ဘာကြောင့် ဘန်ကောက်သွားကြသလဲ

Friday, September 28, 2012 1 comments

~


ပြည်တော်မြင့် ~


  
 ဓာတ်ပုံများ - ဧရာဝတီ 





မဲဆောက်ဒေသရောက် မြန်မာအလုပ်သမားတွေ ဘန်ကောက် အပါအ၀င် တခြားဒေသများကို တရားဝင် သွားရောက်နိုင်တယ်လို့ ဥပဒေက ခွင့်ပြုထားပါတယ်။
ဒါပေမယ့် အာဏာပိုင်တို့ကတော့ ခွင့်မပြုပါဘူး။ ဒီအကြောင်း ပြည်တော်မြင့်က သတင်းပေးပို့ထားပါတယ်။



ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမားများ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် မရှိသည့်ကိစ္စနှင့် ပတ်သက်၍  အာဏာပိုင်တို့နှင့် ယနေ့ ဆွေးနွေးသော်လည်း ရေရာသည့်အဖြေ မရရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။


“ထိုင်းအာဏာပိုင် အဖွဲ့စုံနဲ့ ဒီနေ့မဲဆောက်မှာဆွေးနွေးပေမယ့် တိုးတက်မှုမရှိခဲ့ဘူး။ အလုပ်သမားတွေဘက်က တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အရေးပါ အရာရောက်တဲ့ အချက်အလက်တွေကို သူတို့ဘက်က မသိမသာနဲ့ ပယ်လိုက်တာတွေ၊  လမ်းကြောင်း လွဲလိုက်တာတွေကို ပညာသားပါပါနဲ့ လုပ်လိုက်တော့ ကျွန်တော်တို့ဘက်က တင်ပြချက်တွေက အရာမရောက်ခဲ့ဘူး” ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၏ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။



ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ထိုင်းနိုင်ငံအတွင်း လွပ်လပ်စွာ ခရီးသွားလာခွင့် ရှိသည်။

ထိုင်းနိုင်ငံအလုပ်သမားဥပဒေ



 “သူတို့ဆီက ရှင်းလင်းတဲ့အဖြေတစုံတရာမရရှိခဲ့ပေမဲ့ မြန်မာအလုပ်သမားတွေရဲ့ လိုအပ်ချက် အခက်အခဲတွေနဲ့ ဆန္ဒသဘောထားတွေကို ထိုင်းအာဏာပိုင်တွေဆီမှာ ပွင့်ပွင့်လင်းလင်း တင်ပြ နိုင်ခဲ့တာတွေကိုတော့ သူတို့ သိရှိသွားတဲ့အတွက် တစုံတရာတော့ သက်ရောက်မှုရှိပါတယ်” ဟု ကိုထွေးနိုင်က ဆက်ပြောသည်။ 

 
ဘယ်တုန်းက ပိတ်သလဲ
ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ ထိုင်းနိုင်ငံတွင်း လွပ်လပ်စွာ ခရီးသွားလာခြင်း ခွင့်ပြုထားသော်လည်း မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်းရှိ တရာဝင်အလုပ်သမားများ အခြားဒေသများသို့ သွားရောက်ခြင်း မပြုနိုင်ပေ။ ပြီးခဲ့သည့် ဇွန်လလယ်မှ စတင် ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ဘာကြောင့် ပိတ်သလဲ
မဲဆောက်ရှိအလုပ်ရုံစက်ရုံများတွင် အလုပ်သမားပြတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်သည်ဟု ဆိုကာ   ထိုင်းလုပ်ငန်းရှင်များ စုပေါင်းပြီး တာ့ခ်ခရိုင် အာဏာပိုင်တို့ထံ သွားရောက် အရေး ဆိုခဲ့သဖြင့် ထိုသို့ ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘာကြောင့် မဲဆောက်ကနေ ထွက်ကြသလဲ
တာ့ခ်ခရိုင် ၉ မြို့နယ်တွင် အလုပ်ရုံစက်ရုံပေါင်း ၄၀၀ ခန့် ရှိသည့်အနက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသည့် တနေ့တာလုပ်အားခ ၂၂၆ ဘတ်ပေးသည့် အထည်ချုပ်စက်ရုံများမှာ တော့ဖောင်း စက်ရုံအပါအ၀င် ၂ ရုံသာရှိသည်ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောသည်။

“မဲဆောက်က မြန်မာအလုပ်သမားတွေ လုပ်အားခ ပိုမိုရရှိတဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို သွားတာကို မဲဆောက်အထွက် စစ်ဆေးရေးဂိတ်မှာ ဆွဲချခံရတယ်။ သွားခွင့်မပြုဘူး။ မဲဆောက်မှာက အလုပ်သမားတွေရဲ့ တနေ့လုပ်အားခက ဘတ် ၇၀-၈၀ လောက်ပဲ ရကြတယ်။ တာ့ခ်ခရိုင်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တနေ့တာ လုပ်အားခက ၂၂၆ ဘတ်ဖြစ်တယ်” ဟု မြန်မာအလုပ်သမားခေါင်းဆောင် ကိုချိုက ဆွေးနွေးပွဲတွင်  တင်ပြခဲ့သည်။ 
မဲဆောက်ဒေသအတွင်းရှိ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ ခန့်တွင် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများကို သတ်မှတ် လုပ်အားခ တရက် ၂၂၆ ဘတ် ပေးမည် ဆိုပါက မည်သူမျှ ထိုင်းနိုင်ငံ အတွင်းပိုင်းသို့ သွားရောက်ကြမည် မဟုတ်ကြောင်းလည်း ကိုချိုက ပြောသည်။

မဲဆောက်ဒေသ မြန်မာဘယ်လောက်ရှိသလဲ
မဲဆောက်အပါအ၀င်တာ့ခ်ခရိုင် ၉ မြို့နယ်အတွင်း လက်ရှိမြန်မာအလုပ်သမား ၄ သိန်းခန့်ရှိသည့်အနက် ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည့်အရေအတွက်မှာ ၄ သောင်းကျော်သာရှိ သည်ဟု ထိုင်းအလုပ်သမားရုံး၏ စာရင်းများအရ သိရသည်။ 
မဲဆောက်မြို့နယ်ရှိ အလုပ်ရုံစက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းခွင် များတွင် လုပ်ကိုင်နေသည် မြန်မာအလုပ်သမားအရေအတွက်မှာ ၂ သိန်းခန့် ရှိသည်ဟု မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့များ၏ စာရင်းများတွင် ဖော်ပြထားသည်။

ယနေ့ဆွေးနွေးပွဲ တက်ရောက်သူများ၊ အဖွဲ့များ
လက်ထောက် တာ့ခ်ခရိုင်ဝန်၊
တာ့ခ်ခရိုင် အလုပ်သမားဌာန၊
ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန ခရိုင်ရဲတပ်ဖွဲ့၊
ခရိုင်စက်မှုလုပ်ငန်းရှင်များအသင်း၊
တိုင်းရင်းသားများအခွင့်အရေးဆပ်ကော်မတီ
ရှေ့နေများ ကောင်စီ
မြန်မာအလုပ်သမားအရေးဆောင်ရွက်နေကြသည့် NGOများ
မြန်မာအလုပ်သမားခေါင်းဆောင်များ
အလုပ်သမားအရေးလေ့လာသူများ



















-
 

မြန်မာကားတွေမှာ သရုပ်ဆောင်တဲ့ စပါးကြီးမြွေမောင်နှမ

0 comments








~


ကောင်းညီဟန် ~



ရန်ကုန်ကနေ သံလျင်သွားရင် သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ်မှာ ထူးခြားတဲ့မြင်ကွင်းတခု တွေ့ရတတ်ပါတယ်။
အဲဒါကတော့ ဆံပင်ရှည်ရှည် လူတယောက်နဲ့ သူ့ရဲ့ စပါးကြီးမြွေတွေပါပဲ။

အဲဒီမြွေတွေကို တချို့ကလည်း ကားပေါ်ကနေ ကြည့်ကြသလို့ တချို့ကလည်း ကားရပ်ပြီး အောက်ဆင်းကြည့်ပြီး အလှူငွေတွေ ထည့်တာကို တွေ့မြင်ရပါတယ်။ ကျနော်တို့လည်း ကားရပ်ပြီး ခဏဆင်းကြည့်ဖြစ်ပါတယ်။

 
 လမ်းဘေးပြထားတဲ့မြွေများ

၆ ပေ ကျော်ကျော် ရှည်ကြပြီး လုံးပတ် ၁၀ လက်မ လောက် ရှိကြတဲ့ မြွေသုံးကောင်ကို တွေ့ရပါတယ်။ မြွေပိုင်ရှင်ဖြစ်တဲ့  သာကေတမြို့နယ် ၁၃ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုကြည်စိုးက ဒီစပါးကြီးမြွေတွေဟာ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်တယ် လို့ပြောပြပါတယ်

“သူတို့ကို တခါ လာငှားရင် တသောင်း ရတယ်ဗျ။ ကျနော်ကတော့ ဘာမှ မလုပ်ရဘူး။ ဒီအတိုင်း လိုက်ထိုင်နေရုံပဲ၊ အခုနောက်ဆုံး ရိုက်ထားတဲ့ကားက “အောက်လမ်းပညာနဲ့မာယာရှင်” ပါ။ ရိုက်ရတာကတော့ အများကြီးပါ။ ၈ ကား ၉  ကားလောက်ရှိပြီ။ ကြောင်ကမ္ဘာတို့ ဘာတို့က ခေါ်သွားလို့ရှိရင် ကိုယ်မလိုက်တော့ဘူးလေ၊ သူတို့က သိနေပြီ” လို့ မြွေပိုင်ရှင်က ဧရာဝတီကို ပြောပါတယ်။

သူတို့စားသောက်ဖို့အတွက်တော့ “တနေ့ကို နွားနို့တခွက်နဲ့ ကြက်ဥ ၂ လုံးစီ တိုက်ရတယ်။ အခုတော့ နွားနို့မတိုက်နိုင်လို့ နို့ဆီကို ရေဖျော်ပြီးတိုက်တယ်။ နှစ်ကောင်အတွက် တနေ့ကို နို့ဆီတဗူး ကုန်တယ်လေ။ ကြက်ဥကတော့ ၂ လုံးစီပေါ့၊ သုံးရက်တခါ ငါး ကျွေးတယ်။ ငါးပုဏ္ဏားပေါ့။ တကောင်ကို ၅၀ သားစီ ကျွေးရတယ်။ ကျန်တာတော့ မစားဘူး။ တခါတလေ ငှက်ပျောသီးကျွေးတယ်၊ အဲဒါပါပဲ”

အဲဒီထဲက တကောင်ကို လက်ညိုးထိုးပြပြီး “ဒီကောင်ကတော့ ကျနော် မပိုင်တော့ဘူး။ channel 7 က ဒေါ်သန္တာလှိုင် ၀ယ်ထားတာလေ။ ဒီနေ့က နေမကောင်းလို့ ခဏ လာပြန်ထားထားတာ။ အခုတော့ နေကောင်းသွားပြီ။ မနက်ဖြန် လာပြန်ယူလိမ့်မယ်” လို့ ဆိုပါတယ်။

“ဒီနှစ်ကောင်နာမည်က ဖိုးတာနဲ့ ဂျူးဂျူး” ဆိုပြီး သူပိုင်တဲ့ မြွေနှစ်ကောင်ရဲ့ နာမည်ကို ပြောပြပါတယ်။
 
 ဖိုးတာ နဲ့ ဂျူးဂျူး

“သူတို့အားလုံးက မောင်နှမတွေပါ။ အသက်ကတော့ ၄ နှစ်ကျော်ပြီ။  ၁၄ ရက် ၄ လပိုင်း ၂၀၀၈ ခုနှစ်မှာ ပေါက်တာပေါ့” ဆိုပြီး အလှူခံပုံကို လက်ညိုးထိုးပြပြီး ပြောပါတယ်။ အဲဒီအလှူခံပုံးပေါ်မှာ မြွေတွေနဲ့ မွေးနေ့ကို ရေးထားပါတယ်။

သူတို့ အမေက အသက် ၁၇ နှစ်မှာ ဆုံးသွားတယ်လို့ သိရပါတယ်။
 
အလှူခံပုံးပေါ်မှာ ရေးထားတဲ့ မြွေမွေးနေ့

ဒီကောင်တွေက လူတွေကို ဘာမှမလုပ်ဘူး၊ ရန်မရှာဘူးပေါ။့ ငယ်ငယ်ကတည်းက လူတွေနဲ့အတူတူနေလာတော့ ယဉ်နေပြီ။  ကလေးတွေဆို သူတို့ကိုပါးစပ်နဲ့ ကိုက်ကြတယ်။ သူတို့ ဘာမှပြန်မလုပ်ဘူး ဆိုပြီး မြွေခေါင်းကိုသူ့ပါးစပ်ထဲထည့်ပြပါတယ်။

“သူတို့ကိုကြည့်ပြီး လူတွေက အလှူငွေထည့်ကြတယ်။ အဲဒါတွေနဲ့ပဲ သူတို့ကို ပြန်ကျွေးရတာပေါ့”

“အိမ်မှာ ညဖက်ဆိုလည်း ဒီအတိုင်းပဲ လွှတ်ထားလိုက်တယ်။ ဒီကောင်တွေက ည ၆ နာရီကျော်ရင် အိမ်အောက်မဆင်းတော့ဘူး၊ အိမ်ပေါ်မှာဘဲနေတယ်။ အိမ်နားက ကလေးတွေနဲ့လည်း ရင်းနှီးနေပြီလေ။ ကျနော့်သမီးလေးဆို သူတို့နဲ့ပဲ ညအတူတူအိပ်တာလေ” ဆိုပြီး ဒီမြွေတွေနဲ့ သူတို့ဟာ မိသားစုတခုလို ဖြစ်နေတဲ့အကြောင်း ပြောပြပါတယ်။ 



 










-

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်ရဲ့ နောက်ဆုံးခရီး

1 comments

~  



  လေထီးတပ်သားတဦးအဖြစ် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ ၀မ်းအိုဝမ်း ကျော်ဝင်းမောင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကွယ်လွန်သွားပါတယ်။ 

    သူ့ရဲ့ နောက်ဆုံးခရီးကို ဧရာဝတီရုပ်သံမှာ တင်ဆက်ထားပါတယ်။
 










-


မြန်မာ့ရုပ်မြင်သံကြားဌာနအရေး ဆွေးနွေးပွဲ

0 comments




 
 မြန်မာ့ရုပ်မြင်သံကြားဌာနကို ပြည့်သူ့အကျိုးပြုဌာနဖြစ်အောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲတခု ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။ 

 


ဧရာဝတီ ရုပ်/သံမှာ ကြည့်ရှုနိုင်ပါပြီ။



 









-








အမျိုးသားများ အတွက် သီးသန့်

1 comments



ယောက်ကျာင်္လေးများ ဖတ်ဖြစ်အောင်ဖတ်ပါ ဒီဗေဒင်ဟောကိန်းလေးက အမျိုးသားတွေအတွက် သီးသန့်ဟောကိန်းလေးပါ။ ဘယ်လိုမိန်းမမျိုးရမလဲဆိုတဲ့ မေးခွန်းလေးက အမျိုးသား လူလွတ်တို့ အသိချင်ဆုံး မေးခွန်းလေးပါ။

 ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ်။ ဒါလေးတွေ သိချင်တာပေါ့။ မြန်မာရိုးရာနည်းလေးတစ်ခု ရှိပါတယ်။ လက်ဆင့်ကမ်း ဖော်ပြလိုက်ပါတယ်နော်။ ပထမဆုံး မွေးသက္ကရာဇ်ကိုတော့ သိဖို့လိုတယ်။ 

မြန်မာခုနှစ် မွေးသက္ကရာဇ် ဖြစ်ရမယ်။ ၄င်းကိုတည်ပြီး (၄) နဲ့ မြှောက်၊ ရလာတဲ့ ကိန်းဂဏန်းကို (၇)နဲ့စား၊ အကြွင်းကို ကြည့် ပြီးဟောကိန်း ထုတ်ထားတာကို ဖတ်ကြည့်ပါ။ လိုချင်တဲ့ အဖြေကိုရပါလိမ့်မယ်။ 

ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသားတစ်ဦး ဘယ်လိုမိန်းမမျိုးနဲ့ ရမလဲဆိုပါစို့။ 

၁၃၄၀ x ၄ = ၅၃၆၀ ရပါတယ်။ 

၅၃၆၀ / ၇ (အကြွင်း ကိုရှာရမယ်) အကြွင်း (၅) ရပါတယ်။ အကြွင်း (၅) ဆိုတဲ့နေရာ ဖတ်ရုံပေါ့။

 မွေးနှစ်တူတွေ အားလုံးအတွက် တစ်ပုံစံတည်း ဖြစ်နေမှာပေါ့ဆိုတဲ့ မေးခွန်းမေးသင့်တယ်။ ဟုတ်ပါတယ်။ ကိန်းခြင်းအတူတူပါပဲလို့ ပြန်ဖြေပါမည်။ တကယ်တန်း လက်တွေ့ အခြေံတူတာ ချင်းကိုလည်းတွေ့ ရပါတယ်။ 

 အကြွင်း (၁) ။ ရခဲ့ရင် အတော် ကံကောင်းပါပေတယ်။ ကိုယ်ရမယ့် မိန်းကလေးက အလွန်သန့်စင် တဲ့မိန်းကလေးပါ။ ကိုယ်ကျင့်သိက္ခာလုံအောင် ထိန်းတဲ့သူ။ အတွေ့အကြုံကလည်း မရှိသလောက် ပါဘဲ။ရည်းစားတောင်မှ ထားဖူးရဲ့လား မသိ။ အေးအေးနေတတ်တယ်။ လုပ်ငန်းတစ်ဖက်၊ ပညာတစ်ဖက် ဘ၀တိုက်ပွဲဝင်နေတဲ့သူ။ ကိုယ်ပိုင်အစွမ်းအစနဲ့ အသက်မွေးနိုင်တယ်။ ဥာဏ်ကောင်းတယ်။ 

တစ်ခါတစ်ခါနွဲ့ဆိုးဆိုးတတ်တယ်။ တည်တည်ကြည်ကြည်နေတယ်၊ သွက်သွက်လက်လက်နဲ့ မိန်းမ သားပါပဲ။ ခေတ်မီတယ်။ ဒါပေမယ့် ခေတ်မဆန်ဘူး။ သိပ်သ၀န်ကြောင်တတ်တာ။ သူ့ရှေ့မှာ သွားပြီး တခြားသူအကြောင်း သွားမပြောလေနဲ့နော်။ စိတ်ကောက်ပြီး ချော့လိုက်ရမှာ အမော။ကိုယ်နဲ့ အဆင်ပြေမယ်။

 တစ်ခါတစ်လေ အလွန်လူကြီးဆန်ပြီးအများအားဖြင့် ကလေးဆန်တတ်တဲ့အတွက် ကိုယ့်မိဘနဲ့ တော့ ပြသနာပဲ။ ဘာပဲပြောပြော ကိုယ့်အပေါ်မှာ သစ္စာထားတဲ့သူပေါ့။ 

 အကြွင်း (၂)။ ရခဲ့ရင် ကိုယ့်နှလုံးသား ကိုယ်ပြန်စစ်ကြည့်။ မေတ္တာတရားမှာ အပေးသမား သက်သက်ပါပဲ။ ကိုယ့်ကခွင့်လွှတ်တတ်တယ်။ သနားတတ်တယ်။ ကိုယ်ရမယ့် အိမ်ထောင်က ကရုဏာ အပေါ်အခြေ တည်တဲ့  အိမ်ထောင်မျိုး။ ကိုယ်နဲ့ အကြောင်းပါမဲ့ မိန်းကလေးခမျာ ဘ၀မှာ လူလည် လူရှုပ်တွေရဲ့ လှည့်စားမှုခံရပြီး အသည်းကွဲဒဏ်ရာတွေနဲ့။ သူရဲ့ နောက်ကြောင်းကိုလည်း မခြွင်းမချန် ပြောပြမှာပါ။

 သဘောထားကြီးကြီး နဲ့ သူ့ဘ၀ကို သိမ်းပိုက်ကာကွယ်ပေးရမှာ။ သူက အတိတ်လူဟောင်းဆီ စိတ်ညွှတ်မသွားပါဘူး။ ကိုယ်နဲ့ အိမ်ထောင်ကျပြီး အလွန်သာယာတဲ့ အိမ်ထောင်တစ်ခုကို တာဝန်ကျေစွာ တည်ဆောက်မှာပါ။ အချောအလှလေးပါ။ ဘ၀က မလှပေမယ့် ရုပ်ဆင်းရူပကာ အလုံးစုံ ငေးရ   လောက်အောင် လှပတဲ့သူ။ အိမ်ထောင်ကို နိုင်နိုင်နင်းနင်း ထိန်းမှာ။ လုပ်တတ် ကိုင်တတ်။ 

ကိုယ့်မိဘအသိုင်းအ၀ိုင်း အရိပ်အောက်ကို ၀င်လာမှာ။ အောက်ကျို့ပြီး ဆက်ဆံမှာ။ နောက်ဆို ကိုယ့် မိဘတွေကတောင် သမီးအရင်းလေးလို ချစ်မှာ။ 

အကြွင်း(၃)။ ရခဲ့ရင်တော့ ဆွေကြီးမျိုးကြီးထဲက ဖြစ်ဖြစ်။ မြင့်မြတ်သော အမျိုးအနွယ်ကဖြစ်ဖြစ် ဒီလိုမိန်းကလေးနဲ့ အိမ်ထောင်ကျမှာ။ ဂုဏ်ပကာသန ၀န်းကျင်အလယ်ကပေါ့။ တော်တော်မာနကြီးမှာ၊ စိတ်ကြီး၊ ခေါင်းမာ၊ ပညာတတ် နှလုံးသာချိုသော်လည်း ဘုဂွပြောတတ်ပြီး တော်ရုံတန်ရုံ ကိုအဖက် မလုပ်တတ်တဲ့ မိန်းကလေးမျိုးဖြစ်သည်။

 ပညာအတတ်ကို အခြေတည်ပြီး အသက်မွေးတဲ့ မိန်းကလေး။ တစ်ခုတော့ ပြောမယ်။ အိမ်ထောင်ကျပြီးရင် ကိုယ့်အသိုင်းအ၀န်းထဲ သူဝင်မှာမဟုတ်ဘူး။ သူအသိုင်းအ၀န်းထဲ ကိုယ့်ရောက် လိမ့်မယ်။ အနိုင်လိုတာ မဟုတ်ပေမယ့် အနိုင်ကျင့်တာ ၀ါသနာပါတယ်။ သူနဲ့ အိမ်ထောင်ကျပြီး အပေါင်းအသင်း၊ သူငယ်ချင်းမိတ်ဆွေထဲမှ ခပ်ညံ့ညံ့လာလည်ရင်တောင် ရန်ဖြစ်မှာ။

 ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်လေ။ အိမ်ထောင်ကြောင့် ဘ၀မှာ ထူးထူးခြားခြား တိုးတတ် မှုလေးတွေရမှာ။ သူကလည်း ကိုယ့်ကို တိုက်တိုက်တွန်း တွန်းလေး အလုပ်လုပ်ခိုင်းမှာ။ ကွယ်ရာမှာ သူငယ်ချင်းတွေက မိန်းမကြောက်လို့ ပြောရင် ငြိမ်ခံပေရော့။ 

အကြွင်း(၄)။ ရခဲ့ရင် အတော် က္ကနြေ္ဒကြီးပြီးမြင့်တဲ့ အသိုင်းအ၀န်းကြားက တင့်တယ်တဲ့ မိန်းကလေး ကိုယ့်ဘ၀ထဲ တိုးဝင်လာမှာ ပင်တိုင်စံနဲ့ စောင်သမားလေးဇာတ်လိုပေါ့။ သူမက ချစ်လွန်းလို့ အရာ ရာကိုစွန့်ပြီး ဘ၀ကို ပုံအပ်မှာ၊   လေးစားဖို့ကောင်းတဲ့ မိန်းမသားပေါ့။ 

ဘ၀အတွေ့အကြုံကလဲနည်း၊ပင်ကိုကလည်း ကျောင်းနဲ့အိမ် ဖြတ်သန်းတဲ့ခဲ့တာဆိုတော့ ဘ၀ကလည်း ပြည့်ပြည့်စုံစုံနဲ့ အေးချမ်း ဖြစ်သန်းလာပီး၊ သန့်ဇင်လှတဲ့ သဇင်ပန်းလို တော်ဝင် မိန်းမမျိုးနဲ့ ဆုံစည်းရမှာပါ။ ကိုယ့်ဘ၀ကို သူ ငယ်ချင်းတွေကတောင် မုဒိတာပွား ကြပါလိမ့်မည်။ အလွန်သည်းခံတတ်၊ ခွင့်လွတ်တတ်   ပေမယ့် မဟုတ်တာတော့ သွားမလုပ်လေနဲ့ မီးပွင့်သွားမယ်။ မာနခဲမလေး၊ ကိုယ့်မိဘနဲ့ အဆင်ပြေမည်။

 အရာရာ ကိုယ့်သဘောပဲ၊ အလုပ်ထွက်လုပ်ချင် လုပ်လိမ့်မည်။ အိမ်ထောင်ကိစ္စ မလစ်ဟာစေရဘူး။ မိန်းမရ ကံကောင်းပါတယ်။ ဒါပေမဲ့ မိန်းမနောက်တစ်ယောက် ရှုပ်ဖို့ မစဉ်းစားနဲ့ ခံနေမှာမဟုတ်ဘဲ တစ်ခါတည်း အပြီးပြတ်စဲပြီး လှည့်တောင်မကြည့် ဘဲ ကွဲပစ်လိုက်မှာ၊ သဘာထားကြီး ခေတ်မှီပေ မယ့် ဒီကိစ္စမျိုးတော့ လုံးဝ ခွင့်မလွတ်တတ်ဘူး။ 

အကြွင်း(၅)။ ရခဲ့ရင်တော့ ကိုယ့်လူအိမ်ထောင်ကျမယ့် အမျိုးသမီးကတော့ ဆိုရှယ်ခပ်ကျကျထဲကပဲ။ အတော် ခေတ်ရှေ့ပြေးမှာ၊ ဘိုဆန်မှာ၊ ၀တ်တာစားတာ နေတာထိုင်တာ ပြောတာဆိုတာက အစ ခေတ် စကားနဲ့ပြောရရင် Hot short ပေါ့။ လိုကိုယ့်နဲ့တွဲသွားရင်တောင် သူများက ငေးကြည့်ရအောင် စတိုင်ကျ မှာ။ ခေတ်မီတဲ့ အပြင်အဆင်၊ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းခြေသည်းနီ နဲ့ ကြွေရုပ်လေးလိုပေါ့။ 

စူပါတ်ကြီးတွေမှာ ချိတ်ထားတဲ့ ဟန်ပြမယ်တွေနဲ့ အပြိုင် စတိုင်ကျ စမတ်ကျကျပဲ။ ရည်းစားများတာ လာမပြောနဲ့။ ကိုယ့်တောင် သနားလို့ ယူထားတာ။ အိမ်ထဲမှာ ပိတ်လှောင်ထားဖို့ စိတ်မကူးလေနဲ့။ လွတ်လပ်မှုကို မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်းအစ နဲ့ ကိုယ့်တိုင် အလုပ်လုပ်ရမှ ကျေနပ်မှာ။ တစ်ခါတလေ (ရှင်က တော်တော် ခေတ်နောက်ကျတာပဲ တောကျလိုက်တာ) စသဖြင့်။

 သူနဲ့ အိမ်ထောင်ကျပြီး   နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ ပြောလွန်းလို့ သွားနေရဦးမှာ။ အပေါစား လုံးဝမသုံးဘူး။ တံဆိပ်ဆိုရလည်းအမြင့်စားမှ။ BRANDED ဆိုတဲ့ စကား နှုတ်ဖျားမှာ ချမှာမဟုတ်ဘူး။ အိမ်မှာတော့ ထမင်းချက်ကောင်း ကောင်းခန့်ထားဦး။ တစ်ခါတလေ စိတ်ပါမှ သူကချက်ကျွေးမှာ။ သူနဲ့စတွဲပြီး အိမ်ထောင်ကျပြီး ကိုယ် တောင် ဘောင်းဘီဝတ်၊ ပေါင်မုန့်စား ဖြစ်လာလို့ လမ်းထွက် ရင်တောင် သူငယ်ချင်းတွေက မှတ်မိမှာ မဟုတ်ဘူးနော်။ 

အကြွင်း (၆)။ ရခဲ့ရင်တော့ မေတ္တာကြီးမား လှတဲ့ အမျိုးသမီးနဲ့ရမှာ။ သူနဲ့ကိုယ်နဲ့ အတွင်းသိ အဆင်းသိ။ သူငယ်ချင်းလို မိတ်ဆွေလိုက တစ်ဆင့် (နင်)ရယ်၊ (ငါ) ရယ်၊ ကနေ (မောင်)ရယ်၊ (ကို)ရယ်၊ တွေဖြစ် လာတာ။ သူနဲ့မရခင် ကိုကလည်း ရည်းစား များများ။ ဒါတွေ သူသိပြီးသား။ ဒီကြားထဲမှာ သူငယ်ချင်း လိုကနေ မမျှော်လင့်ဘဲ ရေစက်ပါတယ် ဆိုရမလား မသိဘူး။ 

 တစ်ဦးနဲ့ တစ်ဦး သံယောဇဉ်တွေ လွန်ကဲ ပြီးချစ်ကြမှာ။ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်မှာ အတော်တည်ငြိမ် သွားမှာ။တစ်ဦးနဲ့တစ်ဦး သံယောဇဉ်တွေ လွန်ကဲ ပြီးချစ်ကြမှာ။ ဆုံဖို့ အရေးလည်း ခက်ခက်ခဲခဲပဲ။ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်မှာ အတော်တည် ငြိမ်သွားမှာ။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်၊ နှစ်ယောက် သွားအတူလာအတူ။ 

ဒီမိန်းကလေးကချစ်တတ်တယ်။ သဘောထားကြီးတယ်။ ကိုယ့်အပေါ် နားလည်တယ်။ ကိုယ့် အသိုင်းအ၀ိုင်းနဲ့ ညီညွတ်မယ်။ ကိုယ့်နဲ့ အိမ်ထောင်ကျပြီး သူလုပ်နေတဲ့ အလုပ်ကထွက်ပြီး ကိုယ့် အလုပ်ကို ကူလုပ်လိမ့်မယ်။ နှစ်ယောက် ပေါင်းပြီးစီးပွားကြီး၊ လုပ်ငန်းကြီးတွေလုပ်ပါ။ 

တွဲဖက်တကယ်ညီတာ။ သူချက်ထားတဲ့ ဟင်းမှ စားစေချင်တာ။ တစ်ခါတစ်လေ နေမကောင်းတဲ့ကြားမှ ကိုယ့်အ၀တ်တွေ ၀င်လျှော်၊ အပြင်သွားဖို့ အ၀တ်အစားစီစဉ်ပေးတာ အစရေချိုးပြီး အိမ်နေရင်း အ၀တ်တောင်သူ့လက်နဲ့ ထုတ်ပေးရမှ ကျေနပ်တာ။ ငယ်သူချင်း တွေက နောက်ပြောင်ကြလိမ့်မယ်။ မိန်းမနားတစ်ချိန်လုံးကပ်နေတာပဲ လို့.... စိတ်မဆိုးနဲ့ သူတို့က ကိုယ့်ကို အားကျနေကြတာပါ။ 

အကြွင်း(၀)။ ရခဲ့ရင်တော့ အတော်လေးကို ထူးခြားတဲ့ အိမ်ထောင်ရေးကို ရပါလိမ့်မယ်။ ကိုယ့်ရတဲ့မိန်းမကကိုယ့်ထက်အသက်ကြီးမယ်။ မမ နဲ့ မောင်လေး ပေါ့။ ဒါမှမဟုတ် ဘာသာ လူမျိုးတစ်ခုခု ကွာခြားမယ်။ပညာဖြစ်စေ၊ ဂုဏ်ဖြစ်စေ၊ အသက်အရွယ်ဖြစ်စေမိမိထက်ကြီးမှာ ဖြင့် သေချာပါတယ်။ ကိုယ့်အပေါ်အတော်အလိုက်သိမယ်။အလိုလိုက်မယ်။ စိတ်ချမှာလည်း မဟုတ်ဘူး။ 

အရိပ် တကြည့်ကြည့်နဲ့။ သိပ်ပြီးအလှပြင်မှာပဲ။ အသက်ကြီးတဲ့ သူကို အလှပျက်လို့ ပစ်သွားမှဖြင့် ဆိုတဲ့ မသိစိတ်ကလေးက စိုးမိုးနေမှာ။ဒီစိတ်ကလေး သူရင်ထဲ ပျောက်သွားအောင် လုပ်ပေးရမှာ ကိုယ်ပဲပေါ့။ ကိုယ်အပေါ်မှာ မိခင်တစ်ယောက် ငဲညှာချစ်ခင်မယ်။ ဦးစားပေးမည်။ ကိုယ်နွဲ့သမျှ ဒဏ်ခံမယ်။

 တစ်ခုခုစိတ်အလိုမကျရင်မျက်ရည်လေးနဲ့ တကယ်ချစ်လို့ ကိုယ့်ဘ၀ထဲ အခက်အခဲများရင်ဆိုင် ပြီး လက်တွဲကြတာ ကိုတော့ ဘယ်တော့မှမမေ့နဲ့ပေါ့ဘာပဲဖြစ်ဖြစ် မရဲ့ မောင်လေးဘ၀မှာ အေးချမ်းတဲ့ မေတ္တာရိပ် အောက်မှာ ပျှော်ရွင်နေတဲ့ ဘ၀လေးကို ထူထောင်ရမှာပါ။ 

မိန်းကလေး ခေတ်ပညာတတ်။ ကိုယ်စွမ်းကိုယ်စနဲ့ သူတစ်ပါးကို ဆရာလုပ် အမိန့်ပေးတဲ့ လူမျိုးပေါ့။ ဒီဟောကိန်းလေးကို ဖတ်ပြီးတော့ ကိုယ်တိုင်လည်း တွက်ကြည့်ပြီးရင် သူငယ်ချင်းတွေ ကိုလည်း   ဗေဒင်ပြန် ဟောကြည့်ပေါ့။ 

အိမ်မှာရှိတဲ့ အစ်ကို လူပျိုကြီးတွေ ဦးလေး လူပျိုကြီး တွေပါ ချန်မထားဘဲတွက် ကြည့်ပြီး ဟောကိန်း ထုတ်ပေးလိုက်ပါ နော်။ (စံ -ဇာဏီဘို) အချစ်ဗေဒင် မှ ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ 


ဤနေရာ မှကူးယူဖော်ပြပါသည်။

မြန်မာ၊ တရုတ် နဲ့ အမေရိကန်

0 comments



 အမေရိကန် နဲ့ မြန်မာဆက်ဆံရေးအပေါ် တရုတ်ဘက်က အမြင်တွေ၊ အမေရိကန် မြန်မာ ပူးတွဲဆောင်ရွက်ဖွယ်ရှိတဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး ဒီတပတ် Dateline Irrawaddy အစီအစဉ်မှာ ဆွေးနွေးထားကြပါတယ်။ 












-


မိုနာလီဇာ နှစ်ကိုယ်ခွဲ

0 comments

~ 





(ပုံသစ်မှာတော့ မိုနာလီဇာက အသက် ပိုငယ်နေပါတယ်။ ယှဉ်ကြည့်ရင် ဆယ်နှစ်လောက် ငယ်တယ်လို့ အင်္ဂလိပ်သတင်းတွေမှာ ခန့်မှန်း ရေးထားကြပါတယ်)

မနေ့တုန်းက ဆွစ်ဇာလန်အခြေစိုက် ဖောင်ဒေးရှင်းတခုက မိုနာလီဇာပန်းချီကားမူရင်း ဆိုတာကို အများသိအောင် ချပြလိုက်ပါတယ်။
အမေရိကန်သုတေသီတဦး၊ မှုခင်းဆေးပညာကျွမ်းကျင်သူတဦး၊ အီတလီလူမျိုး ထိပ်တန်း  ပညာရှင်တဦးကလည်း အဲဒါ ပန်းချီဆရာကြီး လီယိုနာဒိုရဲ့ လက်ရာ အစစ်ဖြစ်ကြောင်း ထောက်ခံတယ်လို့ ဆိုတယ်။
ဒါဆို ပန်းချီဆရာက မိုနာလီဇာကို ၂ ကား ဖန်တီးခဲ့တာပေါ့။

မိုနာလီဇာ ဘယ်သူလဲ

မှတ်တမ်းမှတ်ရာတွေအရ ဆိုရင် ၁၅ဝ၃ ကတည်းက မိုနာလီဇာကို ဆွဲခဲ့တယ် ဆိုတော့ ပန်းချီကားရဲ့ သက်တမ်းက နှစ် ငါးရာ ကျော်လာပါပြီ၊ ပန်းချီကားထဲကမိုနာလီဇာက အဲဒီခေတ် အီတလီကုန်သည်တယောက်ရဲ့ ဇနီး ဖြစ်တယ် တဲ့။

 မိုနာလီဇာအပြုံး

မိုနာလီဇာက ကမ္ဘာ့ အထင်ရှားဆုံးပန်းချီကား ဖြစ်နေရခြင်းဟာ အလင်း၊ အမှောင်၊ အရောင် သုံးစွဲထားပုံတွေကြောင့် မဟုတ်ဘဲ သူ့အပြုံးကြောင့်ဖြစ်ပါတယ်။

နုတ်ဆက်တဲ့အခါ၊ ဖားတဲ့အခါ၊  ချစ်ခင်ရာမှာ ပြုံးပြကြတာ တွေ့ရမှာပါ။ အပြုံးတွေက အဓိပ္ပာယ် ရှိပါတယ်။

သို့သော်လည်း တယောက်ယောက်က ဘာအဓိပ္ပာယ်နဲ့မှန်းမသိ ပြုံးပြရင် မိုနာလီဇာအပြုံးလို့ ဆိုနိုင်ပါတယ်။

မိုနာလီဇာအပြုံးက ဘာအဓိပ္ပာယ်လဲ ဆိုတာကို ထင်ကြေးအမျိုးမျိုး ပေးနေကြတာ ကြားဖူးမှာပါ။

မိုနာလီဇာက ပုံတူပန်းချီအဆွဲခံစဉ်မှာ ဒီလိုပဲ ပြုံးပြတာ ဖြစ်နိုင်ပါတယ်။ မိုနာလီဇာရဲ့ အတွင်းစိတ်ကို ပန်းချီကားထဲ ထည့်ဆွဲထားတာလည်း ဖြစ်နိုင်ပါတယ်။

မြန်မာပြည်ကအိမ်တချို့မှာ  မိုနာလီဇာ ပန်းချီကားကို ပုံနှိပ်ထားတဲ့ ပိုစတာတွေ ကပ်ထားတာ တွေ့ဖူးပါတယ်။ ဒီပန်းချီကားအကြောင်း မြန်မာစာရေးဆရာတချို့ရေးထားတဲ့ထဲက ကောက်နုတ်ရရင် -

စာရေးဆရာမဂျူနီယာဝင်းကတော့ ဒီပန်းချီကားအကြောင်းကို အတွေးအမြင် စာစောင်မှာ အခုလို ရေးထားပါတယ် -

ပန်းချီကားတွင်ထူးခြားချက်နှစ်ခုပါရှိသည်။ တစ်ခုမှာ အလွန်လှပသည်ဟု သင်္ချာပညာရှင်များသာမက အနုပညာရှင်များပင် ၀န်ခံထားသည့် golden ratios (ရွှေအချိုးများ)ကို ပန်းချီကားတွင်သုံး၍ ရေးဆွဲထားခြင်းဖြစ်သည်။ (ရွှေအချိုးဟူသည်1,1,2,3,5,8,13,21,34,55,……တို့မှ ရရှိသော အချိုးများဖြစ်သည့် 2:3,3:5,5:8,8:13, 13:21,21:34,….တို့ကို ခေါ်သည်။)
နောက်တစ်ချက်မှာ အမျိုးသမီး၏ လက်အနေအထားသည် ခန္ဓာဗေဒ (Anotomy) ပညာကို အမှန်တကယ် တတ်ကျွမ်းသူမှသာ ရေးဆွဲနိုင်သောပညာဖြစ်ရမည်ဟု ဇီဝဗေဒပညာရှင်များက ဆိုထားခြင်းဖြစ်သည်။

ပန်းချီကားထက် စိတ်ဝင်စားစရာ ပိုကောင်းတာက ပန်းချီဆရာ ဖြစ်ပါလိမ့်မယ်။
ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ အကြောင်းကိုလည်း ဂျူနီယာဝင်းက ဟောဒီလို ရေးထားပါတယ် -

ဝိဇ္ဇာသိပ္ပံ ပညာမျိုးစုံကို စွယ်စုံတတ်ကျွမ်းသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ --- သူက ပန်းချီ ဆရာ၊ ပန်းပုဆရာ၊ ဗိသုကာပညာရှင်၊ အင်ဂျင်နီယာတို့ဖြစ်ရုံမက ထိုပညာရပ်များအားလုံးတွင်လည်း တဘက်ကမ်းခတ် တတ်မြောက် ကျွမ်းကျင်သူဖြစ်လေသည်။

မိုနာလီဇာပန်းချီကား နောက်ခံလျှို့ဝှက်ချက်

မိုနာလီဇာဆိုတာ မိန်းမတစ်ယောက် မဟုတ်ပါဘူး။ အဲဒီပန်းချီကားဟာ လီယိုနာဒိုဒါဗင်ချီကိုယ်တိုင် သူ့ပုံတူကိုသူ မိန်းမအ၀တ်အစားတွေ ၀တ်ပေးပြီး အမျိုးသမီးပုံပေါက်အောင် ဆွဲထားတာပါ။ လီယိုနာဒို ဒါဗင်ချီဟာ တခါတခါ မိန်းမစိတ်ပေါက်နေတဲ့ Homosexual တစ်ယောက်ပါပဲ။ မိုနာလီဇာဟာ အများထင်ထားသလို၊ ဖရန်ဆက်စကို ဂျီယိုကွန်ဒါဆိုတဲ့ ကုန်သည်တစ်ဦးရဲ့ ဇနီး မဟုတ်ပါဘူး။ အဲဒီ မှတ်ချက်ကို ပေးသွားတဲ့ ဗာစရီဆိုတဲ့ ဝေဖန်ရေးဆရာဟာ သူ့တစ်သက်မှာ မိုနာလီဇာ ပန်းချီကားကို တခါမှ မြင်ဖူးခဲ့တဲ့လူ မဟုတ်ပါဘူး။

 
 ဒါတွေဟာ ပန်းချီနဲ့ ပက်သက်တဲ့ ကိစ္စမဟုတ်ဘဲ ခရစ်တော်မပေါ်ခင်ခေတ်လောက်က ကိုးကွယ်ခဲ့တဲ့ ဘာသာရေးအယူအဆ ဟောင်းတွေ ပါ။ အဖိုဓာတ်ကို ကိုယ်စားပြုတဲ့ ဆိတ်ဦးခေါင်းနွားချို နှစ်ခုနဲ့ အီဂျစ်နတ်ဘုရား AMON၊ အမဓာတ်ကို ကိုယ်စားပြုတဲ့ အီဂျစ်နတ်ဘုရားမ L'ISA ...အဲဒီနှစ်ခုပေါင်းခြင်းကနေ A ကို MON နောက်ကိုပို့လိုက်တဲ့အခါ MONALISA မိုနာလီဇာ ဖြစ်လာပါတယ်။ အဖို အမဓာတ်နှစ်ခုပေါင်းစပ်ထားတဲ့ ဂမ္ဘီရ ပန်းချီကားဖြစ်ပါတယ်။

မင်းခိုက်စိုးစန်ရဲ့ သူရဲဘောကြောင်တဲ့ လူညံ့ ဆိုတဲ့ ၀ထ္ထုထဲက ကောက်နုတ်ချက်ပါ တဲ့။ http://www.younggun.co.cc/2009/08/blog-post_16.html မှာ ရေးထားပါတယ်။

နိဂုံး

မနေ့က ဆွစ်ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်ကြောင့် ပန်းချီကား ၂ ခုထဲမှာ အသက်ကွာတဲ့ မိုနာလီဇာ ၂ ယောက် တွေ့နေရပါပြီ။
မိုနာလီဇာ အပြုံးတခုတည်းကို အဓိပ္ပာယ်ဖွင့်ရ အတော်ခက်ခဲနေကြတာ အခု အပြုံး ၂ ခု ဖြစ်လာပြီ ဆိုတော့ အဓိပ္ပာယ်ဖွင့်ရ ပိုခက်သွားပြီလို့ ဆိုနိုင်မယ် ထင်ပါတယ်။












-

လယ်သိမ်းရခြင်း အကြောင်းရင်း

0 comments



  
ကာတွန်း ATH 
cartoonist ath 











-

စကားလုံး မရွေးကြပါနဲ့ ! ! !

0 comments


ကာတွန်း-ထင်လင်းကျော်


ရွှေဝါရောင် နှစ်လည်နေ့ကို ပြည်မှာ ဘယ်လိုကျင်းပသလဲ

0 comments

~ 


ကောင်းမြတ်မင်း ~



၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးသွားကြတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ မနေ့က  ကျင်းပ ပြုလုပ်ပါတယ်။

 ပြည်မြို့က ရှေ့နေဦးမြင့်အေးရဲ့ နေအိမ်မှာ ပြုလုပ်ကြတာပါ။

"ကျနော်တို့နိုင်ငံမှာ လူထုအုံကြွမှု အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလို အုံကြွမှုတိုင်းမှာ ကျဆုံးလေ့ရှိတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူတွေကို အမြဲ ဂုဏ်ပြုလေ့ရှိပါတယ်။
ရွှေဝါရောင်တော်လှန်ရေးအတွင်း ကျဆုံးသွားသူတွေကိုလည်း အခုလို ဂုဏ်ပြုပေးခြင်းဖြစ်ပါတယ်" လို့ ရှေ့နေဦးမြင့်အေးက ဧရာဝတီကို ပြောပါတယ်။


 
 ရွှေဝါရောင်တော်လှန်ရေးအတွင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ရှေ့နေဦးမြင့်အေး ၊ ကိုကျော်ဆွေနဲ့ HRDP အဖွဲ့ဝင် ကိုဇော်ထွန်းတို့က ဒီပွဲကို ဦးဆောင်ကျင်းပခဲ့တာဖြစ်သည်။

"ကျနော့်မိန်းမ ကျနော့်ကို ထောင်ဝင်စာလာတွေ့ဖို့ သူတန်ဖိုးထားတဲ့ ဆံပင်ကိုဖြတ်ရောင်းခဲ့ရတဲ့အထိ ကျနော်တို့ မိသားစုဘဝပျက်ခဲ့ရပါတယ်။ ကျနော်တို့ ဘယ်လိုပဲဖြစ်ခဲ့ ဖြစ်ခဲ့ပါ လက်ရှိအခြေအနေမှာ  အရင်က ထပ်စာရင် ပိုမို လွတ်လပ် ပွင့်လင်းလာတယ်။ အဲဒိအတွက် ကျနော်တို့ထက် ပိုပေးဆပ်ခဲ့ရတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား ပြည်သူတွေကို မမေ့သင့်သလို နှစ်စဉ် ဂုဏ်ပြုပွဲတွေကို ကျင်းပပြီး ဂုဏ်ပြုသွားရမှာ ကျနော်တို့ရဲ့ မလုပ်မဖြစ်လုပ်ရမဲ့ တာဝန်ဖြစ်ပါတယ်" လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုကျော်ဆွေက ပြောပါတယ်။

အခမ်းအနားစီစဉ်သူတွေက ဂရုဏာလက်များကွန်ရက်က  လမ်းဘေးကလေးသူငယ်များကို နေ့လည်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။






သမ္မတ ဦးသိန်းစိန်၏ ကုလသမဂ္ဂ မိန့်ခွန်းအပြည့်အစုံ

0 comments


၆၇ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၏ ၆၇ ကြိမ်မြောက် အထွေထွေ ညီလာခံတွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်


( နယူးယောက်မြို့၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်) 


အထွေထွေ ညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက် လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား- 

အဆွေတော်အား (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး သဘာပတိ အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ 

ဆားဘီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါ တယ်။ ယနေ့ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက် ပြုတဲ့ အထွေထွေ ညီလာခံကြီးက စဉ်းစား ဆွေးနွေး ဆောင်ရွက်သွားလျက် ရှိပါတယ်။ 

အဆွေတော်ရဲ့ ဥာဏ်ပညာကြီးမြင့်မှု၊ အတွေ့အကြုံကြွယ်ဝမှု၊ သံတမန်ရေးရာ လိမ္မာပါးနပ်မှုတို့ကြောင့် ကျွန်တော်တို့ရဲ့ ဒီလိုဆွေးနွေးမှုတွေဟာ မျှော်မှန်းတဲ့ ရလဒ်များ ပေါ်ထွက်လာမယ်လို့ အလေးအနက် ယုံကြည်ပါတယ်။ 

အလားတူပဲ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ သဘာပတိ အဖြစ် အဆွေတော် ရဲ့ရှေ့က ဆောင်ရွက်ခဲ့တဲ့ မစ္စတာနာဇီး အယ်လ်နာဆာကို လည်း ပြောင်မြောက်စွာ ခေါင်းဆောင် မှု ပေး နိုင်ခဲ့ခြင်း အတွက် တန်ဖိုးထား ကျေးဇူးတင် ရှိပါကြောင်း ပြောကြားလိုပါတယ်။ 

သဘာပတိကြီးခင်ဗျား-

 မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ယင်းနိုင်ငံခြားရေး မူဝါဒရဲ့ အခြေခံ မူကြီးများထဲမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရေး အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရန် ပြဋ္ဌာန်းထားပါတယ်။ ဒီလို ထိန်းသိမ်းရာမှာ နိုင်ငံများ အကြား ပေါ်ပေါက်လေ့ရှိတဲ့ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အားပေး အားမြှောက်ပြု သွားမှာ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံရဲ့ ယင်းရပ်တည်ချက် သဘောထားဟာ ယခု အထွေထွေ ညီလာခံကြီးအတွင်း အဆင့်မြင့် ပုဂ္ဂိုလ်များအဆင့် ဆွေးနွေးမှုများအတွက် အဆွေတော်မှ အဆိုပြု ချမှတ်ခဲ့တဲ့ ဘာသာရပ် ခေါင်းစဉ်ဖြစ်တဲ့ “နိုင်ငံတကာ အငြင်းပွားမှုများနဲ့ အရေးအခင်းများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ညှိနှိုင်းသွားရန် သို့မဟုတ် ဖြေရှင်းသွားရန်” ဆိုတဲ့ ခေါင်းစဉ်ရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါတယ်။ 

သဘာပတိကြီး ခင်ဗျား- 

ယခုနှစ် ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ Rio+20 အစည်းအဝေး ရလဒ်နှင့် ပတ်သက်ပြီး သဘောထားနဲ့ သုံးသပ်မှုတွေ အမျိုးမျိုး ပေါ် ထွက်ခဲ့ပါတယ်။ ယင်းအစည်းအဝေးကြီးမှာ ယခင် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုနိုင် ခဲ့ခြင်း၊ ရေရှည် တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖော်ထုတ်လျက် ထောင်စုနှစ် ရည်မှန်းချက် များနှင့် ဆက်စပ်နိုင်ခြင်း၊ ရေရှည် တည်တံ့မည့် စွမ်းအင်ဆိုင်ရာ ကတိကဝတ်များ ရရှိခဲ့ခြင်း၊ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ လုပ်ဆောင်ချက်များကို ညှိနှိုင်း ဖော်ထုတ် နိုင်မည့် အစီအမံများ ချမှတ်နိုင်ခဲ့ခြင်း စတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါတယ်။

 အဖွဲ့ဝင်နိုင်ငံ အားလုံး အနေနဲ့ ယင်းဆုံးဖြတ်ချက်များပါ ကတိကဝတ်များကို လက်တွေ့ ဆောင်ရွက်ချက် များ အဖြစ် ပြောင်းလဲ ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ နောင်လာမယ့် သားစဉ်မြေးဆက်များအတွက် ဘေးကင်းပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိနိုင်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုကို လက်ဆင့်ကမ်း နိုင်မှာ ဖြစ်ပါတယ်။ 

သဘာပတိကြီးခင်ဗျား- 

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ တည်ထောင်စဉ် ကတည်းက ထားရှိခဲ့တဲ့ အခြေခံမူများ ကို ဖေါ်ဆောင်ရာမှာ တက်ကြွတဲ့ ခြေလှမ်းများနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဒီညီလာခံကြီးမှာ ပါဝင် တက်ရောက်လာခြင်း ဖြစ်ပါတယ်။ 

 ယနေ့ အချိန်မှာ ကမ္ဘာကြီးမှာ အခွင့်အလမ်း သစ်တွေ ပေါ်ပေါက် နေသလို စိမ်ခေါ်မှု များနှင့်လည်း ကြုံတွေ့နေရပါတယ်၊ မြို့ပြ တည်ဆောက်မှုတွေ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သမိုင်းတင်လောက်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်တိုးတက်နေပါတယ်။ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုဟာလည်း ကမ္ဘာမြေကို ပိုမိုသေးငယ် စေယောင် ထင်ရပါတယ်။ 

တချိန်တည်းမှာဆိုသလို သဘာဝ ပတ်ဝန်းကျင်ဟာလည်း မကြုံဘူးတဲ့ ချိန်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်၊ ခြုံငုံပြီး ပြောရရင် ကမ္ဘာကြီးဟာ ယခင်ကာလများမှာ မရှိခဲ့တဲ့နှုန်းနဲ့ ပိုမိုလျင်မြန်စွာ ပြောင်းလဲ လျက် ရှိနေပါတယ်။ ယခု ကျင်းပတဲ့ ညီလာခံကြီးမှာ ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုး တိုးတက်ရေး လျာထား ချက် များ ဖော်ထုတ်ရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ ကိစ္စရပ်များကို အလေးထား ဆွေးနွေး ဆောင် ရွက်ခြင်းဟာ အချိန်အခါနဲ့ သင့်မြတ် လျော်ကန်မှုရှိကြောင်း ပြောကြားလိုပါတယ်။ 


သဘာပတိကြီး ခင်ဗျား- 

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ တိုးတက် အောင်မြင်မှုအချို့ ရရှိနေပါတယ်။ ဒီအောင်မြင်မှုတွေကို လွယ်လွယ်ကူကူနဲ့ ရရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပြောကြားလိုပါတယ်။ 

ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်း ကောင်းတွေ ပေါ်
ပေါက်နေသလို စိမ်ခေါ်မှု အသစ်တွေနဲ့လည်း ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ မြန်မာနိုင်ငံ ပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင်ခဲ့ကြ ပါတယ်။ ကျွန်တော်အနေနဲ့ ယခုလို သမိုင်းဝင် အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းရွက်ပေးနေရခြင်းကိုလည်း များစွာ ဂုဏ်ယူမိပါတယ်။ 


ကျွန်တော်တို့ အစိုးရသစ် အနေနဲ့ လွန်ခဲ့တဲ့ (၁)နှစ်ခွဲခန့်က စတင် တာဝန်ယူခဲ့တဲ့အချိန်မှ စပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လွှတ်တော်၊ တရားရေး မဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနဲ့ အဓိကအားဖြင့် ပြည်သူများနဲ့အတူ တက်ညီလက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။

ယခင်က အာဏာ(၃) ရပ် ကို တစ်ပေါင်းတည်းကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီ နည်းလမ်းကျပြီး အပြန်အလှန် ထိန်းကြောင်းမှု စနစ်တွေ ပါတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဖော်ဆောင် နိုင်ခဲ့ပါတ ယ်။ 

စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင် မှုတွေ ပေါ် ထွက်လာနေပြီ ဖြစ်ပါတယ်။ 

 ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား များကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း၊ ပြည်ပမှာ ရောက်နေတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ ပြန်လည် ဝင်ရောက်ခွင့် ပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အထူး သန့်သန့်ရှင်းရှင်း အောင်မြင်စွာ ကျင်းပပေးနိုင်ခြင်း၊ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ဆိုရမယ့် သတင်းမီဒီယာအတွက် ကန့်သတ်ထားတဲ့ စာပေ စိစစ်ရေးကို ပယ်ဖျက်ပေးခြင်း၊ အင်တာနက် လွတ်လပ်စွာ အသုံးပြု ခွင့်ပေးခြင်း၊ အလုပ်သမားနှင့် အလုပ်ရှင်အသင်းအဖွဲ့များ ဖွဲ့စည်း တည်ထောင်ခွင့်နှင့် ပြည်သူများ နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်းစတဲ့ ဆောင်ရွက်ချက် များကို ဖော်ဆောင် နိုင်ခဲ့ပါတယ်။ 

လက်ရှိရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုလျှင် မတူညီသော နိုင်ငံရေးအင်အားစုများ ပိုမို ပါဝင်လာပြီး ယင်းတို့အကြား စိတ်ရှည် သည်းခံနိုင်စွမ်း၊ သဘောထားကြီးနိုင်စွမ်း မြင့်မားလာမှု နိုင်ငံရေးမှာ ပါဝင် လုပ်ဆောင်နိုင်သည့် နယ်ပယ် ချဲ့ထွင်နိုင်မှု၊ ပြည်သူလူထု အများစုကို တိုးမြှင့်ကိုယ်စားပြုနိုင်မှု၊ တာဝန်ခံမှု ပိုမိုမြင့်မားလာမှုစတဲ့ ဒီမိုကရေစီရဲ့ အခြေခံ လက္ခာဏာများ ပိုမိုပေါ်ထွန်း လာနေပါတယ်။ 

ကျွန်တော်တို့ အစိုးရနဲ့ သက်ဆိုင်သူ အားလုံးအကြား နိုင်ငံရေး သည်းခံမှု ရှိရှိဖြင့် မျက်နှာစုံညီ ဆွေးနွေး အဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဓလေ့သစ်ကို စတင် ပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

သဘာပတိကြီးခင်ဗျား- 

ယခင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် သာမက ယခုအခါ မှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော် ကော်မတီ၏ ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော် စင်မြင့် ကနေ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့ မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန် ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရ တာတွေ ကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက် ဂုဏ်ယူပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဂုဏ်သရေကို မြှင့်တင်ခြင်း ဖြစ်ပါတယ်။ ဒီလို မြှင့်တင်နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက်နိုင်ပြီး ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ 

သဘာပတိကြီးခင်ဗျား- 

ဥပဒေပြုရေး မဏ္ဍိုင်ကိုကြည့်လျှင်လည်း လွှတ်တော် အစည်းအဝေးများမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ထိရောက်စွာ ဆောင်ရွက်လာနိုင်ပြီး၊ အရေးကြီးတဲ့ ဥပဒေများကို ဒီမိုကရေစီ နည်းကျကျ အတည်ပြု ပြဋ္ဌာန်းလာနိုင်ပြီ ဖြစ်ပါတယ်။ 

ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုစနစ် တစ်ရပ်သို့ ဦးတည်သွားခြင်း မရှိစေရန်၊ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီစေရန်၊ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရန်၊ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး တွေနဲ့အညီ ရရှိစေရန်တို့ အတွက် လိုအပ်တဲ့ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်
ပေး ဆောင်ရွက်လျက် ရှိနေပါတယ်။ 

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ကဲ့သို့သော သဘာဝ သယံဇာတတွေ ထုတ်ယူ သုံးစွဲတဲ့ ကဏ္ဍမှာ ပွင့်လင်းမြင်သာပြီး ဘက်လိုက်မှုကင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်အောင် ဆောင်ရွက်နေပါတယ်။ သဘာပတိကြီးခင်ဗျား- စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခများ အားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ 


ဒါကြောင့် ပြည်တွင်းမှာ ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တစ်ရပ်ရရှိဖို့ကိုလည်း ကျွန်တော်တို့ အလေး ထား ဆောင်ရွက် နေပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကြပ် အတည်းတွေ နဲ့ ရင်ဆိုင်ခဲ့ရတာကို အဆုံးသတ်နိုင်ဖို့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ (From War To Peace) ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ 

ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်များ ရရှိပြီးဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုတွေကို ကြိုးပမ်းတည်ဆောက်လျက် နှစ်ဖက် ဆွေးနွေးပွဲတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 

အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝ အဆုံးသတ်စေမည့် အပြီးသတ် သဘောတူညီမှု ရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ ခေါင်းဆောင်များနဲ့ ကချင် တိုင်းရင်းသား လက်နက်ကိုင် တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှု တည်ဆောက်မှုများ ဆောင်ရွက်နေ ပါတယ်။ 

လက်နက်ကိုင် ပဋိပက္ခကြောင့် မည်သည်ဘက်က ဖြစ်စေ အသက်နှင့် အိုးအိမ် ပစ္စည်း ဆုံးရှုံးမှုရှိရင် မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်။ 


သဘာပတိကြီးခင်ဗျား- 

အထက်မှာ ပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေကို မမှိတ်မသုံ လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲ အချို့ လည်း ပေါ်ပေါက်ခဲ့ပါတယ်။ 

ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနှင့် စပ်လျဉ်းလို့ ပထမ ဆုံး ပြောလိုတဲ့ အချက်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မခွဲဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံ ချက် ပေးထားတဲ့ လွတ်လပ်သော အမျိုးသားအဆင့် စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ကဏ္ဍ နယ်ပယ် အသီးသီးနဲ့ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားသည့် ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။


 ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း ဤကော်မရှင်အနေနဲ့ ကျွန်တော်ဆီကို တင်ပြလာမှာ ဖြစ်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ စပ်လျဉ်းလို့ ထင်သာမြင်သာ ရှိစေရန်နဲ့ မိမိတို့ အနေနဲ့ အလေး ထား ဆောင်ရွက်နေကြောင်း သိရှိကြစေရန် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စား လှယ် အဖွဲ့နဲ့ အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ နိုင်ငံတကာ သံတမန်များစတဲ့ ကိုယ်စားလှယ်အဖွဲ့များကို ရခိုင်ပြည်နယ်ကို မျက်မြင်ကိုယ်တွေ့ သွားရောက် လေ့လာဖို့ စီစဉ်ပေး ခဲ့ပါတယ်။ 


ကူညီထောက်ပံ့လိုတဲ့ အဖွဲ့များကိုလည်း ၎င်းတို့အနေနဲ့ အသိုက်အဝန်း နှစ်ခုစလုံးကို ခွဲခြားမှု မရှိဘဲ အကူအညီ ပေးအပ်မည် ဆိုပါက ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ 

မိမိတို့ အစိုးရ အနေနဲ့ ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံက ချဉ်းကပ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ မိမိနယ်စပ်မျဉ်းတွေ လုံခြုံဖို့ ဆောင်ရွက်ခွင့်၊ နိုင်ငံ အချုပ်အခြာ အာဏာကို ကာကွယ်ပိုင်ခွင့်နှင့် ကာကွယ်နိုင်ခွင့် ရှိတယ်လို့လည်း ကျွန်တော်တို့ အနေနဲ့ ရိုးသားစွာ ယုံကြည်ပါ တယ်။ 

ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်းကျင့်ထုံးများနှင့် ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ သဘာပတိကြီးခင်ဗျား- မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်ဟာ အလွန် နက်နဲခက်ခဲပြီး စိတ်ရှည်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော် ကောင်းစွာ သတိပြုမိပါတယ်။ 

တစ်ချိန်တည်း မှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အဝန်း တစ်ရပ်လုံး အနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည် ထောက်ခံမှုနဲ့ အကူအညီများ ပေးဖို့ လိုအပ်ပါတယ်။ 

မြန်မာနိုင်ငံကို ချဉ်းကပ်နည်း အသစ်တွေနဲ့ ရှုမြင် ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမိုလုပ်သာ ကိုင်သာ ရှိတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဝိုင်းဝန်းဖန်တီး ပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပ အကူအညီများအပေါ် သက်သက်အပေါ် မှီခို ရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ 

သဘာပတိကြီးခင်ဗျား- 

 မြန်မာနိုင်ငံဟာ ယခုဆိုရင် ခေတ်သစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ မိသားစုဝင် နိုင်ငံအဖြစ် ကဏ္ဍပေါင်းစုံမှာ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာ ပါဝင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ 

ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သရေရှိတဲ့ နိုင်ငံတစ်ခု အဖြစ် ရပ်တည်ရင်း ၂၁ ရာစုရဲ့ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်း သွားမယ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 

သဘာပတိကြီး ခင်ဗျား- 

လက်ရှိ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေနဲ့ ဒုတိယအကြိမ် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ်ခြင်း ခံရသည့် အပြင် ၎င်း၏ အောင်မြင်သည့် လုပ်ဆောင် မှုများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ သဘာပတိကြီးခင်ဗျား- ကျွန်တော်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်းအရာ တစ်ရပ်ကို ပြောကြားခွင့်ပြု စေလိုပါတယ်။ 

အဲဒါကတော့ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ သားကောင်း ဦးသန့် အကြောင်းပဲ ဖြစ်ပါတယ်။ 

ဦးသန့်အနေနဲ့ အဲဒီတုန်းကပဲ “တစ်ခုတည်းသော ကမ္ဘာ” (One World) ဟူသောအမြင် ကြိုတင်ရှိထားပြီး ဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ ဒီကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ပြီး မတူကွဲပြား ခြားနားမှု များ ရှိနေသော်လည်း လုံခြုံ ဘေးကင်းတဲ့ ကမ္ဘာကြီးအဖြစ် မျှော်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ပြည်သူ အားလုံးဟာ ကိုယ်ချင်းစာ တရား၊ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်မှု တို့ကို လိုက်နာ ကျင့်သုံး နိုင်ကြမယ်လို့လည်း ဦးတည် မျှော်မှန်းထားပါတယ်။ 

အမြော်အမြင်အရ လိုက်နာ ကျင့်သုံး နိုင်မယ်ဆိုရင် ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီး အဖြစ်သို့ ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော့ အနေနဲ့ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘဲ၊ အစဉ် ထာဝရ ချီးကျူး ဂုဏ်ယူနေမည် ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 

အားလုံးကိုကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းအကြောင်း ပါတဲ့ ဟောပြောပွဲ

3 comments


အမေရိကန် ပြည်ထောင်စုကို ရောက်နေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယေး တက္ကသိုလ်မှာ တရားဥပဒေ စိုးမိုးရေးအကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က ဟောပြောခဲ့ ပါတယ်။ 

ဒီဟောပြောမှုထဲမှာ ဒီပဲယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်တော် ပြောဆိုသွားခဲ့ပါတယ်။ သမိုင်းမှတ်တမ်းတ ခု ဖြစ်နေမှာမို့ ဖော်ပြပေးလိုက်ပါတယ်။ 

"ကျမကိုယ်တိုင်ကြုံတွေ့ခဲ့ အဖြစ်အပျက်ကတော့ ဒီပဲယင်း အရေးအခင်းပေါ့လေ။ ၂၀၀၃ ခုနှစ် ကပါ။  အထက်မြန်မာပြည်စည်းရုံးရေး ခရီးသွားနေတုန်းက အဖြစ်အပျက်လေး တစ်ခုပါ။ ပြည်သူတွေက စိတ်ဝင် တစား အားပေးမှုတော့ ကျမတို့ ပါတီလည်း ကြီးမားလာခဲ့တာပါ။ အချိန်က ညနေပိုင်းရောက်နေပြီ။ ခရီး သွားနေရင်းဆိုတော့ တနေရာကနေတနေရာသွားနေရတာ။

အဲဒီမှာ ကျွန်မတို့ ကားတန်းကို ဘုန်းကြီး တပါးက တားတယ်။ တားပြီး မိန့်ခွန်း ပြောခိုင်းတယ်။ အချိန် က နောက်ကျနေပြီဆိုတော့ ကျမ က ငြင်းတယ်။ ဒီလိုနေရာမျိုးမှာ မိန့်ခွန်းပြောဘို့ စီစဉ်ထားတာလဲ မရှိ တာကြောင့် ကျမတို့ ခရီးဆက်ရဦးမှာလဲ ရှိနေသေးလို့ ပါလို့ ပြောပြခဲ့ပါတယ်။

ဒါပေမယ် မရပါဘူး။ နောက်ထပ် ဘုန်းကြီးတွေ ဝိုင်းလာတယ်။ ဆက်သွားလို့ မရအောင်တားထားတယ်။ အဲဒီနောက် လူအုပ်စု တဖွဲ့ ကရပ်ထားတဲ့ ကားတွေနောက်ကနေ ပြေးလာပြီး ကျမတို့ လူတွေကို ရိုက်နှက်ကြတယ်။ နောက်ကျောဖက်ကနေပေါ့။

ဒါဟာ ကျမရဲ့ ဒီပဲယင်း အရေးပေါ့။ ဘုန်းကြီးတွေလို့ သာပြောတာ လက်မောင်းမှာလဲ ဆင်တူ လက်ပတ် အဖြူတွေ ပတ်ထားတယ်။ အဖွဲ့ ကတော်တော်ကိုကြီးတဲ့အဖွဲ့ ပါ။ သူတို့ ဝိုင်းရိုက်တာ လူလေးယောက် ပွဲချင်းပြီး သေသွားတယ်။ ကျမကားရဲ့ လေကာမှန်တွေ ကိုလဲ ရိုက်ခွဲကြသေးတယ်။

ကျမရဲ့ ကားမောင်းသမားလေး က အတော်လေးကိုတော်တာပါ။ ကားကို ဆက်မောင်းလို့လဲမ ရ
တော့ နောက်က ကားတွေကိုစောင့်ရင်းနဲ့ ပေါ့။ အဲဒါနဲ့  ကျမရဲ့ကားကို မောင်းတဲ့ သူက ရှေ့မှာ တားထား တဲ့ အတားအဆီးတွေကို ဖြတ်မောင်းလိုက်မယ်လို့ ပြောလာတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ တခြားအဖွဲ့ တွေကို အဲဒီ ကနေတားဆီး ထားတာမို့လို့ဘဲတဲ့။ အဲလို ဖြတ်မောင်းလိုက်ရင် ကျမတို့ အဖွဲ့ တွေ နဲ့ ဆုံမှာ ဘဲမို့ပါ။

ကျနော် အတားအစီး တွေဖြတ်မောင်း လိုက်ရမလားတဲ့... မောင်းပေါ့ (ရီသံများ) ဟုတ်တယ်လေ ကျမ ဘယ်လိုလုပ်ရမလဲ။ ကျမမှာ စိတ်ကလဲလှုပ်ရှားစရာ ကားထဲထိုင်ပီး အဲဒီ ပိတ်ထားတာကြီးကို အတင်းဖြတ်ပြီး မောင်းတာ တသက်နဲ့ တကိုယ်တခါမှလဲ မလုပ်ဖူးဘူး။ အတားအစီးတွေ ကို
ဖြတ်မောင်းပေမယ်လည်း ဟိုဘက်မှာကဘယ်သူမှမရှိကြဘူးလေ။ လမ်းပိတ်ထားတာ သက်သက်ပေါ့ ။ ဒီလို့နဲ့ မောင်းလို့ ရသလောက်မောင်းလာတာ။ နေက်ထပ် မြို့ဝင်ဂိတ်ရောက်တော့ အဖမ်းခံရတာပဲ။

ကျမတို့ အနေနဲ့ လက်သီးလက်မောင်းလေးတောင်မထောင်ခဲ့ ပါဘဲနဲ့ ကိုယ့်ကို လာရိုက်လို့  ထွက်ပြေး ရတာကို အဖျက်သမားတွေလို့ စွပ်စွဲတာနဲ့ အဖမ်းခံရပြီး အကျယ်ချုပ် ၆ နှစ် ပြစ်ဒဏ်ချတယ်။ နောက်တော့ အမေရိကန် တယောက် ရေကူးပြီး လာတွေ့လို့ ၁ နှစ် ထပ်တိုးပြီး ၇ နှစ်ဖြစ်သွားတယ်။ အမေရိကားက လူတွေကိုယ်စား လာပြီးနုတ်ခွန်းဆက်တာ ဖြစ်ပါလိမ့်မယ်။

ပီတီကေ။။။ 


ရုပ်တုဖြစ်သွားတဲ့ ဇီဒန်းရဲ့ ကမ္ဘာကျော် ခေါင်းတိုက်ခြင်း

0 comments

  ဇီဒန်းနဲ့ မာတာရာဇီ၊ ကမ္ဘာကျော် ခေါင်းတိုက်ခြင်း ပုံစံတူ ရုပ်တု

၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ  ပြင်သစ် ဘောလုံးသမား ဇီဒန်းက ပြိုင်ဘက် အီတလီ ကစားသမား မာတာရာဇီ (Marco Materazzi) ရဲ့ရင်ဘတ်ကို ခေါင်းနဲ့ ဝှေ့တိုက်လိုက်လို့ အနီ ကတ်ထိပြီး ထွက်သွားရတာ မှတ်မိ ကြမယ် ထင်ပါတယ်။

ခေါင်းတိုက်ခဲ့စဉ်က ပုံစံတူရုပ်တုကို အခုလို  ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Pompidou Centre ရှေ့ လူမြင်ကွင်း မှာ မြင်တွေ့ ရပါပြီ။ 

၁၆ ပေမြင့်တဲ့ ဇီဒန်းရဲ့ မာတာရာဇီကို ခေါင်းနဲ့တိုက်နေတဲ့ ကြေးနီရုပ်တု ကတော့ ကမ္ဘာလှည့် ခရီးသွားတွေ ကို စွဲဆောင်နိုင်ဖို့ အနုပညာ လက်ရာတခုအဖြစ်လည်း လုပ်ထားတာပါ။ 

အနုပညာရှင်ကတော့ အယ်ဂျီးရီးယားလူမျိုး အဒဲလ် အဗ်ဒဆမ်မေ့ဒ် (Adel Abdessemed) ဖြစ်ပြီး သူ့ရဲ့ အနုပညာ လက်ရာတွေကို လာမယ့် ဇန္န၀ါရီလမှာ ပြပွဲ တခုလုပ်ဖို့လည်း ရှိတယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့ Sun သတင်း တပုဒ်က ဆိုပါတယ်။ 

၂၀၀၆ ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲတုန်းက ပြင်သစ်ကစားသမား ဇီဒန်းရဲ့ အီတလီကစားသမား မာတာရာဇီကို ခေါင်းနဲ့ တိုက်ခဲ့စဉ်က

“ဒီရုပ်တုက အောင်ပွဲတွေကို သမရိုးကျ ဂုဏ်ပြုထုဆစ်တဲ့ ပုံစံ မဟုတ်ပါဘူး။ ဒါက အောင်မြင်တဲ့ လူတယောက်ရဲ့အ ကြောင်း ပြောပြနေတဲ့ပုံစံ ပါ” လို့ ဒီကိစ္စ စီစဉ်သူတဦးဖြစ်တဲ့ Alain Michaud က ပြောပါတယ်။ 

မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာ ၁ ဘီလျံ ရဖို့ ရှိ

0 comments


လာမယ့် အောက်တိုဘာလ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် ကြွေးမြီရှင်များအစည်းအဝေး လုပ်တဲ့ အခါ ချေးငွေပေး မယ့် နိုင်ငံတွေက မြန်မာကို အမေရိကန် ဒေါ်လာ ၁ ဘီလျံ ချေးဖို့ ရှိတယ်လို့ AFP သတင်း တပုဒ်က ဆိုပါတယ်။ 

 တလျှောက်လုံး ကျဉ်ဖယ်ခံခဲ့ရတဲ့ နိုင်ငံတခုအနေနဲ့ မြန်မာဟာ ရှိခဲ့ပေမယ့် အခုတော့ ကမ္ဘာ့ မိသားစုကြီး ကို ပြန်ရောက်လာ တဲ့အတွက် ၀ိုင်းဝန်း ကြိုဆိုမှုတွေကလည်း မြင့်တက် လာနေတဲ့အချိန်မှာ အခု လို ငွေပြန် ချေးကြမယ်ဆိုတဲ့ သတင်း ထွက် ပေါ်လာတာဖြစ်ပါတယ်။ 

 ဂျပန် နေ့စဉ်ထုတ် စီးပွားရေး သတင်းစာ တခုဖြစ်တဲ့ Nikkei က သတင်းပို့ချက်တခုမှာ နှစ်ပေါင်းများစွာ သီးခြားဖြစ်နေတဲ့ နိုင်ငံဟာ အလျှင်အမြန် ပွင့်လင်းမှုလုပ်လာတဲ့အတွက် အမေရိကန် ပြည်ထောင်စု က မြန်မာ အပေါ် ချမှတ်ပိတ်ပင်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုထဲက အဓိက အပိုင်းတွေကို ဖယ်ရှား လိုက်လို့ အခုလို ဖြစ်စဉ်တွေ ပေါ်ထွက်လာတာလို့ ဆိုပါတယ်။



သမ္မတ ဦးသိန်းစိန် ကုလ ညီလာခံမှာ သမိုင်းဝင် မိန့်ခွန်းပြော

0 comments

 ၆၇ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားနေသော သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- AFP
 
သမ္မတ ဦးသိန်းစိန်ဟာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မြန်မာသမ္မတတဦးအနေနဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂၇ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းပြောကြားမှုကို မြန်မာ့အသံ၊ မြန်မာ့ ရုပ်မြင်သံကြား MRTV, MRTV 4, SKY NET ရုပ်သံလိုင်းနဲ့ FM ရေဒီယို စတာတွေမှာ တိုက်ရိုက် ထုတ်လွှင့်သွားခဲ့ပါတယ်။ 

ညီလာခံ မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်က သဘာပတိနဲ့တကွ အားလုံးကို နုတ်ခွန်းဆက် စကား ပြောကြား 
ပြီး မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာရင်း ခေတ်သစ် တခုကို ရောက်လာပြီဖြစ်တယ်လို့ လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ 


"မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အလွန်နက်နဲ ခက်ခဲပြီး စိတ်ရှည်ဖို့ လိုအပ် တယ်ဆိုတာ ကျွန်တော်ကောင်းစွာ သတိပြုမိပါတယ်။ တစ်ချိန်တည်းမှာဘဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံ များ၊ နိုင်ငံတကာ အသိုင်းအ၀န်း တစ်ရပ်လုံးအနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည် 
ထောက်ခံမှုနဲ့ အကူအညီပေးဖို့လိုအပ်ပါတယ်" လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။ 

ဆက်လက်ပြီး သမ္မတ ဦးသိန်းစိန်က "မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှု့မြင်ချဉ်းကပ်ဖို့လည်း လို အပ်ပါတယ်။ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ၀ိုင်းဝန်းဖန်တီးပေးဖို့လည်း လို အပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပအကူအညီများအပေါ် သက်သက် မှီခိုရပ်တည်ခြင်းထက် မိတ် ဖက် နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ပူးပေါင်း လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်" လို့လည်း ထည့် သွင်း ပြောကြားသွားပါတယ်။

ဒါပေမယ့် တိုင်းပြည်ထူထောင်ရေးလုပ်နေစဉ်မှာဘဲ မထင်မှတ်ဘဲ ရခိုင်အရေးအခင်းဖြစ်လာတာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်း နေရတာကို နားလည်နိုင်မယ်လို့ နိုင်ငံတကာကို မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂအပါအ၀င် ရခိုင်အရေးကိစ္စမှာ အိုအိုင်စီ၊ အမေရိကန်၊ တူရကီအစရှိတဲ့ နိုင်ငံတွေ က လေ့လာ 
နိုင်ဖို့လည်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း ဘက်မလိုက်တဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ တခုကိုလည်း ဘာသာပေါင်းစုံ၊ နယ်ပယ်အသီးသီးက ယုံကြည်လေးစားရတဲ့သူတွေနဲ့ ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးမှုများ လုပ်နေပြီဖြစ်ကြောင်းလည်း ပြောခဲ့ပါသေးတယ်။ အလားတူ ကချင်အရေးလည်း သမ္မတက ထည့် သွင်းပြော ကြားခဲ့ပါတယ်။ 

ဒီအပြင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ သဘောထား ကိုထင်ဟပ်တဲ့ စကားကိုလည်း မိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။ 

“အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆိုရင် ခုဆို လွတ်တော်အမတ် တဦးအဖြစ် သာမက ၊ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေပြီ ဖြစ်သလို ၊ ယခု နယူးယောက်မြို့ကို ရောက်ရှိနေပြီး အမေရိကန် ရဲ့ မြင့်မားတဲ့ ဂုဏ်ပြု ဆုများကို လက်ခံရရှိနေလို့ ကျွန်တော် မြန်မာနိုင်ငံသား တဦးအနေနဲ့ဝမ်းသာ ဂုဏ်ယူ မိပါတယ်”လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားတာပါ။ 

အခုလို မြန်မာနိုင်ငံမှာ သမ္မတတဦးရဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ တိုက်ရိုက် ထုတ်လွင့်မှု ဟာ မြန်မာ့ သမိုင်းမှာလည်း ပထမဆုံးဖြစ်ပါတယ်။ 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံနဲ့ စုဖွဲ့ထားခဲ့တာဖြစ်ပြီး နှစ်စဉ် အထွေထွေညီလာခံ ကျင်းပလျှက်ရှိပြီး ယခုနှစ်အတွက်တော့ ၆၇ ကြိမ်မြောက် ညီလာခံ အစည်းအဝေးကို ကမ္ဘာ့ နိုင်ငံများ က ခေါင်းဆောင်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်နေပါတယ်။ 

 မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂ ညီလာခံ မိန့်ခွန်းမှာ တချိန်က ကုလသမဂ္ဂရဲ့ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ဦးသန့်ကိုလည်း ဂုဏ်ပြု စကားကို ထည့်သွင်းပြောကြားခဲ့ပါသေး တယ်။ 

ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူး တာဝန်ကို အာင်မြင်စွာထမ်းဆောင်ခဲ့တဲ့ မြန်မာ့နိုင်ငံသား ဦးသန့် ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို သမ္မတ ဦးသိန်းစိန်က သူ့အနေဖြင့်ရော မြန်မာပြည်သူများ အနေဖြင့်ပါ ဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘဲ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမှာဖြစ်ကြောင်း 
ပြောကြားပြီး ညီလာခံ မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ပါတယ်။ 

သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းဟာ မတိုလွန်း၊ မရှည်လွန်း ပဲ ကဏ္ဍ စုံအောင်လည်း ထည့်သွင်းပြောကြားခဲ့ တာပါ။  


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved