Showing posts with label နာရေး. Show all posts
Showing posts with label နာရေး. Show all posts

တောင်အာဖရိက ဘောလုံးအသင်းခေါင်းဆောင် သေနတ်နဲ့ပစ်သတ်ခံရ

Monday, October 27, 2014 0 comments

   တောင်အာဖရိကနိုင်ငံ အမျိုးသား  ဘောလုံးအသင်းခေါင်းဆောင်ဟာ အမည်မသိသေနတ်သမားတချို့ရဲ့ ပစ်ခတ်မှုကြောင့် မနေ့က သေဆုံး သွားပါတယ်။

 တောင်အာဖရိက အမျိုးသား ဘောလုံးအသင်းခေါင်းဆောင် ဆန်ဇို မရီဝါ၊ ဓာတ်ပုံ- The Independent

 
     တောင်အာဖရိက အမျိုးသားလက်ရွေးစင် ဘောလုံးအသင်း၊ အသင်းခေါင်းဆောင်လည်းဖြစ် ဂိုးသမား လည်းဖြစ်တဲ့ ဆန်ဇို မရီဝါ (Senzo Meyiwa ဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ တောင် အာဖရိက ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ 

 သူ နေထိုင်ရာ တောင်အာဖရိကနိုင်ငံ ဂျိုဟန်းစ်ဘတ်မြို့နားက Vosloorus မြို့က နေအိမ်ထဲကို လူတစုဟာ တနင်္ဂနွေ နေ့ ည ၈ နာရီ လောက်က ၀င်ရောက်လာခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်လို့ ဆန်ဇို မရီဝါ သေ နတ် ဒဏ်ရာနဲ့ ဆေးရုံ ကို အရေးပေါ် ပို့ခဲ့ပေမယ့် ကွယ်လွန်သွားခဲ့တယ်လို့ တောင်အာဖရိက ရဲအရာရှိ တဦးက ဆိုထားတာကို အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။ 

“သံသယရှိဖွယ် လူ ၂ ဦးက အိမ်ထဲကို ၀င်သွားတယ်၊ တယောက်က အပြင်မှာ ကျန်ခဲ့တယ်။ ပစ်ခတ်မှုတွေ
ဖြစ်ပြီး ၃ ယောက်လုံး ခြေလျင်ထွက်ပြေးသွားခဲ့တယ်” လို့ အဆိုပါရဲအရာရှိက ပြောထားပါတယ်။ 

အခုတော့ တောင်အာဖရိက ရဲတပ်ဖွဲ့က ဆန်ဇို မရီဝါ ကို ပစ်ခတ်သတ်ဖြတ်သွားတဲ့ လူတွေကို ဖမ်းမိဖို့ ဆုငွေ အဖြစ် စတာလင် ပေါင် ၈၅၀၀ နဲ့ ညီမျှတဲ့ ငွေပမာဏနဲ့ ကြေညာထားပါတယ်။ 

အလားတူ ဆန်ဇို မရီဝါ သေဆုံးမှုကိုလည်း အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ 

တချို့ အတည်ပြုလို့မရတဲ့သတင်းတွေအရ ဆန်ဇို မရီဝါ ရဲ့ ချစ်သူမိန်းကလေးရဲ့ အိမ်ကို သူရောက်နေခိုက် လုယက် သူတွေက သူ့ဆီက ပစ္စည်းလုယူဖို့ ကြိုးစားစဉ်မှာ အပြန်အလှန်ပစ်ခတ်ရင်း ဆန်ဇို မရီဝါ ဟာ 
သေနတ်မှန်သေဆုံးတာ လို့လည်း ဆိုပါတယ်။ 

အခုဆို ဆန်ဇို မရီဝါ ရဲ့ ကစားဖော် သူငယ်ချင်းတွေ အားလုံး လည်း ဆုံးရှုံးမှုအတွက် ၀မ်းနည်းစကားတွေ ကို တွစ်တာ စတဲ့ လူမှု ကွန်ယက်တွေမှာ ရေးနေကြပါတယ်။ 


 အိမ့်သံစဉ် ~ 


 

.








စာရေး ဆရာ ဦးအောင်သင်း ကွယ်လွန်

Saturday, October 25, 2014 0 comments

စာရေး ဆရာ ဦးအောင်သင်း ဟာ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁ဝ နာရီ ကျော်က ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။ 

 ဆရာ ဦးအောင်သင်း၊ ဓာတ်ပုံ- Ko Aung Kyaw' Facebook

အသက် ၈၈ နှစ်အရွယ် စာရေး ဆရာ ဦးအောင်သင်းဟာ ဒီကနေ့မနက် ကျန်းမာရေး ဖောက်လာလို့ 
ဆေးရုံကို အရေးပေါ် ပို့ခဲ့ပေမယ့် ဆေးရုံရောက်ပြီး နာရီဝက်လောက်မှာပဲ ဆုံးပါး သွားခဲ့တာဖြစ်တယ်လို့ သားအငယ်ဆုံး ဖြစ်သူ ကိုအောင်မြိုင်သင်းက အတည်ပြု ပြောကြားပါတယ်။ 

အမှတ် ၄၆ ဓမ္မိက ဝတီ လမ်း စမ်းချောင်းမြို့နေအိမ်မှာ မိသားစု စုံညီစွာ စည်းဝေးတိုင်ပင်ပြီးတဲ့ အခါ ဈာပန ကို ဘယ်လို လုပ်ကြမယ်ဆိုတာ သိရမှာဖြစ်တယ်လို့လည်း သားဖြစ်သူ ကိုအောင်မြိုင်သင်းက ဆိုပါတယ်။ 

တသက်တာ စာပေဆုရှင်အဖြစ် သိပ္ပံမှူးတင်၊ ဆရာမ ဒေါ်ခင်ဆွေဦးတို့နဲ့ အတူ ဆရာဦးအောင်သင်းဟာ လက်ခံရယူခဲ့သူဖြစ်ပါတယ်။ 

စာပေလောကမှာ ထင်ရှားတဲ့ ခြေလှမ်းတွေနဲ့ သမိုင်းမှတ်တိုင်တွေကို စိုက်ထူခဲ့သူတဦးဖြစ်ပြီး အထူးသဖြင့် လူငယ်များ အတွက် မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဆိုတဲ့ မှာကြားမှု၊ မြေတောင်မြှောက်ပေးမှုကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။ 

ဦးအောင်သင်း ( ၁၉၂၇ - ၂၀၁၄) 


အိမ့်သံစဉ် ~











သခင်သိန်းမောင် ( ဝါးခယ်မ) ကွယ်လွန်

Monday, September 29, 2014 0 comments

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲဝင် ဝါရင့် နိုင်ငံရေးသမားကြီး သခင် သိန်းမောင် ( ဝါးခယ်မ) အသက် ၉၆ နှစ်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ ညက ရန်ကုန်မြို့မှာ လူကြီး ရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက် သွားပါတယ်။ 



ပန်းချီ ပေါ်သိမ်း ကွယ်လွန်

Wednesday, August 27, 2014 0 comments

ပန်းချီကို မြတ်နိုးခင်တွယ်သူ ပန်းချီ ပေါ်သိမ်း ( ဦးပေါ်သိမ်း) အသက် ၆၇ နှစ် ဟာ သြဂုတ်လ ၂၆ ရက်နေ့ မှာ အမေရိကန် ပြည်ထောင်စု တက္ကဆတ် ပြည်နယ် Big Spring အရပ်တွင် ကွယ်လွန်အနိစ္စ ရောက်သွား တယ်လို့ နီးစပ်သူ တဦးက ပြောပါတယ်။ ပန်းချီပေါ်သိမ်းဟာ ရွှေဘိုနယ်က ဖြစ်ပြီး ၁၉၄၇ ခုနှစ်က မွေးဖွားခဲ့ ပါတယ်။



ဒေါက်တာသန်းငြိမ်း ကွယ်လွန်

Wednesday, May 21, 2014 0 comments

 ~

 

အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) ကို တည်ထောင်သူ ဒေါက်တာသန်းငြိမ်း ဒီမနက် ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။

 



ဦးသန်းတင် ကွယ်လွန်ခြင်း

Tuesday, February 18, 2014 0 comments

~


ဒီမိုကရေစီအရေးလှုပ်ရှားသူတဦးဖြစ်တဲ့ ဦးသန်းတင် မနေ့ညက ကွယ်လွန်းသွားကြောင်း သိရပါတယ်။ ဒီအကြောင်း 
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက စာတစောင် ထုတ်ပြန်ထားတာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


 -
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က
ဦးသန်းတင် ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်း မှတ်တမ်း
=================================
 -
  ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလ ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူ (ဦး)သန်းတင် (ခေါ်) ကိုကြီးသန်းသည် ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်၊ ညဉ့် ၁၁း ၄၈ နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ လမ်း ၂၀ ရှိ Noble Square ဆေးရုံတွင် အသည်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သိကြရပါသည်။

(ဦး)သန်းတင်သည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလ ကတည်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (မကသဖ) တွင် ပြန်ကြားရေး၊ ပုံနှိပ်ထုတ်ဝေရေး တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ အရေးအခင်းအပြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(မကသ) တွင်လည်း ဆက်လက်တာဝန်ယူခဲ့ပါသည်။ ထိုသို့ တာဝန်ယူစဉ် ကာလများတွင် တပ်မတော် ထောက်လှမ်းရေး၏ ဖမ်းဆီး၊ စစ်ဆေးမေးမြန်း၊ နှိပ်စက်မှုများကို ၂ ကြိမ် ခံခဲ့ရသည်။

(ဦး)သန်းတင်သည်
၂၀၀၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့သော "၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့" တွင် စတင်ဖွဲ့စည်းစဉ်မှ စ၍ ဆက်တိုက်ပါဝင်ခဲ့ပြီး နိုင်ငံရေးကျပ်တည်းမှုကာလ ၂၀၀၆ - ၂၀၀၇ ခုနှစ် များ၌ ၈၈မျိုးဆက်ကျောင်းသားများ ပြုလုပ်ခဲ့ကြသည့် Prayer campaign , Signature campaign , White campaign စသည့် လှုပ်ရှားမှုများတွင် ရှေ့တန်းမထွက်ခဲ့ဘဲ နောက်တန်းမှ အလုံးစုံ အနီးကပ် ကူညီဖြည့်ဆည်းပေးသွားသူ တစ်ယောက်ဖြစ်သည်။

၂၀၀၇ ခုနှစ် သြဂုတ်လတွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် မရှေးမနှောင်း ဆိုသလိုမှာပင် အဖမ်းဆီးခံ ခဲ့ရသည်။
၎င်းနောက် ၂၀၀၈ ခုနှစ် တွင် ၈၈မျိုးဆက်ကျောင်းသားများနှင့် အတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခြင်း ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

လွတ်မြောက်ပြီးနောက်ပိုင်းတွင်လည်း ၈၈မျိုးဆက်တို့၏ လှုပ်ရှားမှုများတွင် အကြံပြုရင်း ဆက်လက်ပါဝင်ခဲ့သည်။

(ဦး)သန်းတင်သည် ၂၀၁၃ ခုနှစ်တွင် ကျန်းမာရေး အရ နိုင်ငံရေးလုပ်ငန်းများမှ အနားယူခဲ့ပြီးနောက် ဆေးဝါးကုသမှု ခံယူခဲ့သည်။

ထို့နောက်တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ လမ်း ၂၀ ရှိ Noble Square ဆေးရုံ၌ အသည်းကင်ဆာ ဝေဒနာဖြင့် တက်ရောက်ကုသနေစဉ် ယမန်နေ့ ဖေဖော်ဝါရီလ၊ ၁၇ ရက်၊ ညဉ့် ၁၁း ၄၈ နာရီတွင် အသည်းကင်ဆာ ဝေဒနာဖြင့် ကွယ်လွန်သွားခဲ့ပါသည်။

"၈၈မျိုးဆက်ကျောင်းသားများ" အဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် အချိန်ကတည်းက ပါဝင်ခဲ့ပြီး နောက်တန်းမှ အစဉ်တစိုက် ပန့်ပိုးကူညီပေးခဲ့သည့် ကိုသန်းတင် (ခေါ်) ကိုကြီးသန်း ကွယ်လွန် အနိစ္စရောက်ခြင်းအတွက် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ အထူးဝမ်းနည်းကြေကွဲမိကြရပါသည်။
 



.


AK 47 တီထွင်သူ ကွယ်လွန်

Tuesday, December 24, 2013 0 comments

~


  ကမ္ဘာကျော် AK 47  အမျိုးအစား သေနတ် တီထွင်သူ တနင်္လာနေ့က ကွယ်လွန်သွားပါပြီလို့ နိုင်ငံတကာသတင်းတွေမှာ ရေးကြပါတယ်။
သူ့အမည်က Mikhail Kalashnikov ဖြစ်တယ်၊ အသက် ၉၄ နှစ် ရှိပြီလို့ ဆိုတယ်။ 
 


နယ်ဆင်မန်ဒဲလားရဲ့ ဈာပန ( ရုပ်/သံ)

Monday, December 16, 2013 0 comments

တောင်အာဖရိကရဲ့ အသားအရောင်ခွဲခြားရေး တိုက်ဖျက်ရေး ခေါင်းဆောင်၊ တောင်အာဖရိက သမ္မတ
ဟောင်း ကွယ်လွန်သူ နယ်ဆင်မန်ဒဲလားရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလပ်ကို ငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့တဲ့ Qunu ကျေးရွာမှာ မနေ့က သဂြိုလ်ပြီးသွားပါပြီ။ 


လက်ရှိ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမားကလည်း ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲသူရဲကောင်းကြိး မန်ဒဲလားကို ဥာဏ်အမြော်အမြင်ကြီးမားသူအဖြစ် ချီးမွမ်းဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ 

၂၁ ရာစုမှာ အကြီးကျယ်ဆုံး ဈာပန အခမ်းအနား တခုဖြစ်ပြီး နိုင်ငံတကာ သမ္မတတွေ၊ သမ္မတဟောင်း
တွေ၊ ဝန်ကြီးချုပ်တွေနဲ့ ကမ္ဘာအရပ်ရပ်က ထင်ရှားကျော်ကြားသူတွေ စုံစုံလင်လင် တက်ရောက်ကြပါ တယ်။ 

ရိုက်တာသတင်းဌာနက တင်ပြသွားတဲ့ နောက်ဆုံး ဈပန ရုပ်/သံကို ဂုဏ်ပြုကြည့်ရှုနိုင်ပါတယ်။

  




အိမ့်သံစဉ် ~ 





ကွယ်လွန်သူ သတင်းထောက် မိုးသူအောင်

Tuesday, November 26, 2013 0 comments

~


 


မကြာသေးခင်က ကွယ်လွန်သွားတဲ့ သတင်းထောက် မိုးသူအောင် နာရေးကြော်ငြာကို သတင်းစာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။  



မိုးသူအောင်အကြောင်း တစေ့တစောင်း ရေးသားထားတဲ့ မှတ်ချက်ကိုလည်း ကူးယူ ဖော်ပြလိုက်ပါတယ်။
Facebook မှာ
သူ့မိတ်ဆွေ သတင်းသမား Thiha Thwe  ရေးထားတာတွေထဲက ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။
မိုးသူအောင်ဆိုတာ ၊ ပဲခူးတိုင်း နတ္တလင်းမှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်း တွေဖြစ်တုန်း ၊ သတင်းယူပြီး အပြန် ၊ အကာကွယ်မဲ့၊အကူအညီ မဲ့ဖြစ်ပြီး အသက်အန္တရယ် ပါရင်ဆိုင်နေ ရတဲ့ မွတ်စလင် အမျိုးသားတစ်ယောက်ကိုသူ့ ကားပေါ်မှာ ဖွက်ပြီးဘေးလွတ်ရာအထိခေါ်လာပေးခဲ့တဲ့ ဗုဒ္ဒ္မဘာသာ လူငယ်သတင်းထောက်ကလေးပေါ့ကွာ။
သူ့ အတွက်လည်း အန္တရယ်မကင်း မှန်းသိပေမယ့် အရွယ်လေးနဲ့ မလိုက်အောင် လူသားဆန်ပြီး စာနာစိတ်၊ ကူညီလိုစိတ်ပြင်းထန်လို့ ၊ သူသူ ကိုယ်ကိုယ် မလုပ်ရဲတဲ့ အလုပ်ကို ရဲရဲ ဝင့်ဝင့်သူလုပ်ခဲ့လို့ ညီမ ကိုယ်တိုင် ကျေးဇူးတင်ပါတယ် အကို လို့ ပြောခဲ့ တဲ့ ညီလေးပေါ့ ။
ဗမာလူမျိုး၊ ဗုဒ္မ္ဂဘာသာ၊ သတင်းထောက်စစ်စစ် ၊ အသက် ၂၃နှစ် ပဲရှိသေးတယ်။
မိုးသူအောင်က သူ့Facebookမှာ  နောက်ဆုံး ရေးသွားတာက ဒီလိုပါ...
လာမယ့် သုံးရက်အတွင်းကိုနေ့စဉ်ပုံမှန်အလုပ်
သုံးရက်ကြာတရားပွဲ
နိုင်ငံခြားသား ခရီးစဉ်
အသိတစ်ယောက်ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲနဲ့
အခုမှပြုံကျလာတာခက်တယ် ခက်တယ်။
ဒီကြားထဲသတင်းတွေက ထူးနေတော့ ခက်ပါ့ဗျဲာ

အဲဒီ ဒိုင်ယာရီဆန်ဆန် နောက်ဆုံးရေးသားချက်ကို ဖေ့စ်ဘုတ်မှာ မှတ်ချက် ၂ဝဝ လောက် ပေးထားတာ တွေ့ရပါတယ်။



.


ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့် ကွယ်လွန်

Monday, November 25, 2013 0 comments

ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့် ( အသက် ၈၄ နှစ်) သည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါသည်။ 

 ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်/၈၈

နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား မြန်မာ့သမိုင်း စာမျက်နှာသစ်ဖွင့်လှစ်သည့်အနေဖြင့် အဓိက ပံ့ပိုးတည်ထောင်ခဲ့သူများထဲက တဦးအပါအ၀င်ဖြစ်သည်။ ထို့အပြင်နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်ပြီး အကြိမ်ကြိမ် ထောင်ဒဏ်ကျခံခဲ့ရသူလည်းဖြစ် သည်။ 

၁၉၇၀ ခုနှစ်ကျော်ကာလ ဦးနု၏ ပါလီမန် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး CRDP အဖွဲ့တွင် ပါဝင် ခဲ့ပြီး ပြည်ချစ်လူငယ်များ အစည်းအရုံးခေါင်းဆောင်တဦးလည်းဖြစ်သည်။ 

ထိုစဉ်က ပြည်ချစ်လူငယ်များ အသံလွှင့်ဌာနတွင် သတင်း၊ သတင်းသုံးသပ်ချက်များကို ၀ါရင့်နိုင်ငံရေး သမား ဦးသုဝေနှင့်အတူ တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ 

ကွယ်လွန်သူ ဦးထွေးမြင့်၏ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇)ရက်နေ့ (အမျိုးသားအောင်ပွဲနေ့) ညနေ(၄း၀၀) နာရီအချိန် တွင် ရေဝေး အအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ပါသည်။  

ဦးထွေးမြင့်၏ မိသားစု အိမ်လိပ်စာမှာ အိမ်အမှတ် (၂၂၇၉)၊ ဟေမာဂနိုင်လမ်း၊ မင်းကွန်းတောရ အလယ်
ပေါက်၊ အင်းစိန်၊ ဘို့ကုန်း ရပ်ကွက် ဖြစ်ပါတယ်။ 


ဆက်စပ်သတင်း 


ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ကွယ်လွန်





အင်အား အယ်ဒီတာချုပ် စစ်ကိုင်းကြည်ညွန့် ကွယ်လွန်

Friday, November 8, 2013 0 comments

~


အင်အား အယ်ဒီတာချုပ် ဦးကြည်ညွန့် မနေ့တုန်းက ရန်ကုန်မြို့မှာ ကွယ်လွန်သွားတယ်လို့ ဒီကနေ့ထုတ် သတင်းစာနာရေးကြော်ငြာတခုမှာ ဖော်ပြထားပါတယ်။


လွှတ်တော်ကိုယ်စားလှယ် ဦးကြည့်မြင့် ကွယ်လွန်

0 comments


~


 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ကြာသပတေးနေ့က ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။
 



ကာတွန်းဆရာကြီး ဦးအောင်ရှိန် ဈာပန

Saturday, November 2, 2013 0 comments


~


 

ကာတွန်းဆရာကြီး ဦးအောင်ရှိန်ရဲ့ ဈာပနကို ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ သောကြာနေ့ ညနေပိုင်းက ကျင်းပပြုလုပ်ရာမှာ မိသားစု ဆွေမျိုးများ၊ မိတ်ဆွေများ၊ စာပေလောကသားများ တက်ရောက်ကြပါတယ်။

  ဆရာကြီးက အသက် ၈၆ နှစ် အရွယ်မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။


စာနယ်ဇင်းဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်း ကွယ်လွန်

Thursday, October 17, 2013 0 comments

~


ဦးစိန်ဝင်း (ဂါးဒီးယန်း)
Kyodo News
အသက် (၉၂) နှစ်၊
ကျောင်းကုန်းမြို့



ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်

Monday, September 30, 2013 0 comments

ဆရာကြီး ဦးဂိုအင်ဂါ ( အသက် ၉၀ နှစ်)ဟာ ယမန်နေ့ ည ၁၀ နာရီ မိနစ် ၄၀ က အိန္ဒိယနိုင်ငံ မွန်ဘိုင်
( ဘုံဘေ) မြို့ နေအိမ်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန် အနိစ္စ ရောက်သွားပါတယ်။ 


 
ဆရာကြီး ဦးဂိုအင်ဂါဟာ ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ၁၉၆၉ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အခြား ကမ္ဘာ့နိုင်ငံတွေမှာ ၀ိပဿနာ တရားစခန်းတွေ များစွာ ဖွင့်လှစ်သင်ကြားပေးခဲ့သလို လူမှုကူညီရေး လုပ် ငန်းတွေလည်း များစွာ လုပ်ဆောင်ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ အကျဉ်းထောင်တွေထဲမှာ တရားစခန်းတွေ ဖွင့်လှစ်သင်ကြားပေးခဲ့မှုတွေကြောင့် သက်ဆိုင်ရာ အကျဉ်းထောင် ၀န်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား လူမှု ဆက်ဆံရေး ချောမွေ့ပြေပြစ်မှု ရှိလာပြီး အုပ်ချုပ်ရေးအတွက် ကြီးမားတဲ့ အထောက်အကူဖြစ်ခဲ့တာတွေကလည်း လူအများသိကြပါတယ်။ 

ဆရာကြီးဟာ ၀ိပဿနာ သုတေသန စင်တာကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ ၁၉၂၄ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့က မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ခေါင်းကိုက် ဝေဒနာ စွဲကပ်ရာက ဆရာကြီး ဦးဘခင်ထံ တပည့်ခံခဲ့ပြီးနောက် ဗုဒ္ဓဘာသာ ဖြစ်လာခဲ့ပြီး တရား ဓမ္မများ ကို ပြန်လည် မျှဝေဟောပြောပို့ချလာခဲ့တာ ကွယ်လွန်အချိန်ထိ ဖြစ်ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါဟာ အင်္ဂလိပ်၊ ဟိန္ဒိ ဘာသာတွေနဲ့ စာရေးခြင်း၊ ကဗျာ ရေးခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါရဲ့ ဆယ်ရက် ၀ိပဿနာ သင်ခန်းစာ ဆိုတဲ့ စာအုပ်ဟာ ကမ္ဘာအနှံ့ လူသိများပါတယ်။ မကြာသေးမီကပဲ အိန္ဒိယနိုင်ငံက အရပ်သားဆိုင်ရာ တတိယမြောက်အမြင့်ဆုံး ဖြစ်တဲ့ Padma Bhushan ဆုကို ချီးမြှင့်ခဲ့ပါသေးတယ်။ 

ဆရာကြီး ဦးဂိုအင်ဂါ ကွယ်လွန်သွားခြင်းဟာ ဗုဒ္ဓဘာသာ စစ်စစ် ပြန့်ပွားရေးအတွက် ဆုံးရှုံးမှုကြီး တခုလည်း ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

စာရေးဆရာ၊ ကဗျာဆရာ ဒဂုန်တာရာ ကွယ်လွန်

Monday, August 19, 2013 0 comments

စာရေးဆရာ၊ ကဗျာဆရာ ဒဂုန် တာရာ ခေါ် ဦးဋ္ဌေးမြိုင် ( ၁၉၁၉-၂၀၁၃ ခုနှစ်) ဟာ ယနေ့ နေ့လယ်ပိုင်း ၁  နာရီကျော် လောက်က အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။



ငြိမ်းချမ်းရေးသမားကြီးလို့ အများက သတ်မှတ်ထားတဲ့ စာပေပညာရှင်လည်းဖြစ် တဲ့ ဆရာ ဒဂုန်တာရာကို ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့က ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်၊ မွန်ကျေး ရွာဖြစ်တဲ့ ထိုင်ကူ မြစ်တန်းရွာမှာ မွေးဖွားခဲ့ပါတယ်။

ဆရာ ဒဂုန် တာရာရဲ့ ကလောင်အမည်ခွဲတွေကတော့ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်လင်းထက်၊ ဗညားသီဟ၊ ဦးဒဂုန် စတာတွေ ဖြစ်ပါတယ်။

ငယ်စဉ်က ရန်ကုန်မြို့ ၇ လမ်း အောင်ဇေယျ မင်္ဂလာ မြန်မာစာသင်ကျောင်းမှာ ပညာစတင်ဆည်းပူးခဲ့တဲ့ ဆရာ ဒဂုန် တာရာဟာ ကျိုက်လတ်မြို့ အမျိုးသား ကျောင်းမှာ ၁၉၂၇ ခု နှစ် ကနေ ၁၉၃၆ ခုနှစ်ထိ လည်းကောင်း၊ ရန်ကုန်မြို့ ရေ ကျော် မက်သဒစ်ကျောင်းမှာ ၁၉၃၆ ခုနှစ်၊ ၃၇ ခုနှစ်မှာ ပညာ သင်ကြားခဲ့ ပါတယ်။


ဆရာ ဒဂုန်တာရာဟာ ၁၉၃၇ ခုနှစ်မှာ မက်ထရစ် ( ဆယ်တန်း) အောင်မြင်ခဲ့ပြီး ၁၉၃၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာသင်ကြားခဲ့ပါတယ်။

 မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ရေနံမြေ စည်းရုံးရေး ကိုယ်စား လှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ တာဝန်များကိုလည်း ဆောင်ရွက်ခဲ့ ပါတယ်။

ဒီအပြင် တရုတ် - မြန်မာ မိတ်ဆွေအသင်းချုပ်၊ ဆိုဗိယက်-မြန်မာ ယဉ်ကျေးမှုနှင့် မိတ်ဆွေ အသင်းချုပ်၊ ကမ္ဘာ့ ငြိမ်း ချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီတွေမှာလည်း ထမ်းဆောင် ခဲ့ပြီး မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂ ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ပါတယ်။

၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီ လထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင် အမည်ဖြင့် မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့ပြီးနောက် ဒဂုန်တာရာ အမည်ကို ခံယူခဲ့တာပါ။

၁၉၄၆ ခုနှစ်မှာ တာရာ မဂ္ဂဇင်းကို စတင် ထုတ်ဝေ ခဲ့ပြီး နောက်ပိုင်း ကလောင်အမျိုးမျိုးနဲ့ စာပေဝေဖန်ရေး
တွေလည်း ရေးသားခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်က ၀တ္တုတိုပေါင်းချုပ်ဆု ရရှိခဲ့ပြီး ၂၀၀၁ ခုနှစ်ကလည်း ပခုက္ကူ ဦးအုန်းဖေ တသက်တာ စာပေဆုလည်း ရရှိခဲ့ပါတယ်။

ဆရာ ဒဂုန်တာရာ ရေးသားခဲ့သည့် စာအုပ်များမှာ


  1. ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
  2. ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
  3. စံပယ်ဦး - ၁၉၆၁ ခုနှစ်
  4. စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါ ကားလိပ် - ၁၉၇၄ ခုနှစ်
  5. စာပေ သဘော တရား၊ စာပေ ဝေဖန်ရေး၊ စာပေ လှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
  6. စန္ဒရား ဆရာ သို့မဟုတ် မဟာ အချစ် - ၁၉၉၅ ခုနှစ်
  7. စိမ်းမြ ဧရာ - ၁၉၉၄ ခုနှစ်
  8. တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်း
  9. ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
  10. ဒဂုန် တာရာ ဝတ္ထုတို ပေါင်းချုပ် - ၁၉၆၉ ခုနှစ်
  11. ဒဂုန် တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
  12. တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
  13. ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ - ၁၉၉၇ ခုနှစ်
  14. မာယာ - ၁၉၉၁ ခုနှစ်
  15. မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
  16. မေ - ၁၉၇၄ ခုနှစ်
  17. ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
  18. လရောင် ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
  19. လရောင် ရွှန်းမြသော ညတညနှင့် အခြား ဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
  20. သဇင် သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
  21. သုနာပရန္ဈ - ၁၉၉၅ ခုနှစ်
  22. အလင်္ကာ ကဗျာ ပေါင်းချုပ် - ၁၉၆၂ ခုနှစ်
  23. အိပ်မက် အပြင်ကလူ - ၁၉၉၆ ခုနှစ်
  24. အယ်ဒီတာ စားပွဲ၊ စာပေ အနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
  25. ဧရာဝတီ ယန်စီ ဗော်လဂါ - ၁၉၇၂ ခုနှစ်





အိမ့်သံစဉ် ~


.


 

စာရေးဆရာ မင်းလူ ကွယ်လွန်

Thursday, August 15, 2013 0 comments

စာရေးဆရာ၊ ကဗျာ ဆရာ မင်းလူ ( ၆၀ - နှစ်) ဟာ ရန်ကုန်မြို့ ၀ိတိုရိယဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့  သြဂုတ်လ ၁၄ ရက်နေ့  ည သန်းခေါင်လောက်က ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။ 


 ဆရာမင်းလူ၊ ဓာတ်ပုံ- ယုယ

သမီးဖြစ်သူ မယုယရဲ့ ဖေ့စ်ဘုတ်မှာ "အဖေဆုံးပြီ" လို့ အသိပေးထားပါတယ်။ 

ကွယ်လွန်ချိန် မှာ ဇနီး ဒေါ်စန်းစန်းအောင်နဲ့ သမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးလည်း ဖြစ်တဲ့ ဆရာမင်းလူဟာ " ဘာတွေ ဖြစ်ကုန်ကြပြီလဲ" ဆိုတဲ့ ကဗျာရေးသားမှုကြောင့် ထောင်နန်းစံခဲ့ရပါတယ်။ ဆရာမင်းလူဟာ ၀တ္တု၊ ၀တ္တုတို၊ ကဗျာ၊ ဆောင်းပါး စတာတွေ ကို ရေးသားခဲ့သလို ရုပ်ရှင်၊ ဇာတ်ညွှန်းတွေလည်း ရေးခဲ့ပြီး ဒါရိုက်တာလည်း လုပ်ဆောင်ခဲ့သူပါ။ 

ကဗျာဆရာအဖြစ်ကိုပိုမြတ်နိုးသူ ဆရာ မင်းလူကို ၁၉၅၄ - ခုနှစ်၊ မေလ၀ ၁၈ ရက်နေ့မှာ စာရေးဆရာ ဒါရိုက်တာ ဦးသာဓုနဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညိုတို့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာပါ။

မွေးချင်း ၄ ဦး ရှိပြီး အငယ်ဆုံးသားလည်းဖြစ်ကာ ငယ်နာမည် မောင်ဥာဏ်ပေါ်လို့ ခေါ်ပါတယ်။

ဆရာမင်းလူရဲ့ ဘာတွေ ဖြစ်ကုန်ကြပြီလဲ ဆိုတဲ့ ကဗျာကို အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဘာတွေ ဖြစ်ကုန်ကြပြီလဲ – မင်းလူ(၁၉၈၉)

(၁)အော်…… ဒုက္ခ ဒုက္ခ
သူတို့ကြီးစိုးတဲ့ခေတ်မှာ
အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ
ဝတ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။
(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို
ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား
(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။
(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..။
(၅)
သူ့ရဲ့ အနှစ်သက်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရ”တဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့ ။
(၆)
ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ဘီလူးသွားကို လဖြဲ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ……..။

မင်းလူ(၁၉၈၉)



 ဆရာမင်းလူ၏ အတ္တုပတ္တိအကျဉ်း

၁၉၅၉ - ၁၉၆၈ - စိန်ပေါအထက်တန်းကျောင်း(နောင် အ့ထ့က-၆ (ဗိုလ်တစ်ထောင်))၌ ပညာသင်ကြားခဲ့သည်။
၁၉၆၈ - ၁၉၇၂ - အ့ထ့က(၁)သင်္ဃန်းကျွန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့ပြီး အခြေခံပညာအထက် တန်းအောင်မြင်ခဲ့သည်။ ကျောင်းသားဘ၀တွင် စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှုးနှင့် သိပံ္ပပညာအသင်း တွဲဖက်အတွင်းရေးမှုးအဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၇၂ - ၁၉၇၇ - ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားပြီး ၀ိဇ္ဇာဘွဲ့(ဒဿနိကဗေဒ)ရရှိခဲ့။ တက္ကသိုလ် နံရံကပ်စာစောင်နှင့် နှစ်ပတ်လည်မဂ္ဂဇင်းတို့တွင် ''တောရကျောင်းဘုန်းကြီး'' အမည်ဖြင့် ကဗျာများရေးခဲ့သည်။
၁၉၇၆ - ရုပ်ရှင်ပဒေသာမဂ္ဂဇင်း၌ ၀တ္ထုတိုစတင်ဖော်ပြခံရပြီး စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ ကျောင်းတက် ရင်း စာအုပ်ထုတ်ဝေရေးလုပ်ငန်း လေ့လာလုပ်ကိုင်ခဲ့သည်။
၁၉၇၇ - မင်းလူအမည်ဖြင့် ''ပန်းကျောင်း''လုံးချင်းဝတ္ထု ထွက်ခဲ့။
၁၉၇၈ - ''သာဓုအင်ဆန်း''(စုပေါင်း)စာအုပ်ထွက်ခဲ့။ ''အချစ်လားဟေ့ ၀င်ခဲ့လေကွယ်'' ကဗျာစာအုပ်ထွက်ခဲ့။
၁၉၇၉ - ''ချစ်သောပန်းကလေးများ'' ၀တ္ထုလုံးချင်းထွက်ခဲ့။ သူငယ်ချင်း ကဗျာဆရာများနှင့်တွဲ၍ ကဗျာစာအုပ် များထွက်ခဲ့။
၁၉၈၁ - မစန်းစန်းအောင်(တက္ကသိုလ်စာကြည့်တိုက်ဝန်ထမ်း)နှင့် လက်ထပ်ခဲ့။ (သမီးနှစ်ဦးထွန်းကားခဲ့)။ ''အချစ်သည် သက်တော်ရာကျော်ရှည်ပါစေသတည်း'' စာအုပ်ထွက်။ ''ငှက်ကလေး''၀တ္ထုထွက်။
၁၉၈၂ - ''နှစ်ကိုယ်ခွဲ''
၁၉၈၃ - သံယောဇဉ်အဖွဲ့၊ မိညီမ ထွက်။
၁၉၈၄ - ''လွမ်းရအောင်''၀တ္ထုထွက်။
၁၉၈၅ - ''ကျွန်တော်ကျွန်မတို့သည်''၀တ္ထုထွက်။ ''အချစ်အလွမ်းစွန့်စားခန်း''-၀တ္ထုထွက်။
၁၉၈၆ - သူတို့ပျော်ကြလေပြီ၊ သူကလည်းသူ ကျွန်တော်ကလည်းကျွန်တော်၊ ခုနစ်စဉ်အလွမ်း၊ မင်းမဆိုး ပါဘူး စသောလုံးချင်းဝတ္ထုများ ဆက်တိုက်လိုလိုထွက်ခဲ့။
၁၉၈၇ - ''ချစ်မှာလားကွယ်၊ ကြိုက်မှာလားကွယ်''၀တ္ထုထွက်။ မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ရယ်၊ သုံးနား ညီ၊ ရယ်စရာမောစရာ-ထွက်။
၁၉၈၈ - ''ရင်ခုန်သူများ''၀တ္ထုထွက်။
၁၉၈၉ - ''ရင်ထဲကဆောင်းရာသီ''၀တ္ထုထွက်၊ ''ဖော်ကွာဝေး'' ထွက်။
၁၉၉၀ - ''ဘာမှမတတ်နိုင်ဘူး'' ''သူငယ်ချင်းတစ်ယောက်အကြောင်း''၀တ္ထုထွက်။
၁၉၉၂ - ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ်ညွှန်းများ စတင်ရေးသား။
၁၉၉၄ - ''အချစ်ရူးကြီးရူးတော့သည်'' ၀တ္ထုထွက်။ ''သံမဏိဝတ်မှုန်နှင့် လတ်ဆတ်သောဝတ္ထုများ''(စုပေါင်း)ထွက်။
၁၉၉၅ - ''လမ်းဖြတ်ကူးသောဝတ္ထုတိုများ''။ လွန်လေပြီးသောနှလုံးသား(မဂ္ဂဇင်းဝတ္ထုရှည်များ) ၀တ္ထုများထွက်။
၁၉၉၆ - ချစ်မြှားရှင်ချစ်စေသတည်း၊ ငိုးအားနှင့်ရယ်အား၊ သံယောဇဉ်အဖွဲ့၊ အချစ်သက်သက်ဝတ္ထုတိုများ၊ အတွေ့လေးရယ်မှအိုအကြုံ။ ''အမုန်းခွန်အားဝတ္ထုများ၊ အမုန်းအလိုမရှိ စသောဝတ္ထုများထွက်။
၁၉၉၇ - ''ရင်မောခြင်းနှင့်ရယ်မောခြင်း''၀တ္ထုထွက်။
၁၉၉၉ - ''ချစ်တယ်ကြိုက်တယ်ဆိုတာ ဘယ်လိုဟာများခေါ်ပါသလဲလို့ မောင်ဘုရားကိုပြောစမ်းပါ နှမတော် လေးရယ်နှင့် အခြားဝတ္ထုတိုများ''(စုပေါင်း)၊ ပြောတိုင်းယုံတဲ့ပုတ်သင်ညို၊ ယမကာလုလင်၊ ရယ်မောခြင်းလက်ရွေး စင်၊ရွှေရောင်မမရဲ့ပုံတူ(စုပေါင်း) စာအုပ်များထွက်။
၂၀၀၀-ပြည့် - အမည်မဖော်လိုသူအချစ်၊ ရေတမာ၊ ဦးမင်းလူကောင်းမှု၊စာအုပ်များထွက်။
၂၀၀၁ - စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်နှင့် အခြားဝတ္ထုတိုများ၊ စာပေလေလံပွဲ၊ အက်ဆေးချစ်သူ စသော စာအုပ်များထွက်။
မင်းလူသည်  ရုပ်ရှင်ဇာတ်ညွှန်းများစွာ ရိုက်ကူးခြင်းခံခဲ့ရပြီး အများစုကို ကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့သည်။

Min Lu fan page မှ ဖော်ပြချက်ကို ပြန်လည်  ကူးယူဖော်ပြသည်။ 


အိမ့်သံစဉ် ~

လူရွှင်တော် ဦးပါပါလေး ကွယ်လွန်

Friday, August 2, 2013 0 comments

.

လူရွှင်တော် ဦးပါပါလေး ယနေ့ နေ့လယ်ပိုင်းက  မန္တလေးဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ဌာနတွင် ဆီးကြိတ်ကင်ဆာဖြင့် ကွယ်လွန်သွားသည်။ 
ကွယ်လွန်ချိန်တွင် အသက်၆၇နှစ်ရှိပြီဖြစ်သည်။


ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ


လူရွှင်တော် သက်တမ်း ၅၄နှစ်ကျော်အတွင်း နိုင်ငံရေးပြက်လုံးများကြောင့် လူသိများခဲ့သည်။

၁၉၉၆ ခုနှစ်က ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်၏  ခြံဝင်းအတွင်း ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဦးပါပါလေး၏အငြိမ့်လည်း ပါဝင် ကပြခဲ့သည်။
ရလဒ်အားဖြင့် သူနှင့် လုပ်ဖော်ကိုင်ဘက်များ အထိန်းသိမ်းခံခဲ့ရသည်။
အလုပ်ကြမ်းနှင့် ထောင်၇နှစ် ချမှတ် ခံခဲ့ရပြီး နှစ်အတန်ကြာတွင် လူရွှင်တော် ဦးပါပါလေး ပြန်လည် လွတ်မြောက်လာသော်လည်း စစ်အစိုးရက သူ၏ အနုပညာလှုပ်ရှားမှုများကို ကန့်သတ်ခြင်းဖြင့် ပရိသတ်နှင့် အဆက်ဖြတ်ခဲ့သည်။

သို့သော်လည်း ဦးပါပါလေးနှင့် လုပ်ဖော်ကိုင်ဘက်များသည် နေအိမ်တွင် နိုင်ငံရေးပြက်လုံးများ ပြက်ကာ ကမ္ဘာလှည့်ခရီးသည်တို့ကို ဖျော်ဖြေတင်ဆက်ခြင်းဖြင့် ၀င်ငွေရှာခဲ့သည်။

လူရွှင်တော် ဦးပါပါလေးတွင် သားသမီး မထွန်းကားခဲ့ပေ။
ကွယ်လွန်ချိန်တွင် ချစ်ဇနီး မြို့တော်ဒေါ်ဝင်းမာ ကျန်ရစ်သည်။ 

ပိတ်ပင်ခံခဲ့ရတဲ့ ပါပါလေးတို့ ပွဲမိန့်ရချင်တယ်၊ တင်ဆက် ကပြချင်တယ် လို့ ပြောခဲ့တဲ့အကြောင်း ဧရာဝတီ သတင်းတပုဒ်မှာ တွေ့ရမှာပါ။ http://burma.irrawaddy.org/archives/7860 မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။



.


ဦးအောင်သောင်းဇနီး ဒေါ်ခင်ခင်ရီ ကွယ်လွန်

Monday, July 15, 2013 0 comments


ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ရီ  သောကြာနေ့က ကွယ်လွန်သွားတယ်၊ တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သတင်းစာ နာရေး ကြော်ငြာများအရ သိရှိရပါတယ်။
ဒေါ်ခင်ခင်ရီ ကွယ်လွန်တဲ့အတွက် ဝမ်းနည်းခြင်း သဝဏ်လွှာကြော်ငြာအများအပြားကို  ကြေးမုံ၊ မြန်မာ့အလင်း၊ ပြည်ထောင်စုနေ့စဉ် သတင်းစာများမှာ ဒီရက်ပိုင်း တွေ့ကြရမှာပါ။

ပြီးခဲ့တဲ့လ ဦးအောင်သောင်းနဲ့ ဧရာဝတီ အင်တာဗျူးတခု http://burma.irrawaddy.org/archives/42223 မှာ သူ့ဇနီးသည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ဖူးပါတယ်။

ဒေါ်ခင်ခင်ရီ ကွယ်လွန်ချိန်မှာ အသက် ၈၀ ရှိပြီ ဖြစ်ပါတယ်။ 


.


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved