လက်ထိပ်တန်းလန်း အမျိုးသမီးအလောင်းအမှုအတွက် ရဲ ၅ ဦးကို ဖမ်းလိုက်ပြီ

Friday, June 21, 2013

မနေ့တုန်းက အင်တာနက်စာမျက်နှာတွေမှာ လူပြောအများဆုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အကြီးအကျယ်
မေးခွန်းထုတ်ခံရတာကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ င၀န်မြစ်အတွင်း လက်ထိပ် တန်းလန်းနဲ့ သေဆုံးနေသော အမျိုးသမီးအလောင်း ဇွန် ၁၉ ရက်နေ့က ပေါ်ခဲ့တဲ့ ကိစ္စပါပဲ။ 

          လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေး၏ ဈာပန အခမ်းအနား မြင်ကွင်း
                                        (ဓာတ်ပုံ – ဆလိုင်းသန့်စင်/ ဧရာဝတီ)

ဒီကိစ္စဟာ မြန်မာနိုင်ငံက တရားဥပဒေ စိုးမိုးရေးဆိုတာနဲ့ ရဲတပ်ဖွဲ့အတွက် အကြီးအကျယ် စိန်ခေါ်မှုလည်း
ဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကလည်း အထူးစုံစမ်းမှုတွေ  လုပ်နေရင်း အခုနောက်ဆုံးမှာတော့ ပုသိမ်မြို့တလက်ကမ်း သင်္ဘောကျင်း ရဲ စခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီး ထိမ်းသိမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင်တွေကတော့ လက်ထိပ်တန်းလန်းဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေးရဲ့ အမှုကို ကိုင်တွယ် စစ်ဆေးနေတဲ့  ဒုရဲအုပ် နိုင်အောင်ကျော်၊ တပ်ကြပ်ကြီး ကြည်လင်၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ် ဇော်မင်းထွန်း နဲ့ ဒုတပ်ကြပ် ကျော်လင်းနိုင်တို့ဖြစ်ပါတယ်။ 

 “ကောင်မလေး သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ ၅ ဦးကို တိုင်းရဲရုံးမှာ ချုပ်ထားတယ်။ တိုင်း ရဲမင်းကြီး အမိန့်နဲ့ ဖမ်းတာလား၊ ရဲချုပ်အမိန့်နဲ့ ဖမ်းတာလားတော့ မသိဘူး။ ရဲ ဥပဒေ အရတော့ သူတို့ ရာထူးက ပြုတ်ဖို့များတယ်။ ထောင်လည်း ကျနိုင်တယ်။ လက်ရှိမှာ စခန်းမှူးကိုလည်း မြို့နယ်ရဲမှူး က 
ခေါ်စစ်နေတယ်” ဟု နီးစပ်သူ တဦးက ဧရာဝတီကို ပြောပြထားပါတယ်။ 

လက်ထိပ်တန်းလန်းနဲ့ င၀န်မြစ်အတွင်း ရေနစ် သေဆုံးခဲ့သူ မသန်းသန်းအေးဟာ ပုသိမ်မြို့နယ် ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာမှာ ခင်ပွန်းသည် ကိုနန်းဝင်းနဲ့ အတူ နေထိုင်ခဲ့သူပါ။

ထိန်ချောင်အုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းမြင့်၊ ဒေါ်မြင့်မြင့်တို့ရဲ့ နေအိမ်က ရွှေထည်ပစ္စည်း ၁၀ ကျပ်သား ပျောက် ဆုံးမှုနဲ့ ပတ်သက်ပြီး ခင်ပွန်းသည် အဖမ်းခံခဲ့ပြီး ၃ ရက်အကြာမှာတော့  သူလည်း အဖမ်းခံရပါတယ်။

သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် နိုင်အောင်ကျော် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။ 


ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သတင်းထောက် ဆလိုင်းသန့်စင်
ရေးသားတင်ပြထားတဲ့ လက်ထိပ်တန်းလန်းနှင့် အမျိုးသမီးအလောင်း ငဝန်မြစ်အတွင်း ပေါ်မှု ရဲ ၅ ဦးကို ဖမ်းပြီ (http://burma.irrawaddy.org/archives/42742) ဆိုတဲ့ သတင်းမှာလည်း အပြည့်အစုံ ဖတ်နိုင် ပါပြီ။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved