Showing posts with label အလှအပ ရေးရာ. Show all posts
Showing posts with label အလှအပ ရေးရာ. Show all posts
သင့်ဝမ်းဗိုက်မှာအဆီပိုတွေ မရှိစေဖို့
Wednesday, September 30, 2015 0 comments
ဝမ်းဗိုက်ကအဆီတွေ လျှော့ချနိုင်ဖို့ ကြိုးစားနေပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ ကာဘို ဟိုက်ဒရိတ် (ကစီဓာတ် သို့မဟုတ် ကစီဓာတ်များတဲ့ အစားအသောက်တွေ) စားသုံးမှုကို သတိပြုပါ။ သဘာဝမဟုတ်တဲ့ အချိုတွေကို ရှောင်ကြဉ်ပါ။ သကြားများတဲ့ သရေစာတွေနဲ့ သန့်စင်အောင် ပြုလုပ်ထားတဲ့ တခြား ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကလည်း ဆီးချိုဖြစ်စေနိုင်သလို၊ ကိုယ်ခန္ဓာ အလယ်ပိုင်းမှာလည်းအလေးချိန် တိုးလာ စေပါတယ်။ အဲဒါတွေအစား ပြောင်း၊ ပဲနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးတော့ စားသုံးသင့်ပါတယ်။
မိမိရဲ့အလှအပကို သဘာဝအတိုင်း ထိန်းသိမ်းခဲ့တဲ့ ၅၉နှစ်အရွယ် နာမည်ကြီးမော်ဒယ်လ်
0 comments
ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသမီးကြီးဟာ အသက် ၅၉ နှစ်အရွယ် ဖက်ရှင်မော်ဒယ်လ်တဦးဖြစ်တဲ့ Yasmina Rossi ဆိုသူပါ။ သူမဟာ Marks & Spencer ၊ Hermes နဲ့ Macy’s စတဲ့ နာမည်ကြီးထုတ်ကုန်ပစ္စည်း      တော်တော်များများရဲ့ မော်ဒယ်လ်တဦးလည်းဖြစ်ပါတယ်။ Rossi ဟာ ၁၉၅၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့တယ်ဆိုပေမယ့် Corsica ဆိုတဲ့ကျွန်းမှာ ကြီးပြင်းလာခဲ့သူပါ။
သူမကိုမြင်တဲ့သူတိုင်းက သူမရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးကို သူမ ဘယ်လို ထိန်းသိမ်းပြု ပင် သလဲဆိုတဲ့ လျို့ဝှက်ချက်ကို အလွန်ပင်သိချင်နေကြတာပါ။ ဒါကို သူမက “သူ့မှာ ကြီးကြီးမားမား လျို့   ၀ှက်ချက် မရှိပါဘူး” လို့ Sunday Times’ Style မဂ္ဂဇင်းမှာ ဖြေကြားခဲ့ပါတယ်။
“အခုလို ခေတ်ဆန်ဆန်လှပနေတဲ့သူဖြစ်မလာခင်မှာ ကျမအနေနဲ့ အော်ဂန်းနစ်အစားအစာမှန်သမျှကို ကြာရှည်စားသုံးလာခဲ့တာပါ။ ကျမရဲ့ ဆံပင်တွေကို မုန်းညင်းဆီ ထည့်ပါတယ်။ တပတ်ကိုတကြိမ် သံလွင်ဆီ နောက်ပြီး ကောင်းမွန်တဲ့ သကြားတို့နဲ့ ကျမရဲ့အသားအရည်ကို ချေးချွတ်တာတို့ ပွတ်တိုက်တာ လုပ်ဖြစ်ပါ တယ်။ နောက် အရေးပြားကိုလည်း အဆီသုတ်လိမ်းပေးပါတယ်။ တနေ့ကို ထောပတ်သီးတလုံး နဲ့ အော်  ဂန်းနစ် အသားတွေ ငါးတွေကို စားဖြစ်ပါတယ်” လို့ Rossi က သူ့ရဲ့ လှပခြင်း လျို့ဝှက်ချက်ကို ပြောပြသွားပါတယ်။
Ref: NRJ Lebanon 99.1fm
ရုပ်ရည်ရူပကာကိုပြောင်းလဲသွားစေမယ့် အိပ်ချိန်(၂)နာရီ
Friday, August 21, 2015 1 comments
ညစဉ်ညတိုင်း အိပ်ရေးဝစွာအိပ်စက်ခြင်းဟာ သင့်ကျန်းမာရေးအတွက်အကျိုးရှိနေတယ်ဆိုတဲ့ အချက်ကတကယ်တော့ လျို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး။ ဒီအချက်ကိုသိကြပေမယ့် လူတွေဟာညဖက် အချိန်နောက်ကျ ပြီးမှ အိပ်ယာဝင်တတ်ကြပါတယ်။ ဒီလိုညဖက်အချိန်နောက်ကျပြီးမှ အိပ်ယာဝင်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ကို ပိုတိုးစေတဲ့အပြင် ကြည်လင်လန်းဆန်းစွာအိပ်ရာနိုးထနိုင်မှာမဟုတ်ပါဘူး။ ဒီလိုအိပ်ချိန်မမှန်တဲ့ အမူအကျင့်တွေကြောင့် ဖြစ်တတ်တဲ့ အကျိုးသက်ရောက်မှုတွေအပြင် တနေ့ကို အိပ်ချိန် (၈)နာရီမရှိတဲ့သူများဟာ ခန္ဓာကိုယ်နဲ့ မျက်နှာအသားအရေတွေအပေါ်မှာ ကျရောက်လာနိုင်တဲ့ ဆိုးကျိုးတွေက ခံစားရနိုင်တယ်လို့ သိပ္ပံပညာရှင်များကအတည်ပြုထားပါတယ်။
မွေ့ယာကုပ္မဏီတစ်ခုဖြစ်တဲ့ Bensons for Bed နှင့် လန်ဒန်မြို့ရှိအိပ်မပျော်သောရောဂါကို ခံစားနေရသည့် ဝေဒနာရှင်များကို ကုသမှုပေးနေသော Sleep School တို့ပူးပေါင်းကာ လေ့လာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ရာ တစ်နေ့ကို ရှစ်နာရီအိပ်စက်ရန် သတ်မှတ်ထားပြီး ၄င်း(၈)နာရီထက် နည်း၍ အိပ်စက်သူများသို့မဟုတ်၊       တစ်နေ့လျှင် အိပ်ချိန်(၆)နာရီထက်နည်း၍ အိပ်စက်သူများအနေဖြင့် ၄င်းတို့ရဲ့ ရုပ်ရည်ရူပကာအပေါ်တွင်     လျင်မြန်သော အကျိုးသက်ရောက်မှုများရှိနေသည်ဟု တွေ့ရှိခဲ့ရပါတယ်။ တွေ့ရတဲ့ ဆိုးကျိုးများကတော့      ကြောက်စရာကောင်းလှပြီး အဲဒီဆိုးကျိုးတွေဟာ တစ်ပတ်အတွင်းသိသိသာသာ ဖြစ်ပေါ်လာတာကို တွေ့ရမှာပါ။
၈ နာရီကြာ အိပ်စက်ခြင်းရဲ့ ရုပ်ရည်သွင်ပြင်အနေအထားနှင့် ၆ နာရီကြာ အိပ်စက်ခြင်းရဲ့ ရုပ်ရည်သွင်ပြင်အနေအထား ကွဲပြာြး ခားနားပုံ (photo- daily mail)
အဆိုပါလေ့လာမှုမှာ လူပေါင်း (၁,၁၀၀၀)မျှ ပါဝင်ခဲ့ပြီး ဆာရာကယ်လ်မာဆိုသူ အမျိုးသမီးတစ်ဦးကတော့ ၄င်းမှာတွေ့ရှိရတဲ့ရလဒ်များကို ပျော်ရွှင်စွာမှတ်တမ်းတင် ဖော်ပြခွင့်ပေးခဲ့ပါတယ်။ လေ့လာမှုအတွက် သူမဟာ (၅)ရက်ဆက်တိုက် တစ်နေ့လျှင် (၆)နာရီကြာသာ အိပ်စက်ခဲ့ပါတယ်။ အဲဒီအချိန်များအတွင်းမှာ သူမဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်မကြည်လင်ခြင်း၊ မေ့လျော့တတ်ခြင်းစသည်တို့ကို ခံစားရတဲ့အပြင် အချိုပါသော အစားအသောက်များကိုသာ ဆက်တိုက်စားသောက်ဖို့ အာသီသ ပြင်းပြနေခဲ့ပါတယ်။
အဲဒီရလဒ်တွေအထဲ အံ့သြဖို့အကောင်းဆုံးအချက်ကတော့ ခန္ဓာကိုယ်နဲ့ မျက်နှာပေါ်မှာရှိတဲ့ ချွေးပေါက်တွေဟာ ကျယ်လာတဲ့အပြင် ၄င်းချွေးပေါက်အနီးတ၀ိုက်ရှိ အသားအရည်မှာလည်းပိုပြီးနီရဲလာတာကို တွေ့ရပါတယ်။ ၄င်းရလဒ်တွေကတော့ တစ်နေ့ကို ၈ နာရီဝန်းကျင်အိပ်စက်ချိန်မရှိသူတွေအနေနဲ့ တွေ့ကြုံရမယ့် ရုပ်ရည်ရူပကာနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။
 ခင်အေးမြလွင်
ကိုးကားသတင်း။  ။http://www.stethnews.com/2846/think-theres-not-much-difference-between-six-and-eight-hours-of-sleep-wrong/
နုပျိုလှပသော အသားအရေ ကောင်းခြင်းနဲ့ပြည့်စုံစေနိုင်မယ့် အစားအစာ ၆ မျိုး
Tuesday, August 18, 2015 0 comments
နုပျိုကျန်းမာတဲ့အသားအရည်မျိုးပိုင်ဆိုင်ဖို့၊ အသားအရည် အိုမင်းရင့်ရော်စေနိုင်တဲ့ အကြောင်းအချက်တွေကို ကာကွယ်ပေးနိုင်မယ့် အာဟာရဓာတ်တွေ၊ ငယ်ရွယ်နုပျိုစေမယ့် အသားအရည်မျိုးကို အကောင်းဆုံး ပေး   စွမ်းစေနိုင်မယ့် အစားအစာအသီးအနှံတွေကို မကြာခဏဆိုသလို စားသုံးကြဖို့ လိုအပ်ပါတယ်။ အသားအရည်ရဲ့ကောင်းခြင်းနဲ့ ပြည့်စုံကြွယ်ဝစေဖို့ အောက်ဖော်ပြပါ အစားအစာတွေကို ဘယ်လို စားသုံးကြမလဲ။
ပန်းမုန်လာစိမ်း(Broccoli) နှင့် ငရုတ်ပွသီး(Bell Peppers)
ဗိုက်တာမင်စီဓာတ်ဟာ အသားအရည်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကော်လိုဂျင်ဓာတ်ကို ဓာတ်တိုး ထုတ်လုပ်ပေးတာပါ။ ဒါ့အပြင် မျက်လုံးနားတ၀ိုက်နဲ့ ပါးစပ်နားတ၀ိုက်မှာဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်းတွေကိုလည်း ပိုမိုနည်းပါးသထက် နည်းပါးလာအောင် လျော့ချပေးနိုင်ပါတယ်။ အဆိုပါ ဗီတာမင်စီဓာတ်တွေပါဝင်တဲ့ ပန်းမုန်လာစိမ်း(Broccoli) နဲ့ ငရုတ်ပွသီး တို့ဟာ နေ့စဉ် စားသုံးသင့်တဲ့ထဲမှာ ပါဝင်ပါတယ်။
ဆော်လမွန်ငါး(Salmon)
ဆော်လမွန်ငါးဟာ အိုမီဂါ - ၃ အက်ဆစ်အဆီဓာတ်များ အပြည့်အ၀ပါဝင်ကာ အသားအရည်ရဲ့အစိုဓာတ်ကို ထိန်းသိမ်းခြင်း၊ နူးညံချောမွတ်စေခြင်းတို့အတွက် အကောင်းဆုံးလို့ ဆိုရမှာပါ။ ဒါ့ထက် ဦးခေါင်းခွံအရေပြားမှာ ရှိတဲ့ သဘာဝအဆီဓာတ်များကို ထိန်းသိမ်းပေးခြင်း၊ အားဖြစ်စေမယ့် အာဟာရဓာတ်များ ရောနှော ပါဝင်တာကြောင့် ဆော်လမွန်ငါးကို ၄ အောင်စကနေ ၆ အောင်စ အထိ တပတ်ကို သုံးကြိမ် စားသုံး သင့်ပါတယ်။
ဘလက်ဘယ်ရီသီး(Blackberries)နှင့် ရက်စ်ဘယ်ရီသီး (Raspberries)
အလက်ဂျစ်အက်ဆစ်(Ellagic acid) ဓာတ်တမျိုးဟာ အိုမင်းရင့်ရော်မှုတွေကို သိသာစေနိုင်မယ့် အရေး အကြောင်းတွေကို လျော့ကျစေနိုင်  ပြီး နေရောင်ခြည်ကြောင့် အသားအရည် ပျက်ဆီးစေနိုင်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။  ဒါ့ကြောင့် ရေခဲသေတ္တာထဲမှာ ထည့်ကာ   အအေးခံပြီး လတ်လတ်ဆတ်ဆတ်ဖြစ်နေတဲ့  ဘလက်ဘယ်ရီသီးနဲ့ ရက်စ်ဘယ်ရီသီးများကို နေ့စဉ်စားသုံးသင့်ပါတယ်။
ခရမ်းချဉ်သီး(Tomatoes)
ခရမ်းချဉ်သီးထဲမှာပါဝင်တဲ့ Lycopene ဓာတ်ဟာ နေရောင်ခြည်ကြောင့် ထိခိုက်ပျက်ဆီးမှုကို တားဆီး ကာကွယ်ပေးပါတယ်။ အန်တီအောက်ဆီဒင့် (antioxidant) ဓာတ်အာနိသင်အများအပြားပါဝင်တဲ့ ခရမ်းချဉ်သီးကို ချက်ပြုတ်စားသုံခြင်း၊ အိမ်တွင်းဖြစ် ခရမ်းချဉ်သီးဆော့ဖ်  ပြုလုပ်စားသုံးခြင်း စတာတွေဟာ အသားအရည်အတွက် အလွန်ကောင်းမွန်လှပါတယ်။ လူတယောက်လျှင် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးစိပ် ၄ စိပ်လောက်ကို တပတ်လျှင် ငါးကြိမ်ခန့် စားသုံးသင့်ပါတယ်။
အမည်းရောင် ချောကလက်(Black Chocolate)
ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်တဲ့ Cocoa flavonols ဓာတ်ဟာ အမည်းရောင်ချောကလက်တွေ ထဲမှာ ပါဝင်ပါတယ်။ အဲ့ဒီဓာတ်ဟာ   ဦးခေါင်းခွံ့အရေပြားအထိ စိမ့်ဝင်ပျံ့နှံ့မှု မြန်ဆန်ကာ ဆံပင် ကျန်းမာရေး အတွက် အထူးကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေကိုပါ မြန်မြန်ဆန်ဆန်     ပို့ဆောင်ပေးနိုင်စွမ်းရှိတာပါ။ အမည်းရောင်ချော  ကလက်ကို တနေ့လျှင် တအောင်စ ဒါမှမဟုတ် ၁၅၀ ကယ်လိုရီ စားသုံးသင့်ပါတယ်။
အားလူးသီး(Potatoes)
အားလူးမှာ အရေပြားဆဲလ်များကို ပျက်ဆီးစေနိုင်သောဓာတ်နှင့် မူလသဘာဝအလျောက်  ပေးစွမ်းထားတဲ့ အာဟာရဓာတ်များကို ပျက်ဆီးစေခြင်းအား ကာကွယ်တိုက်ထုတ်ဖျက်ဆီးပစ်နိုင်တဲ့ ဘီတာခရိုတင်း(Beta-carotene) ဓာတ်    ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဘီတာခရိုတင်းဓာတ်ဟာ ခန္တာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် အေ ဓာတ်သို့ ပြောင်းလဲပေးပြီး အို  မင်းရင့်ရော်မှုတွေကိုဖြစ်ပေါ်လာစေနိုင်တဲ့   လက္ခဏာရပ်များကို တိုက်ခိုက် ဖျက်ဆီးပစ်နိုင်ပါတယ်။
ကိုးကားသတင်း။  ။ http://www.rd.com/slideshows/best-superfoods-skin/#slideshow=slide1
ထိုင်းနိုင်ငံက အလှအပရေးရာခွဲစိပ်ပြုပြင်မှုများရဲ့ အခြားတစ်ဖက်မှာ ဘာတွေနဲ့ ရင်ဆိုင်နေရလဲ
Thursday, February 26, 2015 0 comments
ဟယ်လန်နာဂရေ့စ်ရဲ့ နှာခေါင်း မပြုပြင်ခင်ပုံ၊ မျှော်လင့်ထားတဲ့ ပုံနှင့် ပြင်ပြီး ထွက်လာတဲ့ပုံ(photo - bbc.com)
နိုင်ငံရပ်ခြားမှ အခြားသောလူနာတွေရဲ့ ချီးမွမ်းစကားတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလက ဗြိတိသျှ အမျိုးသမီးတစ်ဦးဖြစ်သူ ဂွိုင်း ၀ီလီယမ်စ်ဟာ ဘန်ကောက်မြို့မှာရှိတဲ့ SP ဆေးခန်းကို သွားရောက်ခဲ့ပါတယ်။ သူမဟာ အဲဒီနေရာမှာ အလှအပရေးရာ ခွဲစိတ်မှုကို အသင့်တင်းဆုံးဈေးနှုန်းနဲ့ ပြုလုပ်ခွင့် ရရှိမယ်လို့ ယုံကြည်တဲ့အပြင် ခေတ်မီတဲ့ စက်ကိရိယာတွေနဲ့ ကျွမ်းကျင်စွာ ခွဲစိပ်ပေးလိမ့်မယ်လို့လည့် ယုံကြည်ခဲ့မိတာပါ။
ဒါပေမယ့် သူမရဲ့ ခွဲစိတ်ဒဏ်ရာဟာ ပိုးဝင်ခဲ့ပြီး မေ့ဆေးပေးထားတဲ့ အချိန်အတွင်းမှာပဲ သူမဟာ အဲဒီ့ ဆေးခန်းမှာတင် ကွယ်လွန်ခဲ့ပါတယ်။ ဆေးခန်းကတော့ မှားယွင်းမှုတွေကို အမှန်ဖြစ်လာအောင် ကြိုးပမ်းခဲ့ပါ တယ်။
ဆွန်ပေါ့စန်စရီအမည်ရှိတဲ့ သူမရဲ့ဆရာဝန်ကတော့ နမော်နမဲ့ဆန်စွာ ကုသခဲ့မှုနဲ့ တရားဆွဲဆိုခံထားရပြီး SP ဆေးခန်းကိုလည်း ပိတ်ခဲ့ရပါတယ်။ တကယ်တမ်းလည်း အဲဒီဆရာဝန်မှာ ခွဲစိပ်ကုသမှုတွေပြုဖို့အတွက် လိုင်စင်မရှိခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
မစ္စစ် ၀ီလီယမ်စ်ဟာ ထိုင်းနိုင်ငံကို အလှအပရေးရာခွဲစိပ်မှုအတွက် နှစ်စဉ်နှစ်တိုင်းလာနေကြ ထောင်နဲ့ချီ တဲ့ နိုင်ငံခြားသားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
အဲဒီလိုလာရောက်ကြဖို့လည်း အကြောင်းပြချက် ကောင်းကောင်းရှိပါတယ်။ ခွဲစိပ်ကုသစားရိတ်ဟာ ဥရောပနဲ့ အမေရိကားတို့ထက် သုံးဆလောက်သက်သာတဲ့အပြင် ခွဲစိပ်ကိရိယာတွေဟာ တစ်ခါတစ်လေမှာတောင် ပထမတန်းအဆင့်ရှိတဲ့ကိရိယာတွေ ဖြစ်နေတတ်ကာ ထိုင်းနိုင်ငံက ဆရာဝန်တွေကလည်း အလှအပရေးရာ ခွဲစိပ်မှုတွေမှာ အထူးပြုထားသူတွေ ဖြစ်ကြလို့ပါပဲ။
ထိုင်းနိုင်ငံရဲ့အလှအပရေးရာနဲ့ပြန်လည်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ခွဲစိပ်မှုအသင်းရဲ့ ဥက္ကဌတစ်ဦးဖြစ်တဲ့ ဒေါက်တာ အေပရက် ချူယန်စူဝန်နစ် ကတော့ “ကျွန်တော်တို့ထိုင်းနိုင်ငံဟာ အလှပရေးရာခွဲစိပ်မှုတွေ ပြုလုပ်တဲ့နေရာဖြစ်လာအောင်လို့ ပံ့ပိုးထားတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ ၀န်ဆောင်မှု အရည်အသွေး၊ နိုင်ငံတကာ အသိအမှတ်ပြု ဆေးရုံတွေနဲ့၊ အများနဲ့ နှိုင်းယှဉ်တဲ့အခါ သင့်တော်တဲ့ဈေးနှုန်းတွေပဲ ဖြစ်ပါတယ်” လို့ဆိုပါတယ်။
ခွဲစိပ်ပြုပြင်ပြီးနောက် လူနာအတော်များများကတော့ ထိုင်းနိုင်ငံကနေ ကျေနပ်စွာ ပြန်သွားကြတာ များပါတယ်။ ဒါပေမယ့် အချို့နေရာတွေမှာ အမှားအယွင်း ချို့ယွင်းမှုတွေ ရှိနေတဲ့အခါမှာ ဘာတွေဖြစ်လာနိုင်ပါသလဲ???
ဘန်ကောက်မြို့မှာ နေထိုင်သူ ဟယ်လန်နာဂရေ့စ်ဆိုသူအမျိုးသမီးဟာ (၂၀၁၀) ခုနှစ်မှာ သူမရဲ့ နှာခေါင်းပုံစံကို ပြင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“ကျေနပ်မှုရရှိဖို့အာမခံတယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့လူသိများတဲ့ ဆေးရုံတစ်ခုရဲ့ ကြော်ငြာကို ကျွန်မမြင်တွေ့ခဲ့ပါတယ်” လို့ သူမက ၀န်ခံထားပါတယ်။ ခွဲစိပ်ပြုပြင်ပြီး ဖြစ်ပေါ်လာမယ့် သူမရဲ့ နှာခေါင်းပုံစံအသစ်ကို မြင်ယောင်ပြီး ဆေးရုံကို သွားရောက် တိုင်ပင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့ ခွဲစိပ်မှုဟာ (၂)နာရီသာကြာမြင့်လိုက်ကြောင်း အံ့သြစွာသိရှိခဲ့ရပါတယ်။
“ခွဲစိပ်မှုပြီးလို့ ပြန်သတိရရခြင်းမှာ တစ်ခုခုတော့ မှားနေပြီလို့သိလိုက်ရတယ်” လို့ သူမက ပြောဆိုပါတယ်။ သူမရဲ့ ဆရာဝန်ကိုအကြောင်းကြားခဲ့ပေမယ့် ဆရာဝန်က အားလုံးအဆင်ပြေကြောင်းနဲ့၊ အနာကျက်ဖို့ ရက်အနည်းငယ်လောက် ထပ်စောင့်ဖို့လိုကြောင်းသာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် ထွက်လာတဲ့ နှာခေါင်းပုံစံကတော့ သူမကို ဂတိပေးထားတဲ့ ပုံစံမျိုးနဲ့ လုံးဝခြားနားနေခဲ့တာပါ။ ဟယ်လန်နာဟာ နှာခေါင်းပေါက်တစ်ဖက်ကနေတောင် အသက်ကောင်းကောင်း ရှုလို့မရအောင်ဖြစ်ခဲ့ရပါတယ်။
သူမဟာ အခြားသော အလှအပရေးရာ ခွဲစိပ်ပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်ခဲ့ရုံမျှမက အမေရိကားကို သွားပြီးတော့တောင်အကြံဥာဏ်တွေ တောင်းခံခဲ့တဲ့ အထိပါပဲ။ ၄င်းတို့တွေက သူမရဲ့နှာခေါင်းပြုပြင်မှုကို ဖြစ်သလို ခွဲစိပ်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြန်လည်ပြုပြင်ဖို့အတွက်ဆိုရင်တော့ အခကြေးငွေ အများကြီးကုန်ကျမယ့် ခွဲစိပ်မှု နောက်တစ်ကြိမ်ပြုလုပ်ဖို့ လိုအပ်ပြီး ရလဒ်အတွက် အာမမခံနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
သို့ပေမယ့် သူမကိုခွဲစိပ်ပေးခဲ့တဲ့ ဆေးရုံကတော့ ပြန်လည်ပြုပြင်ခွဲစိပ်ပေးဖို့အတွက် ငြင်းဆိုခဲ့ပါတယ်။ ပထမအကြိမ်ခွဲစိပ်မှုအတွက် လျော်ကြေးပြန်ပေးမယ်လို့သာ ကမ်းလှမ်းခဲ့ပါတယ်။
ဟယ်လန်နာဟာ ပြီးခဲ့တဲ့ (၄)နှစ်လောက်ကစလို့ အလျော်အစားခွဲစိပ်မှု ပြန်လည်ရရှိဖို့အတွက် ထိုင်းအရပ်ဖက် တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။ သူမရဲ့ အမှုအတွက် အကြိမ် (၅၀)ကျော်ထိ ရုံးတော်မှာ ထွက်ဆိုခဲ့ရပါတယ်။ ဒီအပတ်မှာတော့ တရားသူကြီးဟာ သူမရဲ့ လျှောက်လဲချက်ကို သက်သေသာဓကမရှိဘူး ဆိုပြီး ငြင်းပယ်ခဲ့ ပါတယ်။
ထိုင်းနိုင်ငံက ဆေးရုံတွေကို ကျင့်ဝတ်နဲ့မညီဘဲဆေးကုသခြင်းအမှုနဲ့ ပတ်သက်လို့ တရားစွဲဆိုခြင်းတွေဟာ အောင်မြင်မှုရရှိတာက ရှားပါးလှပါတယ်။ အဲဒီအကြောင်းအရာကလည်း ထိုင်းနိုင်ငံမှ ဆရာဝန်တွေဟာ ဥရောပတို့ အမေရိကားတို့နဲ့နှိုင်းယှဉ်ရင် အာမခံချက် အနည်းငယ်သာ ပေးရခြင်းအကြောင်းကို မီးမောင်းထိုး ပြနေသလို ခွဲစိပ်မှုစရိတ်ကလည်း သက်သာနေရတဲ့ အကြောင်းအရင်းကို ဖော်ပြနေပါတယ်။
ဂျိမ်းစ် ဂိုးလ်ဘတ် ဆိုသူ ဖခင်တစ်ဦးဟာလည်း (၂၀၀၆)ခုနှစ် ဖေဖော်ဝါရီလမှာ ခြေထောက်ဒဏ်ရာနဲ့ ကုသမှုကို ခံယူနေရင်း ရုတ်တရက်သေဆုံးခဲ့တဲ့ သူ့ရဲ့သားအဖြစ်အပျက်ကနေ ဘန်ရန်ဂရတ်(Bumrungrad) ဆေးရုံအကြောင်း သိရှိခဲ့ရပါတယ်။ အဲ့ဒီ ဘန်ရန်ဂရတ် ဆေးရုံဟာ ဆေးကုသမှုနဲ့ပတ်သက်လို့ ကြော်ငြာအားကောင်းကောင်းနဲ့ ထိုးဖောက်နိုင်လို့ အောင်မြင်နေတဲ့ ဆေးရုံတစ်ရုံလည်း ဖြစ်ပါတယ်။
မစ္စတာ ဂိုးလ်ဘတ်ဟာ သားဖြစ်သူရဲ့ဆေးရုံမှတ်တမ်းတွေကို  အမေရိကားမှာရှိတဲ့ ဥပဒေရေးရာ ရောဂါ ဗေဒပညာရှင်တွေထံမှာ ပြသစစ်ဆေးခဲ့ပါတယ်။ သူကတော့ သားဖြစ်သူ သေဆုံးရခြင်းမှာ အမျိုးအစားမတူတဲ့ ဆေးဝါးပေါင်းမြောက်မြားစွာကို အလွန်အကျွံ တိုက်ခဲ့လို့ ဖြစ်ရတယ်လို့ ယုံကြည်နေခဲ့ပါတယ်။
အဲဒီဆေးရုံကတော့ ၄င်းတို့မှာ ပေါ့လျော့ခြင်းမရှိဟုငြင်းဆိုခဲ့ပြီး နိုင်ငံတကာမှာ ကျော်ကြားနေတဲ့ ၄င်းတို့ရဲ့ ဂုဏ်သိက္ခာကို ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။ သို့သော်လည်း မစ္စဆာ ဂိုးလ်ဘတ်ကတော့ သူ့ရဲ့ ထင်မြင်ချက်ကို ထိုင်းရဲဌာနတွေက သေချာစွာ စစ်ဆေးခဲ့ခြင်းမရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။
“ထိုင်းနိုင်ငံမှာရှိတဲ့ ဘယ်ရှေ့နေမှ ဒီအမှုကိုဖြစ်နိုင်ခြေရှိတယ်ဆိုပြီး လက်မခံကြဘူး။ ထိုင်းနိုင်ငံမှာ တစ်ဦးချင်းအနေနဲ့ ဥပဒေရေးရာအရ တရားဆွဲဆိုချင်တယ်ဆိုရင်လည်း ရှေ့နေတွေကို အခကြေးငွေ ကြိုတင်ပေးထားရပြီး အမှုနိုင်ချေကတော့ အင်မတန်နည်းပါတယ်” လို့ သူက ပြောဆိုထားပါတယ်။
ရဲဌာနတွေမှာ ဆေးပညာနဲ့ ပတ်သက်တဲ့ ပညာရှင်များ အလွန်ရှားပါးတာမို့ ၄င်းတို့အနေနဲ့ အမှုကို ဆက်လက်ကိုင်တွယ်သင့် မသင့် ဆုံးဖြတ်မှုအတွက် ထိုင်းဆေးပညာကောင်စီကိုပဲ အားကိုးနေရပါတယ်။ သို့ပေမယ့် ကောင်စီကလည်း ဆေးလောကမှ ကိုယ်စားလှယ်များနဲ့သာ ဖွဲ့စည်းထားတာမို့ အကျိုးမရှိဘဲ ၄င်းတို့ရဲ့လုပ်ဖော်ဆောင်ဖက်တွေရဲ့အမှားကို ဖော်ပြခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါသေးတယ်။
ထိုင်းနိုင်ငံရှိ ဆေးရုံများသို့ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များကိုပေးအပ်နေသော အမေရိကနှင့်ချိတ်ဆက်ထားတဲ့ Joint Commission International (JCI)အဖွဲ့ ဆိုသည်မှာလည်း ဆေးရုံများရဲ့ အရည်အသွေးတွေကို ပြောပလောက်အောင် လွှမ်းမိုးနိုင်မှုမရှိသည်သာမက ကျင့်ဝတ်နဲ့မညီဟု စွပ်စွဲခံထားရတဲ့ ဆေးကုသခြင်းကိစ္စရပ်များအတွက်ကိုမူ ၀င်ရောက်ပတ်သက်မှုမရှိပေ။ အဲ့ဒီအစား ဆေးရုံ တစ်ရုံကို  တစ်နှစ်လျှင် သုံးကြိမ် ၀င်ရောက်စစ်ဆေးခအလုံးအရင်းကိုသာ တောင်းခံနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ဗြိတိသျှနိုင်ငံသူ ဂွိုင်းဝီလီယမ်စ်ရဲ့ အမှုမှာ ထိုင်းနိုင်ငံရဲ့စည်းဘောင်မဲ့မှုများဟာ ပို၍ မြင်သာထင်ရှားလျက် ရှိလာခဲ့ပါတယ်။ ဒေါက်တာ စန်စရီကတော့ အာမခံချက်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ပြီး နောက်ထပ်ဆေးခန်းတစ်ခုမှာ ဆက်လက်ဆေးကုနေခဲ့ပါပြီ။
ဘီဘီစီ သတင်းဌာနက ဒေါက်တာ စန်စရီထံမှ ဆေးကုသခွင့် ယာယီရုတ်သိမ်းထားခြင်းမရှိရခြင်းအကြောင်းနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆေးပညာကောင်စီအား မေးမြန်းရာ ကောင်စီမှ စစ်ဆေးမှုမှ ရရှိလာမည်ဖြစ်တဲ့ ရလဒ်ကိုသာ စောင့်နေရခြင်းဖြစ်ပြီး အဲ့ဒီရလဒ်ရရှိဖို့ရန်လည်း နှစ်အနည်းငယ် ကြာရှိဦးမှာဖြစ်တယ်လို့သာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ လာရောက်ကုသကြမယ့် လူနာတွေအနေနဲ့ ထိုင်းနိုင်ငံအကြောင်းရှင်းလင်းစွာ သိပြီးပြီလားလို့ မေးစရာရှိလာပါတယ်။
နိုင်ငံရပ်ခြားမှာရှိတဲ့ ဖောက်သည်တွေ ထိုင်းနိုင်ငံမှာ ဆေးကုသမှုရဖို့အတွက် စီစဉ်ပေးနေသူလည်းဖြစ် ထိုင်းနိုင်ငံမှာနေထိုင်နေသူလည်းဖြစ်တဲ့ ရေချယ်ဂိုလ်ဒီဆိုသူ အမျိုးသမီးကတော့ ဒါကို သဘောတူမယ်မထင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူမဟာ ထိုင်းနိုင်ငံမှာ အကောင်းဆုံး ဆေးဖက်ဆိုင်ရာကိရိယာတွေနဲ့ အတော်ဆုံး ဆရာဝန်တွေ ရှိနေတယ်လို့ ကြွေးကြော်နေသူတစ်ဦးလည်းဖြစ်ပါတယ်။သို့ပေမယ့် သူမကတော့ လူနာတွေအနေနဲ့ မှာကြားထားတွေကိုတော့ လိုက်နာရမှာဖြစ်ပြီး ကုသမှု အရည်အသွေးပိုင်းမှာတော့ တာဝန်ယူတယ်လို့ ဆိုထားပါသေးတယ်။
“သင့်ကိုခွဲစိပ်ပေးမယ့် ဆရာဝန်ဟာ သူလုပ်နေတဲ့အလုပ်အတွက် တရားဝင်လက်မှတ် ရရှိသူဖြစ်လား ဆိုတာကို သိရှိဖို့လိုပါတယ်။ အကယ်၍ အဲဒီအကြောင်းကို မသိခဲ့ရင်တော့ ခွဲစိတ်မှုတွေပြုလုပ်ဖို့မသင့်ပါဘူး။ ခွဲစိပ်ကုသမှုတွေကိုလည်း ကိရိယာအပြည့်အစုံနဲ့ အရည်အချင်းရှိတဲ့ ဆေးဝန်ထမ်းတွေရှိတဲ့ ဆေးရုံ ဆေးခန်းတွေမှာပဲ ပြုလုပ်သင့်ပြီး အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ကိရိယာစုံလင်သော နေရာများမှာပဲ ပြုလုပ်သင့်ပါတယ်” လို့ သူမက ဆိုထားပါသေးတယ်။
ခင်အေးမြလွင်
ကိုးကားသတင်း။ ။ http://www.bbc.com/news/business-31433890?fb_ref=Default
ကျွမ်းကျင်သူတွေပြောတဲ့ရေမွှေးအကြောင်း
Tuesday, January 6, 2015 0 comments
 ရေမွှေးများကို သင်မည်ကဲ့သို့ သိမ်းဆည်းပါသလဲ။ မည်သည့်နေရာများတွင် ရေမွှေးဆွတ်ပါသလဲ။ မိမိခန္ဓာကိုယ်တွင် ရေမွှေးရနံ့ ကြာရှည်စွာ သင်းပျံ့နေစေရန်၊ ပို၍ဆွဲဆောင်မှု ရှိသော မွှေးရနံ့ ပိုင်ရှင်ဖြစ်စေရန်၊ ရေမွှေးအားတန်ဖိုးရှိရှိအသုံးပြုတတ်ရန် အာရုံခံ အနံ့နှင့်ပတ်သက်လို့ အထူးပြု ကျွမ်းကျင်သူများရဲ့ အကြုံပြုချက်တွေကို စုဆောင်းတင်ပြလိုက်ပါတယ်။
နာမည်ကြီးရေမွှေးအမှတ်တံဆိပ်တွေဖြစ်တဲ့ Valentina Acqua Floreale and Nina L'Eau တို့ကိုဖော်စပ်သူ ရေမွှေးပညာရှင် အိုလီဗီယာခရိပ်စ်က  ရေမွှေးနဲ့ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်တွေကို အကြံပေးထားတာပါ။
ရေမွှေးပုလင်းတွေကို ရေချိုးခန်းထဲမှာရှိတဲ့ ပူပြင်းတဲ့ မီးရောင်အောက်မှာ သိမ်းဆည်းထားမယ်ဆိုရင် ရေမွှေးပုလင်းရဲ့ အထက်ဖက်ပိုင်းကို အပူချိန်ပိုမိုကျရောက်နိုင်တာကြောင့် ရေမွှေးရဲ့ ရနံ့ဟာ သာမန်ထက်ပိုပြီး စူးရှခြင်း၊ ဒါမှမဟုတ် တစ်ခါတရံ အာနိသင်ပြယ်ခြင်း တို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ကိုယ့်ရဲ့ ရေမွှေး ပုလင်းတွေကို အနံ့မပြယ်ဘဲ တာရှည်စွာ အသုံးပြုနိုင်ဖို့ ရေခဲသေတ္တာလို အေးမြတဲ့ နေရာတွေမှာ သိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။
ပွဲလမ်းသဘင်အမျိုးမျိုးနဲ့ သင့်လျော်တဲ့ ရာသီဥတုတွေမှာ အသုံးပြုနိုင်ဖို့ ရေမွှေးရနံ့ မျိုးစုံကို ၀ယ်ယူစုဆောင်း ထားသင့်ပါတယ်။ မတူညီသောရနံ့ရှိတဲ့ ရေမွှေး (၅)မျိုး (ဒါမှမဟုတ်) (၆)မျိုးအား စုဆောင်းထားဖို့ အကြံ ပြုပါတယ်။
ရနံ့ပြင်းထန်တဲ့ ရေမွှေးတွေကို သင့်ရဲ့မင်္ဂလာပွဲနေ့မှာ အသုံးမပြုဘဲ အဲ့ဒီအစား ကဗျာဆန်သောစံပယ်ရနံ့ (ဒါမှမဟုတ်) နှင်းဆီရနံ့ရှိတဲ့ ရေမွှေးများကို သင်းရုံလေးသာဆွတ်ပေးသင့်ပါတယ်။
တကယ်လို့ သင်ဟာသင်နှစ်သက်မြတ်နိုးနေသူတစ်ဦးနဲ့ ပထမဦးဆုံးအကြိမ်ချိန်းတွေ့ပြီဆိုရင်လည်း အနံ့ မွှေးအီနေတဲ့ ရေမွှေးတွေကို အသုံးမပြုသင့်ပါဘူး။ တစ်ဖက်သားရဲ့ စိတ်ကိုလှုံဆော် နှိုးဆွပေးလိုက်ဖို့ အနံ့ရှိန်းရှိန်းရှိသော ရေမွှေးတွေကိုသာအသုံးပြုသင့်ပါတယ်။
အလုပ်အင်တာဗျူးများ သွားရောက်ဖြေဆိုတဲ့အခါမှာလည်း အနံ့ပြင်းပြင်းရေမွှေးမျိုးကို အလွန်အကျွံ အသုံးမပြုသင့်ဘဲ အိနြေ္ဒရတဲ့ ရနံ့များကိုသာအသုံးပြုသင့်တာပါ။ ရေမွှေးရနံ့များ ကိုယ်နဲ့အတူ ကြာရှည်စွာ ရှိနေစေဖို့ ရေမွှေးဆွတ်တဲ့အခါမှာလည်း ခန္ဓာကိုယ်မှာ ဆွတ်မယ့်အစား ဆံပင်မှာ ဆွတ်ဖျန်းသင့်ပါတယ်။ အရေပြားပေါ်မှာရှိတဲ့ မွှေးရနံ့ထက် ဆံပင်မှာ ဆွဲငြိသွားတဲ့ မွှေးရနံ့က ပို၍တာရှည်ခံလို့ပါ။  ဒါ့အပြင် ကိုယ့်ရဲ့ ဦးခေါင်းနဲ့ ဆံပင်ကို လှုပ်ရှားလိုက်တိုင်းလည်း ရေမွှေးရနံ့ဟာ သဘာဝကျကျသင်းပျံ့နေတတ်ပါတယ်။
Hermes အမည်ရှိ ရေမွှေးကိုဖော်စပ်သူ ရှောင်န် ကလော်ဒီ အယ်လန်နားကတော့ “ ရနံ့ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အရာတစ်ခုပါ။ အမျိုးသမီးသုံး၊ အမျိုးသားသုံး ရေမွှေးရယ်လို့ ခွဲခြားမနေဘဲ ရနံ့တစ်ခုတည်းကို ရှေးရှုလို့ သင်အသုံးပြုမယ့် ရေမွှေးကို ရွေးချယ်ပါ။ ရနံ့ကနေရရှိလာတဲ့ ခံစားမှုက အဓိကပါပဲ။”လို့ မှတ်ချက်ပြုထားပါတယ်။
ရေမွှေးဖော်စပ်သူ နောက်တစ်ဦးဖြစ်တဲ့ စပ်ခ်ျလွတ်တန်စ် ဆိုသူကလည်း  “ရေမွှေးအသစ်တမျိုးမျိုးကို သင့်အရေပြားပေါ်မှာ ဆွတ်ဖျန်းကြည့်လိုက်ပါ။ အရေပြားဆိုတာ ထိတွေ့ခံစားမှုကို ဆောင်ရွက်ပေးနိုင်ပြီး ဆွတ်လိုက်တဲ့ရေမွှေးရနံ့ကို တုန့်ပြန်နိုင်တယ်၊ ဖော်ပြနိုင်တယ်”လို့ ရေမွှေးအသစ်များကို မိမိအရေပြားပေါ်တွင် ဆွတ်ဖျန်းလို့ တုန့်ပြန်မှုကို လေ့လာနိုင်ကြောင်း ပြောဆိုထားပါတယ်။ ပြီးတော့ “ ရေမွှေးတွေကို မှန်ကန်တဲ့နေရာမှာ ထားရှိပေးဖို့ လိုအပ်တယ်။ ၀ိုင်အရက်လိုပါပဲ၊ သင့်လျော်တဲ့နေရာမှာ မထားတတ်ဖူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ပျက်စီးသွားတတ်ပါတယ်။”လို့လည်း ရေမွှေးတွေကို စနစ်တကျ ထားသိုတတ်ဖို့ တိုက်တွန်းထားပါတယ်။
Annick Goutal ရေမွှေးကို ဖော်စပ်သူ ကမေးလ် ဂေါ်တာလ် ကတော့ “ ဆံသားတွေ မပျက်စီးစေချင်ရင်  ရေမွှေးကို ဆံပင်မှာ ဖျန်းမယ့်အစား ခေါင်းဘီးကို ရေမွှေးဖျန်းပေးပါ။ ရနံ့ပြင်းထန်တဲ့ရေမွှေးတွေကို အသုံးပြုချင်ရင်တော့ မိမိရဲ့ ကုတ်အကျီ နဲ့ ခြုံထည်များပေါ်မှာ တညအလိုကတည်းက ရေမွှေးဆွတ်ထားပေးပါ။ ဒီလို ပြုလုပ်ထားပါက နောက်တစ်နေ့မနက် အလုပ်သို့ ရောက်သောအခါ ရေမွှေးရနံ့မှာ အလွန်တရာ စူရှနေခြင်းမျိုးမရှိဘဲ အနေတော် ဖြစ်နေပါလိမ့်မယ်။ တကယ်လို့ ရေမွှေးက အလွန်မွှေးအီတဲ့ အမျိုးအစားဖြစ်နေပါက အလွန်အကျွံ မဆွတ်ဖျန်းမိစေဖို့ သတိပြုပါ။ တကယ်လို့ မိမိအသုံးပြုတဲ့ရေမွှေးဟာ အနံ့သိပ်ပြင်းထန်မှု မရှိဘူးလို့ ခံစားရရင်တော့ လိုက်ဖက်တဲ့ ရေချိုးခရင်မ် သို့မဟုတ် ကိုယ်လိမ်းခရင်မ်တွေနဲ့ တွဲဖက်လို့ အသုံးပြုသင့်ပါတယ်။ နောက်တစ်ခုက ရေမွှေးကို သွေးခုန်နှုန်းခံစားလို့ရတဲ့ တကောက်ကွေး၊ နားရဲ့အနောက်ဖက်နဲ့ လက်ကောက်ဝတ်တို့ တွင်သာမက လည်ပင်းနဲ့ ချိုင်းနေရာတွေမှာလည်း ဆွတ်ဖျန်းလို့ရပါသေးတယ်။ အဲဒီနေရာတွေကတော့ ရနံ့ကို အမှန်အကန် သင်းပျံ့စေနိုင်တဲ့ ရေမွှေးဆွတ်ဖျန်းဖို့ အကောင်းဆုံးနေရာတွေ ဖြစ်လို့ တစ်စက်နှစ်စက် တင်လိုက်ရုံနဲ့ လုံလောက်နေပါပြီ။”လို့ အကြုံပြု ထားပါသေးတယ်။
လုဒိ
ကိုးကားသတင်း ။  ။ http://www.cosmopolitan.co.uk/beauty-hair/a19816/perfume-tips-from-the-experts-fragrance-tips-and-tricks/
ဆောင်းရာသီမှာ အသားအရေကို သူတို့ဘယ်လိုထိန်းသိမ်းကြသလဲ
Thursday, December 11, 2014 0 comments
ရန်ကုန်ဆောင်းကသိသိသာသာကြီးအေးချမ်းလွန်းတာမဟုတ်ပေမယ့်ညဘက်တွေနဲ့နံနက်ပိုင်းစောစောတွေမှာတော့အေးမြမှုကိုခံစားနေရပါပြီ။ဆောင်းရာသီမှာတိုက်တဲ့လေဟာခြောက်သွေ့တဲ့အတွက်လူရဲ့အရေပြားကိုလည်းခြောက်သွေ့ကွဲအက်လာစေပါတယ်။အသားအရေခြောက်သွေ့ကွဲအက်မှုမဖြစ်ရအောင်မိမိရဲ့အသားအရေကိုအစိုဓာတ်ပေးဖို့လိုအပ်ပါတယ်။
ဆောင်းရာသီမှာ
ပြည်သူချစ်အနုပညာရှင်တွေကရောကိုယ့်ရဲ့အရေပြားကိုဘယ်လိုထိန်းသိမ်းကြလဲ၊ဆောင်းတွင်းမှာဘယ်လိုနေထိုင်စားသောက်မှုပုံစံရှိကြလဲဆိုတာကိုသူတို့ရဲ့ရန်ကုန်ဆောင်းခံစားချက်များနဲ့အတူဖော်ပြပေးချင်ပါတယ်။
 နိုင်းနိုင်း
ဆောင်းရာသီဆိုရင်ရန်ကုန်ဆောင်းကပျောက်သလောက်ပါပဲ။အပြင်ထွက်ရင်အနွေးထည်တောင်မလိုပါဘူး။အခုကျနော်ပုဂံကပြန်လာတာ လက်အသားအရေတွေ ပျက်စီးနေတယ်လေ။ ကျနော့်အသားအရေက ကမ်မီကယ်လ်တွေနဲ့မတည့်ဘူး၊ဒါကြောင့်မျက်နှာပေါင်းတင်တာတွေ၊ကြေးချွတ်တာတွေလည်းမလုပ်ဖြစ်ဘူး။အဲ့ဒါတွေရှောင်တယ်။ဆောင်းတွင်းမှာအသားပပ်တယ်ဆိုရင်တော့အဓိကကမ်မီကယ်လ်တွေမပါတဲ့လိုးရှင်းလိမ်းတယ်။ကမ်မီကယ်လ်များတဲ့လိုးရှင်းတွေဆိုရင်လည်းမလိမ်းသင့်ဘူးလို့ထင်တယ်လေ။အပြင်ထွက်လို့နေဒဏ်၊လေဒဏ်တွေထိရင်တော့အသားအရေကပျက်စီးမှာပဲ။အဲဒီအခါထိန်းသိမ်းမယ်ဆိုရင်သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ပစ္စည်းတွေနဲ့ထိန်းသိမ်းတာအကောင်းဆုံးပဲ။ဥပမာသစ်သီးနဲ့လုပ်ထားတာမျိုးပေါ့။တချို့ဟာတွေကျတော့ကိုယ်နဲ့မတည့်တဲ့ကမ်မီကယ်လ်တွေပါလာမယ်ဆိုရင်မျက်နှာမှာSide Effectတွေရနိုင်တယ်လေ။ ကျနော်ကတော့ အတတ်နိုင်ဆုံးကမ်မီကယ်လ်ပါတဲ့ပစ္စည်းတွေနဲ့မထိတွေ့မိအောင်ရှောင်တယ်။သဘာဝမှာဆိုရင်လည်းရှားစောင်းလက်ပတ်၊သခွားသီးအဲဒီလိုမျိုးတွေနဲ့လုပ်ရင်အသားအရေအတွက်ပိုပြီးထိရောက်မယ်လို့ထင်ပါတယ်။အဲဒါတွေကလည်းအလှအပနဲ့ပတ်သက်တဲ့စာအုပ်တွေမှာဖော်ပြပေးထားတာအများကြီးရှိပါတယ်။အလှကုန်ပစ္စည်းတွေမှာတချို့Brandတွေကကောင်းတော့ကောင်းပါ့ရဲ့။ဒါပေမယ့်ကိုယ်နဲ့မတည့်ဘူးဆိုရင်ဒုက္ဒရောက်မှာ။အခုဒီမှာတောင်ကျနော့်နားထင်နားမှာအသားတွေစပြီးပပ်ချင်နေပြီ။အမေရိကားရောက်သွားရင်တော့ပိုဆိုးတာပေါ့။ဟိုမှာကဒီထက်အသားတွေပိုပပ်တာပေါ့။အဲဒီအခါလိုးရှင်းနဲ့အဆီတွေတော့လိမ်းရတယ်ပေါ့။အဆီမှာလည်းကလေးတွေသုံးတဲ့Baby Oilကအကောင်းဆုံးပဲ။ ကျနော့်အသားအရေကပါးတော့ပိုပြီးဂရုစိုက်ရတယ်။ အပြင်တွေ ထွက်ရင်တော့ကိုယ်နဲ့သင့်လျော်မယ့် Sun Block တွေလူးသွားရင်ကောင်းတာပေါ့။ UV ပါတဲ့ Sun Block ကတော့အပြင်ထွက်ရင်နည်းနည်းပါးပါးတော့လူးသင့်တယ်။
အခုလောလောဆယ်ကျနော်ဘာတွေလုပ်ဖြစ်မလဲဆိုတော့ဒီဇင်ဘာလလယ်ကျရင်ကျနော်အမေရိကားခဏပြန်မယ်။ ဒီကိုဖေဖော်ဝါရီလောက် ပြန်လာပါမယ်။
နွယ်ဒါလီထွန်း
ရန်ကုန်ဆောင်းကနံနက်ပိုင်းလေးနဲ့ညပိုင်းလေးပဲအေးတယ်လို့ခံစားရတယ်။နေ့လယ်ကတော့မအေးဘူး။ရန်ကုန်ဆောင်းကအနွေးထည်ထူထူကြီးတွေဝတ်ပြီးရှိုးထုတ်လို့လည်းမရတော့ဘူး။ သိပ်အေးတဲ့ဒေသတွေဆိုရင် တောင်ကြီးကိုဆောင်းတွင်းရောက်ဖူးတယ်။ သိပ်အေးလွန်းတော့လည်းနေလို့မကောင်းဘူးလေ။ Skin Care ကိုပုံမှန်လုပ်ဖြစ်ပေမယ့်ဆောင်းတွင်းမှာလိုးရှင်းကိုခဏခဏလူးဖြစ်တယ်။ နောက်ပြီးသံလွင်ဆီနဲ့ Baby Oil ကိုလိမ်းဖြစ်တယ်။မျက်နှာအသားအရေအတွက်ဆိုရင်တော့အများကြီးပြောင်းပြီးမသုံးရဲဘူး။အစိုဓာတ်နည်းနည်းပိုများတဲ့Creamမျိုးကိုလိမ်းဖြစ်တယ်။ကိုယ်ကမိတ်ကပ်ကလည်းအမြဲသုံးနေရတော့မျက်နှာကိုသိပ်ပြီး ပြောင်းလဲပြီးသုံးဖြစ်တာတော့မရှိပါဘူး။ နောက်ပြီး ဒါလီက Skin Careကို အသက်၁၆၊၁၇နှစ်ကတည်းကသုံး ဖြစ်ခဲ့တာပါ။ သုံးတဲ့အတွက်အသားအရေကိုအများကြီးအထောက်အကူဖြစ်စေခဲ့တယ်။မိတ်ကပ်မလိမ်းခင်Skin Careကိုအဆင့်ဆင့်သုံးပေးထားတဲ့အတွက်အပေါ်ကမိတ်ကပ်လိမ်းရင်လည်းအသားအရေတွန့်မှာ၊ပိုပျက်စီးမှာကိုတော့ကာကွယ်ပေးတယ်လေ။ရှုတင်မရှိတဲ့နေ့၊အိမ်မှာအားတဲ့နေ့ဆိုရင်တပတ်ကိုတခါတော့အသီးအနှံတွေနဲ့မျက်နှာကိုပေါင်းတင်ဖြစ်တယ်။ညဘက်တွေမှာမျက်နှာကိုသခွားသီးကပ်ပေးတာ၊အားလူးကပ်ပေးတာမျိုးတွေလုပ်ဖြစ်တယ်။ဆောင်းတွင်းမှာအဓိကအသားအရေခြောက်တာနဲ့အသားပပ်တာပေါ့။အဲဒီအတွက်အဆီဓာတ်များများပါတာကိုလိမ်းပေးသင့်တယ်။နောက်ပြီးအစားအစာမှာဆိုရင်လည်းထောပတ်သီးလိုမျိုးအသားအရေကိုအဆီဓာတ်ရစေမယ့်အသီးမျိုးတွေရွေးစားသင့်တယ်။အပြင်ပိုင်းအသားအရေကိုလိမ်းတာတင်မဟုတ်ဘဲအတွင်းပိုင်းအထိလုပ်ပေးသင့်တယ်လို့ထင်တယ်။ဆောင်းတွင်းမှာရေဓာတ်လည်းအရမ်းခန်းခြောက်တယ်လေ။ဒါကြောင့်ရေများများသောက်ပေးသင့်တယ်။အသီးအရွက်များများစားပေးရမယ်။နှုတ်ခမ်းတွေလည်းမကြာခဏခြောက်သွေ့ကွဲအက်တတ်တဲ့အတွက်အိတ်ထဲမှာအဆီတောင့်လိုမျိုးကဆောင်ထားသင့်တယ်။ကိုယ့်နှုတ်ခမ်းခြောက်တာနဲ့ အဲဒါလေးထုတ်ပြီးလိမ်းပေးပေါ့။နောက်ပြီး HandJel ကိုလည်း လက်နည်းနည်းခြောက်သွားတယ်လို့ ခံစားရရင်ထုတ်ပြီးလိမ်းဖြစ်တယ်။ဒါလီ့အသားအရေကပုံမှန်အသားအရေပါပဲ။ဒါပေမယ့်အသားအရေကိုဘာမှမလိမ်းဘဲထားရင်တော့အသားအရေကဆောင်းတွင်းမှာအသားပပ်တာကိုပိုခံစားရမယ်ထင်ပါတယ်။နောက်ပြီး ဆောင်းရာသီမှာဝမ်းလည်းပိုချုပ်တတ်တတ်တော့ရေလည်းများများသောက်ပေးသင့်တယ်လို့ထင်တယ်။
လင်းဇာနည်ဇော်
ဆောင်းရာသီမှာမလင်းကအသားအရေကိုထိန်းသိမ်းတာပုံမှန်ပါပဲ။သိပ်ပြီးအထူးတလည်ကြီးတော့မထိန်းသိမ်း ဖြစ်ပါဘူး။အရင်တုန်းကဆိုရင်တော့မလင်းကသနပ်ခါးအရမ်းကြိုက်တော့သနပ်ခါးကိုလိမ်းဖြစ်တယ်။ကိုယ်က မိတ်ကပ်နဲ့ပဲအမြဲနေနေရတော့အိမ်ပြန်ရောက်ရင်သနပ်ခါးနဲ့ပဲနေတော့တယ်။အသားအရေကလည်းအရင်တုန်းကလိုငယ်ငယ်ရွယ်ရွယ်အသားအရေနဲ့လည်းမတူတော့ဘူးလေ။ငယ်ငယ်တုန်းကကြိုက်သလိုပစ်ထားခဲ့ပေမယ့်အခုချိန်ကတော့ကြိုက်သလိုပစ်ထားလို့မရတော့ဘူးလေ။ဆောင်းတွင်းဆိုရင်အသားကပိုခြောက်ပြီးအသား လည်းပိုပပ်တတ်တော့ခါတိုင်းထက်နည်းနည်းပိုဂရုစိုက်ဖြစ်တယ်။ Skin Careပိုင်းကို သေချာလည်း လုပ်ဖြစ်တယ်။ ခန္ဓာကိုယ်ကို လိုးရှင်းလိမ်းတယ်။ ဒီလောက်တော့လုပ်ဖြစ်တယ်။ နောက်ပြီး ခါတိုင်း လိမ်းနေတာထက် အစိုဓာတ်ပါတဲ့Creamကိုပိုလိမ်းဖြစ်တယ်ပေါ့။ မျက်နှာပိုင်းကို SHESHIDO Brand သုံးဖြစ်ပါတယ်။မလင်းအသားအရေကလိုးရှင်းမလိမ်းရင်တော့အသားပပ်တတ်တယ်။အဆီတွေအများကြီးသုံး ရလောက်တော့မဟုတ်ဘူးပေါ့နော်။လိုးရှင်းလောက်သုံးရင်မလင်းအသားအရေကရတယ်။ညဘက်အိပ်ခါနီးရင်လည်းမျက်နှာကို Cleansingလုပ်ပြီးရင် Night Creamလိမ်းအိပ်တယ်။ ခရီးသွားရင်ပဲဖြစ်ဖြစ်၊ နေလောင်ဒဏ် ခံရတာများရင်ပဲဖြစ်ဖြစ်အဲဒီလိုအချိန်ဆိုမလင်းတပတ်ကိုတခါ၊ ဒါမှမဟုတ် နှစ်ခါလောက်မျက်နှာကို Mask လေး အုပ်ဖြစ်တယ်။နှုတ်ခမ်းခြောက်သွေ့တာ၊ကွဲအက်တာမဖြစ်ရအောင်ညအိပ်ခါနီးရင်တော့နှုတ်ခမ်းကိုအရောင်မပါတဲ့အဆီလေးတွေလိမ်းပြီးအိပ်ဖြစ်တယ်။နှုတ်ခမ်းကတော့အဆီဓာတ်မပေးရင်ခြောက်သွေ့ပြီးကွဲအက်တယ်။ ဆောင်းတွင်းမှာစားသောက်မှုပုံစံက မလင်းကဆောင်းတွင်းရယ်မှမဟုတ်ဘဲအသီးအနှံများများစားတယ်။အဲဒါက နွေမိုးဆောင်းအမြဲပဲစားတယ်၊ရေများများသောက်တယ်။ မလင်းတို့ ဆောင်းတွင်းက ဆောင်းတွင်းလို့ သာပြောတယ်၊အနွေးထည်လည်းသိပ်တောင်မဝတ်ရပါဘူး။ကိုယ်ကလည်းအမြဲလှုပ်ရှားမှုရှိနေတော့ ချွေးက တော့အမြဲထွက်နေတာပဲလေ။ သိပ်အေးတဲ့နေရာတွေမှာ ဆိုရင်တော့ ကိုယ်ကချွေးထွက်ဖို့ သွေးပူ လေ့ကျင့်ခန်းတခုခုလုပ်သင့်တာပေါ့။ချွေးထွက်သွားရင်တော့သွေးသားလည်ပတ်မှုအတွက်ရော၊အသားအရေအတွက်ရောကောင်းတာပေါ့။သိပ်အေးတဲ့ဒေသတွေဆိုရင် မလင်း ဖားကန့်နဲ့ ပြည်ပနိုင်ငံတွေ တော်တော် ရောက်ဖူးပါတယ်။ ဖားကန့်ဆိုရင်လည်း သိပ်အေးတယ်။ နေဆိုရင်ဆယ့်နှစ်နာရီ၊ တနာရီလောက်မှ ထွက်တာလေ။ အသားအရေထိန်းသိမ်းမှုအပိုင်းနဲ့ ပတ်သက်ပြီးပြောရရင် မင်းသမီးမှမဟုတ်ပါဘူး၊ အားလုံးကလူတွေချည်းပါပဲ၊မိန်းကလေးတိုင်းအသက်အရွယ်သာကွာချင်ကွာမယ်၊အလှအပကိုထိန်းသိမ်းပြီးလှချင်ကြတာပဲလေ။ ဒါကြောင့်ရာသီဥတုနဲ့လိုက်ဖက်မယ့်Skin Careတွေသုံးသင့်တယ်။ ဆောင်းတွင်းမှာ ချွေး သိပ်မထွက်တဲ့သူဆိုရင်ချွေးထွက်ဖို့လိုအပ်တယ်။စောစောကပြောသလိုရေများများသောက်ပြီးအသီးအနှံများများစားပေးတာလည်းအသားအရေကိုထိန်းသိမ်းပြီးသားပါပဲ။
 နီနီခင်ဇော်
ရန်ကုန်ဆောင်းရာသီကတအားထူးထူးခြားခြားအေးတာမျိုးမရှိပါဘူး။နံနက်ပိုင်းခဏလောက်အေးတယ်။ဒီ လောက်ပါပဲ။ဆောင်းတွင်းမှာအသားအရေကိုဘယ်လိုကာကွယ်ဖြစ်လဲဆိုရင် Moisture များတဲ့ အလှကုန်တွေ သုံးဖြစ်ပါတယ်။အလှကုန်တွေမှာဆိုရင်များသောအားဖြင့် မြန်မာနိုင်ငံရာသီဥတုကပူတော့ Moisture နည်းတဲ့ အလှကုန်တွေကိုသုံးကြတယ်ပေါ့။ များတဲ့အလှကုန်ကို သုံးရင်ဝက်ခြံတွေဘာတွေထွက်လာတတ်လို့လေ။ ဒါပေမယ့်ဆောင်းတွင်းရောက်လာရင်တော့Moistureများတဲ့လိုးရှင်းမျိုးကိုသုံးသင့်ပါတယ်။နီနီကနှုတ်ခမ်းနီအမြဲဆိုးတတ်တော့နှုတ်ခမ်းခြောက်တာ၊ကွဲတာတော့သိပ်မဖြစ်တတ်ဘူး။အသားအရေကိုဆောင်းတွင်းမှာက နွေရာသီလောက်တော့မပျက်စီးတဲ့အတွက်သိပ်တော့မထိန်းသိမ်းဖြစ်ဘူး။အပြင်ထွက်ပြီဆိုရင်တော့နီနီကလိုးရှင်းလောက်ပဲလိမ်းသွားတယ်။နီနီကသိပ်နူးညံ့တဲ့အမျိုးသမီးထဲမှာတော့မပါဘူး။နည်းနည်းဒူပေနာပေတော့ခံတယ်။အလှအပအတွက်သိပ်မလုပ်ဖြစ်ပေမယ့်တကိုယ်ရေသန့်ရှင်းမှုကိုတော့အမြဲဦးစားပေးပါတယ်။ Lotionနဲ့Skin Careလောက်တော့လုပ်ဖြစ်တယ်။အသားပပ်ရင်လည်းကိုယ့်အတွက်ရော၊ပတ်ဝန်းကျင်အမြင်မှာလည်းမကောင်းဘူးလေ။ဒါကြောင့်Moistureလေးတော့အမြဲလိမ်းဖြစ်ပါတယ်။အစားအသောက်နဲ့ပတ်သက်ရင်လည်း နီနီ ရာသီစာလေးတွေစားဖြစ်တယ်။ အသီးအနှံလေးတွေပေါ့။ စတော်ဘယ်ရီစားတယ်။ ရေကတော့ ဆောင်းရာသီမှမဟုတ်ဘဲအမြဲတမ်းများများသောက်ပေးသင့်ပါတယ်။တနေ့ကိုရေသန့်ဘူးနှစ်ဘူးသုံးဘူးလောက်တော့သောက်သင့်ပါတယ်။
ယုမွန်ကျော်
အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အမှတ် ၄၉ တွင် ဖော်ပြထားသည်။
လှချင်ရက်စက်စက်ယိုများအတွက် အရေပြားကျန်းမာရေး
Wednesday, December 10, 2014 0 comments
 တရားဓမ္မသဘောအရစက္ကန့်နဲ့အမျှဖောက်ပြန်ပျက်စီးနေတဲ့ကိုယ်ခန္ဓာကြီးကအချည်းနှီးပါလို့ ဆိုပေမယ့်
အဲဒီအတိုင်း လိုက်နာရှုမှတ်သူထက်မေ့လျော့ထားပြီး ခြယ်သနေကြတာကသာ များလေရဲ့။ စပါးလုံး တထောက်စာအရေပြားရဲ့အလှအပကလည်း လူတွေကိုဆွဲဆောင်နိုင်ပေတာကိုး။ လူ့ခန္ဓာကိုယ်မှာ အပေါ်ယံအဖြစ်ဆုံးဖြစ်တဲ့အရေပြားကထင်သာမြင်သာအဖြစ်ဆုံးအင်္ဂါအစိတ်အပိုင်း ဖြစ်နေတာလည်းပါတာပေါ့။
အဲဒီတော့လည်းအရေပြားကျန်းမာရေးကိုဂရုစိုက်သင့်ပေသပေါ့။ နေရောင်ခြည်ဒဏ် ကာကွယ်တာနဲ့ သန့်ရှင်းရေးလုပ်ပေးတာလိုမျိုးက ကောင်းမွန်တဲ့အရေပြားစောင့်ရှောက်နည်းပါပဲ။
နေထိုင်စားသောက်မှု ပုံစံ ပြောင်းလဲပေးတာကလည်း အိုမင်းမှုကို အချိန်ဆွဲပေးထားနိုင်သလို အရေပြား ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။ အရေပြားကျန်းမာရေးအတွက်လုပ်ဆောင်သင့်တာလေးတွေရှိပါတယ်။
နေရောင်ခြည်ဒဏ်ကာကွယ်ပါ
အရေပြားကာကွယ်ရေးမှာအရေးအကြီးဆုံးကတော့နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကိုကာကွယ်ပေးခြင်းပါပဲ ။နေရောင်ခြည်ကြာရှည် တိုက်ရိုက်ထိတွေ့မှုကနေအရေပြားတွန့်တာ၊ အစက်အပြောက်တွေပေါ်တာနဲ့ တခြား အရေပြားရောဂါတွေ ဖြစ်စေတာပါပဲ။ ဒါတင်မကအရေပြားကင်ဆာ ဖြစ်နိုင်ခြေလည်း များစေပါတယ်။ ကာကွယ်နိုင်တဲ့နည်းတွေကတော့
နေရောင်ကာ (Sunscreen) လေးလိမ်းပါ
ဒီခေတ်မှာ ဒီလိမ်းဆေးတွေ အများကြီးပေါ်လာနေပါပြီ။ အမည်စုံ၊ နိုင်ငံစုံကပေါ့။ တော်တော်လည်း အသုံးပြု နေကြတာတွေ့ရပါတယ်။ အပြင်ကို နေပူထဲထွက်တိုင်း ၂နာရီခြားတခါလောက်လိမ်းပေးသင့်ပါတယ်။ သတိပြုရမှာကတော့နေရောင်ခြည်ကကာကွယ်စွမ်း SPF 15 အနည်းဆုံးပါဝင်မှသာသုံးသင့်ပါတယ်။ ဘူးကလေးတွေမှာ SPF ပါဝင်မှုအမြဲပြထားတာမို့ကြည့်ဖို့မမေ့ပါနဲ့။
အရိပ်ခိုပါ
နံနက် ၁၀နာရီကနေ ညနေ၄နာရီအကြား အချိန်တွေက နေရောင်ခြည်အပြင်းထန်ဆုံးပါပဲ။ ဖြစ်နိုင်မယ်ဆိုရင်အဲဒီအချိန် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။
အကာအကွယ်အဝတ်တွေဝတ်ဆင်ပါ
အရေပြားကို ချည်ထည်စိတ်စိတ်နဲ့ ရက်လုပ်ထားတဲ့ လက်ရှည်ရှပ်အင်္ကျီမျိုး၊ ဘောင်းဘီရှည်၊ ဦးထုပ်တွေနဲ့ဝတ်ဆင်ကာကွယ်ပါ။ ဖြစ်နိုင်ရင်တော့အဝတ်တွေလျှော်ဖွတ်ရာမှာတောင်ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ ဓာတုပစ္စည်းပါဝင်တဲ့ ဆပ်ပြာတွေသုံးနေကြပြီလို့ဆိုပါတယ်။
ဆေးလိပ်မသောက်ပါနဲ့ 
အရေပြားကို အိုမင်းရင့်ရော်စေတာ၊ အရေးအကြောင်းတွေနဲ့ တွန့်ကွေးစေတာစတဲ့ အကျိုးတွေရစေတာက ဆေးလိပ်သောက်ခြင်းကအကြောင်းတခုပါပဲ။ဆေးလိပ်သောက်ရင်အရေပြားရဲ့အပြင်ဆုံးလွှာကသွေးကြောငယ်လေးတွေကျဉ်းလာပါတယ်။အဲဒီအခါသွေးသွားလာမှုလျော့လာပါတယ်။ အရေပြားအတွက် အရေးကြီးတဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေ ယုတ်လျော့လာပါတယ်။ အဲဒါကြောင့် အရေပြားရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတော့တယ်။
ဒါတွင်မက အရေပြားကိုကြံ့ခိုင်အောင်၊ ကျုံ့ကျယ်နိုင်အောင်လုပ်ပေးတဲ့အမျှင်တွေဖြစ်တဲ့ Col-lagen
နဲ့ Elastin တွေကိုလည်းပျက်စီးစေတာပါပဲ။နောက်ပြီးဆေးလိပ်သောက်တဲ့အခါ ဖြစ်တတ်တဲ့ မျက်နှာ အနေအထားကနေအရေးအကြောင်းအတွန့်အခေါက်တွေ ဖြစ်စေတာပါပဲ။ ဆေးလိပ်မှုတ် ထုတ်လိုက်ရင်နှုတ်ခမ်းစုတွန်းလိုက်ရတာ၊ မျက်လုံးပေါက်ကျဉ်းသွားရတာတွေပေါ့။ ဆေးလိပ်သောက်နေသူတယောက်က အရေပြားကျန်းမာရေးအတွက် ကာကွယ်ချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်တာထက် ကောင်းတဲ့ နည်းမရှိဘူးလို့ဘဲ ပြောပါရစေ။
အရေပြားကိုညင်ညင်သာသာဆက်ဆံပါ
အရေပြားလှပကျန်းမာစေချင်တယ်ဆိုရင်ဖြင့်နေ့စဉ်လုပ်ဆောင်နေတဲ့ သန့်ရှင်းရေးလုပ်ငန်းဆောင်တာတွေမှာ ညင်သာဖို့အရေးကြီးပါတယ်။
ရေချိုးချိန်
ရေပူနဲ့ရေချိုးတာ၊အကြာကြီးရေချိုးတာမျိုးကအရေပြားပေါ်ကအဆီတွေကိုဖယ်ရှားပစ်ပါတယ်။ရေချိုးချိန်ကိုတိုတောင်းစေဖို့၊ ရေနွေးနွေးမျှသာသုံးဖို့အရေးကြီးပါတယ်။
ဆပ်ပြာအပြင်းစားတွေ
ချွတ်ဆေးလိုမျိုးပါဝင်တဲ့ဆပ်ပြာအပြင်းစားတွေကလည်းအရေပြားပေါ်ကအဆီတွေကိုဖယ်ရှားပစ်တာပါပဲ။အနံ့ရော၊အထိအတွေ့ပါပျော့ပျောင်းတာမျိုးသုံးသင့်ပါတယ်။
အမွေးအမျှင်သုတ်သင်ရာမှာ
နှုတ်ခမ်းမွေး၊မုတ်ဆိတ်မွေးရိတ်သင်ရာမှာအရေပြားကိုချောမွေ့စေဖို့ကရင်မ်၊လိုးရှင်း၊ဂျဲလ်တွေသုံးသင့်ပါတယ်။ရိတ်တဲ့ဓားကိုထက်နေစေရပါမယ်။ပြီးတော့ရိတ်သင်ရာမှာအမွေးအမျှင်ရဲ့ထွက်လာတဲ့ဦးတည်ရာအတိုင်းအလိုက်သင့်ရိတ်ပါ။နောက်လှန်ရိတ်တာမျိုးမလုပ်ပါနဲ့။
ခပ်ဖွဖွခြောက်သွေ့အောင်
ရေချိုးပြီးချိန်၊ဆေးကြောပြီးချိန်တွေမှာမျက်နှာသုတ်ပဝါနဲ့ခပ်ဖွဖွသာတို့ပတ်ရိုက်သလိုခြောက်သွေ့အောင်လုပ်ပါ။အရမ်းကာရောတိုက်ချွတ်ပြီးခြောက်သွေ့အောင်မလုပ်ပါနဲ့။ဒါမှအရေပြားမှာစိုစွတ်မှုအငွေ့အသက်လေးကျန်ပြီးကျန်းမာစေမှာပါ။
ခြောက်သွေ့လွန်းတဲ့အရေပြားတွေအတွက်
စိုစွတ်မှုလေးရှိနေအောင်တော့ဂရုစိုက်ရပါမယ်။ဒါမှအရေပြားကိုတင်းရင်းစေမှာပါ။အရေပြားအတွက် Moisturizer တွေရှိပါတယ်။သူ့မှာလည်း SPF ပါဝင်တာကိုသာ သုံးသင့်တာပါ။
ကျန်းမာရေးနဲ့ ကိုက်ညီတဲ့အစားအစာတွေစားပါ
ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအစာတွေစားတာကရုပ်ရောစိတ်ပါကောင်းမွန်လန်းဆန်းစေပါတယ်။သစ်သီးဝလံတွေ၊ဟင်းသီးဟင်းရွက်တွေ၊ဆန်ကြမ်း၊ဂျုံကြမ်းနဲ့လုပ်တာတွေ။အဆီဖယ်ထားတဲ့အသားတွေများများစားသုံးတာကအကောင်းဆုံးပါပဲ။အစားအသောက်မှာဗီတာမင်စီများများပါဝင်တာ၊အဆီပါဝင်မှုနည်းတာနဲ့ ဆန်၊ဂျုံကြမ်း တွေကအရေပြားနုပျိုမှုကိုအထောက်အကူ ပြုတယ်လို့တော့လေ့လာသူတွေကပြောဆိုကြပါတယ်။
စိတ်ဖိစီးမှုဂရုပြု
စိတ်ဖိစီးမှုမထိန်းချုပ်နိုင်ရင်အရေပြားအတွက်မကောင်းတဲ့အကျိုးဆက်တွေရလာတာတော့အသေအချာပါပဲ။အထူးသဖြင့်ဝက်ခြံနဲ့တခြားအရေပြား ပြဿနာတွေ ပေါ်စေပါတယ်။ စိတ်ရွှင်ပျမှ အရေပြားကလေးလည်းလှမှာပါ။ စိတ်ဖိစီးမှုကိုပြေလျော့အောင်ကြိုးစားနိုင်ဖို့ကအရေးကြီးပါတယ်။ အလုပ်အတွက်၊ ကိုယ်ရေးကိုယ်တာအတွက်အချိန်အဆလေးတွေနဲ့စိတ်ဖိစီးမှုလျော့နည်းအောင်လုပ်ကြတာပေါ့။
ကဲ ...မမြဲသောတရား၊အရေပြားတထောက်အလှအတွက်အချိန်ပေါင်းများစွာအကုန်ခံနေကြတဲ့ကိုကို၊မမ၊ ကိုကိုမဟုတ်မမဟုတ်များအတွက်အရေပြားကိုကျန်းမာလှပစေမယ့်နည်းလမ်းလေးတွေလက်ဆောင်နှင်းလိုက်ပါတယ်။လိုက်နာကျင့်သုံးကြည့်ကြဖို့တော့လိုတာပေါ့။အထက်ကလိုက်နာသင့်တဲ့စည်းကမ်းလေးတွေလိုက်နာရင်း“တို့အရေပြားကိုကာကွယ်မလေ၊တို့ ...အရေပြားကိုကာကွယ်မလေ ...”သီချင်းကလေးညည်းနေနိုင်ကြပါစေ။
ဒေါက်တာသက်ဦး
ဧရာဝတီဂျာနယ် အပတ်စဉ် ၄၉ တွင် ဖော်ပြထားပါသည်။
အလှအပနဲ့ ကျန်းမာရေးအတွက် ခရမ်းချဉ်သီးအစွမ်း
Thursday, November 13, 2014 0 comments
ခရမ်းချည်သီးဟာ အသားအရည်၊ မျက်လုံး၊ အရိုးကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ သဘာဝ 
ဆေးတမျိုး ဖြစ်တယ်ဆိုတာ မြန်မာ့ဆေးကျမ်းတွေနဲ့ သိပ္ပံလေ့လာတွေ့ရှိချက်တွေက ညွှန်းဆိုပါတယ်။ 
 ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ
ခရမ်းချည်သီးထဲမှာပါဝင်တဲ့ ဗီတာမင် စီ၊ ဘိုင်အိုတင်၊ ဗီတာမင် ကေ၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီး၊ ဖိုင်ဘာ၊ ဗစ်တာမင် အေ၊ ဗီတာမင် ဘီ ၆၊ ဘီတာမင် ဘီ ၃၊ ဖိုလိတ်၊ ဖော့စ်ဖောရပ်စ်၊ ဗီတာမင် ဘီ ၁၊ ဗီတာမင် အီး၊ မဂ္ဂနီစီယမ်၊ ခရိုမီယမ်၊ သံ ဓာတ်၊ သွပ်ဓာတ်၊ ကလိုရိန်း၊ ပန်တိုသင်းနစ် အက်စစ်၊ ပရိုတိန်း စတဲ့ ဓာတ်သတ္တိတွေက အခုလို လူ့ ကျန်းမာရေးအတွက် အလွန် ဆေးဘက်ဝင်တာလို့ The World's Healthiest Foods အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာက ရေးသားထားပါတယ်။
 ဓာတ်ပုံ- The World's Healthiest Foods- whfoods.com
ခရမ်းချဉ်သီးကလည်း အမျိုးမျိုး အစားစား ရှိပါတယ်။ မြန်မာတွေ အခေါ် ပြောရရင် ဗမာသီး၊ ရှမ်းသီး၊ ကိုင်းသီး စသဖြင့် ကွဲလွဲကြပါတယ်။ 
ဘယ်လောက်ပဲ ခရမ်းချဉ်သီးအမျိုးတွေ ကွဲလွဲပေမယ့် ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ ဓာတ်တွေကြောင့် အသားအရေကို စို ပြေ ဝင်းအိစေပါတယ်။ 
 အေးတဲ့ အရပ်ဒေသမှာနေရင် အအေးဒဏ်ကို ခံနိုင်ပြီး အသားအရည် သွေ့ခြောက်မှု အက်ကွဲမှု မရှိပဲ စိုပြေပါတယ်။ ပူတဲ့ အရပ်ဒေသမှာနေရင်လည်း အပူဒဏ်ခံနိုင်ပြီး အသားအရည် လောင်ကျွမ်းတာမျိုးမရှိပဲ မူလ ဗီဇမျိုးရိုး အသား အရည်ကို ကြည်လင်စိုပြေစေတာမျိုးပါ။ 
 ခရမ်းချဉ်သီးထဲမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက နှလုံးကိုလည်း အားကောင်းစေသလို နှလုံးသွေးကြော ကျယ်တာ၊ ကျဉ်းတာတွေကို မျှတစေနိုင်သလို သွေးလည်ပတ်မှုကိုလည်း မှန်ကန်ကောင်းမွန်စေ ပြီး သွေးကိုလည်း သန့်စေပါတယ်။
ဒီအပြင် ခရမ်းချဉ်သီးနဲ့ မျက်နှာ၊ ကိုယ်ခန္ဓာတွေကို တပတ်တခါ ပွတ်လိမ်းပေးမယ်ဆိုရင်လည်း မျက်နှာမှာ ရှိတဲ့ တင်းတိပ်၊ ဝက်ခြံ၊ အနီစက်၊ အမည်းစက်တွေကိုလည်း ကင်းစင် ပပျောက်စေနိုင်တယ်လို့ ပြင်သစ် အခြေစိုက် အမျိုးသမီးများ အလှအပဆိုင်ရာ မဂ္ဂဇင်း Elle မှာလည်း ဖော်ပြထားပါတယ်။ 
အထူးသဖြင့် မိတ်ကပ် လိမ်းခြယ်တတ်သူ မိန်းကလေးတွေအနေနဲ့ ညပိုင်း အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီး ခရမ်းချဉ်သီး နဲ့ ပွတ်လိမ်းပေးမယ်ဆိုရင် မိတ်ကပ်ကြောင့် အသက်အရွယ်ရလာတဲ့အခါ မိတ်ကပ်နာ လို့ ခေါ်တဲ့ အရေးအကြောင်းတွေ အိုမင်းရင့်ရော်မှု အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်တဲ့။ 
အရိုးနာ၊ အရိုးကျီးပါင်း၊ အရိုးကိုက်၊ အရိုးကျိုး၊ အရိုးအက်၊ အရိုးပွ စတဲ့ အရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကိုလည်း ခရမ်းချဉ်သီးရဲ့ အစွမ်းက သက်သာ ပျောက်ကင်းစေပါတယ်။ 
မျက်လုံးနဲ့ပတ်သက်တာမှာလည်း မျက်ဝတ်ထွက်ခြင်း၊ မျက်စိမှုန်ဝါးခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စေ့စွန်
ခြင်း၊ မျက်စေ့ရောင်ခြင်း၊ မျက်သားတက်ခြင်း၊ မျက်ကြောကပ်ခြင်း၊ မျက်ရိုးကိုက်ခြင်းစတာတွေကိုလည်း သက်သာ ပျောက်ကင်းစွမ်းရှိတယ်လို့ လေ့လာ သိရှိရပါတယ်။ 
ဥတုဘောဇနကျမ်းလာ ခရမ်းချဉ်သီးအစွမ်းထက်ပုံတွေနဲ့ အခြားသော အစားအသောက်နှင့် ကျန်းမာရေး ဆိုင်ရာ မဂ္ဂဇင်းတွေထဲက ရေးသားဖော်ပြချက်တချို့ကို အခုလို စုစည်း ကောက်နှုတ်ဖော်ပြပေးလိုက်တာပါ။
ခရမ်းချဉ်သီးရဲ့ အသုံးဝင်ပုံ၊ အစွမ်းထက်ပုံတွေနဲ့ ပတ်သက်လို့ သိကောင်းစရာမှတ်စုတခုအနေနဲ့ ဖတ်ရှုချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်လေးမှာ ဖတ်ရှုနိုင်ပါကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်နော်..။
http://www.whfoods.com/genpage.php?tname=foodspice&dbid=44
အိမ့်သံစဉ် ~ 
မျက်နှာလေး ချောမွေ့ လှပစေမယ့် နည်းလမ်းကောင်းတခု
Friday, October 24, 2014 10 comments
ယနေ့ခေတ် ပျိုမယ်တွေအတွက် အလှအပနဲ့ ပတ်သက်ပြီး လှပချောမွေ့အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း
ကောင်း တွေ့ရှိထားပါတယ်။  
အခုပြောပြမယ့် အကြောင်းအရာကတော့ ပျိုမယ်တွေ မျက်နှာပေါ်မှာ ၀က်ခြံပေါက်လို့ ညှစ်မိလိုက်တဲ့အခါ မျက်နှာပေါ်မှာ ကျန်ခဲ့တဲ့ အမာရွတ်၊ မျက်နှာမှာ အမည်းစက်၊ အနီစက် အစရှိတဲ့ သူတွေအတွက် ပိုက်ဆံ မကုန် လွယ်ကူပြီး လုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 
လုပ်ပုံ လုပ်နည်းကတော့... 
မုန့်ဖုတ်တဲ့အခါ သုံးတဲ့  ဆော်ဒါ လက်ဖက်ရည်ဇွန်း တ၀က်ကို ခွက်သန့် ထည့်ကိုထည့်လိုက်ပါ။ 
ပြီးတဲ့အခါ ပေါင်းခံထားတဲ့ ရေ လက်ဖက်ရည်ဇွန်းတ၀က်ကို အဲဒီ ဆော်ဒါ ထည့်ထားတဲ့ ခွက်ထဲ ထည့်ပြီး  အဲဒီနှစ်ခုကို ရော်မွှေပေးလိုက်ပါ။ 
မျက်နှာကို ဆော်ဒါရည် မလိမ်းခင် သန့်စင်အောင် မျက်နှာကို ဆေးကြောထားဖို့ လိုပါတယ်။ 
ပြီးရင် မျက်နှာပေါ်ကို ဆော်ဒါရည် လိမ်းပါ။ ၅ မီနစ် ၁၀ မီနစ် လောက်ထားရပါမယ်။ ပြီးရင်တော့ မျက်နှာ သစ်ရမယ်။ ၀ါဂွမ်းနုနုလေးနဲ့ ရေကိုသုတ်ပါ။ 
အားလုံးပြီးရင်တော့ ပျိုမယ်တိုရဲ့ မျက်နှာလေးဟာ ချော်မွှေ နူးညံ့သွားတာ အံ့သြစွာ တွေ့ရပါလိမ့်မယ်။ 
ဒီလိုမျိုး အနည်းဆုံး တပတ်တကြိမ်လောက် လုပ်ပေးနိုင်ရင်တော့ မျက်နှာမှာ ရှိတဲ့ အမာရွတ်၊ အမည်း စက်တွေဟာ သိသိသာသာ ပျောက်ကင်းသွားပါလိမ်မယ်။ 
လုပ်ရတာလွယ်ကူပြီး အချိန်မကြာတဲ့နည်းလမ်းလေးမို့ မျှဝေပေးလိုက်ပါတယ်။ 
အိမ့်သံစဉ် 
နန်းခင်ဇေယျာ ဦးဆောင်မယ့် နိုင်ငံခြား မယ်တွေနဲ့ မြန်မာဝတ်စုံ၊ သနပ်ခါး
Sunday, October 20, 2013 2 comments
အခုဓာတ်ပုံထဲမှာ တွေ့ရတဲ့ မြန်မာဝတ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေတွေ့ရသူတွေကနန်းခင်ဇေယျာနဲ့  နိုင်ငံခြား
သူ မယ်တချို့ပါ။ မြန်မာနိုင်ငံမှာ နိုင်ငံကိုယ်စားပြု မယ်ပြိုင်ပွဲမှာ ပြန်လည်ဆန်းသစ်မှုရဲ့ အဖွင့်စာမျက်နှာကို ပိုင်ဆိုင်ခဲ့သူ ကတော့ နန်းခင်ဇေယျာပါဘဲ။ 
နန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ Miss တချို့၊ ဓာတ်ပုံ- နန်းခင်ဇေယျာ 
နန်းခင်ဇေယျာဟာ တိုးရစ် ဂိုက်လည်း လုပ်သလို မနှစ်ကတော့ မြန်မာကိုယ်စားပြုပြီး ဂျပန်နိုင်ငံမှာ ကျင်းပ တဲ့ Miss International ပြိုင်ပွဲမျာ အင်တာနက်ဆုအပါအ၀င် ဆုတွေရခဲ့လို့ အခုတော့ သူဟာ ကြေညာမင်းသမီး လည်း ဖြစ်လာ ပါတယ်။ 
တဖက်ကလည်း လူမှုရေးလုပ်ငန်းတွေ လုပ်နေသလို အခုတော့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက် တဲ့ Miss တချို့ကို နန်းခင်ဇေယျာက တိုးရစ်ဂိုက်အနေနဲ့ လိုက်ပါ ပို့ဆောင် ရှင်းလင်းပြသဖို့ ရှိပါတယ်။ 
အခု မြင်ရတဲ့ ပုံထဲမှာတော့ နန်းခင်ဇေယျာအပါအ၀င် မြန်မာနိုင်ငံကို အလည်ရောက်လာတဲ့ Miss တွေ ဟာ မြန်မာဝတ်စုံတွေ ၀တ်၊ မြန်မာ့သနပ်ခါးကိုလိမ်းပြီး မြန်မာဆိုတာဘာကို စတင် လေ့လာဖို့ အဆင်သင့် 
ဖြစ်နေပုံကို နန်းခင်ဇေယျာက သူ့ ဖေ့စ်ဘုတ်က တဆင့် အသိပေးထားပါတယ်။
နန်းခင်ဇေယျာကတော့ နိုင်ငံခြားသူ Miss တွေကို မြန်မာ့ရိုးရာ ၀တ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေနဲ့ မြန်မာဆို
တာ ကမ္ဘာက ပိုပြီးစိတ်ဝင်စားအောင် ကြိုးစားမှုလည်းဖြစ်ပါတယ်။ 
အိမ့်သံစဉ် ~
မျက်နှာအသားအရေ စိုပြေစေဖို့
Friday, January 4, 2013 0 comments
ဆောင်းရာသီမှာ အသားအရေ ချောက်သွေ့နေတဲ့သူတွေနဲ့ မျက်နှာအသားအရေ ကြမ်းနေတဲ့ သူတွေ အတွက် အဆင် ပြေစေမယ့် နည်းလမ်းလေးတချိုပါ။ အခုလို ဆောင်းရာသီရောက်တဲ့အတွက် မျက်နှာ အရေပြားခြောက်သွေ့တဲ့ သူ တွေအတွက် အသားအရည်စိုပြေ နုပျိုသွားစေဖို့အတွက်   ပေါင်းတင်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေပါ။ 
 လိုအပ်မယ့် ပစ္စည်းလေးတွေကတော့ ပျားရည်၊ သနပ်ခါး၊ လိမ္မော်သီး တို့ဖြစ်ပါတယ်။ မျက်နှာကိုပေါင်း မတင်ခင် ပထမ အဆင့်အနေနဲ့ မျက်နှာကိုဆေးကြော သန့်စင်ပေးရပါမယ်။ ပြီးရင်တော့ ခွက်အသန့် တစ်ခု ထဲကို သနပ်ခါးအနှစ်၊ ပျားရည်အနည်းငယ်၊ လိမ္မော်သီးအရည် ၃ မျိုးကို သမအောင် ရောမွှေပြီး မျက်နှာ   
ပြင်ကို လိမ်းပေးရပါမယ်။ မိနစ် ၃၀ လောက်ကြာ ထားရှိပေးရပါမယ်။
 ပြီးရင်တော့ မျက်နှာကို ဆေး ကြောပေးလိုက်ပါ။ အဲဒီလို ၁ ပတ်ကို ၂ ကြိမ် လုပ်ပေးရင်တော့ အကောင်း ဆုံးပါဘဲ။ သနပ်ခါးမှာ ပါဝင်တဲ့ သဘာဝ ဓာတ်တမျိုးက မျက်နှာအသားအရည်ကို နဂိုထက်နုပျို သွားပါ လိမ့်မယ်။ မျက်နှာ အသားအရေ ကြမ်းတဲ့သူတွေ အတွက် ပိုပြီး အသုံးဝင်မယ့် နည်းလမ်းလေး ဖြစ်ပါ တယ်။
 နောက် နည်းလမ်း ၁ခုကတော့ အသားအရေတွေခြောက်သွေ့တာ၊ အသားအရည် တင်းပြီး အရေခွံ ကွာနေတဲ့ သူ တွေအတွက် ဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥ၊ ဒိန်ချဉ်၊ ငှက်ပျော်သီး တို့ဖြစ်ပြီးတော့ ကြက်ဥကို သုံးတဲ့ အခါမှာ အကာကို မသုံးဘဲ အနှစ်ကိုဘဲသုံးရပါမယ်။ 
ဒီနည်းကို မလုပ်ခင်မှာတော့ ထုံးစံအတိုင်း မျက်နှာကိုဆေးကြော ပေးရပါမယ်။ လုပ်ပုံလုပ်နည်းတွေ ကတော့ ခွက် ၁ ခု မှာ ငှက်ပျော်သီး ၁ လုံးကို ညက်နေအောင်လုပ်ပြီး ထည့်ရပါမယ်။ ပြီးရင် ဒိန် ချဉ် ၁ ဇွန်းထည့်ပါ။ ပြီးရင်တော့ ကြက်ဥ ၁ လုံးရဲ့ အနှစ်ဘဲ ထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ မျက် နှာပြင်မှာ လိမ်းထားပါ။ 
မိနှစ် ၂၀ လောက် ထားပေးပြီး မျက်နှာကို ဆေးကြောပေးလိုက်ပါ။ မျက်နှာကို ဆေးကြောတဲ့ အခါမှာ  
ရေနွေး နွေးနွေးလေးနဲ့ ဆေးကြောပေးရပါမယ်။ 
ပြီးတော့မှ ရေ အေးလေးနဲ့ ပြန်ပြီး ဆေးကြောပေးရပါမယ်။ ရေနွေးနဲ့ ဆေးကြောပေးခြင်းဟာ မျက်နှာပြင် 
ချွေးပေါက်တွေ ပွင့်ထွက်ဖို့ အတွက်ပါ။ ရေအေးနဲ့ တဖန်ပြန်လည်ဆေးကြောပေး တာကတော့ မျှက်နှာ မှာ သွေးလည်ပတ်မှုကို ကောင်းစေဖို့ပါ။ ငှက်ပျော်သီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဟာ အသားအရေ အတွက် ကောင်းပါတယ်။
ဒိန်ချဉ်မှာ ပါဝင်တဲ့ ဓာတ်တမျိုး ကြောင့် မျက်နှာပေါ်ကအမည်းစက်ကအစအကွက်တွေကိုပါ ပျောက်ကင်း 
စေပါတယ်။ အခုပြောတဲ့ နည်းတွေကတော့ သဘာဝ နည်းတွေနဲ့ မျက်နှာ အသားအရေတွေကို ချော်မွှေ့ သွားအောင် ပေါင်း တင် ပေးနိုင်တဲ့ နည်းကောင်းလေးတွေပါ။ 
ဓာတု ဖန်တီးချက်တွေမပါတဲ့ အသီးအနှံတွေနဲ့ ပေါင်းတင်ပေးခြင်းဖြင့် ကိုယ့် မျက်နှာအသားအရေနဲ့ မတည့် မှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ မျက်နှာအတွက် ကောင်းမွန်တဲ့ ပစ္စည်းတွေပါ။ အထက်ပါ မျက်နှာပေါင်းတင်နည်း ၂ ခုကတော့ ဆောင်းရာသီမှာ ကြုံ တွေ့နေရတဲ့ အသားအရေ ခြောက်သွေ့ ကြမ်းနေတဲ့သူတွေအတွက် ပြုလုပ်ပေးနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းကောင်းလေးပါ။
မျက်နှာ အသားအရေကို ထိန်းသိမ်းရာမှာ ကိုယ့်လက်ကလေးနဲ့ မျက်နှာက အကြောတွေကို အသာ အယာနှိပ်နယ်ပေး ခြင်းဖြင့်လည်း မျက်နှာကြောတွေ ပြေလျော့ပြီး နုပျိုမှုကို ဖြစ်စေပါတယ်။ ပျိုမေတို့တွေ လွယ်ကူစွာနဲ့ အသားအရေ ထိန်းသိန်းနိုင်ပြီး လှပစေဖို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ 
အိမ့်သံစဉ်
ဆံကေသာ ဒီဇိုင်း တွေ ဘယ်လို ဖန်တီးမလဲ
Thursday, December 27, 2012 0 comments
အမျိုးသမီးတွေ ဆံကေသာ အလှဆင်တဲ့ နည်းတခုပါ။ အိုးရှင်း ကလစ်လို့ နာမည်ကြီးတဲ့ ဆံပင် အလှ ဆင်ရာမှာ သုံးတဲ့ ပစ္စည်း တခုပါ။ ဘယ်လို အသုံးပြုရတယ်ဆိုတာ value 9.com India က တင်ပြထား ပါတယ်။
ဆံကေသာ အလှဆင်သူရဲ့ ကျွမ်းကျင်မှုကိုလည်း အံ့ဖွယ်တွေ့ရှိနိုင်ပါလိမ့်မယ်။ 
လွယ်ကူတဲ့ မိတ်ကပ် ဖျက်နည်းတချို့
Wednesday, November 21, 2012 0 comments
အိမ့်သံစဉ်~
အခုပြောမယ့် အကြောင်းအရာလေးကတော့ သဘာဝ ပစ္စည်းလေးတွေနဲ့ မိတ်ကပ်ဖျက်လို့ရမယ့် နည်းလေးတွေပါ။ မိန်းကလေး တော်တော်များက ယနေ့ခေတ်မှာ ခေတ်မီတဲ့ အသုံးအဆောင်တွေကို အသုံးပြုလာကြတဲ့အတွက် ကိုယ့် မျက်နှာပေါ်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေကို ညအိမ်ယာဝင်တဲ့ အခါတိုင်း  ဖျက်ပေးတာဟာ ပိုပြီး ကျန်းမာ ရေးအတွက် ကောင်းပါတယ်။ 
ဒီနေရာမှာ ဓာတု ဆေးတွေပါတဲ့ ခေတ်မီ မိတ်ကပ်ဖျက်ဆေး မသုံးချင်သူတွေနဲ့ ကိုယ့်အသားအရည်နဲ့ မတည့်လို့ ဓာတုဆေးဝါးတွေပါတဲ့ မိတ်ကပ်ဖျက်ဆေးကို အသုံး မပြုချင်သူတွေအတွက် သဘာဝအတိုင်း မျက်နှာပေါ် က မိတ်ကပ်တွေကို ဖျက်လို့ရမယ့် ပစ္စည်းလေးတွေကတော့ သံလွင်ဆီ၊ နွားနို့ အစရှိတာတွေနဲ့ မျက်နှာပေါ် မှာ လိမ်းထားတဲ့ မိတ်ကပ်လေး တွေကိုဖျက်လို့ရမယ်နည်းတွေပါ။ 
သံလွင်ဆီက မိတ်ကပ်ဖျက်တဲ့နေရာမှာဆိုရင် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ပစ္စည်းလေး တခုပါဘဲ။ ဘာ ကြောင့်လဲဆိုတော့ မိတ်ကပ်ကိုအလွယ်တကူ ဖျက်နိုင်တဲ့ အပြင် ဘေးဥပါဒ်မဖြစ်နိုင်ဘဲ  ခြောက်သွေ့ တဲ့အသား အရေ ပိုင်ရှင်တွေ အတွက် အထူးသင့်လျှော့်တဲ့ နည်းလမ်းကောင်းပါ။
နောက်တခုကတော့ အိုင်းလိုင်နာ၊mascara၊ အိုင်းရှယ်ဒိုးနဲ့ မိတ်ကပ် သုံးထားတာကို ဖျက်မယ်ဆိုရင်တော့ သက်ဆိုင်တဲ့နေရာမှာ နွားနို့ ကို ဂွမ်းစလေးနဲ့ သုတ်လိမ်းပြီး ဖျက်နိုင်ပါတယ်။
နောက်တခုကတော့ အလွယ်တကူ ၀ယ်လို့ ရတဲ့ baby oil ကလည်းဘဲ ထိုနည်းအတိုင်း ဖျက်လို့ ရပါသေးတယ်။  baby oil က waterproof mascara ကိုပါ ဖျက်ပေးနိုင်ပါတယ်။ နောက်ထပ် အသုံးပြု လို့ရတာလေးတွေကတော့ ရေစိုခံ တစ်ရှုးလေးတွေကလည်း မိတ်ကပ် ဖျက်လို့ရတဲ့ အဆင်ပြေနိုင်တဲ့ နည်းလေးဖြစ်ပါတယ်။ 
သံလွင်ဆီကို မျက်နှာပေါ်က လိမ်းထားတာတွေကို ဖျက်ရင် အသားအရေးကို စိုပြေစေပြီးအသား   
ခြောက်တဲ့  သူတွေအတွက် အကောင်းဆုံးနည်းလမ်းလေးပါ။ 
နောက်တမျိုးကတော့ နုတ်ခမ်းမခြောက်အောင်ဆိုးတဲ့ Lipcare လေးကို လက်ချောင်းလေးနဲ့ တို့ယူ   
ပြီးတော့ မျက်ခွံပေါ်မှာရှိတဲ့ အိုင်လိုင်နာနဲ့ mascara တို့ကို အလွယ်တကူ ဖျက်နိုင်ပါတယ်တဲ့။
မိန်းကလေးတိုင်း အလွယ်တကူလုပ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း
Friday, October 5, 2012 0 comments
  မဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက်
ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ 
အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို  ပျောက်ကင်း
အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။
ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း
အောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။ 
မျက်မှာပေါ်က အမဲစက်   ပျောက်နည်း
မျက်နှာပေါ်မှာ အမည်း စက် ရှိလို စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။ 
တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ်မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။
သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း  
ကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။ 
လုပ်နည်းလေးကတော့ လွယ်ကူတဲ့ နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။ 
နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်း အတိုင်း နေ့စဉ် လုပ်ပေးပါက တစ်ပတ်အတွင်း သိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝ  
ဆေးနည်းကောင်း လေးပါ။ 
ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို   ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါ။ 
အိမ့်သံစဉ်
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved