ပိုပိုရဲ့ "အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို"

Friday, June 5, 2015



သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုပြီး ပရိသတ်ရင်ထဲရောက်လာတဲ့ အဆိုတော်ပိုပိုရဲ့ ဒုတိယမြောက် ကိုယ်ပိုင်သံစဉ်တေးစီးရီး “အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို” မှာ သီချင်းစုစုပေါင်း ၁၄ပုဒ် ပါဝင်ပြီး သီချင်းတိုင်းမှာ ပိုပိုထုံးစံအတိုင်း အသံပါဝါ အားကောင်းကောင်းနဲ့ သီဆိုထားတာ တွေ့ရပါတယ်။ ပိုပိုနဲ့အတူ Featuring အနေနဲ့စိုးကြီး၊ Underground မှာသီဆိုနေတဲ့ ဆုစန္ဒီထွန်းနဲ့ရွယ်ရွယ်တို့ကို ပွဲထုတ်ပြီး ပါဝင်သီဆိုစေထားပါတယ်။

စိုးကြီးနဲ့ တွဲဖက်သီဆိုထားတဲ့ “ဝေးမယ်ဆိုတာသိရက်နဲ့” သီချင်းက အခြေအနေမတူတဲ့ ကောင်လေးတယောက်ကိုချစ်မိတဲ့ မိန်းကလေးတယောက်ရဲ့ အသဲကွဲခံစားချက်ကို ဖွဲ့ထားတာဖြစ်ပြီး “ဒုက္ခ” ဆိုတဲ့သီချင်းကတော့ သိပ်ချစ်လွန်းပြီး အချစ်အတွက်ဒုက္ခရောက်၊ အသဲကွဲကျန်ခဲ့တဲ့ ကောင်မလေးတယောက်အကြောင်းကို ရယ်ချင်စရာသီချင်းမြူးမြူးလေး ပုံစံကို  ပိုပိုကရေးစပ်ထားပါတယ်။ အခွေ Title ဖြစ်တဲ့ “အလွမ်းသီချင်း” ကိုတော့ပီယာနိုတလုံးတည်းနဲ့ တီးခတ်သီဆိုထားပြီး “သူမအတွက်” ဆိုတဲ့သီချင်းကတော့ မိန်းကလေး အဆိုရှင်ဖြစ်တဲ့ ပိုပိုက ယောက်ျားလေး တယောက်ဘက်ကနေ ခံစားပြီး သီဆိုပေးထားတာကြောင့် အနည်းငယ် ထူးဆန်းသလို ဖြစ်နေပါတယ်။ “သူမအတွက် ကျနော်ဘာမှ အသုံးမဝင်သူပါ၊ သူမအတွက် ကျနော်အနာဂတ်မဲ့သူပါ၊ နောက်ဆုံးတော့ ကျနော့်ရဲ့အသည်းကွဲခဲ့ပြီ” ဆိုတဲ့စာသားတွေနဲ့ ဖြစ်ပါတယ်။ ဒီအခွေထဲမှာ ပိုပိုအကြိုက်ဆုံးသီချင်ကတော့ “မချစ်ရင်” ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။

ပိုပိုရဲ့ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယိုအခွေမှာ Rock&Roll၊ ကျမချစ်သူ၊ သူမအတွက်၊ မေ့လိုက်ပြီ၊ ဒုက္ခ၊ မချစ်ရင်၊ အလွမ်းသီချင်း၊ သိပ်နောက်မကျသေးခင်၊ ပလတ်စတစ်အသည်းမှမဟုတ်တာ၊ ကွာရှင်းမယ်၊ ဝေးမယ်ဆိုတာသိရက်နဲ့၊ ငါ့ဘဝနဲ့ငါ၊ အချစ်ပုံပြင်၊ ရွှေရောင်အနာဂတ်စတဲ့သီချင်းတွေ ပါဝင်ပြီး မူပိုင် Po Po ဖြစ်ပါတယ်။ မေ၂၉ရက်က ဖြန့်ချိထားပြီး Heaven Born& PTL စတူဒီယိုမှာ အသံသွင်းထားပြီး ဟာမိုနီကို The Friends နဲ့ Mixing ကတော့ ချစ်စမ်းမောင်ဖြစ်ပါတယ်။


ယုမွန်ကျော်

1 comments :

  1. Unknown said... :

    အလွမ်းသီချင်းတွေကိုအရမ်းကြိုက်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved