မဲဆောက်ရွှေတွေဆီ အိုင်စီ လာမည်

Sunday, December 23, 2012 0 comments

 ~


 


ပြည်တော်မြင့် ~

မဲဆောက်ရှိကြိုတင်လက်မှတ်အရောင်းဌာန (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)


မြန်မာအလုပ်သမား သိန်းချီရှိသည့် ထိုင်း-မြန်မာနယ်စပ်မဲဆောက်တွင် နှစ်သစ်ကူးကြည့်ချင်ပွဲအဖြစ် မြန်မာနိုင်ငံမှ အထင်ကရ ခေတ်ပေါ်တေးဂီတ၀ိုင်းဖြစ်သည့် IRON CROSS လာရောက် တင်ဆက်မည်ဟု စီစဉ်သူတဦးက ပြောသည်။

၎င်းက ”မဲဆောက်ဒေသက မြန်မာအလုပ်သမားတွေအတွက် ဒီပွဲကိုစီစဉ်တာဖြစ်တယ်။ နှစ်သစ်ကူးပွဲတော်လို့ လည်းဆိုနိုင်ပါတယ်။ အကျိုးအမြတ်အတွက်အဓိကမဟုတ်ပါဘူး” ဟု ဧရာဝတီသတင်းဌာနကိုပြောသည်။

မဲဆောက်တွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေမြန်မာတို့ထံ နာမည်ကျော် အိုင်စီတေးဂီတအဖွဲ့နှင့် ထိပ်တန်းအဆိုကျော်များ လာရောက်ခြင်းမှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်လာတော့မည်ဖြစ်သည်။

ပွဲဖြစ်မြောက်ရေးကို မဲဆောက်ရှိ PRIME BOOS Co . LTD အထည်ချုပ် စက်ရုံလုပ်ငန်းမှ ကမကထပြုခြင်း ဖြစ်ပြီး လာမည့် ၁၃-၁-၁၃ နေ့၌ မဲဆောက်မြူနီစပယ်ဘောလုံးကွင်းတွင် ဖြေဖျော်မည်ဖြစ်သည်။

၎င်းအဖွဲ့တွင် လေးဖြူ၊  အငဲ၊  ၀ိုင်ဝိုင်း၊  မျိုးကြီးတို့ သီဆိုကြမည်ဖြစ်ပြီး တီးဝိုင်းခေါင်းဆောင်မှာ ချစ်စမ်းမောင်ဖြစ် သည်ဟု မဲဆောက်ဒေသရှိ အလုပ်ရုံစက်ရုံများနှင့် လူစည်ကားရာနေရာများတွင် ကြေညာထားသည်။

ညနေ ၆ နာရီခွဲတွင် စတင်မည့် စတိတ်ရှိုးအတွက် လက်မှတ်တစောင်လျှင် အထူးတန်း ဘတ် ၅၀၀ ရိုးရိုးတန်း ဘတ် ၃၅၀ ဖြစ်သည့်အတွက် မြန်မာအလုပ်သမား အများစု ကြည့်ရှုနိုင်မည်မဟုတ်ဟု အလုပ်သမားများကပြောသည်။

မဲဆောက် TK အထည်ချုပ်စက်ရုံမှကိုသားကြီးက”မဲဆောက်ကအလုပ်သမားတွေဒီလောက်ကြီး မတတ်နိုင် ကြပါဘူး တချို့ဆိုရင်တနေ့လုပ်အားခ ဘတ် ၁၀၀ အောက်ဘဲရကြတာများတယ် မဲဆောက်ကထိုင်းဘုရင် မွေးနေ့ပွဲမှာလာသွားတဲ့ နံမည်ရမြန်မာအဆိုတော်တွေတောင် ရုံဝင်ကြေးဘတ် ၁၀၀ ဘဲရောင်းတာ လာ ကြည့်တဲ့လူကသိတ်မရှိဘူး”ဟုပြောသည်။

 
အလုပ်သမားလူငယ်အများစုမှာ  IRON CROSS ၏ပရိသတ်များဖြစ်ကြသော်လည်း ရုံဝင်လက်မှတ်ခအ တွက် တတ်နိုင်ကြမည်မဟုတ်ဟုသုံးသပ်ပြောဆိုကြသည်။

မယ်ပ အထည်ချုပ်စက်ရုံမှ ကိုညီညီက ”ကျွန်တော်တို့စက်ရုံကလူတွေသွားကြမှာပါ။  ရုံထဲတော့ဝင်နိုင်မှာ မဟုတ်ဘူး။ ရုံနားမှာနေရလည်း အသံကြားရမှာပါ။
 ဒီလက တရားမ၀င်အလုပ်သမားတွေကို ဖမ်းဆီးတဲ့စစ်ဆင်ရေးလည်း ရှိတော့ သိတ်တော့မလွယ်ဘူးနဲ့တူတယ်။
ဘတ် ၅၀၀-၃၅၀ ဆိုတော့ မဲဆောက်မှာဘယ်လိုမှမ ဖြစ်နိုင်တဲ့နှုံးထားပါ။ ပွဲသွင်းသူတွေအနေနဲ့ အများတတ်နိုင်မယ့် နှုန်းထားနဲ့စီစဉ်ရင်တော့ ဖြစ်နိုင်ခြေရှိတယ်” ဟု ဆိုသည်။

ကြိုတင်လက်မှတ်များကို မဲဆောက်ရှိ ဟုံလုံကုန်တိုက်၊  မြူနီစပါယ်ရုံးရှေ့၊  ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်း နှင့် ဖိုးထူးလဘက်ရည်ဆိုင်များတွင် ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။




















-

လှည်းတန်းလမ်းဆုံပြဿနာရှင်းပေးမယ့် တံတားကြီးအခြေအနေ

1 comments

  -
 
ရန်ကုန်က နာမည်ကျော်လှည်းတန်းလမ်းဆုံမှာ  ခုံးကျော်တံတားကြီး  ဆောက်နေတာ အဆုံးမသတ်နိုင်သေးပါဘူး။

ဒီနေရာဟာ  လမ်း ၅ ခု ဆုံတဲ့ အတွက် ဒီမှာ မီးပွိုင့်မိပြီဆိုရင် တခြားနေရာထက် ပိုပြီး ကြာကြာ စောင့်ရတာပါ။

ဒီနေရာမှာ ပေါ်ပေါက်လာမယ့် တံတားကြီးပေါ် ကားတွေ ဖြတ်သွားနိုင်ပြီ ဆိုရင်တော့ ဒီလမ်းဆုံ အသုံးပြုသူတွေ စိတ်ချမ်းသာနိုင်ပါပြီ။

အခုတော့ တံတားက ဆောက်လက်စ၊ တိုင်တွေထူပြီးစ ဖြစ်တာကြောင့် စိတ်မချမ်းသာနိုင်သေးပါ။

ရန်ကုန်ပြည်လမ်း နေရာအများအပြားမှာ ဆောက်လုပ်ရေးစီမံကိန်းအတွက် မဖြစ်မနေ လမ်းပိတ်ထားပါတယ်။ အဲဒါကြောင့် ယာဉ်ကျောပိတ်မှုပိုဖြစ်၊ ပိုပြီး စိတ်ညစ်ဖို့ကောင်းနေပါတော့တယ်။

ခေတ်ဟောင်းနည်းနဲ့ ပျဉ်ဖြတ်နေတဲ့ လုပ်ငန်းခွင်ကို မနေ့က ညနေပိုင်းမှာ အထက်ကပုံအတိုင်း တွေ့ခဲ့ရပါတယ်။
လုပ်ငန်းခွင် တနေရာမှာတော့ အလုပ်သမားတချို့ ပျဉ်ချောင်းတွေ ဖြတ်နေပါတယ်။ စက်နဲ့ဖြတ်တာ မဟုတ်ပါ။ လွှရှည်ကို တယောက်တဘက်ကိုင်ပြီး ဖြတ်နေကြတာပါ။ ဘာကြောင့် အလုပ်တွင်မယ့် ဖြတ်စက် အသုံးမပြုသလဲ မသိရပါ။

တံတားကြီး မြန်မြန်ပြီးဖို့ လိုအပ်သလို စံချိန်မီဖို့၊ ကြံ့ခိုင်ဖို့လည်း လိုအပ်ပါတယ်။

တံတားကောင်းကောင်းတခု ပေါ်ပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်နေရလို့ အချိန်တွေ ကြာနေတာ ဆိုရင်တော့ လက်ခံစရာပါ။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ကိုယ့်အတွက် ပိုကျန်အောင်  လုပ်နေလို့ သို့မဟုတ် စီမံခန့်ခွဲမှု အားနည်းနေတာလို့ အချိန်တွေ ကြာနေတာလား ဆိုပြီးတော့လည်း မေးခွန်းထုတ်သင့်ပါတယ်။

ဒီလိုလုပ်ငန်းတွေကို လေ့လာဖို့၊ စုံစမ်းထောက်လှမ်းဖို့ကလည်း မီဒီယာတွေ၊ စောင့်ကြည့်တဲ့အဖွဲ့တွေအတွက် အခြေအနေ မပေးသေးပါဘူး။

တခါတလေတော့လည်း ဖြည်းဖြည်းမောင်းပါ ဆိုတဲ့ ဆိုင်းဘုတ်က မိနစ်အတန်ကြာ စောင့်ဆိုင်းနေတဲ့ ကားများကို ပြောင်လှောင်နေဟန် ရှိပါတယ်။
ဒီတံတားကြီးကို လာမယ့် ဧပြီလမှာ  အပြီးသတ်ဆောက်လုပ်မယ် ဆိုတဲ့ တည်ဆောက်ရေးကုမ္ပဏီက တာဝန်ရှိသူ တယောက်ရဲ့ ပြောဆိုချက်ကို အောက်တိုဘာ ၁၄ ရက်စွဲတပ် The Myanmar Independent သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

သူခန့်မှန်းတာ မှန်မယ် ဆိုရင်တော့ လပိုင်းအတွင်း တံတားကြီး ပေါ်ပေါက်လာတော့မှာပါ။ တံတားတည်ဆောက်မှု ၁၃ လပဲ ကြာမယ် ဆိုတဲ့ သဘောပါ။

မီးပွိုင့်မိချိန် ကားအပြင်ထွက် မတ်တပ်ရပ် အညောင်းဖြေနေဟန်ရှိတဲ့ အငှားယာဉ်မောင်းသူ
တံတားကြီး ပြီးသွားရင်တော့ ရန်ကုန်ပြည်လမ်းပေါ်က ကားတွေဟာ ဒီလမ်းဆုံကို မီးပွိုင့်စောင့်စရာမလိုဘဲ တံတားပေါ်က သွားနိုင်မှာ ဖြစ်ပါတယ်။

အခုတော့ မစိမ်းနိုင်တဲ့ မီးပွိုင့်ကို စိမ်းတဲ့အထိ စောင့်နေကြရတာပါ။ စောင့်နေတော့ မီးပွိုင့်က စိမ်းဖို့ ပိုကြာနေသလို ဖြစ်နေပါတော့တယ်။--


























-

မြ၀တီမြို့က လူမှုရေးသမားများ

0 comments

~

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

   ကရင်ပြည်နယ်မြ၀တီမြို့၊ ရပ်ကွက်(၄)၊ တွင် အမေ့မေတ္တာ လူမှုကူညီရေး အမည်ဖြင့် ငွေကြေးချို့တဲ့သူ များအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်ပေးနေကြောင်း အသင်းဦဆာင်နေသူ ကိုပြုံးချိုက ပြောသည်။

    မြ၀တီရေဘေး ဖြစ်ခဲ့သည့် စက်တင်ဘာ ကစတင်ကူညီဆောင်ရွက်ပေးရင်း အသင်းဖွဲ့ဖြစ်ခဲ့ကြောင်း ၊ ရုံးခန်းဖွင့်ထားခြင်းမရှိပဲ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဘုန်းကြီးကျောင်း၊  ဆေးရုံ၊  အချုပ်ခန်း အစရှိသည့်နေရာများသို့ အဟာရကျွေးမွေးပေးနေကြောင်း၊  ဆန်ပြုတ် ။ခေါက်ဆွဲကြော်၊  ကြာဇံဟင်းခါး တပတ် တစ်မျိုး ကုသိုလ်ပြုပေးနေကြောင်း ကိုပြုံးချိုက ပြောသည်။

       ဆေးရုံတွင်လည်း ဆေးကုသဖို့ ငွေကြေးအခက်အခဲဖြစ်နေသူတွေကို ဆေးကုသစရိတ်ထောက်ပံ့ပေးနေကြောင်း ၊ တစ်လလျင် ပျမ်းမျှလူနာ ၁၅ ဦးခန့်ထောက်ပံ့ပေးနေပြီး ၊ ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းမရှိပဲ စိတ်တူ ကိုယ်တူစေတနာရှင်တွေ လှူဒါန်းတဲ့ လစဉ်ထည့်ဝင်ငွေတွေနှင့် ရပ်တည်ပြီး ဆောင်ရွက်ပေးနေကြောင်း ကိုပြုံးချိုကပြောသည်။

 ဆင်းရဲနွမ်းပါးပြီး ၊ ငွေကြေးအခက်အခဲဖြစ်နေတဲ့သူတွေအား ကူညီစောင့်ရှောက်ပေးရန်အတွက်ခိုင်ခိုင်မာမာကူညီပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ရန် ကြိုးစားနေကြောင်း အမေ့မေတ္တာ လူမှုကူညီရေးအဖွဲ့ ဦးဆောင်သူ ကိုပြုံးချိုက ပြောသည်။

အဓိက ကူညီပေးနေသည့် လုပ်ငန်းသည် ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း ၊ အချုပ်ခန်းများတွင် ထိန်းသိမ်းခံနေရသူတို့အား ကျန်းမာရေးကူညီပေးသည် ကိုလည်း သက်ဆိုင်ရာက လျှောလျှောရှုရှုခွင့်ပြုပေးကြောင်း မိမိတို့အဖွဲ့ကူညီပေးလိုက်သည့် လူနာများကလည်း ကျေနပ်မှုဖြင့် ကျေးဇူးတုန့်ပြန်မှုများရရှိကြောင်း ၊   နောက်ဆက်တွဲလိုအပ်ချက် များဖြစ်သည့် ကျန်းမာရေး ၊ ဆေး ၊  စားဝတ်နေရေး၊  ရောဂါပျောက်ကင်းပြီးနောက်ပိုင်း  လူနေမှုဘ၀တွေကိုပါ မြင့်တင်ကူညီဆောင်ရွက်ပေးချင်ကြောင်း ၊ ကြိုးစားပြီး လုပ်ဆောင်နေကြာင်း အမေ့မေတ္တာလူမှုကူညီရေးအသင်း  မှ  ကိုပြုံးချို၊ ကိုသန့်ဇင်အောင်တို့က ပြောသည်။

        


















-

မန္တလေးမှာ ခေတ်စားလာတဲ့ ဖက်ရှင်

0 comments

~


တေဇလှိုင် ~

(ဓာတ်ပုံများ - တေဇလှိုင်)

ပထမအကြိမ် မန္တလေးတောင်ဖိတ်ခေါ်အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲ  ဒီမနက်  ၇ နာရီမှာ စတင်ပါတယ်။
မန္တလေးတောင်တက် ပြိုင်ပွဲ၊  တောင်ဆင်းလမ်းကြမ်းပြိုင်ပွဲ ဆိုပြီး နှစ်ပိုင်းခွဲ ကျင်းပခဲ့ တာပါ။

တောင်တက်စက်ဘီးစီးပြိုင်ပွဲဟာ  မန္တလေးမှာတော့ ကြီးလူကြီးလူငယ် အများအပြား ကြိုက်နှစ်သက်ကြတဲ့ အားကစားနည်းတခုဖြစ်လာနေပါပြီ။

ဒီမနက် ပြိုင်ပွဲမှာ  အမျိုးသမီး စက်ဘီး အားကစားသမား ၃ ဦး ပါဝင်ခဲ့ ပါတယ်။ သူတို့ထဲက တဦး ထိခိုက်ဒဏ်ရာရပါတယ်။

ပြိုင်ပွဲဝင်စက်ဘီးများမှာ အမျိုးအစားအလိုက် ၂သိန်း ၃ သိန်းမှ သိန်းဆယ်ဂဏန်းအထိ ရှိပါတယ်။  မန္တလေးမြို့ လူငယ်များကြားမှာ ဒီလို ပြိုင်ဘီးစီးတာဟာ
ပေါ်ပြူလာ ဖြစ်လာတဲ့ ဖက်ရှင် တခုပါပဲ။

ဒီမနက် ပြိုင်ပွဲ မြင်ကွင်းများကို ဖော်ပြလိုက်ပါတယ်။   







---

PSY Gangnam အသစ်

0 comments



ကမ္ဘာတလွှား အကျော်ကြားဆုံးတဦးဖြစ်တဲ့ Gangnam Style သီချင်းနဲ့ ကိုရီယား အဆိုတော် Psy ကိုအတု ယူပြီးကပြဖျော်ဖြေသွားတာကတော့ တောင်ကိုရီယား ကလေးငယ်တစ်ဦးဖြစ်ပါတယ်။ 

ကလေးငယ်ရဲ့ ကပြဖျော်ဖြေမှုကတော့ ကမ္ဘာကျော် oppa gangnam ကတောင်အရှုံးပေးရပါတော့မယ်။ You Tube မှာဖော်ပြထားတာလေးကို မျှဝေပေးလိုက်ပါတယ်။


KNU စစ်ဦးစီးချုပ် ဘယ်သူဖြစ်လာမလဲ

0 comments

~
 ပြည်တော်မြင့် ~


(ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ စစ်ဦးစီးချုပ် နေရာ ဆက်ခံမည့်သူကို မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် တပ်မှူးများညီလာခံတွင် ရွေးချယ်မည်ဖြစ်သည်။

၎င်းညီလာခံတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏  အမှတ် ၇ တပ်မဟာမှူးဖြစ်သည့် ဗိုလ်မှူးချုပ် ဂျော်နီ ရွေးချယ်ခံရနိုင်သည်ဟု တပ်မှူးကြီးများက သုံးသပ်ပြောဆိုကြသည်။

KNLA တပ်မဟာ ၆ မှ တပ်မှူးတဦးက ”တပ်မဟာမှူး ၇ ဦး ရှိတဲ့အထဲက တပ်မဟာ ၇ က ဗိုလ်ဂျော်နီကတော့ ဖြစ်နိုင်ခြေ များပါတယ်။ အားလုံးထဲမှာ သူက စီနီယာကျတယ်။ လုပ်သက်ကော အတွေ့အကြုံကော ဆိုတော့ ဖြစ်နိုင်ခြေက အတော်များတယ်” ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

ယခင်က ရေပန်းစားခဲ့သူမှာ တပ်မဟာမှူးများအနက် အသက်အငယ်ဆုံးဖြစ်သည့်  အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲ ဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့် KNU ညီလာခံတွင် တပ်မှူးတဦး၏ စစ်မှုထမ်း သက်တမ်းကို နိုင်ငံတကာ သတ်မှတ်ချက်အတိုင်း ချမှတ်နိုင်ခြင်း မရှိသဖြင့် လွဲချော်ရနိုင်သည်ဟုလည်း တပ်မှူးတဦးက ဆိုသည်။

စစ်မှုထမ်းခြင်းကို နိုင်ငံတကာတွင် နှစ် ၆၀ ထိသာ သတ်မှတ်ထားသော်လည်း KNLA တွင် စစ်ဦးစီးချုပ်အပါအ၀င် တပ်မဟာမှူးအများစုမှာ အသက် ၈၀ မှ ၆၅ နှစ် ၀န်းကျင်ရှိသူများဖြစ်သည်။

 သောကြာနေ့က KNU ဥက္ကဌအဖြစ် ရွေးချယ်ခံရသည့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှာ အသက် ၈၀ ရှိပြီး၊ မကြာသေးခင်ကအထိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့်  ဗိုလ်ချုပ်ကြီး တာမလာဘောသည် အသက် ၉၃ နှစ် ဖြစ်သည်။

တပ်မဟာ ၅ မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲမှာ အသက် ၅၀ ခန့် နှင့် တပ်မဟာ ၃ မှူး ဗိုလ်မှူးချုပ်အယ်ကလူသိန်းမှာ ၅၅ နှစ် ခန့်သာ ရှိသည်ဟု တပ်မှူးတဦးကပြောသည်။

ကျန်ရှိသည့်တပ်မဟာမှူးများမှာ အသက် ၆၅ နှစ်နှင့် ၇၀ ၀န်းကျင်များဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

KNU ဗဟိုကော်မတီဝင်အဖြစ်ရွေးချယ်ခံရသူတဦးက”ကျွန်တော်တို့ဆီမှာက စစ်မှုထမ်း သက်တမ်းနဲ့ ပတ်သက်ပြီး  မသတ်မှတ်နိုင်သေးတာ အားနည်းချက်တခုဖြစ်တယ်” ဟု ဆိုသည်။

KNU ညီလာခံ၌ သောကြာနေ့ကရွေးချယ်ခံခဲ့ရသည့် ဗဟိုကော်မတီဝင် ၄၅ ဦးကို  တာဝန်ပေးအပ်ခြင်းနှင့်ဂတိသစ္စာပြုခြင်း အစီအစဉ်ကို မနက်ဖြန် ကျင်းပမည် ဖြစ်သည်။
ကျင်းပမည့် နေရာမှာ ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်ရှိ လေးဝါးတပ်စခန်း ဖြစ်သည်။

ဗိုလ်မှူးချုပ်ကျော်လင်း - တပ်မဟာ ၁

ဗိုလ်မှူးချုပ်ဂျောမေ - တပ်မဟာ ၂

ဗိုလ်မှူးချုပ်အယ်ကလူသိန်း - တပ်မဟာ ၃
 

ဗိုလ်မှူးချုပ်ဒါးကျော်လူး - တပ်မဟာ ၎

ဗိုလ်မှူးချုပ်ဘောကျော်ဟဲ - တပ်မဟာ ၅

ဗိုလ်မှူးချုပ်ဆာမိစေးဖိုး - တပ်မဟာ ၆

ဗိုလ်မှူးချုပ်ဂျော်နီ - တပ်မဟာ ၇
 
















--

DKBA ၁၈ နှစ်ပြည့် အခမ်းအနားကို မဟာမိတ်များ တက်ရောက်

0 comments


~



ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

 
 DKBA တပ်မတော် ထူထောင်ခြင်း ၁၈ နှစ်ပြည့် အခမ်းအနားကို သောကြာနေ့ နံနက်က  ကရင်ပြည်နယ်၊ မြ၀တီခရီုင်၊ ဝှောလှေမြို့နယ်၊ ဆုံဆည်းမြိုင်ရွာရှိ ဆုံပေါင်းမြိုင်ကွင်းတွင် ကျင်းပသည်။

ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ကယန်းပြည်သစ်ပါတီတို့ တက်ရောက်ခဲ့ကြောင်း ယင်းအဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

ကယန်း ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်မှုးအဆင့်ရှိ  မားကိုစ့် ၊ ကလလတကို ဒုဥက္ကဋ္ဌ ထူးကော်၊ ရလလဖကို ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေနှင့် ဒုဥက္ကဋ္ဌ ဦးစိုးအောင်လွင်တို့ ဦးစီးသည့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြောင်း သိရသည်။

 ဒီမိုကရေစီအရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် မိမိတို့ညီနောင် မဟာမိတ်အဖွဲ့က ယင်းတို့နှင့် အတူ လက်တွဲ လှုပ်ရှားနေကြောင်း သိရှိစေရန်၊ ပြည်သူတို့နှင့်အတူအစဉ်လက်တွဲမဖြုတ် စတမ်း ကြိုးပမ်းသွားရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် တက်ရောက်ကြခြင်းဖြစ်ကြောင်း ရလလဖ  ဗဟိုကော်မတီဝင် တောင်ကြီး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူး ဘုန်းနိုင်က ပြောသည်။




                                          
















--

လယ်ထွန်သွား ဆိုင်းဘုတ်တွေ့

0 comments


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved