ငြိမ်းချမ်းရေးအတွက်လုပ်တဲ့ ပုသိမ် စာပေဟောပြောပွဲ

Monday, December 17, 2012 1 comments

 ဓာတ်ပုံ- သန့်စင်ငြိမ်းချမ်း/ဧရာဝတီ

သန့်စင်ငြိမ်းချမ်း ~ 

“စာပေအလင်းရောင်ဖြင့် ငြိမ်းချမ်းသောလူ့ဘောင်သို့” ခေါင်းစဉ်ဖြင့် မြန်မာပြည်ငြိမ်းချမ်းရေး အတွက် ရည်ရွယ်ပြုလုပ်သော စာပေဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ၂ ရက် ဆက်တိုက် ကျင်းပခဲ့သည်။


ဟောပြောပွဲကို ပုသိမ်အခြေစိုက် စာရေးဆရာအသင်း၊ လူမှုရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေချစ်သူများစုပေါင်း၍ ကျင်းပကြခြင်းဖြစ်ပြီး ဦးဘုန်း (ဓာတု)၊  
ကျော်စောမင်း၊ ချစ်ဦးညို၊ အော်ပီကျယ် စသည့် နိုင်ငံကျော် စာရေးဆရာများ လာရောက် ဟောပြောခဲ့ကြ သည်။ 


“ငြိမ်းချမ်းသော လူ့ဘောင်သစ်ဆီသို့ ဆိုတာက မငြိမ်းချမ်းလို့ပေါ့ဗျာ။ ကျနော်တို့က အကုန်လုံး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်စေချင်ပါတယ်။ အဲဒါကြောင့် ဒီစာပေဟောပြောပွဲလေးကို ငြိမ်းချမ်းရေးအတွက် သီးသန့် လုပ်တာလို့ ဆိုနိုင်ပါတယ်”ဟု ပုသိမ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ကဗျာဆရာတိုးဝေက ဧရာဝတီ ကို ပြောသည်။ 



စာရေးဆရာ ဦးဘုန်း (ဓာတု) နှင့် ဆရာ ကျော်စောမင်းတို့က ၁၄ ရက်နေ့ညတွင် ဟောပြောခဲ့ပြီး ဆရာ အော်ပီကျယ်နှင့် ဆရာ ချစ်ဦးညိုတို့က ၁၅ ရက်နေ့ညတွင် ဟောပြောခဲ့ကြသည်။ 

ဆရာ ဦးဘုန်း (ဓာတု) က “လက်အလှပြိုင်ကြရအောင်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ပရိတ်သတ်များ အကြိုက်တွေ့ခဲ့ ကြသည်။ 


ဆရာက ဟောပြောရာတွင် မြန်မာပြည်ကို ကားတစီးနှင့်နှိုင်းယှဉ်၍ “ကားရဲ့အင်ဂျင်ပါဝါက သမ္မတကြီး ဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တူတယ်ဗျ။ အရည်အချင်းအပြည့်နော်။ တအားကောင်းတာ။ ကားဘီးလေးဘီးက မဏ္ဍိုင်လေးရပ်နဲ့တူတယ်ဗျ။ ရှေ့ဘယ်ဘက်ဘီးက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့တူတယ်။ ဘီးကခဏခဏ ပေါက်ပေါက်နေတာ။ ရှေ့ညာဘက်ဘီးက တရားစီရင်ရေးမဏ္ဍိုင်နဲ့တူတယ်။ တာယာ ကဆွေးပြီး ဂွေကလိမ်လိမ်နေတာ။ အဲဒီဂွေနဲ့တာယာ လဲသင့်တာတော့ကြာပြီ”ဟု ပြောလိုက်ရာ ပရိတ်သတ် က တခဲနက်လက်ခုပ်တီး၍ အားပေးကြသည်။ 



ဆရာ ကျော်စောမင်းက “ပုသိမ်သားလေးကျနော်”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဆရာ အော်ပီကျယ်က ဤခရီးနီးသလား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ 

စာရေးဆရာ ၄ ဦးစလုံးက လက်ပံတောင်းတောင်  ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ သံဃာတော်များ ထိခိုက် ဒဏ်ရာရမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ထည့်သွင်း ပြောဆိုသွားပြီး သပိတ်စခန်းအား အကြမ်းဖက်ဖြိုခွင်းသည့် အစိုးရ၏ လုပ်ရပ်အပေါ် ဟာသနှော၍ လှောင်ပြောင်ပြောဆိုသွားခဲ့ကြသည်။ 

“ရန်ကုန်မှာ ဇော်ဝင်းထွဋ်က ဆေးပေါင်းခတဲ့ညဆိုပြီး ဟဲနေတုန်း လက်ပံတောင်းတောင်မှာ နံနက် ၃ နာရီ 
လောက်ကြီး သွေးပေါင်းခတဲ့ည ဖြစ်ကုန်ရော။ ဒီသပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ကိစ္စအပေါ် ကျနော်ကန့်ကွက်ရှုံ့ချကြောင်း ဒီနေရာက ကြေညာပါတယ်”ဟု ဆရာ ချစ်ဦးညိုက ဟောပြောပွဲ တွင် ပြောဆိုခဲ့သည်။  

ဟောပြောပွဲအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က မတည်ငွေ ၅ သိန်းကျပ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်က ၁ သိန်းကျပ် ထည့်ဝင်ခဲ့ကြောင်း သိရသည်။ 

“ပုသိမ်ဟောပြောပွဲက ကျနော့်တသက် မကြုံဖူးဘူးဗျ။ မြို့တိုင်းမြို့တိုင်း လမ်းဘေး ကြည့်ချင်ပွဲလို ပဲ ပြောခဲ့ရတာ အခုက မြို့တော်ခန်းမကြီးမှာ ဂုဏ်သရေရှိရှိ ကျက်သရေရှိရှိ ပြောရတာ အရမ်းတန်ဖိုး ရှိတယ်။ ဒီလိုစိတ်ဓာတ်မျိုး တတိုင်းပြည်လုံး ရှိရင် ကောင်းမယ်ဗျ”ဟု စားရေးဆရာ ဦးဘုန်း (ဓာတု) က ဧရာဝတီကို ပြောသည်။ 

စာပေဟောပြောပွဲနှင့်အတူ “ငြိမ်းချမ်းပါစေ မြန်မာ့မြေ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပကာ ပုသိမ်ရှိ အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ပြီး ဟောပြောပွဲ ကျင်းပရေးကော်မတီက ဆုများပေး အပ်ခဲ့ကြောင်း သိရသည်။

ဒေသကြီး ၄ ခုကို ဖြတ်သွားမယ့် ဓာတ်ငွေ့ပိုက်လိုင်း

0 comments

~





ကျောက်မဲမြို့နယ် နောင်အန်းရွာဘေးမှာ ဒီနေ့ နေ့ခင်း တွေ့ရတဲ့ မြင်ကွင်းများ ဖြစ်ပါတယ်။

ပိုက်လိုင်း Pressure test စမ်းနေသည်
ပိုက်အနားမှာ မကပ်ပါနှင့်
Pressure testing အန္တရာယ် ရှိသည်
အနားသို့ မချဉ်းကပ်ပါနှင့်
CCDC မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း EPC ဌာန
စသဖြင့် ရေးထားတဲ့ သတိပေး ဆိုင်းဘုတ်တွေ လုပ်ငန်းခွင်အတွင်း တွေ့ရပါတယ်။


ဒါက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံကို ရှည်ရှည်လျားလျား သွယ်တန်းနေတဲ့ ပိုက်လိုင်းကြီး၂ခုရဲ့ အစိတ်အပိုင်းပါပဲ။

ဒီပိုက်တွေကနေ သဘာဝဓာတ်ငွေ့ နဲ့ ရေနံစိမ်း ပို့မှာ ဖြစ်ပါတယ်။

သဘာဝဓာတ်ငွေ့က ရခိုင်ပြည်နယ်ထွက်ပစ္စည်းပါ။
ရေနံစိမ်းကတော့ အရှေ့အလယ်ပိုင်းဒေကပါ၊ တရုတ်ပြည်ကိုရောက်ဖို့အတွက် မြန်မာ့မြေကို ဒီပိုက်လိုင်းကတဆင့် ဖြတ်မှာပါ။



ဒီပိုက်လိုင်းစီမံကိန်းက အငြင်းပွားဖွယ်ဖြစ်နေပါတယ်။

စီမံကိန်းအစပိုင်းကာလဟာ စစ်အစိုးရလက်ထက်မှာ ဖြစ်တာကြောင့် အငြင်းပွားသံတွေက မြန်မာပြည်တွင်းမှာ သိပ်မကျယ်လောင်ခဲ့ပါဘူး။

ပွင့်လင်းလာတဲ့ ဒီကနေ့မှာတော့ အငြင်းပွားသံတွေက ပိုပြီး ထွက်ပေါ်လာပါတယ်။

 ပိုက်လိုင်းဖြတ်သန်းသွားတဲ့ လမ်းတလျှောက် ရှင်းလင်းလိုက်တဲ့ သစ်တော၊ မြေ၊ အိမ်၊ ရွာ တွေ့အတွက် ဘယ်လို စီစဉ်ခဲ့ကြသလဲ လို့ မေးခွန်းတွေ ထွက်ပေါ်နေသလို၊ ပိုက်လိုင်း စီမံကိန်း ပြီးသွားရင် စီးဆင်းမယ့် ဓာတ်ငွေ့၊ ရေနံစိမ်းတွေ မတော်တဆ ယိုစိမ့်ပြီး ဒေသခံတွေ အန္တရာယ်နဲ့ ရင်ဆိုင်ရမလား လို့ မေးမြန်းတာလည်း ရှိပါတယ်။



ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းကို မြန်မာဘက်က စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းက ပါဝင်ဆောင်ရွက်ပါတယ်။ တရုတ်ဘက်ကတော့ အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္မဏီလီမိတက်က ဆောင်ရွက်ပါတယ်။

ပိုက်လိုင်းက တော်တော်ရှည်မှာပါ။ မြန်မာပြည်ကို ဖြတ်သွားတယ်ဆိုတော့ ဘယ်လောက် ရှည်မလဲ ခန့်မှန်းနိုင်ပါတယ်။ ရခိုင်၊ မကွေး၊ မန္တလေး၊ ရှမ်း စတဲ့ ပြည်နယ်တိုင်းဒေသကြီးတွေကို ဖြတ်သွားမယ့် ပိုင်းလိုင်း ၂ လိုင်းပါ။

ပိုက်လိုင်းဆောက်မယ့် ကုမ္မဏီကတော့ လူမှုစီးပွားဖွံ့ဖြိုးရေးအစီအစဉ်အရ ဒီဒေသများအတွက် စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွေ ဆောက်လုပ် လှူဒါန်းတယ်လို့ အစိုးရသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။



ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်း ကာလအတွင်း ပြည်နယ်တိုင်းဒေသကြီးတခုစီရဲ့ ပညာရေး ကျန်းမာရေး ကဏ္ဍတွေမှာ နှစ်စဉ် ဒေါ်လာတသန်းစီ လှူမယ်လို့လည်း ဆိုတယ်။

ဒါဟာ နှစ်ဘက်အစိုးရသဘောတူခဲ့ကြတဲ့ ထိုက်သင့်တဲ့  လျော်ကြေးပေးမှု တစိတ်တဒေသ  ဖြစ်နိုင်ပါတယ်။



သဘာဝဓာတ်ငွေ့  ရောင်းချရာက ရရှိတဲ့ ၀င်ငွေ ဘယ်လောက်ရှိတယ် ဆိုတာ မသိရပါ။ ဒီဝင်ငွေအတွက် ပွင့်လင်းမြင်သာတဲ့ စီမံခန့် ခွဲမှု မရှိတဲ့အတွက်လည်း အစိုးရက အကြီးအကျယ် ဝေဖန်ခံနေရတာပါ။ နိုင်ငံနဲ့လူထုအတွက် အကျိုးရှိတဲ့ စီမံကိန်းမှ ဟုတ်ရဲ့လား လို့လည်း အပြောခံနေရပါတယ်။



ပြည်နယ်တိုင်း ဒေသကြီး ၄ ခုမှာ ပိုက်လိုင်းအတွက် နေရာဖယ်ပေးလိုက်ရတဲ့၊ ဒုက္ခရောက်ခဲ့ရတဲ့၊ အနိုင်ကျင့်ခံခဲ့ရတဲ့ ဒေသခံပြည်သူ အများအပြား ရှိတဲ့အတွက် ဒီစီမံကိန်းကြီးနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်တွေ ဆက်ဖြစ်နေဦးမှာတော့ အသေအချာပါပဲ။

ဒါဟာ အရင်အစိုးရက အနာဂတ်ကာလ အစိုးရများအတွက် ထားရစ်ခဲ့တဲ့ ပြဿနာတွေထဲက တခု ဖြစ်ပါတယ်။
ပြဿနာဖြစ်နေတာကို ၀န်ခံဖို့ ၀န်လေးတဲ့ အာဏာပိုင်တို့အတွက် ပိုက်လိုင်းကြီး ၂ ခု ဖြတ်သန်းသွားရာ မြို့ရွာများတလျှောက်မှာ မရှင်းမဖြစ် ရှင်းရမယ့် ပြဿနာတွေ အများအပြား ပေါ်ပေါက်လာဖွယ်ရှိပါတယ်။
 



















-

ရန်ကုန်မှာတော့ ဒီလိုပဲရှိတယ်

0 comments

ကာတွန်း - ဝလုံး

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အနေအထားကို ကျွန်ုပ်တို့၏ကာတွန်းဆရာက အထက်ပါအတိုင်း ပုံဖော်ထားပါတယ်။



















-- --

ဓမ္မ၏ ဆန်းကြယ်မှု

0 comments

ဗုဒ္ဓဘာသာတွင် မဂ်၊ ဖိုလ် ရသော သူများနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ သဘာဝလွန် ဖြစ်ရပ်မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ 
ဓာတ်ပုံ-  www.shutterstock.com
 
ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မြန်မာ့ အလင်း သတင်းစာမှာ မြန်မာနိုင်ငံ အလယ်ပိုင်း တောင်ငူခရိုင် ထန်းထပင်က သိမ်းကျောင်းဆရာတော်ဘုရားကြီးနဲ့ပတ်သက်လို့ သတင်းတပုဒ် ဖော်ပြထားပါတယ်။ 

သက်တော် ၉၅ နှစ်ရှိ ဆရာတော် ဦးအာဒိစ္စ၀ံသ သည် နိုဝင်ဘာလ ၃၀ ရက်နေ့က ပျံလွန်တော်မူခဲ့ပြီး ရုပ် ကလပ်တော်ကို သတင်းသုံးခဲ့ရာ သိမ်ကျောင်းတော်မှာဘဲ ထားခဲ့ပါတယ်။ 

၁၅ ရက်ကျော် ကြာလာတဲ့ အခါ ရုပ်ကလပ်တော်ဟာ ပုပ်သိုးခြင်း မရှိတဲ့အပြင် ကျောက်ဖြစ်လာသကဲ့သို့ မာကျောလာခြင်း ရုပ်ပြောင်းလက္ခဏာဖြစ်ပေါ်လာတယ်လို့ ထိတွေ့ခံစားရသူတွေကို ကိုးကားပြီး သတင်းစာ မှာ ဖော်ပြထားပါတယ်။ 

မည်သို့ပင်ဆိုစေ ဓမ္မ၏ စွမ်းပကား ဆန်းကြယ်မှုများသည် လောကတွင် အထင်အရှား ဖြစ်တတ်၊ ရှိတတ် ကြပါတယ်။ 

ဒါကြောင့် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။ 

“ဒီတဆိုင်နဲ့တောင် ထမင်းငတ်တော့မယ်”

0 comments

-

လားရှိုးမြို့ အင်တာနက်ဆိုင် လုပ်ငန်းရှင်တယောက်နဲ့ တွေ့ဆုံမေးမြန်းခြင်း
~ မနေ့က ညနေပိုင်းမှာ တွေ့ရတဲ့ ST ဆိုင် အတွင်းဘက် မြင်ကွင်း ~
လားရှိုးမြို့မှာ လတ်တလော ကြုံနေရတဲ့ အင်တာနက်မြန်နှုန်းကတော့ လိပ်ကို ကြိုးတုပ်ပြီး ကုန်းပေါ်တင်လိုက်သလိုပါပဲ လို့ ဆိုရပါမယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး လားရှိုးမြို့  သိန္နီလမ်း ST အင်တာနက်ဆိုင်က မဆိုင်းတောင်ကို  မေးမြန်းထားပါတယ်။

အင်တာနက်မြန်နှုန်းနိမ့်နေတာ ဘယ်လောက် ကြာသွားပြီလဲ။
ဒီနေ့နဲ့ ဆိုရင် ၁၀ ရက်လောက်ပဲ ရှိသေးတယ်။ ခါတိုင်းနှစ်တွေကတော့ လုံးဝ မကောင်းဘူးပေါ့နော်။ ကောင်းလာတာ ၂ လ ရှိပြီ။ အခုတော့ ပြန်နှေးသွားပြီ။ အရင်တုန်းကတော့ လုံးဝ မကောင်းဘူး။

ဒီဆိုင်မှာက ဘာသုံးသလဲ။
ADSL/512 သုံးတယ်။ တခြားဆိုင်တွေကလည်း အတူတူပဲ။ ADSL သုံးတယ်။ တချို့လည်း sky net နဲ့ တွဲသုံးတာပေါ့။ sky net က ပိုပြီး အဆင်မပြေဘူး။

ပိုပြီးအဆင်ပြေစေမယ့် နည်းလမ်းတွေ ရှိသလား။
ADSL အပြင် sky net ရှိတယ်၊ ip star ရှိတယ်၊ လားရှိုးမြို့မှာတော့ ဒီ သုံးခုပဲ ရှိတယ်။
ဆိုင်ရှင် မဆိုင်းတောင်

မဆိုင်းတောင်တို့ဆိုင်က ဘယ်ဟာကို တွဲသုံးဖို့ စိတ်ကူးထားသလဲ။

ဘာသုံးရမလဲ ဆိုတော့ ဘယ်တခုမှ မငြိမ်တဲ့အတွက် ဘာနဲ့ တွဲသုံးရမယ်မှန်းလဲ မသိတော့ဘူး။ ဘာနဲ့တွဲသုံးရရင် ကောင်းမလဲ ဆိုတာကို လေ့လာနေတာပေါ့။ ဘယ်သူ့ကို မေးရမှန်းတောင် မသိတော့ဘူး။
ကျမတို့ အင်တာနက်ဆိုင်တွေက ပေးထားရတဲ့ ၀န်ဆောင်ခတွေက ဧည့်သည်တွေဆီက ပြန်ရတဲ့ငွေထက် ပိုများနေတော့ အဆင်မပြေဘူးပေါ့နော်။ ဆိုင်ဖွင့်ထားမိလို့သာလျှင် နေ့တိုင်း ဖွင့်နေရတာ၊ စီးပွားရေးအရ လုပ်မယ် ဆိုရင် ထမင်းငတ်မယ့်အလုပ်ပေါ့။
ဂိမ်းဆော့တဲ့သူတွေ ဒီဆိုင်ကို လာဖို့ မစီစဉ်ထားဘူးလား။

ဂိမ်း နဲ့ အင်တာနက် မတွဲတာက ဂိမ်းက ဆူတယ်၊ အင်တာနက်ကကျတော့ ငြိမ်တယ်။ ဂိမ်းက ကလေးတွေဆော့တာ များတယ်၊ ဆော့ရင် ဆူညံနေ၊ အော်ဟစ်နေတယ်။ အင်တာနက် သုံးရင်တော့ ငြိမ်တယ်။ ဒါကြောင့် ဒီနှစ်ခုကို မရောဘူး။ သွားရောလိုက်ရင် ဆိုင်ခန်းရဲ့ အနေအထားနဲ့ ဆိုရင် ပွစိတက်လာမယ်၊ အဆင်မပြေဘူး လို့ ထင်တာပေါ့နော်။
ဒီနားတ၀ိုက်မှာ အင်တာနက်ဆိုင် ဘယ်နှစ်ဆိုင်လောက် ရှိမလဲ။

အရင်တုန်းကတော့ ဒီလမ်းတ၀ိုက်မှာ ၇ ဆိုင်လောက် ရှိတယ်။ ခုတော့ ၂ ဆိုင်ပဲ ကျန်တော့တယ်။
အင်တာနက်ဆိုင် နာမည်ကို ST လို့ ဘာကြောင့် ပေးထားတာလဲ။
ဘယ်ရယ်လို့လည်း မဟုတ်ပါဘူး၊ အဲဒါ ကျမနာမည် အတိုကောက်ပါ။ အဲဒီသဘောပါပဲ။

ဆိုင်ကို လူတွေလာချင်အောင် ဘယ်လို စီစဉ်ထားလဲ။
ခဏတဖြုတ်ပဲ သုံးတယ် ဆိုရင်တော့ တနာရီကို ၄၀၀ ကျသင့်ပါတယ်။ ပုံမှန်ဖောက်သည် Member ၀င်ထားတယ်၊ ၅ နာရီ သုံးမယ် ဆိုရင် တနာရီ ၃၀၀ နှုန်းဖြစ်မယ်၊ ၁၀ နာရီ သုံးမယ် ဆိုရင် ၂၅၀ နှုန်း ဖြစ်မယ်။ အဲဒီလိုလေးတော့ ဈေးလျှော့ပေးတာ ရှိတယ်။

ဆိုင်ခွဲဖွင့်ဖို့ အစီအစဉ် ရှိသေးလား။
အင်တာနက်မြန်နှုန်း ဒီထက် ကောင်းမယ်၊ ပြီးရင် လားရှိုးမှာ အင်တာနက်သုံးသူ ဦးရေ များလာမယ် ဆိုရင်တော့ ဆိုင်ခွဲ ဖွင့်ချင်ပါတယ်၊ ဒါပေမယ့် ဒီလို အင်တာနက်မြန်နှုန်းနိမ့်နေမယ် ဆိုရင် ဒီတဆိုင်နဲ့တောင် ထမင်းငတ်တော့မယ်။ အဲဒါကြောင့် ထပ်တိုးချင်ပေမယ့်လည်း တိုးလို့ မရဘူး။

ဆိုင်မှာ ကွန်ပျူတာ ဘယ်နှစ်လုံး ရှိသလဲ။

၁၈ လုံး။ တပြိုင်တည်း သုံးလို့ ရတယ်။


ဆိုင်ကိုရောက်လာသူက အင်တာနက် မသုံးတတ်ဘူးဆိုရင် ကူညီပေးသလား။

ကူညီတယ်၊ ပြပေးတယ်။ တော်တော်များများကို ပြပေးရတာပဲ။ အင်တာနက်မြန်နှုန်းမမြင့်တာလည်း ပါမယ်၊ သုံးသူရဲ့ ပညာရေးအားနည်းတာလည်း ပါတယ်။ တချို့က သုံးချင်တယ်၊ မသုံးရဲဘူး၊ မသုံးတတ်ဘူး၊ ရှက်တယ်၊ အဲဒါမျိုးတွေ ရှိတယ်။ ကိုယ့်ဆိုင်မှာလာသုံးသူအတော်များများကို သင်ပေးပြပေးတယ်။ သူတို့မသိရင် လက်ကွက်ကအစ ပြပေးတယ်၊ ဖောက်သည်တယောက်ရဖို့ အဲဒီလို ကြိုးစားရတာပေါ့။

မဆိုင်းတောင်က ဘယ်ဝက်ဆိုက်ကို အများဆုံး ကြည့်ဖြစ်သလဲ။
ကွန်ပျူတာ အချိန်ပြည့် မသုံးဖြစ်တော့ နေ့တိုင်းနီးပါး ကြည့်ဖြစ်တာကတော့ သစ်ထူးလွင်ဆိုက်ပါပဲ။ ဒီနေ့ ဘာဖြစ်ခဲ့သလဲ ဘာဖြစ်နေသလဲ ဆိုတာ သူက တခြားဆိုက်ထက် ပိုစုံတယ်။ သတင်းမြန်တယ်။
ဆိုင်ကိုလာတဲ့သူတွေကရော ဘယ်ဝက်ဆိုက် အများဆုံးကြည့်ကြသလဲ။

သူတို့ကို သိပ်မမေးဖြစ်တဲ့အတွက် မသိဘူး၊ အတော်များများက အီးမေးလ်ပို့တာနဲ့ ချက်တင်လုပ်တာ၊ Facebook သုံးတာ၊ Youtube သုံးတာ ပိုများတယ်။ သတင်းလာဖတ်တာက တရက်ကို လေးငါးယောက်လောက်ပဲ ရှိမယ် ထင်တယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

















--

လက်ပံတောင်းအရေး ဘာတွေ ဆက်လုပ်မလဲ

2 comments

လက်ပံတောင်း သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက်နေ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း ဆန္ဒပြမှု တချို့ ဆက်ပြီးရှိနေခဲ့ရာ အစိုးရဘက်က တောင်းပန်မှုများ လုပ်ခဲ့သော်လည်း လက်ပံတောင်း ကော်မရှင် အနေနဲ့ ဘာတွေ ဆက်လုပ်မလဲ ဆိုတာဒေသခံတွေက စောင့်ကြည့်ရင်း သပိတ်စခန်းတခုတော့ ယနေ့ အထိ ရှိနေဆဲပါ။ 

ဖြိုခွင်းမှုများ ပြီးနောက် တုံရွာ သပိတ်စခန်းသစ်၊ ဓာတ်ပုံ- သက်ဆွေဝင်၊ မုံရွာ

လက်ပံတောင်း သပိတ်စခန်းတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွင်းပြီး အစိုရအဖွဲ့ကိုယ်စား အစိုးရအဖွဲ့တွင် ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း၊ ကျန်းမာရေး ပြည်ထောင်စု ၀န်ကြီး ဒေါက် တာ ဖေသက် ခင်၊ မန္တလေး တိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းတို့ က ဒဏ်ရာရ သံဃာတော်တွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့က မန္တလေးမှာ တောင်းပန်ပွဲ လုပ်ခဲ့ပါတယ်။ 

အခမ်းနားတွင် ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းက ဘုရားတပည့်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာ ကိုလဲ သက်ဝင်ယုံကြည်သူ ဖြစ်ကြောင်း၊ သံဃာတော်များ ယခုကဲ့သို့ မမျှော်လင့်ဘဲ ထိခိုက် အနာတရ ဖြစ်ခဲ့ရခြင်း အ တွက် များစွာ စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ကြွရောက်လာသော အရှင်သူမြတ် တို့ အား ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား တောင်းပန်လျှောက်ထားပါကြောင်း၊ သံဃာတော်များ အနေဖြင့် မိမိတို့၏ ဆွမ်း၊ ဒကာ၊ ဒကာမများ၏ ဆန္ဒကို စာနာလိုက်လျောပြီး ယခုကဲ့သို့ သပိတ်စခန်း များတွင် ရောက်ရှိပါဝင်ခဲ့ခြင်းဖြစ်မည်ဟု ယူဆမိပါကြောင်း၊ မမျှော်လင့်ဘဲ ထိခိုက်နာကျင်မှု များ ဖြစ်ပေါ် ခဲ့ရ သည့်အပေါ်တွင် နှစ်ဦးနှစ်ဖက် အကျေအလည် ညှိညှိနှိုင်းနှိုင်း အဖြေရှာပြီး ဆောင် ရွက်လျှင် အကျိုးရှိမည်ဟု ထင်မြင်ယူဆမိပါကြောင်း လျှောက်ထားသွားခဲ့ပါတယ်။ 

ဆန္ဒပြနေသူတွေက တောင်းပန်တဲ့အပေါ် ကျေနပ်ကြကြောင်း၊ သို့သော်လည်း မှားယွင်းကျူးလွန်ခဲ့သူများ အပေါ် အရေးယူပေးစေလိုတဲ့ ဆန္ဒများ ရှိတယ်လို့ သိရပါတယ်။ 



ဒီနောက်ပိုင်း ဆန္ဒပြမှုတွေ ရပ်ဆိုင်းခဲ့ပေမယ့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တုံရွာအနီးမှာ အစိုးရ ရဲ့ တောင်းပန်မှုက နောက်ဆက်တွဲ ဘယ်လို လုပ်ဆောင်ပေးမယ်ဆိုတာနဲ့ လက်ပံတောင်း ကော်မရှင် ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်စားရင် အင်အား ၃၀ လောက်နဲ့ သပိတ်စခန်းတခုကိုလည်း ဖြိုခွင်းပြီး 
နောက်ပိုင်း ယနေ့ထိ ပြန်လည် ထားရှိထားပါတယ်။  




ယမန်နေ့ကလည်း သပိတ်စခန်းဖြိုခွဲစဉ်က သိမ်းဆည်းသွားခဲ့တဲ့ ဆိုင်ကယ်တွေ၊ ဆန်အိတ်တွေ၊ ရေသန့် ဗူးတွေ နဲ့ မီးစက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေသခံတွေဆီကို ပြန်လာပေးခဲ့ပြီး ဆန္ဒပြ မှုကြောင့် ထိမ်းသိမ်းခဲ့တဲ့လူတချို့ကိုလည်း အာမခံနဲ့ ပြန်လွှတ်ပေးလာခဲ့ပါတယ်။

လက်ပံတောင်း သပိတ်စခန်းတွေက သိမ်းဆည်းပစ္စည်းများ လာပြန်ပို့

0 comments

  ဓာတ်ပုံများ၊ သက်ဆွေဝင်း၊ မုံရွာ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွင်းပြီးနောက် ဒဏ်ရာရရှိကြသော ရဟန်း၊ သာမဏေများအား ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား သမ္မ တ ရုံးမှ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တောင်းပန် လျှောက်ထားခြင်း အခမ်းနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီကျော် အချိန်တွင် မန္တလေးမြို့ အတုမရှိ ကျောင်းတော်တွင် ကျင်းပခဲ့ပါတယ်။ 

အဲဒီလို ကျင်းပပြီးနောက်ပိုင်း ယမန်နေ့ကတော့ အဆိုပါ သပိတ်စခန်းဖြိုခွဲစဉ်က သိမ်းဆည်းသွားခဲ့ တဲ့ မော်တော်ဆိုင်ကယ်တွေ၊ ရေသန့်ဗူးတွေနဲ့ မီးစက်တွေကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ က ဒေသခံတွေဆီ ပြန်လည်လာရောက်ပေးပို့ခဲ့ပါတယ်။ 























ထူးချွန်ထင်ရှား အာရှသား ဦးသိန်းစိန် ( ၂၀၁၂ ခုနှစ်)

0 comments


 ဓာတ်ပုံ - DESMOND LIM/ The Straits Times 

သမ္မတ ဦးသိန်းစိန်ကို စင်ကာပူနိုင်ငံ အခြေစိုက် ၁၈၄၅ ခုနှစ်ကတည်းက တည်sထာင်ခဲ့တဲ့ The Straits Times သတင်းစာကြီးက ယခုနှစ် ၂၀၁၂ ခုနှစ်အတွက် အာရှသား အဖြစ် ရွေးချယ် လိုက်ပါတယ်။ 



The Straits Times သတင်းစာအနေနဲ့ နှစ်စဉ် ယခုကဲ့သို့ ဒီဇင်ဘာလ ရောက်တိုင်း လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ စသဖြင့် ရွေးချယ်မှုကို ကြေငြာလေ့ရှိတာပါ။ 

လက်ရှိ မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်သူ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပါ ထောက်ခံမှု ရခဲ့သူ၊ အရှေ့တောင် အာရှသာမက အာရှတိုက်တခုလုံးပါ သူ့ရဲ့ လုပ်ဆောင်မှုတွေက သက်ရောက်မှု ရှိခဲ့တာ စသဖြင့် စသဖြင့် အကြောင်းတွေကြောင့် အခုလို The Straits Times က ရွေးချယ်တာဖြစ်တယ်လို့ သတင်းမှာ ဆိုပါတယ်။ 

နိုင်ငံပိုင် သတင်းစာတွေကလည်း ဒါကို အကျယ်တ၀ံ့ သတင်းတပုဒ်အဖြစ်ဖော်ပြထားပါတယ်။ 



သတင်းစာရဲ့ ရွေးချယ်မှုအတိုင်း မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ အရှိန်မပျက် ဆက်လက်လုပ်ဆောင်ဖို့တော့ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိနိုင်ငံရေး ၀န်းကျင်က အဆုံးအဖြတ်ပေးနိုင် သူတွေ အပေါ် မူတည်နေပါတယ်။ 

အဆိုပါ သတင်းစာကြီးရဲ့ သတင်းအပြည့်အစုံကိုလည်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

PRESIDENT Thein Sein of Myanmar is The Straits Times' inaugural Asian of the Year.

Mr Thein Sein, 67, was chosen by top editors of this newspaper for his role in loosening political and economic controls in Myanmar. This has led to democracy icon and Nobel Peace laureate Aung San Suu Kyi taking a seat in Parliament, the lifting of Western sanctions and a surge of investor interest in the once-reclusive nation.

By his actions, he has also opened new strategic opportunities for his country and set in motion forces that could have a positive impact on not just South-east Asia, but also the wider Asian continent.

Properly harnessed, these hold the potential to lift millions of people from poverty in a nation rich in natural resources, but held back because of a closed economy and decades of suspicion towards foreigners.

'There was a time when Myanmar's generals were known for holding lavish weddings for their children,' said Mr Warren Fernandez, editor of The Straits Times. 'The steps taken by Thein Sein have put Myanmar back in the news, but this time, for better reasons. His bold and brave efforts will give his people hope of joining their Asian neighbours in their march to modernity.'

The Asian of the Year award, to be announced every December, will recognise a person or organisation from the region that has contributed significantly to changing lives for the better, whether in his own country or the wider region.

The Straits Times, established in 1845, is uniquely placed to confer the award as few other news organisations devote as many resources to covering the Asian region, said Mr Fernandez.

velloor@sph.com.sg
Top of the News

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved