Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ

Tuesday, January 12, 2016 0 comments


ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် - http://goo.gl/xvfmZR


ရခိုင်ယဉ်ကျေးမှုရိုးရာ သတို့သမီးဝတ်စုံနှင့် မြန်မာအလှမယ် စီစီအေးကို(ဓာတ်ပုံ - ကိုဝေယံအောင်ဖေ့ဘုတ်မှ)


လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် အနုပညာရှင်များနဲ့ လူငယ်လှုပ်ရှားသူတို့ရဲ့ ရင်ဖွင့်သံ

Monday, December 28, 2015 0 comments

ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား လူငယ်နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် အနုပညာရှင်တချို့နဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူငယ်ရေးရာ တက်ကြွလှုပ်ရှား ဆောင်ရွက်နေသူတဦးရဲ့ အမြင် တို့ကို ဧရာဝတီသတင်းထောက် သီဟတိုးနဲ့ ယုမွန်ကျော်တို့က မေးမြန်းထားပါတယ်။

တေးရေး ရွှေဂျော်ဂျော် 

တေးရေးဆရာ ရွှေဂျော်ဂျော် 

ပုံမှန် မြန်မာပြည်သူတယောက်အနေနဲ့ အရမ်းစိတ်မကောင်း ဖြစ်ရတာပေါ့၊ မခံချင်စိတ်လည်း ဖြစ်ရတာပေါ့။ တကယ့်ပြသနာမှာ ဘယ်လောက် ဘယ်သူက တကယ့် အသေးစိတ်ကို ကိုယ်ကိုယ်တိုင် မသိရှိတဲ့အတွက် ကြောင့်ရယ်၊ ကိုယ့်ထက်ပိုပြီး တာဝန်ရှိတဲ့လူတွေက ဘယ်လို ဆောင်ရွက်မှာလဲ မသိတဲ့ အတွက်ကြောင့်ရယ်၊ ခံစားဖို့တော့ ခက်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ဟာ အကူးအပြောင်း ကာလလည်းဖြစ်တယ်။ ကိုယ့်ထက်ပိုပြီး တာဝန်လည်းရှိတယ်၊ ကိုယ့်ထက်ပိုလည်း လက်လှမ်းမှီတဲ့သူတွေက ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူးပေါ့။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးပေါ့။

အဆိုတော် သားစိုး 

အဆိုတော် သားစိုး

ဒါကတော့ သူတို့ တကယ်ပဲ ကျူးလွန်လား မကျူးလွန်ဘူးလားဆိုတာ သူတို့အသိဆုံးပါပဲ။ တရားကိုလည်း နတ်စောင့်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ကြီးက အရာရာမှာနောက်ကျနေတဲ့ ဆင်းရဲသား တိုင်းပြည်ဖြစ်နေတယ်။ လမ်းထဲမှာတောင် ဆင်းရဲသားလမ်းလျှောက်သွားတာနဲ့ သူဌေးလမ်းလျှောက်သွားတာ တူမှမတူတာပဲလေ။ သူဌေးလမ်းလျှောက်ရင် “သူဌေး မင်းဘာလုပ်နေတာလဲ”ပေါ့ ဆင်းရဲသားလမ်းလျှောက်ရင် “ဟာ မင်းဘာလုပ်နေတာလဲ မင်းဘာခိုးမလို့လဲ” လို့မေးကြတယ်။ ဆင်းရဲသားတိုင်းပြည်က လူတွေဆိုတော့လည်း ဒါမျိုးတွေ့ကြုံ့ရတာ မဆန်းပါဘူး။ ဒါမျိုးတွေ မကြုံ့တွေ့ချင်ဘူးဆိုရင် ကိုယ့်ဘာသာကြိုးစားကြဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်နယ်ပယ် ကိုယ့်လုပ်ငန်းခွင်မှာ ဘယ်သူမှ မတူအောင် တီထွင်ကြမယ်၊ ဆန်းသစ်ကြမယ် အခုဟာက ထိုင်းနဲ့ မြန်မာယှဉ်ကြမယ်ဆိုရင်တောင် ခရီးသွားတဲ့ လုပ်ငန်းကိုပဲ ယှဉ်ကြည့်ပေါ့။ ထိုင်းမှာ တနှစ်ကို နိုင်ငံခြားသား ၂၉ သန်း ၀င်နေတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ တသန်းကျော်ကျော် ၀င်တာတောင်မှ ဟိုတယ် မလောက်ဘူးဆိုတော့ ကျနော်တို့တိုင်းပြည်နဲ့ ဘယ်လောက်ကွာဟနေလည်းဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်းမှာဆိုရင် မိုးမျှော်အဆောက်အအုံက ရေတွက်လို့မရဘူးဆိုရင် မြန်မာနိုင်ငံမှာ မြို့ထဲမှာ နှစ်ခုလောက်နဲ့ ရေတွက်လို့ရနေတယ်။ ဆိုတော့ ကျနော်တို့တိုင်းပြည်က ဒါမျိုးခံရတာ မဆန်းပါဘူး။ ကျနော်တို့က အရာရာနုံချာဆင်းရဲ စုတ်ပြတ်နေတာကိုး။ ဒါမျိုးမဖြစ်ချင်ဘူး မကြိုက်ကြဘူးဆိုရင်တော့ ကျနော်တို့ အားလုံးကြိုးစားမှပဲ ဖြစ်မှာပါ။

သရုပ်ေဆာင် ဗေလုဝ

သရုပ်ဆောင် ဗေလုဝ 

အမေရိကန်နိုင်ငံက မိုက်ကယ်ဖီးလင်း စင်ကာပူနိုင်ငံမှာ ကားတွေကိုဓားနဲ့ခြစ်တုန်းကတော့ စင်ကာပူဥပဒေအရ သူကို ကြိမ်ဒဏ်ပေးတယ်လေ။ အဲဒီမှာ အမေရိကန်သမ္မတနဲ့ ပြည်သူလူထုက လျော့လျော့ပေါ့ပေါ့ပေးဖို့ ၀ိုင်းပြီး တောင်းပန်ကြတယ်ပေါ့။ သူ့လူမျိုးတယောက်ကို ထိရင် ဆတ်ဆတ်ထိနာကျဉ်းပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့လူမျိုး ဒီ ကလေးနှစ်ယောက်ကိုထိတာ ဆတ်ဆတ်ထိမခံနားကျဉ်းပါတယ်။ အစိုးရအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံအနေနဲ့ ပြည်သူကလည်း ဒီကလေးနှစ်ယောက်အတွက် ရှေ့က မားမားမတ်မတ်ရပ်ပြီး အစိုးရကလည်း ညှိညှိနှိုင်းနှိုင်းလုပ်ပေးမယ်ဆိုရင် ဒီကလေးတွေအနေနဲ့က သက်သာလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါ မဟုတ်ဘူးဆိုတာ အားလုံးကလည်းသိတယ် ကမ္ဘာကလည်းသိတယ် သူတို့ဥပဒေကလည်း ပြောရမယ်ဆိုရင် သိပ်မကွာဘူးလေ ငွေများတရားနိုင်မှာပဲ။ တကယ်လို့ဒီကလေးနှစ်ယောက် အပြစ်မရှိဘဲ ဒီလိုအပြစ်ပေးခံရမယ်ဆိုရင် မြန်မာနိုင်ငံသားတယောက်အနေနဲ့ နာတယ်။ ဆတ်ဆတ်ထိနာတယ်။ ကြေကွဲပါတယ်။ ခံစားရပါတယ်။

သဉ္ဖာရွှန်းလဲ့ရည်(လူငယ်ရေးရာ ဆောင်ရွက်လှုပ်ရှားသူ)

သဉ္ဇာရွှန်းလဲ့ရည် (လူငယ်ရေးရာ ဆောင်ရွက်လှုပ်ရှားသူ)

ပထမတော့ ဒီကိစ္စကို စကတည်းက လေ့လာဖြစ်တယ်၊ လေ့လာဖြစ်ပြီးတော့ သတင်းတွေ အမြဲတမ်း ထိုင်းသူငယ်ချင်းတွေနဲ့လည်း ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးဖြစ်တော့ သူတို့တွေ ကိုယ်တိုင်လည်း လက်မခံဘူး။ ထိုင်းနိုင်ငံမှာ ဦးဆောင်ပြီး လုပ်နေကြတဲ့၊ လှုမှုရေးတက်ကြွလှုပ်ရှားနေကြတဲ့၊ နိုင်ငံရေး တက်ကြွလှုပ်ရှား နေကြတဲ့ ထိုင်းသူငယ်ချင်းတွေကလည်း ဒီကိစ္စအပေါ်မှာ အကြီးကြီး သံသယရှိတယ်။ ဒါပေမဲ့ အခု ဒီလိုသတင်းတွေ ကြားမိတဲ့အခါမှာ တော်တော်လေးရှော့ခ်ဖြစ်မိတယ်။ ရှော့ခ်ဖြစ်မိတဲ့ အပြင် ဘာတွေ ဆက်ပြီး   တွေးမိသလဲဆိုတော့ တရားဥပဒေ ကိစ္စပေါ့၊ အဓိကက ဒီလိုမျိုး စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံတခုမှာ တရားဥပဒေကို ကျမတို့ ဘယ်လောက်ထိ မျှော်မှန်းလို့ ရပါ့မလဲဆိုတာ တော်တော်လေးကို သံဝေဂရမိတယ်။ အခုဆိုရင် ဒါက စစ်တပ်က အုပ်ချုပ်တဲ့ စစ်တပ်ရဲ့အာဏာ သက်ရောက်မှုရှိနေတဲ့ နိုင်ငံဖြစ်နေတဲ့အခါကျတော့ အဲဒီနိုင်ငံမှာရှိနေတဲ့ တရားစီရင်ရေးကိစ္စတွေက ဒီလိုပုံစံတွေ ဖြစ်နေပါလားဆိုတာ၊ ဖြစ်တတ်ပါလားဆိုတာက ကျမတို့ ကိုယ်တွေ အရင်တုန်းက ဖြစ်ခဲ့တာနဲ့ သွားမြင်မိတယ်။ နောက်တခုကတော့ လူငယ်တွေအနေနဲ့ တော်တော်လေး ၀မ်းနည်းမိတယ်။ အဲဒါက သူတို့က အသက် (၂၂)နှစ်ပဲ ရှိသေးတယ်။ ကိုယ့်နိုင်ငံမှာကိုယ် ပညာသင်ရမယ့် အရွယ်၊ အလုပ်လုပ်ရမယ့် အချိန်မှာ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိဘဲ တခြားနိုင်ငံမှာသွားပြီး ကျွန်ပြုနေရတယ်။ အောက်ခြေအလုပ်သမားအနေနဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ ဒီလို မတရားမှုတွေ ကြုံတွေ့နေရတဲ့အချိန် သူတို့ကို ဘယ်အရာကမှ မပံ့ပိုးပေးနိုင်ပါလားဆိုတာကိုလည်း မြင်မိတယ်။ အမှန်တိုင်းပြောရရင် သူတို့နှစ်ယောက်ရဲ့ ကိစ္စက တကမ္ဘာလုံးနီးပါး High Profile ဖြစ်သွားတဲ့ကိစ္စဖြစ်တယ် ဆိုတော့ High Profile ကိစ္စမှာတောင် ဒီလိုမျိုး တရားစီရင်ခံရတယ်ဆိုတော့ တခြား လူမသိ၊ သူမသိ မသိလိုက်ပဲနဲ့ စီရင်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေရဲ့ ထိုင်းရဲတွေနဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေက ဘယ်လောက်တောင် များနေမလဲလို့ တွေးမိတယ်။ ရွှေ့ပြောင်းလုပ်သား လူငယ်တွေအပေါ်မှာ ပြည်နယ် အဖွဲ့အစည်းတွေကော၊ ပြည်တွင်းမှာ လုပ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေကော ဘယ်လိုနည်းနဲ့ ပြန်လည်ခေါ်ယူမလဲ၊ သူတို့ကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သွားမလဲဆိုတဲ့ အဖြေကိုလည်း စဉ်းစားနေမိပါတယ်။



သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ကြေညာချက်ကို သရုပ်ဆောင် စိုးသူရဲ့ယခင်ဇနီးဖြစ်သူက ပြန်လည်တုံ့ပြန်

Thursday, December 24, 2015 0 comments

လတ်တလောဖေ့ဘုတ်စာမျက်နှာထက်တွင် ရေပန်းစားနေတဲ့ အကြောင်းအရာတွေထဲက တခုအပါအ    ၀င်ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာနဲ့ သရုပ်ဆောင် စိုးသူတို့ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆို ဝေဖန်နေကြတဲ့အပေါ် သရုပ်ဆောင် စိုးမြတ်နန္ဒာက ၎င်းရဲ့ ရှေ့နေကတဆင့် သတင်းစာထဲမှာ         ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ကြေညာချက်ကို အောက်တွင်ဖတ်ရှုနိုင်ပါတယ်။



ဒီလို ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် သရုပ်ဆောင် စိုးသူရဲ့ ယခင်က တရားဝင် ဇနီးဖြစ်သူ             ခင်မြမြ၀တ်မှုံဆွေ ကလည်း သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ဒီ ကြေငြာချက်အပေါ် ပြန်လည် ရေး  သားပြောဆိုထားတာတွေ့ရပါတယ်။

"မှုံကို ချစ်သော မိတ်ဆွေများအတွက်

ကျမ နာမည် ခင်မြမြ၀တ်မှုံဆွေဟုခေါ်ပါသည်။ ကိုစိုးသူနှင့် ၂၀၀၁ တွင် လက်ထက်၍ အမေရိကားတွင် နေထိုင်ပါသည်။ ၂၀၁၃ တွင် ကိုစိုးသူနှင့် စိုးမြတ်နန္ဒာ ဖောက်ပြန်ကြသည်မှာ အမှန်တကယ်ဖြစ်ပါသည်။  သက်သေခံ အထောက်အထားများလဲရှိပါသည်။ ထို့ကြောင့် ကျမနှင့် ပတ်သက်သော သတင်းမှာ ကောလဟလ မဟုတ်ကြောင်းဟု ကျမက ထိုသတင်းကို အတည်ပြုကြောင်း ပြောကြားလိုပါသည်။ " 

ခင်မြမြ၀တ်မှုံဆွေ
(Kha Nge)


ဓာတ်ပုံ - ခင်မြမြ၀တ်မှုံဆွေရဲ့ ဖေ့ဘုတ် စာမျက်နှာထက်မှ



ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ ဇာတ်ကားရိုက်ကူးတော့မည်

Wednesday, December 23, 2015 0 comments


ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ ဇာတ်ကားကန်တော့ပွဲအခမ်းအနား (ဓာတ်ပုံ - ယုမွန်ကျော် / The Irrawaddy)

ဒါရိုက်တာ ခင်စောမျိုးရိုက်ကူးမယ့် စာရေးဆရာကြီးမင်းသိင်္ခရဲ့ ၀တ္ထု “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့
မြိုင်ရာဇာတာတေ” ဇာတ်ကားကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ ၀င်္ကဘာလမ်းရှိ ရုပ်ရှင်အစည်းအရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သရုပ်ဆောင် အေးမြတ်သူ

ဇာတ်ကားကန်တော့ပွဲကို ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်ကျော်သူ၊ အေးမြတ်သူနဲ့ ဆားပုလင်းနှင်းမောင် အဖြစ် ပါဝင်သရုပ်ဆောင်နေကျ သရုပ်ဆောင် ထွန်းလွင်အောင်တို့က တက်ရောက်ခဲ့ကြပါတယ်။
စာရေးဆရာမင်းသိင်္ခရဲ့ ၀တ္ထုကားပေါင်းများစွာကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ခင်စောမျိုးက ဒီဇာတ်ကားနဲ့ပတ်သက်လို့ ဆရာကြီးက သူရဲ့ ၀တ္ထုငါးဆယ်ကျော်ကို ကျနော်ကို ရိုက်ကူးဖို့ ပေးခဲ့ပြီးပြီလေ အများကြီးလဲ ရိုက်ကူးခဲ့ပြီးပြီ အခုပြန်ရိုက်တယ်ဆိုတာက ပြန်ပြီးတော့ဆန်းသစ်တဲ့သဘောပေါ့။ ဒီကားပြီးရင်လည်း ဆရာကြီးရဲ့ “မတတ်ပ့ါ” ကို ဆက်ပြီး ရိုက်ကူးဖို့ ရှိပါတယ်။ ဦးကျော်သူဆိုတာကလည်း ဟိုးအရင်ထဲက ကားအရိုက်အများဆုံးမင်းသားဖြစ်ခဲ့တော့ ဘာအခက်အခဲ၊ အဆင်မပြေစရာမရှိပါဘူး။ တယောက်အကြောင်းလဲ    တယောက်သိနေတော့ အဆင်ပြေတယ်” လို့ ဇာတ်ကားနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။

သရုပ်ဆောင် ကျော်သူ

ဒီဇာတ်ကားကို လက်ကီးဆဲဗင်းထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်မှာဖြစ်ပြီး ဇာတ်ကားမှာပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ ကျော်သူ၊ လူမင်း၊ ဗေလုဝ၊ထွန်းလွင်အောင်၊ အေးမြတ်သူ၊ ဘေဘီမောင်၊ ရဲမွန်နဲ့ သရုပ်ဆောင်ပေါင်းများစွာတို့ပဲ ဖြစ်ပါတယ်။ ဇာတ်ကားကို ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသမှာဖြစ်ပြီး ရိုက်ကူးရေးကိုတော့ ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်လို့ ရေနံရိပ်သာ၊သန်လျင်၊ တိုင်းရင်းသားကျေးရွာနဲ့ ရုပ်      ရှင်မြင့်တင်ရေးရုံးတွေမှာ သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်။

ဒါရိုက်တာ ခင်စောမျိုး
သရုပ်ဆောင် ထွန်းလွင်အောင်


ယုမွန်ကျော်


မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်ဖြင့် ပြသတော့မည်

0 comments


ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံတခုရဲ့ မြင်ကွင်း(ဓာတ်ပုံ - The Myawady Daily)

လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်က စတင်လို့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်နဲ့ ပြသတော့မယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာ ရုပ်ရှင်ကားတကားတည်းကိုပဲ ၃ ပတ် သို့မဟုတ် ၄ ပတ် ရုံတင် ပြသပြီးမှသာ နောက်ထပ် ဇာတ်ကားတကားကို ရုံတင်ပြသနေခြင်းပါ။ သဘောကတော့ ဇာတ်ကားတကားပြီးမှ တကား အလှည့်ကျ ရုံတင်ပြသခွင့်ရရှိခြင်းလို့ဆိုနိုင်ပါတယ်။ ယခုရုံပြိုင်စနစ်ပြသခြင်းဆိုတာဟာ ဆင်ဆာကျလာသမျှ ရုပ်ရှင်ဇာတ်ကားအားလုံး ၆ ကား ဒါမှမဟုတ် ၇ ကားစသဖြင့် ဇာတ်ကားတွေဟာ တပြိုင်နက်တည်း သက်ဆိုင်ရာ ရုပ်ရှင်ရုံတွေမှာ အပြိုင်ပြသနိုင်တော့မှာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအနေနဲ့ ကိုယ်နှစ်သက်ရာ ရုပ်ရှင်ဇာတ်ကားကို တချိန်တည်းမှာပဲ ရွေးချယ် ကြည့်ရှုခွင့်ရမှာပါ။

ဒီရုံပြိုင်စနစ်ကို အရင့်အရင် ရုပ်ရှင်ရွှေခေတ်အဖြစ် ရပ်တည်နေနိုင်ခဲ့ချိန်တုန်းက ကျင့်သုံးခဲ့ဖူးပါတယ်။ အဲ့ဒီကမှ ဒီစနစ်ဟာ ပျောက်ကွယ်လို့ အလှည့်ကျ ရုံတင်စနစ်ကို ပြောင်းလဲလာခဲ့တာပါ။

ယခု ၂၀၁၆ ဇန်န၀ါရီဒုတိယပတ်ကစလို့ ရုပ်ရှင်ဇာတ်ကား ၆ ကားကို ရုံပြိုင်စနစ်ရဲ့ စမ်းသပ်ကာလတခု   အဖြစ် စတင်ပြသတော့မယ်လို့ အဆိုပါ ဇာတ်ကား ၆ ကားထဲတွင် ကိုယ်တိုင်ရိုက်ကူး ထုတ်လုပ်ထားတဲ့  ဇာတ်ကားတကားပါဝင်နေတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က ဧရာဝတီကိုပြောပါတယ်။

“စမ်းသပ်ကာလအနေနဲ့ ၆ ကားကို ပြိုင်ပြီး ဇန်န၀ါရီကနေ စပြမယ့်ကားတွေပေါ့။ အဲ့ဒီ ၆ ကားက မတ်လအထိရောက်မလား ဘယ်အထိရောက်မလဲမသိဘူး။ ပြီးတော့မှ အဲ့ဒီအခြေအနေကိုကြည့်ပြီး မူကို ပြန်ချမှာပါ။ ကောင်းတာကတော့ ခါတိုင်းကို ၃ ပတ်ကို ဇာတ်ကားတကား ၄ ပတ်ကို တကားထားတယ်။ မြန်မာကားတွေက တနှစ်ကို ၁၇ နှစ်ကားလောက် အများဆုံးဝင်နိုင်တယ်။ သဘောကတော့ တလ တကား တောင် မရှိဘူးပေါ့။ ၃ ပတ်ဆိုတော့လေ။ တကယ်လို့ အဲ့လို အပြိုင်စနစ်နဲ့ဖြစ်လာမယ်ဆိုရင်တော့ ၃၄ ကားဖြစ်လာမှာပေါ့။ အဲ့လို ကား သုံးဆယ် လေးဆယ်ဖြစ်လာမှ ရုံတွေဆောက်မှာ။ အခုက ပြစရာမြန်မာကားမရှိတော့ ရုံတွေ ကလည်း မဆောက်တာ။ ပြသနာကတော့ ၆၂ ခုနှစ်က စလိုက်တာ။ စစ်အစိုးရအာဏာသိမ်းပြီးချိန်မှာ ရုပ်ရှင်ရုံတွေကို ပြည်သူပိုင်သိမ်းလိုက်တယ်။ အဲ့ဒီကတည်းက စပြီး တဖြည်းဖြည်းနဲ့ အိပဲ့အိပဲ့ ကျသွားတာ။ တချို့တွေက ပြောတာကတော့ ဆိုရှယ်လစ်ခေတ်တုန်းက ရုံတွေက များသေးတယ်ပေါ့။ ရုံနှစ်ရာကျော်တို့ ရှိခဲ့ဖူးတယ်။ တနှစ်ကိုလည်း မြန်မာကားတွေက ခုနှစ်ဆယ်တို့ ဘာတို့ပြသေးတယ်။ ကျနော်တို့ ဟိုဖက်ခေတ်က အရှိန်က ကျန်ခဲ့တာ။ ကောင်းတဲ့ခေတ်ရဲ့အရှိန်လေးက ကျန်ခဲ့တော့ ကောင်းခဲ့တာ။ အခုအခြေအနေက တနိုင်ငံလုံးမှာမှ ရုံ နှစ်ဆယ် သုံးဆယ်လောက်ပဲ ကျန်တော့တဲ့ခေတ်ရောက်တာ။ အရင်တုန်းကတော့ ရုံတွေ နှစ်ရာကျော်လောက်ရှိတာ။” လို့သူကဆိုပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီအစိုးရဖြစ်လာခဲ့ရင် အဆိုပါ အစိုးရလက်ထက်မှာ စီးပွားရေး၊လူတွေရဲ့ စားဝတ်နေရေးက အစ မြင့်မားလာမယ့်လို့ထင်မြင်ကြောင်းနဲ့ ရုပ်ရှင်ခေတ်လည်း ကောင်းလာမှာဖြစ်ကာ ရုပ်ရှင်မှမဟုတ် အကုန်ကောင်းလာမှာပါ လို့ သူ့ရဲ့ အမြင်ကို ဆက်ပြောပါတယ်။

နောက်ပြီးရုံပြိုင်စနစ်မှာ ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လိုပုံစံမျိုးနဲ့ပြသသွားမှာလဲဆိုတော့ “၀င်ငွေစနစ်နဲ့ပဲလေ။ ကားတခုကို သတ်မှတ်ထားမယ်။ ၀င်ငွေအနေနဲ့ ၃၀ ရာခိုင်နှုန်းမရှိဘူးဆိုရင် ၂ ပတ်ပဲ။ ပြီးတာနဲ့ ရုံဆင်းပေါ့။ ၀င်ငွေရာခိုင်နှုန်းပြည့်မီမှ ၂ ပတ် ၃ ပတ်တို့သွားရမယ်။ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကို မီတယ်ဆိုရင် ၃ ပတ်တို့ ၄ ပတ်တို့ တိုးပြီး ပြသွားရမယ်။ အဲ့ဒီရာခိုင်နှုန်းမမီဘူးဆိုရင်တော့ ၂ ပတ်တည်းနဲ့လည်း ရုံဆင်းသွားရပါမယ်။ ဒါရိုက်တာတို့ ကုမ္ပဏီတို့က ကိုယ့်ကားကိုကောင်းအောင် ရိုက်ရမှာပေါ့။ ကွာလတီပိုင်းတော့ မြင့်အောင် သူတို့ကြိုးစားရတော့မယ်။ အရင်လိုကောင်းကောင်းမကောင်းကောင်း နှစ်ပတ် သုံးပတ်တော့ ရမှာပဲဆိုတဲ့ ခေတ်မဟုတ်တော့ဘူး။ အရင်တုန်းကတော့ မရှုံးနိုင်ဘူးပေါ့။ အခုကတော့ အကြီးအကျယ် ရှုံးသွားနိုင်တဲ့ သဘောမှာတော့ရှိတယ်။” လို့ ဦးညီညီထွန်းလွင်က ရှင်းပြပါတယ်။

ဆက်လက်ပြီး ဦးညီညီထွန်းလွင်က “ဒီရုံပြိုင်စနစ်ကို ကျနော်ကတော့ အားပေးပါတယ်။ ပရိတ်သတ်အတွက် ပြည်သူလူထုအတွက်ပေါ့။ အရင်တုန်းက မြန်မာကားတွေ တနှစ်မှ ၁၇ ကားလောက်ကြည့်နေရတယ်။ အခုဆိုရင် ၃၄ ကားပေါ့။ နောက် တယောက်နဲ့ တယောက် အပြိုင်အဆိုင်လုပ်လာရတော့ ကွာလတီပိုင်းလည်း   မြင့်လာမှာပေါ့။ ပရိတ်သတ်အတွက်လည်း သူတို့ ရွေးချယ်လို့ရတာပေါ့။ ကျနော်ကတော့ အားပေးပါတယ်။ ကျနော်တို့လောကထဲမှာလည်း လူက မျိုးစုံပေါ့။ တချို့လည်း သိပ်မကြိုက်ကြဘူး။” လို့ သူက ဆိုပါတယ်။


သဲသဲ







Sunkist C 500 ဗီတာမင်စီအချိုရည် စတင်မိတ်ဆက်လိုက်ပြီ

Tuesday, December 22, 2015 0 comments




Sunkist C 500 ဗီိတာမင်စီ အချိုရည်အကြောင်း မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲကို  ဒီဇင်ဘာ (၁၈) ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။



အခမ်းအနားတွင် Sunkist C 500 ကုန်အမှတ်တံဆိပ် သံတမန် အဆိုတော် ဖြူဖြူကျော်သိန်းမှ ဗီတာမင်စီနှင့် ပတ်သက်တဲ့ အသိပညာများနှင့် ကုန်အမှတ်တံဆိပ် သံတမန်အဖြစ် လက်ခံဖြစ်ခဲ့ပုံများကို ရှင်းလင်း ပြော    ကြားခဲ့ပါတယ်။

Sunkist C 500 သံဗူးများကို (၅၀၀) ကျပ်ဖြင့် ၀ယ်ယူသောက်သုံးနိုင်မည်ဖြစ်ပြီး Sunkist C 500 တဗူးလျှင် လိမ္မော်သီး (၈) လုံးတွင် ပါဝင်သည့် ဗီတာမင်စီ ပမာဏနှင့် ညီမျှပြီး နေ့စဉ်သောက်သုံးပါက အသား       အရည်နှင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ သိရပါတယ်။



Sunkist C 500 ကို Sunkist Growers Inc. USA ၏ လိုင်စင်ရ ထုတ်ကုန်ပစ္စည်းတခုဖြစ်ပြီး Myanmar Beverage Company မှ ထုတ်လုပ်လျက်ရှိပါတယ်။


သီဟတိုး

သီချင်းတွေဆိုပြီး အဆိုတော်လုပ်တော့မယ့် အလှမယ် နန်းခင်ဇေယျာ

0 comments


သရုပ်ဆောင် အလှမယ် နန်းခင်ဇေယျာ(ဓာတ်ပုံ - ယုမွန်ကျော်/The Irrawaddy)

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်း မြန်မာနိုင်ငံတွင် Miss တွေအမြောက်အများ ပေါ်ထွက်လာဖို့   ခေတ်ဦးဖြစ်တဲ့ အလှမယ် နန်းခင်ဇေယျာက အလှမယ် တယောက်အနေနဲ့ အောင်မြင်ခဲ့သလို သရုပ်ဆောင်အနေနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိထားသူတဦးလည်းဖြစ်ပါတယ်။



နန်းခင်ဇေယျာက အခုဆိုရင် နယ်ပယ်ချဲ့ထွင်လို့ သီချင်းတွေသီဆိုပြီး အဆိုတော်လုပ်တော့မှာ ဖြစ်ပါတယ်။ နန်းခင်ဇေယျာက သူရဲ့ တကိုယ်တော်တေးစီးရီးနာမည်ကို Nonstop(ဘယ်တော့မှမရပ်)လို့ နာမည်ပေးထားပြီး အခုလာမယ့် ဒီဇင်ဘာ ၂၅ ရက်( ခရစ်စမတ်)နေ့မှာ ဖြန့်ချိပေးတော့မှာပါ။ အခွေစီးရီးနာမည် Nonstop ကို တေးရေးရွှေဂျော်ဂျော်က ရေးပေးထားတာဖြစ်ပြီး နန်းခင်ဇေယျာနဲ့ ပတ်သက်လို့ တေးရေးရွှေဂျော်ဂျော်က “သူရဲ့အသံကို အရင်နားထောင်ကြည့်တဲ့အခါ သူရဲ့အသံက အဆိုတော်ဖြစ်မယ့် အသံရှိတာတွေ့ရတယ်။ မထင်မှတ်ဘဲ သူရဲ့အသံက ဂိုးသွင်းနိုင်မယ့် ရွှေအစွမ်းမျိုးရှိတယ်။ ကျနော်က သီချင်းလေးတပုဒ်ကို ရေးပေးထားတယ် Pop အမျိုးအစားလေးပါပဲ။ ဘယ်တော့မှမရပ်နဲ့ ဆိုတဲ့ သီချင်းလေးပါ သီချင်းလေးတွေကို ဖန်တီးပါ သီဆိုပါ ဘယ်တော့မှမရပ်ပါနဲ့ဆိုတဲ့ ပုံစံမျိုးပါ” လို့ ပြောပြပါတယ်။



နန်းခင်ဇေယျာရဲ့တေးစီးရီးမှာ ပရိသတ်နားစွဲလွယ်မယ့် တေးသီချင်းများထည့်သွင်းထားတယ်လို့ သိရပါတယ်။ နန်းခင်ဇေယျာက သူ့အနေနဲ့ တေးစီးရီးထုတ်ဖြစ်တာဟာ ပရိသတ်တွေကို အသစ်လုပ်ပြချင်တာနဲ့ Surprise လုပ်ချင်တဲ့အတွက်ကြောင့် ထုတ်ဖြစ်တာလို့လည်း ပြောပြပါတယ်။ တေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်ပါတယ်။ ဒီမှာ သီချင်းအမျိုးအစားစုံလင်စွာ ထည့်သွင်းထားကာ တေးစီးရီးကို မန္တလေးမြို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ဖြန့်ချိပေးမှာဖြစ်ပြီး ရန်ကုန်မှာတော့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖြန့်ချိပေးမှာဖြစ်ပါတယ်။

ယုမွန်ကျော်


တယ်လီနောရဲ့ တမိနစ် တကျပ်တန် “စူပါဇီးကွက်” အစီအစဉ်သစ် စတင်ပြီ

Monday, December 21, 2015 0 comments


ဓာတ်ပုံ - Telenor

တယ်လီနောမြန်မာမှ “စူပါဇီးကွက်” လို့ အမည်ရတဲ့  ဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက် ဈေးနှုန်းသစ်အစီအစဉ် တခုကို ယခုလ (၁၈) ရက်နေ့က မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ “စူပါဇီးကွက်” အစီအစဉ်ကတော့ တယ်လီနောဆင်းကတ် အသုံးပြုသူများအနေနဲ့ ည (၁၁) နာရီမှ နံနက် (၇) နာရီအတွင်း အသုံးပြုမယ်ဆိုရင် ဖုန်းခေါ်ဆိုမှုများအတွက် တမိနစ်လျှင် (၁) ကျပ်နှင့် အင်တာ   နက်ဒေတာ အသုံးပြုမှုအတွက် 1 MB ကို တကျပ်နှုန်း ကျသင့်မှာ ဖြစ်ပါတယ်။


“စူပါဇီးကွက်” တွင် (၂၅၀၀) ကျပ်တန် လစဉ်သုံး အစီအစဉ်ကို သုံးစွဲရန် သတ်မှတ်ကာလ (၁) လ နဲ့ (၈၀၀) ကျပ်တန် အပတ်စဉ်သုံး အစီအစဉ်ကိုသုံးစွဲရန် သတ်မှတ်ကာလ (၇) ရက် အသီးသီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လစဉ်သုံးအစီအစဉ်ကို အသုံးပြုလိုလျှင် ‘500’ သို့ T2500 ဟု Message ပို့၍ လည်းကောင်း၊ *802#သို့ ဖုန်းခေါ်ဆို၍လည်းကောင်း ရရှိနိုင်မည်ဖြစ်ပြီး အပတ်စဉ်သုံးကို အသုံးပြုလိုလျှင် ‘500’ သို့ T800 ဟု စာတိုပို့၍လည်းကောင်း၊ *803# သို့ ဖုန်းခေါ်ဆို၍လည်းကောင်း ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တယ်လီနော ရောင်းချတဲ့ ဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး  အဆိုပါ ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ (၃၁) ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်     ပါတယ်။



တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Petter Furberg  က “မြန်မာနိုင်ငံမှာ အထူးသဖြင့်    လက်ရှိ အင်တာနက်အသုံးပြုမှု ကြီးကြီးမားမား တိုးတက်လာနေတာကို မြင်နေရပါတယ်။  တနိုင်ငံလုံး မိုဘိုင်းဖုန်းအသုံးပြုသူ (၆၀) ရာခိုင်နှုန်းကျော်က စမတ်ဖုန်း အသုံးပြုကြတယ်လို့ ကျနော်တို့ ခန့်မှန်းထားပါ တယ်။ ကျနော်တို့ရဲ့ (၁၂) သန်း ကျော်သော အသုံးပြုသူတွေက (၅၇) ရာခိုင်နှုန်းဟာ အင်တာနက်ဒေတာ အသုံးပြု ကြပြီတော့ တယ်လီနောရဲ့ အာရှ ဈေးကွက်အတွင်းမှာ မလေးရှားပြီးရင် မြန်မာနိုင်ငံက အကြီးမားဆုံး ပမာဏပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက  “မြန်မာနိုင်ငံမှာ မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ အရမ်းမဖွံဖြိုးသေးပေမယ့် အသုံးပြု  သူတွေရဲ့ နည်းပညာနဲ့ထိတွေ့မှုအပိုင်းမှာ ကောင်းမွန်လာတာကြောင့် သူတို့နှစ်သက်အသုံးပြုတဲ့ ဆက် သွယ်ရေး စနစ်ဆီကနေ ၀န်ဆောင်မှုအမျိုးမျိုးကို မျှော်လင့်ကြပါတယ်။ အဲဒီအတွက်ကြောင့် တယ်လီနောကနေ အသုံးပြုသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ရင်ခုန်ဖွယ်ရာ အဆန်းပြားဆုံး တီထွင် ဖန်တီးမှုများကို  စဉ်ဆက်မပြတ် ဆက်လက်ဝန်ဆောင်မှု ပေးသွားမှာပါ” လို့ ဆိုပါတယ်။

တယ်လီနောဟာ နိုင်ငံတလွှားမှာရှိတဲ့ 3G အသုံးပြုနိုင်တဲ့ တာဝါတိုင် (၄) ထောင်ကျော်တို့နဲ့ အတူ မြန်မာနိုင်ငံမှာ အကြီးမားဆုံး 3G ကွန်ယက်ကို စီမံဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့တွင် တာဝါတိုင် တထောင်ကျော်အထိ ဖြန့်ကျက်ထားပြီးဖြစ်ပြီး မန္တလေးမြို့တွင်လည်း တာဝါတိုင် (၇၀၀) ကျော်အထိ တည်ဆောက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

တယ်လီနောကွန်ယက်ဟာ ချင်းပြည်နယ်မှလွဲပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အဓိကပြည်နယ်နှင့် တိုင်း     ဒေသကြီးများကို လွှမ်းခြုံထားနိုင်ပြီဖြစ်ပြီး ချင်းပြည်နယ်တွင်လည်း မကြာမီ စတင်မိတ်ဆက်တော့မယ် လို့ သိရပါတယ်။ ။


သီဟတိုး



အင်းသားလူငယ်တွေရဲ့ "တက်ဝါးကိုင်တဲ့ လက်များ”

0 comments




အင်းလေးဒေသက အဆိုတော်လူငယ်တွေ စုဖွဲ့ထားတဲ့ CICADA ရဲ့ အင်းလေးဒေသကို အခြေပြုဖွဲ့ဆိုထားတဲ့ သီချင်းခွေ ထွက်ရှိလာပါပြီ။ CICADA အဖွဲ့မှာ အဆိုတော် ခွန်ဇင်မွန်၊ သားဖြူ၊ အယ်အောင် တို့ပါဝင်ပါ တယ်။

"တက်ဝါးကိုင်တဲ့ လက်များ” လို့အမည်ပေးထားတဲ့ အခွေမှာ သီချင်း ၉ ပုဒ်ပါဝင်ပါတယ်။ တက်ဝါးကိုင်တဲ့လက်များ၊ လာခဲ့ပါဒို့အင်းလေး၊ အင်းသားဘဝ အင်းသားအလှ၊ ရိုးရာပွဲတော်၊ မိန်းမ၊ မင်းထားခဲ့တဲ့အင်းလေး၊ ပွဲတော်ကာလရိုးရာအလှ၊ အင်းလေးကိုလွမ်းတဲ့စိတ်၊ ငြိမ်းချမ်းပါစေ အိုကမ္ဘာမြေတို့ ဖြစ်ပါတယ်။

Mixing & Mastering ကတော့ ကိုဟန်စိုင်း ဖြစ်ပါတယ်။ အသံသွင်းယူတဲ့ Studio တွေကတော့ ENTNITY ရယ်၊ Happy Macost ရယ်၊ Yin Yin ရယ်၊ Ro Say ရယ်ပါ။


Viber မှ မြန်မာ့လွတ်လပ်ရေးနေ့အတွက် “We Love Myanmar” အစီအစဉ် မိတ်ဆက်

0 comments




Messaging Application တခုဖြစ်တဲ့ Viber မှ လာမယ့်၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခါသမယမှာ Viber နဲ့ တယ်လီနောတို့ ပူးပေါင်းပြီး Viber အခမဲ့ အသုံးပြုခြင်းနှင့် “We Love Myanmar” စတစ်ကာများ အခမဲ့ ရယူနိုင်တဲ့အစီအစဉ်တို့ကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Viber ရဲ့ We Love Myanmar အစီအစဉ် မိတ်ဆက်ပွဲကို ယခုလ (၁၄) ရက်နေ့က ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။



၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မှ စပြီး မှတ်ပုံတင်စရာမလိုဘဲ Viber Application မှာ ရက်သတ္တပတ် (၂) ပတ်ကြာ အခမဲ့ မက်ဆေ့ခ်ျပေးပို့နိုင်မယ့် အစီအစဉ်ကို တယ်လီနောမှ ၀န်ဆောင်မှုပေးသွားမှာဖြစ်ပြီး တယ်လီနော အသုံးပြုသူများအနေနဲ့ အဲဒီကာလအတွင်းမှာ အင်တာနက်ခ မကုန်ဘဲ Viber စတစ်ကာ အသစ်များကို အခမဲ့ Download ရယူအသုံးပြုနိုင်မှာလို့ သိရပါတယ်။

“We Love Myanmar” စတစ်ကာတွင် မြန်မာလူမျိုးများကြား သုံးစွဲမှုအများဆုံးဖြစ်တဲ့ စကားလုံးများ ပါဝင်တဲ့ “မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်” ၊“ငါတို့နိုင်ပြီ” ၊“မိုက်တယ်” ၊ “ချစ်တယ်” ၊ “ချစ်သွားပြီ” စတဲ့ ချစ်စဖွယ် စတစ်ကာ ဇာတ်ရုပ်လေးတွေနဲ့ သရုပ်ဖော်ထားပါတယ်။



Viber Application ကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် အသုံးပြုသူ (၅) သန်းရှိရာမှ ယခုနှစ်တွင် ရာခိုင်နှုန်း (၂၆၀) ရာခိုင်နှုန်းအထိ တိုးတက်လာကာ သုံးစွဲသူ (၁၈) သန်းအထိ မြန်မာနိုင်ငံတွင်ရှိလာပြီး Viber မှ ၄င်းရဲ့ အောင်မြင်မှုကို ဆင်နွှဲနိုင်ရန်နှင့် မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအား ကျေးဇူးတုံ့ပြန်တဲ့အနေဖြင့် “We Love Myanmar” အစီအစဉ်ကို မိတ်ဆက်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ Viber ကို အခုလို တခဲနက် အားပေးသုံးစွဲကြတဲ့အတွက် တကယ်ကို ၀မ်းမြောက်မိပါတယ်။ ကျနော်တို့ Viber အနေနဲ့ သုံးစွဲသူတွေကို ပျော်ရွှင်အောင် ကြိုးပမ်းလုပ်ဆောင်ရင်း “We Love Myanmar” အစီအစဉ်ကို ဆင်နွှဲချင်ပါတယ်။ Viber ကို အသုံးပြုရင်း ကိုယ့်စိတ်ခံစားချက်တွေ Viber ကနေတဆင့် စတစ်ကာလေးတွေနဲ့ ချစ်ခင်သူတွေကို ပေးပို့နိုင်ပါတယ်” လို့ Viber ရဲ့ အမှုဆောင်အရာရှိချုပ် Michael Shmilov က ပြောပါတယ်။

“Viber ကို အသုံးပြုရတာ ကြိုက်ပါတယ်။ Viber က အသုံးပြုရတာ လွယ်တဲ့အတွက် လူကြီးတွေလည်း သုံး ကြသလို Viber မှာ စတစ်ကာလေးတွေက ချစ်စရာကောင်းလို့ လူငယ်တွေလည်းသုံးကြတယ်။ နောက်ဆုံးထွက်ထားတဲ့ မြန်မာဗန်းစကား စတစ်ကာလေးတွေဆိုရင် “မိုက်တယ်” “လန်းတယ်” ၊ “ကျေနပ်တယ်” “ဆေးထိုးတယ်” စတဲ့ လူငယ်တွေကြားမှာ တကယ်ခေတ်စားနေတဲ့ ဗန်းစကားတွေပါတော့ သုံးရတာ အရမ်း
ကြိုက်ပါတယ်။ အခုလာမယ့် လွတ်လပ်ရေးနေ့အတွက် “We Love Myanmar” စတစ်ကာလေးတွေ လာမယ်ဆိုတော့ သုံးရဦးမှာပေါ့” လို့ အသက် (၂၂) အရွယ် Viber အသုံးပြုသူ မဟန်နီက ပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ပြီး Viber နဲ့ Red Dot တို့ ပူးပေါင်းပြီး အကြွေးဝယ် ကတ် မလိုဘဲ နိုင်ငံတကာသို့ Viber Out call ခေါ်ဆိုမှုကို အလွယ်တကူ ပြုလုပ်နိုင်အောင် စီစဉ်ထားပြီး Viber Out အသုံးပြုသူများအနေနဲ့ မြန်မာနိုင်ငံရဲ့ Ret Dot နှင့်ချိတ်ဆက်ထားတဲ့ ဆိုင်များတွင် Viber Out ငွေဖြည့်ကတ် ကို အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတ၀ှမ်းမှာ Viber အသုံးပြုသူပေါင်း (၆၆၄) သန်းရှိပြီး အသုံးပြုသူများ တဦးနှင့်တဦး Message ပေးပို့ခြင်း၊ Chatting ပြုလုပ်ခြင်း၊ Video call ခေါ်ဆိုခြင်း၊ Group Chatting ပြုလုပ်ခြင်းနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ်များ၊ နာမည်ကျော် အနုပညာရှင်များ၏ လူမှုစာမျက်နှာများ၊ သတင်းမီဒီယာများရဲ့Public Account များအား Follow လုပ်ခြင်းစတဲ့ ၀န်ဆောင်မှုများ ပေးစွမ်းလျက်ရှိပါတယ်။

သီဟတိုး


မြန်မာကာတွန်းစတင်ပေါ်ပေါက်ခဲ့တဲ့ နှစ် ၁၀၀ ပြည့်ပွဲတော်ကျင်းပမည်

Friday, December 18, 2015 0 comments




၁၉၁၅ ခုနှစ်ကကာတွန်းဆရာကြီးဦး (ရွှေတလေး/ ဘကလေး) က အစပြု ပေါ်ပေါက်ခဲ့တဲ့ မြန်မာကာတွန်းဟာအခု ၂၀၁၅ ခုနှစ်မှာ နှစ် ၁၀၀ တိုင်ခဲ့ပါပြီ။ 

တသက်မှာတခါသာ ကြုံရမယ့် မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော်ကိုလာမယ့် ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာရန်ကုန် မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Convention Center (MCC) မှာကျင်းပမှာ ဖြစ်ပါတယ်။
MCC ဟာ သွားလာရလွယ်ကူတဲ့နေရာတော့ မဟုတ်ပါဘူး။ မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲကျင်းပဖို့ ဦးဆောင် လှုပ်ရှားနေတဲ့ ကာတွန်းဆရာတွေဟာ အမျိုးသားကဇာတ်ရုံမှာကျင်းပခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ခွင့်ပြုချက် မရတာကြောင့် MCC မှာကျင်းပရခြင်း ဖြစ်တယ်လို့ ရာပြည့်ပွဲအတွက် ဦးဆောင်တာဝန်ယူနေသူတဦးဖြစ်တဲ့ ကာတွန်းဝင်းအောင်ကစာနယ်ဇင်းရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
 

မြန်မာကာတွန်းရာပြည့်အတွက် သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်

 ကာတွန်းရာပြည့်ပွဲနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့က ရန်ကုန်ပြည်လမ်းမှာရှိတဲ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ကာတွန်းရာပြည့်ပွဲမှာ မြန်မာကာတွန်းသမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ရှေးမူလက်ရာများ၊ သမိုင်းဓာတ်ပုံများ၊ ကာတွန်းလက်ရာများကို အမှတ်တရ ပြန်လည်ပြသထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မျက်မှောက်ခေတ် ကာတွန်းဆရာတွေရဲ့ ကာတွန်းပြခန်း၊ ကယ်ရီကေးချားနဲ့ ကာတွန်းပန်းချီလက်ရာပြခန်း၊ Animation ပြခန်းတွေ ပြသထားမှာ ဖြစ်ပါတယ်။ ကာတွန်းသမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်းဖတ်ပွဲ                 နဲ့ဟောပြောပွဲတွေ ပါဝင်မှာဖြစ်ပြီး စာအုပ်အရောင်းဆိုင်နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ၊ ကလေးတွေအတွက် ပုံဆွဲကော်နာတွေလည်း ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာမနက် ၉ နာရီနဲ့ ညနေ ၅ နာရီအတွင်း မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲကို ကျင်းပမှာဖြစ်ပြီး အဲဒီအချိန်တွေအတွင်းမှာ ရန်ကုန်ကကာတွန်းဆရာတွေ စုပေါင်းတင်ဆက်တဲ့ “ဗိုလ်ကာတွန်း” အငြိမ့်၊ မန္တလေးကာတွန်းဆရာတွေ တင်ဆက်မယ့် ပြဇာတ်တို့နဲ့လည်းဖျော်ဖြေမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားတဲ့ ကာတွန်းချစ်ပရိသတ်တွေ လာရောက်အားပေးကြဖို့ ကာတွန်းရာပြည့် ဦးဆောင်ကျင်းပရေးကော်မတီက ဖိတ်ကြားထားပါတယ်။


ငွေဆောင်ရဲ့ ဒိုင်ဗင်စင်တာဖွင့်ပြီ

Saturday, December 12, 2015 0 comments


ဓာတ်ပုံ - သီဟတိုး/ The Irrawaddy


 ငွေဆောင်ကမ်းခြေရဲ့ ဒိုင်ဗင်စင်တာသစ်ဖွင့်ပွဲကို ဒီဇင်ဘာလ ၅ရက်နေ့က ငွေဆောင်မှာရှိတဲ့ royal flower hotel မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲကို ငွေဆောင်ရဲ့ဟိုတယ်ဇုန်မှာရှိတဲ့ ဟိုတယ်တွေ အားလုံးက အထွေထွေ မန်နေဂျာများ တက်ရောက်ခဲ့ကြပါတယ်။ 



New Myanmar Dive Centre (MDC) ဟာ ငွေဆောင်ဟိုတယ်နဲ့တွဲဖက်လုပ်ကိုင်ပြီး သူတို့ရဲ့customer တွေအတွက် ကျွမ်းကျင်တဲ့ ဒိုင်ဗင်သမားများနဲ့ ရေကူးသင်ဖို့ဆရာများလည်း ထားရှိပါတယ်။




“အခုလို ဒိုင်ဗင်စင်တာတခု ငွေဆောင်ကမ်းခြေမှာရှိတာ ကောင်းပါတယ်။ ဒီအရာက မြန်မာနိုင်ငံမှာ Scuba Diving ပရိုမိုးရှင်းအတွက်လည်းကောင်းတယ်၊ ဒါကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ အတွက်လည်း ကောင်းတယ်။ ပြီးတော့ ဒီအရာက သဘာဝအလှတရားတွေကို မြှင့်တင့်ရာ ရောက်ပေမဲ့ ကျနော်တို့နိုင်ငံမှာတော့ Marine Ecosystem နဲ့ ပတ်သက်ပြီး အားနည်းနေတုန်းပါပဲ” လို့ MDC ရဲ့ Dive Instructor Danny Toy က ပြောပါတယ်။

 

သီဟတိုး



ကမ္ဘာ့အထီးကျန်ဆုံးဆင်မကြီးအားပိုမိုကောင်းမွန်သောဘ၀ရရှိရေးအတွက်လှုံ့ဆော်ရေးသမားများတောင်းဆို

Friday, December 11, 2015 0 comments


၂၀၁၂ခုနှစ်က ဆင်မကြီး ဟနာကို တိရိစ္ဆာန်ရုံကိုလာရောက်လည်ပတ်သူများအား နှုတ်ဆက်နေစဉ်(photo- AP)

ဟနာကိုအမည်ရှိတဲ့ ဆင်မကြီးဟာ သစ်ပင်နဲ့ မြက်ပင်များမရှိ၊ စိမ်းလန်းခြင်းဆိုတာမရှိဘဲ အုတ်နံရံများသာ ရှိသော ခြောက်သွေ့လှတဲ့ တိရိစ္ဆာန်ရုံထဲမှာ နှစ်ပေါင်း (၆၀)ကျော် တစ်ကောင်တည်း နေထိုင်ခဲ့ရပါတယ်။ အသက် (၆၈)နှစ်ရှိပြီဖြစ်တဲ့ သနားစရာကောင်းလှသော ဆင်မကြီး ဟနာကိုကိုတော့ ထိုင်းနိုင်ငံမှ ဂျပန်နိုင်ငံသို့ သံတမန်လက်ဆောင်အဖြစ် (၁၉၄၉)ခုနှစ်က ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်ရှိသော ကမ္ဘာ့ပထမဆုံး ဆင်များအတွက် ဆေးရုံကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ “Friends of Asian Elephants” ဖောင်ဒေးရှင်းမှ ဆင်မကြီး ဟနာကိုအတွက် ပိုမိုကောင်းမွန်တဲ့စောင့်ရှောက်မှုကို ရရှိဖို့ ဂျပန်နိုင်ငံအစိုးရအား မှတ်ချက်ပြုအကြံဥာဏ်များပေးပို့ တောင်းခံကာ ချဉ်းကပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ အင်နိုကာရှိရာ တိရိစ္ဆာန်ဥယျာဉ်ထဲမှ ဆင်မကြီး ဟန်နားကိုရဲ့သနားစရာကောင်းလှတဲ့ ဓါတ်ပုံကို လူထုထဲ ဖြန့်ဝေလိုက်ပြီး နောက်ပိုင်းမှာတော့ တိရိစ္ဆာန်ချစ်သူများအကြား ဆင်မကြီးရဲ့အကြောင်းဟာ လူပြောများ ရေပန်းစားလာခဲ့ပါတယ်။ (၁၉၅၄)ခုနှစ်နောက်ပိုင်းကတည်းက ဆင်မကြီးဟာ အခြားသော မည်သည့်ဆင်များနဲ့မှ တွေ့ဆုံခွင့်မရခဲ့ကြောင်း  သိရှိရပါတယ်။ ယခုအခါမှာတော့ ဆင်မကြီးကို အဲဒီ တိရိစ္ဆာန်ရုံဘ၀ကနေ လွတ်မြောက်ပြီး အခြားသောဆင်များနဲ့ အတူနေထိုင်ခွင့်ပေးဖို့ လူပေါင်း (၂၁၀,၀၀၀)ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားကြပါတယ်။ ဆင်မကြီးကို ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာပေးဖို့ကိုလည်း အချို့သော ထိုင်းလူမျိုးများမှ တိုက်တွန်းထားတာကိုတောင် တွေ့ရပါတယ်။

သို့ပေမယ့် ဖောင်ဒေးရှင်းရဲ့အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆိုရေဒါ စာဝလာ ဆိုသူကတော့ ဆင်မကြီး ဟနာကိုဟာ အသက်အရွယ်ကြီးရင့်နေပြီး အလုံပိတ်ထားတဲ့ နေရာမှာသာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့တာဖြစ်လို့ သူ့ကိုပြောင်းရွေ့ဖို့ ကိစ္စတွေဟာ သိပ်မလွယ်လှကြောင်း Telegraph သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“သူမဟာ အသက်အရွယ်ကြီးရင်နေပါပြီ။ သူမအတွက် တိရိစ္ဆာန်ရုံဟာ အိမ်အဖြစ်ရှိနေခဲ့တာ (၆၁)နှစ် တောင်ရှိနေခဲ့ပါပြီ။ အသက်အရွယ်ကြီးရင့်နေတာကြောင့် ထိုင်းနိုင်ငံကို ပြန်လည်ခေါ်ဆောင်လာဖို့ မသင့်တော်ပါဘူး။ သူမအတွက် အိမ်အပြန်လမ်းဟာ လွယ်ကူနိုင်မှာ မဟုတ်ပါဘူး။ သူမကို တိရိစ္ဆာန်ရုံထဲကထုတ်  ပြီး အခြားဆင်များနဲ့အတူ နေထိုင်ခိုင်းဖို့ဆိုတာတောင် လျော်ကန်ခြင်းမရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ သူမဟာ သူမကို ပြုစုစောင့်ရှောက်ပေးတဲ့ တိရိစ္ဆာန်ရုံက ၀န်ထမ်းတွေနဲ့အတူ အခြား စေတနာ့ဝန်ထမ်းတွေနဲ့ပါ ထိတွေ့ရခြင်းကို နေသားကျနေခဲ့ပါပြီ။ သူမကို ကြည့်ရတာလည်း ကောင်းကောင်းမွန်မွန် မွေးမြူ ခင်း ခံထားရပုံပါပဲ။ သူမနေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ အထီးကျန်ဆန်မှုကပဲ သူမကို အခက်အခဲ ဖြစ်နေတာပါ။ ကျွန်မတို့ဖောင်ဒေးရှင်းအနေနဲ့လည်း အဲဒီကိစ္စကို စစ်ဆေးနေကြပါတယ်။ သူမအတွက် အဖော်ရစေဖို့    အခြားသော ဆင်များ ထပ်ဖြည့်ပေးဖို့နဲ့ စိမ်းလန်းတဲ့ နေရာထိုင်ခင်းတစ်ခု ပြုလုပ်ပေးဖို့ တိရိစ္ဆာန်ရုံက တာဝန်ရှိသူတွေကိုတော့ တိုက်တွန်းထားပါတယ်။ ဆင်တွေဆိုတာ အဖော်အပေါင်း အစုအဝေးနဲ့ နေထိုင်တဲ့ တိရိစ္ဆာန်အမျိုးအစားဖြစ်ပါတယ်။ ကျွန်မတို့ ဆေးရုံမှာ ဆေးကုပေးနေရတဲ့ ဆင်ထဲက အချို့ဆို ခွေး  ကလေး၊ ကြောင်ကလေးများနဲ့ အဖော်ပြုနေထိုင်တတ်တာကို တွေ့ရပါတယ်” လို့ ဆိုရေဒါက ဆိုပါတယ်။

တိရိစ္ဆာန်ရုံထဲရှိ လူအများရဲ့အလယ်မှာ လမ်းလျှောက်ထွက်ပြနေတဲ့ ဆင်မကြီး ဟနာကို

“ဒါကြောင့် သူမအဖော်ရဖို့အတွက် တိရိစ္ဆာန်ရုံအနေနဲ့ အခြားသော တိရိစ္ဆာန်များကို သူမထံ ခေါ်ဆောင် လာဖို့သင့်ပါတယ်။ တိရိစ္ဆာန်ရုံမှာလည်း အုတ်ထရံတွေချည်းပဲ မဟုတ်ဘဲ သစ်ပင်ပန်းမန်များကို စိုက်ပျိုးထားဖို့ အကြံပေးချင်ပါတယ်။ အစပိုင်းမှာ မြက်ပင်တွေဟာ သူမအတွက် ယားယံမှုကို ဖြစ်စေနိုင်ပေမယ့် သူမ  အတွက် လုပ်ဆောင်ပေးစရာ ဒုနဲ့ဒေးရှိပါသေးတယ်” လို့ ဆိုရေဒါက ထပ်လောင်းပြောဆိုအကြံပြုထားပါ တယ်။

ဟနာကိုအား ဂျပန်နိုင်ငံမှာ စတင်လက်ခံရရှိချိန် (၁၉၄၉)ခုနှစ်တွင် သူမအသက်မှာ (၂)နှစ်မျှသာ ရှိပါသေးတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေရန်နဲ့ ဒုတိယကမ္ဘာစစ်အပြီး စစ်ဘေးသင့်၍ ဆင်းရဲမွဲတေခဲ့သော ကလေးများအား ဖျော်ဖြေရန်အတွက် ရည်ရွယ်လျက် ထိုင်းစစ်တပ်အရာရှိတစ်ဦးမှာ ဟနာကိုအား ဂျပန်နိုင်ငံသို့ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ယခုထိတိုင် သူမဟာ တိရိစ္ဆာန်ရုံအတွက် ဆွဲဆောင်မှုကို ပေးနိုင်သော ဆင်ကြီးတစ်ကောင်ဖြစ်ပြီး တိရိစ္ဆာန်ရုံရှိ ၀န်ထမ်းများကလည်း သူမအား ကောင်းစွာစောင့်ရှောက်ထားကြောင်း၊ သူမမှာ အစာမခြေနိုင်တဲ့ ပြဿနာရှိတဲ့အပြင် သွားများလည်း ကျိုးကုန်ပြီ ဖြစ်တာကြောင့် သူမအတွက် အထူးပြင်ဆင်ထားသော အစားအစာများကိုသာ ပြင်ဆင်ကျွေးမွေး နေကြောင်း ၀န်ထမ်းများက ပြောဆိုထားပါတယ်။

သို့ပေမယ့် တိရိစ္ဆန်ရုံကို လာရောက်လည်ပတ်ကြတဲ့ သူတွေပြန်လည်ဖော်ပြထားတဲ့ လူမှုမီဒီယာ သတင်းတွေ မှာတော့ သူမဟာ စိတ်ဓာတ်ကျပြီး ပျော်ရွှင်ခြင်းမရှိကြောင်း ဖော်ပြရေးသားကြတဲ့အပြင် အချို့သော သူများကမူ သူမအား “ ကမ္ဘာ့အထီးကျန် အဆန်ဆုံး ဆင်မကြီး” လို့တောင် တင်စားခေါ်ဝေါ်လျက် ရှိကြပါတယ်။ “သူမကိုတွေ့လိုက်ရချိန်မှာ ကျွန်မ မျက်ရည်တောင်ကျမိတယ်။ တိရိစ္ဆာန်ရုံက သူ့ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်မှု မရှိလို့ မဟုတ်ပါဘူး။ သူမကို သန့်ရှင်းတဲ့ နေရာမှာထားတဲ့အပြင် ကောင်းမွန်တဲ့ အစာတွေကျွေးထားတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် သူမဆီက အထီးကျန်ဆန်မှုကို ကျွန်မခံစားလို့ရတယ်” လို့ တိရိစ္ဆာန်ရုံကို အလည်အပတ်သွားရောက်ခဲ့သူတစ်ဦးက ဆိုထားပါတယ်။

“တကယ့်ကို အထီးကျန်ဆန်တဲ့ ကျဉ်းကျပ်တဲ့၊ အင်္ဂတေအပြည့်ပိတ်လှောင်ပြီး ကြင်နာယုယမှုမရှိတဲ့ နေရာမှာ သူမကို ထားကြတယ်။ သူမဟာ ကျောက်ရုပ်ကြီးတစ်ရုပ်လိုပဲ အသက်မပါသလိုမျိုး အဲဒီနေရာမှာ မတ် တပ်ရပ်နေတယ်” လို့ အလည်သွားသူ နောက်တစ်ဦးကလည်း မှတ်ချက်ပေးထားပါသေးတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။ ။
http://www.telegraph.co.uk/news/worldnews/asia/japan/12041581/Campaigners-demand-better-life-for-worlds-loneliest-elephant-in-Japan.html 


The Embassy of Education သင်တန်းကျောင်းမိတ်ဆက်

0 comments


(ဓာတ်ပုံ - သီဟတိုး/ The Irrawaddy)

The Embassy of Education သင်တန်းကျောင်း မိတ်ဆက်ပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနားကို ယခုလ ၁၀ ရက်နေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ နေ့လည် ၁ နာရီကနေ ညနေ ၄ နာရီ အထိ     ကျင်းပပြုလုပ်ခဲ့ပါတယ်။

သင်တန်းကျောင်းမှာ အင်္ဂလိပ်စာအပြော Camp သွင်းခြင်းနှင့် ပြည်ပနိုင်ငံများမှာရှိတဲ့ ကျောင်းများတွင် ပညာသင်ကြားနိုင်ရန် လမ်းညွှန်ပေးခြင်း၊ Consultant ပေးခြင်း၊ ကျောင်းဝင်ခွင့် လျှောက်ပေးခြင်း စတဲ့      ပညာရေးဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒီဇင်ဘာလမှစလို့ တန်းခွဲသစ်တွေစပြီး လက်   ခံနေပြီလို့ သိရပါတယ်။

ဒီသင်တန်းကျောင်းကို တက်ရောက်နိုင်သူတွေကတော့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသူများ၊ အင်္ဂလိပ်စာ လေ့လာချင်သော အခြေခံပညာရှိသူများ၊ လုပ်ငန်းခွင် ၀င်ရောက်ရန် အင်္ဂလိပ်စကားပြော လေ့လာချင်သူများ၊ ပြည်ပနိုင်ငံများတွင် ကျောင်းသွားတက်ကြမည့်သူများ၊ နိုင်ငံတကာ လူနေမှုပုံစံ၊ အပြောအဆို၊ ဓလေ့ထုံးစံများကို လေ့လာသင်ယူချင်သူများ တက်ရောက်နိုင်ပါတယ်။

The Embassy of Education သင်တန်းကျောင်းကို ဦးစီးဆောင်ရွက်သူတွေမှာ Top Advisor များအနေနဲ့ လက်ရှိအမေရိကန်နိုင်ငံ Brooklyn မှာရှိတဲ့ New York Methodist Hospital မှ Dr.Alfred Ba Tun Leong နဲ့ အမေရိကန်နိုင်ငံ New York မှာရှိတဲ့ Fashion Institute of Technology မှ Apparel Production Management နဲ့ ကျောင်းပြီးပြီးတော့ Fashion Company များမှာ ၂၅ နှစ် ကျော်လုပ်ငန်း  အတွေ့အကြုံရှိတဲ့ ဦးစောမြင့်တို့ပဲ ဖြစ်ပါတယ်။



MD အနေနဲ့ဆောင်ရွက်သူကတော့ City University of New York (USA) မှ Computer Information System, AAS Degree နဲ့ ကျောင်းပြီးထားတဲ့ Terry Kyaw Kyaw ပဲ ဖြစ်ပါတယ်။ Terry Kyaw Kyaw က ၂၀၀၆ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ရောက်ရှိခဲ့ပြီး ပညာဆည်းပူးခဲ့ကာ Hotel Operation ပိုင်းမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ New York City မှာရှိတဲ့ ဟိုတယ်များမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

“ကျနော် ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်နေတဲ့ မိဘဆွေမျိုးများနေထိုင်ရာ မြောင်းမြမြို့ကို အမေရိကမှ အလှူရှင်များနဲ့ ပထမဆုံး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ နာဂစ်မုန်တိုင်းကြောင့်   ပျက်ဆီးဆုံးရှုံးမှုများတဲ့ လပွတ္တာမြို့နယ်၊ ရွာသစ်ကျေးရွာမှစပြီး သောက်သုံးရေကန်၊ တံတား၊ ပညာရေးဆိုင်ရာ ရန်ပုံငွေများကို ရရှိအောင် နှစ်စဉ်ပြန်လာပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့ပါတယ်”

“၂၀၁၄ ခုနှစ်မှာ ပြန်လည်ရောက်ရှိလာပြီး အဲဒီကျေးရွာတွေမှာ အချိန်ပိုင်း အင်္ဂလိပ်ဆရာအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ရင်း အဲဒီကအစပြုလို့ နိုင်ငံခြားမှာသင်ယူခဲ့တဲ့ အသိပညာ၊ အတတ်ပညာ၊ လူငယ်ဘ၀ ရုံး       ကန်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို တနိုင်တပိုင် မျှဝေပေးဖို့ The Embassy Of Education ကို စတင်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ Terry Kyaw Kyaw က သင်တန်းကျောင်း ဖွင့်ဖြစ်ခဲ့ပုံကိုပြောပါတယ်။

သူကဆက်ပြီး “ကျနော့်ရဲ့ ပညာရေးခံယူချက် ဆောင်ပုဒ်တခုကတော့ ကမ္ဘာကြီးကို တကယ်ငြိမ်းချမ်းအောင် လုပ်ပေးနိုင်တာ လူတွေရဲ့ အတွေးအခေါ်ပါ။ အဲဒါဖြစ်ဖို့ ပညာတတ်များများ ရှိဖို့ လိုအပ်ပါတယ်” လို့ ဆိုပါ တယ်။

အမေရိကန်နိုင်ငံတွင် နေထိုင်၍ ကျောင်းတက် အလုပ်လုပ်ခဲ့သော အတွေ့အကြုံ၊ ဗဟုသုတတို့ကို အခြေခံ  ပြီး The Embassy of Education သင်တန်းကျောင်းမှာ ပညာသင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများကို တပတ်တခါ နိုင်ငံခြားမှ Professional ဆရာဝန်ကြီးများ၊ ကျောင်းသားများ၊ Operation Manager များနှင့် အမေးအဖြေနှင့် Conference လုပ်ပေးခြင်းများနဲ့ သင်ကြားပေးသွားလို့ သိရပါတယ်။
သင်တန်းလိပ်စာက အခန်း အမှတ် (၇၀၈)၊ (၇) လွှာ၊ ဘုရင့်နောင်တာဝါ (2B) ၊ ကမာရွတ် မြို့နယ် ရန်ကုန် မြို့ဖြစ်ပြီး သင်တန်းကျောင်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို The Embassy of Education Facebook စာမျက်နှာ www.facebook.com/theembassyofeducation မှာ သွားရောက် ကြည့်ရှု လေ့လာနိုင်ပါတယ်။



 သီဟတိုး


ကလဲ့စားချေတတ်တဲ့ ခွေး

Thursday, December 10, 2015 0 comments


တရုတ်ပြည် မြောက်ပိုင်း Hebei ခရိုင် Shijiazhuang မြို့မှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်လေးတခုပါ။


ဒီဓာတ်ပုံထဲက ကားရဲ့ပိုင်ရှင်ဟာ သူ့အိမ်ရှေ့ကားပါကင်မှာ အိပ်ပျော်နေတဲ့ အိမ်ယာမဲ့ ခွေးလေခွေးလွင့် တကောင်ကို မောင်းထုတ်ခဲ့တဲ့အတွက်ကြောင့် အဲ့ဒီခွေးဟာ ပြန်လည်လက်စားချေတဲ့အနေနဲ့ ကားကို ဖျက်ဆီး ကိုက်ဖျက်နေတာပါတဲ့။



အဲ့ဒီလို မောင်းထုတ်ခံလိုက်ရတဲ့ ခွေးဟာ တခြားသော ခွေးတွေနဲ့အတူ ပြန်လာပြီး ပုံမှာမြင်တွေ့ရတဲ့ကားရဲ့ ဘော်ဒီကို ကိုက်ဖျက်ဖျက်ဆီးပစ်ခဲ့ပါတော့တယ်။ ဒါကိုကြည့်ပြီး ကားပိုင်ရှင်ဟာ အတော်လေး အံ့သြနေခဲ့ရပါတယ်တဲ့။ ဒီလို ခွေအမြောက်အများ ကိုက်ဖျက် ဖျက်ဆီးပစ်ခဲ့တဲ့အတွက် အဆိုပါကားလည်းတော်တော်လေး ပျက်ဆီးခဲ့ပါတယ်။




Ref: people's daily china

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved