မျှော်မှန်းထားတဲ့ လုပ်ခလစာတိုးရေး လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်း

Tuesday, November 18, 2014


တပ်မတော်သားတွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ အပါအ၀င် နိုင်ငံဝန်ထမ်းတွေအတွက် ထိုက်သင့်တဲ့ လစာ ၊ အသုံးစရိတ်တွေကို လာမယ့် ဘဏ္ဍာရေးနှစ် စတင်ချိန်ကနေ တိုးမြင့် သတ်မှတ်ပေးဖို့ အဆိုပြုမှုကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၂၄ ရက်မြောက်နေ့မှာ အရေးကြီး အဆိုတရပ် အနေဖြင့် တင်သွင်းခဲ့ပါတယ်။



ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ

 လွှတ်တော်မှာ ၀န်ထမ်းလစာ တိုးမြင့်ရေး အဆို တင်သွင်းချိန်က နေပြည်တော်မှာလည်း အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပနေချိန်နဲ့ တိုက်ဆိုင်ခဲ့လို့ အစိုးရ ၀န်ထမ်းတွေနဲ့ ပုဂ္ဂလိက ၀န်ထမ်းတွေအကြား တိုးမြှင့်ပေးလာမယ့် လုပ်ခလစာ နှုန်ထားဟာ အာဆီယံနိုင်ငံတွေ စံချိန်နှုန်းထား အတိုင်း ရရှိလာနိုင်မယ် ဆိုပြီး ပြောဆိုနေကြပါတယ်။

အရေးကြီးအဆိုအနေနဲ့  တင်သွင်းခဲ့တဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်က အစိုးရအသီးသီးရဲ့ လက်ထက်မှာ ၀န်ထမ်းလစာတွေကို အကြိမ်ကြိမ် ပြင်ဆင်ပေးခဲ့တာ တွေ့မြင်ရကြောင်း ၊ အခုတကြိမ် ပြင်ဆင်မယ် ဆိုရင်  ထိုက်ထိုက်တန်တန် လစာမျိုး ဖြစ်အောင် ပြင်ဆင်ပေးမယ်လို့ တင်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံဝန်ထမ်းတွေက လစာတွေကို သတ်မှတ်ချက်နဲ့ အဆင့်ဆင့် တိုးမြှင့်ခံစား လာရပေမယ့် ၊ ပုဂ္ဂလိက ကုမ္ပဏီတွေမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတွေကတော့ ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီနဲ့ ပြည်ပကုမ္ပဏီ ဆိုတဲ့ နှစ်ခုအကြား လစာငွေကြေး ကွာဟချက်များနေတယ်လို့ ဆိုကြပါတယ်။

ဒီလိုပဲ အစိုးရ၀န်ထမ်း အငြိမ်စားတွေ အနေနဲ့လည်း နေထိုင်မှုစရိတ်နဲ့ မျှတတဲ့ ပင်စင်ငွေကြေး ရရှိနိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။

တပ်ကြပ်အဆင့်နဲ့ တပ်မတော်က အငြိမ်းစား ယူလိုက်တဲ့ ပင်စင်စားတဦးက “တိုးကာမှ တိုးပဲ။ များများရလေ ပိုကောင်းလေပါပဲ။ ရာထူး အဆင့်အလိုက် တိုးရတာဆိုတော့ ကျနော်တို့ထက် ရာထူးကြီးသူတွေက ပိုစားသာလေပဲ” လို့ ဆိုပါတယ်။

ပုဂ္ဂလိက ဘဏ်ဝန်ထမ်း တဦးကလည်း “ ဘဏ်ဝန်ထမ်း လစာက ပြည်ပကုမ္ပဏီတွေမှာ လုပ်သလောက် မရဘူး။ ဘောနပ်စ်(Bonus) ထုတ်ချိန် တခုပဲ များများရတာ။ အဲဒီအစား လခကို လစဉ် အာဆီယံနှုန်းထား လစာအတိုင်း ရဖို့ မျှော်နေပါတယ်” လို့ ပြောပါတယ်။

လစာတွေ တိုးမယ့် အစီအစဉ်တွေ ရှိလာတာဟာ ကောင်းပေမယ့် လစာတိုးတိုင်း ကုန်ပစ္စည်း အကုန်လုံး လိုလိုက ဈေးလိုက်တက်လာတော့ အဆင်မပြေလို့  လူတွေလည်း ချောင်လည် လာတယ်လို့ကို မရှိပါဘူး လို့ စက်မှု(၁) ၀န်ကြီးဌာနရဲ့ လက်ရှိအစိုးရ၀န်ထမ်း တဦးက သူ့အမြင်ကိုပြောပါတယ်။

ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကတော့ နိုင်ငံဝန်ထမ်းတွေ လစာတိုးရေး အစီအစဉ်မှာ တောင်သူလယ်သမား၊ အလုပ်သမားတွေ အတွက် သင့်တင့်မျှတတဲ့ အနိမ့်ဆုံး လုပ်ခ သတ်မှတ်နိုင်ရေးကိုပါ ထိန်းညှိသင့်တယ်လို့  ပြောခဲ့ပါတယ်။

မေစိုးစံ

1 comments :

  1. Unknown said... :

    လစာတွေ တိုးမယ့် အစီအစဉ်တွေ ရှိလာတာဟာ ကောင်းပေမယ့် လစာတိုးတိုင်း ကုန်ပစ္စည်း အကုန်လုံး လိုလိုက ဈေးလိုက်တက်လာတော့ အဆင်မပြေလို့ လူတွေလည်း ချောင်လည် လာတယ်လို့ကို မရှိပါဘူး လို့ စက်မှု(၁) ၀န်ကြီးဌာနရဲ့ လက်ရှိအစိုးရ၀န်ထမ်း တဦးက သူ့အမြင်ကိုပြောပါတယ်။

    ဒီစကားကတော့ အမှန်ပါပဲ .....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved