ကွဲပြားငြိမ်းချမ်းပါတီဥက္ကဋ္ဌကို ဦးခင်ရွှေ တရားစွဲပြီ

Monday, August 20, 2012 6 comments


တရားစွဲခံရတဲ့ ဦးနေမျိုးဝေ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ (ဓာတ်ပုံ - စည်သူ)

မိုင်အဲမလီ ~


မြန်မာတနိုင်ငံလုံးချီပြီး ဖြစ်ပေါ်နေတဲ့ မတရား လယ်သိမ်းခံရမှု၊ မြေယာ ပြဿနာ၊ လယ်ယာမြေဥပဒေဟောင်းတွေရဲ့ အားနည်းချက်တွေအကြောင်း ဝေေ၀ဆာဆာ ရေးသား ထုတ်ဖော် ပြောဆိုနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ တရားစွဲဆိုခံထားရပါတယ်။

သူ့ကို ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတာပါ တဲ့။

ဦးနေမျိုးဝေဟာ ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားများပြဿနာ ဆိုတဲ့ စာအုပ်ကို ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှာ ရေးသားခဲ့ပြီး လယ်ယာမြေ ဥပဒေဟောင်းတွေရဲ့ အားနည်းချက်တွေကိုလည်း ဖော်ထုတ်ခဲ့သလို အစိုးရ၀န်ထမ်းတွေရဲ့ လာဘ်စားမှု တွေကိုလည်း အတိအလင်း ဖော်ထုတ် ရေးသားခဲ့သူပါ။

အဲဒီတုန်းက ရလဒ်အဖြစ် စာပေစိစစ်ရေးက သူ့ရဲ့ ပုံနှိပ်ထုတ်ဝေခွင့် အာမခံကြေးငွေ ကျပ် ၅သိန်းကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ပြီး စာပေထုတ်ဝေခွင့်ကို ပိတ်ပင်လိုက်ပါတယ်။



နိုင်ငံရေးပါတီနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အကြောင်းအရာတွေကို ထည့်သွင်းရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။

ဦးနေမျိုးဝေက မှတ်ချက် ဘယ်လို ပေးသလဲ


ဇူလိုင်လ ၂၆ရက်နေ့ ပြည်ထောင်စုလွတ်တော်မှာ နိုင်ငံလုံးချီ ဖြစ်ပွားနေတဲ့ မြေယာမှုခင်းတွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမယ့်
ကိစ္စကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ မဲအရေအတွက် ၃၉၅မဲနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အဲဒီလိုမြေယာမှုခင်းနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးကော်မရှင်တွေ ဖွဲ့ဖို့ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ ဇေကမ္ဘာကုမ္ပဏီက ဦးနေမျိုးဝေကို တရားစွဲခြင်း တွေဟာ လယ်သမားအရေး လုပ်ကိုင်သူများအတွက် စိတ်ဝင်စားစရာပါပဲ။

တကယ်တော့ ဒါဟာ ဇေကမ္ဘာကုမ္ဘာဏီ နဲ့ နေမျိုးဝေတို့ ဖြစ်နေတဲ့ပွဲ မဟုတ်ပါဘူး။ သူတို့နှစ်ဦးကြားမှာ Class နှစ်ခု ရှိနေပါတယ်။
နစ်နာသူ ( တုံးအောက်က ဖားတွေ ) ရှိနေတယ်၊
အဲဒီတုံးကအောက်က ဖားတွေမှာ အသိပညာပိုင်းဆိုင်ရာ ၊ ငွေကြေးပိုင်း ဆိုင်ရာ အားနည်းမှုတွေ ရှိနေတယ်။
သူတို့က Class တခု ၊ အဲဒီလူတွေနဲ့ ငွေကြေးဥစ္စာ ဒါနတွေကြွယ်ဝပြီးတော့ ရာထူးရာခံ ရှိတဲ့လူတွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်၊ ပူးပေါင်းဆောင်ရွက်နိုင်သူ လူတန်းစားတွေရှိတယ်။
အဲဒီလူတန်းစား Class နှစ်ခုရဲ့ တိုက်ပွဲက နေမျိုးဝေနဲ့ ဇေကမ္ဘာရဲ့ ပြဿနာကို ဖြစ်ပေါ်လာစေတာပါ လို့ ဦးနေမျိုးဝေက ပြောပြပါတယ်။
ဦးနေမျိုးဝေ (ဓာတ်ပုံ - စည်သူ)

ဇူလိုင်လမှာ သူ့ရဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဟာ သမ္မတနဲ့ သွားရောက်တွေ့ဆုံခွင့် ရခဲ့ပြီး နိုင်ငံရေးရာ အကြံပြုချက်တွေကို တင်ပြခဲ့ကြောင်း သိရပါတယ်။

လတ်တလော တရားစွဲဆို ခံထားရတဲ့ ဦးနေမျိုးဝေ ဘက်က ရှေ့နေများကွန်ယက်မှ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးအောင်သိန်း၊ ဦးသိန်းသန်းဦး၊ ဦးကြီးမြင့်တို့က အခမဲ့ ကူညီကြမှာဖြစ်ကြောင်း သိရပါတယ်။



လွှတ်တော်ထဲမှာ ဦးခင်ရွှေ ဘာတွေ တွက်ချက်လေ့လာနေသလဲ ? (ဓာတ်ပုံ - ဧရာဝတီ)


ဧရာဝတီတိုင်း ရေကြီးမှု ဘယ်လောက်ဆိုးရွားသလဲ

2 comments



ဓာတ်ပုံ-မေစစ်ပိုင်/ဧရာဝတီ

ဧရာဝတီတိုင်းဒေသကြီးတွင် သြဂုတ် ၃ ရက်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ဧရာဝတီမြစ်၊ ဒါးကမြစ်၊ င၀န်မြစ် စသည့်မြစ်များမှ မြစ်ရေကြီးပြီး ကျေးရွာ ၈၀၀ နီးပါးနှင့် မိုးစပါး ဧက ၂ သောင်း နီးပါး ရေမြုပ်
နေကြောင်း သိရသည်။

လက်ရှိတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ ရပ်ကွက် ၂၇ ခု နှင့် ကျေးရွာအုပ်စု ၇၉၈ ရွာ တို့ ရေနစ်မြုပ်ကာ လူဦးရေ ၆၄၄၀၀ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း၊ စိုက်ပျိုးထားသော မိုးစပါး ဧက ၁၉၉၈၇၀ ကျော် ရေနစ်မြုပ်ရာ လုံးပျက်စီးဆုံးရှုံးရသည့် စပါးခင်းပေါင်းမှာ သြဂုတ်၂၀ ရက်အထိ ဧက ၅၅၀၀၀ ကျော် ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီသို့ ပြောသည်။


ရေနစ်မြုပ်ရာတွင် ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ဓနုဖြူနှင့် ပန်းတနော်
မြို့ နယ် တို့မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာပေါ်က မေစစ်ပိုင် ရေးသားထားသည့် ဧရာဝတီတိုင်း ရေကြီးမှု အခြေအနေ ဆိုးရွား ဆိုသော သတင်းတွင် ဖတ်ရှု့နိုင်ပါတယ်။


ရေဘေး ဒုက္ခသည်များ


ဆွီဒင်က အသန်မာဆုံးအမျိုးသမီး

0 comments


ဆွီဒင်နိုင်ငံက အသန်မာဆုံး အမျိုးတဦးပါ။ သူ့နံမည်က Irene ဖြစ်ပြီး ဒိန်းမတ်နိုင်ငံမှာ ၁၉၆၆ ခုနှစ်က မွေးဖွားခဲ့သူ လည်း ဖြစ်ပါတယ်။ သူ အသက် ၂ နှစ် သမီး လောက်မှာ ဆွီဒင်နိုင်ငံကို မိဘတွေနဲ့ အတူ ပြောင်းရွှေ့ခဲ့တာပါ။ သူက နှစ်ပေါင်း ၂၀ လောက် အားကစားရုံ တွေ မှာလေ့ကျင့်ပြီး ခန္ဓာကိုယ် သန်စွမ်းအောင် လုပ်ဆောင်ခဲ့ပါတယ်။


သူက အမျိုးသမီး ကာယဗလပြိုင်ပွဲတွေကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။ ၁၉၇၀ ခုနှစ်ကတည်းက အမျိုးသမီး ကာယဗလ မယ်ပြိုင်ပွဲဆိုတာ စတင်ခဲ့တာပါ။



သူက အသက် ၁၅ နှစ်မှာ ကာယဗလအားကောင်းဖို့ လေ့ကျင့်ခန်းတွေ စတင်လုပ်ခဲ့တာလို့ ပြောပါတယ်။
“ကျမဘ၀ တလျှောက်လုံး လေ့ကျင့်နေမှာပါဘဲ” လို့ Irene က ဆိုထားပါတယ်။








ဓာတ်ပုံ-buzzinn.net the-strongest-woman-in-sweden


ကမ္ဘာမကျေဘူးလို့ ပြောလို့ ရပြီလား

2 comments

(မောင်ဝံသ-ပြောချင်လွန်းလို့)

ဒီရက်ပိုင်းအတွင်း ကြားရတဲ့ သတင်းတွေက အကောင်းရော အဆိုးပါ ရောသမမွှေ နေပါလားဗျ။ ကောင်းတာတွေက စပြောရရင် ရှစ်လေးလုံးနေ့ အခမ်းအနားတွေ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြတယ်ဗျာ။ ပြည်ထောင်စု ၀န်ကြီး နှစ်ဦးက ရှစ်လေးလုံး အကြိုနေ့မှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ငွေကျပ် ၁၀ သိန်း မန္တလေးမှာ လှူဒါန်းတယ်ဗျာ။ ရှစ်လေးလုံးနေ့ကို သမိုင်းဝင်နေ့ အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ ၈၈မျိုးဆက် ကျောင်းသားများက တောင်းဆိုတယ်ဗျာ။

ဒီလောက် မြန်မယ် မထင်ခဲ့ဘူး

သတင်းဓာတ်ပုံတွေနဲ့ ရုပ်သံသတင်းတွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့မှ ဟိုက် ဒါတွေဟာ အိပ်မက်တွေ မဟုတ်ဘူး၊ တကယ်ဟလို့ ကျွန်တော်ယုံတော့တယ်ဗျ။ သည်လို အခြေအနေရောက်ဖို့ နောက်ထပ် လွှတ်တော် သက်တမ်းတစ်ခုလောက် စောင့်ရလိမ့်ဦးမယ်လို့ ကျွန်တော် ထင်နေခဲ့တာ ကလား။ နိုင်ငံရေးဟောကိန်းတချို့ ကြက်ကန်းဆန်အိုးတိုးသလို မှန်သွားလို့ ဘယ်သူကမှ အသိအမှတ် မပြုချင်နေပေစေ၊ ကိုယ်တွေးခဲ့ ရေးခဲ့တဲ့ ဆောင်းပါးလေးတွေ လူတကာကို တပြပြလုပ်ပြီး ဂုဏ်ယူနေမိတဲ့ ကျွန်တော့်မှာ သည်တစ်ခါတော့ သည်လို မြင်ကွင်းတွေ ခုအချိန်မှာ ရုပ်လုံးပေါ်လာမယ်လို့ ထင်ကို မထင် ခဲ့တာဗျ။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်က ကျွန်တော်တို့ မမေ့နိုင်တဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ကို အတားဆီးခံခဲ့ရတယ်လေဗျာ။

၆၂ မျိုးဆက်ရဲ့ ခံစားချက်

၁၉၈၈ ရှစ်လေးလုံးကာလမှာ ကျောင်းသားတွေ ပြည်သူတွေ အသက်တွေ ပေးခဲ့ရသလို ၁၉၆၂ ဂျူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ် ကျောင်းသား အရေးအခင်းမှာလဲ ကျောင်းသားတွေ မရှုမလှ ခံခဲ့ကြရတာပဲဗျ။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ နောက်ဆုံးအမှုဆောင်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကျွန်တော့်နောင်တော်ကြီး ကိုလှရွှေက သူတို့ ကျွန်တော်တို့ တစ်သိုက်ကို ၆၂ မျိုးဆက်လို့ သုံးနှုန်းလေ့ရှိတယ်။

၆၂ မျိုးဆက်ဟာ အသက် ၇၀ တစ်ဝိုက်ရှိကုန်ကြပြီ။ သို့ပေမယ့် ဆဲဗင်းဂျူလိုင်ရောက်ပြီဆိုရင် ခုထိ မျက်ရည်လည်ကြတုန်း၊ အံကြိတ် လက်သီးဆုပ်မိကြတုန်းပါဗျာ။

ရှစ်လေးလုံးအထိမ်းအမှတ်နေ့ အခမ်းအနားတွေကျင်းပဖို့ အစိုးရက ခွင့်ပြုခဲ့တာရယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းက ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်လက်ထဲ ငွေ ၁၀သိန်းပေးအပ် လှူဒါန်း တာရယ်ဟာ ရှစ်လေးလုံး ကာလ ရက်စက်ခဲ့တဲ့ လုပ်ရပ်များသည် မိမိတို့နဲ့ မသက်ဆိုင်ဘူး၊ သို့ကြောင့် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေက အထိမ်းအမှတ်နေ့ ကျင်းပတာကို မိမိတို့ သဘောတူတယ်လို့ လက်ရှိ နိုင်ငံခေါင်းဆောင်တွေက (တရားဝင်ထုတ်ဖော်ကြေညာခြင်းမပြုသော်လည်း) လက်တွေ့ အမူအရာနဲ့ ပြလိုက်တာပဲ လို့ ကောက်ယူရမှာပဲဗျ။ တစ်နည်း အားဖြင့်ပြောရင် ရှစ်လေးလုံး အရေးတော်ပုံ ကို နှိပ်ကွပ်ခဲ့သူ များနဲ့ မိမိတို့ မသက်ဆိုင်ဘူးလို့ ဖြတ်လိုက် (discard) တာပဲ ဖြစ်တယ်ဗျ။
ကောင်းဗျာ။ သာဓု၊ သာဓု။

တကယ်ကတော့ ရှစ်လေးလုံး ကာလတုန်းက လက်ရှိ ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေဟာ ဗိုလ်ကြီး၊ ဗိုလ်မှူးလောက် ရှိကြဦးမှာပါ။ အမိန့်နာခံရသူများပဲ ဖြစ်ကြပါလိမ့်မယ်။ သို့ပေမယ့် အဲဒီကတည်းကပဲ အမှားအမှန်ကို ဝေခွဲနိုင်ခဲ့ကြမယ်ထင်ပါတယ်။ ဒါကြောင့်လဲ မိမိတို့ မူဝါဒချမှတ် ဆုံးဖြတ်နိုင်ချိန်မှာ ခုလို သဘောထားထုတ်ဖော်ကြတာ ဖြစ်မယ်ဗျ။

ဒါဆိုရင် ကျွန်တော်တို့ ၆၂ မျိုးဆက်အကြောင်း ပြန်ကောက်ရင် လက်ရှိ စစ်ခေါင်းဆောင်တွေထဲမှာ အဲဒီခေတ်က တပ်ထဲရှိခဲ့သူ တစ်ယောက် မှတောင် ရှိတော့မယ် မဟုတ်ပေဘူးဗျ။ ဟိုတုန်းက တာဝန် ရှိသူတွေနဲ့ ပိုပြီးတော့တောင် discard လုပ်နိုင်ရမှာပေါ့ဗျာ။

ပြောလို့မရသေးတာတွေ

ခုချိန်ထိတော့ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အကြောင်း၊ ဆဲဗင်းဂျူလိုင်အကြောင်း၊ မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ တကသအဆောက်အဦကြီး ပြန်လည်တည်ဆောက်ရေး အကြောင်း ရေးခွင့် ပြောခွင့် မရသေးဘူးဗျာ။ အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့တော့ ဝေလာဝေးပေါ့။

ဒီလိုရေးနေလို့ ကျွန်တော်က ဆဲဗင်းဂျူလိုင်နဲ့ ရှစ်လေးလုံး အရေး တော်ပုံကြီးကို လိုက်တိုင်း နေတယ်လို့ တော့မထင်လိုက်ပါနဲ့။ နှိုင်းလဲ မနှိုင်းပါဘူး၊ မနှိုင်းကောင်းဘူးဆိုတာလည်း သိပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး လိုမျိုးဟာ ဆယ်သက်မှာတောင် တစ်ခါ ကြုံနိုင်ကြမှာ မဟုတ်ဘူးဗျ။

ကျွန်တော့်ညီ ကဗျာဆရာ မောင်သွေးသစ် ရေးတဲ့ ကဗျာတစ်ပုဒ် မြန်မာတိုင်းမ် ဂျာနယ်မှာ ဖတ်လိုက်ရတယ်။ ကြက်သီးမွေးညင်းတောင် ထသွားတယ်ဗျာ။ ရှစ်လေးလုံးကာလတုန်းက မျက်ရည်တွေနဲ့ သံပြိုင်ဆိုခဲ့ကြရတဲ့ နိုင်မြန်မာရဲ့ ကမ္ဘာမကျေဘူး သီချင်းစာသားတွေကို (အစအဆုံးတော့မဟုတ်) ပြန်ရေးပြထားတာကိုး။

စာပေစိစစ်ရေးက ခွင့်ပြုလို့လည်း ပုံနှိပ်ဖော်ပြနိုင်ခဲ့တာပ။
(ကမ္ဘာမကျေဘူး...ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ...တော်လှန်ရေး... ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော....သြော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့ တိုင်းပြည်... ရဲရဲတောက် ဒို့ ပြည်သူတွေ...)

(ကိုယ်တော်မှိုင်း... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ... အဘိုးရေ...သခင်အောင်ဆန်း...နိုင်ငံတော်မှာ သွေးစွန်းခဲ့ပြီ အဖရေ....သြော် .. လုပ်ရက်ကြပေ... )

ဘာပဲပြောပြော ဒီလောက် ရေးနိုင်တာကိုပဲ ကျွန်တော်တို့ကတော့ ကြိုဆိုနေပါတယ်။

နိုင်ငံရေးအကျဉ်းသားလျော်ကြေး

တိုက်ဆိုင်တာက ခုတစ်လော ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို နောက်တက်လာတဲ့ အစိုးရတွေက တိုင်းပြည်ဘဏ္ဍာငွေဖြင့် လျော်ကြေးပေးတာမျိုး၊ ထောက်ပံ့ ကြေးပေး တာမျိုး တချို့နိုင်ငံတွေမှာ ရှိတယ်ကြားဖူးတယ်၊ ရှာဖွေကြည့်စမ်းပါလို့ ပြောတာနဲ့ ကျွန်တော် ရှာကြည့်တဲ့အခါ ဇင်ဘာဘွေနဲ့ လက်တင်အမေရိကနိုင်ငံတချို့ (အာဂျင်တီးနားလိုနိုင်ငံတွေ)မှာ လျော်ကြေးပေးတာ၊ ထောက်ပံ့ ကြေးပေးတာ၊ ကျန်းမာရေးစရိတ်တာဝန်ယူတာတွေ တွေ့ရတယ်ဗျ။

ဇင်ဘာဘွေမှာ သုံးနှုန်းပုံကတော့ the payment of gratuities to the ex-political prisoners, restrictees and detaineesလို့ ဆိုတယ်။``]နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကန့်သတ်ခံခဲ့ရသူများနှင့် ထိန်းသိမ်းခံ များအတွက် ကရုဏာကြေး´´ လို့ သုံးနှုန်းတယ်။ တိုင်းပြည်က သူတို့အပေါ် ကရုဏာဖြင့် ပေးတယ်လို့ ဆိုရမှာပေါ့။ နောင်အလျဉ်းသင့်တဲ့အခါ ဒီအကြောင်းတွေ ရေးပါဦးမယ်။

တရားဥပဒေစိုးမိုးရေး ဥက္ကဌ

ကောင်းသတင်းထပ်ပြောစရာတစ်ခုက သြဂုတ် ၇ ရက်က ပြည်သူ့လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်တာဝန်ပေးလိုက်တဲ့ သတင်းပေါ့ဗျာ။ အဲဒီကော်မတီရဲ့ တာဝန်တွေထဲက တစ်ခုက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊ တရားရေး အဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်း မီဒီယာနှင့် သက်ဆိုင်သူအားလုံးသည် တရားဥပဒေနှင့် အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင် ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိခြင်းပြုရမည်၊ အရေးယူဆောင်ရွက်ရန် ရှိပါက ပြည်သူ့လွှတ်တော် ဥက္ကဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်}}လို့ ဆိုတယ်ဗျ။ မဏ္ဍိုင်ကြီးလေးရပ်ကို ထိန်းညှိပေးတဲ့ တာဝန်ဖြစ်လေတော့ ကျွန်တော်တို့ မီဒီယာတွေနဲ့လည်း ပတ်သက်နေတယ်ဗျာ။ နည်းနည်းတော့ စိတ်ဝင်စားမိတယ်ဗျ။

ပိုင်ဆိုင်မှုကြေညာရေးအဆို ရှုံးသွားတယ်

စိတ်ထဲ မတင်မကျဖြစ်ရတဲ့ သတင်းကတော့ အစိုးရအဖွဲ့ဝင် ၀န်ကြီးများရဲ့ ပိုင်ဆိုင်မှု ကြေညာပေးရန် အဆို ရှုံးနိမ့်သွားတဲ့ ကိစ္စဗျာ။ သြဂုတ် ၈ ရက်ကကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး ၂၂ ရက် မြောက်နေ့မှာ ပုသိမ် မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အဆို တင်သွင်းထားတဲ့ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်များ အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသူများ၏ ပြောင်းရွှေ့ နိုင်သော ပစ္စည်းများ၊ မပြောင်း ရွှေ့  နိုင်သော ပစ္စည်းများ စာရင်းနှင့် ၎င်းတို့၏ အကျိုး စီးပွားများ စာရင်းကို ထုတ်ဖော် ကြေညာ၍ မှတ်တမ်းတင် ထားရန် အဆိုကို မဲခွဲ ဆုံးဖြတ်တော့ ထောက်ခံမဲ ၆၈ မဲသာ ရရှိပြီး ကန့်ကွက်မဲ ၂၁၇ မဲ ရှိလို့ ရှုံးနိမ့်သွားသတဲ့ဗျာ။ တိုင်းပြည်ကိုခေါင်းဆောင်နေသူများရဲ့ ရာထူးတာဝန် မထမ်းဆောင်ခင် ပိုင်ဆိုင်မှုတွေကို ကြေညာပေးဖို့၊ ကြေညာရဲဖို့ ကျွန်တော် လွန်ခဲ့တဲ့ ခြောက်လကျော်က ပြည်သူ့ခေတ်မှာပဲ ဆောင်းပါး ရေးခဲ့ဖူးတာဖြစ်လို့ သည်အဆိုကို စိတ်ဝင်စားစွာ နားစွင့်နေတာ အဆိုရှုံးသွားတယ်ဆိုတော့ ဟိုက်ခနဲ အော်မိတယ်ဗျာ။

ပြည်သူယုံကြည်မှုတိုးမြင့်လာစေဖို့

ဦးးဝင်းမြင့်ရဲ့ အဆိုကို အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၇ ဦး ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၃ ဦးး အပါအ၀င် ရှေ့ နေချုပ် ဒေါက်တာ ထွန်းရှိန်တို့ကပါ ၀င်ရောက် ဆွေးနွေးခဲ့ကြတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက အသွင် ကူးပြောင်းရေး ကာလမှာ နိုင်ငံတော် သမ္မတကြီးဦးဆောင်သော အစိုးရ အဖွဲ့ရဲ့ ဆောင်ရွက်ချက်များကို ပြည်သူများ ယုံကြည်မှု တိုးမြှင့်လာစေရန် အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုကို ထုတ်ဖော်ကြေငြာပေးရန် အထူးပင် လိုအပ်ကြောင်း ဆွေးနွေးပြီး မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကအစိုးရ အဖွဲ့ဝင်များကို သာမက တပ်မတော် ထိပ်တန်းခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ပါ ထုတ်ဖော်ကြေငြာပေးရန် လိုအပ်ကြောင်း ဆွေးနွေးသွားတယ်ဗျ။

လွှတ်တော်ဥက္ကဌတွေလည်း ကြေညာရမယ်

ဒုတိယ ရှေ့ နေချုပ်ရဲ့ ဆွေးနွေးချက်မှာ ထူးခြားတာက ဒီအဆိုကို အတည်ပြုမယ်ဆိုရင် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများရဲ့ ပိုင်ဆိုင်မှု စာရင်းသာမက လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ များရဲ့ ပိုင်ဆိုင်မှု စာရင်းကိုပါ ထုတ်ဖော် ကြေညာသင့်ကြောင်း၊ အစိုးရ အဖွဲ့ဝင် ဥပဒေ အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များရဲ့ ပိုင်ဆိုင်မှု စာရင်းကို နိုင်ငံတော် သမ္မတ ထံသို့ တင်ပြထားပြီ ဖြစ်ကြောင်း ဆွေးနွေးသွားတယ်ဗျ။

ပုံရိပ်ကို ဘယ်လောက်ထိခိုက်နိုင်သလဲ

ဒီအဆို ရှုံးနိမ့်သွားတာဟာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ ရဲ့ သန့်ရှင်းသော အစိုးရဖော် ထုတ်ရေး ကြိုးစားနေပါတယ်ဆိုတဲ့ ပုံရိပ်ကို ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာ ကျွန်တော် တွေးနေမိတယ်ဗျာ။ ဒါတင်မက သမ္မတကိုယ်တိုင်က စတုတ္ထ မဏ္ဍိုင် လို့ အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာများထဲက သတင်းဂျာနယ် တချို့ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ထုတ်ဝေခွင့် ရပ်ဆိုင်းတာ၊ တရားစွဲဆိုတာတွေ ဖြစ်ပေါ်နေတာဟာလဲ ဒီမိုကရေစီရဲ့ အဓိက ပေတံတစ်ချောင်းဖြစ်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ပုံရိပ်ကို ဘယ်လောက်ထိခိုက်နိုင်သလဲဆိုတာကိုပါ ဆက်တွေးနေမိတယ်ဗျာ။

၁၀၊ ၈၊ ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၀၇၊ ၂၀၁၂ ခုနှစ်၊ သြဂုတ် ၁၆)


စာပေစိစစ်ရေး မရှိတော့ဘူးလား

2 comments


မြန်မာနိုင်ငံတွင်ပုံနှိပ်ထုတ်ဝေနေသောစာနယ်ဇင်းများနှင့် ထုတ်ဝေစာများ အားလုံး သြဂုတ်၂၀ရက်နေမှစ ပြီး စာပေစိစစ်ရေးသို့တင်စရာမလိုဘဲ ထုတ်ဝေနိုင်တော့မည်ဖြစ်ကြောင်းပြန်ကြားရေး ၀န်ကြီးဌာနက ပြောကြား သည်။

နိုင်ငံရေးနဲ့ဘာသာရေး ထုတ်ဝေစာများကို ယနေ့ကစပြီး စာပေစိစစ်တင်စရာ မလိုဘဲ ထုတ်ဝေ ခွင့်ပြုမှာ ဖြစ် ပါတယ်။ အဲဒါကြောင့် အခုဆိုရင် ပုံနှိပ်ထုတ်ဝေစာအားလုံး စာပေစိစစ်ခံစရာမလိုတော့ဘဲ ထုတ်ဝေနိုင် တော့ မှာဖြစ်ပါတယ်`ဟု ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန အကြီးအကဲ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးတင့်ဆွေက ရန်ကုန်မီဒီယာသို့ပြောကြားသည်။

ထို့အတွက်ကြောင့် သတင်းဂျာနယ်များပါဝင်သော နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ထုတ်ဝေစာများသည် လွတ်လပ်စွာ တည်းဖြတ်ထုတ်ဝေနိုင်တော့မည်ဖြစ်ရာ ယင်းတွင် ဂျာနယ် ၈၆ စောင်နှင့်မဂဇင်း ၅၅ စောင် ပါဝင်ကြောင်းသိရှိရသည်။“စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနအနေနဲ့ စာပေစိစစ်ခြင်းလုပ်ငန်း ရှိတော့မှာမဟုတ်ဘဲ မှတ်ပုံတင်လုပ်ငန်းသာ ရှိတော့မှာပါ” ဟု ဦးတင့်ဆွေကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရသစ်တက်လာပြီးနောက် စာပေစိစစ်ခြင်းလုပ်ငန်းများအား တစ်ဆင့်ပြီး တစ်ဆင့် ဖြေ လျော့ပေး ခဲ့ရာ ယခုအကြိမ်သည် ပဉ္စမအကြိမ်နှင့်နောက်ဆုံးအဆင့် ဖြေလျော့မှု ဖြစ်ကြောင်း ဦးတင့်ဆွေ ကပြောသည်။

သို့သော် ၁၉၆၂ခုနှစ်ပုံနှိပ်ဆိုင်ရာဥပဒေက အသက်ဝင်ဆဲရှိနေသဖြင့် မီဒီယာ ဥပဒေအသစ် မပေါ်ပေါက်မီ ကာလအတွင်း ထိုဥပဒေကိုပင် ဆက်လက် ကျင့်သုံးသွားရဦးမည်ဖြစ်ကြောင်း သိရှိရသည်။

စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ထုတ်ဝေသူများနှင့်အယ်ဒီတာများအား ယနေ့နံနက်၁၀နာရီ တွင် တွေ့ဆုံ ကာ ယင်းဖြစ်ပေါ်တိုးတက်မှုအား ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရေးသားသူ © အမေ့အိမ်အဖွဲ့ KING


အစ္စလာမ် ဘာသာရေးအဖွဲ့ရဲ့ ကြေညာချက်

2 comments


မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်သည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ကြေညာချက် တစောင်ထုတ်ပြန်ခဲ့တာကို ယမန်နေ့က နိုင်ငံပိုင် သတင်း မီဒီယာများတွင် ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်လျှက် ရှိတာကို အစချီပြီး ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ချဲ့ကားပြောဆိုထားမှုများကို နိုင်ငံလုံးဆိုင်ရာ အစ္စလာမ် အသင်းကြီးက လက်မခံကြောင်း ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်က မတည်ငြိမ်မှုများကို အကြောင်းပြုပြီး မြန်မာနိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ် နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အကြမ်းဖက်၊ ခြိမ်းခြောက်၊ အကျပ်ကိုင်မှုများ လုပ်ဆောင်သည့် မည်သည့် အဖွဲ့အ စည်းကို မဆို မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက လုံးဝ ရှုတ်ချ ပါတယ်လို့ ဆိုထားပါတယ်။

နိုင်ငံတွင်နေထိုင်ကြသူ မတူညီသော သဘောထား၊ အယူအဆများကို မေတ္တာရှေ့ထား၍ ညှိနှိုင်း အဖြေရှာခြင်း နည်းဖြင့်သာ တရားဥပဒေဘောင်တွင်း တည်ငြိမ်စွာ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစ္စလာမ် ဘာသာရေးအဖွဲ့ များ၏ တာဝန်ရှိသူများ စုစုပေါင်း ၅ ဦး၏ လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာထားပါတယ်။



ရိုဟင်ဂျာ ပြဿနာ Rohingyar Crisis

14 comments


ဆွေးနွေးတင်ပြသူ - ငြိမ်းချမ်းအေး


ရိုဟင်ဂျာ ပြဿနာ Rohingyar Crisis
ဆွေးနွေးတင်ပြသူ - ငြိမ်းချမ်းအေး
ဆက်သွယ်ရန်: nyeinchanaye81@gmail.com
ရိုဟင်ဂျာ ပြဿနာ အကြပ်အတည်း နှင့် အခြား ဆက်စပ်နေသော အကြောင်းအရာ အခြေအနေများ အပေါ် ကိုယ်ပိုင် အမြင် နဲ့ အကြံပြုချက်များ (Personal Views and Recommendations on Rohingyar Crisis and Other Related Matters by Nyein Chan Aye) နောက်ခံ အခြေအနေ (Background)
ရိုဟင်ဂျာ ပြဿနာ လို့ ခေါင်းစဉ် တပ်လိုက်တော့ ဒီ စာဖတ်ဖြစ်သူအားလုံး မျက်ခုံးတွေ ပင့်သွားကြမယ် ထင်ပါတယ်။

စာဖတ်သူတွေကို ပထမဦးဆုံး သိစေချင်တာကတော့ စာရေးသူဟာ အရင် စစ်အစိုးရ ခေတ် ကတည်းက ဒီလို အွန်လိုင်းမှာ မိမိ အမြင်တွေ တင်ပြ ဖလှယ်လေ့ရှိပေမယ့် ဘယ်တုန်းကမှ ရိုဟင်ဂျာပြဿနာကို ရှေ့တန်းတင် ဦးတိုက်ပြီး ပြောလေ့ မရှိခဲ့ဖူးဘူး ဆိုတာပါ။

အကြောင်းက စစ်အစိုးရခေတ်တလျှောက်လုံးမှာ လူများစု မြန်မာ အပါအဝင် အခြား လူနည်းစု တိုင်းရင်းသား လူမျိုးစုတွေ၊ လူမျိုးကွဲ/ဘာသာခြား နိုင်ငံသားအားလုံးဟာ ဖိနှိမှု၊ မတရားမှုတွေရဲ့ ဒဏ်ကို စစ်ဖိနပ် အောက် မှာ ပြားပြားဝပ် အားလုံး တန်းတူ ခံစားနေရလို့ အုပ်စု တစုကို အခြေပြုတဲ့ ဘယ်သူ့ အကြောင်းမှ သီးသန့် အလေးထား ပြောဖို့မလို၊ စနစ်ဆိုးအကြောင်းသာ ထောက်ပြဖို့လိုတယ်လို့ ယူဆလို့ဖြစ်ပါတယ်။

လူနည်းစု တိုင်းရင်းသားတွေနဲ့ လူမျိုးကွဲ/ဘာသာခြား တွေ ဟာ နယ်စပ်ဒေသတွေနဲ့ ပဋိပက္ခ နယ်မြေတွေ မှာ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ပို ခံကောင်း ခံ ရတယ်ဆိုနိုင်ပေမယ့် တုံးအောက်က ဖားချင်း အတူတူချည်းပဲလို့ ယူဆတဲ့ အတွက် ယေဘုယျ သဘောဆောင်တဲ့ အကြောင်းတွေကိုပဲ အရင်တုန်းက ပြောလေ့ ဆွေးနွေးလေ့ ရှိခဲ့ပါတယ်။

ခု ခေတ်စနစ် ပြောင်းပြီလို့ ဆိုနိုင်တဲ့ အချိန်ရောက်တော့လည်း ရိုဟင်ဂျာ ပြဿနာကို စပြောဖို့ ဆိုဖို့ စိတ်ကူး မရှိခဲ့ပါ။ အကြောင်းက စာရေးသူ တဦးတည်း သဘော နိုင်ငံရေး ခံယူချက် အမြင် အရ အခြေခံ ကျ ကျ ခေတ်ပြောင်းခဲ့တယ်လို့ မယုံကြည်လို့ရယ်၊ အပေါ်ယံ ခေတ်ပြောင်းပြီ ဆိုစေအုံး.. စနစ်ဆိုး၊ အကျင့်ဟောင်းတွေ ပြောင်းဖို့ အုပ်ချုပ်သူ အစိုးရ အပါအဝင် လူတန်းစား အသီးသီး နဲ့ သာမန် ပြည်သူလူထုရဲ့ အတွေးအခေါ်၊ အယူအဆဟောင်းတွေ ပြောင်းဖို့က အချိန်ယူရအုံးမယ်ဆိုတာ နားလည်လို့ရယ်၊ တကယ်လို့ ခု စ ပြောစရာရှိရင် ရိုဟင်ဂျာတွေ နည်းတူ အိမ်နီးချင်း နိုင်ငံတွေ နဲ့ ကမ္ဘာတဝှမ်း မှာ နိုင်ငံမဲ့ ဒုက္ခသည် အနေနဲ့ ရောက်နေတဲ့ အခြား တိုင်းရင်းသားတွေကိစ္စ ဖြေရှင်းဖို့ လိုတဲ့ အကြောင်းသာ အရင်ပြော ဖို့လိုပြီး သူတို့တတွေ အများစု သူတို့ မြေပြန်နင်းခွင့်ရပြီးမှ ရိုဟင်ဂျာ ပြဿနာကို ပြောသင့်၊ ဖြေရှင်းသင့်၊ ပြောနိုင်၊ ဖြေ ရှင်းနိုင် မယ်လို့ စာရေးသူတဦးတည်း အမြင်အရ ယူဆလို့ရယ်ကြောင့် ဖြစ်ပါတယ်။

ဆိုခဲ့တဲ့ အကြောင်းတွေထဲက နောက်ဆုံးအချက်ကို ဖတ်ရတော့ ရိုဟင်ဂျာ တွေ နဲ့ သူတို့ကို စာနသူ၊ ထောက် ခံသူတွေက ဒီစာရေးသူက ဘက်လိုက်တယ်လို့လည်း မမြင်စေချင်ပါ။ သမိုင်း ဖြစ်စဉ် နဲ့ လက်ရှိ ပကတိ အခြေအနေအရ ရိုဟင်ဂျာ ပြဿနာ က ဖြေရှင်းဖို့ ပို သိမ်မွေ့ ခက်ခဲလို့ ဒီလို ယူဆခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်က လူတဦးချင်းသဘောနဲ့ ကျူးလွန်းခဲ့တဲ့ ရာဇဝတ်မှု ကနေဆက်စပ်လို့ နောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်လာပြီး အကြမ်းဖက်မှု၊ သတ်ဖြတ်မှု တွေ ဆက်ဖြစ်ကာ အဓိကရုဏ်း ပုံစံ မတည်ငြိမ်မှုတွေ ဒေသတွင်းမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

[စကားချပ် - အဲဒီ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ဖြစ်ခါစမှာ အကြောင်း/အကျိုး ရှာတဲ့ စာရေးသူရဲ့ အမြင်ကို “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ”၊ မိုးမခ (ညွှန်း-၁) ဆိုပြီ ရေးခဲ့ဖူးပါတယ်။]

ဒီလို အနေအထားနဲ့ အတူ မိမိတို့ ရဲ့ လူ့အဖွဲ့အစည်းမှာ ကိုးကွယ်မှု ဘာသာတူ တိုင်းရင်းသား ရခိုင် တွေကို စာနာသူ၊ ဘင်္ဂါလီ အနွယ် ရိုဟင်ဂျာ တွေ ကို စာနာတဲ့ သူတို့နဲ့ဘာသာတူ ဗမာပြည်ဖွား၊ နိုင်ငံသား ဘာသာကွဲတွေ စတဲ့ ဘက်နှစ်ဘက်စလုံးက လူတွေ၊ ဘက်မလိုက်ဘဲ ဖြစ်စဉ် သတင်း အချက်အလက် အမှန်ကိုသာ ကိုယ်ပိုင် အာဘော် မပါ အတိအကျ အစွဲကင်းကင်း ဖော်ပြပြီး သူကြီး အလုပ်၊ တရားသူကြီး အလုပ် ဝင်မလုပ်ဘဲ နေရမယ့် မီဒီယာတွေ (ပြည်တွင်း/ပြည်ပ/နိုင်ငံပိုင်) နဲ့ ပြဿနာကို အလျင်အမြန် ထင်သာမြင်သာ ရှိရှိ ဖြေရှင်းရမယ့် ဒေသခံ ပြည်နယ် အစိုးရ နဲ့ ပြည်ထောင်စု အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ကြားဝင် ဖြေရှင်း စေ့စပ်ဖို့ ကြိုးစားရမယ့် နိုင်ငံရေးပါတီတွေ စတဲ့ အစုအဖွဲ့ အသီးသီးက တုန့်ပြန်ပုံတွေမှားယွင်း၊ အရေးယူပုံတွေ နောက်ကျ၊ သဘောထားတွေ မမှန်ကန်၊ ဘာသာ/လူမျိုး အခြေခံစိတ်တွေ ထား စတဲ့ မမှန်ကန်တဲ့ ဖြေရှင်းမှု နဲ့ သဘောတွေ ကြောင့် လူမျိုးရေး/ဘာသာ ကွဲတွေအကြား အမြင်မကြည်လင်မှု နဲ့ အမုန်းတွေဟာ ဗမာ့ လူ့အဖွဲ့အစည်းထဲကို အရင်ကထက် ပို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောက်ရှိလို့လာခဲ့ပါတယ်။

ဒီသဘော နဲ့ ဖြစ်စဉ်ဟာ တိုင်းပြည် နယ်နမိတ် ကိုပါ ကျော်ဖြတ်ပြီး နိုင်ငံတကာမှာပါ ထင်ရှားလာခြင်းနဲ့အတူ ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ မိမိလူအဖွဲ့အစည်းရဲ့ အားနည်းချက်ကြောင့် သတင်းတွေ၊ ဖြစ်ရပ်တွေဟာ အမျိုးမျိုး ချဲ့ထွင် ပုံဖျက်ခံရကာ စွပ်စွဲမှု အကြီးကြီးတွေ ထိ ဖြစ်လာတဲ့ အတွက် ဒီ ရိုဟင်ဂျာ ပြဿနာ ကို ပြည်တွင်း ပကတိ အခြေအနေ အခြေပြုကာ နိုင်ငံတကာ စံနှုန်းတွေနဲ့လည်း ကိုက်ညီအောင် စဉ်းစား စီစဉ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အားလုံး အလုံးစုံ ဖြေရှင်းနိုင်မှသာ ခု ဒီမိုကရေစီ နိုင်ငံတော်သစ် တခု ပြန်လည် တည်ထောင်မယ်လို့ ကြွေးကြော်နေတဲ့ တိုင်းပြည်ရဲ့ ရှေ့ အနာဂတ် လမ်းမှာ လုပ်ရမယ့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အောင်မြင်အောင် လုပ်နိုင်တော့မယ့် အခြေအနေ ဖြစ်သွားခဲ့ရပါတယ်။

နောက်တခုက မိမိ လူ့အဖွဲ့အစည်းရဲ့ ဖုံးဖုံးဖိဖိ သိုသိုဝှက်ဝှက် လုပ်တတ်တဲ့ အကျင့် နဲ့ ပွင့်လင်းမြင်သာမှု အားနည်းတဲ့ စရိုက် အရိုးစွဲနေမှုသဘောက ချဲ့ကား လုပ်ကြံ ပြောဆိုခံရမှုတွေ နဲ့ အတူ အကျိုးဆက် ရင်ဆိုင်ရလာနိုင်တဲ့ (ခုအချိန်မှာ ခြိမ်းခြောက်မှု အနေနဲ့က စရှိနေပါပြီ) အကြမ်းဖက်ခံရမှု အခြေအနေက နိုင်ငံ ရဲ့ တိုးတက် စည်ပင်သာယာဝပြောရေး နဲ့ နိုင်ငံသား အားလုံး ရဲ့ လုံခြုံရေးကို တကယ် ထိခိုက်နိုင်မယ့် အခြေအနေဖြစ်သွားခဲ့ရပါတယ်။

တိုင်းပြည်ရဲ့ လုံခြုံရေးကိုတာဝန် ယူပေးရတဲ့ သူတွေမှာ ခေတ်မီ ကောင်း မွန် ပြည့်စုံတဲ့ စနစ်၊ နည်းပညာ၊ ကျွမ်းကျင်မှု၊ စနစ်တကျ လေ့ကျင့်ပေးမှု အားနည်းခြင်း နဲ့ အတူ ဘယ်အရာမဆို ပြီးပြီးရော အလွယ် လုပ်တတ်တဲ့ အကျင့်ဟောင်း မပျောက်သေးတဲ့ အခုလို အချိန်မှာ ဒီလို အနေအထားဟာ ခြိမ်းခြောက်မှု သက်သက်ဆိုစေအုံးတော့. အပြစ်မဲ့ပြည်သူလူထုအတွက်၊ တိုင်းပြည် ခေါင်းဆောင်တွေ အတွက် တကယ်ပဲ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါကမှ တကယ် ခု တချို့ ပုဂ္ဂိုလ်များ ရိုဟင်ဂျာ ပြဿနာကို ရှုမြင် သုံးနှုံးနေတဲ့ အမျိုးသား လုံခြုံရေး (National Security) ပြဿနာ အစစ် ဖြစ်ပါတယ်။

ဒီလို နောက်ခံအနေအထားတွေကြောင့် စာရေးသူလည်း ဘယ်လို အသံမျိုး၊ လွှမ်းမိုးအရာရောက်မှုမျိုး မှ ဖြစ်ပေါ်စေနိုင်စွမ်း သူ မဟုတ်တဲ့ သာမန်လေ့လာသူ လူငယ် တယောက်ပေမယ့် ရိုဟင်ဂျာ ပြဿနာ နဲ့ ဆက်စပ်လို့ ဝင်ရောက် ပြောဆိုဆွေးနွေးလိုစိတ် ဖြစ်ပေါ်လာရပါတယ်။

နောက်အကြောင်းတခုက ဆိုခဲ့သလို ဒီပြဿနာကို တခါမှ ဆောင်းပါးရှည် အနေနဲ့ အကျယ်တဝင့် မပြောခဲ့ ဖူးဘူးဆိုတာ မှန်ပေမယ့် ဒီ ရခိုင် မတည်ငြိမ်မှု ဖြစ်စဉ် အစကို သုံးသပ်ခဲ့တဲ့ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း အတွက် ဆင်ခြင်စရာ” ဆောင်းပါး နောက်မှာ စာရေးသူရဲ့ ရိုဟင်ဂျာ ပြဿနာ အမြင် ကို ကိုယ်ပိုင် လူမှုကွယ်ရက် စာမျက်နှာပေါ်မှာ စာတို အနေနဲ့ တခါ ရေးခဲ့ဖူးပါတယ်။

ရေးခဲ့တဲ့ စာတိုပါ သဘော နဲ့ အခု ဆောင်းပါးမှာ ရေးမယ့် အချက် တွေဟာ အတူတူ ပါပဲ။ အဲဒီတုန်း က ရေးခဲ့တဲ့ စာတို ပါ သဘော ထား အတော်များများ၊ အထူးသဖြင့် နိုင်ငံသား ဥပဒေကို အမှန်အတိုင်း အသုံးချပြီး လက်ရှိ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ရိုဟင်ဂျာတွေထဲက နိုင်ငံသားဖြစ်ထိုက်သူတွေကို နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးပြီး ဖြေရှင်းမှ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတဲ့ သဘောကို လက်ခံ နားလည်မှု ရှိလာတဲ့ သဘော လက်ရှိ အစိုးရရဲ့ အကြီးအကဲ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုလာတဲ့ အခု အချိန်မှာ ဒီအကြောင်းရဲ့ နောက်ခံ အခြေအနေကို နည်းနည်း အသေး စိတ် ဆွေးနွေးတဲ့ ဆောင်းပါး ပုံစံ အသစ် ရေးလိုစိတ် ဖြစ်ပေါ်လာပါတယ်။ အောက်တွင် ဆက်လက် ဖတ်ရူပါ။

ရိုဟင်ဂျာလူမျိုး နာမည် အခေါ်အဝေါ် အငြင်းပွားမှု (Rohingyar: Naming Controversial)
ရခိုင် နဲ့ မြန်မာ သမိုင်းပညာရှင် တချို့ နဲ့ ရခိုင်၊ မြန်မာ အများစုက ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ် နဲ့ အသုံးအနှုန်း ဟာ လွတ်လပ်တဲ့ ဗမာပြည် ခေတ်ဦး ရောက်မှ နိုင်ငံရေး လိုအပ်ချက်အရ တည်ထွင် ဖန်တီး သုံးစွဲ ခဲ့ကြတယ်လို့ ယူဆနေကြပါတယ်။

နိုင်ငံရေး သဘော မဆောင်ဘဲ ဘာသာဗေဒ သဘောအရ ဒီဝေါဟာရ ဖြစ်ပေါ်လာပုံ ကို ရခိုင်/ မြန်မာ - ရိုဟင်ဂျာ ဘက်နှစ်ဘက်စလုံးလည်း လက်ခံနိုင်မယ့် ရှေးကွင်းဆက် ပြောရမယ်ဆိုရင် (၁၈) ရာစု နှောင်းပိုင်း (၁၇၉၉) ခုနှစ်မှာ အခု အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဒေသ ပတ်ဝန်ကျင် ဗြိတိသျှ-အိန္ဒိယ မှာ အခြေချနေထိုင်ပြီး စစ်တကောင်း ဒေသ နဲ့ ရခိုင် ဒေသတွေကို သွားလာလေ့လာခဲ့တဲ့ အဲ့ခေတ်က ခေတ်ပြိုင် ပုဂ္ဂိုလ် လို့ ဆိုနိုင်တဲ့ စကော့လူမျိုး ဆရာဝန် Dr. Francis Buchanan-Hamilton (1762-1829) ရေးသားခဲ့တဲ့ “မြန်မာ (ဗမာ) လက်နက် အင်ပါယာ နိုင်ငံတော် အတွင်းရှိ ဘာသာစကား အပြော တချို့ရဲ့ ဝေါဟာရ အသုံးများ နှိုင်းယှဉ်လေ့ လာချက်“ ဆောင်းပါးမှာ ရခိုင်ဒေသ မှာ နေထိုင်နေတဲ့ မဟာမေဒင် ဘာသာ ကိုးကွယ် တဲ့ ရိုအင်ဂျာ (Rooinga) လူမျိုးတွေရဲ့ စကားကိုလည်း ဒေသသုံး စကား (Dialect) အနေ နဲ့ ထည့်သွင်း မှတ်တမ်း တင်ခဲ့ပါတယ်။

ဒီ အချက်ကိုလည်း ယနေ့ခေတ်ပြိုင် ပြင်သစ် လူမျိုး ရခိုင် သမိုင်း ကျွမ်းကျင်သူ ပညာရှင် Dr. Jacques P. Leider က ဘာသာဗေဒ သဘောအရ ခု တွေ့ရှိ့ရသေးသမျှ ထဲက အစောဆုံး တွေ့ရှိချက် လို့ လက်ခံထားပါတယ်။ သူဟာ ရိုဟင်ဂျာ တွေကို ဌာနေတိုင်းရင်းသား မဟုတ်ဘူးလို့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားသူ တယောက်ဆိုတာလည်း သတိပြုပါ။

ဘာသာဗေဒ စကားလုံး ဝေါဟာရ တွေ ရဲ့ ရင်းမြစ် နဲ့ ဖြစ်ပေါ် ပြောင်းလဲတိုးတက်မှု (Etymology) သဘော အရ (၁၈) ရာစု ထက် ရှေးကျတယ် ဆိုတဲ့ အခြား ကောက်ချက် ဆွဲ သူ ပညာရှင် တွေရဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် စာရေးသူဟာ ဒီစာကို အငြင်းပွားမှုတွေ ဖြစ်ပေါ်စေဖို့ ရေးတာမဟုတ်ဘဲ ဘက်နှစ်ဘက် စလုံး လက်ခံနိုင်တဲ့ အတိုင်းအတာ ကိုပဲ ဆိုချင်တဲ့ အတွက် အကျယ်ထည့်မရေးခြင်း ဖြစ်ပါတယ်။

ဒီလို နောက်ခံ အခြေအနေ မှာ စာရေးသူ အနေနဲ့ ဘယ်တုန်းကတည်းက ရိုဟင်ဂျာ စကားလုံး ပေါ်ခဲ့တယ်၊ ရိုဟင်ဂျာလို့ ခေါ်ခဲ့တယ်/မခေါ်ခဲ့ဘူး ဆိုတာ မငြင်းဘဲ လူမျိုးတွေရဲ့ မွေးရာပါ လွတ်လပ်စွာ ရွေးချယ်ခွင့် အဘောအရ သူတို့ လူမျိုးတွေ အများစု ကျေနပ်လို့ သူတို့ဘာသာ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခွင့်ရှိခြင်းကို လက်ခံပါတယ်။ အများကလည်း သူတို့ကို ညွှန်းဆိုရင် သူတို့ခေါ်စေဖို့ သတ်မှတ်ထားတဲ့ နာမည် အတိုင်းပဲ အသုံးပြုရမယ်လို့ ယုံကြည်ပါတယ်။

အခြား လူမျိုး တမျိုးမျိုးရဲ့ နာမည် နဲ့ မတူတဲ့ အခြား သူတို့ ကြိုက်တဲ့ နာမည် အသစ် တခုခုကို သူတို့ လူမျိုး ဆန္ဒအရ ခုမှ ပြောင်းလဲသတ်မှတ်ချင်တယ်ဆိုရင်လည်း ရသေးတယ် လို့ ယူဆပါတယ်။

ရိုဟင်ဂျာဟာ ဗမာနိုင်ငံရဲ့ ဌာနေ တိုင်းရင်းသားလား (Is Rohingyar a Native Ethnic Group of Burma?)

ဗမာနိုင်ငံသမိုင်းကို အခြေခံ အဆင့် လေ့လာဖူးသူဆိုရင် ရိုဟင်ဂျာ တွေဟာ အပြည့်အဝ နိုင်ငံသားတွေ အဆင့်သာမက ဌာနေ တိုင်းရင်းသားပါ အသတ်မှတ်ခံခဲ့ရဖူးတယ်ဆိုတယ်ကို သိနိုင်မှာ ဖြစ်ပါတယ်။ အားလုံး လက်လှမ်းမီနိုင်တဲ့ အလွယ်ဆုံး အထောက်အထားပြရရင် စာပေဗိမာန် ၁၉၆၄ ပဌမအကြိမ်ထုတ် မြန်မာ့ စွဲစုံကျမ်း အတွဲ (၉)၊ အပိုင်း (က)၊ စာမျက်နှာ (၈၉) ပါ “မေယုနယ်ခြားခရိုင်” ခေါင်းစဉ် အောက်က ရခိုင်ပြည်နယ် မယူတောင်တန်းကို ဗဟိုပြုတဲ့ မယူမြစ် နဲ့ နတ်မြစ်ကြား ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် မြို့နယ်များမှာ နေထိုင်တဲ့ လူအများစု (၇၅ ရာခိုင်နှုန်း) ရိုဟင်ဂျာ လူမျိုးများ နဲ့ အခြား ရခိုင်၊ ဒိုင်းနက်၊ မြို၊ ခမွီး တိုင်းရင်းသားတွေ အကြောင်းကို ဖတ်ကြည့်ရင် သိနိုင်မှာ ဖြစ်ပါတယ်။

ဒီလို နောက်ခံသမိုင်း နဲ့ အခြေအနေ မှာ ဗမာ့သမိုင်းကို အခြေခံထက်ပို လေ့လာဖူးတယ် တယ်လို့ ဆိုချင်ရင် ရတဲ့ စာရေးသူ အနေနဲ့ ရိုဟင်ဂျာ ဟာ ဗမာနိုင်ငံရဲ့ ဌာနေတိုင်းရင်းသား တွေပါလို ဘယ်တုန်းကမှ မဆိုခဲ့၊ မမြင်ခဲ့၊ မပြောခဲ့သလို အခုဆောင်းပါ အပါအဝင် နောင်လည်း.. ပြောမှာ ရေးမှာ မဟုတ်ပါ။

အကြောင်းက ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်ကြောင်း သတ်မှတ်ခံခဲ့ရမှု ဖြစ်စဉ် နဲ့ အကြောင်း သဘောကို လက်မခံလို့ ဖြစ်ပါတယ်။ ဒီလိုပဲ နောက်ပိုင်း စစ်အစိုးရခေတ် ရောက်မှ နိုင်ငံရေး လိုအပ်ချက် သဘောအရ သတ်မှတ်ခဲ့တဲ့ အခြား တိုင်းရင်းသားဖြစ်မှု တချို့ကိုလည်း အလုံးစုံ သဘော အနေနဲ့ လက်ခံလို့ မရပါ။ ငြင်း လည်း မငြင်းပါ။

သူတို့ တိုင်းရင်းသား ဟုတ်/မဟုတ် စာရေးသူ အနေနဲ့ မပြောဘူး/ မငြင်းဘူးဆိုတာ ဘာကြောင့် ဆိုတာ ကို နောက်အကြောင်းတခုပြရရင်…

လူတွေဟာ သမိုင်းမတင်မီ ခေတ်တွေမှာ ကမ္ဘာ အနှံ့ ဆိုသလို ရေကြည်ရာ မြက်နုရာ ရှာဖွေရင်းနဲ့ လှည့်လည်၊ သွားလာလေ့ရှိပြီး သင့်လျော်ရာ နေရာ၊ ဒေသ နဲ့ ဥတု မှာ သင့်လျော်သလို နေထိုင် အခြေချ လေ့ရှိကြပါတယ်။ လူမျိုးစု တစုကို လက်ရှိ တိုင်းပြည်၊ နိုင်ငံရယ်လို့ ခေါ်ဆို သတ်မှတ်ကြတဲ့ နေရာတနေရာအတွက် ဌာနေ တိုင်းရင်းသား ဟုတ်/မဟုတ် သတ်မှတ်ရာမှာ အခြား သိပ္ပံနည်းကျ ဘာသာဗေဒ၊ မနုဿဗေဒ စတဲ့ ပညာရပ်ဆိုင်ရာ သုံးသပ် ကောက်ချက်ဆွဲမှု များနဲ့ အတူ အဓိက က သမိုင်း ဖြစ်စဉ် မှတ်တမ်း အနေနဲ့ လက်ရှိ နိုင်ငံတည်ရှိတဲ့ နေရာဒေသ၊ နယ်နမိတ်အတွင်းကို သမိုင်းမတင်မီ (သို့) သမိုင်းတင်စ အခြေအနေက စလို့ နောက်ပိုင်း ဘယ်အချိန် အစောဆုံး အဲ့လူမျိုးစု အများစု ဝင်ရောက် အခြေချ နေထိုင်ကြ (Mass Migration/Settlement) သလဲဆိုတာကို ကြည့်ဆုံးဖြတ်လေ့ရှိကြပါတယ်။

မြန်မာ အပါအဝင် အခြား လက်ရှိ အစိုးရ နဲ့ လူအများစု နိုင်ငံတိုင်းရင်းသားအဖြစ် လက်ခံထားတဲ့ လူမျိုးစုတွေ လည်း ဒီလို လှည့်လည်သွားလာ နေထိုင်ခဲ့ကြရင်းနဲ့ပဲ ဗမာ့ သမိုင်းမတင်မီ နဲ့ တင်ပြီးစ ခေတ်တွေမှာ လက်ရှိ ဗမာ နိုင်ငံလို့ ခေါ်ဆိုသတ်မှတ်တဲ့ ဧရိယာ အတွင်းကို ဝင်ရောက် အခြေချ နေထိုင်ခဲ့ကြတာပါပဲ။

ဒီလို စတင် အခြေချနေထိုင်တဲ့ အချိန် သတ်မှတ်ကြရမှာလည်း ရှာဖွေတွေ့ရှိတဲ့ မြေထဲသမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်တွေအရ ခုနှစ်၊ သက္ကရာဇ် အတိအကျ ပြောဆိုနိုင်မှု အားနည်းပြီး အမျိုးမျိုးယူဆနိုင်စရာ ရှိပါတယ်။ ဒီလို သဘောအတိုင်းပဲ ရိုဟင်ဂျာတွေ ဘယ်အချိန်တုန်းကတည်းက ခုလက်ရှိ သူတို့နေထိုင်နေတဲ့ ရခိုင် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဒေသမှာ လာရောက် အခြေချနေကြသလဲ ဆိုတာဟာ လည်း သမိုင်းဆိုင်ရာ အချက်အလက်အနေနဲ့ ဘက်နှစ်ဘက် အပြန်အလှန် အငြင်းပွားဖွယ်ရာ အခြေ အနေ ဖြစ်နေ လို့ ဖြစ်ပါတယ်။


စာရေးသူ အမြင်နဲ့ သူတို့ဟာ တိုင်းရင်းသား တကယ် ဟုတ်/မဟုတ်လည်း သုံးသပ်လိုစိတ် မရှိပါ။ သုံးသပ်လိုစိတ် မရှိတာထက် သုံးသပ်နိုင်ခွင့်မရှိတာဆိုရင်ပိုမှန်ပါမယ်။ စာရေးသူ တယောက်တည်း အမြင်၊ သဘောထားနဲ့ သုံးသပ်ပြောဆို၊ ဟုတ်/မဟုတ် ရေးသားပြောဆိုရင်လည်း အငြင်းပွားဖွယ်ရာ ဖြစ်လာတာသာ အဖတ်တင်ပြီး ဘာမှ လက်ရှိ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အထောက်အကူ ပြုမှာ မဟုတ်ပါ။

သူတို့ကို ဌာနေတိုင်းရင်းသား ဟုတ်/မဟုတ် ဆုံးဖြတ်တဲ့ အလုပ်ကို စာရေးသူ အမြင် တခုတည်းနဲ့ သုံးသပ်လို့ မရသလို အခြား ပုဂ္ဂိုလ် တဦးဦး၊ ပညာရှင် တယောက် ယောက်၊ နိုင်ငံရေး အဖွဲ့အစည်း တခုခု နဲ့ အစိုးရ အပါအဝင် တဦးချင်း၊ တဖွဲ့ချင်း သဘော ဘယ်သူမှလည်း လုပ်ဆောင်၊ ပြောဆို၊ ဆုံးဖြတ်လို့မရပါ။

နောက်ဆုံးမှာ ဥပဒေပြု လွှတ်တော် နဲ့ အစိုးရက ဌာနေတိုင်းရင်းသား ဖြစ်မှု ကို ဆုံးဖြတ်ချက် ချပေးရမှာ မှန်ပေမယ့် ဒီလို ဆုံးဖြတ်ချနိုင်ဖို့က ပထမဦးဆုံး အနေနဲ့ ဘက်ပေါင်းစုံက လက်ခံနိုင်တဲ့ လွတ်လပ် ဘက်မလိုက်တဲ့ ဘာသာဗေဒ၊ မနုဿဗေဒ၊ သမိုင်း၊ ရှေးဟောင်း မြေထဲသမိုင်း ပညာရှင် စတဲ့ ပညာရပ် ဆိုင်ရာ အမြင်တခုတည်း အပေါ်သာ အခြေခံတဲ့ ပညာရှင်တွေ စုစည်းထားတဲ့ လွတ်လပ်တဲ့ လေ့လာစုံစမ်းရေး အဖွဲ့က သုံးသပ်လေ့လာပြီး အကြံပြုချက် တရပ်ကို လူထု နဲ့ အစိုးရထံကို တင်ပြရမှာ ဖြစ်ပါတယ်။

ပညာရှင်တွေရဲ့ အဂတိ ကင်းတဲ့ သုံးသပ်ချက် ထုတ်ပြန်ပြီးနောက် လိုအပ်ရင် အများစု လူထု သဘောထား ဆန္ဒခံကာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လွတ်လပ်စ ဗမာပြည် ပါလီမန် ဒီမိုကရေစီ အစိုးရခေတ်၊ နောက် ပိုင်း တော်လှန်ရေးကောင်စီ နဲ့ မဆလ ခေတ်ဦးပိုင်းတွေမှာ သတ်မှတ်ခံထားရတဲ့ ရိုဟင်ဂျာရဲ့ တိုင်းရင်းသား
ဖြစ်မှု နဲ့ နောက်ပိုင်း စစ်အစိုးရခေတ်မှာ အသိမှတ်ပြုခဲ့တဲ့ တခြား တိုင်းရင်းသားလူမျိုး ကို စာရေးသူ လက်မခံဘူး၊ သူတို့ဟာ တိုင်းရင်းသားတွေပါလို့ ခုလည်း မပြောဘူး၊ ငြင်းလည်း မငြင်းဘူးဆိုတာက ခု စာရေးသူ တင်ပြခဲ့တဲ့ လွတ်လပ်မျှတတဲ့ ပညာရပ်ဆိုင်ရာ သဘော၊ အလုပ် နဲ့ ဖြစ်စဉ် အဲဒီ အချိန်တုန်းက အားနည်းခဲ့လို့ ဖြစ်ပါတယ်။

အထက်မှာ ဆိုခဲ့တဲ့ အနေအထားမှာ ရိုဟင်ဂျာ ဟာ တိုင်းရင်းသား ဟုတ်/မဟုတ်ကို လက်ရှိ အချိန်မှာ အငြင်းမပွားကြဖို့ ရခိုင်၊ မြန်မာ၊ ရိုဟင်ဂျာ ပညာရှင် နဲ့ သာမန် လူထု ကို စာရေးသူအနေနဲ့ အကြံပြု တောင်း ဆို ချင်ပါတယ်။

ဒီလိုအငြင်းပွားမှု ဘာကြောင့် မလုပ်သင့်သလဲဆိုတာက စာရေးသူ တဦးတည်း ဘာကြောင့် မဆုံးဖြတ်နိုင်၊ အငြင်းမပွားနိုင်၊ အငြင်းပွားခွင့်၊ ဆုံးဖြတ်ခွင့် မရှိလို့ပါလို့ အကြောင်းပြ အထက်မှာ ဆိုခဲ့တဲ့ သဘောတရား အတိုင်းပဲ ဖြစ်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံသားဖြစ်ပိုင်ခွင့်ကို တဘက်သတ် ဥပဒေ အရ သတ်မှတ်ပြဋ္ဌာန်း ချက်ကြောင့် လက်လွတ်ဆုံးရှုံးလိုက်ရလို့ တဘက်က အရင်ကတည်းက ဌာနေ တိုင်းရင်းသားတွေပါ ဆိုတဲ့ အခြေအနေကို ဇောင်းပေးပြီး ပြောဆို ဆွေးနွေးလိုတဲ့ အဝေးရောက် ရိုဟင်ဂျာ ခေါင်းဆောင်၊ ပညာရှင် ဆိုသူများနဲ့ ပြန်လည် မဟုတ်ကြောင်း ငြင်းချက်ထုတ်နေတဲ့ ရခိုင်၊ မြန်မာ ပညာရှင် များကို စာရေးသူ အနေနဲ့ အနူးအညွတ် မေတ္တာ ရပ်ခံ အသိကပ်စေလိုတာကတော့ ဒီလို တိုင်းရင်းသာ ဟုတ်/မဟုတ် အခုအချိန်မှာ အငြင်းပွားနေလို့ ပြဿနာ က ပြီးမှာ မဟုတ်တဲ့ အပြင် ငြင်းနေ တုန်းကာလမှာပဲ လူမျိုးရေး အဓိကရုဏ်း ပုံစံတွေ ထပ်ဖြစ်ရင် အရင်ဆုံး အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ဆုံးရှုံးရမှာက အခု စာရေးနေသူ စာရေးသူ၊ အခု စာဖတ်နေသူ အများစု အပါအဝင် အငြင်းပွားနေသူ ပညာ ရှင်များမဟုတ်ဘဲ တကယ် ပဋိပက္ခ ဒေသမှာ နေထိုင်နေတဲ့ ရခိုင် နဲ့ ရိုဟင်ဂျာ ပြည်သူလူထုတွေသာ ဖြစ်တယ် ဆိုတဲ့ အကြောင်းပါ။

လတ်တလော တရားမဝင် ဝင်ရောက် အခြေချနေထိုင်သူများ နဲ့ အကျင့်ပျက် လာဘ်စားမှု (Recent Illegal Immigrants and Corruption)

ရိုဟင်ဂျာ ပြဿနာ ကို သုံးသပ်ရင် မူရင်း ဗမာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မေယုနယ်ခြားဒေသမှာ ရာစုနှစ်ပေါင်း များစွာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ နဲ့ ခု လူအများ ပြောဆိုနေကြတဲ့ နောက်ပိုင်း ခိုးဝင်လာနေတယ်ဆိုတဲ့ ဘင်္ဂါလီ တွေ ကို ခွဲခြား မြင်နိုင်ရပါမယ်။ စာရေးသူ အနေနဲ့ ခုလတ်တလော၊ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အတွင်းမှာ အဲဒေသကို တရားမဝင် ခိုးဝင် ဝင်ရောက်နေထိုင်သူတွေ ရှိတယ်ဆိုတာကို မငြင်းပါ။

ဒါပေမယ့် ဒါဟာ အနည်းစု ဖြစ်တယ်ဆိုတာကိုပဲ ထောက်ပြချင်ပါတယ်။ အကြောင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လက်မှတ်ကိုင်ထားသူ သူတို့ နိုင်ငံသားတွေဟာ အစစအရာရာ ဖိနှိပ်မှု ပြင်းထန်၊ အလုပ်အကိုင် အခွင့်အရေး နည်းပါ၊ လုပ်ခ လစာနည်း၊ ပိုက်ဆံတန်ဖိုး မရှိ တဲ့ ဒီဘက်ကို လာရောက် အခြေချစရာ အကြောင်းမရှိလို့ပါ။

လက်လုပ်လက်စားထဲက ဒီဘက်မှာ အလုပ်အကိုင် လာလုပ်တာ အနည်းစု ရှိကောင်း ရှိပါမယ်။ ဒါပေမယ့် တကယ် ဘင်္ဂလားဒေ့ရှ့် နိုင်ငံသား အခြေခံလူတန်းစားတွေဟာ မိမိတို့ နိုင်ငံဘက် ကူးလာပြီး နှစ်ပြား၊ တပဲ ရမယ့် အလုပ်မျိုးတွေထက် သူတို့ အစိုးရ က ကိုယ်တိုင်က ဦးစီးပြီး စနစ်တကျနဲ့ နိုင်ငံတကာကို တရားဝင် အလုပ်ကြမ်း အလုပ်သမား တင်ပို့ပြီး နိုင်ငံခြား ဝင်ငွေ ရှာနေတဲ့ အစီအစဉ်အရ အခြား ချမ်းသာတဲ့ စင်္ကာပူလို၊ သူတို့နဲ့ ဘာသာချင်း တူတဲ့ အာရပ်နိုင်ငံတွေလိုမှာ သွားလုပ် ဒေါ်လာရှာနေကြတာက အများစု ဖြစ်ပါတယ်။

နောက်တခုက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ထဲက အလယ်အလတ်တန်းစား၊ ငွေကြေးလည်း ထုတ်နိုင်တဲ့ စီးပွားရေးသမား တချို့ ဒီဘက်လာ အာဏာပိုင်တွေကို လာဘ်ထိုး၊ ဝင် စီးပွားလုပ်၊ ဟိုဘက်ဒီဘက် တရားမဝင် ကူးချည် သန်းချည် လုပ်နေတာတွေ ရှိမှာပါ။ ဒါဟာ မူရင်း အဲ့ဒေသမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေနဲ့ မပတ်သက်ပါ။

အာဏာပိုင် တွေရဲ့ အကျင့်ပျက် ခြစားမှုကြောင့် ဒီလို တဘက် အိမ်နီးချင်းနိုင်ငံက စီးပွားရေးသမားတွေ မိမိနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက် စီးပွားလာရှာခွင့်ရနေတဲ့ ပြဿနာဟာ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် အတွင်းမှာ ဘင်္ဂလားဒေ့ရှ် နယ်စပ် တခုတည်းမှပဲ ရှိနေတာမဟုတ်ပါ။

ဗမာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံတိုင်းနဲ့ ထိစပ်နေတဲ့ စီးပွားဖွံ့ဖြိုးတဲ့ နယ်စပ်မြို့တွေတိုင်းမှာ ရှိနေတဲ့ ပြဿနာပါ။ ဘင်္ဂါလီတွေလိုပဲ အိန္ဒိယ၊ ထိုင်း၊ တရုတ် အလယ်အလတ် စီးပွားရေးလုပ်ငန်းရှင်တွေ၊ သစ်လုပ်ငန်းရှင်တွေ၊ တရားမဝင် မှောင်ခို ပစ္စည်း တင်သွင်းသူတွေ၊ မူးရစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေဟာ ဒီလို ဒေသ ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့် ကို လာဘ်ထိုးတဲ့ နည်းနဲ့ပဲ ဝင်ထွက်သွားလာ လုပ်ကိုင်နေကြတာပါ။ အများစုဟာ အခြေချနေထိုင်သူတွေ မဟုတ်ပါ။

လွန်ခဲ့တဲ့ နှစ် (၂၀) ကျော် အတွင်း တိုင်းပြည်မှာ တကယ် လာရောက် အခြေချ နေထိုင်သူတွေက နယ်စပ်တွေကနေ ဝင်လာတဲ့ မှတ်ပုံတင် အသစ်ကျပ်ချွတ် သုံးလေးခု ကိုင်၊ ငွေမည်းတွေကို ကားနောက်ခန်းမှာ ဂုန်နီအိပ်ပေါင်းများစွာနဲ့ ထည့်ပြီး တိုင်းပြည်ရဲ့ မြို့ကြီးတိုင်းမှာ ဝင်ရောက်နေရာယူခွင့် ရနေသူ တရုတ် သူဌေး အကြီးစားတွေပါ။ ရိုဟင်ဂျာ ကို လူဝင်မှုကြီးကြပ်ရေး နဲ့ အစိုးရ ဝန်ထမ်းတွေ အကျင့်ပျက်မှု ပြဿနာ၊ အမျိုးသားရေး အမြင်နဲ့သာ အဓိက ကြည့်သင့်တယ်လို့ ယူဆနေသူများကိုလည်း ဒီလိုကိစ္စတွေကိုပါ ထည့်သွင်း စဉ်းစားဖို့ အကြံပြုချင်ပါတယ်။

ဟို ယခင် နဲ့ လက်ရှိ ဗမာပြည်မှာ တရားမဝင် မှတ်ပုံတင်အတု (သို့) သက်တမ်းကုန်/တရားမဝင်တော့ တဲ့ နိုင်ငံသား ကဒ်ပြားကိုင်ဆောင်ပြီး ဗမာပြည်မှာ နေထိုင် သွားလာ နေကြတာ နိုင်ငံခြားသား ချည်းပဲလည်း မဟုတ်ပါ။ တခြား နိုင်ငံ တခုခု (ဥပမာ စင်္ကာပူ၊ အမေရိကန်၊ ထိုင်ဝမ်) မှာ နိုင်ငံသား ခံယူပြီး မြန်မာလူမျိုး အစစ် နဲ့ မြန်မာနိုင်ငံဖွား လူမျိုးစုံ နိုင်ငံသားဟောင်းတွေလည်း ပါ ပါတယ်။

သူတို့ထဲက အများစုဟာ ဗမာပြည် ပြန်လာလည်ရင် နိုင်ငံခြားသား ပတ်ပို့စ် နဲ့ ဝင်ကောင်း ဝင်ခဲ့ပေမယ့် ဗမာပြည်မှာ နေထိုင်သွားလာနေစဉ် တလျှောက် ဗမာနိုင်ငံသားကဒ် ပြား ကိုင်ဆောင်ပြီး နိုင်ငံသား အခွင့်အရေး ခံယူနေကြတာတွေရှိပါတယ်။ တချို့ဆို ဗမာပတ်ပို့စ်ကို အရှင်ထားပြီး ပြန်အဝင် လေဆိပ်မှာကတည်းကကို ဗမာပတ်ပို့စ် နဲ့ ဝင် ဗမာပြည် မှာ တရားမဝင် နိုင်ငံသားနှစ်မျိုး (Illegal Dual Citizenship) ခံယူပြီး နှစ်ရှည်လ များ ပြန်လာနေထိုင် စီးပွားလုပ်နေကြတာတွေလည်း ရှိပါတယ်။ ဆိုလိုချင်တာက လူဝင်မှုကြီးကြပ်ရေးပြဿနာ က ရိုဟင်ဂျာ တခုတည်း (သို့) ဘင်္ဂါလီ တခုတည်း မဟုတ်ဘဲ အားလုံး ဖြန့်ကျက် စဉ်းစားပြီး ဗမာပြည်က အစိုးရ ရုံးလုပ်ငန်းတွေရဲ့ စည်းစနစ်မကျမှု၊ အကျင့်ပျက်မှု ပုံစံမျိုးကို ထည့်သွင်း စဉ်းစား အစိုးရ ကို ပြုပြင် ဖို့ တောင်း ဆိုရမယ် ဆိုတာကိုပါ။

ရိုဟင်ဂျာတွေထဲက အစိုးရ အာဏာပိုင်တွေကို လာဘ်ထိုးရတာတွေ ရှိတာ မှန်ပါတယ်။ အဲ့ဒေသမှာ ရာစုနဲ့ချီ နေခဲ့တဲ့ သူတို့ရဲ့ မျိုးဆက်တွေဟာ နောက်ပိုင်းမှာ နိုင်ငံသားအခွင့်အရေး လက်လွတ်ဆုံးရှုံးသွားရလို့ မှတ်ပုံတင်ရအောင်၊ ဆေးကုသခွင့် ရအောင်၊ ခရီးသွားခွင့်ရအောင်၊ အိမ်ထောင်ပြုခွင့်ရအောင် စတဲ့ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုတွေကို လျော့နည်းစေဖို့အတွက် ပိုက်ဆံပေး ဖြေရှင်းနေရတာပါ။

နယ်စပ်ဒေသမဟုတ်တဲ့ အတွင်းပိုင်းက မြို့ကြီးတွေမှာ နေထိုင်တဲ့ အစဉ်အဆက်က နိုင်ငံသားဖြစ်ခဲ့တဲ့ လူမျိုးကွဲ (တရုတ်/အိန္ဒိယ)၊ ဘာသာခြားတွေလည်း မှတ်ပုံတင်လို၊ သန်းခေါင်စာရင်းလို အာဏာပိုင်တွေနဲ့ ဆက်ဆံရတဲ့ ကိစ္စမျိုးတွေမှာ ဘယ်လောက်ခက်ခဲ၊ ဘယ်လောက် ငွေကုန်ကြေးကျများ၊ စိတ်ပန်း၊ လူပန်း ဖြစ်ရသလဲဆိုတာ မိတ်ဆွေထဲမှာ အဲ့လူ လူမျိုးကွဲ၊ ဘာသာခြားတွေ ရှိတဲ့သူဆိုရင် နားလည် ခံစားသိနိုင်မှာပါ။ စာရေးသူ သိတဲ့ ရန်ကုန် တရုတ်တန်းမှာ ဘိုးဘွား၊ မိဘ က အစ မွေးတဲ့ တရုတ်သူငယ်ချင်းတွေဆို အစိုးရ က ထံက ရထားတဲ့ မှတ်ပုံတင် ကို ပျောက်မှာစိုးလို့ ရွှေလို အိမ်မှာ ဂရုတစိုက် သိမ်းထားပြီး ဓာတ်ပုံဆိုင်က လုပ်ပေးတဲ့ အစစ်နဲ့ တသွေမတိမ်းတူတဲ့ မှတ်ပုံတင်ကိုပဲ ခရီးသွားရင် ယူသွားနေရတာပါ။ ရန်ကုန် မှာ အဲ့လို မှတ်ပုံတင် အစစ်ရှိပြီးသားလူတွေကို အတုလုပ်ပေးတဲ့ ဓာတ်ပုံဆိုင်ဆိုရင် နီးစပ်တဲ့သူတွေ၊ လူမျိုးကွဲ၊ ဘာသာခြားတွေအကြားမှာ နာမည်ကြီးပါ။

ဆိုတော့ လူဝင်မှုကြီးကြပ်ရေး နဲ့ အကျင့်ပျက်ခြစား မှုက တတိုင်းပြည်လုံး အတိုင်းအတာ နဲ့ နေရာတိုင်း၊ စနစ်အဖွဲ့အစည်းတိုင်းမှာ အမြစ်တွဲနေတဲ့ ပြဿနာ အဖြစ်သာ ရှုမြင်ပြီး အကျင့်ပျက်မှု တိုက်ဖျက်ရေး၊ လူဝင်မှုကြီးကြပ်ရေးမှာ လုပ်ထုံးလုပ်နည်းတွေ မှန်ကန် မြန်ဆန်ပြီး ဥပဒေ အတိုင်း စနစ်တကျ လုပ်ဆောင်ပေးရေး တို့ကို အစိုးရ၊ နိုင်ငံရေးပါတီ နဲ့ ပြည်သူ့ ကိုယ်စားလှတ် လွှတ်တော် အမတ်တွေ ကို တောင်းဆိုရမှာ ဖြစ်ပါတယ်။

နောက်တခု ထောက်ပြလိုတာက ရိုဟင်ဂျာ ပြဿနာကို အဆုံးတိုင် မှန်ကန် ပြီးမြောက် မဖြေရှင်းနိုင်ရင် ခုလူအများယူဆနေကြတဲ့ လတ်တလော ဘင်္ဂါလီခိုးဝင်လာသူတွေ (Recnt Begali Illegal Immigrants) ပြဿနာကိုလည်း ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ မဟုတ်တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အမျိုးသား လုံခြုံရေး ရှုထောင့် (National Security Point of View)

လူဦးရေ အဆမတန် ထူထပ်နေတဲ့ တိုင်းပြည်ကြီးတွေနဲ့ ပထဝီအနေအထားအရ နယ်နမိတ်ထိစပ်နေတဲ့ ဗမာနိုင်ငံအဖို့ ရိုဟင်ဂျာ ပြဿနာ ကို အမျိုးသား လုံခြုံရေး ပြဿနာ အမြင် လို့ မြင်နေကြသူတွေရဲ့ စိုးရိမ်မှု နဲ့ သဘောကို နားလည် လက်ခံပါတယ်။ လူဦးရေးတိုးပွားနှုန်းလည်း မြန်တဲ့ လူမျိုးကွဲ/ဘာသာခြား တွေဖြစ်တဲ့ ရိုဟင်ဂျာ ပြဿနာ ကို အမျိုးသားရေး / လူမျိုး / ဘာသာ သာသနာ စတဲ့ ရှုထောင့်က ကြည့်ချင်သူများလည်း ကြည့်လို့ရပါတယ်။ ကန့်ကွက်စရာ မရှိပါ။

ဒါပေမယ့် အားလုံး (အဲ့လိုမြင်သူ/မမြင်သူ) နားလည် လက်ခံထားရမှာက အဲဒီ ရှုထောင့် တခုထဲကနေ မြင်..၊ သုံးသပ်..၊ ကောက်ချက်ချ..၊ သဘောထုတ်ပြီး ဒီပြဿနာဟာ ဖြေရှင်းလို့ မရတာကိုပါ။ အလားတူ သဘောပဲ လူ့အခွင့်အရေး စံနှုန်း တခုထဲနဲ့လည်း မြင်လို့..၊ ရှင်းလို့ မရတာလည်း အားလုံး လက်ခံရပါ့မယ်။ ဆိုတော့ ဒီ နှစ်ခု ကြားချ ရမှာပါ။ ကြားချရင် ဘယ်ကိစ္စကို ရှေ့တန်းတင် စဉ်းစားရမလဲဆိုတော့ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ ဆန္ဒဂတိ၊ ဒေါသဂတိ၊ မောဟဂတိ၊ ဘယာဂတိ စတဲ့ အဂတိ လေးပါး နဲ့ ကင်းလွတ်ပြီး ဖြောင့်မတ်မှန်ကန်တရားမျှတမှုတခုတည်းဘက်ကသာ ရပ်တည်တဲ့ တရားဥပဒေ အတိုင်း ဖြစ်ရမှာပေါ့ ဆိုတာကို အခြေခံ စဉ်းစားမှသာ ပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံသား ဥပဒေ (Citizenship Law)

တရားဥပဒေ အတိုင်းပဲ ဖြစ်ရမယ် ဆိုခဲ့တော့ လက်ရှိ တည်ဆဲဖြစ်နေတဲ့ ၁၉၈၂ နိုင်ငံသား ဥပဒေ ရဲ့ ဖြစ်ပေါ် လာပုံ နဲ့ သူရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ပထမဦးဆုံး ဆန်းစစ်ဖို့ လိုလာပါတယ်။ ဒီသဘောဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ပြည်တွင်း၊ ပြည်ပ က မြန်မာ/နိုင်ငံခြားသား ဥပဒေ ပညာရှင်တွေလည်း ရိုဟင်ဂျာ ပြဿနာကို ပြောတိုင်း ထောက်ပြလေ့ရှိတဲ့ သဘောပါပဲ။

၁၉၇၈ မဆလ အစိုးရ ခေတ် မှာ ၁၉၈၂ နိုင်ငံသား ဥပဒေ ဖြစ်လာမယ့် ဥပဒေကြမ်း ကို အဓိက ကိုယ်တိုင် ပါဝင် ညှိနှိုင်းဆွေးနွေးရေးဆွဲခဲ့တယ်လို့ မဆုံးခင် ထုတ်ဖော်ပြောဆိုခဲ့ဖူးတဲ့ သမိုင်းပညာရှင် ဒေါက်တာအေးကျော် ရဲ့ ဧရာဝတီ (၂၀၀၉) တွေ့ဆုံးမေးမြန်းခန်းအရဆို နိုင်ငံသား ဥပဒေ အတွက် အလိုအလျာက် နိုင်ငံသားဖြစ်ခွင့် ကိစ္စ ကို သူ (ဒေါက်တာ အေးကျော်) ရယ်၊ ဒေါက်တာ မောင်မောင် ရယ်၊ ဦးစံသာအောင် ရယ် အဓိက ဆွေးနွေးပြီး ဥပဒေကြမ်း ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။

ဌာနေတိုင်းရင်းသား သဘော အလိုအလျောက် နိုင်ငံသား အသိအမှတ်ပြုမှုကို ဒေါက်တာအေးကျော် က (၁၈) ရာစုခေတ် ဘိုးတော်ဘုရားလက်ထက်မှာ ထုတ်ပြန်ဖူးခဲ့တဲ့ သန်းခေါင်စာရင်း မှတ်တမ်းကို အခြေခံဖို့ ပထမ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို ဒေါက်တာ မောင်မောင်က တအားစောလွန်းတယ်လို့ မြင်လို့ (၁၉) ရာစု ဗြိတိသျှ စ အဝင် ကိုလိုနီ ဖြစ်ခဲ့တဲ့ အချိန်ကို အခြေခံပြီး ဌာနေတိုင်းရင်းသား အဖြစ် အလိုအလျောက် နိုင်ငံ သားဖြစ်ခွင့်ကို သတ်မှတ်ပြဋ္ဌာန်း ရေးဆွဲခဲ့တယ်လို့ သိရပါတယ်။

ရေးဆွဲခဲ့တဲ့ ဆိုတဲ့ ပညာရှင်ကြီးတွေရဲ့ ပညာ၊ ဥာဏ် ကို စာရေးသူအနေနဲ့ အငြင်းပွားစရာမရှိပါ။ သူတိုရဲ့ သမာဓိ ကို လည်း နောက်ခံ အခြေအနေ၊ အနေအထားတွေကြောင့် ထောက်ပြချင်ရင် ထောက်ပြလို့ရပေမယ့် ခုအချိန်မှာ မထောက်ပြလိုပါ။ ဒါပေမယ့် အခုလို ရှေးရာစုနှစ်ပေါင်း များစွာကတည်းက လူမျိုးပေါင်းစုံ မှီတင်းနေထိုင်နေလာခဲ့တဲ့ တိုင်းပြည် တပြည်ရဲ့ အရေးကြီးဆုံးကိစ္စကို နှစ်ယောက်တပိုင်းနဲ့ စီစဉ်ဆောင် ရွက်ခဲ့တဲ့ ပုံစံ၊ ဖြစ်စဉ်၊ သဘောကို မေးခွန်းထုတ်ဖို့ လိုတယ်..၊ ပြန်လည်စီစစ်ဖို့ လိုတယ်.. လို့ ယူဆပါတယ်။

(၁၉၈၂) နိုင်ငံသားဥပဒေ နဲ့ ၂၀၀၈ အခြေခံဥပဒေ ပါ နိုင်ငံသားဖြစ်ခွင့် သဘောကို ဥပဒေ သဘော၊ ဥပဒေပညာ ရှုထောင့် က သုံးသပ်ရင်လည်း လွတ်လပ်ရေးခေတ်ဦးကတည်းက ပြဋ္ဌာန်း သုံးစွဲလာခဲ့တဲ့ ရှင်းလင်းတဲ့ အခြေခံဥပဒေ ပါ နိုင်ငံသား ဥပဒေတွေကို ဖျက်သိမ်းပြီး ဥပဒေ စည်းမျဉ်းအရ မဟုတ်ဘဲ အစိုးရ အာဏာပိုင် တသဘောတည်း အလိုကျ အမျိုးမျိုး လိုသလို ပုံဖော် ဆောင်ရွက်နိုင်နေ မှု၊ နိုင်ငံသားပြုခံပြီး နိုင်ငံ သားဖြစ်စေတဲ့ ဥပဒေ ရဲ့ အားနည်းပြီး လိုသလို စီမံ ဆုံးဖြတ်ခွင့် ရနေမှု၊ ဗမာနိုင်ငံက နိုင်ငံတကာမှာ တရားဝင် ပါဝင် လက်မှတ်ထိုး သဘောတူညီထားတဲ့ လူ့အခွင့်အရေး နဲ့ ကလေး အခွင့်အရေး ပြဋ္ဌာန်းချက်တွေနဲ့ လက်ရှိတည်ဆဲ နိုင်ငံသား ဥပဒေ နဲ့ အခြေခံဥပဒေ ပါ အချက်အလက်တွေဟာ သဟဇတ မဖြစ် (Conflict) ဖြစ်နေတာတွေလည်း ရှိနေပါတယ်။

[စကားချပ် - ဥပဒေ ရှုထောင့် က သုံးသပ်မှု ကို ရည်ညွှန်းပါ ဥပဒေ ပညာရှင် ဦးအောင်ထူး ရဲ့ ဆောင်းပါး (ညွှန်း-၂) နဲ့ ဘီဘီစီ ဆွေးနွေးခန်း (ညွှန်း-၃) တွင် ဆက်လက်ရှုပါ။ မွေးရာပါ လူ့အခွင့်အရေး အခြေခံ သဘောအရ နိုင်ငံသား ဖြစ်ခွင့် ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၅-၁) (ညွှန်း-၄) မှာ ဆက်လက် လေ့လာပါ။ မွေးရာပါ ကလေးသူငယ် အခွင့်အရေး နိုင်ငံသား ဖြစ်ခွင့်ကို အများပြည်သူ့ရေးရာ နှင့် နိုင်ငံ့ရေးရာ အခွင့်အရေး နိုင်ငံတကာ သဘောတူစာချုပ် ပုဒ်မ (၂၄-၃) (ညွှန်း-၅) မှာ ရှုပါ။ ကုလသမဂ္ဂ ကလေးအခွင့်အရေး နိုင်ငံတကာ ဥပဒေ ပုဒ်မ(၇-၁) (ညွှန်း-၆) မှာ ကြည့်ပါ။]

စာရေးသူ တဦးတည်း အမြင်အရ အထက်မှာ ဆိုခဲ့တဲ့ ဥပဒေ ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု၊ အားနည်းမှု၊ နိုင်ငံတကာ မှာ သဘောတူထားတဲ့ လူ့အခွင့်အရေး စံနှုန်း ကတိကဝတ်တွေနဲ့ လက်ရှိပြည်တွင်း ဥပဒေတွေ ကိုက်ညီမှု မရှိမှု ဖြစ်နေတာတွကို လက်ရှိ အစိုးရ နဲ့ ဥပဒေပြုလွှတ်တော်က အလေးအနက်ထား စဉ်းစားသင့်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေကို အချိန်အတိုင်းအတာ တခုအတွင်းမှာ လုပ်သင့်တယ်လို့ ယူဆပါတယ်။

ခုလောလောဆယ်အနေနဲ့ကတော့ လက်ရှိ အစိုးရ နဲ့ ရခိုင်/မြန်မာ သမိုင်း ပညာရှင်များ လည်း သဘောတူ ထားတဲ့ ကိုလိုနီစဖြစ်မှု (၁၈၂၄-၂၆ CE) နဲ့ အတူ ဘင်္ဂါလီ (ရိုဟင်ဂျာ) အများအပြား လာရောက် အခြေချနေထိုင်လာခဲ့တယ် ဆိုတဲ့ သဘော နဲ့ တည်ဆဲ (၁၉၈၂) နိုင်ငံသားဥပဒေ ရဲ့ နိုင်ငံသားပြုခွင့် အရ ရာစုနှစ်ပေါင်းများစွာ မေယု နယ်ခြား ဒေသမှာ အခြေချနေထိုင်လာခဲ့တဲ့၊ တနည်းအားဖြင့် ၁၉၄၈ မတိုင်မီ (ကိုလိုနီခေတ်အတွင်း) ဗမာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဝင်ရောက် အခြေချ လာခဲ့တဲ့ ရိုဟင်ဂျာတွေ ရဲ့ လက်ရှိ မျိုးဆက်တွေကို နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးခြင်းဖြင့် ဒီရိုဟင်ဂျာ ပြဿနာကို အလျင်အမြန် ဖြေရှင်း သင့်တယ်လို့ အကြံပြုချင်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်များ ပြန်လာမှု (Return of Rohingyar Refugees from Bangladesh)

အထက်မှာ ဆိုခဲ့သလို ဥပဒေ အရ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေကို နိုင်ငံသား ပေးဖြေရှင်းသင့်တယ်လို့ အကြံပြုတော့ (အထက်မှာ ဆွေးနွေတင်ပြခဲ့သမျှ ခေါင်းစဉ်တွေကိုလည်း လက်မခံနိုင်တဲ့) လူတချို့က စာရေးသူအပေါ် အမြင်တမျိုး မြင်နိုင်ပါတယ်။ ဒါကြောင့် ဥပဒေ သဘော မဟုတ်ဘဲ အခြား မြင်လွယ်တဲ့ အကြောင်းပြချက် တခုပေးရရင် ရိုဟင်ဂျာတွေကို အစဉ်အဆက် ဖိနှိပ်ခဲ့တဲ့ ယခင် စစ်အစိုးရကိုယ်တိုင်က ရိုဟင်ဂျာတွေဟာ ဗမာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုရတော့ တဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဒုက္ခသည် အနေနဲ့ ခိုလှုံ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေထဲက တချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူပြီး လှုဝင်မှုကြီးကြပ်ရေးက စီစစ်ပြီး ပြန်လည် လက်ခံခဲ့ရတာဟာ ယခင် စစ်အစိုးရခေတ်တလျှောက် အကြိမ်ပေါင်းများစွာ ပါ လို ဆိုပါရစေ။

ဥပမာ ဆိုရရင် ၁၉၉၆ ခုနှစ် မေလ (၁၊ ၂၂၊ ၃၀) ရက် ထုတ် စစ်အစိုးရ အင်္ဂလိပ် သတင်းစာ “The New Light of Myanmar” များပါ တရားဝင် သတင်းထုတ်ပြန် ချက် များ အရ ၁၉၉၂ ခုနှစ် က နေ ၁၉၉၆ မေလ ၂၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း (၁၉၈,၄၃၅) ယောက်ကို ကရင်ချောင်း ပြန် လည် လက်ခံရေး စခန်းအပါအဝင် အခြား ဖွင့်လှစ်ထားတဲ့ ပြန်လည်လက်ခံရေး စခန်းပေါင်းစုံ ကနေ ပြန်လည် လက်ခံခဲ့ကြောင်း သိရှိနိုင်ပါတယ်။

[စကားချပ် - ၁၉၉၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြန်လည် လက်ခံခဲ့မှုကိုလည်း ဘီဘီစီ သတင်းတပုဒ် (ညွှန်း-၇) တွင် နမူနာ ဖတ်ရှုနိုင်ပါတယ်။]

ပညာ၊ လူမှု၊ စီးပွား ဖွံ့ဖြိုးရေး အစီအစဉ်များ (Education, Social and Economics Development Programmes)

အခု မေယုနယ်ခြားဒေသမှာ နေထိုင်နေတဲ့ နိုင်ငံသား ရိုဟင်ဂျာတွေနဲ့ အခြား ဌာနေတိုင်းရင်းသား ရခိုင် အပါအဝင် လူမျိုးစု တွေ အတူယှဉ်တွဲ ငြိမ်းချမ်းစွာ နေထိုင်နိုင်ဖို့၊ အနာဂတ်မှာ အတူနေ လူမျိုးကွဲ အုပ်စုချင်း ပဋိပက္ခ တွေ နည်းဖို့က ပညာရေး၊ လူမှုရေး နဲ့ စီးပွားရေး တပြေးညီ ဖွံ့ဖြိုးမှ ဖြစ်မှာဖြစ်တဲ့အတွက် ဒီလို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို နိုင်ငံတကာ အကူအညီ၊ မိတ်ဆွေ မွတ်ဆလင် နိုင်ငံတွေက ထောက်ပံ့ မှုတွေ နဲ့အတူ လူမျိုး/ဘာသာ မခွဲ အစိုးရ၊ လူမှုရေး အဖွဲ့အစည်းတွေ နဲ့ နိုင်ငံရေးပါတီတွေက သမာသမတ်ကျကျ ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီသဘောကို ခု လက်ရှိ သမ္မတလည်း သဘောတူတယ်လို့ သူရဲ့ ဗွီအိုအေ အင်တာဗျူး အရ ယူဆရပါတယ်။

အရင်ခေတ်စစ်အစိုးရ လက်ထက် ကျင့်သုံးခဲ့တဲ့ ရိုဟင်ဂျာတွေကို ပညာသင်ကြားခွင့်၊ ကျန်းမားရေး စောင့်ရှောက် ခံယူခွင့်၊ အိမ်ထောင်ပြုခွင့်၊ ကိုယ်ဝန်ဆောင်ခွင့်၊ ကလေးမီးဖွားခွင့်၊ ခရီးသွားလာခွင့် ကန့်သတ် စတဲ့ အမျိုးမျိုးဖိနှိပ်မှုတွေ၊ ပြည်မက ရာဇဝတ်သားဟောင်းတွေကို အဲ့ဒေသတွေမှာ စံပြကျေးရွာဆိုပြီး အတင်း တည်ထောင်၊ ထောက်ပံ့မှုမျိုးစုံ ပုံအောပေး၊ အစိုးရ အရာရှိ ဗိုလ်ချုပ်ကြီးတွေ ချောင်းပေါက် မတတ်သွားပြီး မညီမျှတဲ့ သဘောထားတွေနဲ့ ရပ်ရွာဒေသ တည်ငြိမ်မှု ပျက်ပြားအောင် လုပ်မှုတွေဟာ ဒီ ရိုဟင်ဂျာ ပြဿနာ ကို မီးဆက်တောက်စေတဲ့ သဘောတွေသာ ဖြစ်တယ် ဆိုတာ လက်ခံသဘောပေါက်ပြီး လူ့ကျင့်ဝတ်၊ သိက္ခာ ရှိရှိ၊ ဒီမိုကရေစီ သဘောအရ လူ့အခွင့်အရေး ပြည့်ပြည့်ဝ နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လူမျိုး/ဘာသာ ထည့်မစဉ်းစားဘဲ နှစ်ဘက် စလုံး မျှမျှတတ တပြေးညီ ဆောင်ရွက်မှ ရေရှည် ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းတဲ့ ဒေသ နဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။

မတူညီတဲ့ လူမျိုးအုပ်စုနှစ်ခု သံသယတွေနည်း၊ အမုန်းတွေ လျော့၊ ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေဖို့က လည်း နှစ်ဘက် လူမှုရေး အသင်းတွေ (ဥပမာ - ရခိုင် အသင်း၊ ဗမာ-မွတ်ဆလင် အစည်းအရုံး) နဲ့ နိုင်ငံရေးပါတီ (ဥပမာ - RNDP) တွေက နှစ်ဘက်အုပ်စု ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲတွေ၊ လူမှုရေး လုပ်ငန်း ပူးပေါင်း လုပ်ဆောင်မှုတွေ၊ လူထုပညာပေး ဟောပြောပွဲတွေ စတဲ့ လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်ပေးဖို့ လိုပါတယ်လို့ စာရေးသူအနေနဲ့ အကြံပြုချင်ပါတယ်။

အခြား ဆက်စပ်နေသော အကြောင်းအရာ အခြေအနေများ (Other Related Matters)
လူမျိုး၊ မျိုးရိုးဗီဇ နဲ့ ရာဇဝတ်မှု (Race, Genetic and Crime)

ဒီခေါင်းစဉ် ထည့် ရေး ရခြင်းဟာ လတ်တလော ရခိုင်ဒေသ မတည်ငြိမ်မှု ဖြစ်စဉ် အစဖြစ်တဲ့ ဒေသခံ အမျိုးသမီးငယ်တယောက်ကို သားမယားပြုကျင့်၊ လူသတ်၊ ပစ္စည်းယူ ခဲ့တဲ့ ရာဇဝတ်မှု ဖြစ်စဉ် ဖြစ်ပြီးစ အချိန်မှာ အဲဒီ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ လူမျိုးကွဲ/ဘာသာခြား လူတစု နဲ့ ပတ်သက်ပြီး စာရေးသူ အွန်လိုင်း မှာ ဖတ်ရှုလိုက်ရဖူးတဲ့ “ကိုယ့်အိမ်လည်း လာနေသေးတယ်၊ အိမ်ရှင်ကိုလည်း စော်ကား တဲ့ လူမျိုး နဲ့ ဒီလို အကျင့် စရိုက်ဆိုးတွေ ရှိတဲ့ လူမျိုးအနွယ် တွေကို ဘာအတွက်မှ လက်သင့်ခံစရာ မလိုဘူး” ဆိုတဲ့ မှတ်ချက် စကားကြောင့်ပါ။

မှတ်ချက်ပြုသူဟာ ဘယ်သူဆိုတာ အခု နာမည် မဖော်ဘဲနဲ့ သူရဲ့ ပင်ကိုယ်အရည်အသွေး၊ ဝါသနာ နဲ့ ဆက်စပ်တဲ့ အလုပ်အကိုင်ကို ဖော်ပြရင်ကို လူအများ ရိပ်မိနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ချက်ပြုသူကို ပုဂ္ဂိုလ်ရေး ဝေဖန် ရှုံ့ချ အပြစ်တင်လိုစိတ်မရှိဘဲ သူထောက်ပြတဲ့ အချက်ကိုသာ ဒီမှာ ရှင်းလိုတဲ့ အတွက် ယေဘုယျ သဘောအနေနဲ့ သူဟာ ပင်ကိုယ်အရည်အချင်းကြောင့် လူအများအကြား တိုင်းသိပြည်သိ ထင်ရှားတဲ့ (အွန်လိုင်း ထင်ရှားတာ မဟုတ်ပါ) ခေတ်ပညာတတ် အမျိုးသမီးတဦး ဖြစ်ပါတယ်လို့ပဲ ဆိုပါရစေ။ အထက်ပါ မှတ်ချက်ပြုချိန်မှာ အဆိုပါ အမျိုးသမီးကြီးဟာ အမျိုးသမီးချင်းကိုယ်ချင်းစာ စိတ်နဲ့ ဒီလို မှတ်ချက်မျိုးပြုမိတယ်ဆိုတာ ယုံမှား သံသယလည်း မရှိပါ။ စာရေးသူကိုယ်တိုင်လည်း အထက်ပါ ရာဇဝတ်မှု သတင်းကို ကြားရတော့ ဝမ်းနည်းစိတ်ပျက် ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ဒီလို အဖြစ်အပျက်ဟာ စိတ်ခံစားမှု တခုတည်းအရ လူသိရှင်ကြား ပြန်လည် မှတ်ချက်ပြုလို့ ရတဲ့ ကိစ္စမျိုးမဟုတ်ပါ။ ဦးနှောက်မှာ ရှိတဲ့ အသိဥာဏ်နဲ့ ဆင်ခြင်ပြီးမှ ဆုံးဖြတ် ဝေဖန် မှတ်ချက်ပြုမှ ဖြစ်မှာမို့ပါ။ အကြောင်းက ကမ္ဘာ မှာ နိုင်ငံတကာက လူမျိုးစု တွေ နဲ့ ရာဇဝတ်မှု ဆက်နွယ်မှုကို သိပ္ပံနည်းကျ သုတေသနလုပ် စာရင်း တွေ ထုတ်ပြန်လေ့လာကြပေမယ့် လူမျိုး နဲ့ ရာဇဝတ်မှု ရဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုကို သက်သေ သာဓက ကောင်းကောင်းပြစရာ မရှိတဲ့ အတွက်ဖြစ်ပါတယ်။ ဘယ်လူမျိုး တမျိုးကတော့ဖြင့် ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ ပိုရှိတယ်လို့ တသမတ်တည်း ဧကံ ကောက်ချက်စွဲလို့မရလို့ပါ။

ရာဇဝတ်မှု ကျူးလွန်သူ လူတဦးချင်း ကို လေ့လာရာမှာလည်း ဒီလူဟာ မျိုးရိုးဗီဇ ကြောင့် ဒီလိုရာဇဝတ်မှု ကျူးလွန်ခဲ့တာပါလို့ မုချ ပြောလို့ မရဘဲ သူ့ရဲ့ ပညာ အခြေခံ၊ ဘဝဖြတ်သန်းခဲ့မှု မိသားစု နောက်ခံ အခြေအနေ နဲ့ နေထိုင် ကြီးပြင်း ခဲ့ရာ ပတ်ဝန်းကျင် စတာတွေက ပို အဓိက ကျ တာ တွေ့ရလို့ဖြစ်ပါတယ်။ လူမျိုးစုတွေ လိုက်မှာလည်း ဒီလို တသဘောတည်းဖြစ်တဲ့ အဲဒီ လူမျိုးစု နေထိုင်တဲ့ လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေ စိုးမိုးမှု၊ ပညာရည် မြင့်မားမှု၊ လူမှု စီးပွား အခြေအနေတွေကသာ ရာဇဝတ်ဖြစ်နှုန်းနဲ့ ပိုဆက်စပ် နှီးနွယ် အကျိုး၊ အကြောင်းရှာ လို့ ရလို့ဖြစ်ပါတယ်။

ဆိုတော့ကာ အထက်ပါ ရာဇဝတ်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သူတွေဟာ ရိုဟင်ဂျာ ဖြစ်စေအုံးတော့ ဒါဟာ သူတို့ လူမျိုးအလိုက် သဘောလို့ ယူဆလို့ မရဘဲ လူတဦးချင်းသဘောနဲ့ လူ့အဖွဲ့အစည်းရဲ့ တရားဥပဒေ စိုးမိုးမှု အပါအဝင် အစစ အရာရာ အားနည်းချက်တွေကြောင်လို့သာ ဆိုနိုင်ပါတယ်။ အရင် တနှစ်က ကျောက်ပန်းတောင်း မှာ ဂျပန် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးငယ် ကို မုဒိမ်းကျင့် လူသတ်ခဲ့တဲ့ (ကို) မင်းသိုက် ဟာ မြန်မာ လူမျိုး နဲ့ ဗမာနိုင်ငံ တခုလုံးကို ကိုယ်စားမပြုတဲ့ သဘောပါပဲ။ စာရေးသူ တဦးတည်း အမြင် နဲ့ သက်သေ အထောက်အထား ထပ်ပြရရင်လည်း ဗမာပြည် က နှစ်စဉ် ရာဇဝတ်ဖြစ်ပွားတဲ့ နှုန်းနဲ့ ရိုဟင်ဂျာ တွေ နဲ့ မျိုးနွယ် တူ (သို့) ဘာသာတူ အခြား အိမ်နီးချင်း နဲ့ ကမ္ဘာ့ အနှံ့အပြား နိုင်ငံတွေက ရာဇဝတ် ဖြစ်ပွား နှုန်းတွေကိုသာ နှိုင်းယှဉ်ကြည့်ကြပါလို့ ဆိုချင်ပါတယ်။

အဲဒီလို လေ့လာကြည့်ရင် နိုင်ငံတွေရဲ့ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှု၊ ပညာအရည်အချင်း မြင့်မားမှု၊ လူမှု၊ စီးပွား အချက်တွေ ကြောင့်သာ ရာဇဝတ်ဖြစ်နှုန်း အနည်း/အများ က သက်ဆိုင်တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်မယ် ဖြစ်ပါတယ်။

နောက်ဆုံးတချက် ထောက်ပြ လိုတာကတော့ ရာဇဝတ်မှု သဘောတွေမှာ လူမျိုး၊ မျိုးရိုး၊ ဗီဇ နဲ့ တိုက်ရိုက် ပတ်သက်တဲ့ အမျိုးအစား သတ်သတ်မှတ်မှတ်ခွဲခြားလို့ မရပေမယ့် လူမျိုး၊ ဘာသာ၊ အသားအရောင် ကွဲပြားမှုကို အခြေခံ တဲ့ အစွဲတွေ၊ မုန်းတီးမူတွေကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ အမုန်းကြောင့်ဖြစ်တဲ့ ရာဇဝတ်မှု (Hate Crime) ကတော့ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အကြောင်း၊ သိပ္ပံနည်းကျ ရှာဖွေ ဖော်ထုတ် သတ်မှတ် ထားနိုင်ကြောင်းပဲ ဖြစ်ပါတယ်။

ရခိုင် ဒေသ မွတ်ဆလင် အခြေချမှု(Muslim Settlement in Arakan State)

ဒီခေါင်းစဉ် ထည့်ရေးရခြင်းက (၈၈) မျိုးဆက် ကျောင်းသား တယောက် သူရဲ့ လူမှုကွန်ရက် စာမျက်နှာ မှာ သူတို့ အဖွဲ့ရဲ့ ရခိုင်ဒေသ လေ့လာရေးခရီးစဉ် မှတ်တမ်းဓာတ်ပုံတွေ တင်ထားတဲ့ အထဲက တွေ့မိတယ် ဓာတ်ပုံ တပုံကြောင့်ပါ။ အဲဓာတ်ပုံမှာ စစ်တွေ ဒေသအတွင်း စားသောက်ဆိုင်တွေမှာ အရင် ကုလား မုန့် မျိုးစုံ လုပ်ပေးနေတဲ့ မွတ်ဆလင် တွေ ခု ဖြစ်ခဲ့တဲ့ အရေးအခင်းကြောင့် ထွက်ပြေးခဲ့ရလို့ မုန့်လုပ်မယ့်သူ မရှိတော့အတွက် ဒေသခံ ရခိုင် လူမှုရေးလုပ်ငန်း အဖွဲ့အစည်းတွေက ဒေသခံ ရခိုင်လူမျိုးတွေကို မုန့်မျိုးစုံ လုပ်နည်း သင်တန်း ပေးမယ် လို့ ကြော်ငြာထားတဲ့ ဆိုင်းဘုတ် ဓာတ်ပုံ ပါ။

ဒေသခံ ရခိုင် လူမျိုးတွေထဲက အခြေခံလူတန်းစားတွေ အလုပ်အကိုင် အခွင့်အရေးတွေ ရဖို့၊ အသက်မွေးဝမ်းကြောင်း ပညာတွေ တတ်ကျွမ်းဖို့ လိုပါတယ်။ နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်းတွေ နဲ့ ဒေသခံ အစိုးရက ကြိုးစားဖော်ဆောင် ပေးရမှာ ဖြစ်ပါတယ်။ အလားတူပဲ အဲ့ဒေသတွေမှာ ရာစုနှစ်တွေချီ အခြေချနေထိုင်နေတဲ့ ဗမာနိုင်ငံသား မွတ်ဆလင် တွေမှာလည်း ဒီအခွင့်အရေးမျိုး ခံစား ရရှိရပါမယ်။ တဘက်ကို ထမင်းအိုးတည်ပေးဖို့ကြိုးစားချင်လို့ အခြားတဘက်ကို ထမင်းအိုးခွဲတာမျိုး မဖြစ်ရအောင် သတိပြု ရှောင်ကြဉ်ရပါမယ်။

ဆိုခဲ့တဲ့ ဓာတ်ပုံ က စာရေးသူ ကို အတွေးတွေ အများကြီး ဖြစ်ပေါ်စေခဲ့တဲ့အတွက် မွတ်ဆလင် တွေ ရခိုင် ဒေသ မှာ လာရောက် အခြေချဖြစ်ပုံ သမိုင်းအချက်အလက်တွေထဲက အားလုံးလက်ခံနိုင်မယ့် အငြင်းပွားဖွယ်ရာနည်း အချက်တချို့ကို ချပြပါမယ်။

ရခိုင်/မြန်မာ သမိုင်း ပညာရှင် များလည်း လက်ခံနိုင်တဲ့ သဘောအရဆိုရရင် ရခိုင်ဒေသမှ မွတ်ဆလင် တွေ ကို လေးမျိုး ခွဲနိုင်ပါတယ်။

(၁) အခု အငြင်းပွားဖွယ်ဖြစ်နေတဲ့ စစ်တကောင်း ဘင်္ဂါလီ အဆက် မေယူနယ်ခြားဒေသအခြေစိုက် ရိုဟင်ဂျာက မွတ်ဆလင် အုပ်စုတစု ဖြစ်ပါတယ်။

(စကားချပ် - စာရေးသူ လက်လှမ်းမီ နားလည် သလောက် အခု ရခိုင်/မြန်မာ သမိုင်း ပညာရှင် များ ရိုဟင်ဂျာ ကိစ္စ အငြင်းပွားနေတာဟာ လူမျိုးနာမည် နဲ့ ဌာနေတိုင်းရင်းသား မဟုတ်ဘူးဆိုတာသာ ဖြစ်ပါတယ်။ ဥပေဒ အရ တရားဝင် နိုင်ငံသားဖြစ်ခွင့် ရှိသူတွေ နိုင်ငံသား ဖြစ်ခြင်း၊ ပေးခြင်း၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရခြင်းကို ငြင်းနေကြတာ၊ ကန့်ကွက်နေကြ မဟုတ်ဘူးလို့ နားလည်ထားပါတယ်။)

(၂) ရခိုင် ဘုရင် မင်းစောမွန် (King Narameikhla) (၁၄၀၄-၁၄၃၄ CE) က မြန်မာ (ဗမာ) ဘုရင်လက်အောင်ကျရောက်နေတဲ့ ရခိုင်နိုင်ငံကို ဘင်ဂေါလ် နယ် ဘင်္ဂါလီ ဆူလတန် ဘုရင် (Sultanate of Bengal) အကူအညီ နဲ့ (၁၄၃၀ CE) မှာ ပြန်လည် သိမ်းပိုက်ပြီး ရခိုင်ဘုရင့်နိုင်ငံတော် မြောက်ဦး မင်းဆက် (၁၄၃၀-၁၇၈၄ CE) ကို စတင် တည်ထောင်ခဲ့ပါတယ်။ အဲ့လို ပြန်လည် မထူထောင်နိုင်သေးခင် (၂၄) နှစ်ကြာ ဘင်ဂေါလ် နယ် ဆူလတန် ဘုရင် ဆီမှာ အဝေးရောက် ခိုလှုံ (Exile) နေခဲ့ရပါတယ်။ ဆူလတန် အကူအညီ နဲ့ ရခိုင်နန်းဆက် ပြန်ထူထောင်ပြီးတဲ့ အချိန်မှာ ရခိုင်နိုင်ငံဟာ ဘင်ဂေါလ် နယ် ဆူလတန် ဘုရင် လက်အောင်ခံ မိတ်ဆွေ ပဏ္ဍာ နိုင်ငံ အဖြစ်ဆက်တည်ရှိနေခဲ့ရတဲ့အတွက် ရခိုင်ဘုရင်တွေဟာ ဗုဒ္ဓ ဘာသာကိုးကွယ်ပေမယ့် အစ္စလာမ်မစ် ဘွဲ့ တွေခံယူကြပြီး ဘင်ဂေါလ် နယ်သုံး အစ္စလာမ်မစ် ဒင်္ဂါးတွေကိုလည်း ငွေကြေးအနေနဲ့ တရားဝင် သုံးစွဲခဲ့ကြပါတယ်။ ဒီလို အနေအထားဟာ ဘင်ဂေါလ် နယ် ဆူလတန် သြဇာခံ လက်အောင်က လုံးဝလွတ်မြောက်တဲ့ (၁၅၃၁ CE) အထိလို့ ဆိုနိုင်ပါတယ်။ အဲ့နောက်ပိုင်းလည်း အစဉ်အလာအရ ဗုဒ္ဓ ဘာသာဝင် ရခိုင်ဘုရင်တွေဟာ အစ္စလာမ်မစ် ဘွဲ့ နာမည် ခံယူတာတွေ ဆက်ရှိနေပါသေးတယ်။

မြောက်ဦးခေတ်မှာ မင်းစောမွန် ရခိုင်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တဲ့ အချိန်ကစလို့ အတူပါလာခဲ့တဲ့ မွတ်ဆလင်တွေဟာ ဘုရင့်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ အစဉ်အဆက် နေရာကောင်း အများအပြား ရလာခဲ့ကြပါတယ်။

ဆိုခဲ့တဲ့ မြောက်ဦးမင်းဆက် စတင်တည်ထောင်သူ မင်းစောမွန် ရခိုင် ကို ပြန်လည် သိမ်းပိုက်ရာမှာ ပါဝင် အမှုတော် ထမ်းခဲ့တဲ့ မွတ်ဆလင်စစ်သည်တွေရဲ့ အဆက် မွတ်ဆလင် အုပ်စု က ခု ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ ဒုတိယ အမျိုးအစား တမျိုးဖြစ်ပါတယ်။ သူတို့က လက်ရှိ ရမ်းဗြဲ ကျွန်း(Ramree Island) မှာ အဓိက နေထိုင်ကြပါတယ်။ သူတို့ဟာ ရခိုင် မျိုးနွယ် အုပ်စု ထဲမှာလည်း ထည့်သွင်းဖော်ပြခံရ ပြီး ဌာနေ တိုင်းရင်းသားလည်း အသိအမှတ်ပြုခံရပြီးဖြစ်တဲ့ ကမန်လူမျိုးတွေပါ။
[ စကားချပ် - အစ္စလာမ် ဘာသာဝင် ကမန်လူမျိုးတွေရဲ့ သမိုင်းကို (ညွှန်း-၈) တွင် ဆက်လေ့လာနိုင်ပါတယ်။]
(၃) ရခိုင်ဘုရင့်နိုင်ငံတော် မြောက်ဦး မင်းဆက် (၁၄၃၀-၁၇၈၄ CE) အတွင်းမှာပါ လာရောက် အခြေချနေထိုင်လာခဲ့တဲ့ မွတ်ဆလင် အုပ်စု -- သူတို့က လက်ရှိ မြောက်ဦး နဲ့ ကျောက်တော် မှာ အများစု နေထိုင်နေကြပါတယ်။

(၄) မြန်မာ (ဗမာ) ဘုရင် ရခိုင်နိုင်ငံကို နောက်ထပ် နယ်ချဲ့သိမ်းပိုက်ခဲ့တဲ့ (၁၇၈၅ CE) မှာ အတူပါလာတဲ့ ဗမာဘုရင် သစ္စာတော်ခံ စစ်သည်တွေ ဖြစ်တဲ့ အဲ့ခေတ် မြန်မာ (ဗမာ) နိုင်ငံအလယ်ပိုင်း မြေဒူး နယ်က မွတ်ဆလင် အုပ်စုတစု -- သူတို့က အခု စစ်တွေ ခရိုင် (Sandoway District) မှာ အခြေချနေထိုင်ကြပါတယ်။

တလင်တမယား စနစ် (Monogamy)

ရိုဟင်ဂျာ ပြဿနာကို အခု လူအများ ပြောကြရင် မယား အများကြီး ယူတဲ့ ကိစ္စ ပါလာတတ်တဲ့ အတွက် ဒီခေါင်းစဉ်ကို ထည့်ရေးခြင်းဖြစ်ပါတယ်။ Monogamy နဲ့ သူနဲ့ ဆက်စပ်တဲ့ Polygamy သဘောမှာ ဆွေးနွေး စရာ အချက်တွေ အများကြီး ဖြစ်တဲ့ အတွက် သီးသန့်ဆောင်းပါး အနေနဲ့ ရေးမှသာ ပြည့်စုံ နိုင်မှာ ပါ။ အောက်မှာ တင်ပြ ထားတာက အကျဉ်းချုံးပါ။

တလင်တမယားစနစ် မဟုတ်ကြတဲ့ (Polygamy) သဘောဟာ ရိုဟင်ဂျာတွေ၊ မွတ်ဆလင်တွေ ချည်းပဲ အစဉ်အဆက် ကျင့်သုံးခဲ့တာ မဟုတ်ပါ။ ကမ္ဘာ့ အဝှမ်းက ရှေးဟောင်း လူ့အဖွဲ့အစည်း (လူမျိုး/ဘာသာစုံ) အတော်တော်များများမှာ Polygamy ရဲ့ ပုံစံနှစ်မျိုး ဖြစ်တဲ့ Polygyny (မယားပြိုင်) နဲ့ Polyandry (လင်ပြိုင်) သဘော ရှိခဲ့ကြပါတယ်။ မွတ်ဆလင် ကမ္ဘာက လက်ရှိ ခေတ်သစ်မှာပါ ရှေးရိုးစွဲတဲ့ အလေ့အထတွေကို ကျင့်သုံးဆဲဖြစ်နေတော့ Polygamy ထဲက Polygyny (မယားပြိုင်) ကို လူမှု ထုံးတမ်း အရ နဲ့ တရားဥပဒေ အရ အများစု လက်ခံထားကြပါတယ်။

လက်ခံခြင်းသာ ဖြစ်ပါတယ်။ အိမ်ထောင်တိုင်း လိုက်ကျင့်သုံးတာ မဟုတ်ပါ။ ယေဘုယျ သဘောအနေနဲ့ မွတ်ဆလင် ကမ္ဘာမှာ အိမ်ထောင်ပြုမှုတွေရဲ့ (၁-၃ %) ရာခိုင်နှုန်း မျှကသာ မယားပြိုင်ယူထားတဲ့ အိမ်ထောင်ရေး (Polygamous Marriages) တွေ ဖြစ်ပါတယ်။ မွတ်ဆလင် အများစု ရှိတဲ့ တူရကီ၊ တူနီးရှား၊ အဇာဘိုင်ဂျန်၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား နိုင်ငံတွေမှာ ဆို တရားဥပဒေ အရ တလင်တမယား စနစ် သာ ကျင့်သုံးပြီး Polygamy ကို တားမြစ်ထားပါတယ်။ ဘာသာရေး ထုံးတမ်းစဉ်လာတွေ လွှမ်းမိုးမှုကင်းတဲ့ ဆီကူလာ အာရပ် တိုင်းပြည် တခု ဖြစ်တဲ့ လယ်ဘနွန် ဆိုလည်း အလားတူပါပဲ။

တလင်တမယား စနစ် (Monogamy) တရားဥပဒေ သဘော အရ မဖြစ်တာ၊ တနည်းအားဖြင့် Polygamy ကို ဥပဒေ အရ ခွင့်ပြုထားတာကလည်း မွတ်ဆလင် နိုင်ငံတွေ ချည်းပဲလည်း မဟုတ်ပါ။ ဥပမာ ဆို စာရေးသူ တို့ ဗမာပြည်မှာလည်း Polyandry (လင်ပြိုင်) ထားမှုကိုသာ တရားဥပဒေ အရ ကန့်သတ်ထားပြီး Polygyny (မယားပြိုင်) ထားမှုကို ဥပဒေ အရ ခွင့်ပြုထားပါတယ်။ (စကားချပ် - ဗမာ့ လူအဖွဲ့အစည်းမှာ လူမှုထုံးတမ်း အရတော့ Polygamy (မယားပြိုင်/လင်ပြိုင်) ကို ရှုံ့ချပါတယ်။)

ဒါကြောင့် ရိုဟင်ဂျာ နဲ့ Polygamy ကို တွဲစဉ်းစားဖို့ထက် တိုင်းပြည်မှာ အားလုံးတပြေးညီ ဖြစ်အောင်၊ အမျိုးသမီး အခွင့်အရေး အပြည့်အဝရအောင် Polygyny (မယားပြိုင်) တရားဥပဒေ အရ ယူထားနိုင်မှု ကို ပြင်ဖို့ ဥပဒေပြု လွှတ်တော် အမတ်တွေကို ထောက်ပြပြီး ဥပဒေပြဋ္ဌာန်းပေးဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်။

ဒီလို လုပ်နိုင်ရင် တပါတည်း နိုင်ငံအတွင်းရှိ ဘယ်ဘာသာဝင်မဆို နိုင်ငံမှာရှိတဲ့ တရား ဥပဒေ အတိုင်း လိုက်နာ ကျင့်ကြံ ရမှာ ဖြစ်တဲ့ အတွက် Polygyny (မယားပြိုင်) ယူထားနိုင်မှုက ပပျောက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဒီမိုကရက်တစ် နိုင်ငံတွေမှာလည်း ဒီလို ဥပဒေ သဘောနဲ့ တားမြစ်ထားတာပါပဲ။ တပါတည်း မိမိ လူ့အဖွဲ့အစည်းမှာ၊ အထူးသဖြင့် မွတ်ဆလင် အသိုင်းအဝန်းမှာ တလင်တမယား စနစ် (Monogamy) ရဲ့ ကောင်းကျိုး တွေ ကို ပညာပေး ရမှာ ဖြစ်ပါတယ်။

ဆက်စပ်တဲ့ ကိစ္စတခုဖြစ်တဲ့ အသက်အရွယ်မပြည့်သေးတဲ့ ကလေးသူငယ် လက်ထက်မှု (Child Marriage) ဟာလည်း Polygamy လိုပဲ ရှေးဟောင်းခေတ် လူ့အဖွဲ့အစည်းအားလုံး နဲ့ လက်ရှိခေတ် ရှေးရိုးစွဲ လူ့အသိုင်းအဝန်းတွေမှာ ရှင်သန်နေတဲ့ ဓလေ့ တခုပဲ ဖြစ်ပါတယ်။ ဒါဟာလည်း ကမ္ဘာနဲ့ အဝှမ်း မှာ လက်ထပ်နိုင်တဲ့ အသက် ကန့်သတ်ချက် တရားဥပဒေ ထုတ်ပြန်ပြီး ကန့်သတ် ထားပါတယ်။

ဒီလို တရားဝင် အိမ်ထောင်ပြုနိုင်တဲ့ အသက် (Legal Marriage Age) နဲ့ လိင် ဆက်ဆံ နိုင်တဲ့ အသက် (Legal Sex Age) ကို ဗမာပြည်မှာလည်း သတ်မှတ် ပြဋ္ဌာန်းပြီးဖြစ်တဲ့ အတွက် စိုးရိမ်စရာ မလိုတဲ့ အခြေအနေ ဖြစ်ပါတယ်။

ကလေးမွေးဖွားမှုနှုန်း (Birth Rate)

ရိုဟင်ဂျာ တွေ အကြား ကလေးမွေးဖွားနှုန်းမြင့်မားနေမှုကိုလည်း လူတွေပြောလေ့ရှိလို့ ဒီခေါင်းစဉ်ကို ထည့်ရေးခြင်းဖြစ်ပါတယ်။

မှန်ပါတယ်..။ ရိုဟင်ဂျာတွေဟာ ဘာသာရေး နဲ့ ဆက်နွယ်တဲ့ ရှေးရိုးစွဲ အယူအဆအရ ခေတ်မီ ပဋိသန္ဓေ တားဆီးရေး မှာ အားနည်းကြပါတယ်။ တကယ်တော့ အစ္စလာမ်ဘာသာဝင်တွေ ယုံကြည်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော် အရ စီရင် ရေးသားခဲ့တယ်လို့ဆိုတဲ့ ကုရ်အာန်ကျမ်းမှာ ပဋိသန္ဓေတားခြင်း (Contraception) ဟာ အပြစ် (Sin) ဖြစ်တယ်လို့ တိတိကျကျ ဆိုထားတာမရှိပါ။

အခြားဘာသာ အယူဝါဒတွေမှာလည်း ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ဘာသာတရား အဆုံးအမ ကို အဓိပ္ပာယ် ကောက်ယူ ကျင့်သုံးပုံတွေမှာ ရှေးရိုးစွဲ နဲ့ ခေတ်မီ သူတွေအကြား ဝိဝါဒကွဲနေတဲ့ သဘောသာဖြစ်ပါတယ်။

ယေဘုယျ သဘော အနေနဲ့ ကမ္ဘာ အနှံ့က မွတ်ဆလင် နိုင်ငံတွေဟာ သူတို့ အများစု အသိအမှတ်ပြု လက်ခံတဲ့ အစ္စလာမ် အယူအဆ ပညာရှင်ကြီးတွေ ဆွေးနွေးညှိနှိုင်း သဘောထားထုတ်ဖော် လမ်းညွှန်ချက်အရ ခေတ်မီ ပဋိသန္ဓေတားခြင်း နည်းလမ်းများကို အချက် (၃) ချက် ကန့်သတ်ပြီး ခွင့်ပြုထားပါတယ်။

ကန့်သတ်ချက်တွေဟာလည်း ဖြစ်သင့်တဲ့သဘောတွေဖြစ်တဲ့ (၁) ပဋိသန္ဓေတားခြင်းဟာ လင်မယား နှစ်ယောက် စလုံးရဲ့ သဘော ဆန္ဒ ဖြစ်ရမယ်။ (၂) ပဋိသန္ဓေတားတဲ့ နည်းလမ်းကြောင့် တသက်လုံး မျိုးမပွားနိုင် မြုံသွာတာမျိုး မဖြစ်စေရဘူး။ (၃) ပဋိသန္ဓေ တားဆီးခြင်းကြောင့် လူ့ ခန္ဓာကိုယ်ကို အသက် အန္တရာယ် ထိ ခိုက်မှု မရှိစေရဘူး၊.. ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။

အရင် ခေတ် စစ်အစိုးရ အဆက်ဆက် တရားမဝင် ကျင့်သုံးခဲ့တဲ့ ရိုဟင်ဂျာ တွေကို တရားဝင် အိမ်ထောင်ပြုခွင့် မပေးဘဲ ထိန်းချုပ်တဲ့ နည်းဟာ လူသားရဲ့ မွေးရာပါ အခွင့်အရေးကို ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ခြယ်ရာ ရောက်ပြီး လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု သာ ဖြစ်ပါတယ်။

ဒီလို ရာဇဝတ်မှုပုဒ်မ အကြီးကြီးနဲ့ နာမည်ဆိုးတာသာ အဖတ်တင်ခဲ့ပြီး တကယ် သူတို့ရဲ့ ကလေးမွေးဖွားနှုန်း ကို ထိန်းချုပ်နိုင်သလားဆိုတာလည်း ထိရောက်အောင် မထိန်းချုပ်နိုင်ခဲ့ပါ။ သူတို့ နေနေတဲ့ ဒေသ ဗမာပြည်ထဲမှာ အိမ်ထောင်ပြုခွင့်၊ မီးဖွားခွင့် မရတော့ ခိုးပြီး လက်ထပ်ပေါင်းသင်း၊ ကိုယ်ဝန်ရတဲ့အချိန် အာဏာပိုင်တွေသိတော့ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေး၊ ဟိုက ဒုက္ခသည်စခန်းတွေ ဆက်နေထိုင်၊ ကလေးမွေးရင်းနဲ့ လူဦးရေ က များလာတာပဲ ဖြစ်ပါတယ်။ ဒီလူတွေဟာ မိမိနိုင်ငံသားတွေဖြစ်တဲ့ အတွက် တချိန်မဟုတ် တချိန် ပြန်လက်ခံရမှာသာ ဖြစ်တဲ့အတွက် နောက်ဆုံး မိမိ နိုင်ငံမှာပဲ လူဦးရေးမတန်တဆ တိုးပွားလာတာသာ အဖတ်တင်ကျန်ရစ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရိုဟင်ဂျာတွေရဲ့ လူ့အဖွဲ့အစည်းမှာ အခြား ကမ္ဘာ့အနှံ့အပြားက ဆင်းရဲတဲ့ မွတ်ဆလင် တိုင်းပြည်တွေမှာ ကျင့်သုံးတဲ့ လူ့သိက္ခာ လူ့ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်တဲ့ ကလေးမွေးဖွားနှုန်း လျှော့ချရေး အစီအစဉ်တွေဖြစ်တဲ့ ခေတ်မီတဲ့ သားဆက်ခြား ပညာပေးရေး၊ လိင် ပညာပေးရေး တွေကို ဖော်ဆာင်၊ ပဋိသန္ဓေတားဆီးရေး နည်းနာ တွေကို သင်ကြားပြသ ပညာပေးရင်းနဲ့ ဘာသာရေးအရလည်း တရားဝင် ခွင့်ပြုထားတဲ့ အကြောင်း ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲ တွေ လုပ်ပေးခြင်းဖြင့် ကလေးမွေးဖွားနှုန်းကို ထိန်းနိုင်ပါတယ်။
ဗမာနိုင်ငံသား မွတ်ဆလင် များ (Burmese-Muslim)

ယခု ဗမာ့လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ လူမျိုး/ဘာသာ မတူသူ အုပ်စုတွေ အကြား တိုးပွားနေတဲ့ သံသယ တွေ အမုန်းတွေကို ပပျောက်ဖို့က လက်ရှိ ဗမာပြည်မှာနေထိုင်နေတဲ့ ဗမာနိုင်ငံသား မွတ်ဆလင် များရဲ့ တုန့်ပြန်ဆောင်ရွက်ပုံ နဲ့ ခံယူချက် မှန်ဖို့လည်း လိုပါတယ်။ ရှေးဘိုးဘွားအဆက်က ဘယ်လူမျိုးက ဆင်းသက်လာခဲ့ပစေ လက်ရှိ ဗမာနိုင်ငံသား အနေနဲ့ နေထိုင်နေတဲ့ မွတ်ဆလင်များ (ရိုဟင်ဂျာ၊ အခြား ရိုဟင်ဂျာ မဟုတ်တဲ့ အိန္ဒိယ၊ အာဖဂန်၊ အာရပ်၊ ပါရှန် အနွယ်အားလုံး) ဟာ နိုင်ငံရဲ့ အမျိုးသားရေး စိတ်ဓာတ် ကို မိမိကိုယ်၊ စိတ်၊ နှလုံး မှာ တိုးပွားရှင်သန်အောင် ကျင့်ကြံအားထုတ်ဖို့ လိုပါတယ်။

ဒီ အမျိုးသားရေးဟာ အမျိုး/ဘာသာ/သာသနာ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးစွဲ၊ ဘာသာစွဲ အပေါ်မှာ အခြေမခံဘဲ ကျယ်ပြန့်တဲ့ နိုင်ငံသား အားလုံး၊ လူမျိုး/ဘာသာ အားလုံး၊ တိုင်းရင်းသား အားလုံး သဘောဆောင်တဲ့ နိုင်ငံချစ်စိတ်၊ တိုင်းပြည် ချစ်စိတ် အပေါ် အခြေခံ မြင်နိုင်ဖို့ လိုပါတယ်။

ဒီလို မြင်နိုင်ဖို့၊ ဒီလို အားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားရေး၊ တနည်းအားဖြင့် နိုင်ငံ/တိုင်းပြည် ချစ်စိတ်၊ နိုင်ငံ/တိုင်းပြည်ချစ်ရေး သဘောကို မြန်မာ အပါအဝင် အခြား တိုင်းရင်းသားအားလုံးနဲ့ ဗမာနိုင်ငံသား၊ ဗမာနိုင်ငံဖွား တရုတ်တွေမှာလည်း မြင်နိုင်၊ ခံယူကျင့်ကြံနိုင်ဖို့ လိုပါတယ်။

နောက်တခုက ဗမာ-မွတ်ဆလင် အသိုင်းအဝန်းအနေနဲ့ အခြား မွတ်ဆလင် မဟုတ်သူတွေကြား မှာ ပေါ်ပေါက်နေတဲ့ အထင်မြင်လွဲမှား သံသယ ရှိနေမှုတွေ၊ မသိနားမလည်လို့ အကြမ်းဖက်ဝါဒ နဲ့ ငြိမ်းချမ်းတဲ့ အစ္စလာမ် ဝါဒ ကို ရောထွေး အထင်မှား၊ အမြင်မှားဖြစ်ကာ အစ္စလာမ် အကြောက် ရောဂါ (Islamophobia) ဝင်နေသူများကို အပြစ်လို့ တထစ်ချ မသတ်မှတ်၊ မမြင်ဘဲ အစ္စလာမ် ဘာသာ နဲ့ အကြမ်းဖက်မှု မပတ်သက်တဲ့ အကြောင်းကို ရှင်းပြတဲ့ ဟောပြောပွဲတွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု အခြေခံ ဗဟုသုတ၊ အမြင် ဖလှယ်ပွဲတွေ၊ ကို အင်တိုက်အားတိုက် လုပ်ကိုင်ခွင့်ရဖို့ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။

နောက်တချက်က အစ္စလာမ် ဘာသာရေး သင်တန်းကျောင်းတွေမှာ ရှေးရိုးစွဲ လူတစု နဲ့ ဘာသာရေးခေါင်းဆောင် တချို့က ပြင်းထန်တဲ့ ရှေးရိုးစွဲ အယူဝါဒ တွေ မသင်ကြားနိုင်စေဖို့၊ အကြမ်းဖက်ဝါဒ တိုးပွားစေတဲ့ သဘောတွေ မဟောပြောနိုင်စေဖို့ကိုလည်း ဗမာ-မွတ်ဆလင် အဖွဲ့အစည်းတွေ နဲ့ ခေါင်းဆောင်တွေ က ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အစိုးရ ကိုယ်စားလှယ် အပါအဝင် ဘာသာပေါင်းစုံ ပါဝင်တဲ့ လူမှုရေး အဖွဲ့အစည်းတွေကို ဘာသာရေး သင်တန်းကျောင်းတွေကို လေ့လာဖို့ ဖိတ်ခေါ်ပြီး ခေတ်မီ လွတ်လပ်၊ မျှတ၊ ဒီမိုကရေစီ စံနှုန်းတွေနဲ့ အညီ စစ်မှန်တဲ့ ဘာသာရေး စာပေ သက်သက် သင်ကြားနေတာသာဖြစ်ကြောင်း၊ အစ္စလာမ် သာသနာ ကို အဓမ္မ သဘောနဲ့ ဖြန့်ဖြူးဖို့ (Islamisation) သင်ကြားပေနေတာ မဟုတ်ကြောင်း၊ ရှေးရိုးစွဲ ပြင်းထန်တဲ့ သဘောတွေ၊ အကြမ်းဖက်ဝါဒတရားတွေ လှုံ့ဆော်နေတာ မဟုတ်ကြောင်း သက်သက်ပြုနိုင်ဖို့လိုပါတယ်။


နိုင်ငံတကာက ဒီမိုကရေစီ နိုင်ငံကြီးတွေမှာလည်း စာရေးသူ ထောက်ပြသလို သက်ဆိုင်ရာ မွတ်ဆလင် အသိုင်းအဝန်း (Muslim Community) နဲ့ အစိုးရ၊ လူမှု အဖွဲ့အစည်းတွေ ပူပေါင်းဆောင်ရွက်ရင်းနဲ့ လူ့အဖွဲ့အစည်းမှာ ဘာသာစွဲပြင်းထန်မှုတွေနည်းအောင်၊ ဘာသာရေး အမည်ခံ အစွန်းရောက်၊ အကြမ်းဖက်သမားတွေ ဝင်ရောက် စိမ့်ဝင် လှုပ်ရှားခွင့်မရအောင် ကာကွယ်တာဆီး နေတာပဲ ဖြစ်ပါတယ်။

အထက်မှာ တင်ပြခဲ့တာတွေဟာ စာရေးသူ လေ့လာ သုံးသပ်မိတဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ဒေသ မတည်မငြိမ်ဖြစ်မှုတွေရဲ့ အဓိက အကြောင်းရင်းတခုဖြစ်တဲ့ ရိုဟင်ဂျာ ပြဿနာ နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေအပေါ် စာရေးသူ တဦးတည်းရဲ့ အမြင်၊ သဘောထား နဲ့ အကြံပြုချက်တွေ ဖြစ်ပါတယ်။
နိဂုံး (Conclusion)

နိဂုံးချုပ်ရရင် စာရေးသူတို့ရဲ့ ဗမာ့လူ့အဖွဲ့အစည်းဟာ ဆယ်စုနှစ်ပေါင်းများစွာ အမှောင်ထုဖုံးလွှမ်းနေတဲ့ အနေအထား အချိန်ကနေ အလင်းကို ခုမှ စ ဝင်လာတာနဲ့ သဘောတရားချင်း တူနေပါတယ်။

အလင်းကို ဝင်ခါစ အချိန်မှာ မျက်စိတွေ ကျိန်းနိုင်ပါတယ်။ အလင်းဒဏ်က လူအများစုရဲ့ အမြင်တွေကို စူးရှ ထိခိုက် စိတ်ကသိကအောင့် ဖြစ်စေနိုင်ပါတယ်။ အရာရာဟာ အရိုးစွဲ နေသားတကျ ဖြစ်နေတဲ့ သမာရိုးကျ စိတ်၊ စဉ်းစားပုံ၊ အတွေးအခေါ် တွေ နဲ့ အံမဝင်ခွင် မကျ ဖြစ်နေနိုင်ပါတယ်။ ဒီလို အခြေအနေကို မလိုလားအပ်တဲ့ သဘော အနေနဲ့ မရှုမြင်ဘဲ အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားဆင်ခြင်တွေးခေါ်မျှော်မြင်ပြီး လက်ခံသင့်တဲ့ အရာတွေကို လိုက်လျောညီထွေ ပြုပြင် ပြောင်းလဲချင်တဲ့ စိတ်နဲ့အတူ လက်ခံနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ “အမျိုးပျောက်မှာ စိုးကြောက်လှ ပါတယ်” ဆိုတဲ့ ပုဂ္ဂိုလ်များရဲ့ ခံစားချက်ကိုလည်း နားလည်လက်ခံနိုင်ပေ မယ့် ခေတ်သစ် ကမ္ဘာရဲ့ စဉ်ဆက်မပြတ် ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနေတွေနဲ့ အလိုက်သင့် ပြုပြင်ပြောင်း လဲ နိုင်စွမ်း မရှိဘဲ ကြိုတင် ကောက်ချက်၊ အစွဲ၊ မယုံကြည်မှု၊ သံသယ၊ ရန်ငြိုး၊ အမုန်း၊ စစ်ပွဲ တွေ နဲ့သာ ဒီလို အခြေအနေသစ်နဲ့ သဘောတွေကို တုန့်ပြန်ခဲ့ကြရင် ဖြစ်လာနိုင်တဲ့ လူသားမျိုးနွယ်ပျောက်ဆုံးမှုက ပိုလို့ အရေးကြီးပါတယ် လို့ပဲ ဆိုပါရစေ ခင်ဗျာ။

လူရဲ့ အပေါ်ယံ အရေပြား အရောင် အသွေးနဲ့ သွင်ပြင် ကွဲပြား ခြားနားမှုတွေ နဲ့ နောက်ခံ အမျိုး၊ ဘာသာ၊ လူမှု့ အလွှာ ကို မကြည့်ဘဲ လူတဦးချင်းရဲ့ အကျင့်စာရိတ္တ နဲ့ အရည်အချင်းရှိမှုကိုသာ အဓိက စဉ်းစားပြီး ရှုမြင်ဆင်ခြင်သုံးသပ် နေရာပေးတတ်တဲ့ လွတ်လပ်၊ မျှတ၊ ဝါဒဖြူစင်တဲ့ အနာဂတ် ဗမာပြည်ရဲ့ ရခိုင် ရိုးမ၊ ပဲခူး ရိုးမ၊ ရှမ်းရိုးမ တောင်တန်းကြီးတွေရဲ့ကြား ဧရာဝတီ မြစ်ကမ်းပါးမှာ လူအများစု မြန်မာများ၊ တိုင်းရင်းသား ရခိုင် အပါအဝင် အခြား လူနည်းစု တိုင်းရင်းသားများ နဲ့ လူမျိုးကွဲ နိုင်ငံသား တရုတ်၊ အိန္ဒိယ အနွယ်တွေရဲ့ သားသမီးတွေဟာ လူမျိုး/ဘာသာ မခွဲ သွေးစည်းချစ်ခင်ရင်းနှီးမှု ညီအကို၊ မောင်နှမ အရင်း စိတ်ဓာတ် ကောက်ပဲသီးနှံကို အရင်းတည်တဲ့ ငြိမ်းချမ်းရေးညစာကို အတူတကွ ချိုမြိန်စွာ သုံးဆောင်နိုင်ခွင့် အမြန်ဆုံး ရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ငြိမ်းချမ်းအေး
၁၈ ၊ သြဂုတ် ၊ ၂၀၁၂
ရည်ညွှန်း။ ။
1. ငြိမ်းချမ်းအေး၊ “ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်စရာ”http://moemaka.com/?p=24166
2. အောင်ထူး (ရှေ့နေ)၊ “ရိုဟင်ဂျာ ပြဿနာ၊ လူ့အခွင့်အရေး နှင့် အမျိုးသား ဂုဏ်သိက္ခာ”၊ ခေတ်မောင်း စာစောင်၊ အတွဲ (၁)၊ အမှတ် (၃)၊ ဇူလိုင်လ ၁၇ရက် ၂၀၁၂ ခုနှစ်။
3.့ ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးဆွေးနွေးခန်း၊ ဇူလိုင်လ ၂၀ ရက် ၂၀၁၂ ခုနှစ်။
4. The Universal Declaration of Human Rights: http://www.un.org/en/documents/udhr/
5. International Covenant on Civil and Political Rights: http://www2.ohchr.org/english/law/ccpr.htm
6. International Covenant on the Rights of the Child: http://www2.ohchr.org/english/law/crc.htm
7. Rohingya refugees return to Burma: http://news.bbc.co.uk/2/hi/south_asia/221775.stm
8. မောင်ဆန္ဒ(လယ်ဝေး)၊ ကမန်မျိုးနွယ်စု သမိုင်း၊ နိုင်ငံဂုဏ်ရည်စာပေတိုက်၊ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ။
ကိုးကား။ ။
• Dr. Francis Buchanan-Hamilton, M.D., “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire”, Asiatic Researches 5 (1799), Page 219-240. Republished: University of London (UL), School of Oriental and African Studies (SOAS) Bulletin of Burma Research, Vol. 1, No., 1, Spring 2003.
• Leider, Jacques P: "Interview: History Behind Arakan State Conflict", by The Irrawaddy, July 9, 2012.
• Dr. Aye Kyaw: “An Historian Looks at Rohingya”, by The Irrawaddy, October 7, 2009.
• Yegar, Moshe, “Between integration and secession: The Muslim communities of the Southern Philippines, Southern Thailand, and Western Burma / Myanmar”, Lanham, MD: Lexington Books, p. 23-24, 2002, ISBN: 0739103563.
• Dr. Aye Chan, The Development of a Muslim Enclave in Arakan (Rakhine) State of Burma (Myanmar), University of London (UL), School of Oriental and African Studies (SOAS) Bulletin of Burma Research, Vol. 3, No., 2, Autumn 2005.
• The New Encyclopedia of Islam (2002), AltaMira Press, ISBN 0-7591-0189-2
• Burma Press Summary, 1996, May, From the Rangoon “The New Light of Myanmar”, Compiled for the Burma Studies Group by Hugh C. MacDougall, Published by the Center for East Asian and Pacific Studdies, University of Illinois.
• Burma’ Citizenship Law, 1982: http://www.unhcr.org/refworld/docid/3ae6b4f71b.html
• မြန်မာ့စွဲစုံကျမ်း၊ အတွဲ (၉)၊ အပိုင်း (က)၊ စာပေဗိမာန်၊ ၁၉၆၄၊ ပဌမအကြိမ်၊ စာမျက်နှာ (၈၉)။
(ဘလော့များ ၊ ဖိုရမ်များတွင် ပြန်လည် ဖော်ပြလိုပါက အစ အဆုံး ဆောင်းပါး တပုဒ်လုံး အပိုင်း (၁+၂ + ၃) ဖော်ပြနိုင်မှသာ ခွင့်ပြုပါတယ်။ ခေါင်းစဉ် တချို့တည်းကွက် ဖော်ပြပါက စာရေးသူ ရဲ့ ဆိုလိုရင်း တင်ပြချက်ကို စာဖတ်သူ ပုံဖော်နိုင်မှာ မဟုတ်တဲ့ အတွက် ခေါင်းစဉ် တချို့တည်းကွက် ဖော်ပြခြင်းကို လုံးဝ ခွင့်မပြုပါ။)





ရခိုင်ဒေသအတွက် ရန်ကုန်မှာ ဆန္ဒပြ

4 comments



ရန်ကုန်မြို့မှ လူငယ် ၁၀၀ နီးပါးသည် ရခိုင်ပြည်နယ်တွင်း အခြေအနေများနှင့် ပတ်သက်ပြီး ယနေ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယနေ့ နံနက် ၁၁ ခွဲခန့်မှစတင်ပြီး ဆိုင်းဘုတ်များ ကိုင်ဆောင် ဆန္ဒဖော်ထုတ်မှုမှာ နာရီဝက်ကြာကြောင်း တွေ့ရသည်။

တောင်းဆိုချက်များထဲတွင် ကုလသမဂ္ဂနှင့် ကူညီထောက်ပံ့ရေးအဖွဲ့များက ရခိုင်ဒေသခံများအတွက် ဆောင်ရွက်ရာတွင် ခွဲခြား ဆက်ဆံခြင်းမပြုရေး ဆိုသည့် အချက်လည်း ပါဝင်ကြောင်း တွေ့ရသည်။

တရားဝင်ခွင့်ပြုချက်ယူပြီး ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)










Miss World 2012 တရုတ် အလှမယ် ဆွတ်ခူး

4 comments

ဓာတ်ပုံ-AFP

တရုတ်နိုင်ငံမယ် မစ္စ Yu Wenxia ဟာ ၂၀၁၂ ခုနှစ်အတွက် Miss World သရဖူကို တရုတ်က အောင်ပန်းဆင်ခဲ့ တာကို သြဂုတ်လ ၁၉ ရက်နေ့ သတင်းများမှာ ဖော်ပြပါတယ်။ တရုတ်အလှမယ်ရဲ့ အလှတရားဟာ ပြိုင်ပွဲ ၀င်တွေကြား မှာ တကယ်ကို ထင်ရှားတဲ့ အလှနဲ့ တမူထူးနေခြားနေတာလည်း မြင်ကြရမှာပါ။


ကမ္ဘာတ၀ှမ်းက လူသန်းပေါင်း ၁ ထောင်လောက်က နှစ်စဉ် အားပေးကြည်ရှု့ကြတဲ့ ပြိုင်ပွဲအစမှာ မွန်ဂို စစ်ရဲမက် ၀တ်စုံ ၀တ်ဆင်ထားတဲ့သူတွေက အုပ်စုလိုက် ကပြ ဖျော်ဖြေပွဲအပြီး ပြိုင်ပွဲဝင် စုစုပေါင်း ၁၁၆ ဦးဟာလည်း စင်မြင့်ပေါ်မှာ နေရာ ယူထားချိန် ယမန်နှစ်က Miss World သရဖူ ပိုင်ရှင် ဗင်နီဇွဲလား အလှမယ် Ivian Sarcos က သူ့ရဲ့ သရဖူကို လွှဲပြောင်း ပေးခဲ့ပါတယ်။


ပြိုင်ပွဲဝင် ၁၁၆ ဦးဆိုတာလည်း Miss World ပြိုင်ပွဲတွေမှာ အမြင့်ဆုံး ပြိုင်ပွဲဝင် ဦးရေလည်းဖြစ်ပါတယ်။ Miss World ကို ဗင်နီဇွဲလား နိုင်ငံက အများဆုံး ထွက်ရှိခဲ့ပြီး ဆုရှင် ၆ ဦးရှိပါတယ်။ အန္ဒိယနဲ့ ဗြိတိန်တို့ကတော့ ဆုရှင် ၅ ဦးစီသာ ရှိကြောင်း မှတ်တမ်းများက ဆိုပါတယ်။ ဒီနှစ် ဆုရှင် တရုတ်နိုင်ငံမယ် မစ္စ Yu Wenxia ကတော့ တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် Miss World ဆုရှင်ဖြစ်လာတာပါဘဲ။



ဒီနှစ်ကျင်းပတာကလည်း ထူးထူးဆန်းဆန်း ပင်လယ်ကမ်းစပ်က ကီလိုမီတာ ၇၀၀ လောက်ဝေးတဲ့ Ordos ဆိုတဲ့ မွန်ဂိုလီ ယားအတွင်းပိုင်းက လူသူ သိပ်မထူထပ်တဲ့ ကုန်းတွင်းပိုင်း ခြောက်သွေ့ဒေသတခုမှာ လုပ်ခဲ့တာပါ။



ဒါပေမယ့် Ordos ဆိုတဲ့ နေရာဟာ နောင်တချိန်တော့ ဒူဘိုင်းဖြစ်လာမှာပါလို့ မှတ်ချက်ပေးပြောဆိုထား တာတော့ သတိ ထားမိစရာပါ။ ဒါကြောင့်လည်း Ordos လို နေရာမျိုးမှာ Miss World ပြိုင်ပွဲကို ကျင်းပခဲ့ တာလည်းဖြစ်ပါတယ်။



ပထမရတဲ့ တရုတ်အလှမယ်ပြီးရင် ဝေးလ် က Miss Wales Sophie Moulds ဒုတိယ နေရာနဲ့ သြစီက Miss Australia Jessica Kahawaty တတိယနေရာတွေ အသီးသီး ရသွားကြတာပါ။












တရုတ်နိုင်ငံက အခုလို အလှမယ်တင်မကပါဘူး။ အဖက်ဖက်က အောင်မြင်မှုတွေနဲ့ ကမ္ဘာ့ရှေ့တန်းနေရာကို တက်လှမ်းလာနေပါတယ်။

ဒါကတော့ Miss World အခမ်းအနားများ ဖြစ်ပါတယ်။





ယောက်ျားဉာဏ်

0 comments


~
ကာတွန်း - ဟတ်ကော့cartoonhatt.kawt


~

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved