ်တဲ့အတွက် မကောင်းတဲ့ အကျိုးဆက်အနေနဲ့ ရခိုင်အမျိုးသားလူထုတွေ အတွင်းမှာ မတည် မငြိမ် တောက်လျှောက် ဖြစ်၊ ကိုယ့် လုံခြုံရေးတောင် ကိုယ်စိတ်မချရဘူး ဆိုရင် စီးပွားရေး လဲ စိတ်အေးလက်အေး လုပ်ခွင့်မရ၊ ဒီ လိုအခြေအနေဟာ ရခိုင် လူထုအတွက် အမျိုးသား အကျိုးစီးပွား လို့ ပြောနိုင် ပါ့မလားရှင့်။

ကျမတို့ မိသားစုအနေနဲ့ကတော့ ရိုဟင်ဂျာလူထုအပေါ်ဖြစ်ဖြစ်၊ ရခိုင်လူထုအပေါ်ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖေါက် တာ၊Genocide လို့ ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှာ မျိုးကိုတော့ ဘယ်လိုနည်းနဲ့ ဘယ်အကြောင်းပြချက်နဲ့မှ လက်မခံနိုင်ဘူး ဆိုတဲ့အကြောင်း ကိုကိုကြီးကို အသိပေးလိုက်ပါရဲ့ ရှင်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စိတ်ဓါတ်ကို ကျမတို့ မိသားစုဟာ အသက်နဲ့ရင်း ဘ၀နဲ့ရင်းပြီးထူထောင် ခဲ့ရတာပါ။ တချိန်ကျရင် စစ်အာဏာရှင်စနစ်ဟာ မြန်မာနိုင်ငံမှာ ပြုတ်ပြုတ်ပြုန်းသွားလိမ့်မယ် လို့  လုံးဝယုံ ကြည်တယ်။တော်လှန် ရေးဟာ မပြီးသေးဘူးလို့ ကျမတို့ ခံယူတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲဟာ နည်းလမ်းပေါင်းစုံနဲ့အရှိန် အဟုန်ပြင်းပြင်းလာဦးမယ်လို့ ကျမတို့ တွက်တယ်။ အရေးကြီးတာက စိတ်ဓါတ်ဘဲ။ ကျောင်းသားခေါင်းဆောင်ဆလိုင်း ကိုတင်မောင်ဦးဟာ သူ့ အသက်ကို ပေးပြီး စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးစိတ်ဓါတ်ကို အမြင့်ဆုံးတင်သွားခဲ့တယ်။

ကိုကိုကြီး ပြောလိုက်တဲ့ စကား တလုံး၊ နောင်သည်လိုမျိုး ဆက်ပြောနိုင်တဲ့ စကားလုံးတွေ ကြောင့် ကျောင်း သားတွေ၊လူထုတွေ စိတ်ဓါတ် ဦးကျိုးသွားမှာကို စိုးရိမ်တယ်။

စစ်အာဏာရှင်စနစ်ကို အသက်သွင်းတဲ့ စစ်ခေါင်းဆောင်အဆက် ဆက် အောက်မှာ ကိုကိုကြီးပြောတဲ့ တပ်မတော် ဆိုတာ ဟာ လူထုကို ကာကွယ်တဲ့ အနှစ်သာရပျက်ယွင်းနေတဲ့ အဖွဲ့အစည်းဖြစ်တာ ကြာနေပြီ။ ဗိုလ်ချုပ်အောင်ဆန်းစတင်တည် ထောင်ခါစက လူထုချစ်တဲ့တပ်မတော် ဆိုတာ သမိုင်းထဲမှာဘဲ ကျန်သွားပြီ။ တိုင်းရင်းသား ပေါင်းစုံ လူထုတွေ ကိုသာမက သံဃာတော်တွေ ကိုပါ ပစ်သတ်တဲ့ "သတ်မတော်” ဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ် အောက်မှာစစ်ခေါင်း ဆောင်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ရက်စက်မှုတွေ ကြောင့် အမျိုးသား စည်းလုံးညီညွတ် ရေးပြိုကွဲခဲ့တာဘဲရှင့်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာကို စစ်အာဏာရှင် စနစ်ရှိနေသမျှ ကိုကိုကြီးစိတ်ကူး မယဉ် စေခြင်ဘူး။
ရဲရင့်တဲ့ ကျောင်းသားခေါင်းဆောင် တဦး အနေနဲ့ ခင်ဗျားတို့ စစ်ခေါင်းဆောင်တွေစစ်အာဏာ ရှင်စနစ် ကို အရင်ဖြုတ်ပါလို့ ဘာကြောင့် မပြောသလဲ ရှင့်။

ရိုဟင်ဂျာကို လက်ညှိုးထိုးပြီး အဲဒီ စစ်တပ်ကို သူရဲကောင်းလို လူထုတွေက ထင်ယောင် ထင်မှား ဖြစ်လာစေ မယ့်စကားမျိုးတွေကို ကျောင်းသားခေါင်းဆောင်တဦးနေရာကနေ မသုံးဘို့  မေတ္တာရပ်ခံပါရစေရှင်။

မတရားမှုကို ဆန့်ကျင်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့ ရဲ့ခွပ်ဒေါင်း စိတ်ဓါတ် ကို ပြန်လည်တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့် ကျင့်တိုက်ပွဲဝင်သွား မယ့် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် ကိုကိုကြီး ကို မြင်တွေ့ လိုပါကြောင်း ပြောရင်း သည်စာကို နိဂုံးချုပ်လိုက်ပါတယ်။

မလှမြိုင် (ခေါ်) မိုင်ပိုပို
ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး ၏ မိသားစု တစုလုံးကိုယ်စား
ဇူလိုင်လ (၃၀) ရက် ၂၀၁၂ ခုနှစ်

Contact Information
Email: salaitinmaungoofamily@yahoo.ca
Telephone: 1 + (604) 379-3104


ကချင် ဒုက္ခသည်များအတွက် အလှူတခု

0 comments



ရွှေမင်းသားဖောင်ဒေးရှင်းက ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက်ကျောင်းသားများ ထံသို့ ချိုင်းထောက်အစုံ (၃၀) နှင့် ဘီးတပ်ထိုင်ခုံ (၃) စီး လှူဒါန်းခြင်း အခမ်းအနား တခုကို လွန်ခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ်ရှိ ဝေဇယန္တာလမ်းပေါ်က ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းတွင် ကျင်းပခဲ့ပါတယ်။



အဲဒီ အခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း ဥက္ကဌ ဦးမြတ်သူဝင်းနဲ့ တေးသံရှင် ဂျေညီညီ၊ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ မင်းကိုနိုင်၊ ကိုမြအေး၊ ကိုဂျင်မီတို့ တက်ရောက်ခဲ့ကြသည်။

ကြည်နူးဖွယ် အလှူတခုဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

August လ အတွက် ဗေဒင် ဟောစတမ်း

0 comments


ဓာတ်ပုံ- Nay Zaw Lin

ဆရာမျိုးဟန်ကို - 2012, August လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ယခု အတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာသော်လည်း ငွေကြေးကိစ္စများ အဖတ်မတင် အဆင်မပြေဖြစ်နေမည်။ အလုပ်အသစ် နေရာအသစ်များ ပြောင်းရွှေ့လုပ်ကိုင်ရမည်။ ဒီလတွင်းမှာ ဖြစ်ချင်တာတွေ ဆုံးဖြတ်ချက်တွေ ရည်ရွှယ်ချက်တွေ များနေသော အချိန်လေး ဖြစ်ပါတယ်။ အလုပ်အကိုင် ကိစ္စများ အတွက် အဆင်ပြေနေသော အချိန်လေး ဖြစ်သော်လည်း အလုပ် ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ အထက်လူကြီးများမှ အကူညီပေးသူ ပေါ်လာမည်။ ယခုလအတွင်း ငွေကြေးများ ကံကောင်းလာမည်။ အဆင်ပြေနေမည်။

အပိုကုန်ငွေများနေသော အချိန်လေး ဖြစ်ပါသည်။ ခရီးယာယီကိစ္စများ သွားရမည်။ ပညာရေးမှာ ရည်မှန်းချက် တိုးတက်လာမဲ့ အချိန်လေးပါ။ အချစ်ရေးမှာ ချစ်သူနဲ့ဒီလအတွင်း အဆင်ပြေလိုက် ၊ မပြေလိုက်နဲ့ဖြစ်နေပြီး စိတ်ပျော်ရွှင်မှုများလည်း ညစ်လိုက် ပျော်လိုက်ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ နှလုံးသားချင်း ဝေးနေသော အချိန်လေးပါ။ ကျန်းမာရေးမှာ ဗိုက်အောင့်ခြင်း အစားမှားခြင်း ဖြစ်မည်။ အကျိုးပေးသော ဂဏန်း ။ ။ ၈ ၀ ၇ ၀ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ် မိမိနေအိမ်ဘုရားတွင် ဆွမ်းတော် ကပ်လှူ၍ ဆုတောင်း လိုက်ပါ။

၂။ တနင်္လာ သားသမီးများ အတွက်

ယခုလအတွင်း လိုရာဆန္ဒများ ပြည့်စုံလာမည်။ ရည်ရွယ်နေသော စိတ်ကူးများ အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများ အတွက်နဲ့ စိတ်ပျော်လာရမည်။ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ ဒီလအတွင်း အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ စုဆောင်းမိသော အချိန်လေးပါ။ ခရီးကိစ္စ အဆင်မပြေ သေးပါဘူး။ မသွားတာ ကောင်းပါတယ်။

ပညာရေး မှာ ကံကောင်းနေသော နေ့ရက်လေးပါ။ အချစ်ရေးမှာ စိတ်တူ ကိုယ်တူ အချစ်ကို ပိုင်ဆိုင်ခွင့် ရမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ အဆင်ပြေ နေသော အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ အနည်းငယ် ဖြစ်မည်။ အကျိုးပေးသော ဂဏန်းများမှာ ။ ။ ၂ ၅ ၉ ၁ ယတြာ = တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် မိမိ နေအိမ်ဘုရားတွင် နှစ်သက်ရာ သစ်သီး ၅ မျိုးကပ်လှူ၍ ကံကောင်း လာစေရန် အတွက် ဆုတောင်းလိုက်ပါ။

၃။ အင်္ဂါ သားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွယ်သော ကိစ္စများ အဆင်မပြေသေးပါ။ ဖြစ်ချင် လုပ်ချင်သော စိတ်ကူးများ နောက်ပိုင်းမှ အဆင်ပြေလာမည်။ အထက်လူကြီးများနဲ့ လုပ်ကိုင် ဆောင်ရွက်လိုက်ပါ။ ဒီလအတွင်း စိတ်ပျော်ရွှင်မှုများနှင့် စိတ်ညစ်မှုများ သင့်တင့်ရှိပါသည်။ စီးပွားရေး ငွေကြေးကိစ္စများ ကူည်ီပေးသူ ပေါ်မည်။ ငွေကြေးများ မရခင်က ကုန်နေသလို ဖြစ်နေမည်။ ငွေဝင်ကိန်းရှိပါသည်။ ရအောင်သာ စုဆောင်းပါ။

ပရဟိတ ကိစ္စများ အတွက် စိတ်ညစ်နေရမည်။ ဒီလအတွင်း ပညာရေး ကိစ္စများ အဆင်ပြေပါသည်။ ခရီးတွေကတော့ မသွားတာ ကောင်းပါတယ်။ မိမိရဲ့ စိတ်များ စိတ်တခြား လူတစ်ခြားနဲ့ ဖြစ်နေမည်။ မိတ်ဆွေများမှ ကူညီပေးသူ ပေါ်မည်။ ဒီလအတွင်း အချစ်ရေးမှာ ပုံမှန်ပြန်လည် အဆင်ပြေမည်မည်။ စိတ်ညစ်စရာ မရှိပါဘူး။ အိမ်ထောင်ရေး စကားများနေရမည်။ အခုလ ကျန်းမာရေးမှာ မျက်စိအားနည်း ၊ ခေါင်းကိုက်ခြင်း ဖြစ်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။ အကျိုးပေးသောဂဏန်းများမှာ ။ ။ ၅ ၉ ၀ ၂ ယတြာ = အင်္ဂနေ့ နံနက် နံနက် ၉ နာရီ ၄၅ မိမိနေအိမ် ဘုရားတွင် ပန်း ၃ မျိုး ကပ်လှူ၍ ကံကောင်း လာစေရန် အတွက်ဆုတောင်းယူပါ။

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ဒီလတွေမှာ လိုချင်တာတွေ မရသေးဘူး။ မလိုချင်တာတွေ မရလာလိမ့်မည်။ အလုပ်အကိုင်တွေ အဆင်ပြေနေပေမဲ့ အလုပ်အတွက်နဲ့ စိတ်ညစ်နေရမည်။ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ ငွေကြေးအတွက်နဲ့ စိတ်ညစ် နေရမည်။ ရုက်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။ ဒီလတွေထဲ အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးများ ကုန်ကျမှု များနေမည်။

ခရီးကိစ္စများ အဆင်ပြေမည်။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေနေပေမဲ့ စကားပြောဆိုမှုများ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ အဆင်ပြေမဲ့ အချိန်လေးပါ။ ဒီလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ကျန်းမာရေးညံနေမည်။ ယတြာ = ကံကောင်းစေရန်အတွက် ဘုရားတွင် မိမိမွေးနေတွင် ပန်းကန်ပြား တစ်ချပ်ပေါ်တွင် ဖယောင်းတိုင် ၁ တိုင်ထွန်း၍ လိုရာဆုတောင်းပါ။ အကျိုးပေးသောဂဏန်း ။ ။ ၇ ၆ ၅ ၃

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်း မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ နေရာသစ် ရရှိမည်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေရဖို့ သေချာနေပြီ ငွေဝင်နေမည်။ ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။

အချစ်ရေးမှာ ဆွတ်ပျံ့ဖွယ်ရာ အချစ်ဇတ်လမ်းလေး တွေ့ရမည်။ အိမ်ထောင်ရေးမှာ အခုအချိန်မှာ အတွဲညီနေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေး သင့်တင့်လေးပါ ခါးနာ ဒူးနာ ဖြစ်နေမည်။ ယတြာ = ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်အချိန် နေအိမ် ဘုရားတွင် ပန်း အနီရောင် ၇ ပွင့်တင်လှူ၍ လိုရာဆုတောင်းပါ။ အကျိုးပေးသော ဂဏန်း ။ ။ ၆ ၅ ၁ ဝ

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ စိတ်မောလူမော ဖြစ်နေရမည့် အချိန်လေးပါ။ အလုပ်အကိုင်များ ပုံမှန်လေးပါပဲ ပြုလုပ်နေရမည်။ အထက်လူကြီးနဲ့ ပြောဆိုပါက အဆင်မပြေသေးပါဘူး။ ငွေကြေးကိစ္စများ ငွေကတော့ ရစရာတွေ ဘယ်မှာနေမှန်းမသိပေမဲ့ ဒီလထဲမှာ ကုန်စရာတွေက အများကြီးပါ။ မိမိမျှော်မှန်း နေသော ကိစ္စများ အဆင်မပြေသေးပါ။ခရီးတွေကတော့ အခု အချိန်မှာ မသွားတာ ကောင်းပါတယ်။ သူတစ်ပါး ကိစ္စများမှာလည်း ပါဝင်ကူညီရမည်။

မိမိရဲ့ သုံးနေသော ပစ္စည်းများ ပျောက်ရှတာတို့ ပျက်တာတို့ ဖြစ်မည်။အချစ်ရေးမှာ အဆင်ပြေဖို့ မရှိသေးပါဘူးဗျာ။ အိမ်ထောင်ရေး မှာရန်များနေရမည်။ ကျန်းမာရေးမှာ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။ ယတြာ = သောကြာနေ့ နံနက် ၉ နာရီ ၄၅ မီနစ် အချိန် နေအိမ်ဘုရားတွင် ပန်းသီး ၃ လုံးကိုတင်လှူ၍ ကံကောင်း လာစေရန် အတွက်ဆုတောင်းယူပါ။ အကျိုးပေးသောဂဏန်း ။ ။ ၆ ၀ ၃ ၎

၇။ စနေသားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွ ယ်တာလေးတွေ အောင်မြင်နေမည်။ အလုပ်ကိစ္စများ စီးပွားရေးကိစ္စတွေ မှာတော့ အဆင်ပြေလာမည်။ အထက်လူကြီးနဲ့ အတူတူပြုလုပ်ဆောင်ရွှက် တာတွေ သိပ်အဆင်မပြေဘူး ဖြစ်နေပါသည်။အလုပ်ထဲ စိတ်မပျော်ပဲ အလုပ်လုပ်နေရမည်။ လူတစ်ခြား စိတ်တစ်ခြား ဖြစ်နေတာပါ။ ငွေကြေးကိစ္စတွေမှာ အဆင်မပြေသေးပါဘူးဗျာ မရခင်က ကုန်ကုန်နေလို့ စိတ်ညစ်နေရမည်။

ငွေကတော့ ဝင်လာမှာပါ။ ခရီးကိစ္စများ သွားလာမှု အဆင်မပြေသေးပါဘူး။ ဒီလအတွင်း စနေသားသမီးများ အပြောင်းအလဲ တစ်ခုခုဖြစ်မည်။ အချစ်ရေးကတော့ လွမ်းနေရမည်။အိမ်ထောင်ရေးကတော့ ရန်ဖြစ်နေမည့် အချိန်လေးပါ။ အခုလ ကျန်းမာရေး အနေနဲ့ ဦးခေါင်းပိုင်း ကျန်းမာ ရေးညံ့မည်။ ခေါင်းမူးတာတို့ ဖြစ်မည်။ ယတြာ = စနေနေ့ နံနက် ၉ နာ၇ီ ၄၅ မီနစ်တွင် မိမိနေအိမ်ဘုရားတွင် ကိတ်မုန့် ဆွမ်းတော်ကပ်လှူရင်း လိုရာ ဆုတောင်းယူပါ။ ကံကောင်းလာမည်။ အကျိုးပေးသော ဂဏန်း ။ ။ ၈ ၇ ၃ ၇

(ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - ဖုန်း-၀၁၇ ၂၂၆၀ ၇၁၅ )

August လ လေးတွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။


ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို -

NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms/ - myohankonew@gmail.com - Ph; 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

ဂုဏ်သိက္ခာရှိတဲ့ရဲတပ်ဖွဲ့

1 comments



ခေါင်းဆောင်ကြီးများပြောကြတဲ့ တရားဥပဒေစိုးမိုးမှု ဆိုတာကို အကောင်အထည် ဖော်ပေးမှာက ဂုဏ်သိက္ခာရှိတဲ့ရဲတပ်ဖွဲ့ ဖြစ်ပါလိမ့်မယ်။

လွှတ်တော်ထဲမှာ ဂုဏ်သိက္ခာရှိတဲ့ရဲတပ်ဖွဲ့ ဆိုတဲ့အကြောင်းအရာကို ထည့်သွင်း ဆွေးနွေးနေကြတာ သတင်းကောင်းပါပဲ။

ရဲတပ်ဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး၊ အရည်အချင်း မြှင့်တင်ရေး၊ ခေတ်ပေါ်နည်းပညာအသုံးချရေး တို့ကိုတော့ ဆွေးနွေးချက်တွေထဲမှာ မတွေ့ရသေးပါဘူး။ (ဂုဏ်သိက္ခာ ဆိုတဲ့ထဲ အဲသဟာတွေ ပါသကွာလို့ ပြောလာရင်တော့ - ဟုတ်ကဲ့၊ ကြိုဆိုပါတယ်)

နိုင်ငံနဲ့ပြည်သူအတွက် အားကိုးရမယ့် ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်လုပ်ကိုင်ဖို့ ဘတ်ဂျက် အများကြီး လိုမှာပါ။

လာမယ့်နှစ် ဘတ်ဂျက်အတွက် သန်းငါးရာ တိုးတောင်းထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

သတင်းစာဖော်ပြချက်ကို ကောက်နုတ်ရရင် -

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင်ရီ

''မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဒေသပြည်သူအပေါ် အမှီအခိုကင်းပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်တာဝန် ထမ်းဆောင်နိုင်ရေးအတွက် လုံလောက်သောခရီးစရိတ်၊ ရုံးအသုံးအဆောင်ပစ္စည်းနှင့် ရုံးသုံးစက်ပစ္စည်း စသည်တို့ကို ငွေစာရင်း ခေါင်းစဉ်အလိုက် ရန်ပုံငွေခွဲဝေချထားရန်အစီအစဉ် ရှိ/မရှိ''

ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို


၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ငွေစာရင်းခေါင်းစဉ်အလိုက် ရန်ပုံငွေခွဲဝေလျာထားမှု အခြေအနေမှာ (၉၁ ဒသမ ၅)ဘီလီယံဖြစ်ပါကြောင်း၊

ခရီးစရိတ်ခေါင်းစဉ်အောက်တွင် ရန်ပုံငွေရရှိမှုမှာ ငွေကျပ် (၂၉၄ ဒသမ ဝ၇၉)သန်းဖြစ်ပြီး
ရဲတပ်ဖွဲ့အရွယ်အစားအပေါ်မူတည်ပြီး လျာထားခွင့်ပြုပေးလျက်ရှိပါကြောင်း။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် အရပ်ရပ်ဝရမ်းသုံးစွဲခများ ပေးချေရာတွင်
လုံလောက်စွာ ပေးချေနိုင်ရန်နှင့် ရဲတပ်ဖွဲ့တွင်ရှိသည့် အရပ်သားဝန်ထမ်းများအတွက် ခရီးစရိတ်/နေ့တွက်စရိတ်များ ခွင့်ပြုနိုင်ရန် ငွေကျပ် (၄၉၄ ဒသမ ဝ၇၉) သန်း တိုးတက်ရရှိရန် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲတောင်းခံလျက် ရှိပါကြောင်း။

ငှားရမ်းခခေါင်းစဉ်မှ ရန်ပုံငွေရရှိမှုမှာ ငွေကျပ်သန်း (၄ဝ)ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (ဝ ဒသမ ၃၈) ရာခိုင်နှုန်း ရရှိထားပါကြောင်း၊

သယ်ယူပို့ဆောင်ခခေါင်းစဉ်မှရန်ပုံငွေရရှိမှုမှာ ငွေကျပ်သန်း(၂ဝ ဒသမ ၉၉ဝ) ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (ဝ ဒသမ၂ဝ) ရာခိုင်နှုန်းရရှိထားပါကြောင်း၊

ရဲတပ်ဖွဲ့တစ်ခုလုံးအတွက် စာရေးကိရိယာများ ဝယ်ယူဖြန့်ဖြူးရန် ငွေကျပ်(၁၂၇ ဒသမ ၅၄ဝ)သန်း သုံးစွဲရန်လျာထားပြီး ရုံးအသေးသုံးစရိတ်အဖြစ် ကျန်ငွေကျပ်(၄၅ ဒသမ ၂၅ဝ)သန်းကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊

ယာဉ်ဝယ်ယူခြင်း ခေါင်းစဉ်၏ ရန်ပုံငွေရရှိမှုမှာ ငွေကျပ်သန်း(၆ဝ)ဖြစ်ပြီး ကင်းလှည့်ရေယာဉ် Fibre Speed Boat (၂)စီး ဝယ်ယူရန်အတွက် ခွင့်ပြုခဲ့ပါကြောင်း၊

လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းသုံးစွဲရန် လိုအပ်သည့် ငွေကျပ် (၂ ဒသမ ၇၈၈) ဘီလီယံကို ၂ဝ၁၂-၂ဝ၁၃ ဖြည့်စွက်ရန်ပုံငွေအနေနှင့် တင်ပြတောင်းခံရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒေသပြည်သူအပေါ် အမှီအခိုကင်းပြီး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရန်အတွက် လုံလောက်သည့် ခရီးစရိတ်၊ ရုံးအသုံးအဆောင်ပစ္စည်းနှင့် စက်ပစ္စည်းစသည်တို့ကို ငွေစာရင်း ခေါင်းစဉ်အလိုက် ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။


ရခိုင်ဒေသအတွက် ရဲစခန်း ၃ဝ ထပ်ဖွင့်မယ်

4 comments



စစ်တွေမြို့၊ ဇွန်လ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)

ရခိုင်ဒေသမှာ ရဲစခန်း အရေအတွက် ၃ဝ ထပ်မံ တိုးချဲ့ ဖွင့်လှစ်ဖို့ စီစဉ်နေတယ် လို့ ပြည်ထဲရေးဝန်ကြီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။ လက်ရှိ စခန်းအရေအတွက်က ၇၅ ခု လို့ ဆိုပါတယ်။

အမျိုးသားလွှတ်တော်ရဲ့ ဇူလိုင် ၃၁ အစည်းအဝေးမှာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုက အဲဒီ အစီအစဉ်ကို ချပြလိုက်တာဖြစ်ပြီး အမတ်တဦး မေးမြန်းတဲ့ ရခိုင်ဒေသ လုံခြုံရေးအခြေအနေအကြောင်းကိုလည်း အကျယ်တ၀င့် ပြန်လည် ဖြေကြားသွားပါတယ်။

ရခိုင်ဒေသ လုံခြုံရေး အရေးကြီးပုံကို အာဏာပိုင်တို့ နားလည်သွားပြီလို့ ယူဆရပါတယ်။

ဘင်္ဂါလီလူမျိုးများ တရားမဝင် စိမ့်ဝင်ပံျ့နှံ့လာမှု၊ ကာလကြာမြင့်စွာ အခြေချနေထိုင်လာမှုတွေကြောင့် မောင်တော၊ ဘူးသီးတောင်မြို့နယ်များမှာ ဘင်္ဂါလီ ၉၄ % နဲ့ တိုင်းရင်းသားက ၆ % ဖြစ်နေပြီ လို့ ဝန်ကြီးက ဆိုတယ်။ ဘယ်အစိုးရတွေလက်ထက်မှာ ဘာကြောင့် ဒီအချိုးအစား ဖြစ်သွားရတယ် ဆိုတာကိုတော့ ရှင်းထားတာ မတွေ့ရပါဘူး။

ဝန်ကြီးရဲ့ အဖြေမှာ ရခိုင်ဒေသအရေး လေ့လာသူများအတွက် အရေးပါတဲ့ အချက်အလက်တွေ ပါဝင်နေပါတယ်။

သတင်းစာ ဖော်ပြချက်ကို ကောက်နုတ်ရရင် -

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမြင့်လှိုင်ရဲ့ မေးခွန်း -


''ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဒဏ် ခံစားခဲ့ရသော ပြည်သူများ မူလအခြေအနေသို့ အမြန်ဆုံးပြန်လည် ရောက်ရှိရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးမည့် ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့်
နောင်အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေး၊ လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရေးတို့အတွက်
ရေရှည် အစီအမံများ ချမှတ်ရေးဆွဲထားရန် အစီအစဉ် ရှိ/မရှိ''

ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကိုရဲ့ အဖြေ


ရခိုင်ပြည်နယ်တွင်ဇွန်လအတွင်းက ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းနိုင်ရန် စစ်တွေမြို့၊ မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့နှင့် သံတွဲမြို့များတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရပါကြောင်း၊

ဆက်လက်ပြီး နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(က)အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကိုထုတ်ပြန်ပြီး အရေးပေါ်အခြေအနေသတ်မှတ်ခဲ့ရပါကြောင်း၊

ပုဒ်မ ၁၄၄ထုတ်ပြန်ဆောင်ရွက်ခဲ့သည့် မောင်တောမြို့နယ်၌ ၂ဝ၁၂ ခုနှစ် ဇွန် ၈ ရက် ပြစ်မှု ဆိုင်ရာအထွေထွေ အမှုအမှတ် ၁/၂ဝ၁၂ အရ ညမထွက်ရအမိန့်အမှတ် ၁/၂ဝ၁၂ ထုတ်ပြန်ခြင်း၊

အလားတူ ဘူးသီးတောင်မြို့နယ်တွင်လည်း ထုတ်ပြန်ခဲ့ပြီး စစ်တွေမြို့နယ်၊ သံတွဲ၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်တို့တွင် ၂ဝ၁၂ ခုနှစ် ဇွန် ၁ဝ ရက်တို့၌ အသီးသီး ထုတ်ပြန်ထားသော်လည်း

ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ရုံနှင့် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရသဖြင့်

၂ဝ၁၂ ခုနှစ် ဇွန် ၁ဝ ရက်၌ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂ဝ၁၂ ကို ထုတ်ပြန်ပြီး ပြည်နယ်တစ်ခုလုံးကို အရေးပေါ်အခြေအနေ ကြေညာဆောင်ရွက်ခဲ့ပါကြောင်း။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ပါဝင်သည့်အဖွဲ့ကို

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စောင့်ရှောက်ရေးစခန်းများ၏လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ စာရင်းစိစစ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရန် ကြပ်မတ်ကွပ်ကဲခြင်းများကို ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၂ ခုနှစ် ဇွန် ၂၂ ရက်တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။

ပြည်သူများ မူလအခြေအနေကို အမြန်ဆုံးပြန်လည်ရောက်ရှိစေရန်အတွက်
ပထမအဆင့်အနေဖြင့် အကြမ်းဖက်မှုဒဏ် ခံစားနေရသည့် ပြည်သူများနှင့် ကြောက်ရွံ့စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကို ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ယာယီထိန်းသိမ်းစောင့်ရှောက်ပေးခြင်း၊
ဒုတိယအဆင့်အနေဖြင့် ပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူပြီး လတ်တလော အရေးပေါ်လိုအပ်ချက်ဖြစ်သည့် အမိုးအကာ၊ အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့်အဝတ်အထည်များ ထောက်ပံ့ပေးခြင်း၊
တတိယအဆင့်အနေဖြင့် ရေရှည်ရပ်တည်နိုင်ပြီး မူလအခြေအနေအတိုင်း ပြန်လည် လုပ်ကိုင်စားသောက်နိုင်ရန် အစီအမံများရေးဆွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

၂ဝ၁၂ ခုနှစ် ဇူလိုင် ၈ ရက်အထိ စာရင်းကောက်ယူရရှိမှုအရ ကယ်ဆယ်ရေးစခန်းအရေအတွက်မှာ
စစ်တွေမြို့တွင် (၆ဝ)၊
ရသေ့တောင်မြို့တွင် (၄)ခုနှင့်
မောင်တောမြို့တွင် (၇)ခု
စုစုပေါင်း ကယ်ဆယ်ရေးစခန်း (၇၁)ခုဖြစ်ပြီး လူဦးရေ (၅၅ ၄၉၅)ဦးတို့ကို ကူညီစောင့်ရှောက်ပေးခဲ့ပါကြောင်း၊

မောင်တောမြို့နယ်အတွင်း မီးလောင်ပျက်စီး သွားသည့် ကျေးရွာ (၉)ရွာမှ အိမ်ခြေ(၄၇ဝ)လုံးအနက် (၃၉၅)လုံးကို အသစ်ပြန်လည် ဆောက်လုပ်ပြီး မီးမလောင်ဘဲကျန်ရှိနေသည့် အိမ်(၉၄)လုံးကို ပြန်လည်ပြင်ဆင်ပေးပြီးဖြစ်ကြောင်း၊

၂ဝ၁၂ ခုနှစ် ဇူလိုင် ၂ ရက်နေ့အထိ အိမ်သစ် (၃၂)လုံးကို တည်ဆောက်လျက်ရှိပြီး အိမ်(၅၈)လုံးကို ပြုပြင်ပေးပြီး ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတရုံးက ၂ဝ၁၂ ခုနှစ် ဇွန် ၂၂ ရက်တွင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း၊

ရခိုင်ပြည်နယ်တွင် မူလက ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများသာ နေထိုင်ခဲ့သော်လည်း ဘင်္ဂါလီလူမျိုးများ၏ တရားမဝင် စိမ့်ဝင်ပံျ့နှံ့လာမှု၊ ကာလကြာမြင့်စွာ အခြေချနေထိုင်လာမှုများကြောင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ဘင်္ဂါလီလူမျိုး (၉၄)ရာခိုင်နှုန်းနှင့် တိုင်းရင်းသား (၆)ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

နယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်သည် လက်ရှိအခြေအနေနှင့် ကိုက်ညီသော ဘင်္ဂါလီလူမျိုးများ ခရီးသွားလာခြင်း၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ပြောင်းဝင်ခြင်း၊ ပြောင်းထွက်ခြင်း၊ လက်ထပ်ခွင့်ပြုခြင်း၊ ဘာသာရေးအဆာက်အအုံများ အသစ်တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ နေရာပိုင်ဆိုင်မှုနှင့် အဆောက်အအုံ ဆောက်လုပ်ခွင့်တို့ကို ဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်/ထွက် သွားလာမှုကို ထိန်းချုပ် ကာကွယ်ရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်ရေးတံတိုင်းအဖြစ် တောင်ကုတ်ဒေသနှင့် ဘူးသီးတောင်ဒေသများတွင် ဖွဲ့စည်းကာရံထားရှိပြီးဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တွင် လက်ရှိဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည့် ရဲစခန်း(၇၅)ခုအပြင် ရဲစခန်း(၃ဝ)တို့ကို ထပ်မံဖွင့်လှစ်ရန်နှင့် ရဲစခန်း (၈)ခုကို အဆင့်တိုးမြှင့်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။

အုပ်ချုပ်ရေးတံတိုင်းအဖြစ် ဌာနဆိုင်ရာများက မောင်တောခရိုင်ကို ဖွဲ့စည်းပုံ အင်အားအပြည့် ခန့်အပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြို့နယ်များတွင် နယ်နိမိတ်ချင်းထိစပ်နေသည့် ကျေးရွာများ၌ ရဲတပ်ဖွဲ့နှင့် ပြည်သူများပူးပေါင်းပါဝင်သည့် လုံခြုံရေးအစီအမံများ ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ဖြေကြားသည်။

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved