သတိပေးခံရတဲ့ အမေရိကန် IRI အဖွဲ့ ကြံ့ခိုင်ရေးပါတီကိုလည်း သင်တန်းပေးဖူး

Tuesday, December 2, 2014


NLD ပါတီဝင်တွေကို မဲဆွယ်စည်းရုံးရေး သင်တန်းပေးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင်ရဲ့ သတိပေးခံရတဲ့ အမေရိကန်အဖွဲ့ IRI ဟာ လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလက သင်တန်းပေးခဲ့ဖူးပါတယ်။ 


 ဓာတ်ပုံ- အမေရိကန် IRI အဖွဲ့က ဗင်းဆင့် ဟာရီးရဲ့ ဖေ့စ်ဘုတ်

ကြံ့ခိုင်ရေးပါတီ ( ရန်ကုန်) ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ IRI ရဲ့ သင်တန်းပို့ချမှုနဲ့ပတ်သက်ပြီး အခုလို ရေးသားထားပါတယ်။ 

“IRI မှ Vincent Harris က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့်အတူ Door to Door အစား လူမှုကွန်ရက် အသုံးပြု၍ မီဒီယာ ကမ်ပိန်း ဆောင်ရွက်ပုံအကြောင်း လက်တွေ့ သရုပ်ပြ ဆောင်ရွက်၊ ၂၀၁၄၊ စက်၊ (၁၃) ရက်၊ ၁၄း၀၀ နာရီ မှ ၁၇း၀၀ နာရီ” လို့ ဖော်ပြထားပါတယ်။ 

ရွေးကောက်ပွဲ ကော်မရှင်ကတော့ IRI အဖွဲ့ကို ဖျာပုံက NLD ပါတီဝင်တွေနဲ့ အခြားပါတီဝင်တချို့ကို မဲဆွယ်စည်းရုံး ရေး ဆိုင်ရာ သင်တန်းပေးလို့ သတိပေးခဲ့တယ်လို့ မနေ့က ဧရာဝတီသတင်းတပုဒ်ဖြစ်တဲ့ NLD ကို မဲဆွယ် စည်းရုံးရေး သင်တန်းပေးသည့် အမေရိကန် အဖွဲ့ သတိပေးခံရ ဆိုတဲ့ သတင်း ဖော်ပြခဲ့ ပါသေးတယ်။ 

 “နိုင်ငံခြား အဖွဲ့အစည်း တခုခု အနေနဲ့ နိုင်ငံရေး ပါတီတခုခုကို သင်တန်းပေးမယ်ဆိုရင် ခွင့်ပြုချက် တင်ပြဖို့လိုတယ်၊ တကယ်လို့ လုပ်မယ် ဆိုရင်လည်း နိုင်ငံရေး ပါတီတွေကို စုပေါင်းပြီးတော့ သင်တန်းတွေ ပေးနိုင်တယ်ဆိုတာကို ကျနော်တို့က အသိပေးအကြောင်းကြားတာ ဖြစ်ပါတယ်” လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချို က ဧရာဝတီ ကို ပြောထားပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မ ၄၀၇ (ဂ) အရ နိုင်ငံရေးပါတီ တခုခုသည် နိုင်ငံခြား တိုင်းပြည်မှ ဘာသာရေးအဖွဲ့ အစည်း၊ လူမှုရေး အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် သို့မဟုတ် တခြား အဖွဲ့အစည်း တခုခုထံမှ ငွေကြေးဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ တခြား အထောက်အကူ ဖြစ်စေသည့် မည်သည့် အရာကိုမဆို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော် လည်းကောင်း ရယူသုံးစွဲခြင်း မရှိစေရဟု ပါရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ 

ထို့အတူ ပုဒ်မ ၄၀၈ တွင်လည်း နိုင်ငံရေး ပါတီ တခုခုသည် ပုဒ်မ ၄၀၇ နှင့် ငြိစွန်းပါက နိုင်ငံရေး ပါတီ အဖြစ်မှ ပယ်ဖျက်နိုင်သည်ဟု ပြဌာန်းထားကြောင်း ဦးလှမောင်ချို က ရှင်းပြခဲ့ပါတယ်။ 

 “နိုင်ငံရေးပါတီ တခုခုဟာ အဲဒီ ပုဒ်မတွေနဲ့ ငြိနေရင် မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပါတီအဖြစ်မှ ပယ်ဖျက်နိုင်တယ်လို့ပါတယ်၊ ဒါဟာ NLD မို့လို့ ကျနော်တို့က လုပ်တာ မဟုတ်ပါဘူး၊ ဥပဒေကြောင်းအရ ပြောတာပါ” လို့ သူက ဆိုပါတယ်။ 

 IRI အဖွဲ့က ကြံ့ခိုင်ရေးပါတီဝင်တွေကို မဲဆွယ်စည်းရုံးတဲ့ မီဒီယာ ကမ်ပိန်း လုပ်တဲ့ သင်တန်းပေးခဲ့ဖူး တယ်ဆိုတာ ကော်မရှင်အနေနဲ့ သိခဲ့လား၊ မသိခဲ့ဘူးလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသလို အဲဒီတုန်းကတော့ IRI ကို သတိပေးစာ မပို့ခဲ့ဘူး ထင်ပါတယ်။ 


ကိုးကားသတင်း 

http://burma.irrawaddy.org/news/2014/12/01/67977.html

1 comments :

  1. Anonymous said... :

    ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင်..ဘက်လိုက် ((bias)နေတာကသိသာလွန်းတယ်...၂၀၁၅ ရွေကောက်ပွဲကောတရားမျှတနိုင်ပါ့မလား?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved